News @ M-Media

Author: M-Media

  • ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ လုပ်ကြံခံရသည့်သတင်း မလေးမီဒီယာများ မလေးရှား CID ၏အတည်ပြုချက် မရယူနိုင်သေး မီ လေးနာရီစော၍ မြန်မာ မီဒီယာများ သတင်းဖော်ပြခဲ့

    ဖေဖော်ဝါရီ ၇  ၂၀၁၄
    M-Media
    မိုးသောက်

    ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ လုပ်ကြံခံရသည့် သတင်း CID ၏အတည်ပြုချက် မရယူနိုင်သေးမီ လေးနာရီစော ဖော်ပြသည့် မလေးမီဒီယာများထက် အရင်  မြန်မာ မီဒီယာများသတင်းဖော်ပြခဲ့

    1606962_460015577432999_102835442_n

    ရခိုင်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ ကွာလာလန်ပူ၌ သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် သတင်းကို မလေးရှားနိုင်ငံ၏ အစိုးရပိုင် မီဒီယာ တစ်ခုဖြစ်သော bernama က မလေးရှားနိုင်ငံ၊ Criminal Investigation Department (CID) ၏ အတည်ပြုချက် မရယူနိုင်သေးမီ လေးနာရီခန့်စော၍ သတင်းများ တင်ပြခဲ့ကြောင်း လေ့လာတွေ့ ရှိရပါသည်။

    ယခုတွင်မူ စင်ကာပူအခြေဆိုက် straits times သတင်းစာ သာမက အခြားသော နိုင်ငံတကာ ထင်ရှားသည့် သတင်းစာကြီးများက မလေး bernama ကို ကိုးကား၍ ၄င်းတို့နှစ်ဦး လုပ်ကြံခံခဲ့ရသည်ဟု သတင်းတင်ပြကြပြီဖြစ်ပါသည်။ နိုင်ငံတကာက bernama ကို ကိုးကား သတင်းတင်ပြချိန်မှာ မြန်မာ အခြေဆိုက် Eleven Media Group ၏ သတင်း တင်ပြချိန်ထက် များစွာ နောက်ကျနေကြောင်းလည်း တွေ့ရှိရပါသည်။ အလားတူ ဧရာဝတီသတင်းမှ ရခိုင်ဖေ့ဘွတ်ပေ့ခ်ျကို ကိုးကားပြီး ရခိုင်ခေါင်းဆောင်များ လုပ်ကြံခံရသည့် သတင်းကို အစောကြီး ဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

    မလေးရှားနိုင်ငံ၊ Criminal Investigation Department (CID) ၏ အကြီးအကဲဖြစ်သူ ACP Khairi Ahrasa က ရခိုင်ခေါင်းဆောင်နှစ်ဦး လုပ်ကြံခံခဲ့ရသည် သတင်းကို အတည်ပြုပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများလည်း ချက်ချင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း bernama သို့ ပြောကြားခဲ့ပါသည်။

    နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် Time သတင်းကမူ မလေးရှားနိုင်ငံရောက် ရခိုင်ခေါင်းဆောင်နှစ်ဦးလုပ်ကြံခံရသည့် သတင်းကို ဖော်ပြထားရာ ၌ မြန်မာပြည်တွင်း ရိုဟင်ဂျာများအား ညှဉ်းပမ်းနှိပ်စက်မှုဂရက်များ အိမ်နီးချင်းနိုင်ငံများသို့ အကျိုးသက်ရောက်နေသည့် သဘောကိုဆောင်က သတင်း ရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

    Time သတင်းက “မြန်မာပြည်မှ ပဋိပက္ခများသည် အရှေ့တောင်အာရှသို့ ပျံ့နှံ့နေကြောင်း၊ အင်ဒိုနီးရှား ဂျကာတာတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ မလေးရှားတွင်လည်း လူမျိုးအဓိကရုဏ်းနှင့် သတ်ဖြတ်မှုများဖြစ်ပွားခဲ့၍ မြန်မာ အလုပ်သမားမြောက်မြားစွာ ပြည်တော်ပြန် ခဲ့ကြောင်း၊ ရခိုင် ဗုဒ္ဓဘာသာများနှင့် မြန်မာအစိုးရတို့က ရိုဟင်ဂျာများကို တွန်းထုတ်နေသဖြင့် မလေးတွင် ရိုဟင်ဂျာ များစွာ ရှိနေကြောင်း” ဖော်ပြထားပါသည်။

