News @ M-Media

Author: M-Media

  • တောင်ဆူဒန်ရှိ ကုလငြိမ်းချမ်းရေး တပ်များအား ကူညီရန် တောင်းဆိုမှုအား ဂျပန် ပယ်ချ

    ဇန်နဝါရီ ၁၅၊ ၂၀၁၄
    M-Media

    342106_UN-peacekeepers-S. Sudan
    – ပြည်တွင်း ပဋိပက္ခများဖြစ်ပွားနေသည့် တောင်ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအား ထောက်ပံ့ရန် အတွက် စစ်လက်နက် ပစ္စည်းများနှင့် စစ်သားများ ပို့ဆောင်ပေးရန် ဂျပန်နိုင်ငံသို့ ကုလမှ တောင်းဆိုမှုအား ဂျပန်နိုင်ငံက ယနေ့တွင် ငြင်းဆန်လိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ စေလွှတ်ခြင်းမပြုရန် ဥပဒေရှုထောင့်၊ အချိန်၊ ပဋိပက္ခအတွင်း အခြားနိုင်ငံများပါဝင်မှု၊ ဂျပန်နိုင်ငံ၏ အခြေခံဥပဒေ စသည်တို့နှင့် ချင့်ချိန်ကာ သေချာစွာ စဉ်းစားခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်ကတ်ဘိနတ်အကြီးအကဲ ယိုရှိဟိုက်ဒီက ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံ၏ အခြေခံဥပဒေအရ တိုက်ခိုက်ခံနေရသည့် မဟာမိတ်များအား ကာကွယ်ရန် သို့မဟုတ် နိုင်ငံတကာပြဿနာများအား ဖြေရှင်းရန်  စစ်တပ်အား အသုံးပြုခြင်းနှင့် အခြားသော စစ်တပ်ပါဝင်ပက်သက်သည့် ကန့်သတ်မှုများတွင် ပါဝင်ဆောင်ရွက်ရန် တားမြစ်ထားသည်။
    Ref: ဆင်ဟွာ

  • ဖီဖာ၏ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး

    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media

    ရီဘာရီနှင့် မက်ဆီကို ကျော်ဖြတ်ပြီး ဖီဖာ၏ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး

    358820_heroa
    – ၂၀၁၃ ခုနှစ်အတွက် ဖီဖာမှ ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Orအား ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဆွတ်ခူးရရှိသွားခဲ့သည်ဟု သိရသည်။

    အဆိုပါဆုပေးပွဲအား ယမန်နေ့က ဇူးရစ်ခ်ျမြို့တွင် ကျင်းပခဲ့ပြီး၊ အသက် ၂၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ နိုင်ငံအသင်းခေါင်းဆောင်များ၊ နည်းပြများနှင့် မီဒီယာသမားများက ပေးသောမဲအရေအတွက် ၂၇.၉၉ ရာခိုင်နှုန်းကို ရရှိခဲ့ကာ ပထမ၊မက်ဆီက ၂၄.၇၇ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ရီဘာရီက ၂၃.၃၆ ရာခိုင်နှုန်းဖြင့် တတိယ အသီးသီးရရှိသွားခဲ့သည်။

    ၂၀၀၈ ခုနှစ် မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားစဉ်က အဆိုပါဆုအား တစ်ကြိမ် ရရှိဖူးခဲ့သည့် ရော်နယ်ဒိုမှာ ၂၀၁၃ ခုနှစ်တွင် ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့တွင် ထင်ရှားသော အောင်မြင်မှုများ မရခဲ့သော်လည်း တစ်နှစ်အတွင်း ကစားခဲ့သည့် စုစုပေါင်း ၅၉ ပွဲတွင် ၆၉ ဂိုး သွင်းယူနိုင်ခဲ့သည်အထိ ခြေစွမ်းပြခဲ့သောကြောင့် အဆိုပါဆုအား ရရှိခဲ့ခြင်းဖြစ်သည်။

