News @ M-Media

Author: M-Media

  • ရတနာ့မေတ္တာ၊ ဘာသာပေါင်းစုံအဖွဲ့နှင့် ယူနီဆက် တို့၏ ပူးတွဲကြေညာချက်

    ရတနာ့မေတ္တာ၊ ဘာသာပေါင်းစုံအဖွဲ့နှင့် ယူနီဆက် တို့၏ ပူးတွဲကြေညာချက်

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း

    မြန်မာနိုင်ငံရှိ ကလေးငယ်များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန်၊ ဘေးကင်းလုံခြုံသော ဘ၀ကို ပိုင်ဆိုင်နိုင်ရန် အတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ပါဝင်သည့်သည် နိုင်ငံတော် အဆင့်စုံညီဆွေးနွေးပွဲ တစ်ရပ်ကို ရတနာ့မေတ္တာ ဦးဆောင်ပြီး Unicef ၏ ပူးပေါင်းမှု၍ ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် နှစ်ရက်တာ ဆွေးနွေးခဲ့ကြသည်။

    အဆိုပါစုံညီဆွေးနွေးပွဲကို ရတနာ့မေတ္တာအဖွဲ့အစည်း ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံ ငွေအဖွဲ့ (ယူနီဆက်)တို့ ပူးတွဲကြေညာချက်တစောင်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

    ထုတ်ပြန်ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    PDF ဖြင့်ဖတ်ရန် =>http://goo.gl/8Yv7EN

    မြန်မာနိုင်ငံ ဘာသာပေါင်းစုံ အဖွဲ့ ကြေညာချက်ဖတ်လိုလျှင် =>http://goo.gl/yanLnL

    ဓါတ်ပုံများ FB တွင် ကြည့်ရန် =>http://goo.gl/KqOv54

    01

    လူမျိုးရေး ဘာသာရေးမတူညီကွဲပြားမှုအပေါ်  တန်ဖိုးထားလေးစား သည်းခံစိတ်ထားရန်၊ ကလေးသူငယ် အခွင့်အရေး အတွက် စည်းလုံး ညီညွှတ်ကြရန် မြန်မာ့ ဘာသာရေးခေါင်းဆောင်များ သန္နိဋ္ဌာန်ပြု

    ရန်ကုန်။ ၂၀၁၄ ခုနှစ် ဧပြီလ ၃ ရက်။ ကလေးသူငယ်အခွင့်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လူမျိုးရေး ဘာသာရေးမတူညီကွဲပြားမှုအပေါ် အပြန်အလှန် တန်ဖိုးထား လေးစား သည်းခံခွင့်လွှတ်သည့် အဖွဲ့အစည်းတစ်ရပ်ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ အဓိက ဘာသာရေးကြီးလေးဖွဲ့ဖြစ်သော ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယန်ဘာသာများမှ ဘာသာရေး ခေါင်းဆောင်များသည် ၎င်းတို့၏ ရှင်းလင်းပြတ်သားသည့် တာဝန်ယူကတိပေးမှုကို ထုတ်ဖော်ပြောကြားရန် ဧပြီလ ၂-၃ ရက်နေ့တွင် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးခဲ့သည်။

    အဆိုပါစုံညီဆွေးနွေးပွဲကို ရတနာ့မေတ္တာအဖွဲ့အစည်းနှင့် ကုလသမဂ္ဂကလေးများရန်ပုံ ငွေအဖွဲ့ (ယူနီဆက်)တို့ ပူးပေါင်းဆောင်ရွက်သည်။

    အဆိုပါစုံညီဆွေးနွေးပွဲသည် ယူနီဆက်မြန်မာ၏ သမိုင်းတွင် ပထမဆုံးသောဆွေးနွေးပွဲတစ်ရပ် ဖြစ်ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အသက်ရှင်သန်ရေးနှင့် ပညာရေးကို ပံ့ပိုးရန် အလို့ငှာ ဘာသာရေးအသိုင်းအ၀န်းများ၏ သွန်သင်ဆုံးမမှုများကို အစွမ်းကုန် အသုံးချနိုင်ရေး အတွက် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ အတူတကွ တက်ရောက် ဆွေးနွေးခဲ့ သည်။

