News @ M-Media

Author: M-Media

  • ထိုင်းတွင် သပိတ် စခန်းများ ရှင်းလင်းရာ ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ ရဲအရာရှိတစ်ဦး ပစ်သတ်ခံရ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
    M-Media
    140218135159-thai-protests-police-story-top
    – ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၏ အဓိကနေရာများကို သိမ်းပိုက်ထားသော အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ၏ စခန်းများကို စတင် ရှင်းလင်းခဲ့ပြီးနောက် ရဲများနှင့် ဆန္ဒပြသူများ အကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ရဲအရာရှိ တစ်ဦး သေဆုံးခဲ့ကာ လူအများအပြား ဒဏ်ရာရခဲ့သည်ဟု သိရသည်။

    ယနေ့နံနက်ပိုင်း အစိုးရ အိမ်တော်နားရှိ စခန်းများအား ဘူဒိုဇာများဖြင့် ရှင်းလင်းရာတွင် ဆန္ဒပြသူများက ပြန်လည် ခုခံခဲ့သောကြောင့် မျက်ရည်ယိုဗုံးများပါ အသုံးပြုခဲ့ရပြီး၊ “ဘန်ကောက်ငြိမ်းချမ်းရေး” ဟု အမည်တပ်ထားသည့် အဆိုပါ စစ်ဆင်ရေး အတွက် အဓိကရုန်းနှိမ်နင်းရေး တပ်ဖွဲ့ အပါအ၀င် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာတို့အား မြို့တော်တစ်ဝှမ်းတွင် တပ်ဖြန့်ချထားသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    “ရဲအရာရှိ တစ်ယောက်သေဆုံးပြီး အခြား ၁၄ ဦးဒဏ်ရာရပါတယ်။ ခေါင်းကို အပစ်ခံရတဲ့ အဲဒီ ရဲအရာရှိဟာ ဆေးရုံပို့နေစဉ် အတွင်းမှာပဲ သေဆုံးခဲ့တာပါ” ဟု ရဲချုပ် Adul Saengsingkaew က ပြောကြားခဲ့သည်။

    သို့သော်လည်း ဒဏ်ရာရသူများမှာ အနည်းဆုံး ၄၂ ဦးရှိပြီး ရဲ သို့မဟုတ် ဆန္ဒပြသူ မည်သူမည်ဝါဖြစ်သည်ကို ခွဲခြား၍ မရသေးဟု Erawan အရေးပေါ် ဌာန၏ ပြောကြားချက်ကိုကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။

    ဆန္ဒပြသူများမှာ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်းလပ် ရုံးမတက်နိုင်ရန်အတွက် ဘန်ကောက်မြို့လယ်ရှိ အစိုးရ အိမ်တော်တစ်ဝိုက်ကို ၀ိုင်းထားပြီး၊ ၀န်ကြီးချုပ်နှုတ်ထွက်ရန်နှင့် ပြည်သူ့ကောင်စီဖွဲ့စည်းကာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် တောင်းဆိုနေခြင်းဖြစ်သည်။

    ယမန်နှစ် နှစ်ကုန်ပိုင်း ကတည်းက ပြုလုပ်နေခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က ခုခံခဲ့ခြင်းမရှိခဲ့ပေ။ သို့သော်လည်း မိမိတို့ အနေဖြင့် ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် နေရာ ၅ ခုအား ပြန်လည် သိမ်းပိုက်မည်ဟု လုံခြုံရေး အထူးညွှန်ကြားမှု စင်တာက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ဆန္ဒပြခေါင်းဆောင် Rawee Matchamadon ကမူ ရဲတပ်ဖွဲ့ဝင်များမှာ ဘန်ကောက်မြောက်ပိုင်း စွမ်းအင် ၀န်ကြီးဌာနရုံးရှိ ဆန္ဒပြသူများအား ၀န်းရံကာ လူ ၁၀၀ ခန့်ကို ထရပ်ကားများနှင့် တင်ဆောင်၍ စစ်မေးရန် အတွက် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: aljazeera

  • မြောက်ကိုရီးယား ခေါင်းဆောင်များ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှု ကျူးလွန်သည့်ဟု ကုလပြော