    ၁) http://world.time.com/2014/02/07/gunmen-target-burmese-mp-in-drive-by-shooting-in-malaysia/
    ၂) http://www.bernama.com/bernama/v7/newsindex.php?id=1012663
    ၃) http://www.straitstimes.com/breaking-news/se-asia/story/two-myanmar-political-party-leaders-escape-suspected-assassination-malay

    Photo Credit =>Arakan Community Malaysia
    ဓါတ်ပုံအညွှန်း- မလေးရှားရောက်ရခိုင်ခေါင်းဆောင်များ

  • ကျဉ်းကြပ်စွာ ပိတ်လှောင်စောင့်ကြည့်ခံရနေသည့် ဓားစာခံသားကောင်များ (By Francis Wade)

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    ရိုဟင်ဂျာအများစုအတွက် ပြည်တွင်းမှလွတ်မြောက်ရန်ကိုသာ တစ်ခုတည်းသောအဖြေအဖြစ် မှတ်ယူသူ တိုးတက်များပြားလာသည်။

    Rohingyas Crowd IDP Camps In Sittwe After Sectarian Violence
    ဓါတ်ပုံ အညွန်း- မြို့ဆင်ခြေဖုံး၌ပင်သွားလာခွင့်မရအောင် ကာဆီးထားသည့် သံဆူးခတ်စည်းရိုးနောက်မှ ရိုဟင်ဂျာအမျိုးသားနှစ်ဦး

    စစ်တွေမြို့၊ ဘူမိရပ်ကွက်ဝင်ရောက်ရာ ဆူးကြိုးခတ်အကာအရံကို နေရာချနေသော ရဲတပ်သားမှ စည်းမျဉ်းစည်းကမ်းများကို နှုတ်တိုက်ရွတ်နေပါသည်။ ရိုဟင်ဂျာတို့သည် ခွင့်ပြုချက်မရရှိဘဲ ထွက်ခွာရန်ကြိုးစားခဲ့သော် ဖမ်းဆီးချုပ်နှောင်၍ နေရပ်သို့ပြန်ပို့မည် ဟူ၍။ အကယ်၍ ရခိုင်လူမျိုးတစ်ဦးကို အလားတူကဲ့သို့ ဆက်ဆံမည်လောဟု မေးလာသည် ရှိလျှင် ထိုသူသည် မအီမသာပြုံးရွှင်၍ ခေါင်းခါရမ်း လိုက်မည်ဖြစ်အံ့။ ဤရပ်ဝန်းမှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မြို့တော်၏ မွတ်စ်လင်မ် အများစု နေထိုင်ရာအရပ် တစ်ခုဖြစ်သည်။ သို့သော် မယုံနိုင်စရာကောင်းလောက်အောင် လဟာပြင်အကျဉ်း စခန်းသို့ အသွင်ပြောင်းသွားသည် သာမက လက်နက်ကို င်အစောင့်များသည် ရပ်ကွက်နေများ၏ သွားလာခွင့်ကိုပင် တင်းကြပ်ထားပေသည်။

    စစ်တွေမြို့ရှိ ထိုသို့သော ညစ်ပတ် ကျဉ်းကြပ်သည့် ရပ်ဝန်းများမှာ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး နှင့် ရိုဟင်ဂျာမွတ်စ်လင်မ် လူ့အဖွဲ့အစည်းအကြား အကြမ်းဖက်မှုပွင့်အံချိန်မှ စတင်ပြီး အလျှိုလျှို ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်၏။ သူတို့၏လူဦးရေ ပမာဏသည် တစ်စထက် တစ်စ လျော့ပါးလာနေသည်။ ဇန္န၀ါရီလဆန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောမြို့တွင် ရခိုင် လူရမ်းကားများနှင့် စစ်သားများမှ ရိုဟင်ဂျာတို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း သတင်းသည် တောင်ပိုင်းဒေသသို့ လျင်မြန်စွာ ကူးစက်ပြန့်ပွားလာရာ ဘူမိရပ်ကွက်သားများ၊ အနီးရှိ လျော့တိလျော့ရဲစောင့်ရှောက်ခံ ဒုက္ခသည် စခန်းမှလူများ အကြား သွေးပျက်ချောက်ခြားစေခဲ့သည်။ ၎င်းအပြင် ကမ်းခြေဖက်နှင့် ပိုမိုနီးကပ်သော စခန်းများသို့ ရွှေပြောင်းအောင် တွန်းပို့သလို ဖြစ်သွားခဲ့သည်။

