News @ M-Media

Author: M-Media

  • သမိုင်းကို သိရုံနှင့်တင်မပြီးသေး သင်ခန်းစာတွေပါ ယူရမည်ဟု ပါမောက္ခ ဒေါက်တာစိုးနိုင်ပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
    M-Media
    လင်းလင်း
    ???????????????????????????????
    ရန်ကုန် ။     ။ သမိုင်းကိုသိရုံနှင့်တင်မပြီးသင်ခန်းစာယူရမယ့် အရာတွေဖြစ်တယ်လို့ ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ ကျင်းပပြုလုပ်သော  စာပေဟောပြောပွဲ အခမ်းအနားတွင် မြန်မာစာ ပါမောက္ခ ဒေါက်တာစိုးနိုင်က ပြောကြားခဲ့သည်။

    “စာပေဟောပြောပွဲဆိုတာ ပညာကို မျှဝေပေးတဲ့နေရာတစ်ခုဖြစ်တယ်။ အခုချိန်မှာ ပညာကို ရှာဖွေရတော့မယ်၊ နောက်ကျနေလို့ မရတော့ဘူး။ မ,အရအောင်လည်း သမိုင်းကို သိထားဖို့လိုအပ်နေပါပြီ။ ပညာညံ့နေဖို့ အခြေအနေက ခွင့်မပြုတော့ဘူး။ တမန်တော်မြတ်ကြီးက ပုခက်တွင်းကနေစပြီး သချိုင်းထိ ပညာကို သင်ကြားရမယ်လို့ မိန့်ကြားခဲ့တယ်။ ပညာဆိုတာ ဆုံးခန်းတိုင်တယ် မရှိပါဘူး။ ပညာတတ်မှ အရာရာကို နားလည်နိုင်မှာ ဖြစ်တယ်”ဟုပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး လူငယ်များ အနေနှင့် မြန်မာ့သမိုင်းနှင့် အစ္စလာမ် သမိုင်းကို လေ့လာသိရှိထားရန် လိုအပ်ကြောင်း၊ အမျိုးဘာသာကို ရှေ့တန်းမတင်ဘဲ တစ်ဘာနှင့် တစ်ဘာသာ ချစ်ခင် ရင်းနှီးမှုများရှိရန် လိုအပ်ကြောင်း၊ အစ္စလာမ် ဆန်ဆန်နေသင့်ကြောင်း၊ ဘိုးဘေးဘီဘင်များသည် မြန်မာ လူမျိုးများဖြစ်သည့် အတွက်လည်း မြန်မာ ဆန်ဆန်လည်းနေထိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း ရန်ကုန်တက္ကသိုလ်) မှ မြန်မာမွတ်စလင် လူငယ်များသို့ ခေါင်းစဉ်ဖြင့် “လူငယ်များတွင် ရှိသင့် ရှိထိုက်ရမည့် အရည်အချင်းများကို ဟောပြေခဲ့ပါသည်။ အခုချိန်မှာ လူကြီးတွေက လူငယ်တွေရဲ့အရေးကို စဉ်းစားပေးဖို့ အထူး လိုအပ်နေပါပြီ။ ပျိုရွယ်ခြင်းရဲ့တန်ဖိုးကို မအိုခင်မှာသိ ဟု တမန်တော်မြတ်ကြီးက မိန့်ကြားခဲ့တယ်။ လူငယ်တွေဟာ ငယ်ရွယ်စဉ်မှာ လုပ်နိုင်တာတွေ ပညာတွေကို ရှာဖွေနေရမယ်။ မြန်မာ မွတ်စလင် လူငယ်တွေ အရည်အချင်း ရှိဖို့ လိုအပ်နေပါပြီ” ဟုလူငယ်များသို့ ပညာပေးစကားများပြောကြားခဲ့ပါသည်။