    ဖေဖော်ဝါရိ ၁၈၊ ၂၀၁၄
    M-Media

    မြောက်ကိုရီးယား ခေါင်းဆောင်များ လူသားမျိုးနွယ်ပေါ် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် အထောက်အထားများ ပါဝင်သော အစီရင်ခံစာတစ်ခု ကုလထုတ်ပြန်

    cmc_aug13
    – ပြည်သူများအား သတ်ဖြတ်ခြင်း၊ ငတ်မွတ်အောင်ပြုလုပ်ခြင်းနှင့်  ကျွန်ပြုခြင်းစသည့် ရာဇ၀တ်မှုများအား မြောက်ကိုရီးယား ခေါင်းဆောင်များက ကျူးလွန်ခဲ့ကြပြီး၊ ၎င်းတို့အား နိုင်ငံတကာ ခုံရုံးရှေ့မှောက်သို့ ခေါ်ယူရမည်ဟု ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်မှ ပြောကြားလိုက်သည်။

    မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်မှ ၎င်းတို့၏ တွေ့ရှိချက်များကို ဖော်ပြထားသော အစီရင်ခံစာအား ယမန်နေ့က တရားဝင်ထုတ်ပြန်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအား ထိန်းသိမ်းထားသည့် ကမ့်အတွင်း နှိပ်စက်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် လူသတ်မှုများကို ကျူးလွန်ခဲ့ကြောင်း အထောက်အထားများလည်း ပါဝင်ခဲ့သည်။

    ထိုအစီရင်ခံစာနှင့် ပက်သက်၍  အဆိုပါကော်မရှင်၏ ဥက္ကဌဖြစ်သူ မီခေးလ်ကီရ်ဘီက ရှင်းပြခဲ့ခြင်းဖြစ်ပြီး ထိုရာဇ၀တ်မှုများအား စီမံခန့်ခွဲခဲ့သည့် အထောက်အထားများနှင့် ပက်သက်၍ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အပါအ၀င် နိုင်ငံ၏ ခေါင်းဆောင်များမှဖြေရှင်းသင့်သည်ဟု ပြောကြားခဲ့သည်။

    “ကော်မရှင်က အဆုံးအထိဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိ အာဏာရှိနေတဲ့သူတွေမှာ တာဝန်ရှိနေတဲ့ အထောက်ထားတွေ အများကြီးရှိပါတယ်။ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေဟာ ခေါင်းဆောင်ကြီးဆီမှာ အဆုံးသတ်သွားတာပါ” ဟု ကီရ်ဘီက ပြောကြားခဲ့သည်။

    သို့သော်လည်း ကော်မရှင်မှာ ခုံအဖွဲ့မဟုတ်သကဲ့သို့၊ တရားသူကြီးလည်းမဟုတ်ဘဲ တရားစွဲဆိုမှုများအတွက် နိုင်ငံတကာခုံရုံးကသာ ဆုံးဖြတ်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်း ကျူးလွန်ဖွယ်ရှိသာ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုခြင်းအတွက် အမှုတည်ဆောက်မှုကို ပြုလုပ်ရန် စုံစမ်းရေးကော်မရှင်အား ပြီးခဲ့သည့်နှစ် မတ်လက စတင်ဖွဲ့စည်းခဲ့ပြီး ကြားနာမှု ၈၀ ကျော်ပြုလုပ်ခဲ့ကာ၊  နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International မှ ရရှိသော အထောက်အထားများကိုလည်း အသုံးပြုခဲ့သည်။

    ထိုအဖွဲ့၏ အစီရင်ခံစာကို လာမည့်လတွင်ပြုလုပ်မည့် ကုလ၏ လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းမည်ဖြစ်သည်
    Ref: aljazeera

  • ထိပ်ဆုံး ၃ သင်းစလုံး ဂိုးမြူးခဲ့ပြီး အောက်ဆုံး ၃ သင်း အမှတ်မရခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂၄

    ဖေဖော်ဝါရိ ၁၈၊ ၂၀၁၄
    M-Media

    369788_heroa
    – ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ လာလီဂါရဲ့ ဒီတစ်ပါတ် ပွဲစဉ်တွေမှာတော့ ထိပ်ဆုံး ၃ သင်းစလုံး ဂိုးမြူးခဲ့ပါတယ်။ ဥရောပ ၀င်ခွင့်မှန်းနေတဲ့ ဘီဘာအိုနဲ့ ဗီလာရီးယဲလ်တို့ကတော့ အိမ်ကွင်းမှာ ပြိုင်ဘက်တွေရဲ့ အလဲထိုးခြင်းကို ခံခဲ့ရပါတယ်။

