News @ M-Media

Author: M-Media

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇန်နဝါရီ ၁၃ ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဒီတစ်ပါတ် နည်းပညာသတင်းတွေမှာတော့ အမေရိကန်Las Vegas မြို့မှာ ကျင်းပတဲ့ Consumer Electronics Show (CES) မှ ထုတ်ဖေါ် ပြသကြတဲ့ ပစ္စည်း အသစ်တွေအကြောင်းက လွှမ်းမိုးထားပါတယ်။

    Panasonic, Samsung နဲ့LG တို့က ခလုပ်နှိပ်၍ လိုသလို ကွေးညွတ်နိုင်တဲ့ မျက်နှာပြင်နဲ့ ultra HD အရည်အသွေး ရှိတဲ့ ပုံထွက် အရည်အသွေး ရှိတဲ့ တီဗွီများကို ပြသခဲ့ပါတယ်။
    1

    Intel ကုမ္ပဏီ ကတော့ နည်းပညာ အသစ်များစွာ ပြသခဲ့ပါတယ်။ Intel ရဲ့ နည်းပညာသစ်တွေကတော့ − Laptop တစ်လုံးမှာ Windows နဲ့ Linux နှစ်မျိုး ထည့်သွင်းထားခဲ့ရင် ခလုပ် တစ်ချက်နှိပ်ရုံနဲ့ စက္ကန့်ပိုင်း အတွင်း OS  ပြောင်းလဲ ပေးနိုင်တဲ့ Dual OS နည်းပညာ ၊ Einstein လို့ အမည်ပေးထားတဲ့ နည်းပညာကတော့ Pentium အဆင့်ရှိတဲ့ ကွန်ပြူတာကို SD card အရွယ်ချုံ့ထားလို့ ဆိုပါတယ်။ ၎င်း Einstein chip ကို အိမ်သုံး ပစ္စည်း အမျိုးမျိုး နဲ့ လသားအရွယ် ကလေး အင်္ကျီမှာပါ ထည့်သွင်း အသုံးချပြခဲ့ပါတယ်။ ကလေး အင်္ကျီကို Nursery 2.0 လို့ အမည်ပေးထားပြီး ကလေးငယ်ရဲ့ လိုအပ်ချက်ကို အချက်ပြပေးမှာ ဖြစ်ပါတယ်။  Intel ရဲ့ထုပ်ကုန် အသစ်တွေမှာ Smart Earphone ၊ smart နာရီ တစ်မျိုးနဲ့ မိုဘိုင်လ်းဖုန်းတွေကို ထည့်ထားရုံနဲ့ အာသွင်းပေးမယ့် ပုဂံလုံး တစ်မျိုးလည်း ပါဝင်ပါတယ်။
    intel

    Sony ထုပ်ကုန် အသစ်တွေမှာ တော့ HDR-AS100V လို့ခေါ်တဲ့ မီးချစ်ဘူးအရွယ်ထက်နဲနဲသာကြီးတဲ့ ကင်မရာလေးတွ ဖြစ်ပါတယ်။ ဒီကင်မရာလေးတွေကို လက်မှာပတ်လို့ရတဲ့ screen ကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် Sony ထုပ်ကုန် ကတော့ ဦးခေါင်းပေါ်မှာ ဝတ်ဆင်နိုင်တဲ့ head-mounted display ဖြစ်ပါတယ်။ ဗွီဒီယိုဂိမ်း ကစားတဲ့အခါ virtual reality ခံစားခက်ကိုရနိုင်မှာ ဖြစ်ပါတယ်။ Sony ရဲ့ FDR-AX100 ဗွီဒီယို ကင်မရာငယ်လေးကတော့ 4K အရည်အသွေးရအောင် ရိုက်ကူးနိုင်ပြီး $၂၀၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

