News @ M-Media
Author: M-Media
  • အခွန်ရှောင်သည့် ဘိုင်ယန်ဥက္ကဌအား ဂျာမနီတရားရုံးက ထောင် ၃ နှစ်ခွဲချ
    မတ် ၁၄၊ ၂၀၁၄
    M-Media
    378535_heroa
    – အခွန်ငွေရှောင်လွှဲမှုကြောင့် တရားစွဲဆိုခြင်းခံနေရသည့် ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဌ ဟိုနက်စ်အား ဂျာမနီ တရားရုံးက ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ် ခဲ့သည်ဟု သိရသည်။
    ဟိုနက်စ်မှာ အစောပိုင်းက အခွန်ငွေ ယူရို ၃.၅သန်းရှောင်လွှဲခဲ့သည်ဆိုသော ပြစ်မှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး၊ နောက်ဆုံးတွင် ၂၇.၂ သန်းရှောင်လွှဲခဲ့သည်ဟု ၀န်ခံခဲ့ပြီးနောက် ယမန်နေ့က တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
    ၎င်း၏ ရှေ့နေ့အဖွဲ့က အယူခံဝင်နိုင်သည်ဟု ပြောကြားခဲ့သော်လည်း ဟိုနက်စ်ကမူ အယူခံမ၀င်တော့ဘဲပြစ်ဒဏ်အားကျခံမည်ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဌ ရာထူးမှလည်း နှုတ်ထွက်ခဲ့သည်။
    “ကျွန်တော့်မိသားစုနဲ့ ဆွေးနွေးအပြီးမှာတော့၊ အခွန်ရှောင်မှုနဲ့ပတ်သက်ပြီး မြူးနစ်ခရိုင်တရားရုံးက ချမှတ်တဲ့ပြစ်ဒဏ်ကို ခံယူဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ အယူခံမ၀င်ဖို့အတွက်လည်း ကျွန်တော့်ရှေ့နေကို ညွှန်ကြားထားပါတယ်။ ဒါဟာ ယဉ်ကျေးမှုရှိခြင်းနဲ့ တာဝန်ယူမှုကို ပြသတာလည်းဖြစ်ပါတယ်” ဟု ဟိုနက်စ်က ပြောကြားခဲ့သည်။
    ထို့ပြင် အခွန်ရှောင်ခြင်းမှာ မိမိဘ၀၏ ကြီးမာသောအမှားဖြစ်ကြောင်း၊ ဘိုင်ယန်မြူးနစ်မှာ မိမိဘ၀ဖြစ်ပြီး မိမိအား ထောက်ခံ အားပေးသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    ဥရောပဖလား သုံးကြိမ်ရခဲ့ပြီး ဒူးဒဏ်ရာကြောင့် အသက် ၂၇ နှစ်အရွယ်၌ ဘောလုံးကစားခြင်းမှ အနားယူခဲ့ရသော ဟိုနက်စ်မှာ ဂန္တ၀င်ဘိုင်ယန် အသင်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသူလည်းဖြစ်သည်။
    Goal
  • ခရိုင်းမီးယားအရေး ကုလတင်မည့် အမေရိကန်၏ ဆုံးဖြတ်ချက် မူကြမ်း ဗီတိုသုံး၍ ပယ်ချသွားမည်ဟု ရုရှားဆို
    မတ် ၁၄၊ ၂၀၁၄
    M-Media
    – ခရိုင်းမီးယားဒေသ ရုရှားသို့ဝင်ရောက်ရန် ပြုလုပ်မည့် ပြည်သူဆန္ဒခံယူပွဲကို အသိအမှတ် မပြုရန်အတွက် ကုလ၏ ဆုံးဖြတ်မှုကြမ်းအား ဗီတိုသုံး၍ ပယ်ချသွားမည်ဟု ရုရှားက ပြောကြားလိုက်သည်။
    139206081922139561070273
    ခရိုင်းမီးယားအား လွတ်လပ်သော ဒေသအဖြစ်သတ်မှတ်ရန် တနင်္ဂနွေနေ့တွင် ပြည်သူ့ဆန္ဒခံယူမည်ဖြစ်ပြီး၊ ထိုပြည်သူ့ဆန္ဒခံယူပွဲအား တရားမ၀င်ဟု သတ်မှတ်မည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို အမေရိကန်က ကုလသို့ ယမန်နေ့တွင် ပေးပို့ခဲ့သည်။
    စာမျက်နှာ တစ်မျက်နှာရှိသည့် အဆိုပါမူကြမ်းတွင် ခရိုင်းမီးယား ပြည်သူ့ဆန္ဒခံယူမှုရလဒ်အား အသိအမှတ်မပြုရန် ကမ္ဘာ့နိုင်ငံများကို တိုက်ထွန်းထားသည်။ ကုလသမဂ္ဂ ဆိုင်ရာအမေရိန်ကန်သံအမတ် စမန်သာပါဝါကမူ အဆိုပါ မူကြမ်းမှာ အပြစ်မဲ့အသက်များ မဆုံးရှုံးခင် ရုရှား၏ ရပ်တည်ချက်ကို ပြောင်းပစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု လုံခြုံရေးကောင်စီ ၁၅ နိုင်ငံ အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။
