News @ M-Media

Author: M-Media

  • ကျောက်ဖြူ ဗလီ အကြမ်းဖက် ဖျက်ဆီးမှု ရခိုင်လူမျိုး(၃) ဦးဖမ်းဆီးထား

    နိုဝင်ဘာ- ၂၅ ၂၀၁၃
    M-Media

    960205_1395199184055232_1071786621_n

    ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ ညက ကျောက်ဖြူမြို့နယ် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာရှိတဲ့ ဂျာမေဗလီနှင့် စာသင်ကျောင်း ဖျက်ဆီးမှုနှင့်ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ ရခိုင်လူမျိုး (၃) ဦးကို ရဲက ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေရှ် အခြေစိုက် ရခိုင် သတင်းဌာန တခုဖြစ်သော နိရဉ္စရာ မှာ ဖော်ပြချက်အရ သိရှိရပါသည်။

    ၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျောက်ဖြူမြို့နေထိုင်သူ မွတ်စလင်မ်အားလုံး ဒုက္ခသည် စခန်းတွင် နေထိုင်နေရသည်မှာ ၁ နှစ်ကျော်ရှိပြီဖြစ်ပြီး ယခုတိုက်ခိုက်ခံရသော ဂျာမေဗလီမှာ ကျောက်ဖြူမြို့ပေါ်မှ ဗလီ(၇) လုံးတွင် အဖျက်အဆီးမခံရဘဲ နောက်ဆုံးလက်ကျန်ဗလီဖြစ်သည်။

    မွတ်စလင်မ် ဒုက္ခသည် စခန်းများအား ခြိမ်းခြောက်မှုနှင့် အဆိုပါ ဗလီကို တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုံချကြောင်း ကြေညာချက်တစောင်ကို နိုဝင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

    ဓါတ်ပုံအညွှန်း- ကျောက်ဖြူမြို့ပေါ်မှ နောက်ဆုံးလက်ကျန် ဂျာမေဗလီအတွင်းပိုင်းကို အကြမ်းဖက်သမားများ ဖျက်ဆီးထားပုံ

  • မန်စီးတီး ဂိုးပြတ်ခဲ့ပြီး မန်ယူ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ဆူပါဆန်းဒေးပွဲစဉ်များ

    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media

    Barclays Premier League Table - 2013-11-25_10.59.22
    အင်္ဂလိပ် ပရီးမီးယားလိဂ် နိုဝင်ဘာ ၂၅ ရက်နေ့အထိ ပွဲစဉ် ၁၂ အပြီး အသင်းများ ရပ်တည်နေမှု အမှတ်ပေးဇယား

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ၏ လက်ကျန်ပွဲစဉ်များထဲမှ ၂ ပွဲကို ယမန်နေ့က ကစားခဲ့ရာ မန်စီတီးအသင်းမှာ အိမ်ကွင်းတွင် စပါးအသင်းအား ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်ယူအသင်းက ကာဒစ်ဖ်အသင်းအား သရေကျခဲ့သည်။

    မန်စီးတီး ၆-၀ စပါး

    မန်စီးအသင်းမှာ ယခုပွဲတွင် တိုက်စစ်မှူး အဂူရို၊ ကွင်းလယ်လူ နာဗက်စ်တို့၏ ခြေစွမ်းပြမှုဖြင့် ခြေစွမ်းမဆိုးလှသည့် စပါးအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။

    မန်စီးတီးအသင်းအတွက် ဂိုးများကို ဂျီးစက်နာဗက်စ်က ၁ မိနစ်နှင့် ဒုတိယပိုင်းနာကျင်အချိန်ပိုတွင်လည်းကောင်း၊ တိုက်စစ်မှူး အဂူရိုက ၄၁ မိနစ်နှင့် ၅၀ မိနစ်တို့တွင်လည်းကောင်း နီဂရီဒိုက ၅၅ မိနစ်နှင့် စပါးကစားသမား ဆန်ဒရိုက ၃၄ မိနစ်တွင် ကိုယ့်ဂိုး ကိုယ်သွင်းယူမိခဲ့သဖြင့်လည်းကောင်း ရရှိခဲ့ခြင်းဖြစ်သည်။