    Oledcomm ရဲ့ LiFi technology ကတော့  မိုဘိုင်လ်းဖုန်းတွေကို အလင်းရောင်နဲ့ အချက်အလက်ဆက်သွယ် ပို့လွှတ်နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ကား ကုမ္ပဏီAudi ကတော့ လေဆာမီးအားကို အသုံးချတဲ့ ကားမီးလုံး ဖြစ်ပါတယ်။ Vizio ရဲ့ 4K TV ကတော့ ၁၂၀ လက်မ ရှိတဲ့အတွက် Samsung ရဲ့ ၁၁၀ လက်မ 4K TV ကို သာလွန်ပြီး ဈေးနှုန်းအရလည်း ၉၉၉ဒေါ်လာ ဖြစ်တဲ့အတွက် ပိုမို သက်သာပါတယ်။   smart နာရီ ထုပ်လုပ်တဲ့ Pebble ကလည်း နာရီသစ် Pebble Steel ကို ပြသခဲ့ပါတယ်။
    pubble

    Neptune Pine ရဲ့ Smart Watch ကတော့ နာရီ သက်သက်သာမဟုတ်ပဲ Smart ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။၂.၅ screen နဲ့ android 4.1 ကို အသုံးပြုထားပြီး processor ကတော့ 1.2Ghz dual-core snapdragon ဖြစ်ပါတယ်။ 16GB ပမာဏနဲ့ဆို  $335 ဖြစ်ပြီး 32GB ဆိုရင် 395$  နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။  Neptune Pine မှာ ကျန်းမာရေးအတွက် နှလုံးခုန်နှုန်းလည်း တိုင်းတာပေးနိုင်ပြီး နာရီကဲ့သို့သာမက လက်ပတ်ကြိုးမှ ဖြုတ်ကာ နောက်ကြောမှ  ၅ mega pixel ကင်မရာနဲ့ ဓါတ်ပုံရိုက်ခြင်း ဖုန်းပြောခြင်း လုပ်နိုင်သလို အရှေ့ဘက်ကင်မရာနဲ့ web chat လည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိ model ထက် အဆင့်မြင့်တဲ့ model အသစ်ကို မတ်လခန့်မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
    Neptunepine
    Kolibree smart သွားတိုက်တံကတော့ ပုံမှန် သွားတိုက်တဲ့အခါမှာ သွားနဲ့ ခံတွင်းရဲ့  ကျန်းမာရေးအခြေအနေကို ဖုန်းမှာ ပြသပေးမှာဖြစ်ပါတယ်။ သွားတိုက်တဲ့ အလေ့အထနဲ့ မှန်ကန်တဲ့ သွားတိုက်နည်းအတွက် အကောင်းဆုံး လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။

    conn-brush

    −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

    အရိုးပွခြင်းရဲ့အဖြေကို ဆင်ငါးမန်းမှာရှာမည်

    Max Planck Institute of Immunobiology နဲ့ ဂျာမဏီက Epigenetics တို့ရဲ့ ပူးပေါင်းလေ့လာမှုအရ ဆင်ငါးမန်း ရဲ့ မျိုးရိုးဗီဇ ကိုနားလည်းခြင်းဖြင့် အရိုးပွရောဂါကို ကုသနိုင်မယ့် လမ်းစ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဆင်ငါးမန်းတွေရဲ့ ထူးခြားချက်ကတော့ T-helper lymphocytes တွေ မရှိခြင်းပဲ ဖြစ်ပါတယ်။ သာမန်သတ္တဝါတွေမှာ  T-helper cells တွေဟာ ခုခံအားစံနစ်အတွက် မရှိမဖြစ် ဖြစ်ပါတယ်။ အရိုးနုတွေနဲ့ အဓိက တည်ဆောက်ထားတဲ့ အရိုးအဆစ်တွေရှိတဲ့ ဆင်ငါးမန်းမှာ ရဲ့ မျိုးရိုးဗီဇကို ဆက်လက်လေ့လာပြီး အရိုးပွရောဂါကို ကုသနိုင်ဖို့ လမ်းစကို တွေရှိနိုင်တယ်လို့ ဆိုပါတယ်။
    shark

    ————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ဘန်ကောက်ကို ပိတ်ဆို့သည့် ဆန္ဒပြမှုများ အတိုက်အခံများ စတင်