    ရပ်ကွက်အတွင်း ကျန်နေရစ်သူများမှာကား အိမ်တံခါးဝများမှ မျှော်လင့်ချက်ကင်းစွာ ငေးမှိုင်လျက်သော် လည်းကောင်း၊  တစ်စပြင်လိုငြိမ်သက်နေသော လမ်းများပေါ် ဆောက်တည်ရာမဲ့ သွားလာလျက်သော် လည်းကောင်း ရှိနေကြပေသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်တွင် သူတို့သည် မြို့လယ်သို့ ကူးသန်းသွားလာရောင်းဝယ်ဖောက်ကားနိုင်ခဲ့သည်၊ ဆိုင်ခင်းဈေးရောင်းနိုင်ခဲ့ကြသည်၊ ဆရာဝန်ထံ သွားရောက်ဆေးဝါး ကုသနိုင်ကြသည်၊ ကလေးငယ်များကို စာသင်ကျောင်းသို့ ပို့နိုင်ခဲ့ကြသည်။ ယခုအခါတွင်မူ အကန့်အသတ်နှင့်သာ ပြုလုပ်ဆောင်ရွက်ရသော အခြေအနေဖြစ်နေ၏။ ၂ ကီလိုမီတာပတ်လည် ခြေရာခွက် ဘ၀လေးထဲအတွင်း ပိတ်လှောင်ခံထားရပါသည်။

    ၂၀၁၂ ခုနှစ် ဇွန်လ၌ ပထမဆုံးပိတ်ဆို့မှု စတင်ချိန်ကပင် ရပ်ကွက် စွန့်ခွာသူများထဲလည်း မပါဝင်၊ အနီးအနားဆိုင် တစ်ဆိုင်တွင် အလုပ်ဝင်နေသော သားဖြစ်သူ၏ မစို့မပို့ လုပ်ခဖြင့် ရပ်တည်နေရသည့် အသက် ၆၅ နှစ်အရွယ် အဗ်ဒုလ် ရဟီးမ်က “ တစ်ချိန်က ကျွန်တော်ဟာ ကြက်ဥရောင်းဖို့ ဈေးကို နေ့စဉ်သွားခဲ့သူပါ။ အခုတော့ တစ်နေကုန် စိတ် မချမ်းသာစွာနဲ့ ထိုင်မှိုင်တွေဝေနေရသူ ဖြစ်နေပါတယ် ” ဟု ပြောဆိုပါသည်။

    ဆေးရုံတင်ရန် လိုအပ်လာသောအခါ ရပ်ကွက်သားများက အာဏာပိုင်များထံ ထွက်ခွင့်တောင်းခံရသည်။ သေရေးရှင်ရေး အနေအထားရောက်မှ သာလျှင် ခွင့်ပြုပေးလေ့ရှိကြသည်။ အသက် ၈၇ နှစ်အရွယ်ရှိ ဦးကာစင်သည် သွေးတိုးရောဂါ ခံစားရပြီး ခြေထောက်၌ ရေနာစွဲကပ်နေသော်လည်း ဘူမိရပ်ကွက်ကျောဖက် သဲချောင်းဒုက္ခသည် စခန်းအစွန်ပိုင်းရှိ မွတ်စ်လင်မ်များ ရှိရာဆေးခန်းသို့ပင် သွားရောက်ပြသရန် အခွင့် မသာခဲ့ချေ။

    တားဆီးဂိတ်မှ ရဲတပ်သားသည် အနီးသို့ ကပျာကယာလျှောက်လာပြီး – အကယ်၍ ရိုဟင်ဂျာတို့သည် စစ်တွေမြို့တွင်းသို့ ၀င်ပါက ရခိုင်လူမျိုးတို့၏ တိုက်ခိုက်မှုကို ကြုံတွေ့ရလိမ့်မည်ဟု စိတ်လက်မပါစွာဖြင့် နားချခဲ့လေသည်။

