ဇန်နဝါရီ ၂ ၊ ၂၀၁၄
M-Media
– မလေးရှားနိုင်ငံ မာလာကာပြည်နယ် Medan Selera ရှိ Plaza Pandan Malim တွင် မြန်မာနိုင်ငံသားများ အရက်မူး၍ ရန်ဖြစ်ရာမှ တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၁ ရက် နံနက်က မြန်မာနိုင်ငံသား လေးဦးမှာ အရက်မူး၍ ရန်ဖြစ်ခဲ့ကြပြီး နံနက်၂ နာရီ ၄၀ ခန့်တွင် ပြည်သူတစ်ဦးက ရန်ပွဲဖြစ်ပွားနေသည်ဟု ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုခဲ့ရာ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ကျော်ဆွေဦး ဆိုသူမှာ သွေးအိုင်ထဲတွင်သေဆုံးတွေ့ ခဲ့ရသည်။
သေဆုံးသူမှာ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ချွန်ထက်သောအရာနှင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ ကပ်ကြေးဟု ယူဆရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ရောက်လာချိန်တွင် တရားခံများမှာ ထွက်ပြေးသွားခဲ့သော်လည်း နံနက် ၄ နာရီခွဲခန့်တွင် သေဆုံးသူ လုပ်ကိုင်နေသည့် စားသောက်ဆိုင်တွင်ပင် လုပ်ကိုင်နေသော အသက် ၂၉ နှစ်အရွယ် မြန်မာ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထွက်ပြေး လွတ်မြောက်နေသည့် တရားနှစ်ဦးကိုလည်း ဖမ်းဆီးနိုင်ရန် စုံစမ်း စစ်ဆေးမှုများကိုပြုလုပ်နေကြာင်း မာလာကာ CID အကြီးအကဲ ရာဂျာရှာရွမ် ရာဂျာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။
ယခုလူသတ်မှုမှာ တပတ်တွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပူချွန်းမြို့တွင် မူးယစ်ရမ်းကားမှုကြောင့် မြန်မာအချင်းချင်း ဓါးထိုးမှုကြောင့် မြန်မာတစ်ဥိးသေဆုံးမှုဖြစ်ပွားခဲ့သည်။
လူသတ်မှုဖြစ်စဉ် ၂ ခုစလုံးမှာ အရက်သေစာ သောက်စားရာမှ အစပြုဖြစ်ပွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာတွင် ပါဝင်သူ အားလုံးမှာ မြန်မာနိုင်ငံမှ လာရောက် အလုပ် လုပ်ကိုင်သူများ ဖြစ်ကြကြောင်း သတင်းများအရ သိရှိရပါသည်။
Ref: Bernama