    ဇန်နဝါရီ ၁၃၊ ၂၀၁၄
    M-Media
    201411361645315734_20
    – ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာအား ဖြုတ်ချရန် ဆန္ဒပြမှုများ အရှိန်မြှင့်သည့်အနေဖြင့် ဘန်ကောက်မြို့အား ပိတ်ဆို့ဆန္ဒပြမှုများ ပြုလုပ်ရန် အတိုက်အခံများက စီစဉ်ထားသည့်အတိုင်း ယနေ့တွင် စတင်ခဲ့ကြသည်ဟု သိရသည်။

    ယနေ့နံနက်ပိုင်းတွင် ထောင်ပေါင်းများစွာသော အတိုက်အခံများမှာ ‘ဘန်ကောက်မြို့ကို ပိတ်ပစ်’ ဟု စာတန်းများပါဝင်သည့် တီရှပ်များကို ၀တ်ဆင်ကာ အလံများ ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး၊ မြို့ရှိ အချက်အချာကြသည့် နေရာများအား သိမ်းပိုက်ခဲ့ကြသည်။

    “အနိုင်၊ အရှုံးကို ပဓာန မထားဘဲ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ။ တွေ့ဆုံ ဆွေးနွေးတာမျိုး မလုပ်သလို၊ ညှိနှိုင်းမှုတွေကိုလည်း လက်ခံမှာ မဟုတ်ပါဘူး” ဟု အတိုက်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်က ဆန္ဒပြသူများအား ယမန်နေ့ ညပိုင်းက ပြောကြားခဲ့သည်။ ဒုတိယ၀န်ကြီးချုပ်အဖြစ် ၂၀၁၀ ခုနှစ်က အစိုးရဆန့်ကျင် ဆန္ဒပြုသူများကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သောင်ဆူဘန်မှာ ယနေ့ပြုလုပ်မည့် ဆန္ဒပြပွဲကို ဦးဆောင်သွားမည်ဖြစ်သည်။

    ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများမှာ ၃ လနီးပါးရှိလာပြီဖြစ်ပြီး၊ စောစောပိုင်းတွင် ထိုင်းစစ်တပ်က နိုင်ငံရေးကိစ္စရပ်များတွင် မပါဝင်ဟုပြောဆိုထားသည်။ သို့သော်လည်း နောက်ပိုင်းတွင် အစိုးရနှင့် အတိုက်အခံများအကြား အမြန်ဆုံး နွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် ထိုင်းစစ်တပ် ခေါင်းဆောင်က တိုက်တွန်းခဲ့ပြီး အာဏာသိမ်းရန် ရှိ/မရှိမေးမြန်းခဲ့ရာ အခြေအနေကို စောင့်ကြည့် သွားမည်ဟု ပြောဆိုခဲ့သည်။

    Ref: aljazeera

  • သိရိလင်္ကာတွင် ဘုန်ကြီးများ ဦးဆောင်ပြီး ခရစ်ယာန် ဘုရားကျောင်းနှစ်ခုအား တိုက်ခိုက်

    ဇန်နဝါရီ ၁၃၊ ၂၀၁၄
    M-Media

    _42420533_sri_hikkaduwa_map203

    – သီရိလင်္ကာနိုင်ငံတောင်ပိုင်းရှိ ခရစ်ယာန် ဘုရားကျောင်းနှစ်ခုမှာ ယမန်နေ့က ဗုဒ္ဓဘာသာဝင် လူအုပ်စု၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ဟုသိရသည်။

    နိုင်ငံတောင်ပိုင်း ဟစ်ကာဒူဝါမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းနှစ်ခုတွင် ယမန်နေ့က တနင်္ဂနွေ ၀တ်ပြုဆုတောင်းမှုများပြုလုပ်နေစဉ် ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဦးဆောင်သည့် လူ ၂၀၀ ခန့်က ၀င်ရောက်ကာ ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ ထိုဘုရားကျောင်းနှစ်ခုမှာ Assembly of God ဘုရားကျောင်းနှင့် Calvary ဘုရားကျောင်းတို့ဖြစ်ကြပြီး ထိုဘုရားကျောင်းများအား တရားမ၀င် တည်ဆောက်ထားသည်ဟုဆိုကာ အကြမ်းဖက်သမားများက ၀င်ရောက်ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

