News @ M-Media
Author: M-Media
  • မလေးရှား လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဂီယာပြဿနာကြောင့် လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရ
    ဧပြီ ၂၁၊ ၂၀၁၄
    M-Media
    Malaysia Airlines Unveils New Aircraft Livery
    – မြေပြင်သို့ ဆင်းသက်သည့် ဂီယာပြဿနာကြောင့် မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းမှာ လမ်းတစ်ဝက်မှ ပြန်လှည့်လာရကာ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အန္တရာယ်ကွင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။
    မလေးရှားလေကြောင်းလိုင်းမှ  လေယာဉ်အမှတ် MH192 ဘိုးအင်း ၇၃၇-၈၀၀ မှာ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၆၆ ဦး တင်ဆောင်ကာ ကွာလာလမ်ပူမှ အိန္ဒိယနိုင်ငံ ဘန်ဂလောပြည်နယ်သို့ ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။
    သို့သော်လည်း လေယာဉ်၏ ယာဘက်ဘီးမှ မြေပြင်သို့ ဆင်းသက်သည့် ဂီယာပြဿနာကြောင့် ကွာလာလမ်ပူသို့ လမ်းတစ်ဝက်မှ ပြန်လှည့်လာခဲ့ရပြီး ယနေ့နံနက်ပိုင်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။ လေယာဉ်ဆင်းသက်စဉ် မီးသတ်ကားများ အဆင်သင့် စောင့်ဆိုင်းနေရကာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း မလေးရှားလေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
    ပြီးခဲ့သည့်လ အစောပိုင်းက မလေးရှား လေကြောင်းလိုင်းမှ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားသည့် လေယာဉ်အမှတ် MH- ၃၇၀ မှာ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့ပြီး မလေးရှားအစိုးရက ထိုလေယာဉ်မှာ အိန္ဒိယ သမုဒ္ဒရာအတွင်း ပျက်ကျခဲ့သည်ဟု ပြောကြားထားသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်။
  • အစ္စလာမ်ဆန့်ကျင်ရေး Fitna ရုပ်ရှင် ထုတ်လုပ်သူ၏ သားဖြစ်သူအစ္စလာမ်သို့ သက်ဝင်ကူးပြောင်း
    ဧပြီ ၂၁၊ ၂၀၁၄
    M-Media
    အစ္စလာမ်ဆန့်ကျင်ရေး Fitna ရုပ်ရှင်ကို ထုတ်လုပ်သူ အစ္စလာမ်သို့ ကူးပြောင်းပြီး ၁ နှစ်အကြာ သားဖြစ်သူပါ အစ္စလာမ်သို့ သက်ဝင်ကူးပြောင်း
    son of Arnoud van Doorn
    – အစ္စလာမ်သာသနာနှင့် ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံဖော်ပြထားသည် Fitna ရုပ်ရှင်ဇာတ်ကားအား ဖြန့်ဖြူးသော နယ်သာလန် နိုင်ငံရေးသမား၏ သားဖြစ်သူမှာ အစ္စလာမ်သာသနာကို လက်ခံလိုက်ပြီဟု သိရသည်။
    နာမည်ကျော် ဒက်ခ်ျနိုင်ငံရေးသမား အာနော့ဒ် ဗန်ဒေါန်(Arnoud Van Doorn)သားဖြစ်သူ အသက် ၂၂ နှစ်အရွယ် အစ္စကန်ဒါ အေမီအန် ဒီ ဗရီမှာ ၃ ရက်ကြာ ကျင်းပခဲ့သည့် ဒူဘိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင် အစ္စလာမ်ကိုသက်ဝင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