    မန်စီတီးအသင်း၏ ယခုပွဲအနိုင်မှာ အိမ်ကွင်း ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ခြင်းဖြစ်ပြီး၊ အမှတ်ပေးဇယားတွင်လည်း အဆင့် ၄ နေရာသို့ ရောက်ရှိလာခဲ့သည်။
    ………………………………

    620-CAR-MUN-kim-bo-kyung-goal
    ကာဒစ်ဖ်စီးတီး ၂-၂ မန်ချက်စတာယူနိုက်တက်

    ရာသီအစတွင် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းပြန်လည် ကောင်းမွန်လာသည့် မန်ယူအသင်းမှာ ယခုပွဲတွင် အနိုင်ရရန် နီးစပ်ခဲ့သော်လည်း ကာဒစ်ဖ် အသင်း၏ နောက်ကျချေပဂိုးကြောင့် သရေ တစ်မှတ်သာရရှိခဲ့ခြင်းဖြစ်သည်။

    မန်ယူတွင် တိုက်စစ်မှူဒ ဗန်ပါစီမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိဘဲ တိုက်စစ်တွင် ရူနီနှင့် ဟာနန်ဒက်ဇ်တို့ တွဲကစားခဲ့ကြသည်။ ဦးဆောင်ဂိုးအား မန်ယူအသင်းက ၁၅ မိနစ်တွင် ရရှိခဲ့ပြီး ကာဒစ်ဖ်နောက်ခံလူ ဘန်တာနာ၏ အမှားမှတစ်ဆင့် ရူနီကသွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် အိမ်ရှင်ကာဒစ်ဖ် အသင်းမှာ ၃၃ မိနစ်တွင် ချေပဂိုးရရှိခဲ့ပြီး ၀ှစ်တင်ဟမ်နှင့် မတ်ခ်ျတို့၏ ကွင်းလယ်မှ ဖန်တီးပေးပို့မှုမှတစ်ဆင့် ကမ်းဘဲလ်က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည်။

    ချေပဂိုးရပြီနောက် ကာဒစ်ဖ်အသင်းမှာ မန်ယူနောက်တန်းကို အနည်းငယ် ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော် ပထမပိုင်းပြီးကာနီးတွင် မန်ယူတို့ ဒုတိယဂိုးထပ်မံရရှိခဲ့ပြီး ရူနီ၏ ထောင့်ကန်ဘောမှ တစ်ဆင့် နောက်ခံလူ အီဗရာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မန်ယူအသင်းကသာ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်အနည်းငယ်ရရှိခဲ့ကာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပေ။ ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ကာဒစ်ဖ်တို့ အဖိုးတန် ချေပဂိုးရရှိခဲ့ပြီး တောင်ကိုးရီးယား ဘောလုံးသမား ဘိုကျွန်ကင်မ်က ခေါင်းတိုက်သွင်းယူပေးခဲ့သည်။

    မန်ယူအသင်းမှာ ယခုပွဲသရေကြောင့် အမှတ်ပေးဇယား အဆင့် ၆ တွင်ရှိနေပြီး ကာဒစ်ဖ်အသင်းမှာ တန်းဆင်းဇုန်နှင့်အထက်တွင် ၃ မှတ်အကွာဖြင့်ရှိနေသည်။