    မြန်မာနိုင်ငံဘာသာပေါင်းစုံကြေငြာစာတမ်း ၌ ကလေးတိုင်းတွင် ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုး တိုးတက်ကြီးပြင်းနိုင်ပြီး ဘေးကင်း လုံခြုံသော ကလေးငယ်ဘဝကို ပိုင်ဆိုင်နိုင်ခွင့်၊ လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နှင့် ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာစာချုပ်ပါ အခြား အခွင့်အရေး များကို ရရှိခံစားပိုင်ဆိုင်ခွင့်ရှိစေရမည်ဟု “ယုံကြည်ဆောင် ရွက် ကလေးများအတွက်” နိုင်ငံတော် အဆင့်စုံညီဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြန်မာ နိုင်ငံဘာသာပေါင်းစုံ အဖွဲ့ဝင်များက ဤကြေငြာစာတမ်းမှတဆင့် အတည်ပြုကြေငြာခဲ့သည်။ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာစာချုပ်၏ အနှစ်သာရအချက်များဖြစ်သည့် ကလေး ငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်၊ ပုံစံအမျိုးမျိုးသော ခွဲခြားဆက်ဆံခံရခြင်း များမှ ကင်းလွတ်ခွင့်နှင့် လူ့အခွင့်အရေးသည် အားလုံးအတွက်ဖြစ်စေခွင့် စသည့်အချက်များကို ဘာသာရေးပေါင်းစုံအဖွဲ့အစည်းများက “မြန်မာနိုင်ငံဘာသာပေါင်းစုံ ကြေငြာစာတမ်း”တွင် ထောက်ခံဖော်ပြ ထားသည်။ (မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ကြေငြာစာတမ်း အပြည့်အစုံကို ယခုသတင်းထုတ်ပြန်ချက်နှင့်အတူ ပူးတွဲဖြန့်ဝေထားသည်။)

    “နိုင်ငံအသီးသီးမှာ ဘာသာတရားတွေရဲ့ သြဇာသက်ရောက်လွှမ်းမိုးမှုဟာ လူမှုအသိုင်းအ၀န်း အပေါ် အပြုအမူနဲ့ သဘောထားကို ပြုပြင်ပြောင်းလဲရာမှာ သိသိသာသာ တိုးတက် ပြောင်းလဲ နိုင်ကြောင်းကို လေ့လာမှုတွေအရ  သိရပါတယ်။ ဘာသာရေးခေါင်းဆောင် တွေဟာ သြဇာအရှိန် အ၀ါ ကြီးမားသူတွေ၊ မေတ္တာတရား ကြီးမားသူတွေ ပြည်သူ လူထုရဲ့အထူးယုံကြည်သက်ဝင်မှု ရရှိထားသူတွေဖြစ်တဲ့အတွက် ယနေ့ဆွေနွေးပွဲကနေ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အခွင့်အရေးနှင့် ရှင်သန် ဖွံ့ဖြိုးရေးများအတွက်၊ ဘာသာရေးခေါင်းဆောင်များအကြား နားလည်မှု များ၊ ရေရှည်လက်တွဲ ဆောင်ရွက်သွားနိုင်မည့်လုပ်ငန်းစဉ်များ၊ ပူးပေါင်း ဆောင်ရွက်နိုင်မှုများ ဖော်ထုတ်ဆွေးနွေးပေးကြဖို့ လျှောက်ထားတင်ပြအပ်ပါတယ်” ဟု ရတနာ့မေတ္တာ အဖွဲ့မှ ဥက္ကဌ ဦးမြင့်ဆွေကပြောသည်။

    လက်ရှိအခြေအနေအရ မြန်မာနိုင်ငံတွင် ကလေးသူငယ်ပြသနာရပ်များကိုကိုင်တွယ်ဖြေရှင်းရေးနှင့် ဘာသာပေါင်းစုံဆွေးနွေး ပွဲများဖြစ်ထွန်းရေးကို အားပေးရန်အတွက် ဘာသာပေါင်းစုံအချင်းချင်း ချိတ်ဆက် ပေးနိုင်သည့် ပလက်ဖောင်း တစ်ရပ်ထူထောင်ပေးရန် အလွန်အရေးကြီးသည်။ ယခုအသစ် ထုတ်ပြန်ကြေငြာခဲ့သည့် မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ကြေငြာချက်သည် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အတွက် ပူးတွဲလုပ်ဆောင် ရမည့် နည်းလမ်းများကို ဖော်ပြထားသည်။

    “ကျွန်ုပ်တို့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေအနေနဲ ယုံကြည်ကိုးကွယ်မှု ဘာသာတရားတွေဟာ လူသားတွေရဲ့ စိတ်ထဲမှာရှိတဲ့ အကြမ်းဖက်မှုတွေလျော့ပါးသွားစေဖို့နဲ့ လူသားတွေကို ယဉ်ကျေး လိမ္မာစေဖို့ သက်ဆိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဘာသာရေးခေါင်းဆောင်တွေဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အားပေးဖို့ နဲ့ လူသားတွေရဲ့ ကောင်းကျိုးတွေကို အစွမ်းကုန် ဆောင်ရွက်ပေးနိုင်သူတွေလို့ လူသားတွေက ခံယူထားတဲ့အတွက် ဘာသာရေး ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်တွေအပေါ် ကျွန်ုပ်ရဲ့ အလေးအနက် တောင်းဆို မေတ္တာရပ်ခံချက်ပါပဲ” ဟု သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်မှ အဓိပတိ၊ သီတဂူဆရာတော် ဒေါက်တာဥာဏိဿရ က မိန့်ကြားသည်။