    “အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား ခ၀ပ်ကိုးကွယ်ထိုက်သူမရှိ၊ တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ) သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော တမန်တော်ဖြစ်တော်မူ၏ ” ဟူသည့် သက်သေခံချက်အား အစ္စကန်ဒါက ရွတ်ဆိုခဲ့ကာ အစ္စလာမ်သို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။
    ထိုညီလာခံတွင် အစ္စလာမ်သို့ သက်ဝင်ကြောင်း ကြေညာသူ ၃၇ ဦး ရှိခဲ့သည်။
    အစ္စလာမ်သာသနာနှင့် ပတ်သက်သည့် မှားယွင်းစွာ ဖော်ပြထားသော Fitna ရုပ်ရှင်ကားမှာ ၂၀၀၈ ခုနှစ်တွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး အာနော့ဒ်မှာ ထိုဇာတ်ကားအား ဖြန့်ဖြူးသူ တစ်ဦးဖြစ်ခဲ့သည်။
    သို့သော်လည်း ၅ နှစ်ကြာပြီးနောက် စိတ်ပြောင်းလဲလာခဲ့သည့် အာနော့ဒ်မှာ အစ္စလာမ်သာသနာအကြောင်း လေ့လာခဲ့ပြီး အစ္စလာမ် သာသနာအား ပြောင်းလဲ သက်ဝင်ခဲ့သည်။ အစ္စလာမ်မှာ “ငြိမ်းချမ်းသော သာသနာ” ဖြစ်သည်ဟု ၎င်းက ဆိုသည်။
    ဖခင်ဖြစ်သူ အစ္စလာမ်သို့ပြောင်းလဲသက်ဝင်ခဲ့ခြင်းနှင့် ပတ်သက်၍ အစ္စကန်ဒါက
    “အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ပြီးနောက်ပိုင်းမှာ ကျွန်တော့်အဖေဟာ ပိုပြီး တည်ငြိမ်အေးချမ်းလာတာကို ကျွန်တော် မြင်တွေ့ခဲ့ပါတယ်။ ဒီသာသနာမှာ ကောင်းတာ တစ်ခုခုတော့ ရှိရမယ်လို့ အဲဒီအချိန်ကစပြီး သိခဲ့တာပါ။ မွတ်စလင်တွေ အပေါ် ကျွန်တော့်ရဲ့အမြင်ကလည်း ပြောင်းလဲခဲ့ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကို ကျွန်တော်စလေ့လာခဲ့တယ်။ ပြီးတော့ နာမည်ကျော် မွတ်စလင်ပညာရှင်တွေရဲ့ တရားဓမ္မတွေကိုလည်းနားထောင်ခဲ့ပါတယ်” ဟု Khaleej Times နှင့် အင်တာဗျူးတွင် အစ္စကန်ဒါက ပြောကြားခဲ့သည်။
    ထို့ပြင် စစ်မှန်သော မွတ်စလင်တစ်ယောက်အဖြစ် ဘ၀သက်တမ်းအား မည်ကဲ့သို့ မွေးမြူရမည်ကို စံနမူနာပြခဲ့သည် သူငယ်ချင်းဖြစ်သူ ယူနစ်ကိုလည်း ကျေးဇူး တင်ကြောင်း အစ္စကန်ဒါက ဆိုသည်။
    “ကျွန်တော့သူငယ်ချင်း ယူနစ်က အစ္စလာမ့်အဆုံးမကို လက်တွေ့လိုက်နာကျင့်သုံးတဲ့ မွတ်စလင်တစ်ယောက်ပါ။ သူဟာ နေ့တိုင်း ကျွန်တော့ကို (အစ္စလာမ့်အဆုံးအမ) အသစ် တစ်ခုခု သင်ပေးပါတယ်။ သူဟာ ကျွန်တော့်အပေါ်မှာ စိတ်ရှည်သည်းခံပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    အစ္စကန်ဒါမှာ ယခုလက်ရှိတွင် ဆော်ဒီသို့သွားရောက်ကာ အွမ္မရာ ဘုရားဖူးခရီးသွားရန် စီစဉ်နေပြီး၊ မိခင်ဖြစ်သူမှာလည်း မကြာခင် အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာလိမ့်မည်ဟု ၎င်းက မျှော်လင့်နေသည်။
