News @ M-Media

Author: M-Media

  • RFA: မစ္စတာ ကင်တားနား မြန်မာနိုင်ငံ နောက်ဆုံးခရီးစဉ် ရက်ပိုင်းအတွင်း စတင်မည်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    RFA (မြန်မာပိုင်း)

    Tomas_Ojea_Quintana_AP

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ သူ့ရဲ့ရာထူးသက်တမ်း ၆ နှစ်ကုန်ဆုံးခါနီး၊ တရားဝင်နောက်ဆုံးခရီးစဉ်အဖြစ် လာမယ့်သောကြာနေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။

    မစ္စတာကင်တားနားဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၆ ရက်ကြာမြင့်မယ့် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း မုံရွာလက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ရန်ကုန်မြို့အနီး သံလျင်သီလ၀ါ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို သွားရောက်မှာဖြစ်ပြီး၊ ကရင်ပြည်နယ်ကိုပါ သွားရောက်ခွင့် တောင်းဆိုထားတယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း မောင်တောဒေသအပါအ၀င် အဲဒီဒေသမှာ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုတိုးတက်ကောင်းမွန်လာအောင် အစိုးရအနေနဲ့ တိုးမြှင့်လုပ်ဆောင်သင့်တဲ့အချက်တွေကို စူးစမ်းလေ့လာသွားမယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။

    ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာမှာဖြစ်တဲ့ အပြင် အရင်ခရီးစဉ်တွေအတွင်း အကြံပြုထားချက်တွေကို ဖြည့်ဆည်း အကောင်အထည်ဖော်မှုရှိ၊ မရှိကိုပါ ဆန်းစစ်လေ့လာ သွားမယ်လို့ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရုံးက သတင်းထုတ်ပြန်ပါတယ်။

    မစ္စတာ ကင်တားနားဟာ ခရီးစဉ်အတွင်း နေပြည်တော်ကိုပါ သွားရောက်ပြီး၊ လွှတ်တော်နဲ့အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ တရားသူကြီးတွေနဲ့လည်း တွေ့ဆုံမယ့် အပြင် ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ ဖေဖော်ဝါ ရီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ နောက်ဆုံးအစီရင်ခံစာ အပြည့်အစုံကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၇ ၇က်နေ့ တင်သွင်းမယ်လို့လည်း သိရပါတယ်။

    အာဂျင်တီးနားနိုင်ငံသားဖြစ်သူ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ် မေလက စတင်တာဝန်ထမ်းဆောင်လာခဲ့တာ ဖြစ်ပါတယ်။

    Photo-AP

    Link =>https://www.facebook.com/photo.php?fbid=10152285680703128&set=a.10150522560153128.405723.39218993127&type=1

  • စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီညွတ်မှုများ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ကြေညာချက် ထုတ်ပြန်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ရန်ကုန် ။       ။     နိုင်ငံတစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာများ၏ အရေးပါမှု အခန်းကဏ္ဍများအား လွဲမှားစွာ အသုံးပြုနေမှုများ ယခုအခါ များပြားလာသည့်အတွက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (Myanmar Journalists Accociation, MJA)က ယနေ့ ဖေဖော်ဝါရီလ ၁၁-ရက်နေ့တွင် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

    အဆိုပါ ကြေညာချက်တွင် စာဖတ်ပရိသတ်များ အမှတ်မှား၊ အယူလွဲစေနိုင်သည့် စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီညွတ်သော ပုံများ၊ ရေးသားမှုများရှိကြောင်း၊ မြန်မာ သတင်းမီဒီယာလောကသည် သတင်းလွတ်လပ်ခွင့်နှင့် မထိုက်တန်သေးကြောင်း အာဏာပိုင်းများက အခြားသူများအား ဆွဲဆောင်သိမ်းသွင်းနိုင်စေရန် အခွင့်အလမ်း ဖန်တီးသကဲ့သို့ ဖြစ်စေပြီး ရရှိနေသော သတင်းလွတ်လပ်ခွင့် အခြေနေမှ နောက်ဆုတ်သို့ ဆုတ်ယုတ်သွားမည်ကို စိုးရိမ်ကြောင်း ပါရှိသည်။

    ၎င်းအပြင် သတင်းလွတ်လပ်ခွင့်နှင့် တာဝန်ခံမှုကို တန်ဖိုးထားသော သတင်းသမားများ၏ ပုံရိပ်များကို ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် မြန်မာနိုင်ငံရှိ သတင်းမီဒီယာများအနေဖြင့် သတင်းကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာ ကျင့်သုံးလျက် ပြည်သူက လေးစားပြီး ယုံကြည်အားထားရသည့် စတုတ္ထမဏ္ဍိုင်အဖြစ် ရှုမြင်လာစေရေးအတွက် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း တို့ ဖော်ပြထားသည်။