    ထိပ်ဆုံးက ဘာကာက အိမ်ကွင်းမှာ တန်းဆင်းဇုန်က ဘယ်လက်ကာနိုကို မက်ဆီ၊ နေးမာ၊ ဆန်းချက်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၆ ဂိုးပြတ်ခဲ့ပါတယ်။ ရီးယဲလ်ကလည်း အဆင့် ၁၃ က ဂီတာဖေးကို တစ်ပွဲလုံး အသာစီးကစားသွားပြီး ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ ဒီပွဲအရှုံးဟာ ဂီတာဖေးအတွက် လာလီဂါ ၉ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

    ဒီနှစ်မှာ အထူးခြေစွမ်းပြပြီး ချန်ပီယံဘွဲ့အတွက် စိန်ခေါ်လာနိုင်ခဲ့တဲ့ အက်သလက်တီကိုကတော့ ဗယ်လာဒိုလစ်ကို အမှားအယွင်းမရှိ အနိုင်ရခဲ့ပါတယ်။ စပိန်ဘုရင်ဖလားက ထွက်ခဲ့ရတဲ့ အက်သလက်တီကိုတို့ နောက်ပိုင်းပွဲတွေမှာ လာလီဂါဘက်ကို အပြည့်အ၀ အာရုံစိုက်လာမှာဖြစ်တဲ့အတွက် ဘာစီလိုနာနဲ့ ရီးယဲလ်တို့ အတိမ်းအစောင်းဖြစ်လို့ မရတော့ပါဘူး။

    ဗလင်စီယာနဲ့ ဆီးဗီးလားတို့ပွဲမှာတော့ နောက်ဆုံးသုံးပွဲဆက် ရှုံးထားတဲ့ ဆီးဗီးလား သရေတစ်မှတ်ယူနိုင်ခဲ့ပါတယ်။ ဂိုးမရှိသရေကျခဲ့တဲ့ အဲဒီပွဲမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

    အဆင့် ၄ က ဘီဘာအိုကလည်း အိမ်ကွင်းမှာ အက်စပန်ညိုကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အက်စပန်ညိုက ဂါစီယာရဲ့ ပွဲအစ ၆ မိနစ် ဦးဆောင်ဂိုးကို ဘီဘာအိုတို့ ဒုတိယပိုင်း ၅၆ မိနစ်မှာ ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ၆၅ မိနစ် ကော်လော့တိုရဲ့ သွင်းဂိုးကြောင့် အိမ်ကွင်းမှာ အမှတ်ဗလာဖြစ်ခဲ့ရတာဖြစ်ပြီး၊ ဒီပွဲမှာ အက်စပန်ညိုရဲ့ ခံစစ်ကစားပုံကို ချီးကျူးရမှာပါ။ အဆင့် ၅ က ဗီလာရီးယဲလ်ကတော့ ဆဲလ်တာဗီဂိုကို နောက်ကျဂိုး ၂ ဂိုးနဲ့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။

    နောက်ဆုံးသုံးပွဲဆက်ရှုံးထားတဲ့ အဆင့် ၁၇ က ဂရန်နာဒါက အိမ်ကွင်းမှာ ဇယားအောက်ခြေက ဘက်တစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ အဖိုးတန် အနိုင်ဂိုးကိုတော့ ၃၁ မိနစ်မှာ ပီတီက သွင်းပေးခဲ့တာပါ။

    အမှတ်ပေးဇယားမှာတော့ အပြောင်းအလဲသိပ်မရှိခဲ့ဘဲ ဘာစီလိုနာက ရမှတ် ၆၀ ရရှိထားပြီး ရီးယဲလ်၊ အက်သလက်တီကိုတို့နဲ့ အမှတ်တူ ဂိုးကွားခြားချက်ကြောင့် ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

    လာလီဂါ ပွဲစဉ် ၂၄ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အယ်လ်ချီ ၀-၀ အိုဆာဆူနာ
    အက်သလက်တီကို ၃-၀ ဗယ်လာဒိုလစ်
    လီဗန်တေး ၁-၀ အလ်မာရီယာ
    ဘာစီလိုနာ ၆-၀ ဗယ်လက်ကာနို
    ဗီလာရီးယဲလ် ၀-၂ ဆယ်လ်တာဗီဂို
    ဂရန်နာဒါ ၁-၀ ဘက်တစ်
    ဂီတာဖေး ၀-၃ ရီးယဲလ်မက်ဒရစ်
    ဘီဘာအို ၁-၂ အက်စပန်ညို
    ဆီးဗီးလား ၀-၀ ဗလင်စီယာ
    မာလာဂါ ၀-၁ ရီးယဲလ်ဆိုစီဒက်