    လူငယ်တစ်ဦးတွင် ကျန်းမာရေးသည်လည်း မရှိမဖြစ် အထူး ကောင်းမွန်ရန် လိုအပ်ကြောင်းကိုလည်း ဒေါက်တာသန်းဝင်းက ပြောကြားခဲ့ ပါသေးသည်။” လူငယ်တွေဟာ ဗလ ငါးတန်နဲ့ပြည့်စုံအောင်လို့ နေထိုင်ရမယ်။ ကျန်းမာရေးကောင်းမွန်မှ ကျန်တဲ့ အရာတွေကိုပြုလုပ်နိုင်မှာဖြစ်တယ်။ အစ္စလာမ် သာသနာက ဘယ်လောက်တောင်ပြည့်စုံသလဲဆိုရင် တစ်နေ့ကို ဆွလာသ် ငါးကြိမ် ၀တ်ပြုဖို့ တာဝန်ပေးထားတယ်။ ဆွလာသ်ဝတ်ပြုမှုကို မှန်မှန်လုပ်ရင် ကျန်းမာရေး အတွက် သီးခြားထပ် လုပ်စရာတောင် မလိုပါဘူး။ အစ္စလာမ်က သန့်ရှင်းမှုကိုလည်း အခြေခံတဲ့ အတွက် သန့်ရှင်းမှု ရှိအောင်လည်းနေဖို့ မှာကြားထားပါတယ်။ လူငယ်များ အနေနှင့် ပညာကို စာအုပ်ထဲမှာ မထားပဲနဲ့ ရင်ထဲမှာထားပြီး သင်ဖို့ လိုအပ်နေပါပြီ” ဟု ဆက်လက်ပြောခဲ့ပါသည်။

    မြန်မာမွတ်စလင် လူငယ်များသို့ ခေတ် အခြေအနေနှင့် ပတ်သက်သည့် အသိပညာများကိုလည်း မျှဝေပေးခဲ့ပါသည်။   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာ မွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ မြန်မာမွတ်စလင် လူငယ်များ အတွက် ရည်ရွယ်၍ ယခုကျင်းပသော  ကျင်းပပြုလုပ်သော  စာပေဟောပြောပွဲ အခမ်းအနားသည် ဒုတိယ အကြမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၃ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

  • ဘာသာ မတူတိုင်းသာ ရန်သူတွေဖြစ်ရရင်တော့ လောကကြီးမှာ မိတ်ဆွေ ဆိုတာတောင်ရှိလာမှာ မဟုတ်ဟု ဒေါက်တာစောလှိုင်ဘွား ပြောကြား

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
    M-Media
    လမင်း
    1
    ရန်ကုန်  ။       ။   မြန်မာနိုင်ငံမှာ ညီညွတ်ချင်ရင်တော့ အားလုံးသော တိုင်းရင်းသားတွေဟာ သည်းခံသင့် သလောက် သည်းခံမှဖြစ်မယ်လို့ ယနေ့ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်တွင် ကျင်းပပြုလုပ်သော ၁၄၈၈ ကြိမ်မြောက် တမန်တော် မုဟမ္မဒ်သခင်(ဆွ) ၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဦးအောင်နိုင်(B.Sc.) ကပြောကြားခဲ့သည်။

    မိမိ၏ စိတ်ငြိမ်းချမ်းမှသာ ကိုယ်ခန္ဓာငြိမ်းချမ်းမှုကိုရရှိမှာ ဖြစ်ကြောင်း၊ လူတစ်ဦး လူတစ်စုငြိမ်းချမ်းမှသာ တိုင်းပြည် တစ်ပြည်လုံး ငြိမ်းချမ်းသာယာနိုင်မည် ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။ မိမိနိုင်ငံ တိုးတက်ဖွံ့ဖြိုး ကောင်းစားနိုင်ရန် တာဝန်ကျေရန် လိုအပ်ကြောင်း၊ သည်းခံခွင့်လွှတ်မှုရှိအောင် ကြိုးစားနေထိုင်သင့်ကြောင်း၊ ခွင့်လွှတ်သည်းခံမှသာ လောကကြီးငြိမ်းချမ်းမှု ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    တမန်တော် မုဟမ္မဒ်(ဆွ) မွေးနေ့ အခမ်းအနားကြီးကို ဘာသာပေါင်းစုံညီညွတ်ရေးကို ရှေးရူလျက် ဘာသာအသီးသီးမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားခဲ့ရာ ဘာသာအသီးသီးမှ တက်ရောက်ခဲ့ကြပါသည်။ ကြွရောက်လာသော ဧည့်ပရိတ်သတ်အသီးသီးမှ မဟာတမန်တော်မြတ်ကြီးအကြောင်းနှင့် ငြိမ်းချမ်းရေးတရားများကို ဟောပြောခဲ့ပါသည်။

