News @ M-Media

Author: M-Media

  • ထိုင်းနိုင်ငံ Pattaya Open တင်းနစ်ပြိုင်ပွဲတွင် မာကာရိုဗာဗိုလ်စွဲ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    Ekaterina-Makarova-o_3076996
    – ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် WTA Pattaya Open တင်းနစ်ပြိုင်ပွဲတွင် ချက်တင်းနစ်မယ် ရုရှားတင်းနစ်မယ် အီကတရီနာ မာကာရိုဗာက အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ဗိုလ်လုပွဲကို စနေနေ့က ကစားခဲ့ရာ မာကာရိုဗာမှာ ချက်တင်းနစ်မယ် ကာရိုလိုင်း ပလစ်ကိုဗာအား ၆-၃၊ ၇-၆(၉-၇) ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပထမပွဲငယ်တွင် အမှတ်ပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း မာကာရိုဗာမှာ ဒုတိယပွဲငယ်တွင် အကြိတ်အနယ် ကစားခဲ့ရပြီး တိုင်းဘရိတ်ရိုက်ကာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
    ထိုဆုဖလားမှာ အသက် ၂၅ နှစ်အရွယ် မာကာရိုဗာ၏ ကစားသမားသက်တမ်းတစ်လျှောက် ဒုတိယမြောက် ဆုဖလားလည်းဖြစ်သည်။

  • ချယ်ဆီးပွဲ အရှုံးမှ ပြန်လာမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    365970_heroa
    – ချယ်ဆီးအသင်းအား အီတီဟတ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ထိုအရှုံးက အသင်း၏ လာမည့်ပွဲစဉ်များအတွက် အကျိုးသက်ရောက်မှုရှိနိုင်သည်ဆိုသည့် မှတ်ချက်များအား မန်စီးတီးနည်းပြ ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။

    မန်စီးတီးအသင်းမှာ ပြိုင်ပွဲအားလုံးတွင် နောက်ဆုံးကစားခဲ့သည့် ပွဲ ၂၀ တွင် ၁၉ ပွဲအထိအနိုင်ရခဲ့ပြီး၊ ယမန်နေ့က ကစားခဲ့သောပွဲတွင် ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ချယ်ဆီးနောက်တန်းအား ထိထိရောက်ရောက်ထိုးဖောက် နိုင်ခြင်းမရှိဘဲ အရှုံးပေးခဲ့ရသည်။

    ထိုပွဲမှာ ချယ်ဆီးအသင်းအတွက် အဆုံးအဖြတ်ပွဲဖြစ်ခဲ့ပြီး၊ မိမိတို့အတွက် ခက်ခဲပြီး အရေးကြီးသော ပွဲဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည့် ပယ်လီဂရီနီက

    “အဂူရို၊ နာဆရီ၊ ဖာနန်ဒင်ဟိုနဲ့ ဂျာဗီ ဂါစီယာတို့ မပါဝင်ဘဲ ကစားရတာ ခက်ခဲခဲ့ပါတယ်။ ဖနန်ဒင်ဟို မပါတာကတော့ ဆုံးရှုံးမှုပါပဲ” ဟု ဆိုသည်။

    ထို့ပြင် ထိုပွဲတွင် ချယ်ဆီးအသင်းအနေဖြင့် အကောင်းဆုံး ကစားနိုင်ခဲ့ကြောင်း၊ မိမိတို့အသင်း ရှုံးနိမ့်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် အကောင်းဆုံး ပြန်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ယခုပွဲအရှုံးမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း မန်စီးတီးအနေဖြင့် အိမ်ကွင်း ရဂိုးမရှိဘဲ ပထမဦးဆုံး ရှုံးနိမ့်ခြင်းလည်းဖြစ်သည်။

  • ၁၉၈၄ ခုနှစ်က ဆစ်ခ်တို့၏ Golden Temple ဘုရားကျောင်း တိုက်ခိုက်ဖို့ အိန္ဒိယကို ဗြိတိန် အကြံဥာဏ်ပေးခဲ့