    ထိုအကြမ်းဖက်သမားများမှာ ဘုရားကျောင်းတွင်းရှိ ပစ္စည်းများကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြပြီး ဓမ္မတေးသီဆိုရန်ထားရှိသည့် စန္ဒယားများ၊ ဂစ်တာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့ပြင် ဘုရားကျောင်းဘေးရှိ မီးရထားလမ်းပေါ်မှလည်း ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသောကြောင့် ၀တ်ပြုသူများမှာ ထွက်ပြေးခဲ့ရပြီး အသင်းအုပ်ဆရာတစ်ဦးအား ဗုဒ္ဓဘာသာဘုန်းကြီး တစ်ပါးက အသက်အန္တရာယ်ခြိမ်းခြောက်သည့် စကားဖြင့် အော်ဟစ်ဆဲဆိုခဲ့သည်။

    အခင်းဖြစ်ပွားနေချိန်တွင် ရဲတပ်ဖွဲ့က ရောက်ရှိလာခဲ့သော်လည်း မည်သည့် အရေးယူဟန့်တားမှုမျှ ပြုလုပ်ခဲ့ခြင်းမရှိဘဲ၊ တပ်ဖွဲ့အင်အားနှင့် လူအုပ်စုတို့မှာ အင်အား မမျှသည့်အတွက် အရေးမယူခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

    သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များမှာ လူနည်းစု ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကို ဦးတည်တိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့ကြပြီး၊ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဗလီဝတ်ကျောင်း အချို့ကိုလည်း တရားမ၀င် ဆောက်လုပ်ထားသည်ဟု စွပ်စွဲကာ ဖျက်ဆီးမှုများလည်း ရှိနေသည်။ သို့သော်လည်း ထိုကဲ့သို့ အကြမ်းဖက်မှုများအား အစိုးရမှ ထိရောက်သောအရေးယူမှုများ ပြုလုပ်ခြင်းမရှိချေ။

    Ref: dbsjeyaraj နှင့် ဘီဘီစီ(မြန်မာပိုင်း)

  • စိန့်ဂျိမ်းစ်ပ့ါက်မှာ အနိုင်ရခဲ့တဲ့ မန်စီတီး၊ လီဗာပူးလ်ဂိုး ပြတ်ခဲ့တဲ့ ပရီးမီးယားလိဂ် စူပါဆန်းဒေး ပွဲစဉ်များ