    “ဘာသာမတူတိုင်းသာ ရန်သူတွေဖြစ်ရရင်တော့ လောကကြီးမှာ မိတ်ဆွေ ဆိုတာတောင်ရှိလာမှာ မဟုတ်တော့ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိမှ လောကကြီးက ငြိမ်းချမ်းမှာဖြစ်တယ်။ မိမိဘာသာရဲ့ အနှစ်သာရကို မိမိအရင်သိအောင်လုပ်၊ ပြီးရင်တော့ သူများတွေကိုမျှဝေရမယ်။ တစ်ဘာသာနဲ့တစ်ဘာသာ နားလည်မှ ငြိမ်းချမ်းမှာပါ။ လေ့လာရာမှာလည်း အတွင်းကျကျ လေ့လာရမယ်။ လူတွေအားလုံးဟာ နာမည်တွေနဲ့ မွေးလာတာ မဟုတ်ပါဘူး။ အားလုံးသော လူတွေဟာ ဖြူစင်တဲ့ နှလုံးသားတစ်စုံနဲ့ မွေးဖွားလာတာပါ” ဟု ဒေါက်တာ စောလှိုင်ဘွား ကပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး စာရေးဆရာမ သာယာဝတီ ဒေါ်စန်းစန်းနွဲ့က”အန်တီအနေနှင့် ဖိတ်ကြားခံရလို့ အရမ်းဝမ်းသာမိပါတယ်။ ခေါင်းဆောင်တွေပြောတဲ့ တရားတွေကို အရမ်းကို နားထောင်ချင်နေတာ ကြာပါပြီ။ ဟိုးအရင်ကတည်းက မြန်မာနိုင်ငံတော်ကြီးမှာ တိုင်းရင်းသားပေါင်းစုံလ က်တွဲပြီးနေလာခဲ့တာ အခုလို ဖြစ်ပျက်နေတာ တွေမြင်ရတော့ ယုံတောင်မယုံနိုင်ဘူး။ အားလုံးဟာ ငြိမ်းချမ်းရေးကို အတူယှဉ်တွဲလုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ တမန်တော်မြတ်ကြီးရဲ့ လမ်းစဉ်ကိုသာ လိုက်နာရင် အားလုံးဟာ ငြိမ်းချမ်းမှုရရှိမှာ ဖြစ်ပါတယ်။ တမန်တော်မြတ်ပြုလုပ်ခဲ့တဲ့ လမ်းစဉ်တွေဟာလည်း ငြိမ်းချမ်းမှုအတွက်လုပ်ခဲ့တာ ဖြစ်တယ်။ ကိုယ်တော်မြတ်ဟာ အနီ၊ အဖြူ၊ အညို စတဲ့ အရောင်တွေ ခွဲခြားပြီးပြုလုပ်ခဲ့တာ မဟုတ်ပါဘူး အားလုံးအတွက်ဖြစ်ပါတယ်။ တမန်တော်ရဲ့လမ်းစဉ်အတိုင်း ကျွန်တော်တို့လိုက်နာနိုင်အောင် ကြိုးပမ်းကြရပါ့မယ်” ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ပြောခဲ့ပါသညသည်။

    တမန်တော်မုဟမ္မဒ်သခင်မွေးနေ့သို့ ကြွရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့ စုပေါင်း၍ စလာမ်မေတ္တာများ ပို့သခဲ့ကြပြီး ဆုမွန်ဒိုအာဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

  • အစ္စလာမ့်မစ်တော်လှန်ရေး ၃၅ နှစ်မြောက် အခမ်းအနား အီရန်တွင် ပြုလုပ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
    M-Media
    777543DA-FA16-4D92-BAC1-0B7556B491F4_w640_r1_s
    – ဘုရင် ဗဟိုပြုအုပ်ချုပ်ခဲ့သည့် အာဏာရှင်စနစ်မှ ပြည်သူဗဟိုပြုအုပ်ချုပ်သည့် အစ္စလာမ့်မစ် သမ္မတနိုင်ငံအဖြစ်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အစ္စလာမ့်မစ်တော်လှန်ရေး ၃၅ နှစ်မြောက် အခမ်းအနားအား အီရန်နိုင်ငံတွင် ကျင်းပခဲ့သည်ဟု သိရသည်။