  • တောင်းဆိုမှု မရခဲ့ပါက ၀န်ကြီးချုပ်နှင့် ဝန်ကြီးများအား ဖမ်းဆီးမည်ဟု ထိုင်း အတိုက်အခံခေါင်းဆောင် ခြိမ်းခြောက်

    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media

    133044618_13896988659531n
    – အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာနှင့် ထိုင်းကတ်ဘိနတ် ၀န်ကြီးများအား ဖမ်းဆီးပြီး၊ ၎င်းတို့အနေဖြင့် ရာထူးမှ နှုတ်ထွက်ခြင်းမပြုပါက ထိန်းသိမ်းထားမည်ဟု အတိုက်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်က ယနေ့တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    ဘန်ကောက်မြို့ ဆန္ဒပြပွဲတစ်နေရာတွင် ဆန္ဒပြသူများအား ပြောကြားခဲ့ခြင်းဖြစ်ပြီး လာမည့် နှစ်ရက်၊ သုံးရက်အတွင်း အစိုးရအရာရှိများ၏ အိမ်များကို ၀ိုင်းထားရန်လည်း သောင်ဆူဘန်က ပြောကြားခဲ့သည်။ ထို့ပြင် ပြုပြင်ပြောင်းလဲရေး ပြည်သူ့ ဒီမိုကရေတစ် ကော်မတီ (PDRC) က အလိုရှိနေသည့် အိမ်စောင့်အစိုးရ နှုတ်ထွက်ရန် ကိစ္စအား ငြင်းဆန်ခဲ့ပါက PDRC အနေဖြင့် ယင်းလတ်နှင့် ကတ်ဘိနတ် ၀န်ကြီးများအား နေအိမ်များအား ပိတ်ဆို့ခြင်းဖြင့် ဆန္ဒပြမှုများကို အရှိန်မြှင့်သွားမည်ဖြစ်ပြီး၊ ထိုအချိန်တွင်လည်း လိုက်လျောမှုမရှိပါက ဆန္ဒပြသူများက ၎င်းတို့ကို ထိန်းသိမ်းသွားမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

    ယင်းလပ်အား နှုတ်ထွက်ရန် ဖိအားပေးသည့်အနေဖြင့် ဘန်ကောက်မြို့ပိတ်ဆို့ရေး အစီအစဉ်ကို သောင်ဆူဘန်ဦးဆောင်ကာ ယမန်နေ့ကစတင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယင်းလပ်ကမူ မနက်ဖြန်တွင်ပြုလုပ်မည့် ဖေဖော်ဝါရီရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စဆွေးနွေးမှုတွင် ပါဝင်ရန် သောင်ဆူဘန်နှင့် အတိုက်အခံ ဒီမိုကရက်ပါတီအား တိုက်တွန်းထားသည်။

  • မွေးကင်းစကလေးများ ခိုးယူရောင်းစားသည့် ဆရာဝန် တစ်ဦးအား တရုတ်တရားရုံးမှ သေဒဏ်ချမှတ်