    MJN

  • သံတွဲအကြမ်းဖက်မှုတွင် ဦးဆောင် ပါဝင်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဋ္ဌ ဦးမောင်ပု အမှုအား မှားယွင်းမှု အဖြစ် ပိတ်သိမ်း

    ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၄
    M-Media
    ဇာဏီ

    Mynamar

    သံတွဲ ။     ။    ၂၀၁၃-ခု စက်တင်ဘာ ၂၉-ရက်နေ့တွင် သံတွဲမြို့၌ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်ခဲ့သူများထဲ တစ်ဦးဖြစ်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဌ ဦးမောင်ပုအား တရားစွဲထားရာမှ ယနေ့ ဖေဖော်ဝါရီ ၁၁-ရက်နေ့တွင် မှားယွင်းမှုအဖြစ် သတ်မှတ်၍ သံတွဲ တရားရုံးက အမှုပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

    ဦးမောင်ပုအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅(ဂ)မှာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ခဲ့ပြီး ပုဒ်မ ၃၃၂/၂၀၁၃၊ ပုဒ်မ ၁၈၆ တို့၏ အမှုများကို သံတွဲတရားရုံးမှ မှားယွင်းမှုအဖြစ် အပြီးတိုင် ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်းနှင့် စွဲထားသည့် ပုဒ်မများအရ ထောင်ဒဏ် ၂-လ မျှသာ ချမှတ်နိုင်ပြီး ဦးမောင်ပုသည် အချုပ်ထောင်တွင် နှစ်လ ကျော် ကျခံခဲ့ရပြီးဖြစ်သည့်အတွက် အမှုအား တရားသူကြီး ဒေါ်အေးခင်ညွန့်မှ ပိတ်သိမ်းရန် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဒေါ်အေးခင်ညွန့်သည် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးလှမောင်တင် အမျိုးသမီး၏ တူမ တော်စပ်သူဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

    သံတွဲအကြမ်းဖက်မှုများအတွင်း စွပ်စွဲခံထားရသည့် သဗြုချိုင်ကျေးရွာမှ ကမန်အမျိုးသား များအား ရုံးချိန်းထုတ်ရာ တရားလို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြေကြားသည်မှာ တရားခံဟု သတ်မှတ်ထားသူများအား လွတ်မြောက်ခွင့် ရနိုင်သော်လည်း ထပ်မံ၍ ရုံးချိန်းပြုလုပ်ရာတွင် သက်သေများရောက်ရှိလာခြင်း မရှိသည့်အတွက် ဖေဖော်ဝါရီ ၁၇-ရက်နေ့တွေင် ရုံးချိန်းထပ်မံ ပြုလုပ်လိုက်သည်ဟုလည်း သိရသည်။ အဆိုပါ ဖမ်းဆီးခံနေရသူများမှာ အကျဉ်းထောင်အတွင်းတွင် ၄-လကျော် ကြာမြင့်နေပြီ ဖြစ်ပြီး တွေ့ဆုံခွင့် မရရှိဟုလည်း ဒေသခံများက ပြောသည်။

    ကမန်အမျိုါ်သား ဦးကျော်ဇံလှအား ဖမ်းဆီးထိန်းသိမ်းထားရာတွင်လည်း ထောင်ဒဏ် ၂-နှစ် ချနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ထားသည့်အတွက် ၂-နှစ် ကျနိုင်သည်ဟု သုံးသပ် ပြောဆိုမှုများလည်း ရှိနေသည်။

    ဥပဒေ၏အထက်တွင် မည်သူမျှ မရှိရဟု ကြွေးကြော်နေသော်လည်း ဤကဲ့သို့ တရား လက်လွှတ် ဥပဒေပုဒ်မများတပ်၍ ပြုလုပ်နေခြင်းသည် နိုင်ငံတော်၏ အနာဂတ် ဒီမိုကရေစီ လမ်းကြောင်းအတွက် အဟန့်အတားများသာဖြစ်ကြောင်း ဒေသခံများက M-Media သို့ ပြောသည်။

    ဓါတ်ပုံအညွှန်း- သံတွဲ အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်ဆီးသွားတဲ့ နေရာမှ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတဦး (Credit: Reuters)

  • ဂျာမဏီသမ္မတ မြန်မာပြည် အလည်ရောက်၊ မြန်မာမှ ပေးရန်အကြွေး ၅၀% လျော်ပေးရန် သဘောတူ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    M-Media