    ဇန်နဝါရီ ၁၃၊ ၂၀၁၄
    M-Media

    NEWMCI-1314-ps7

    ပရီးမီးယားလိပ်ပွဲစဉ် ၂၁ ရဲ့ လက်ကျန်ပွဲ ၂ ပွဲကို မနေ့က ကစားခဲ့ပြီး မန်စီးတီးနဲ့၊ လီဗာပူးလ်နှစ်သင်းစလုံး အနိုင်ရခဲ့ကြပါတယ်။ နယူးကာဆယ်အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ မန်စီတီး အနိုင်ရခဲ့တယ်ဆိုပေမယ့် အိမ်ရှင်အသင်းကို အပြတ်အသတ် အသာစီး ရယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ချယ်ဆီး၊ မန်ယူတို့ကို အနိုင်ကစားနိုင်ခဲ့တဲ့ နယူးကာဆယ် ဒီပွဲမှာလည်း ပွဲအစကတည်းက မန်စီးတီးအသင်း ဘက်ကို ဖိကစားနိုင်ခဲ့ပေမယ့် ၈ မိနစ်မှာ ဇစ်ကိုရဲ့ဂိုးနဲ့ မန်စီးတီးက ဦးဆောင်နိုင်ခဲ့တာပါ။ ပထမပိုင်းပြီးကာနီးမှာရရှိခဲ့တဲ့ တီယိုတီရဲ့ဂိုးကို ဒိုင်က ခွင့်မပြုခဲ့တာဟာ နယူးကာဆယ်အတွက် အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နယူးကာဆယ်တို့ ဂိုးရဖို့ကြိုးစားခဲ့သလို မန်စီးတီးအသင်းကလည်း ဂိုးရမယ့်အခွင့်အရေးတစ်ချို့ရရှိခဲ့ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပိုမှာ နီဂရီဒိုက တစ်ဂိုးထပ်သွင်းခဲ့တာကြောင့် ချယ်ဆီးတို့ အနိုင်သေချာစေခဲ့ပြီး ဇယားထိပ်ဆုံးမှာ တစ်မှတ်အသာနဲ့ရှိနေခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ကံဆိုးမှုတစ်ခုကတော့ ဒီပွဲမှာ အသင်းရဲ့ အားထားရတဲ့ အလယ်တန်းကစားသမား နာဆရီ ဒူးခေါင်းဒဏ်ရာ ရရှိသွားပြီး ဒဏ်ရာအခြေအနေဆိုးရွားနိုင်တယ်ဆိုတဲ့ သတင်းပါပဲ။

    လီဗာပူးလ်အသင်းကလည်း စတုတ်စီးတီးကွင်းမှာ ဂိုးတွေအပြန်အလှန်သွင်းပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲအစမှာ လီဗာပူးလ်တို့ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ၄ မိနစ်မှာ ရှော ခရော့စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ဦးဆောင်ဂိုး စရခဲ့ပေမယ့် ပထမပိုင်းအပြီးမှာ ၂ ဂိုး စီသရေကျနေခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ အနိုင် ၃ ဂိုး ထပ်ရခဲ့တဲ့အတွက် ၃ မှတ်သေချာခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး စတားရစ်ခ်ျ ဒုတိယပိုင်းမှာ လူစားဝင်ရောက်လာခဲ့ပြီး တစ်ဂိုးသွင်းယူခဲ့ကာ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လီးဗာပူးလ်အတွက် ဂိုးတွေကိုတော့ ဆွာရက်ဇ်က ၂ ဂိုး ဂျရတ်ကပင်နယ်တီက ၁ ဂိုးနဲ့ စတားရစ်ခ်ျက ပွဲပြီးကာနီးမှာ ၁ ဂိုး အသီးသီးသွင်းယူပေးခဲ့ပါတယ်။

    နယူးကာဆယ် ၀-၂ မန်စီးတီး
    စတုတ်စီးတီး ၃-၅ လီဗာပူးလ်

    #DailySportNews

    Photo- premierleague official web

  • ဆရာစံ၏ ဂဠုန်တပ်သားကြီး ဦးဒူးဒူး

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    တက္ကသိုလ် မြင့်ဝေ

    399062_385867908152427_1479574970_n
    ဓါတ်ပုံအညွှန်း-ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား သူရဲကောင်း တို့၏ ခေါင်းများကို ဖြတ်ကာ ပြည်ဂါတ်ဝင်း အတွင်း အများပြည်သူကို ပြသထားခဲ့ပုံ (ဓါတ်ပုံ Internet)

    ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကြောင့် ဆန်စပါးဈေး အဆမတန်ကျခဲ့သည်။ ၁၉၂၉-ခုနှစ် တွင် မီးစရိတ်၊ နေရေးစရိတ် အလွန်ကြီးမြင့် လာသဖြင့် မြန်မာနိုင်ငံ တောင်သူ လယ်သမားများမှာ ဒုက္ခဆင်းရဲ အမျိုးမျိုးနှင့် ကြုံတွေ့ကြရပါသည်။ တောင်သူလယ်သမားများမှာ နွေမိုးမရှောင် ရွံ့နွံထဲတွင် ရုန်းကန်လှုပ်ရှားကြရသော်လည်း စားတော့ တစ်လုပ်တစ်ဆုပ်၊ ငတ်တော့ အစုတ်အနုတ်၊ နေတော့ တဲပုတ်တဲစုတ်ဘ၀တွင်ပင် ရှိနေကြသည်။