  • ကမ္ဘာစစ်အတွင်း ဂျူးများကို ကယ်တင်ခဲ့ကြသူ ဘော့စနီးယန်း မွတ်စလင်မ်များ

    နိုဝင်ဘာ- ၂၅ ၂၀၁၃
    M-Media
    ရှာဖွေတင်ပြသူ- Robert Elhose

    1460165_175185189347088_58275560_n

    ဒီဓာတ်ပုံ ဟာ ကမ္ဘာကျော် ဓာတ်ပုံတစ်ပုံ အဖြစ် နှစ်ပေါင်း ၇၀ကျော် ကမ္ဘာ့သတင်းစာ ကြီးတွေ၊ တီဗွီတွေ၊ မဂ္ဂဇင်း တွေ စတဲ့ မီဒီယာ ပေါင်းစုံမှာ လှည့်လည် နေရာယူခဲ့တဲ့ ပုံတစ်ပုံ ဖြစ်ပါတယ်။

    အချိန်က ၁၉၄၁ ခုနှစ်ပါ။ နေရာကတော့ ယနေ့ဘော့စနီးယား နိုင်ငံ ( နာဇီဂျာမနီ လက် အောက် အဲ့ဒီအချိန်တုန်း က ဆားဗီးယားအင်ပါယာ ထဲ ပါဝင်ခဲ့တဲ့) ဆာရာယေဗို မြို့မှာပါ။ အဲ့ဒီအချိန် တုန်းက အညံ့စားမျိုးရိုး အဖြစ် အဆုံးတစ်နေ့မှာ သုတ်သင် သတ်ဖြတ် နိုင်ဖို့ ခွဲ ခြားခံထားရတဲ့ အိမ်နီးချင်း ဂျူးလူမျိုး အမျိုးသမီးတစ်ယောက် ကို သူ့ရဲ့ ရင်ဘတ်မှာ မတပ်မ နေရ တပ်ရတဲ့ အ၀ါရောင် ဒေးဗစ်စတား ခေါ် ခြောက်မြှောင့်ကြယ် ကြီးကို လမ်းပေါ်ထွက် ချိန် မှာ လူမမြင်ရအောင် မွတ်စလင်မ် အမျိုးသမီးတစ်ဦးက သူ့ရဲ့ခေါင်းဆောင်းပုဝါ နဲ့ ကွယ်ကာ ပေးထားတဲ့ ပုံ ဖြစ်ပါတယ်။

    အဲ့ဒီအချိန်က ဆာရာယေဗိုမြို့ထဲမှာ တစ်ချိန်သတ်ဖို့ ပိတ်လှောင် ခံထားရတဲ့ ဂျုးလူမျိုးပေါင်း များစွာ ကို သူတို့ရဲ့ အိမ်နီးခြင်း မွတ်စလင်မ် တွေက ဒီလိုနည်း အပါအ၀င် နည်းပေါင်းစုံ နဲ့ ကူညီပြီး ဘေးကင်းရာတွေကို ထွက်ပြေးနိုင်အောင် ခေါ် ထုတ်သွားပေးခဲ့တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ ဒါကို အစ္စရေး ကလည်း ဒီနေ့ မှာ အသိအမှတ် ပြုထားပါတယ်။

    စစ်အတွင်း နာဇီဂျာမန် များရဲ့ ကျူးကျော်သိမ်းပိုက်မှုခံရ အပြီးမှာ ဆာရာယေဗို အပါအ၀င် ကျန် ယူဂိုစလားဗီးယား တစ်ပြည်လုံးဟာ ရိုမန်ကက်သလစ် ဘာသာကို ကိုးကွယ်တဲ့ ခရိုအက် အူစတာရှီ ပြည်သူ့စစ်လက်နက်ကိုင် တွေနဲ့ သူတို့ရဲ့ မဟာ မိတ် နာဇီတပ်များရဲ့လက်အောက် ကို လုံးဝရောက် ရှိလို့ သွားခဲ့ပါတယ်။