    မြို့တော်တီဟီရန်ရှိ Azadi ရင်ပြင်တွင် ယမန်နေ့က ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားသို့ ပြည်သူ ရာပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လက ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် သမ္မတရူဟာနီက မိန့်ခွန်းပြောကြားခဲ့သည်။

    ထိုမိန့်ခွန်းမှာ သမ္မတဖြစ်ပြီးနောက် ပြည်သူများအား ပြောကြားခဲ့သည့် ရူဟာနီ၏ အဓိက မိန့်ခွန်းလည်းဖြစ်ပြီး ဘုရင်ခေတ် နိုင်ငံရေးအခြေအနေနှင့် အမေရိကန်၏ ၀င်ရောက်စွက်ဖက်မှုအကြောင်းများလည်း ပါဝင်ခဲ့သည်။

    “ပြည်သူတွေရဲ့ မဲဆန္ဒဟာ တိုင်းပြည်တည်ဆောက်ရာမှာ အသုံးမ၀င်ပါဘူး။ ဒါဟာ ရှက်ဖွယ်လိလိပါပဲ” ဟု ယခင် ဘုရင်စနစ်အုပ်ချုပ်ရေးအား ရည်ညွှန်း၍ ရူဟာနီကပြောကြားခဲ့သည်။

    ထို့ပြင် “ပြည်သူတွေဟာ သူတို့ရဲ့အမြင်တွေကို တိုင်းပြည်အတွင်း လွှမ်းမိုးစေချင်ကြပါတယ်။ ဒါပေမယ့် အင်အားကြီးနိုင်ငံတွေက ဒီနိုင်ငံရဲ့ အရေးကိစ္စတွေကို ၀င်ရောက်စွက်ဖက်နေခဲ့တာပါ။ အီရန်ဟာ သူတို့နဲ့ ဆိုင်တယ်လို့ အမေရိကန်တွေက ထင်ကြပါတယ်။ နေရာတိုင်းမှာ စွက်ဖက်ကြပြီး တိုင်းပြည်ရဲ့ လုံခြုံရေးကိစ္စတွေမှာတောင်မှ သူတို့က ပါကြပါတယ်” ဟု ယခင် အီရန်၏ ပြည်တွင်းရေးအား အမေရိကန်က ၀င်ရောက်စွက်ဖက်မှုနှင့် ပက်သက်၍ ပြောကြားခဲ့သည်။

    နိုင်ငံရှိ လက်ဝဲအုပ်စုများနှင့် ကျောင်းသားများ၏ ထောက်ခံမှုဖြင့် အီရန်ရှိ ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီက ဦးဆောင်ကာ အမေရိကန်မှ ကျောထောက်နောက်ခံပြုထားသည့် အာဏာရှင် ရှားဘုရင်အား ဆန့်ကျင်သည့် အစ္စလာမ့်မစ်တော်လှန်ရေးကို ၁၉၇၇ နှစ်ကုန်ပိုင်း ကတည်းက စတင်ခဲ့ပြီး ၁၉၇၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပိုမို အရှိန်မြင့်လာကာ ၁၉၇၉ ဇန်န၀ါရီ ၁၆ ရက်နေ့၌ ရှားဘုရင်မှာ တိုင်းပြည်မှ ထွက်ပြေးခဲ့ရသည်။ ထို့နောက် အီရန်နိုင်ငံအား အစ္စလာမ့်မစ်သမ္မတနိုင်ငံအဖြစ် ထူထောင်ကာ ခိုမေနီမှာ တိုင်းပြည်၏ ဦးသျှောင် ဖြစ်လာခဲ့သည်။
    Ref: aljazeera