    ဗြိတိသျှနယ်ချဲ့အစိုးရသည် တောင်သူလယ်သမားများ ဤမျှ အတိဒုက္ခရောက်နေသည်ကို အားရကျေနပ်ခြင်း မရှိသေးဘဲ ရေနစ်သူကို ၀ါးကူ၍ နှစ်သည့်နှယ် လင်စုံမယားဖက်ကို ငါးကျပ်၊ လူလွတ်ကို နှစ်ကျပ်ခွဲ လူခွန်ကောက်ခံခြင်း၊ သဿမေဓ အခွန်တော်ကောက်ခံခြင်းနှင့် ကြိုးဝိုင်း အပြင်တွင် ခုတ်သည့်ထင်းဝါးကိုပင် လှည်းတစ်စီး နှစ်ကျပ်ခွဲ သစ်တောခွန်ကောက်ခံခြင်းဖြင့် ထပ်မံ၍ နှိပ်စက်လိုက်ကြပြန်သည်။

    ၁၉၃၀-ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် နေ့တွင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး သာယာဝတီမြို့ ဒါဘာပွဲသို့အလာ၊ တောင်သူလယ်သမားများက ဆိုင်းငံ့နိုင်သည့် အခွန်တော်များကို ဆိုင်းငံ့ပေးရန်၊ လျှော့နိုင်သည့် အခွန်တော်များကို လျှော့ပေးရန် အသနားခံကြသည်။ ဘုရင်ခံက ထိုတောင်းဆိုချက်များကို ချက်ချင်း ပယ်ချလိုက်သည်။

    နယ်ချဲ့လက်ဝေခံတို့၏ အနိုင်ကျင့်မှုကိုလည်း မခံနိုင်သည့် အဆုံးတွင် ဂျီစီဘီအေ အဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦိးဖြစ်သူ ဆရာစံသည် သုပဏ္ဏကဂဠုနရာဇာ ဘွဲ့ခံပြီး ၁၉၃၀-ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် သာယာဝတီခရိုင် ရေတိုက်ရွာကစပြီး ဗြိတိသျှနယ်ချဲ့အား လက်နက်ကိုင် ပုန်ကန်ခြင်းအားဖြင့် “တောင်သူလယ်သမား အရေးတော်ပုံကြီး” ပေါ်ပေါက်ခဲ့ရလေသည်။

    ၁၉၃၁-ခုနှစ်၊ နိုဝင်ဘာလ ၂၀-ရက် နေ့တွင် ဗြိတိသျှအစိုးရအား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်မူဖြင့် ဆရာစံအား ကြိုးပေးလိုက်လေသည်။ အခြား ကြိုးပေးခံရသော၊ တစ်သက်တစ်ကျွန်းဒဏ် ကျခံရသော လယ်သမားခေါင်းဆောင် များလည်း အများအပြားပင်။

    လယ်သမား ဂဠုန်တပ်ဖွဲ့များကို ဖွဲ့စည်းကြရာတွင် ဗိုလ်မှုးဖိုးထင် ဦးစီးသည့် တပ်ခွဲ(၄) တွင် ငဖြူလေးကျေးရွာမှ (က) တပ်သားကြီးများအဖြစ် (၂၅)ဦး ပါဝင်ခဲ့သည့်အထဲတွင် ဦးဒူးဒူးမှာ တိုင်းရင်းသား အစ္စလာမ်သာသနာဝင် တစ်ဦးဖြစ်ပါသည်။

    ဦးဒူးဒူး မြန်မာမွတ်စလင်မ် တစ်ဦးဖြစ်ကြောင်း ဆရာစံ၏ ဂဠုန်တပ်သားကြီး ကြိုးကျကျွန်းဖြင့် ဦးဖိုးဖြူက ၎င်းရေးသားသည့် ” ဗြိတိသျှအစိုးရအား ကျွန်ုပ်တို့တော်လှန်ခဲ့စဉ်က” စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားပါသည်။