    ကမ္ဘာတစ်ဝှန်းလုံးတွင် ယူနီဆက်သည် ဘေးဒဏ်သင့်ခံနေရသည့် ကလေးသူငယ်များ၏ ပြသနာ ရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ဘာသာရေးခေါင်းဆောင်များနှင့် အတူ  ပူးပေါင်းလက်တွဲ ဆောင်ရွက် ခဲ့သည့်သမိုင်းကြောင်းအစဉ်အလာများရှိခဲ့သည်။

    ဥပမာအားဖြင့် – အယ်ဆာဗာဒိုနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ပွဲကာလအတွင်း  ခရစ်ယန် ဘုရားရှိခိုးကျောင်းများနှင့် ပူးပေါင်းပြီး အပစ်အခတ် ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းပေးနိုင်ခဲ့သည့် အတွက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးပေးနိုင်ခြင်း၊ မိန်းကလေးငယ်များ ပညာရေး အတွက်  ဗလီဆရာများနှင့်ပူးပေါင်းခဲ့ခြင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် အိပ်(ခ်ျ)အိုင်ဗွီအေ့(ဒ်)ရောဂါ ဝေဒနာ ခံစားနေရသည့် ကလေးသူငယ်များအား ကူညီစောင့်ရှောက် နိုင်ရန်အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ပူးပေါင်းခြင်းစသည့် သမိုင်းကြောင်းအစဉ်အလာကောင်းများရှိခဲ့သည်။

    ဘာသာပေါင်းစုံငြိမ်းချမ်းရေး (မြန်မာ)မှ နာယကတစ်ဦးဖြစ်သူ အစ္စလမ်ဘာသာရေးခေါင်းဆောင် ဆရာဦး ကိုလေးကလည်း “ကျွန်တော်တို့အနေနဲ့ အခုလို ယူနီဆက်နဲ့ ပူးပေါင်းရတာကို အလွန်ဝမ်းမြောက်ပါတယ်။ ကလေးသူငယ်တွေဟာ ရတနာတစ်ပါးဖြစ်တယ်လို့ ကိုရမ်ကျမ်းမှာ ဖော်ပြထားပါတယ်။ ကလေးသူငယ်တွေကို အကောင်းဆုံးပြုစုစောင့်ရှောက်ဖို့အတွက်လည်း မိဘတွေကို တင်းတင်းကြပ်ကြပ် ညွှန်ကြားထားပါတယ်” ဟုပြောသည်။

    ယုံကြည်ဆောင်ရွက်ကလေးများအတွက် နိုင်ငံတော်အဆင့် စုံညီဆွေးနွေးပွဲကို ယူနီဆက်၏  ပံ့ပိုးမှုဖြင့် ရတနာ့မေတ္တာအဖွဲ့ကဆောင်ရွက်သော “ယုံကြည်ဆောင်ရွက်ကလေးများအတွက်” လုပ်ငန်း စီမံချက်မှ ပေါ်ထွက်လာသည့် အကောင်းဆုံး အလေ့အကျင့်များကို မျှဝေရန်နှင့် ဆောင်ရွက်ခဲ့ပြီးသည့် အလုပ်တွေကို စုစည်းပေးရန် အတွက် အချိန်ခါသင့် ကျင်းပခြင်းဖြစ်သည်။

    လူမှုရေး ဘာသာရေးဆိုင်ရာ တန်ဖိုးများအပေါ် အခြေခံ၍ ယခုပူးပေါင်းဆောင်ရွက်မှုသည် ဘာသာရေးခေါင်းဆောင် များအား ကလေးသူငယ်ရှင်သန်ဖွံ့ဖြိုးရေး၊ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့် ဟောပြောပွဲများတွင် ထည့်သွင်းဆုံးမရန် တွန်းအားပေးထားသည်။ ဗုဒ္ဓဘာသာမှ သက်ဆိုင်ရာ အဆုံးအမများကို ကောက်နုတ်ပြီး “ယုံကြည်ဆောင်ရွက်ကလေးများအတွက်” စာအုပ်ငယ်များပြုစု ထုတ်ဝေ ခဲ့သည်။ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်း ကျေးရွာပေါင်း ၈၈၀ မှ ဘုန်ကြီးကျောင်း ၃၀၀၀ ကျော်တွင် ပြည်သူ လူထုများနှင့် မိသားစုဝင်များအဓိက လက်တွေ့လိုက်နာကျင့်သုံးရမည့် ကျန်းမာရေးဆိုင်ရာအချက်အလက်များကို စတင်ဖြန့်ဝေနေပြီ ဖြစ်သည်။