    ဖေဖော်ဝါရီလ ၄၊ ၂၀၁၄
    M-Media

    BlueStar-1 copy

    – ဆစ်ခ်ခွဲထွက်ရေးသမားများအား နှိပ်ကွပ်ရန်အတွက် အိန္ဒိယနိုင်ငံအနောက်ပိုင်း Amritsar မြို့ရှိ ဆစ်ခ် ဘာသာဝင်များ အထွဋ်အမြတ်ထားရာ Golden Temple ဘုရားကျောင်းတွင် ၁၉၈၄ ခုနှစ်ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား ပြုလုပ်ရန် ဗြိတိန်မှ အကြံဥာဏ်ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရှိရသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟော့ဂ်က ယနေ့တွင် ပြောကြားခဲ့သည်။

    ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သည် မာဂရက်သက်ချာက ထိုတိုက်ခိုက်မှုကိုပြုလုပ်ရန် အတွက် အိန္ဒိယကို အကြံပေးရန် ဗြိတိန် အထူးလေတပ်မှ အရာရှိ တစ်ယောက်အား စေလွှတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုဘုရားကျောင်း တိုက်ခိုက်မှုအား ပြန်လည် စစ်ဆေးရန် ပြီးခဲ့သည့်လက ၀န်ကြီးချုပ် ကင်မရွန်းမှ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    “ယူကေရဲ့ ကူညီမှုကတော့ (အဆိုပါတိုက်ခိုက်မှု ပြုလုပ်ဖို့) အကြံပေးခဲ့ခြင်းပါ။ အဲဒီအကြံပေးမှုဟာ သုံးလကြာတဲ့အခါ အဲဒီဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ ၀မ်းနည်းဖို့ကောင်းတဲ့ အဖြစ်အပျက် အတွက် အတိုင်းအတာ တစ်ခုအထိ သက်ရောက်ခဲ့ပါတယ်” ဟု ၀ီလီယံဟော့ဂ်က လွှတ်တော်သို့ ပြောကြားခဲ့သည်။

    ၁၉၈၄ ခုနှစ် ဇွန်လ ၃ ရက်မှ ၈ ရက်နေ့ အထိ ဖြစ်ပွားခဲ့သည့် Golden Temple ဆစ်ခ်ဘုရားကျောင်း တိုက်ခိုက်မှုအား ၀န်ကြီးချုပ် အင်ဒရာဂန္ဒီ၏ အမိန့်ဖြင့် အိန္ဒိယ အစိုးရမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆစ်ခ် ခွဲထွက်ရေးသမားများအား နှိမ်နင်းခြင်းဟု ခေါင်းစဉ် တပ်ခဲ့သည်။ ဘုရားကျောင်းအတွင်း ပွဲတော် ကျင်းပနေချိန် တင့်ကားများ၊ ရဟတ်ယာဉ်များ၊ အမြောက်များ အသုံးပြုကာ တိုက်ခိုက်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သား ၄၉၂ ဦး သေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုများအရ အရပ်သားသေဆုံးမှုမှာ ၅၀၀၀ ခန့်အထိ ရှိနိုင်သည်ဟု သိရသည်။

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Google ရဲ့ အရောင်းအဝယ်

    Google ဟာ Artificial Intelligence (တွေးခေါ်ဉာဏ်ရည်ရှိသော ကွန်ပျူတာ) နည်းပညာတွေ သုတေသနပြုနေတဲ့ DeepMind ကုမ္ပဏီကို ဒေါ်လာသန်း ၄၀၀ နဲ့ ပြီးခဲ့တဲ့ အပါတ်က ဝယ်ယူခဲ့ပါတယ်။