  • အမေရိကန်နှင့် အီတလီတို့ ပူးပေါင်းကာ မာဖီးယားဂိုဏ်းသားများအား ဖမ်းဆီး

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
    M-Media

    2014211205129900734_20
    – တောင်အမေရိက၊ အီတလီနှင့် မြောက်အမေရိက နိုင်ငံများအကြား ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် ရာနှင့်ချီသော မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ မာဖီးယား အဖွဲ့တစ်ခုအား အီတလီနှင့် အမေရိကန် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    အမေရိကန် စုံစမ်းရေး ဗျူရိုနှင့် အီတလီမှ ထောက်လှမ်းရေးအေးဂျင့်တို့ ပူးပေါင်းကာ အမေရိကန် ပြည်ထောင်စု ဘရွတ်ကလင်းနှင့် နယူးယောက်မြို့များတွင် ယမန်နေ့ည သန်းခေါင်ယံအချိန်ကလည်းကောင်း၊ အီတလီတွင် နံနက်အာရုဏ်တက်အချိန်တွင်လည်းကောင်း စစ်ဆင်ရေးများ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မာဖီးယား ဂိုဏ်းသားဟု ယူဆရသူ ၂၄ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု အမေရိကန်နှင့် အီတလီ တာဝန်ရှိသူများက ရောမမြို့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ဖမ်းဆီးခံခဲ့ရသူများမှာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခ၀ါချမှုနှင့် ရာဇ၀တ်မှုများ စီစဉ်မှုတို့တွင် ပါဝင်ပက်သက်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရဖြင်းဖြစ်သည်။

    sting ဟုခေါ်သည့် အဆိုပါစစ်ဆင်ရေးတွင် ပါဝင်သည့် သူလျှိုများနှင့် ဖုန်းကြားဖြတ်နားထောင်ခြင်းမှတစ်ဆင့် အီတလီတောင်ပိုင်း ဒေသဖြစ်သည့် Calabria အခြေစိုက် Ndrangheta ဒုစရိုက်ဂိုဏ်း စစ္စလီရှိ မာဖီးယားဂိုဏ်းအပေါ် လွှမ်းမိုးမှုများရှိနေခဲ့ပြီး နယူးယောက်ရှိ၊ ဒုစရိုက်ဂိုဏ်းGambinos နှင့်  ပူးပေါင်းကာ အမေရိကန်သို့ ၀င်ရောက်ရန် ကြိုးစားနေကြောင်း တွေ့ရှိခဲ့ရသည်။

    မာဖီးယားကဲ့သို့ အဖွဲ့မျိုးဖြစ်သည့် Ndrangheta အဖွဲ့နှင့် Gambino အဖွဲ့တို့မှာ တောင်အမေရိကမှ အီတလီနိုင်ငံ Calabria ဒေသသို့ ကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ကိုးကင်း ၅၀၀ ကီလိုဂရမ်အား မှောင်ခိုတင်သွင်းရန် စီစဉ်နေကြောင်းကိုလည်း သိရှိခဲ့ရသည်။

    လက်တင်အမေရိကမှ  မူယစ်ဆေးဝါးလုပ်ငန်းရှင်များ၏ အီတလီသို့ တင်သွင်းသော မူးယစ်ဆေးဝါးများကို အသီးအနှံ စည်သွတ်ဗူးများပို့သော သင်္ဘောဖြင့် လျှို့ဝှက်တင်ပို့ခြင်းဖြစ်ပြီး၊ ထိုအထဲမှ တစ်ချို့မှာ အမေရိကန်သို့ ၀င်ရောက်သည်ဟု သိရသည်။
    Ref: aljazeera
    Photo- AFP

  • ဆိုချီ အိုလံပစ်ပြိုင်ပွဲမှ ပုဝါဆောင်း ရေခဲမင်းသမီး

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
    M-Media
    1655952_799200816776634_797424008_n
    ကိုင်ရို။    ။ ဆိုချီတွင် ကျင်းပသော ဆောင်းရာသီ အိုလံပ စ်အားကစားပြိုင်ပွဲ၌ အာရဗ်စော်ဘွားများနိုင်ငံသူ မိန်းကလေး တစ်ဦးသည် သူမ၏ ဦးခေါင်းခြုံပုဝါကို ရုံထားလျက် အားပါးသော ခုန်ပျံမှုများဖြင့် ရေခဲပြင်လျှောစီး စွမ်းရည်ပြသခဲ့သည်။

    “ ကျွန်မ နိုင်ငံပြင်ပပြိုင်ပွဲတွေဝင်တဲ့အခါ မင်းတို့ဆီမှာ ရေခဲကွင်းပြင်ရှိတယ်ဟုတ်လားဆိုပြီး လူတွေက အံ့အားသင့်နေ သလိုပါပဲ။ ကျွန်မတို့ရဲ့ သဲကန္တာရနိုင်ငံလိုနေရာမှာ ရေခဲကွင်းပြင်ရှိတာမျိုး သူတို့ လုံးဝမတွေးမိကြပါဘူး ” ဟု အာရဗ်စော်ဘွားများနိုင်ငံ ကိုယ်စားပြု စကိတ်မယ် ဇဟ်ရာ လာရီ Zahra Lari မှ The National သတင်းစာသို့ ပြောပြခဲ့သည်။