    မြန်မာနိုင်ငံ၌ ရိုဟင်ဂျာတို့သည် မျိုးဆက် အလီလီ မှီတင်းနေထိုင်လာကြသော်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများ ဟူသော မခိုင်မာသည့်စွဲချက်ဖြင့် နိုင်ငံတော်၏ တရားဝင်တိုင်းရင်းသား ၁၃၅ အုပ်စုစာရင်း၌ ထည့်သွင်းခြင်း မခံကြရပေ။ နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခံရသည့် အပြင် ထိမ်းမြားမှု၊ အလုပ်အကိုင်၊ ဆေးဝါးကုသခံယူမှု၊ ပညာရေး နှင့် နိစ္စဓူဝလုပ်ငန်းများအပေါ် ပြင်းထန်စွာ တင်းကြပ်ခံထားရသည်။ ဤလူ့အဖွဲ့အစည်းကို ကုလသမဂ္ဂမှ “အကြွင်းမဲ့ အပစ်ပယ်ခံများ” ဟု ခေါ်ဆိုသတ်မှတ်လိုက်ပြီဖြစ်၏။

    နှစ်ဖက်လူ့အဖွဲ့အစည်းအပြန်အလှန် သဟဇာတဖြစ်ရေးကို ပြန်လည်တည်ဆောက်ရန် နိုင်ငံတော် အစိုးရ၏ ဦးဆောင်ကြိုးပမ်းချက် မရှိခြင်းနှင့်အတူ အာဃာတ တရားများမှာလည်း ပိုမိုကြီးမား မာကျောလာလျက် ရှိနေသည်။

    ရခိုင်အမျိုးသားတိုးတက်ရေး ပါတီ  Rakhine Nationalities Development Party (RNDP) ၏ အမာခံအဖွဲ့သားဖြစ်သူ ခိုင်ကျော်မိုးက မိမိ၏ အမျိုးသားများမှာ ကာလရှည် ဒုက္ခခံခဲ့ရသည့် ပါလက်စတိုင်း လူမျိုးများနှင့် မဆီလျော်စွာ နှိုင်းယှဉ်ပြခဲ့သည်။ ရိုဟင်ဂျာများမှာ ပါလက်စတိုင်း ပိုင်နက်အတွင်း အိမ်ယာတိုးချဲ့ တည်ဆောက်နေသည့် အစ္စရေးများကဲ့သို့ဖြစ်ကြောင်း၊ အကယ်၍ မိမိတို့၏ အာဏာပိုင်က ပျော့ညံ့နေပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ နားလည်မှုမပေးနိုင်ပါလျှင် ရခိုင်ပြည်နယ်သည် အနောက်ဖက်ကမ်းခြေဒေသအလား ရှင်းမရနိုင်သော ပဋိပက္ခများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သူက ဆိုသည်။ ဖယ်ထုတ်ခံရပြီး အကြောက်လွန်နေရှာသည့် ရိုဟင်ဂျာတို့အား အင်အားကောင်းလှသော အစ္စရေးတို့နှင့် နှိုင်းယှဉ်ပြလိုက်ခြင်းက ယုတ္တိမဲ့ ဟာသတစ်ရပ် ဖြစ်သွားပါသည်။ စင်စစ်မှာမူ အငြိုးကြီးစွာ ပုံဖော်မှုသာ ဖြစ်ပါ၏။

    ရိုဟင်ဂျာများမှာ အခြား ဘာသာတရားများကို နားလည်မှုပေးနိုင်သည်အထိ ဒုက္ခသည်စခန်းများ အတွင်း၌သာ နေထိုင်သင့်ကြောင်း စစ်တွေမြို့ကျောင်းအုပ် တစ်ဦးက ပြောလေသည် (ရိုဟင်ဂျာများသည် အစ္စလာမ့် အစွန်းရောက် လမ်းစဉ်ဖက် ယိမ်းနေသူများ အဖြစ် ရခိုင်လူမျိုးတို့မှ ယိုးမှတ်ကြောက်ရွံ့နေကြသည်)။ အကယ်၍ မွတ်စ်လင်မ်တို့နှင့် အဆက်အသွယ် ရှိနေသေးကြောင်း သူ့ကျောင်းသားများ၏ မိဘတို့မှ တွေ့မြင် သိရှိသွားသော် သူတို့၏ ကလေးငယ်များအား ကျောင်းမှ ထုတ်ယူသွားမည်ကို အကြီးအကျယ်စိုးရိမ်သဖြင့် ထိုသူသည် မိမိ၏ မွတ်စ်လင်မ် မိတ်ဆွေဟောင်းတို့နှင့် အဆက်အသွယ်ဖြတ်လိုက်ရပါသည်။