    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media
    Zhang, an obstetrician involved in baby trafficking, stands trial in Weinan Intermediate People's Court
    – မွေးကင်းစကလေးငယ်များအား ရောင်းစားခဲ့သော နိုင်ငံတောင်အနောက်မြောက်ပိုင်း ဆေးရုံတစ်ရုံရှိ ဆရာဝန်တစ်ဦးအား တရုတ်အစိုးရက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    Zhang Shuxia ဟု အမည်ရသည့်အဆိုပါ ဆရာဝန်မှာ နိုင်ငံအနောက်မြောက်ပိုင်း ဖူပင်းကောင်တီရှိ သားဖွားနှင့်ကလေးစောင့်ရှောက်မှု ဆေးရုံမှ သားဖွာဆရာဝန်တစ်ဦးဖြစ်ပြီး မွေးကင်းစ ကလေးငယ် ၇ ဦးအား ရောင်းစားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ထို့ကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    Zhang မှာ ကလေးမွေးဖွားပြီးနောက် မိဘများအား ၎င်းတို့၏ကလေးငယ်မှာ ရောဂါရှိနေကြောင်း၊ သို့မဟုတ် သေဆုံးသွားကြောင်း လိမ်လည်ပြောဆိုကာ မွေးကင်းစကလေးငယ်များအား ရယူခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်က အမွှားမွေးဖွားသည့် မိဘအား ၎င်းတို့ကလေးငယ်တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အခြားတစ်ဦးမှာလည်း ခြေနှင့် လက်တို့တွင်ရောဂါများရှိနေကြောင်း လိမ်လည်ရောင်းစားခဲ့ပြီး ထိုထဲမှ ကလေးငယ်တစ်ဦးအား ရေမြောင်းထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့ရသည်။ မွေးကင်းစကလေးငယ်တစ်ဦးအတွက် ယွမ် ၂၀၀၀၀(ကန်ဒေါ်လာ ၃၃၁၀)ရရှိပြီး၊ ယောက်ျားလေးအတွက် ယွမ် ၄၇၀၀၀(ဒေါ်လာ ၇၈၀၀)ရရှိသည်ဟု Zhang က ထွက်ဆိုခဲ့သည်။

    ယမန်နှစ် ဇူလိုင်လက မိခင်တစ်ဦးမှ ၎င်း၏ကလေးငယ်နှင့် ပက်သက်၍ မသင်္ကာသောကြောင့် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ရာမှ Zhang ၏လုပ်ရပ်များ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ကလေးငယ်များခိုးယူရောင်းစားခြင်း၏ ပုံမှန်ပြစ်ဒဏ်မှာ တစ်သက်တစ်ကျွန်းဖြစ်သော်လည်း Zhang အား တရားရုံးမှ ဆေးကုသခွင့် ၂ နှစ် ပိတ်ပင်ခြင်းနှင့်အတူ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ Zhang ခိုးယူရောင်းစားခဲ့သည့် ကလးငယ်တစ်ချို့အား ရဲတပ်ဖွဲ့က ပြန်လည်ရှာဖွေနိုင်ခဲ့ကာ မိဘများလက်သို့ ပေးအပ်နိုင်ခဲ့သည်။

    Ref: aljazeera

  • ကမ္ဘာ့တဝှမ်း ဟလာလ် စားသောက်ကုန်ဈေးကွက် အဆမတန် ထိုးတက်လာ

    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media
    Uncontrolled growth of halal food sector
    ကမ္ဘာ့ဟလာလ်ဈေးကွက်ကြီးထွားလာမှုကြောင့် တရားဝင် မဟုတ်တဲ့ ဟလာလ်စားသောက် ကုန်ထုတ်လုပ်မှုဟာ ဒေါ်လာ တစ် ထရီလီယံ တန်ဖိုးကျော်လွန်နေတဲ့ အထိ ထိုးတက်မြင့်မားလာပြီး ၂၀၃၀ ခုနှစ်မှာ ဒေါ်လာ ၂ ထရီလီယံတန်ဖိုးအထိ ဆိုက်ရောက်သွားဖို့ရှိနေပါတယ်။

    ဒီလိုဖြစ်ရတာက မွတ်စ်လင်မ် မဟုတ်သူများအနက် အစ္စလာမ့် စည်းမျဉ်းများနဲ့အညီ စီမံထားတဲ့ အစားအစာတွေအပေါ် နှစ်သက်မှုနှုန်းမြင့်မားလာတယ်။ ဒါကြောင့် ဟလာလ် စားသောက်ကုန်ဈေးကွက်ကို အဆမတန် ထိုးတက်သွားစေတာ ဖြစ်ပါတယ်။ Chulalongkorn တက္ကသိုလ်က ဟလာလ်သိပ္ပံဌာန Halal Science Center (HSC) ရဲ့ တည်ထောင် ညွှန်ကြားသူ တွဲဖက်ပါမောက္ခ Winai Dahlan မှ မကြာသေးခင် အင်တာဗျူး တစ်ခုမှာ Sunday’s Zaman သတင်းဌာနကို ပြောကြားလိုက်တာကတော့ – “ ဒီဈေးကွက် မြင့်မားကျယ်ပြန့်လာမှုမှာလည်း အန္တရာယ်တွေ ရှိလာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စားသုံးသူတွေဟာ ဟလာလ် တံဆိပ်ပေါ်က ပါဝင်ပစ္စည်းတွေကို ကျကျနန မဖတ်ရှုတာရယ်၊ ဟလာလ် တံဆိပ်တွေအပေါ် ယုံကြည်မှု လွန်ကဲလွန်းတာရယ်ကြောင့်ပါဘဲ ” တဲ့။