    အာရဗ်စော်ဘွားများနိုင်ငံ ကိုယ်စားပြု ပထမဆုံး အပြည်ပြည်ဆိုင်ရာပြိုင်ပွဲဝင်ဖြစ်သူ လာရီက “ ကျွန်မတို့ဆီမှာ စတင်လေ့ကျင့်နေတဲ့ ဒီ့ထက် ငယ်ရွယ်သူတွေ ရှိပါတယ်။ ကျွန်မ ရပ်တန့်လိုက်တာနဲ့ နိုင်ငံတကာပြိုင်ပွဲဝင်မယ့် တခြားသူတွေလည်း ရှိနေပါသေးတယ် ” ဟု ဆိုပါသည်။

    ဤ အသက် ၁၈ နှစ်အရွယ် စကိတ်မယ်လေးသည် YouTube ပေါ်တင်ထားသော ရေခဲမင်းသမီး Ice Princess အမည်ရှိ ဗီဒီယိုရုပ်ရှင်ကို ကြည့်ရှုပြီးနောက် ယင်းပညာရပ်အပေါ်စိတ်ဝင်စားကာ စတင်လေ့ကျင့်ခဲ့သည်။ ထိုစဉ်က သူမ၏အသက် ၁၁ နှစ်သာရှိသေးသည်။ ရက်သတ္တတစ်ပတ်လျှင် ခြောက်ရက်ထိ လေ့ကျင့်မှုပြုခဲ့ကြောင်း သူမက ပြောပြ၏။

    “ ကျွန်မမှာ ပင်ကိုယ်ပါရမီ ရှိနေတယ်လို့ ကျွန်မရဲ့နည်းပြက ပြောပါတယ်။ ဒါပေမယ့် ပါရမီ ရှိနေလျှင်တောင်မှ လေ့ကျင့်မှု များများရှိရမယ်လို့ ကျွန်မ ထင်မြင်ပါတယ် ”။

    ခြုံလွာဆောင်း စကိတ်မယ်လေးသည် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေးအတွက် ပြိုင်ပွဲများဆက်လက် ၀င်ရောက်ရန် မျှော်လင့်ထားသည်။ စလိုဗေးကီးယားတွင် ကျင်းပခဲ့သည့် နိုင်ငံတကာစုပေါင်းစကိတ်စီးပြိုင်ပွဲကို ပထမဆုံး ၀င်ပြိုင်ပြီး ယခုအခါ နေရပ်သို့ပြန်လည်ရောက်ရှိလာပြီး ၂၀၁၈ ခုနှစ် တောင်ကိုးရီးယား Pyeongchang တွင်ပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပွဲ အတွက် ယခုကတည်းက ရည်မှန်းပြင်ဆင်နေပြီဖြစ်သည်။

    “ တစ်ချို့သူတွေက ကျွန်မကို စံပြပုဂ္ဂိုလ်တစ်ဦးလို သဘောထားကြတယ်။ ဒါပေမယ့် ကျွန်မဟာ လူတွေအတွက် စံပြဖြစ်လာအောင် ကိုယ်ကိုယ်တိုင်က အကောင်းဆုံးကြိုးစားသလို လူအများကိုလည်း တိုက်တွန်း အားပေးနေသူသာ ဖြစ်ပါတယ်။ လူအများဆိုတဲ့နေရာမှာ အထူးသဖြင့် ဒီတိုင်းပြည်ထဲက မိမိရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်လိုတဲ့ မိန်းကလေးတွေပေါ့ရှင် ”။

    ရုရှနိုင်ငံ ဆိုချီတွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှ ၂၃ ရက်အထိ ကျင်းပရန်သတ်မှတ်ထားသည့် ၂၀၁၄ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ၌ အဓိကကျသော နိုင်ငံတကာ အားကစားမျိုးစုံပါဝင်သည်။

    Ref: OnIslam

    Video Copy Right- The National Multimedia