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Flappy Bird ရဲ့ အောင်မြင်မှု

    ဗီယက်နမ်နိုင်ငံကရေးသားသော   ပြီးခဲ့တဲ့လက ထူးထူးခြားခြား လက်ကိုင်ဖုန်း ဂိမ်းလောကမှာ ထိပ်ဆုံးကိုရောက်လာပြီး ရေးသားဖေါ်ပြကြတဲ့ Flappy Bird ကို ရေးသားသူ  Dong Nguyen ဟာ သတင်း မီဒီယာတွေရဲ့ အာရုံစိုက်မှုတွေ များလွန်းတာကြောင့်  ဖေဖေါ်ဝါရီ ၉ ရက်မှာတော့ App Store ကရော Google Playကရော ဂိမ်းကို ပြန်ပြီးဖြုတ်သွားပါတယ်။ Flappy Bird ဟာ အခမဲ့ ဖြစ်ပြီး ကြော်ငြာကနေ ဝင်ငွေရတဲ့ နည်းကိုသုံးထားတာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၀ ရက်မှာ ထိပ်ဆုံးဂိမ်း ၁၀ စာရင်းကို ရောက်ရှိခဲ့ပြီး တစ်ရက် ဒေါ်လာ ငါးသောင်း ဝင်ငွေ ရရှိလာပါတယ်။ ဖေဖေါ်ဝါရီ ၈ရက်မှာတော့ Dong Nguyenက နောက် ၂၂ နာရီအကြာမှာ ဂိမ်းကို App Storeကရော Google Playကရော ဂိမ်းကို ပြန်ပြီးဖြုတ်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။ Flappy Birdကို ကမ္ဘာတစ်လွှားက သန်း၅၀ကျော် ဒေါင်းလုတ်ချခဲ့ကြတယ်လို့ သိရပါတယ်။

     3

    ————————–————————–——-
    Ivanpah နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား

    ဂူးဂဲလ် ကုမ္ပဏီဟာ စွမ်းအင် ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ NRG Energy Inc.နဲ့ BrightSource Energy တို့နဲ့ ပူးပေါင်းပြီး ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် အပူစွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ငန်းကို ၁၅ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဒေါ်လာ သန်း၂၂၀၀ရင်းနှီး မြှုပ်နှံတည်ဆောက်ခဲ့တဲ့ ဒီဓါတ်အား စက်ရုံဟာ မှန်ချပ်များစွာကနေ အလင်းပြန်တဲ့ အလင်းကို ဘွိုင်လာရှိရာ အမြဲ ဦးတည်နေအောင် ကွန်ပြူတာနဲ့ ထိန်းချုပ်ပေးထားပါတယ်။ ဧရီယာစတုရန်းမိုင် ၅မိုင် ကျယ်ဝန်းတဲ့ မြေမှာ မှန်ချပ်ဘွိုင်လာ အဖွဲ့အစည်း သုံးခု တည်ဆောက်ထားပြီး မှန်ချပ်ပေါင်း သုံးသိန်းခွဲကျော် ပါဝင်ပါတယ်။ ဒီIvanpah နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး လုပ်ငန်းကို  Mojave ကန္တာရအတွင်း တည်နေရာ 35.5526438,-115.4725079 မှာရှိပြီး လျှပ်စစ် 400 megawatts ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    2

    ————————–————————–——-
    ခြကောင်စက်ရုပ်လေးများ

    အမေရိကန် တက္ကသိုလ်သုံးခုဖြစ်တဲ့University of Cambridge.၊ Wyss Institute နဲ့ Harvard School of Engineering တို့က သုတေသီတွေဟာ ခြကောင်လေးတွေရဲ့ အပြုအမူကို အတုယူထားတဲ့ စက်ရုပ်ငယ်လေးတွေကို ပြသခဲ့ပါတယ်။ ဒီစက်ရုပ်ငယ်လေးတွေကို အိမ်ငယ်လေးတစ်ခုကို လေးထောင့်တုံးလေးတွေဆင့်ပြီး တည်ဆောက်ခိုင်းတဲ့ အခါမှာ ဗဟိုထိန်းချု ညွှန်ကြားချက်လည်းမပါ စီစဉ်တကျ စက်ရုပ်များကြား ဆက်သွယ်ခြင်းလည်းမရှိပဲ သတ်မှတ်ထားတဲ့ လုပ်ငန်းများပြီးစီးအောင် စက်ရုပ်တစ်ခုချင်းက လိုအပ်သလို လွတ်လပ်စွာ လုပ်ဆောင်သွားတာ ဖြစ်တဲ့အတွက် အဖွဲ့ထဲက စက်ရုပ်တစ်ခုက သူ့တာဝန်ကို မလုပ်ဆောင်လိုက်နိုင်လို့ ကျန်လုပ်ငန်းစဉ်အားလုံး ရပ်တန့်သွားတယ်ဆိုတာမျိုးမရှိပဲ အားလုံးက လိုအပ်ချက်အရသာ လုပ်ဆောင်သွားတာ ဖြစ်ကြောင်း ဒီနည်းပညာကို စတင်ခဲ့တဲ့ Justin Werfel ကရှင်းပြခဲ့ပါတယ်။