    DeepMind ဟာ လန်ဒန်မြို့က ဖြစ်ပြီး ဦးနှောက်ရဲ့ နူရိုသိပ္ပံကို အခြေခံတဲ့ ကွန်ပြူတာကိုယ်တိုင်က သင်ယူနားလည်နိုင်တဲ့ ပရိုဂရမ်တွေ ရေးသားတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။

    ဂူးဂဲလ်ကတော့ စက်ရုပ်တည်ဆောက်တာနဲ့ ပါတ်သတ်တဲ့ ကုမ္ပဏီတွေ ဆက်တိုက်ဆိုသလို ဝယ်ယူနေတာ တွေ့ရပါတယ်။ နောက်ဆုံး အနေနဲ့ DNN research ကုမ္ပဏီ, Wavii ကုမ္ပဏီ နဲ့ Boston Dynamics တို့ကိုဝယ်ယူခဲ့ ပါတယ်။

    ဂူးဂဲလ်က သူဝယ်ထားတဲ့ Motorola ရဲ့ လက်ကိုင်ဖုန်း ထုတ်လုပ်တဲ့ လုပ်ငန်းကိုတော့ Lenovo ကို သန်း ၂,၉၁၀ နဲ့ ရောင်းချခဲ့ပါတယ်။ ဝယ်ယူစဉ်က သန်း ၁၂,၅၀၀ ဖြစ်ပေမယ့် အခု သန်း၂,၉၁၀ နဲ့ ရောင်းတယ်ဆိုတာ Motorola ရဲ့ မူပိုင်ခွင့်တွေ ရောင်းတဲ့ထဲ မပါလို့ ဖြစ်ပါတယ်။ ဒါကြောင့် Motorola ရဲ့ မူပိုင်ခွင့်တွေ ဟာ သန်း၉,၅၉၀ တန်တဲ့ သဘော ဖြစ်ပါတယ်။

    Google Travel Deal
    _______________________________
    Microsoft Windows 8.1 update

    Microsoft က Windows 8.1 အတွက် update အသစ်ထုတ်ပေးတော့မှာ ဖြစ်ပြီး ဒီတစ်ခေါက် update မှာ Windows 7 အထိ သုံးခဲ့တဲ့ desktop ကို defult အဖြစ်ပြန်ထားပေးသွားမှာ ဖြစ်ပါတယ်။

    Microsoft ဟာ Windows 8 ကို ထုတ်ခဲ့စဉ်က touch screen နဲ့ သုံးတဲ့အခါ အဆင်ပြေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ Metro UI ကို defult အဖြစ် ပြောင်းလဲခဲ့တဲ့အတွက် လူကြိုက်နည်းခဲ့ပြီး Windows 8.1 မှာdefult ကို စိတ်ကြိုက် ပြောင်းနိုင်အောင် စီစဉ်ပေးခဲ့ရပါတယ်။

    4
    _______________________________
    အကြားအာရုံ မသန်စွမ်းသူတွေအတွက် bionic နားကို 3D printer နဲ့တည်ဆောက်

    Princeton University ကသုတေသီ Manu Mannoor နဲ့ Michael McAlpine တို့ဟာ ပုံမှန်နား မကြားနိုင်တဲ့ အသံတွေကို ကြည်လင်စွာ ကြားနိုင်တဲ့ bionic နား အတု ပြုလုပ်ဖို့ ပထမ ခြေလှမ်းအဖြစ် 3D printer ကို အသုံးပြုပြီး သက်ရှိဆဲလ်နဲ့ နာနို အမှုန်လေးတွေ ပေါင်းစပ်ပြီး နားပုံ သဏ္ဌာန် တည်ဆောက်နိုင်ခဲ့ပါတယ်။

    ‘ဒီနားထဲမှာ ရေဒီယို လှိုင်းတွေကို ဖမ်းယူနိုင်မယ့် အီလက်ထရောနစ် ကိရိယာကို မြုပ်နှံ တည်ဆောက်ခဲ့ပါတယ်။ တည်ဆောက်ပြီးနားကို ဖန်ပြွန်ထဲမှာ ရှင်သန်စေပြီး အရိုးနု ဖြစ်လာစေခဲ့ပါတယ်။