    ရိုဟင်ဂျာများအဖို့ လူမှုဖယ်ကြဉ်မှု နှင့် ချိုးနှိမ်ခွဲခြားမှုကို ခါးစည်းခံနေကြရသည်။ သဲချောင်းစခန်းတွင် အကာအရံမဲ့ မစင်တွင်းများ၊ မြောင်းများနံဘေးဝယ် ကလေးငယ်များက အ၀တ်မပါဗလာကိုယ်ဖြင့် သွားလာနေကြ၏။ သူတို့၏ ဗိုက်ပူနံကားအသွင်များက အာဟာရချို့တဲ့ခြင်း၏လက္ခဏာကို ထင်ရှားစွာ ပြသနေသည်။ ကူညီကယ်ဆယ်ရေးလုပ်သားများ၊ ဂျာနယ်လစ်များ၊ သံတမန်များသည် တစ်နှစ်ခွဲတာကာလအတွင်း ဒုက္ခသည် စခန်းများသို့  ရောက်ဖူးကြပြီး ဖြစ်သည့် တိုင်အောင် စိုးစဉ်မျှပင် အပြောင်းအလဲ မရှိသေး။ ၎င်းတို့၏ တာပေါ်လင် မိုးကာတဲများသည် ပင်လျှင် လျော့တိလျော့ရဲဖြစ်ကာ တွန့်ကြေဆွေးမြေ့လာပေပြီ။

    များမကြာသေးမီက ယင်းအမိုးများအောက်သို့ မိသားစု အချို့သည် ဒုက္ခသည်များ အဖြစ် ရောက်ရှိလာကြသည်။ ရောက်ရှိလာသူများ အနက် အချို့မှာ အကြမ်းဖက်မှုကို တိုက်ရိုက်ခံစားရသည့် သားကောင်များ မဟုတ်ကြ။ ဇန္န၀ါရီလဆန်းပိုင်း မောင်းတောမြို့တွင်ဖြစ်ပျက်ခဲ့သကဲ့သို့ မိမိတို့ခံစားရမှာ စိုးကြောက်နေသူများဖြစ်ကြသည်။ သူတို့အနေနှင့် မလေးရှားသို့သော် လည်းကောင်း၊ အခြားဒေသများသို့သော် လည်းကောင်း ခိုလှုံသူများအဖြစ် ၀င်ရောက်နိုင်ရေးအတွက် ပင်လယ်ပြင်ဖက်ရှေ့ရှုကာ ကိုယ်ပိုင် စွန့်စားခန်း ဖွင့်လှစ်ကြပေတော့မည်။ ဤသည်မှာ ရခိုင်လူမျိုးတို့၏ လိုလားချက်အတိုင်း အကြိုက်ဆောင်ရာ ဖြစ်နေပါတော့သတည်း။

    မူရင်းဆောင်းပါး – Burma’s Rohingya Are Now Being Forced to Live in Squalid Ghettos Watched by Guards
    ဘာသာပြန် – မြင့်မိုရ်မောင်မောင်
    Paula Bronstein / Getty Image

  • နယူးယောက်တွင် အီးဒ်နေ့များနှင့် တရုတ်နှစ်ကူးတို့အား ကျောင်း ပိတ်ရက်ဖြစ် သတ်မှတ်

    နယူးယောက်တွင် အီးဒ်နေ့များနှင့် တရုတ်နှစ်ကူးတို့အား ကျောင်း ပိတ်ရက်ဖြစ် သတ်မှတ်

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
    M-Media
    AFP-Getty-Images-Mustafa-Ozer-Getty-Images
    – အစ္စလာမ် ဘာသာဝင်တို့၏ အီးဒ်နေ့များနှင့် တရုတ်နှစ်ကူး ပွဲတော်များတွင် မြို့တော်အတွင်းရှိ စာသင်ကျောင်းများ ပိတ်ရက်အဖြစ် သတ်မှတ်ရန် အတွက် နယူးယောက် မြို့တော်ဝန်က ကြေညာခဲ့သည်ဟု သိရသည်။