    “တိုင်းပြည်အသွင်ကူးပြောင်းစကာလ အတောအတွင်းမှာ ကလေးသူငယ်တွေနဲ့ မိသားစုဝင် တွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်မှုဆိုင်ရာ လမ်းညွှန်ချက်တွေ ရှာဖွေနေကြပါတယ်။ ပြည်သူလူထုတွေ တော်တော် များများဟာ ဘာသာရေး လူမျိုးရေးပဋိပက္ခ အကြမ်းဖက်မှုဒဏ်တွေ ကြောင့် ထိခိုက်ခံနေရပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးနဲ့ ကလေးသူငယ်အခွင့်အရေးကို မြှင့်တင် ပေးဖို့အတွက် ဘာသာရေးခေါင်းဆောင်တွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင် နေပါတယ်” ဟု ယူနီဆက်(မြန်မာ) ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန် ဗိန်းဘဲ(လ်) ကပြောသည်။

    အဆိုပါညီလာခံသို့ ယူနီဆက် နယူးယောက်မှ လူထုအဖွဲ့နှင့်မိတ်ဖက်လုပ်ဆောင်ရး အစီအစဉ် ဌာန ဌာနမှူး Ms. Liza Barrie၊ မလေးရှားနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီး Datuk Kirinde Dhammaratana၊ ဘာသာပေါင်း စုံငြိမ်းချမ်းရေးမှ ဒုတိယ အထွေထွေအတွင်းရေးမှူး Rev. Kyoichi Sugino၊ ထိုင်းနိုင်ငံ နိုင်ငံတကာငြိမ်းချမ်းရေးလေ့လာမှု ဌာနမှ ညွှန်ကြားရေးမှူး Mr. Ekraj Sabur အပါအ၀င် အစိုးရဌာနများ၊ ဘာသာရေး အသီးသီးမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များ စုစုပေါင်း ၁၀၀ ကျော်ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

    အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါပုဂိုလ်များသို့ ဆက်သွယ်မေးမြန်းနိုင်သည်

    စန္ဒာလင်း၊ ပြန်ကြားရေးအရာရှိ၊ ယူနီဆက်(ဖ်) မြန်မာ၊ ဖုန်း – ၀၁- ၂၃၀ ၅၉၆၀ – ၆၉ [email protected]

    ရဲလွင်၊ ပြန်ကြားရေးအရာရှိ၊ ယူနီဆက်(ဖ်) မြန်မာ၊ ဖုန်း – ၀၁- ၂၃၀ ၅၉၆၀ – ၆၉ [email protected]

  • ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ကော်မတီ တောင်ကြီးတွင် ဖွဲ့စည်းမည်

    ဧပြီ ၃၊ ၂၀၁၄
    M-Media
    TGI

    ဘသာပေါင်းစုံ ငြိမ်းချမ်းရေး ကော်မတီတရပ်ကို ဧပြီလ (၅) ရက်နေ့တွင် တောင်ကြီမြို့ ဆစ်ခ် ဘုရားကျောင်းတွင် ပြုလုပ်မည်ဟု သိရပါတယ်။

    အဆိုပါ အဖွဲ့ကို လူငယ်များမှ ဦးဆောင်ဖွဲ့စည်းမှာဖြစ်ပြီး  ဘာသာရေးနှင့် လူမှု အသိုင်းအဝိုင်းများကြား အပြန်အလှန်လေးစားမှုဖြင့် ပျော်ရွှင် ငြိမ်းချမ်းစွာ အပြုသဘောဆောင်သော ဖွံ့ဖြိုါ် ရေး အစီအစဉ်များကို အတူလက်တွဲ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်းကို အဆိုပါ ကော်မတီ ဖွင့်ပွဲ ဖိတ်စာမှာဖြော်ပထားတာကို တွေ့ရှိရပါတယ်။

  • ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ မတိုင်ခင် ချယ်ဆီး ပရိတ်သတ်များ ပြင်သစ်တွင် သောင်းကျန်းခဲ့