    4 copy

    ————————–————————–——-
    sony ရဲ့ ပုလင်းသွင်းရောင်းချသော MP3 player

    New Zealandနိုင်ငံမှာ ဆိုနီကုမ္ပဏီဟာ ရေစိမ်ခံတဲ့ MP3 player တစ်မျိုးဖြစ်တဲ့ NWZ-W270 MP3 player ကို လူအများစိတ်ဝင်တစား ဖြစ်အောင် ကြော်ငြာတဲ့ အ​နေနဲ့ ရေဖြည့်ထားတဲ့ပုလင်းထဲမှာ ထည့်ပြီး ကိုလာအချိုရည်များ ကဲ့သို့ အရောင်းစက်ကနေ ​ရောင်းချခဲ့ပါတယ်။

    1

    ————————–————————–——-

    တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ် ပြန်လည်နိုးထ

    ဖေဖေါဝါရီ ၁၂ ရက်နေဟာ လရဲ့ နေ့ဘက်ကာလ သုံးရက်မြောက်နေ့ဖြစ်ပြီး တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ် Yutu ပြန်လည်နိုးထလာပြီဟု သိရသည်။

    တရုတ်ရဲ့ လသွားယာဉ်ငယ် ချွတ်ယွင်းမှု ဖြစ် ခဲ့တဲ့ သတင်းကို http://www.m-mediagroup.com/news/23514 မှာ ဖတ်ရှုနိုင်ပါတယ်။

    #MMediaTech #science #technology #tech

    ————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • မြန်မာနှင့် ကမ္ဗောဒီးယား၌ အမျိုးသမီးများ ဘ၀မြင့်မားရေး ဂျပန်နှင့် အမေရိကန် ကူမည်

    ဖေဖော်ဝါရီ – ၁၈ ၊ ၂၀၁၄
    M-Media

    EmpoweringWomen

    ကျိုဒို။    ။ မြန်မာနှင့်ကမ္ဗောဒီးယား အပါအ၀င် အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၌လည်းကောင်း၊ အာဖရိက၌လည်းကောင်း အမျိုးသမီးများ ဘ၀မြင့်မားရေး ဖက်စပ်စီမံချက်တစ်ရပ်ကို စတင်ဆောင်ရွက်သွားမည်ဟု ဂျပန်နှင့် အမေရိကန်အစိုးရများက လွန်ခဲ့သော စနေနေ့တွင် ဆိုလိုက်သည်။

    လူ့အဖွဲ့အစည်းရှိအမျိုးသမီးတို့အတွက် အခွင့်အလမ်းများတိုးတက်လာရေးကို ရည်မျှော်သည့် အစီအမံများတိုးမြှင့်ဆောင်ရွက်ရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် သမ္မတ ဘားရက်အိုဘားမားမှ ကတိပြုပြောကြားထားသည်နှင့် အညီ အစိုးရနှစ်ခုလုံးက ယင်းစီမံချက်များကို ဆောင်ရွက်သွားကြမည်။

    အမျိုးသမီးများ၏အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ရေး အပါအ၀င် ယင်းဦးတည်စီမံချက်နှင့်စပ်လျဉ်း၍ ဂျပန်နှင့်အမေရိကန်မှ အလုပ်အကိုင် စီမံရေးအရာရှိများသည် ယခုလနှောင်းပိုင်းတွင် တတ်နိုင်သမျှ အသေးစိပ်အချက် အလက်များ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယခုနှစ်နှောင်းပိုင်းကို နောက်ဆုံးထား အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အာဏာပိုင်များ ထံမှ သိရသည်။