    ယခုတစ်ပတ်အတွင်း ကြေညာခဲ့ခြင်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်တို့၏ ပွဲတော်များဖြစ်သည့် အီဒွလ်ဖီသိရ်၊ အီဒွလ် အသွဟာနေ့များနှင့် တရုတ် လူမျိုးများ၏ နှစ်သစ်ကူး အခါသမယကို အသိအမှတ်ပြုခဲ့ခြင်းလည်းဖြစ်သည်။ သို့သော်လည်း နယူးယောက်မြို့ရှိ တောင်အာရှသားများ အကြား လူကြိုက်များသည့် ဒီပ၀ါလီ ပွဲတော်အတွက် ထည့်သွင်းပြောကြားသွားခြင်း မရှိချေ။

    “ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အားလုံး စုစည်းဖို့ပါ။ ကျွန်တော် ခဏခဏပြောပါတယ်။ ကျွန်တော်တို့ အချိန်ယူရပါလိမ့်မယ်။ ကျောင်းရဲ့ အချိန်ဇယားတွေ၊ ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီးတော့ ဒါ(ပိတ်ရက်တွေ)ဟာ သိပ်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်လျော်တဲ့ အချိန်ဇယားအတွင်းမှာ ဒါကို ကျွန်တော်ဖြစ်စေ ချင်တာပါ” ဟု WNYC ရေဒီယို၏ အစီအစဉ် တစ်ခုတွင် မြို့တော်ဝန် Bill De Blasio က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ပိတ်ရက်များ သတ်မှတ်ပေးခြင်းနှင့် ပတ်သက်၍ အမေရိကန်-အစ္စလာမ် ဆက်ဆံရေး အဖွဲ့မှ ချီးကျူးပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ကျောင်းတွေမှာ အီးဒ်နေ့အတွက် ကျောင်းပိတ်ရက်ရပါပြီ။ နယူးယောက်မှာရှိတဲ့ မွတ်စလင် လူ့အဖွဲ့အစည်းကတော့ ကျေနပ်နေကြပြီး ကျွန်တော်တို့ရဲ့ကလေးတွေဟာလည်း ကျောင်းပဲ တက်ရမလား၊ အီးဒ်ပွဲတော်ကိုပဲ ဆင်နွှဲရမလားဆိုတာ မရွေးချယ် ရတော့ပါဘူး” ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးစင်တာ(နယူးယောက်)မှ အမှုဆောင်ဘုတ်အဖွဲ့ဝင် Zead Ramadan က ပြောကြားခဲ့သည်။

    နယူးယောက်မြို့ အဏ္ဍာရေးရုံး၏ နှစ်စဉ်အစီရင်ခံစာအရ နယူးယောက်မြို့ရှိ ပြည်သူများမှာ ဘာသာစကား ၁၈၅ မျိုး အသုံးပြုလျက်ရှိပြီး မြို့တွင်းရှိကျောင်းများတွင် တက်ရောက်နေကြသော ကျောင်းသားများ၏ ၄၂ ရာခိုင်နှုန်းမှာ အင်္ဂလိပ်စကားကို ဒုတိယ ဘာသာစကားဖြစ် သုံးစွဲကြသည့် ကျောင်းသားများ ဖြစ်ကြသည်ဟု သိရသည်။

    Ref: NBC

    Image – AFP

  • အစ္စရေး၏ စစ်မှူ မထမ်းမနေရ ဥပဒေအား အော်သိုဒေါ့စ်ဂျူးများ ကန့်ကွက်

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
    M-Media
    201427028221734_20
    – စစ်တပ်ထဲသို့ မ၀င်မနေရ ဥပဒေပြဌာန်းမှုကို ဆန့်ကျင်သောအနေဖြင့် အစ္စရေးရှိ အော်သိုဒေါ့စ်ဂျူးများက လမ်မများကို ပိတ်ကာ ဆန္ဒပြခဲ့ကြပြီး၊ အစ္စရေး ရဲတပ်ဖွဲ့ကလည်း မီးခိုးဗုံးများကို အသုံးပြုကာ ပြည်လည် တုံ့ပြန်ခဲ့သည်ဟု သိရသည်။