    ဒါ့အပြင် သူက “ တကယ်လို့ အသင်ဟာ လှည့်ကြည့်စရာမလိုအောင် စိတ်ချရတယ်လို့ ခံစားရရင် အသင့်အနေနဲ့ အန္တရာယ် ရှိပြီလို့ ဆိုလိုရာရောက်ပါတယ်။ မတော်တဆဖြစ်ရပ်အများစုက ယုံကြည်စိတ်ချမှုလွန်ကဲခြင်းကြောင့် ဖြစ်ရတယ်ဆိုတာ ခင်ဗျားတို့ သိကြမှာပါ။ ဟလာလ်စားသောက်ကုန် ကဏ္ဍတွေမှာလည်း ဒီလိုတူညီတဲ့ အခြေအနေမျိုး ရှိပါတယ်။ အသိအမှတ်ပြုချက်တွေက လောက်လောက်လားလား တင်းကြပ်မှု ရှိမနေတော့ စားသုံးသူများအနေနဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်နဲ့ ပါဝင်ပစ္စည်းတွေကို စေ့စပ်စွာ ဆန်းစစ်ပြီးမှ ၀ယ်ယူစားသုံးဖို့လိုပါတယ်။ ဟလာလ်တံဆိပ်တပ် ထုတ်ကုန်တစ်ချို့ဟာ ဟရာမ် (စားသောက်အသုံးပြုခွင့်မရှိတဲ့ပစ္စည်း)တွေ ပါနေတာကို တွေ့လာရလို့ပါပဲ ” ဆိုပြီး ဆက်လက်ပြောပြပါတယ်။ သူတို့ရဲ့လေ့လာမှုများ အရ ဟလာလ်ထုတ်ကုန်တွေရဲ့ ၁၃ ရာခိုင်နှုန်းမှာ ဟရာမ် တွေ့ခဲ့ရကြောင်း အထောက်အထား ရရှိခဲ့ကြတယ်။ ဒီကဏ္ဍမှာ ပိုမိုထိန်းချုပ် ကိုင်တွယ်ဖို့ နဲ့ မျက်ခြေမပြတ်စစ်ဆေးဖို့ လိုအပ်နေကြောင်းကို လေ့လာမှုက ထောက်ပြနေတယ်လို့ Dahlan က ဆိုပါတယ်။