    လုံခြုံရေးကောင်စီတွင် ဗီတိုသုံးနိုင်သည့် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံတွင် အပါအ၀င်ဖြစ်သော ရုရှားကမူ ထိုဆုံးဖြတ်ချက်အား ဆန့်ကျင်သည်ဟု ပြတ်ပြတ်သားသားပင် ပြောဆိုခဲ့သည်။ ထို့ကြောင့် ထိုမူကြမ်းအား မဲခွဲဆုံးဖြတ်ရန်မှာ စနေနေ့အထိ ပြုလုပ်နိုင်မည် မဟုတ်သေးဘဲ ညှိနှိုင်းမှုများကို ထပ်မံပြုလုပ်သွားရန်ရှိနေသည်။
    ယူကရိန်းနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်တစ်လျှောက်တွင် ရုရှားက စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်နေသည်ဟု ယမန်နေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုမှာ ယခုလအကုအထိ ပြုလုပ်သွားမည်ဟု သိရသည်။  သမ္မတ ပူတင်ကလည်း ယူကရိန်း၏ ပြည်တွင်းရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအား အပြစ်မတင်သင့်ဟု ပြောကြားခဲ့သည်။
    ဒေသအား ယူကရိန်းမှခွဲထွက်၍ ရုရှားပိုင်နက်အတွင်းသို့ဝင်ရောက်ရန် ခရိုင်းမီးယား ပါလီမန်က ဆုံးဖြတ်ခဲ့ပြီး ပြည်သူ့ဆန္ဒခံယူပွဲကို တနင်္ဂနွေနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး၊ ဒေသ၏ အခြေအနေ မတည်ငြိမ်သောကြောင့် ဒေသခံများမှာ ဘဏ်မှ ငွေများကို ထုတ်ယူနေကြသည်။
    Ref: Al Jazeera and agencies
  • ပရဟိတနှင့် လူမှုအကျိုးပြု စွမ်စွမ်းတမံ လုပ်ဆောင်သူ ကနေဒါ မွတ်စလင် ကျောင်းသူတစ်ဦးအား အစိုးရမှ ဂုဏ်ပြု
    မတ် ၁၄၊ ၂၀၁၄
    M-Media
    CanadaHonorsYoung-Muslim-Girl
    – ဒေသတွင်း ပရဟိတ လုပ်ငန်းများနှင့် ဘာသာ တရားများအကြား နားလည်မှု တည်ဆောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသည့် ကနေဒါ မွတ်စလင် အမျိုးသမီးငယ်တစ်ဦးကို ကနေဒါအစိုးရက ဂုဏ်ပြုခဲ့သည်ဟု သိရသည်။
    ကနေဒါ အရှေ့ပိုင်း  ၀ုဖ်ဗီလ်းမြို့ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် အဌမတန်းကျောင်းသူ Shakshuki မှာ ကျောင်းအတွင်း ယဉ်ကျေးမှုဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပြီး၊ ‘Free the Children’ ပရဟိတအဖွဲ့တွင်လည်း ပါဝင်ကာ အကူအညီပေးရေး လုပ်ငန်းများကိုလည်း တက်ကြွစွာလုပ်ဆောင်နေသည်။
    သူမစီစဉ်ခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်မှနေ၍ အစ္စလာမ် သာသနာ အပေါ် နားလည်မှု လွဲမှားနေမှုများအား ရှင်းလင်းဖြေရှင်းနိုင်ခဲ့သည်။ ဆဌမတန်းမှ စတင်၍ ထိုလှုပ်ရှားမှုများကို ဆောင်ရွက်လာသည့် သူမအား အလုပ်ကြိုးစားသောသူ တစ်ဦးနှင့် ခေါင်းဆောင် တစ်ဦးအဖြစ် ဆရာများက အမည်စာရင်း တင်သွင်းခဲ့ပြီးနောက် ၀ုဖ်ဗီလ်းမြို့ မြို့တော်ဝန်က Respectful Citizenship Award ဆု ပေးအပ်ခဲ့သည်။
    “သူမဟာ အရွယ်နဲ့မလိုက်အောင် ကြင်နာတယ်၊ တက်ကြွတယ်၊ ပြီးတော့ သူမရဲ့ဘ၀ကိုလည်း ရှင်သန်အောင် မွေးမြူပါတယ် ” ဟု ရှက်ရှူကီ၏ ဆရာဖြစ်သူ အန်ဂီရက်ရှ်တန်က ပြောကြားခဲ့သည်။