    German
    – မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံကို ပေးဆပ်ရန်ရှိသည့် အကြွေးများ၏ ၅၀ ရာခိုင်နှုန်းကို လျော်ပေးရန်အတွက် ဂျာမနီနှင့် မြန်မာနိုင်ငံတို့ ယမန်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဂျာမနီသမ္မတ ဂျိုအာချင်း ဂေါက်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂျာမနီသို့ပေးဆပ်ရန်ရှိသည့် အကြွေး ယူရိုသန်း (၁၀၈၄) သန်းမှ ၅၀% ဖြစ်သော (၅၄၂) သန်းကို လျော်ပေးပြီး ကျန်ရှိသေည့် တဝက်သာ မြန်မာနိုင်ငံက ပေးဆပ်ရမည်ဖြစ်ပြီး၊ (၁၅) နှစ်အတွင်း အကြေ ပေးရမည်ဖြစ်သည်။

    ၂၀၁၃ ခုနှစ် ပဲရစ်သဘောတူညီချက်အရ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးမှုများပြုလုပ်ပြီး နောက်ပိုင်း ထိုကဲ့သို့ ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပြီး အခြားသာ သဘောတူညီချက် တော်တော်များများကိုလည်း စာချုပ်ချုပ်ဆိုခဲ့သည်။

    ထိုသဘောတူညီချက်များတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ အောင်မြင်မှုများ၊ နှစ်နိုင်ငံရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအား ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ခြင်းအားဖြင့် တိုးမြှင့်ဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီပေးရေး စသည်တို့ပါဝင်သည်။

    ထို့ပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြည်နယ်ရှိ အသေးစားနှင့် အလယ်အလတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး စသည်တို့နှင့် ပက်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

    ဂျာမန် သမ္မတမှာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်မှစ၍ (၂၆) နှစ်အတွင်း ပထမဆုံး လာရောက်သည့် ဂျာမန်သမ္မတလည်းဖြစ်သည်။

    သုံးရက်ကြာ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

    မြန်မာ-ဂျာမနီ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင်လည်း မိန့်ခွန်းပြောကြားခဲ့ကာ ယနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

    ကိုးကား- ဆင်ဟွာ
    ဓါတ်ပုံ – သမ္မတရုံး ဝဘ်ဆိုဒ်

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ထိတွေ့ခံစားနိုင်တဲ့ စက်လက် အတု

    လွန်ခဲ့တဲ့ ၁၀နှစ်က မတော်တဆ မီးပန်း ပေါက်ကွဲမှုကြောင့် ဘယ်လက်တစ်ဖက် ဖြတ်လိုက်ရတဲ့ Dennis Sorenson ကို ဆွစ်ဇာလန် နိုင်ငံမှ Federal Institute of Technology က သုတေသီတွေက ထိတွေ့ခံစားနိုင်တဲ့ စက်လက်အတု တပ်ဆင်ပေးခဲ့ပါတယ်။ Lifehand 2 လို့ အမည်ပေးထားတဲ့ စက်လက် အတုမှာ ပါဝင်တဲ့ လျှပ်ငုတ်လေးတွေကို လက်မောင်းမှာ ရှိတဲ့ အာရုံကြောနဲ့ ခွဲစိတ် တပ်ဆင်ပေးရတာ ဖြစ်ပါတယ်။ သေချာအောင် မျက်စေ့နဲ့ နားကိုပိတ်ထားပြီး လက်ချောင်းလေးတွေနဲ့ အရာဝထ္ထုတွေကို စမ်းသပ်ကိုင်တွယ်တဲ့အခါ ကိုင်လိုက်တဲ့အရာဟာ လိမ္မောသီးလား၊ ဘေ့စ်ဘောလုံးလား၊ စသည်ဖြင့် ခွဲခြားနိုင်တဲ့အတွက် နှစ်များစွာအကြာမှာ အခုလို သူ့ရဲ့ ဘယ်လက်က နဲ့ ပြန်လည်ခံစား သိရှိနိုင်ပြီလို့ Sorensonက ပြောပါတယ်။