    Dahlan ရဲ့ဖော်ပြချက်အရ ကမ္ဘာ့ဟလာလ် ဈေးကွက်ကြီးထွားလာမှုကြောင့် တရားဝင် မဟုတ်တဲ့ ဟလာလ် စားသောက်ကုန် ထုတ်လုပ်မှုဟာ ဒေါ်လာ တစ် ထရီလီယံ တန်ဖိုးကျော်လွန်နေတဲ့အထိ ထိုးတက်မြင့်မားလာပြီး ၂၀၃၀ ခုနှစ်မှာ ဒေါ်လာ ၂ ထရီလီယံ တန်ဖိုးအထိ ဆိုက်ရောက်သွားဖို့ ရှိနေပါတယ်လို့ သိရတယ်။ မွတ်စ်လင်မ် မဟုတ်သူများကလည်း ဟလာလ်စားကုန်နဲ့ ဈေးကွက်ပြိုင်ဆိုင်မှုအပေါ် မျက်စေ့ကျမှု မြင့်မားနေပါတယ်။ ထူးခြားနေတာကတော့ ဟလာလ် အစားအသောက်ကို ပြည်ပပို့ကုန်အဖြစ် အဓိက ထုတ်လုပ်သူနေသူတွေဟာ ဘရာဇီးလ်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ နဲ့ ထိုင်း စတဲ့ မွတ်စ်လင်မ်မဟုတ်သော တိုင်းပြည်များ ဖြစ်နေတာပါပဲ။ ဒီကဏ္ဍထဲ ဈေးကွက်ဝေစု အတိုင်းအတာတစ်ခုအထိယူထားတဲ့နိုင်ငံများအနက် တူရကီလည်း ပါဝင်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့လည်း ဈေးကွက်လိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်နိုင်အောင် ကြီးမားလှတဲ့အခြေခံရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှု နဲ့ ထဲထဲဝင်ဝင်လုပ်သားအင်အား ရရှိဖို့ မလွယ်လှပါဘူး။

    ၁၈ နှစ်တာသက်တမ်းရှိ HSC မှာ မွတ်စ်လင်မ် လုပ်သားအင်အား ၉၀ ရာခိုင်နှုန်းရှိပြီး၊ ဟလာလ် စားသောက်ကုန်ဆိုင်ရာ လေ့လာမှုနဲ့ အသိအမှတ်ပြု လက်မှတ်အတွက် ပထမဆုံး တည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲ့ဒီမှာ ဂုဏ်ထူးဆောင် မွတ်စ်လင်မ်ပညာရှင်များ ပါဝင်ကြတဲ့ အတိုင်ပင်ခံဘုတ်အဖွဲ့ တစ်ရပ်ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ အာဆီယံနိုင်ငံ အနေနဲ့ ဟလာလ်စားကုန် ဈေးကွက်ဝေစုထဲ တိုးမြှင့် ပါဝင်နိုင်ရေးအတွက် ထိုင်းနိုင်ငံမှာ ပုဂ္ဂလိက ကဏ္ဍအားဖြင့် ပရောဂျက်တွေကို စံနစ်တကျ အကောင်အထည်ဖော်နေပါတယ်။ ဟလာလ် ကုန်ထုတ်လုပ်ငန်း၊ ကုမ္ပဏီများကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးရေး စတဲ့ ၀န်ဆောင်မှုတွေပေးနေသလို၊ ဒီကဏ္ဍနဲ့ ပတ်သက်ပြီး နားလည် တတ်ကျွမ်းအောင် လေ့လာသင်ကြားသူများကိုလည်း အသိအမှတ်ပြု လက်မှတ် ချီးမြှင့်နေပါတယ်။

    အလှကုန်ပစ္စည်းကနေ ဆေးဝါးများအထိ၊ အစားအသောက်ကနေ အထည်အလိပ်အထိ ကုန်ပစ္စည်းများစွာကို ဒီစင်တာက အနုစိပ် သုတေသနပြုလျက်ရှိတယ်။ ဒီသုတေသနပြုချက်တွေက အသားစ တစ်စပင်လျှင် ဟလာလ်နည်းနဲ့အညီ ထုတ်လုပ်ထွက်ရှိလာမှု ဟုတ်မဟုတ်ကို သက်သေပြနိုင်တယ်လို့ Dahlan က အလေးအနက်ထားပြောကြားပါတယ်။ အချို့သော ပင်လယ်စာများဟာ ဟလာလ်ဖြစ်ပေမယ့်လည်း ထုတ်လုပ်မှုနည်းစဉ်ထဲ ဖြည့်ထည့်လိုက်တဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဟရာမ် ဖြစ်သွားနိုင်တယ်၊ အချို့သော ပင်လယ်စာ စည်သွပ်ဗူးတွေထဲမှာ (အစ္စလာမ်က တားမြစ်ပိတ်ပင်ထားတဲ့ ) ၀က်သားတွေ ပါဝင်နေတာကို HSC ရဲ့စစ်ဆေးမှုများထံက အဖြေထွက်လာပါတယ် ဆိုပြီး သူက ဆက်ရှင်းပြခဲ့ပါတယ်။