    အဲ့ဒီအချိန် ကစပြီး အူစတာရှီ တွေဟာ ဂျူး၊ ရိုမာ(ဂျစ်ပဆီ) နဲ့ ဆာ့ဗ် လူမျိုးတွေကို လူမျိုးရေးအရ ခွဲခြား ကန့်သတ် တဲ့ ဥပဒေများကို ပြဋ္ဌာန်းပြီး နှိပ်စက်ပါတော့တယ်။ သူတို့ ထိန်းချူပ်ထားတဲ့ နယ်မြေထဲမှာ ဂျူးလူမျိုး သက်သက်တင် လေးသောင်း နီးပါး လောက်ကို အကျယ်ချူပ်လို ဖမ်းဆီးထားပြီး ၊ ဒုတိယ ကမ္ဘာစစ် အပြီးမှာတော့ အဲ့ဒီအ ထဲက လူရှစ်ထောင်လောက် သာ အသက်ရှင်လျက် လွတ်မြောက်ခဲ့ပြီး ကျန်အားလုံး ဟာ နာဇီမျိုးတုန်း သုတ်သင်ရေး မူ အရ အသတ်ခံ လိုက်ကြရရှာပါတယ်။

    လွတ်မြောက်သွားခဲ့သူ ဂျူးလူမျိုးများကို နည်း အမျိုးမျိုးနဲ့ ကယ်တင်ခဲ့ကြသူ ဘော့စနီးယန်း မွတ်စလင်မ် များကိုတော့ နောင်အစ္စရေး ဆိုတာ ဖြစ်လာအပြီးမှာ သူတို့အာဏာပိုင်များက အစ္စရေးရဲ့ အရပ်သားများကို ပေးတဲ့ အမြင့်ဆုံး သူရဲကောင်းဆု တွေကို ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

    Ref: http://www.policymic.com/

  • ရခိုင်ပြည်က မွတ်ဆလင် ၈သိန်းကျော် နိုင်ငံသားအခွင့်အရေးမရခြင်း ဥရောပကော်မရှင်စိုးရိမ်

    နိုဝင်ဘာ-၂၄ ၂၀၁၃
    ကမာရွတ်မီဒီယာ

    ဥရောပကော်မရှင်ရဲ့ လူသားချင်းစာနာတဲ့ ကူညီမှုနဲ့ လူသားဆိုင်ရာ ကာကွယ်ရေး အဖွဲ့ ECHO က မြန်မာနိုင်ငံရဲ့ ဘာသာရေးလူမျိုးရေးပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကို စိုးရိမ်နေပြီး လူနည်းစု မွတ်ဆလင် ဒုက္ခသည် ၈သိန်းဟာ နိုင်ငံသားအခွင့်အရေးကို ခံစားခွင့်မရဘဲရှိနေတယ်လို့ နိုဝင်ဘာ ၂၃ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ECHO ရဲ့ အစီရင်ခံစာ ဖော်ပြချက်အရ ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်ခံခိုင်းနေတာမဟုတ်ဘဲ သူတို့ကို လူသားအဖြစ် ဆက်ဆံပြီး နိုင်ငံသားအဖြစ် လက်ခံပေးဖို့ဖြစ် တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းဖို့လိုအပ်နေ ပြီး ရခိုင်ပြည်နယ်မှာ ဥရောပကော်မရှင်က ထောက်ပံ့ကူညီမှုလုပ်တဲ့နေရာမှာ ဟိုဘက်ဒီဘက် ၅ဝ%ဆီ လုပ်လို့ လက်တွေ့မှာ မရနိုင်ဘဲ လူနည်းစု မွတ်ဆလင်တွေရဲ့ လိုအပ်ချက်က ပိုပြီးကြီးမားနေတယ်လို့ ဆိုပါတယ်။ ဥရောပသမဂအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ ကူညီမှုကို ၂ဝ၁၃ခုနှစ်မှာ ယူရိုငွေ ၄၈.၆ သန်းကျော် ပေးထားပြီး ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေအတွက် ယူရိုငွေ ၃သန်းထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနဲ့ ဥရောပကြား အထူးအဖွဲ့အစည်းအဝေးကို ရန်ကုန်နဲ့နေပြည်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပြီး ကူညီထောက်ပံ့မှုတွေ တိုးမြှင့်သွားဖို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူနည်းစု မွတ်ဆလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ မွတ်ဆလင် ဘာသာဝင်တွေကို ဆန့်ကျင်နေတာတွေကို ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပါတယ်။ http://www.kamayutmedia.com/2013/11/24/lack-of-citizen-rights/