    ဘာသာရေး ယုံကြည်မှုအရ စစ်မှုထမ်းခြင်းမရှိသော အော်သိုဒေါ့စ်ဂျူးများ၏ ဘာသာရေးကျောင်းများရှိ ကျောင်းသားများအား စစ်ထဲသို့ မ၀င်မနေရဟု တရားရုံးချုပ်မှ ဥပဒေပြဌာန်းပြီးနောက် ဖေဖော်ဝါရီ ၆ ရက် (ယမန်နေ့) တွင် အော်သိုဒေါ့စ်ဂျူးများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ထိုဆုံးဖြတ်ချက်မှာ လောကီရေးကို အလေးပေးသော လူများစု ဂျူးများနှင့် ဘာသာရေးကို အလေထားသော လူနည်းစု ဂျူးများအကြား နက်ရှိုင်းသော ကွဲလွဲချက်လည်း ဖြစ်လာခဲ့သည်။

    အရွယ်ရောက်ပြီးသော အစ္စရေးနိုင်ငံသား အမျိုးသားတိုင်း စစ်တပ်ထဲသို့ အနည်းဆုံး ၄ နှစ် ၀င်ရောက်အမှုထမ်းရန် ဥပဒေပြဌာန်းထေားပြီး ယခင်က အော်သိုဒေါ့စ်ဂျူးများမှာ ၎င်းတို့၏ ဘာသာရေးယုံကြည်ချက်အရ ထိုဥပေဒအား ကင်းလွတ်ခွင့်ရခဲ့သည်။

    သို့သော်လည်း ပြီးခဲ့နှစ်ရွေးကောက်ပြီးနောက်ပိုင်း တက်လာသည့် အစိုးရသစ်က ရှိနေသည့် စစ်မှူထမ်းဥပေဒအား ပြင်ဆင်ခဲ့ပြီး နိုင်ငံသားတိုင်း စစ်မှူထမ်းရမည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

    အော်သိုဒေါ့စ်ဂျူးများကမူ ထိုဥပဒေအား လက်ခံခြင်းမရှိဘဲ ထိုကဲ့သို့ ပြုလုပ်ပါက ၎င်းတို့၏ လူငယ်များအနေဖြင့် လောကီရေးကို ပိုမိုအားစိုက်လာပြီး ဘာသာရေးအလေးထားမှုကို ပျက်စီးသွားစေနိုင်သည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးနိုင်ငံ၏ ၈ သန်းသော လူဦးရေ၏ ၈ ရာခိုင်နှုန်းမှာ အော်သိုဒေါ့စ်ဂျူးများ ဖြစ်ကြပြီး၊ ဘာသာရေးကိုင်းရှိုင်းကြသူများဖြစ်ကြကာ လောကီရေးများတွင် ၀င်ရောက်ဆောင်ရွက်ခြင်းမရှိကြချေ။

  • BBC: ဒုချီးရားတန်း ကိစ္စ စုံစမ်းဖို့ HRW ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    BBC (မြန်မာပိုင်း)
    DSC_0015 copy
    မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း အကြမ်းဖက်မှုမှာ လူသေဆုံးမှု ရှိခဲ့ပြီး ဆိုးရွားတဲ့ ဖြစ်ပျက်မှုတွေ ရှိခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောပါတယ်။

    ဂြိုဟ်တုက ရတဲ့ အထောက်အထားတွေ၊ မျက်မြင်သက်သေတွေနဲ့ အစီရင်ခံစာတွေပေါ် မူတည်ပြီး ပြောတာလို့ ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

    ရခိုင် ကိစ္စမှာ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုဖို့ အစိုးရကို တောင်းဆိုထားတယ်လို့လည်း HRW က ပြောပါတယ်။

    အခု ခရီးစဉ်အတွင်း HRW က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကထက် ပိုမို တိုးတက်လာတယ်လို့ အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ Kenneth Roth က ပြောပါတယ်။

    ဓါတ်ပုံ အညွှန်း- HRW က သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံစဉ်
    Photo- ပြန်ကြားရေး

    http://www.bbc.co.uk/burmese/burma/2014/02/140206_hrw_rakhine_evidence.shtml