    3
    ____________________________
    Samsung ရဲ့ Tablet အသစ်နှစ်မျိုး

    Samsung ဟာ သာမန်ထက်ကြီးတဲ့ tablet နှစ်မျိုးကို ချစ်သူများနေ့ မတိုင်မီ ရောင်းချဖို့ စီစဉ်နေပါတယ်။ Galaxy Note Pro နဲ့ Tab Pro ဖြစ်ပါတယ်။ Note Pro အသစ်ဟာ ၁၂.၂ လက်မ အရွယ်ရှိပြီး သိုလှောင်နိုင်စွမ်း 64 GB နဲ့ဆိုရင် ဒေါ်လာ ၈၅၀ ဖြစ်ပြီး 32 GB ဆိုရင် ဒေါ်လာ၇၅၀ ဖြစ်ပါတယ်။ Tab Pro ကတော့ အရွယ်အစားတူပေမယ့် S Pen stylus ကလောင်တံ မပါပါဘူး။ screen အရည်အသွေး 2,560 x 1,600 pixels ရှိပြီး 3GB of RAM ပါဝင်မှာ ဖြစ်ပြီး ဆက်သွယ်မှု အတွက် Wi-Fi + LTE နှစ်မျိုး ပါဝင်ပါတယ်။

    4
    ____________________________
    CERN က ပိုမိုကြီးမားတဲ့ အမှုန် အရှိန်မြှင့်စက် တည်ဆောက်မည်

    ဥရောပ ရူပဗေဒ ဓါတ်ခွဲခန်း CERN တာဝန်ရှိသူများက ပိုမိုကြီးမားတဲ့ အမှုန် အရှိန်မြှင့်စက် တည်ဆောက်မည် လို့ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ CERN ရဲ့ လက်ရှိကမ္ဘာ့အကြီးဆုံး Large Hadron Collider (LHC) ကို ပြင်သစ်−ဆွစ်ဇာလန် နယ်စပ်မှာ တည်ဆောက်ထားပြီး လှိုဏ်ခေါင်း အရှည် ၁၇မိုင်ရှည်လျှားတဲ့ စက်ဝန်းပုံ အရှိန်မြှင့် အမှုန်တိုက်ခိုက်စက် မှာ ပြီးခဲ့တဲ့ နှစ်က ပရိုတွန်အမှုန်တွေကို အလင်းအလျင်နီးပါးနဲ့ တိုက်ခိုက်စေပြီး Higgs boson အမှုန်ကို ခွဲထုတ် ပြသနိုင်ခဲ့ပြီး နှစ်ကာလကြာရှိခဲ့တဲ့ သီအိုရီကို သက်သေပြနိုင်ခဲ့ပါတယ်။ အခု ထပ်မံတည်ဆောက်မယ့် အမှုန် အရှိန်မြှင့်စက် ကိုတော့ Future Circular Collider (FCC) လို့ အမည်ပေးထားပြီး ဥမင်လှိုဏ်ခေါင်း အရှည် မိုင် ၆၀ခန့် ရှိနိုင်ပါတယ်။

    2
    ____________________________
    နေနှစ်စင်းကို လှည့်ပတ်နေသောဂြိုဟ်

    Kepler-413b လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကြယ်သိမ်နှစ်စင်းကို (နေနှစ်စင်းကို) လှည့်ပါတ်နေတဲ့အတွက် အဲ့ဒီဂြိုလ်ပေါ်ကနေ ကြည့်ရင် ကောင်းကင်မှာ နေနှစ်စင်း လင်းနေမှာ ဖြစ်ပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၂၃၀၀ ဝေးတဲ့ ဂြိုဟ်ဟာ Cygnus ကြယ်စုမှာတည်ရှိပြီး လှည့်ပါတ်နေတဲ့ လမ်းကြောင်းဟာ နေနှစ်စင်းနဲ့ နီးလွန်းတာကြောင့် အပူချိန် အလွန် မြင့်မားနိုင်ပါတယ်။ ထူးခြားချက်ကတော့ ဂြိုဟ်ပါတ်လမ်းဟာ တည်ငြိမ်မှု မရှိဘဲ ယမ်းခါနေတဲ့ မူမမှန်တဲ့ ပုံစံနဲ့ လှည့်ပါတ်နေတာကတော့ နေနှစ်စင်းရဲ့ ဒြပ်ဆွဲအားကြောင့် ဖြစ်ပါတယ်။

    1
    ____________________________
    ဆိုနီက VAIO ကွန်ပြူတာ လုပ်ငန်းကို ရောင်းချ

    လက်ကိုင်ဖုန်း၊ တီဗွီ နဲ့ playstation တို့ကို ပိုမို အာရုံစိုက် ထုတ်လုပ်သွားနိုင်ဖို့ ဆိုနီက VAIO ကွန်ပြူတာ လုပ်ငန်းကို အခြား ဂျပန်လုပ်ငန်းရှင်များကို ရောင်းချလိုက်သည်။
    ————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]