    နောင်တစ်ချိန်မှာ အကြား အရုံကြောနဲ့ ချိတ်ဆက်ပြီး ခန္ဒာကိုယ်မှာ တပ်ဆင်နိုင်ဖို့ ဆက်လက်သုတေသန ပြုသွားမယ်လို့ သိရပါတယ်။

    1
    _______________________________
    ဆီးရီးယား ဟက်ကာအဖွဲ့ eBay နဲ့ PayPal ဝက်ဘ်ဆိုက်တွေကို ထိန်းချုပ်

    စနေနေ့က ဆီးရီးယား ဟက်ကာ အဖွဲ့ ဖြစ်တဲ့ Syrian Electronic Armyဟာ eBay နဲ့ PayPal ဝက်ဘ်ဆိုက်တွေကို ထိန်းချုပ်ပြီး မူရင်း ကုမ္ပဏီတံဆိပ်တွေအစား သူတို့ရဲ့ တံဆိပ်နဲ့ ပြောင်းလဲခဲ့ပါတယ်။

    ‘ဒါပေမယ့် သူတို့ရဲ့ အဖွဲ့ဟာ hacktivist (လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသော ဟက်ကာ) တွေသာဖြစ်တဲ့အတွက် PayPal အသုံးပြုသူတွေရဲ့ ဘဏ်စုငွေ တွေကို မထိခိုက်ခဲ့ဘူလို့ အဖွဲ့ဝင် Th3 Pr0 ဆိုပါတယ်။

    SEA အဖွဲ့ဟာ ဒီဝက်ဘ်ဆိုက်တွေကို အတွင်းကျကျ ဝင်ရောက်နိုင်ခဲ့တဲ့ သက်သေအဖြစ် Site Admin တွေသာ ဝင်ရောက်တိုင်တဲ့ control panel ရဲ့ screenshot တွေကို သူတို့ရဲ ဆိုက်မှာ ပြသခဲ့ပါတယ်။

    3
    _______________________________
    GoPro ရဲ့ ဗွီဒီယို

    ဗွီဒီယို ကင်မရာတွေ ထုတ်လုပ်တဲ့ GoPro ဟာ ကမ္ဘာ့အပေါ်ဆုံး လေထု အလွှာကနေ ခုန်ချခဲ့တဲ့ Felix Baumgartner ရဲ့ ခန္ဒာကိုယ်မှာ တပ်ဆင် ထားတဲ့ GoPro ကင်မရာက ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုကို အများပြည်သူ ကြည့်ရှုနိုင်အောင် youtube မှာ တင်ပေးခဲ့ပါတယ်။

    Felix Baumgartner ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်က မြေပြင်အထက် ၁၄မိုင်ခန့် အမြင့်ကို မီးပုံးပျံနဲ့ တက်ရောက် ခုန်ချခဲ့ရာမှာ အသံထက် ၁.၂၅ဆ မြန်တဲ့ အရှိန်နဲ့ ကျဆင်းခဲ့ကာ စံချိန်တင်နိုင်ခဲ့ပါတယ်။

    ဗွီဒီယိုကို http://www.youtube.com/watch?v=dYw4meRWGd4 မှာ ကြည့်ရှုနိုင်ပါတယ်။

    2
    ————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက် မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • အဝေးကွင်းမှာ မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံဆု အတွက် သံချောင်း ခေါက်လိုက်တဲ့ ချယ်ဆီး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    ကြောက်စရာ မန်စီးတီးတိုက်စစ်ကို အကောင်းဆုံး နောက်တန်းနဲ့ ရင်ဆိုင် အနိုင်ယူခဲ့ပြီး ချန်ပီယံဆုအတွက် သံချောင်း ခေါက်လိုက်တဲ့ ချယ်ဆီး