  • ဖဲကြိုးဖြူနေ့ (သို့)ကမ္ဘာ့အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့ တောင်ကြီးတွင် ကျင်းပါမည်။

    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media
    မင်းထွဋ်ကောင်း

    1465377_218491598332115_1961463503_n

    ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလည်း ၂၅.၁၁.၂၀၁၃၊ တနလာင်္နေ့၊ စိန့်ဂျိုးဇက်အောက်မေ့ဘွယ်ဓမ္မာရုံမှာ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဖဲကြိုးဖြူနေ့ သို့မဟုတ် ကမ္ဘာ့အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့ အခမ်းအနားကို ကျင်းပဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များမှလည်း ဖဲကြိုးဖြူနေ့နဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ ဘာသာတရား ရှုထောင့်က ဟောပြောမှု အပါအ၀င် စိတ်ဝင်စားစရာ အစီအစဉ်များလည်း ပါဝင်ကြောင်း သတင်းရရှိပါတယ်။

    ဖဲကြိုးဖြူနေ့ (သို့)ကမ္ဘာ့အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေးနေ့ ဖြစ်ပေါ်လာပုံ အကျဉ်း

    ၁၉၈၉ ခုနှစ်၊ ကနေဒါနိုင်ငံ မွန်ထရီမြို့မှာ အင်ဂျင်နီယာကျောင်းသူ ၁၄ ဦးကို Marc Lepine ဆိုသူက သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ ဒီလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်လိုက်တာဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်တတာကြောင့် သေဆုံးသွားတဲ့အမျိုးသမီးတွေအတွက် အချည်းနှီးမဖြစ်စေရဘူး ဆိုပြီး အမျိုးသမီးအရေးလှုပ်ရှားသူ Judy Rebick က “ ငါတို့ရဲ့ ပူဆွေးဝမ်းနည်းမှုတွေဟာ နောင်တစ်ချိန်မှာ အမျိုးသားများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်စေတဲ့အဖြစ်ကို ပြောင်းလဲစေရမယ် ” လို့လည်း သံဓိဌာန်ချခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်ကစပြီး အောက်မေ့ဘွယ်နေ့နဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိုအရေးယူဆောင်ရွက်တဲ့နေ့အဖြစ် ကျင်းပလာခဲ့ကြတယ်။

    ၁၉၉၉ ခုနှစ်မှာကျင်းပတဲ့ ၅၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၅၄/၁၄၃ အရ နိုဝင်ဘာလ ၂၅ ရက်နေ့ကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့ကြတယ်။

    အဲ့ဒီနေ့မှာ အမျိုးသမီးတွေကို အကြမ်းမဖက်တော့ပါဘူး၊ အကြမ်းဖက်မှုတွေကိုလည်း ဖြစ်နိုင်သမျှ ကာကွယ်တားဆီးပေးပါမယ်၊ ရေငုံနှုတ်ပိတ်မနေပါဘူး ဆိုတဲ့ ခံဝန်ကတိတွေနဲ့အတူ ဖဲကြိုးဖြူလေးတွေကို တပ်ဆင်လာကြတဲ့အတွက် “ဖဲကြိုးဖြူနေ့” လို့လည်း ခေါ်တွင်ပါတယ်။ ကမ္ဘာ့ဒေသအနှံ့မှာ နှစ်စဉ်ကျင်းပကြပါတယ်။