    “ အလှကုန်ပစ္စည်းတွေထဲ ၀က်ဆီပါဝင်နေမှုကို ထင်ထင်ရှားရှားတွေ့ရတယ်။ ဒီလိုပစ္စည်းမျိုးပါဝင်နေတဲ့ ထုတ်ကုန် အမျိုးအစားတွေကို ကျွန်တော်တို့ရဲ့ အသေးစိပ် လေ့လာချက်တစ်ခုကနေ စာရင်းပြုစုခဲ့တယ်။ ပြီးတော့ စားသုံးဝယ်ယူသူတွေ အလွယ်တကူ သိရှိနိုင်အောင် ဒီအချက်အလက်တွေ ထည့်သွင်းပေးထားတဲ့ iPhone application တစ်ခုကိုလည်း ဖန်တီးလိုက်ပါတယ်။ ဟလာလ်ကုန်ကြမ်းပစ္စည်းအချို့က အချောသတ် ထုပ်ပိုးဖြန့်ချိတဲ့အခါမှာ ဟရာမ်ဖြစ်လာနိုင်ပါတယ်။ ကုန်ပစ္စည်းရေရှည်အထားခံအောင် အသုံးပြုပစ္စည်းတွေမှာ (ဂျယ်လီတွေထဲမှာ သုံးတဲ့) ၀က်ရိုးအမှုန့်တွေ ထည့်သွင်းလေ့ရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ” လို့ Dahlan က အတန်တန်သတိပေးလိုက်ပါတယ်။

    ထိုင်းနိုင်ငံရဲ့ ဟလာလ်စားသောက်ကုန်ကဏ္ဍက တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်း တိုးတက်လာတဲ့အတွက် တူရကီ အပါအ၀င် အရှေ့အလယ်ပိုင်း ဈေးကွက်တွေထဲ ခြေဆန့်ဖို့အထိ စီစဉ်ထားကြောင်း ထိုင်းအာဏာပိုင်များရဲ့အဆိုအရ သိရတယ်။

    “ ဟလာလ်စားသောက်ကုန်ကဏ္ဍကို ပြည်တွင်းမွတ်စ်လင်မ်တွေအတွက် ဖန်တီးခဲ့တာပါ။ ဒါပေမယ့် ဈေးကွက်တောင်းဆိုမှုအရ နိုင်ငံတကာ ကုန်သွယ်ရေးကဏ္ဍတစ်ရပ် ဖြစ်လာစေပါတယ်။ ဟလာလ်ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ပညာပေးခြင်း၊ သင်တန်းပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများအားဖြင့် ရေရှည်ဆောင်ရွက်နိုင်အောင် စီမံထားပါတယ်။ ကျွန်တော်တို့ဆီမှာ အခြေခံအဆောက်အဦးနဲု့ ကုန်အမျိုးအစားတွေ ခိုင်ခိုင်မာမာ ရှိနေပါတယ်။ တူရကီမှာ ဟလာလ် စားသောက်ကုန်နဲ့ပတ်သက်ပြီး သတိပေးနှိုးဆော်မှု မြင့်မားနေတာကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်။ HSC သင်တန်းတက်နေကြတဲ့ တူရကီနိုင်ငံကလူတွေ ကျွန်တော်တို့ဆီမှာ မနည်းမနောပါပဲ။ တူရကီနဲ့လုပ်တဲ့ ကျွန်တော်တို့ရဲ့ကုန်သွယ်ရေးထဲမှာ များမကြာမီ ဟလာလ်စားသောက်ကုန်တွေလည်း ပါဝင်လာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ” လို့ အစိုးရအရာရှိတစ်ဦးက ပြောဆိုထားပါတယ်။

    Ref: Eat Halal.com