    တစ်ချိန်က ဟော်လန်ရှိ လက်ယာစွန်းရောက် အစ္စလာမ် ဆန့်ကျင်ရေး Freedom ပါတီ၏ အဖွဲ့ဝင်ဖြစ်ခဲ့သူ အာနော့ဒ်မှာ European Dawah ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ထားပြီး ဥရောပတွင်ဖြစ်ပေါ်နေသည့် အစ္စလာမ်ကြောက်ရောဂါအား တိုက်ဖျက်ရန် ဆောင်ရွက်နေသည်။ Fitna ဇာတ်ကားအား ဖြန့်ဝေခဲ့သည့် ၎င်း၏ အမှားကို ပြင်ဆင်သည့်အနေဖြင့် အစ္စလာမ်၏ တရားစစ် တရားမှန်များကို ဖော်ပြသည့် ရုပ်ရှင်ကားတစ်ကားကို ထုတ်လုပ်ရန် စီစဉ်နေသည်။
    Ref: Khaleej Times
    ဆက်စပ်သတင်းများဖတ်ရန်
    အစ္စလာမ်ဆန့်ကျင်သည့် ဒတ်ခ်ျ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း
    အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်ခဲ့သူ အစ္စလာမ်သို့ သက်ဝင် ယုံကြည်လာသူဖြစ်လာပြီးနောက် ၊ တမန်တော် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး တမန်တော်အား ရည်စူးတောင်းပန်ခဲ့
  • ဖလားယူဖို့ လက်ကမ်းအကွာက လီဗာပူးလ်၊ အသင်းဟောင်းကို အရှုံးပေးခဲ့ရတဲ့ မိုယက်စ် တို့ရဲ့ EPL ဆူပါဆန်းဒေး ပွဲစဉ် ၃၅
    ဧပြီ ၂၁၊ ၂၀၁၄
    M-Media
    – ယမန်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ လက်ကျန် ၃ ပွဲမှာတော့ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတဲ့ အာဆင်နယ်တို့ အနိုင်ရခဲ့ပါတယ်။ မိုယက်စ်ကတော့ ဂွဒ်ဒီဆင်ပါခ့်မှာ အသင်းဟောင်း အဲဗာတန်ကို ဒူးထောက်ခဲ့ရပါတယ်။
    EVERTON VS MAN UTD
    သရဖူအတွက် အဓိကပြိုက်ဘက်ဖြစ်တဲ့ ချယ်ဆီးတို့ စနေနေ့က အရှုံးကို လီဗာပူးလ်တို့ အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပြီး အဝေးကွင်းမှာ တန်းဆင်းဇုန်းနားက နော်ဝစ်ခ်ျကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ တိုက်စစ်အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်တဲ့ လီဗာပူးလ်တို့ ပွဲအစ ၁၁ မိနစ်မှာပဲ ၂ ဂိုးပြတ်ခဲ့ပြီး နောက်ပိုင်း ပွဲချိန်တွေကိုလည်း ခြေအသာနဲ့ ထိန်းကစားသွားခဲ့ကာ ဒုတိယပိုင်းမှာ ၁ ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ တန်းဆင်းဇုန်နား တ၀ဲလည်လည်ဖြစ်နေတဲ့ နော်ဝစ်ခ်ျတို့ နောက် ကလိုက်ပြီး ၂ ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ လီဗာပူးလ်အတွက် ဂိုးတွေကို စတာလင် က ၂ ဂိုးနဲ့ ဆွာရက်ဇ်က ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ရဲ့ ဒီဂိုးဟာ နောက်ဆုံး ၅ ပွဲ ၁၂ ဂိုးမြောက်လည်းဖြစ်ပါတယ်။