    ချို့တဲ့သူများအား အကူအညီပေးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် အတွက် Shakshuki မှာ လက်မှုပညာသင်တန်းနှင့် မုန့်ဖုတ်သင်းတန်း တစ်ခုကိုလည်း သူမ၏ သူငယ်ချင်း ၂ ယောက်နှင့်အတူ တက်ရောက်နေသည်။
    အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးနောက် ကနေဒါတွင် ယုံကြည်ကိုးကွယ်မှုအများဆုံး ဘာသာတရားတစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ ၃၂.၈ သန်း၏ ၁.၉ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
    Ref: OnIslam & Newspapers
  • ရထားပေါ်တွင် ၀တ်လစ်စလစ်ဖြင့် လိုက်ပါသူအား စင်ကာပူ ရဲတပ်ဖွဲ့ဖမ်းဆီး
    မတ် ၁၄၊ ၂၀၁၄
    M-Media
    – စင်ကာပူရှိ ရထားတစ်စင်းပေါ်တွင် အ၀တ်အစားများချွတ်လျက် စီးနင်းလိုက်ပါသူ တစ်ဦးအား ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    Police_arrest_man_who_stripped_naked_on_MRT_train_-_Channel_NewsAsia_
    ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၀တ်လစ်စလစ်ဖြင့် ရထားပေါ်တွင် အိပ်၍ လိုက်ပါလာသော အဆိုပါခရီးသည်၏ ပုံမှာ အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ စင်ကာပူ SMRT ရထားလိုင်းမှ တာဝန်ရှိသူကလည်း ထိုဖြစ်ရပ်မှာ မှန်ကန်ကြောင်း ပြောကြားခဲ့ပြီး ရဲ တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။
    ထိုအဖြစ်အပျက်အား တွေ့ရှိပြီးနောက် အခြားခရီးသည်များက ညနေ ၆ နာရီ ၅၄ မိနစ်ခန့် တွင် အရေးပေါ် ခလုပ်အား နှိပ်ခဲ့ပြီး ဌာနသို့ သတင်း ပို့ခဲ့ကြောင်း၊  ၂ မိနစ်ခန့်အကြာ Khatib ဘူတာသို့ ရထားဆိုက်ရောက်ချိန်တွင် ၀န်ထမ်းများက ၎င်းအား သွားရောက် ခေါ်ဆောင်သွားခဲ့သည်ဟု SMRT ဌာနမှ ထပ်လောင်း ပြောကြားခဲ့သည်။
    ထို့နောက် အသက် ၃၂ နှစ်အရွယ်ရှိ အဆိုပါ ခရီးသည်အား ရဲလက်သို့ လွှဲအပ်ခဲ့ပြီး မဖွယ်ရာသောလုပ်ရပ်ကျူးလွန်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။
    CNA/de
  • သမိုင်းသစ်ရေးဖို့ အိပ်မက်ပျယ်တဲ့ မန်စီးတီး၊ ပြင်သစ်မြေမှာ PSG ကို ဒူးထောက်ခဲ့ရတဲ့ လေဗာဆင်တို့ရဲ့ ချန်ပီယံလိဂ်ည
    မတ် ၁၃၊ ၂၀၁၄
    M-Media
    _73546608_mancity_getty
    – ယနေ့နံနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ အသင်းအဆင့် ဒုတိယအကျော့ ၂ ပွဲမှာတော့ ဘာစီလိုနာအသင်းက မန်စီးတီးအသင်းကို အနိုင်ရခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း နောက်တစ်ဆင့်ကို အခက်အခဲမရှိ တက်ရောက် သွားနိုင်ခဲ့ပါတယ်။
    ပထမအကျော့ အီတီဟတ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့အတွက် ဒီပွဲမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရဖို့လိုအပ်နေတဲ့ မန်စီးတီးတို့ လူစုံထုတ်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ ရရှိခဲ့ခြင်းမရှိပါဘူး။ လာလီဂါမှာ နောက်ပိုင်းပွဲစဉ်တွေ ရလဒ် မကောင်းတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မာတီနိုကတော့ ဒီပွဲမှာ အကောင်းဆုံးပြင်ဆင်ခဲ့ပြီး တကယ်ကစားတဲ့အခါမှာလည်း မန်စီးတီးကို အသာရခဲ့ပါတယ်။