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – ယမန်နေ့ နံနက်က ကစားခဲ့သည့် ပီအက်စ်ဂျီအသင်းနှင့် ချယ်ဆီးအသင်းတို့၏ ချန်ပီယံလိဂ်ပွဲ မတိုင်မီ ချယ်ဆီးပရိတ်သတ်များမှာ ပဲရစ်မြို့အတွင်းရှိ ကော်ဖီဆိုင်များ၊ လမ်းဘေး ဈေးဆိုင်များအား ဖျက်ဆီးခဲ့သည်ဟု သိရသည်။

    article-2595428-1CC579A800000578-808_634x675

    ချယ်ဆီးပရိတ်သတ် ၄၀၀ ခန့်မှာ ပွဲမကစားမီ တစ်နေ့ခင်းလုံး သောက်စားမူယစ်ခဲ့ကြပြီး နာဇီပုံစံ အလေးပြုခြင်း၊ လူမျိုးရေးခွဲခြားသည့် ကြွေးကြော်သံများ ဟစ်အော်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် လူမည်းပဲရစ်မြို့သားများရှေ့တွင် အင်္ဂလန်လက်ယာစွန်းရောက်ပါတီ English Defence League မှ ထုတ်ဝေသည့် လူမျိုးရေးခွဲခြားသော သီချင်းများကို သီဆိုခဲ့ကြသည်။

    ထို့နောက် နှစ်ဘက်ပရိတ်သတ်အကြား ၃ မိနစ်ခန့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လာရောက်လူစုခွဲရာ ချယ်ဆီးပရိတ်ခန့် ၁၀၀ ခန့်ရှိသည့် အုပ်စုတစ်စုမှာ ကမ္ဘာလှည့်ခရီးသွားများစည်ကားရာ ပဲရစ်မြို့ရှိ Rue St Denis လမ်းထဲသို့ ထွက်ပြေးသွားခဲ့ပြီး ကော်ဖီဆိုင်များ၊ လမ်းဘေးဈေှးဆိုင်များနှင့် တွေ့မြင်သမျှအားလုံးကို ဖျက်ဆီးခဲ့ကြသည်။

    ထို့ကဲ့သို့ နှစ်ဖက် ပရိတ်သတ်များအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း ပီအက်စ်ဂျီနှင့် ချယ်ဆီးတို့၏ ပွဲကိုမူ အေးချမ်းစွာ ကျင်းပနိုင်ခဲ့သည်။ ထိုပြဿနာအတွက် ဖမ်းဆီးထားခြင်း ရှိ၊ မရှိကိုမူ ပဲရစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

    ထိုပွဲအတွက် ချယ်ဆီးအသင်း၏ လက်မှတ်ခွဲတမ်းမှာ ၂၀၀၀ ဖြစ်သော်လည်း ထောင်ပေါင်းများစွာသော ချယ်ဆီး ပရိတ်သတ်များမှာ ပဲရစ်သို့ လာရောက်ခဲ့ကြသည်။ လူဆိုးစာရင်းဝင်သည့် ချယ်ဆီးပရိတ်သတ် ၃၀၀ မှာလည်း ၎င်းတို့အား စစ်ဆေးမှုကို ရှောင်လွှဲရန် ဘယ်လ်ဂျီယံမှတစ်ဆင့် ပြင်သစ်သို့ ၀င်ရောက်လာကြသည်ဟု ပြင်သစ်ထောက်လှမ်းရေးက ပြောကြားခဲ့သည်။

    Daily Mail

  • “ ရခိုင်ပြသနာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ”

    “ ရခိုင်ပြသနာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ”

    စည်သူအောင်မြင့်
    မြန်မာတိုင်းမ် ဂျာနယ်၊ ၃-၄-၁၄။

    တည်ငြိမ်မှု မရှိသေးတဲ့ ရခိုင်ပြည်နယ်မှာ မီးတစ်စ တောက်လောင်ခဲ့ပြန်ပါပြီ။ အဲဒါကတော့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က အမျိုးသမီး တစ်ယောက် သာသနာ့အလံ ကို ဖြုတ်ချပြီး မဖွယ်မရာပြုတယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့ တွေမှာ စစ်တွေက နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတွေ ရုံးစိုက်ရာ၊ တည်းခိုရာ၊ အထောက်အကူ ပစ္စည်း သိုလှောင်ရာ နေအိမ်တွေ၊ ရုံးခန်းတွေ၊ ဂိုဒေါင်တွေ တိုက်ခိုက်ဖျက်ဆီး ခံရခြင်းပါ။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင် နိုင်ငံခြားသားတွေနဲ့ နိုင်ငံသားတွေကိုတော့ သက်ဆိုင်ရာက ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး အကာအကွယ်ပေးကြရပါတယ်။ တစ်ချို့ ရန်ကုန်ကို လေယာဉ်နဲ့ အသုတ်လိုက် ပြန်ပို့တာမျိုး လုပ်ကြရပါတယ်။ နောက်ဆုံး ဒီ ကိစ္စ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က သမ္မတ ဦးသိန်းစိန်ကို တယ်လီဖုန်းဆက် ပြောဆိုရသည်အထိ အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဒီ ပြသနာ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ အဲဒီ အမိန့်ကြော်ငြာစာထဲမှာ စုံစမ်းမှုတွေ မလုပ်ရသေးခင်မှာပဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို အပစ်တင်ထားတာ တွေ့ကြရပါတယ်။ အမိန့်ကြော်ငြာစာ နံပါတ်(၂) (ခ) မှာ “ အထက်ပါဖြစ်စဉ် ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ် အုပ်ချုပ်ရေးအပိုင်းမှ အဓိက တာဝန်ရှိသူများကို စုံစမ်း စစ်ဆေး ဖော်ထုတ်ရန်” ဆိုပြီး ဖော်ပြထားပါတယ်။ တကယ်ပဲ ဒီ ဖြစ်စဉ်မှာ အဓိက လက်သည် တရားခံဟာ ပြည်နယ် အုပ်ချုပ်ရေးပိုင်းကပဲလား၊ အခြား ဘယ်သူတွေရော ဖြစ်နိုင်ဦးမလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

