မတ် ၁၂၊ ၂၀၁၄
M-Media
– အေစီမီလန်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သော်လည်း မိမိတို့ထက်ပိုကောင်းသော အသင်းများရှိသေးသည်ဟု အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာက အသင်းအား သတိပေးလိုက်သည်။
ဒီယေဂိုကော်စတာမှာ ပထမအကျော့ ဆန်စီရိုတွင်ကစားခဲ့သည့်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး၊ ယနေ့နံနက်က အေစီမီလန် အသင်းအား အနိုင်ရခဲ့သည့် ပွဲတွင်လည်း အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ကာ ကွာတား ဖိုင်နယ်သို့ တက်ရောက်ရန် ကူညီပေးနိုင်ခဲ့သူဖြစ်သည်။
သို့သော်လည်း ဥရောပ ထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်သည့် ချန်ပီယံလိဂ်တွင် အက်သလက်တီကို အသင်းအနေဖြင့် နောက်တစ်ဆင့်တွင် ပိုမိုခက်ခဲ့သော အသင်းဖြင့် တွေ့ဆုံရမည်ဟု ဒီယေဂိုကော်စတာက ဆိုသည်။
“ဖိုင်နယ်ကိုရောက်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါဟာ သိပ်ကိုခက်ခဲတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆင့်ကိုရောက်လာတဲ့ အသင်းအားလုံးဟာ ကျွန်တော်တို့ထက် ပိုတောင့်တင်းတဲ့ အသင်းတွေပါ” ဟု ဒီယေဂိုကော်စတာက သတင်းထောက်များအား ပြောကြာခဲ့သည်။
ဘရာဇီးလ်တွင်မွေးဖွားခဲ့သော်လည်း ဒီယေဂိုကော်စတာမှာ မွေးစားနိုင်ငံဖြစ်သည့် စပိန်လက်ရွေးစဉ်အသင်းအတွက် ပြီးခဲ့သည့်တစ်ပတ်က ပထမဆုံးပွဲထွက်ခဲ့သည်။ ကလပ်အသင်းအဆင့် အောင်မြင်မှုက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်လက်ရွေးစင်အသင်း၌ ပါဝင်ခွင့်ရနိုင်သောကြောင့် ဒီယေဂိုကော်စတာမှာ အက်သလက်တီကိုအသင်းနှင့် အကောင်းဆုံးအဆင့်ဖြင့် ရာသီသိမ်းရန် ဆန္ဒရှိနေသည်။
Goal