    အဆင့်လေးနေရာအတွက် အဲဗာတန်နဲ့ အပြိုင်လုနေရတဲ့ အာဆင်နယ်အသင်းကလည်း ရမ်ဆေး၊ အိုဇေးလ်တို့ ပြန်လည်ပါဝင်လာမှုနဲ့အတူ အဝေးကွင်းမှာ ဟားလ်စီးတီးကို ဂိုးပြတ်နိုင်အနိုင်ရခဲ့ပါတယ်။ ပွဲအစမှာ အိမ်ရှင်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အာဆင်နယ်ကို အခက်တွေ့စေခဲ့ပေမယ့် အနိုင် ၃ မှတ်ကိုတော့ ရအောင်မယူနိုင်ခဲ့ပါဘူး။ အာဆင်နယ်ဘက်က အပိုင် ၂ လုံးလောက်ကို နော်ဝစ်ခ်ျ ဂိုးသမား ရူဒီ အကောင်းဆုံး ကာကွယ်သွားနိုင်လို့သာ ဒီထက် ဂိုးပိုမပြတ်ခဲ့တာပါ။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ပိုဒေါစကီးက နှစ်ဂိုးနဲ့ ရမ်ဆေးကတစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာနှောင်းပိုင်းကတည်းက နားနေခဲ့ရတဲ့ ရမ်ဆေး ပထမဆုံးပြန်ကစားတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ သူ့ရဲ့ပရီးမီးယားလိဂ် ၉ ဂိုးမြောက်ဖြစ်ပါတယ်။
    ၁၁ နှစ်ကြာ ကိုင်တွယ်လာခဲ့တဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ မန်ယူနည်းပြ မိုယက်စ်ကတော့ ဂွဒ်ဒီဆင်ပါ့ခ်မှာ မျက်နှာပျက်ခဲ့ရပါတယ်။ စောစောပိုင်းပွဲမှာ အာဆင်နယ်အနိုင်ရသွားတဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မဖြစ်မနေ အနိုင်ကစားဖို့လိုတဲ့ အဲဗာတန်တို့ မန်ယူကို ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် အနိုင်ဂိုး ၂ ဂိုးစလုံး ရခဲ့တာပါ။ မန်ယူကတော့ ဒီပွဲမှာ အဲဗာတန်ဂိုးပေါက်ကို အများကြီး ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အိမ်ရှင်အတွက် ဂိုးတွေကိုတော့ လေတန်ဘိန်းက ပင်နယ်တီကတစ်ဆင့်နဲ့ ကီဗင် မီရာလာက်စ်က ဂိုးသမားပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ပွဲစဉ် ၃၅ အပြီးမှာတော့ လီဗာပူးလ်က ရမှတ် ၈၀ နဲ့ ဇယားကို ဦးဆောင်နေပြီး၊ ချယ်ဆီးကတော့ ၇၅ မှတ်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ မန်စီးတီးကတော့ ၂ ပွဲလျော့ ၇၁ မှတ်နဲ့ တတိယနေရာမှာရှိနေပြီး အဆင့် ၄ ကအာဆင်နယ်နဲ့၊ အဆင့် ၅ က အဲဗာတန်တို့ ၁ မှတ်သာကွာပါတယ်။ တန်းဆင်းဇုန်မှာတော့ ကာဒစ်ဖ် ဖူလ်ဟမ်နဲ့ ဆန်းဒါးလန်းတို့အစဉ်လိုက်ရှိနေပြီး အဆင့် ၁၇ ကနေ ၂၀ အထိ အမှတ်ကွာဟမှုဟာ ၄ မှတ်သာ ရှိပါတယ်။
    ဒီတစ်ပါတ်ရဲ့ ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နော်ဝစ်ခ်ျ ၂-၃ လီဗာပူးလ်
    ဟားလ်စီးတီး ၀-၃ အာဆင်နယ်
    အဲဗာတန် ၂-၀ မန်ယူ
    ချယ်ဆီး ၁-၂ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၂ ဆွမ်ဆီး
    ကာဒစ်ဖ် ၁-၁ စတုတ်
    အက်စတွန်ဗီလာ ၀-၀ ဆောက်သက်တမ်
    စပါး ၃-၁ ဖူလ်ဟမ်
  • ယူကရိန်း ခွဲထွက်ရေးသမားများ Donetsk ဒေသတွင် မေလ ၁၁ တွင် ဆန္ဒခံယူပွဲ လုပ်မည်ဟု ကြေညာ
    ဧပြီ ၂၀ ၊ ၂၀၁၄
    M-Media
    0
    – မတည်မငြိမ်ဖြစ်နေသည့် ယူကရိန်း နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားများ စောင့်ကြပ်ရာ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့သည်ဟု ယူကရိန်းပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