    ပထမတော့ ဘင်္ဂလီဆန့်ကျင်ရေး၊ နောက်တော့ ကိုယ့်နိုင်ငံသား ကမန်တွေအပါအ၀င် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး၊ နောက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ ဆန့်ကျင်ရေး တစ်ခုပြီးတစ်ခု ခြေလှမ်းလာတဲ့၊ ရခိုင်ပြည်နယ်ကို ဖျက်ဆီးနေတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို ပြစ်တင်ရှုတ်ချ တားဆီးဖို့နေနေသာသာ အားပေးအားမြှောက်ဖြစ်စေတဲ့ စကားတွေကိုတောင် ပြောလိုက်ကြပါသေးတယ်။

    လက်ရှိ ရခိုင်ပြည်နယ်ထဲက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို အကြမ်းဖက်မှု ဖြစ်စဉ်အကြောင်းပြောရင် သိပ်မကြာလှသေးတဲ့ ရှေ့မှာ ဖြစ်ထားခဲ့တဲ့ အဖြစ်အပျက်တွေ၊ ကိုင်တွယ်ဖြေရှင်းပုံတွေကို ပြန်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ၂၀၁၂ ခုနှစ်မှာ ရခိုင်တိုင်းရင်းသူ မသီတာထွေး အသတ်ခံရမှု နဲ့ တောင်ကုတ်မှာ အစ္စလာမ် ဘာသာဝင်တွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီ သတင်းတွေကို အစိုးရပိုင် သတင်းစာတွေမှာ ကျူးလွန်သူတွေရဲ့ လူမျိုး ဘာသာ ကိုပါ ထည့်သွင်းပြီး ဖော်ပြခဲ့ပါတယ်။ အရင်က လုပ်လေ့လုပ်ထ မရှိတဲ့ အစဉ်အလာ နဲ့ ဖော်ပြခဲ့တာပါ။ နောက်ပိုင်း ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီတွေ တိုက်ကြ ခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ခုခံကြ၊ မီးတွေရှို့ကြ၊ ရွာတွေ ဖျက်ဆီးကြရင်း နှစ်ဖက် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အများအပြား ဒါဏ်ရာရခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ရခိုင် ဒုက္ခသည် ၄၀၀၀ ကျော်နဲ့ ဘင်္ဂလီ ဒုက္ခသည် တစ်သိန်းကျော် ဒုက္ခသည်စခန်း ရောက်ကုန်ပါတယ်။

    ဒီ အဖြစ်အပျက်တွေ ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေရဲ့ ထိထိရောက်ရောက် အရေးယူမှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်လာပါတယ်။ ဥပမာအားဖြင့် အစ္စလာမ်ဘာသာဝင်တွေ အစုလိုက် အပြုံလိုက် တောင်ကုတ်မှာ အသတ်ခံရတဲ့ ကိစ္စ နှစ်ပေါက်သည်အထိ တရားခံ ဖမ်းမမိနိုင်ဖြစ်ခဲ့ပါတယ်။ ပဋိပက္ခ ဖြစ်ပွားတဲ့ လူမျိုးစုနှစ်ခု၊ ဘာသာနှစ်ခု အမုန်းတရား လျော့နည်းပပျောက်ရေး၊ အတူတကွ ပြန်လည်နေထိုင်နိုင်ရေး၊ တည်ငြိမ်အေးချမ်းလာရေး ဘယ်သူမှ ဦးဆောင် လုပ်ကိုင်ပေးတာ မတွေ့ကြရပါဘူး။ အစိုးရပိုင်းက လုပ်မပေးသလို ရခိုင် နိုင်ငံရေးခေါင်းဆောင်တွေကလည်း လုပ်မပေးကြပါဘူး။ ပိုပြီးဖြစ်ပွားလာတာက အစ္စလာမ် ဘာသာဝင်တွေနဲ့ ရခိုင်တွေကို သီးခြားစီ ခွဲထုတ်တဲ့ လှုပ်ရှားမှုတွေ၊ မဆက်ဆံရေး လှုပ်ရှားမှုတွေ၊ အမုန်းတရား လှုံ့ဆော်မှုတွေပဲ ပို ပိုပြီး ပျံ့နှံ့လာတာ တွေ့ရပါတယ်။