    “၁၉၃၀-ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅-ရက်၊ ၁၂၉၂-ခုနှစ်၊ ပြာသိုလဆန်း ၇-ရက်၊ နံနက် (၆) နာရီအချိန်တွင် စပါးကြီး အိုင်ရွာတပ်စခန်း ဘုန်းကြီး ဦးသူရိယကျောင်းမှ မြောက်စူးစူရှိ ဗဟိုတပ်မကြီး တည်ရာ အလံတောင်ရွာသို့ ဗိုလ်မှုး ဖိုးထင်၊ ဗိုလ်မှုး ဖိုးစံ တို့ နှစ်ဦး ခေါင်းဆောင်သော တပ်ခွဲ (၄) သည် တပ်စခန်းမှ ထွက်ချီကြလျက် သင်းအစ်ရွာသို့ ရောက်သောအခါ ၎င်းရွာတွင် အင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားသော ဘော်လံတီယာတို့က ဆီးကြိုတိုက်ခိုက်သဖြင့် မိနစ်(၂၀)ကြာခန့် တိုက်ပွဲဖြစ်၏။ ထိုတိုက်ပွဲတွင် ဘော်လံတီယာ တပ်သား ဖိုးဘုဆိုသူတစ်ယောက်မှာ ဗိုလ်စိန်ခိုနှင့် ဗိုလ်သြတို့၏ လက်ချက်ဖြင် ကျဆုံးပြီး တပ်ပျက်ထွက်ပြေးသွားကြသည်။ ၎င်းနောက် ရွာအခြေအနေကို ၀ိုင်းဝန်းစစ်ဆေးပြီး ထူးခြားမှု မတွေ့ကြရ၍ ၎င်းရွာရှိ တရုတ်ကုန်စုံဆိုင်သို့ဝင်ပြီး တပ်တွင် ပါရှိသော မွတ်စလင်မ် တပ်သား ဒူးဒူးဆိုသူ စားသုံးရန် ဘီစကွတ်မုန့်သေတ္တာဝယ်ရန် ၀င်ကြရာ ဆိုင်ရှင် တရုတ်ကို မတွေ့ကြ၍ ထိုဆိုင်မှ မုန့်သေတ္တာနှစ်ဘူးနှင့် ငါးသေတ္တာ တစ်ဘူးယူ၍ထွက်ခဲ့ကြသည်” ဟု ရေးသားထားပါသည်။

    အထက်ပါ စာအုပ်ကို ရေးသားခဲ့သည့် ကြိုးကျကျွန်းပြန် ဦးဖိုးဖြူမှာ လူချစ်လူခင်ပေါများသူ ဖြစ်ပါသည်။ လူတိုင်းက အမည်အရင်း မခေါ်ဘဲ ” အဘဖြူ” ဟုသာ ခေါ်ကြပါသည်။ အဘဖြူသည် သာကေတတွင် နေထိုင်ရင်း ကွယ်လွန်ခဲ့ပါသည်။

    ဆရာစံ၊ အဘဖြူ၊ ဦးဒူးဒူး အစရှိသော ဂဠုန်တပ်သားကြီးများသည် အမိမြန်မာနိုင်ငံကို သိမ်းပိုက်ပြီး တောင်သူလယ်သမားကြီးများအား ဖိနှိပ်ချုပ်ခြယ်ခဲ့သည့် နယ်ချဲ့ဗြိတိသျှ အစိုးရအား ဒူးထောက် အရှုံးမပေးဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်းမှတ်တမ်းများအရ ထင်ရှားပြီး ဖြစ်ပါသည်။

    နယ်ချဲ့ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးကို ဆောင်ရွက်ရင်း တိုင်းပြည်နှင့်  လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သည့် ဆရာစံ၏ဂဠုန်တပ်သားကြီး ဦးဒူးဒူးအား ဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြလိုက်ရပေသည်။

    *  လပြည့်ဝန်းမဂ္ဂဇင်းတွင် ပါရှိသော ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။