    ခွဲထွက်ရေးသမားများက လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကြေညာထားသည့် Donetsk ဒေသ Bylbasivka ရွာသို့သွားရာ ကားလမ်းရှိ စစ်ဆေးရေးဂိတ်သို့ ယနေ့နံနက် ၂ နာရီ ၂၀ ခန့်က ကားလေးစီးရောက်လာကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သူ၏ လက်ချက်ဖြစ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
    ထိုပစ်ခတ်မှုအတွက် ရုရှားနှင့် ယူကရိန်းတို့မှာ အပြန်အလှန် အပြစ်တင်နေကြပြီး၊ ခွဲထွက်ရေး သမားများကမူ Slavyansk မြို့တွင် ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။ ခွဲထွက်ရေးသမားများက ခန့်အပ်ထားသည့် Slovyansk မြို့၏ အုပ်ချုပ်ရေးမှူး ပိုနိုမာယော့ဗ်က ရုရှားအနေဖြင့် ထိုဒေသသို့ စစ်တပ်များ ပို့မပေးနိုင်ပါက လက်နက်နှင့် အစားအသောက်များ ပို့ပေးရန် တောင်းဆိုခဲ့ပြီး Donetsk ဒေသ အခြေအနေအတွက် ပြည်သူ့ဆန္ဒခံယူပွဲကို မေလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။
    Aljazeera
  • သေဆုံးသူ ဦးရေ တိုးလာသော တိမ်းမှောက်ခဲ့သည့် ကိုရီးယားသင်္ဘော နောက်ဆုံးရသတင်း (ဧပြီ ၂၀)
    သေဆုံးသူ ဦးရေ တိုးလာသော တိမ်းမှောက်ခဲ့သည့် ကိုရီးယားသင်္ဘော နောက်ဆုံးရသတင်း (ဧပြီ ၂၀)
    ဧပြီ ၂၀ ၊ ၂၀၁၄
    M-Media
    – ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့သော တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောအတွင်း ပိတ်မိနေသည်သူများကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူ အရေအတွက်မှာလည်း တိုးလာခဲ့သည်ဟု သိရသည်။
    ယမန်နေ့ညပိုင်းက ရေငုပ်သမားများမှာ ခရီးသည်များရှိနေသည့် အခန်းအတွင်းသို့ ပြတင်းပေါက်မှန်အား ရိုက်ခွဲကာ ပထမဆုံး ၀င်ရောက်နိုင်ခဲ့ပြီး အလောင်း ၁၃ လောင်းကို ဆယ်ယူနိုင်ခဲ့သည်။ ယနေ့ နံနက်ပိုင်းနှင့် နေ့ခင်းပိုင်းတို့တွင်လည်း သေဆုံးသူများအား ဆယ်ယူရရှိနေပြီး ယခုအချိန်အထိ သေဆုံးသူ အရေအတွက်မှာ ၅၂ ဦးအထိ ရှိလာပြီဖြစ်သည်။
    သင်္ဘောနစ်မြုပ်မှုအတွင်း ပျောက်ဆုံးနေသူ ၂၄၆ ဦးရှိနေပြီး ရေငုပ်သမား ၅၆၀ ကျော်၊ သင်္ဘော ၁၉၂ စင်းနှင့် လေယာဉ်ပျံ ၃၁ စင်းတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်။ အစိုးရ အနေဖြင့် ကယ်ဆယ်ရေးလုငန်းများကို အားစိုက်လုပ်ဆောင်ခြင်းမရှိဟု ပြစ်တင်ဝေဖန်မှုများ ရှိနေပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့တွင် သွားရောက်ကြည့်ရှုသည့် ရေကြောင်းပို့ဆောင်ရေး ၀န်ကြီး လီဂျူယန်ကိုလည်း ပျောက်ဆုံးနေသော ခရီးသည်၏ ဆွေမျိုးတစ်ဦးက ဆံပင်ဆွဲကာ အော်ဟစ်ပြောဆိုခဲ့သည်။
    ဆင်ဟွာ