    များစွာသောအစီအမံများအနက် အမျိုးသမီးများအတွက် အလုပ်အကိုင်ဆိုင်ရာ အရည်အသွေးမြင့် သင်တန်းများ ကျယ်ပြန့်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်မှု၌ကူညီရေး၊ ဆေးဝါးလုပ်ငန်းများတွင် အမျိုးသမီးတို့ ပိုမိုပါဝင်နိုင်ရေး၊ မိန်းကလေးငယ်များ ပိုမိုကျောင်းတက်နိုင်ရေးတို့ကို နှစ်ဖက်စလုံးမှ စဉ်းစားနေပြီဖြစ်သည်။ ကမ္ဘာ့အမျိုးသမီးရေးရာ အမေရိကန်သံအမတ် ကက်သရင်း ရပ်ဆဲလ် Catherine Russell က ယင်းနယ်ပယ်တွင် ဂျပန်နှင့် အနီးကပ်လက်တွဲဆောင်ရွက်လိုခြင်းနှင့်ပတ်သက်၍ “ နေရာများစွာမှာ အကောင်းဆုံး တွဲဖက်တစ်ဦးလိုမျိုး ဂျပန်ကို တွေ့ရမယ်လို့ ကျွန်မ ထင်မြင်ပါတယ် ” ဟု ကျိုတိုသတင်းဌာနသို့ ပြောကြားခဲ့သည်။

    စက်တင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အာဘေးမှ မိန့်ခွန်းပြောကြားရာတွင် အမျိုးသမီးများ ဘ၀မြှင့်တင်ရေး သုံးနှစ်တာကာလအတွက် ဒေါ်လာ ၃ ဘီလီယံထောက်ပံ့မှု အစီအစဉ်ရှိကြောင်း အခိုင်အမာဆိုခဲ့သည်။

    အိုဘားမားအစိုးရသည် အမျိုးသမီးများ ဘ၀မြှင့်တင်ရေးကို မဲခေါင်မြစ်ဝှမ်းဒေသများ တစ်လျှောက်၌ အဓိကထားဆောင်ရွက် လိုပြီး မြန်မာနှင့် ကမ္ဗောဒီးယား၌ တိုကျိုနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရှိသည်ဟု အာဏာပိုင်များက ပြောကြားသည်။

    “ အမျိုးသမီးတွေ ကောင်းစားရင် သူတို့မိသားစုတွေ ကောင်းစားလာမယ်။ မိသားစုတွေ ကောင်းစားရင် သူတို့ လူ့အသိုင်းအ၀ိုင်းကလည်း ကောင်းစားလာမယ် ဆိုတာကို ဖော်ပြနိုင်တဲ့ အချက်အလက် အများအပြား ရှိနေပါတယ်။ အသေးစားချေးငွေဖြစ်ဖြစ် သင်တန်းဖြစ်ဖြစ် သူတို့ကို အခွင့်အလမ်းတွေဖော်ဆောင်ပေးပါမယ်။ ဒါမှသာလျှင် သူတို့ဟာ လုပ်ငန်းစတင်ဖို့ အခွင့်အရေး ရရှိကြမှာဖြစ်ပါတယ် ” ဟု ကမ္ဘာ့အမျိုးသမီးရေးရာဌာနဦးစီးအရာရှိ ရပ်ဆဲလ် က ဆိုပါသည်။

    ၎င်းအပြင် မဲခေါင်ဒေသရှိ လူအများအပြားသည် ဂျပန်ကို ဦးဆောင်သူအဖြစ် သတ်မှတ်ထားကြောင်း၊ ထိုအချက်ကြောင့် ဂျပန်သည် ထိုဒေသများတွင် ဦးဆောင်မှု အခန်းကဏ္ဍပေးနိုင်ရန် ထင်ရှားကြောင်း ဖြည့်စွက်ပြော ဆိုသည်။

    ယခင်အပတ် တနင်္လာနေ့က ယိုကိုဟားမားတွင် အမျိုးသမီးများ ဘ၀မြင့်မားရေးဆိုင်ရာ ကျွမ်းကျင်သူများ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို အာဖရိကအမျိုးသမီးလုပ်ငန်းရှင်များကိုဖိတ်ကြား၍ ဂျပန်နှင့်အမေရိကန် အာဏာပိုင်များမှ ပြုလုပ်ကျင်းပခဲ့ပြီး အသေးစိပ် အစီအမံများ စီစဉ်ခဲ့ကြောင်း သိရသည်။ အလားတူခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာကွန်ဖရင့်တစ်ရပ်ကိုလည်း ပါပူးဝါးနယူးဂီနီ၌ မတ်လအတွင်း ၎င်းတို့မှ ဦးဆောင်သွားမည်ဖြစ်သည်။