    MCI-CHE-1314-ps20

    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ Match of the Week ဖြစ်တဲ့ ထိပ်ဆုံးက မန်စီးတီးနဲ့ ချယ်ဆီးတို့ရဲ့ ပွဲစဉ်ကို ယနေ့နံနက်က ကစားခဲ့ပြီး မန်စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ အိုင်ဗန်နိုဗစ်ရဲ့ ဂိုးနဲ့ မော်ရင်ဟိုရဲ့ ချယ်ဆီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။

    နောက်ပိုင်းပွဲတွေမှာ ဂိုးမြူးနေတဲ့ မန်စီးတီး တိုက်စစ်မှာ အဂူရို ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဇီကိုနဲ့ နီဂရီဒိုတို့ ပွဲထွက်ခဲ့ပါတယ်။ အလယ်တန်းမှာလည်း နာဆရီ မပါဝင်နိုင်ခဲ့ပါဘူး။

    မော်ရင်ဟိုကတော့ သူရဲ့ပုံစံအတိုင်း ခံစစ်ကို အကောင်းဆုံးပြင်ဆင်ခဲ့ပြီး တောရက်စ် မပါဝင်နိုင်တဲ့အတွက် တိုက်စစ်မှာ အီတူး၊ ၀ီလီယံနဲ့ ဟာဇာ့ဒ်တို့ကို တွဲပေးခဲ့ပါတယ်။ အသစ်ရောက်လာတဲ့ ကစားသမားတွေထဲမှာ ဆားဘီးယား အလယ်တန်း ကစားသမား မာတစ် ပရီးမီးယားလိဂ် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ကာ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကတော့ အရန်စာရင်းမှာပါခဲ့ပေမယ့် ၀င်ရောက်ကစားခွင့်မရခဲ့ပါဘူး။

    ပွဲအစကတည်းက အိမ်ရှင် မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပေမယ့် သိပ်သည်းလှတဲ့ ချယ်ဆီးနောက်တန်းကြောင့် ဂိုးပေါက်ကိုတော့ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ချယ်ဆီးကတော့ မာတစ်ရဲ့ ကွင်းလယ်မောင်းနှင်မှုနဲ့ အတူ ဘောလုံးပိုင်ဆိုင်မှု အားနည်းခဲ့ပေမယ့် မန်စီးတီးဘက်ကို ဂိုးသွင်းခွင့်တော်တော် များများရခဲ့ပြီး အပိုင်သုံးလုံးလောက် တိုင်ထိထွက်ခဲ့တာကြောင့် ၁ ဂိုးနဲ့သာ ကျေနပ်ခဲ့ရတာပါ။

    ချယ်ဆီးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၃၂ မိနစ်မှာ နောက်ခံလူ အိုင်ဗန်နိုဗစ်က ဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့ အပြင်း ကန်သွင်းယူခဲ့ပါတယ်။ ချယ်ဆီးဟာ နောက်ဆုံး ကစားတဲ့ ၈ ပွဲမှာ ၆ ပွဲအထိ ဂိုးမပေးရခဲ့ဘဲ၊ အခုပွဲဟာ လေးပွဲဆက်တိုက် ဂိုးမပေးရခြင်းလည်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲ ၂၀ မှာ ၁၉ ပွဲအထိ အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းကတော့ ၂၀၁၀ နောက်ပိုင်း အိမ်ကွင်းမှာ ပေးဂိုးမရဘဲ ပထမဆုံး ရှုံးနိမ့်ခဲ့ခြင်းပါ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ချယ်ဆီးနောက်ခံလူ ကာဟေးလ်က ဆွတ်ခူးသွားပါတယ်။

    ဒီပွဲအနိုင်ကြောင့် ချယ်ဆီးဟာ အာဆင်နယ်ထက် ၂ မှတ်လျော့၊ မန်စီးတီးနဲ့ အမှတ်တူ ဂိုးကွာချက်ကြောင့် တတိယနေရာမှာရှိနေခဲ့ပါတယ်။

    Photo-.premierleague.com