    ပထမပိုင်းမှာ မန်စီးတီးတို့ ဂိုးသွင်းခွင့်ပိုရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။  နှစ်ဘက်စလုံးက နောက်တန်း ကစားသမားတွေ ဧရိယာအတွင်းမှာ ပြစ်ဒဏ်ဘော တစ်ကြိမ်စီကျူးလွန်ခဲ့ကြပေမယ့် ဒိုင်လူကြီးကတော့ ပင်နယ်တီအဖြစ် သတ်မှတ်ပေးခြင်း မရှိခဲ့ပါဘူး။ ဘာစီလိုနာကတော့ သူတို့ရဲ့ ပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုကိုအသားပေးကစားခဲ့ပြိး ၆၇ မိနစ်မှာ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဟာနန်ဒက်ဇ်၊ ဖာဘရီဂတ်စ်တို့ရဲ့ တွဲလုံးကနေထွက်လာ ဘောလုံးကို အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီက ဧရိယာအတွင်းမှာ ထုံးစံအတိုင်း အသာအယာ အဆုံးသတ်ပေးခဲ့တာပါ။ ဒီဂိုးဟာ သူရဲ့ ချန်ပီယံလိဂ် ၈ ဂိုးမြောက်လည်းဖြစ်ပါတယ်။
    ဦးဆောင်ဂိုးပေးလိုက်ရပြီးတဲ့နောက် မန်စီးတီးတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ၇၇ မိနစ်မှာ နောက်ခံလူ ဇာဘလက်တာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကလည်း မန်စီးတီးတို့အတွက်ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ၈၈ မိနစ်မှာ မီလ်နာရဲ့ ထောင့်ကန်ဘောကတစ်ဆင့် ဇက်ကိုအပိတ်က ပြန်လျှံလာတဲ့ဘောလုံးကို နောက်ခံလူ ကွန်ပနီ ချေပဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ အင်နီယေစတာရဲ့ ဧရိယာအတွင်းက မွှေနှောက် ဖန်တီးမှုကနေ အဲလ်ဗက်စ်က အိမ်ရှင်တို့အတွက် အနိုင်ဂိုးသွင်းပေးခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၁ ဂိုးနဲ့ ဘာစီလိုနာကို ကွာတားဖိုင်နယ် ရောက်ရှိစေခဲ့ပါတယ်။ မန်စီးတီးတို့ကတော့ ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်ရေး သမိုင်းဝင်အိပ်မက် ပျက်ပြယ်ခဲ့ရပါပြီ။
    ပြင်သစ်မြေက ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ လေဗာကူဆင်တို့ရဲ့ ပွဲမှာတော့ အိမ်ရှင်တို့ အခက်အခဲမရှိခဲ့ဘဲ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပထမအကျော့ အိမ်ကွင်းမှာ ၄ ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ လေဗာကူဆင်တို့ ပွဲအစ ၆ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကစားပုံးကတော့ စွဲမက်ဖွယ်မဖြစ်ခဲ့ပါဘူး အချိန်ကြာလာတာနဲ့အမျှ အိမ်ရှင် ပီအက်စ်ဂျီတို့ကသာ ပွဲကိုစိုးမိုးထားပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလကနေစပြီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲအားလုံးမှာ ၁ ပွဲသာ ရှုံးပွဲရှိထားပါတယ်။ လေဗာကူဆင် တို့ကတော့ နောက်ပိုင်းပွဲချိန်တွေမှာ ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် ဂိုးတော့ ထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ပီအက်စ်ဂျီအသင်းအတွက် ဂိုးတွေကိုတော့ ၁၃ မိနစ်နဲ့ ၅၃ မိနစ်တို့မှာ မာကွင်ဟိုနဲ့ လာဗက်ဇ်ဇီတို့က သွင်းယူပေးခဲ့တာပါ။
    ယနေ့နံနက် ချန်ပီယံလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဘာစီလိုနာ ၂-၁ မန်စီးတီး (နှစ်ကျော့ပေါင်း ၄-၁ ဖြင့် ဘာစီလိုနာနောက်တစ်ဆင့်တက်)
    ပီအက်စ်ဂျီ ၂-၁ လေဗာကူဆင် (နှစ်ကျော့ပေါင်း ၆-၁ ဖြင့် ပီအက်စ်ဂျီ နောက်တစ်ဆင့်တက်)