    ဒီလိုနဲ့ နောက်တစ်ကြိမ် ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ် ဘာသာဝင် ကမန်တိုင်းရင်းသားတွေ အကြမ်းဖက်မှု ဖြစ်ပွားပြန်ပါတယ်။ လူတစ်ချို့သေ၊ ဒုက္ခရောက်သူရောက် ဖြစ်ကြပါတယ်။ ဖြစ်စဉ်ကလည်း လတ်တလော စစ်တွေမှာ ဖြစ်ခဲ့တုန်းကလိုပါပဲ။ အစ္စလာမ် ဘာသာဝင် တစ်ယောက် ပြုမူပြောဆိုပုံကို လူအုပ်စုနဲ့ အပြစ်ပေးဖို့ ကြိုးစားရာကနေ နောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ရခိုင်ပြည်နယ်ကို ရောက်နေချိန်ဖြစ်တော့ ထိထိရောက်ရောက် အရေးယူမယ် ဆိုပြီး ဖြစ်ခဲ့ပါသေးတယ်။ ရခိုင်တိုင်းရင်းသားတွေကို ဖမ်းဆီးစစ်ဆေးရင် လူအုပ်ကြီးက အဲဒီ လူတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ဒီလိုနည်းနဲ့ အဲဒီလို ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူမယ် ဆိုတဲ့ ကိစ္စ အဖျားရှူးသွားပါတယ်။ ဒီ နောက်ပိုင်းမှာလည်း အမုန်းတရား ဖြန့်ဖြူးနေသူတွေ၊ လှုပ်ရှားမှု လုပ်နေသူတွေကို ထိထိရောက်ရောက် အရေးယူတာ မရှိသလို လူမျိုးစုနှစ်စု ဘာသာနှစ်ခု အမုန်းတရားလျော့နည်း ပပျောက်အောင်၊ အတူတကွ အဆင်ပြေပြေနေနိုင်အောင် စီမံလုပ်ကိုင်ဆောင်ရွက်ပေးတာမျိုး မတွေ့ကြရပါဘူး။ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေဆိုရင် အကြမ်းဖက်သူတွေကပဲ မှန်သယောင် ပြောဆိုခဲ့ပြီး အစွန်းရောက်တွေရဲ့ ရေစီးကြောင်းထဲ မျောပြီး လိုက်ပါခဲ့ကြပါတယ်။

    နောက်ပိုင်း အစွန်းရောက်တွေ ပစ်မှတ် MSF ခေါ် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ ဘက်လှည့်လာပါတယ်။ တစ်ပြိုင်နက်တည်း အခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ထွက်သွားအောင် တောင်းဆိုတာတွေ လုပ်လာပါတယ်။ မြောက်ဦးမှာဆို အင်န်ဂျီအို အဖွဲ့တွေကို လက်ခံထားသူဒေသခံ ရခိုင်တွေကိုပါ လက်မခံဖို့ အကြပ်ကိုင်တာတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံး အစိုးရက MSF ကို ရခိုင်ပြည်နယ်ထဲမှာ ဆက်လုပ်ကိုင်ခွင့် မပြုတော့ ရခိုင်ပြည်နယ်ထဲက ထွက်သွားကြရပါတယ်။ ဒါကို အစွန်းရောက်တွေက အောင်ပွဲခံကြပါတယ်။ နောက်ထပ် ပစ်မှတ်အဖြစ် ကျန်နေသေးတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဆီဘက် လှည့်ကြပါတယ်။ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကလည်း MSF ဟာလွန်တယ်၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကလည်း ဘင်္ဂလီဘက် လိုက်တယ် စသဖြင့် ပြောဆိုပြီး အစွန်းရောက် လှုပ်ရှားမှုကို စိတ်ဓာတ်အားဖြင့် ထောက်ခံခဲ့ကြပါတယ်။

    အခုနောက်ဆုံး ကိစ္စမှာလည်း ဒီ အတိုင်းပါပဲ။ အလံဖြုတ်ချတဲ့ နိုင်ငံခြားသူကို ပြစ်မှုကျူးလွန်တယ် ဆိုရင် တည်ဆဲဥပဒေအရ အရေးယူဖို့ပါပဲ။ ဒါပေမယ့် လူစုလူဝေးနည်းနဲ့ အပြစ်ပေးဖို့၊ မရရင် အကြမ်းဖက်ဖို့ ယဉ်ပါးနေပြီဖြစ်တဲ့ အစွန်းရောက်တွေဟာ နိုင်ငံခြားသူကို လူအုပ်စုနဲ့ အပစ်မပေးနိုင်တဲ့ အခါ နေအိမ်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက် ဖျက်ဆီးပစ်ကြပါတယ်။ နောက်ပိုင်း အံ့သြစရာကောင်းလောက်အောင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ နေထိုင်၊ ရုံးဖွင့်တဲ့ နေအိမ်တွေကို တိတိကျကျ လိုက်လံ အကြမ်းဖက် ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ ဒီ ပြသနာနဲ့ ပါတ်သက်ပြီး အစိုးရက ပြည်နယ် အစိုးရကို အပစ်တင်ပါတယ်။ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်ကတော့ မတ်လ ၃၀ သမ္မတ နဲ့ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်မှာ ပြသနာပေါ်ခဲ့တဲ့ နိုင်ငံခြားသူကို ရည်ရွယ်ပြီး “ ကိုယ်နဲ့ မဆိုင်ပဲနဲ့ ဒီအလံကိုဖြုတ်ပြီး မဖွယ်မရာလုပ်တယ်၊ ရခိုင်ပြည်နယ်မှာ ထိလွယ်ရှလွယ် ဖြစ်နေတဲ့ အချိန်မှာ ဒီလို လုပ်လိုက်တော့ ပြသနာတက်တယ်။ ဒီလိုပြသနာဖြစ်တိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ အမျိုးသားတွေရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။” ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဥပဒေ ချိုးဖေါက်ပြီး လူစုလူဝေးနဲ့ အကြမ်းဖက်သူတွေကို အပစ်တင်စကား လုံးဝ မပြောခဲ့ပါဘူး။ နိုင်ငံခြားသူကြောင့် ဒီလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာဟာ သဘာဝ ကျသယောင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံ သုံးသပ်လိုက်ရင် လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြီးရဲ့ အစမှာ အစိုးရ သတင်းစာ ပါတ်သက်နေတာ တွေ့နိုင်ပါတယ်။ ဦးသိန်းစိန် အစိုးရဟာ ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် လူအုပ်စု နှစ်စု ပြန်ပြီး သင့်မြတ်အောင်၊ ရခိုင်ပြည်နယ် အေးချမ်းအောင် လုပ်ဆောင်တာလည်း ဘာတစ်ခုမှ မတွေ့ရပါဘူး။ ပြသနာတိုင်းမှာ စ ပြီး အကြမ်းဖက်သူတွေ၊ နောက်ပိုင်း အကြမ်းဖက်မှု ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူတာ မတွေ့ရပါဘူး။ ပြည်နယ် အစိုးရလည်း ထိုနည်း၎င်းပါပဲ။ အလားတူ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေ ကလည်း ရခိုင်ပြည်နယ်မှာ လူမျိုးစုနှစ်ခု၊ ဘာသာနှစ်ခု အေးအေးချမ်းချမ်း အတူယှဉ်တွဲနေနိုင်အောင် ဘာတစ်ခုမှ အားထုတ်တာ မတွေ့ရပါဘူး။ ပထမတော့ ဘင်္ဂလီဆန့်ကျင်ရေး၊ နောက်တော့ ကိုယ့်နိုင်ငံသား ကမန်တွေအပါအ၀င် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး၊ နောက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ ဆန့်ကျင်ရေး တစ်ခုပြီးတစ်ခု ခြေလှမ်းလာတဲ့၊ ရခိုင်ပြည်နယ်ကို ဖျက်ဆီးနေတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို ပြစ်တင်ရှုတ်ချ တားဆီးဖို့နေနေသာသာ အားပေးအားမြှောက်ဖြစ်စေတဲ့ စကားတွေကိုတောင် ပြောလိုက်ကြပါသေးတယ်။ ဒီအတွက် အားလုံးတာဝန်ရှိကြပါတယ်။ ဒီထဲမှာ အပြစ်တင်ခံရခြင်းကနေ ကင်းလွတ်နေတဲ့ အကြမ်းဖက်သမားတွေလည်း အပြစ်ရှိကြပါတယ်။ တာဝန်ရှိသူတွေ အပြစ်ရှိသူတွေကို မမြင်ပဲ ရခိုင်ပြည်နယ် အစိုးရလောက်ကိုပဲ တရားခံ ရှာနေရင်တော့ ပြသနာတွေ ပြေလည် ပြီးငြိမ်းသွားဖို့ လမ်းစ မမြင်နိုင်သေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    Link =>https://www.facebook.com/sithu.aungmyint/posts/269147206601420?stream_ref=10