News @ M-Media

Author: M-Media

  • Charlie hebdo ၊ Teo Seng Chan နှင့် အရက်ပုလင်းပေါ်က ရွှေတိဂုံစေတီတော်ပုံ တံဆိပ်

    Charlie hebdo ၊ Teo Seng Chan နှင့် အရက်ပုလင်းပေါ်က ရွှေတိဂုံစေတီတော်ပုံ တံဆိပ်

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media
    ခင်မောင်တိုး ရေးသည်။

    Charlie+Hebdo 2
    ဒီကနေ့ အွန်လိုင်းမီဒီယာထက်မှာ လတ်တလောနေရာယူထားတဲ့ သတင်းက မလေးရှားနိုင်ငံထုတ် အရက်ပုလင်းပေါ်မှာ ကျွန်တော်တို့ မြန်မာတွေ အလေးအမြတ်ထားရာ ရွှေတိဂုံစေတီတော်ပုံကို တံဆိပ်အနေနဲ့ အသုံးပြုထားတဲ့ကိစ္စဘဲဖြစ်ပါတယ်။

    ဒီဓါတ်ပုံနဲ့ ဒီအရက်ပုလင်းတွေသတင်းက အရင်တုန်းကလည်း မကြာခဏတွေ့ဖူးနေပေမယ့် အခုတစ်ကြိမ်မှာတော့ အရင်ကထက် ပိုမိုအရေးတယူ ပြောဆိုနေကြတာ တွေ့ရပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ သတိပြုမိတာကတော့ ယခုဒီသတင်းကို FB ပေါ်မှာ Please Share This Post ဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ဖြန့်ဝေသူကတော့ Tomorrow ဂျာနယ် Contributor တစ်ယောက်ဖြစ်တဲ့ ကိုကျော်စွာမြင့် ဖြစ်ပါတယ်။

    ဆက်လက်ပြီး ကိုကျော်စွာမြင့်ရဲ့ ဖေစ်ဘွတ် လူမှုကွန်ယက်မှာ “ကျနော်တို့ရဲ့ အထွဋ်အမြတ် ရွှေတိဂုံ စေတီတော်ကို မဖွယ်မရာ မလုပ်သင့်ပါဘူး။ အစိုးရအနေနဲ့လည်း ဒီကုမ္ပဏီကို ရှာဖွေပြီး တခုခု အရေးယူ ပေးစေလိုပါတယ်”  လို့လည်း ဖော်ပြထားသည်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး နေ့စဉ်ထုတ်သတင်းစာတွေ၊ သတင်းဌာနတွေရဲ့တရားဝင် အွန်လိုင်း စာမျက်နှာတွေ၊ သတင်းနှင့် စာနယ်ဇင်းလောက ကနာမည်ကြီး ပုဂ္ဂိုလ်တွေ ရေးသားပြောဆိုနေကြတာတွေ၊ သူတို့ဆိုလိုရင်းတွေကို ဆန်းစစ်ကြည့်တဲ့အခါ

    “ ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခုရဲ့ အထွဋ်အမြတ်ထားရာတွေကို အခုလို အရက်ပုလင်းမှာ တံဆိပ်ကပ်လိုက်တဲ့အခါ သက်ဆိုင်ရာ ဘာသာဝင်တွေရဲ့ စိတ်ခံစားချက်ဟာ အမျက်ဒေါသကိုဖြစ်ပေါ်စေတယ်၊ ဒါမျိုးမလုပ်သင့်ဘူး၊ မလိုလားအပ်တဲ့ တုန့်ပြန်မှုမျိုး ကြုံရနိုင်ပါတယ်၊ ” ဆိုပြီး အနှစ်ချုပ် သဘောပေါက်မိပါတယ်။

    ခံစားချက်ပြင်းထန်သူအချို့ကတော့ ဒီသတင်းအပေါ် စီစစ်သုံးသပ်ခြင်းအလျဉ်းမရှိဘဲ မလေးနိုင်ငံထုတ် ဆိုတာနဲ့တင် “မြန်မာပြည်မှာရှိတဲ့ ကုလားတွေအကုန်သတ်” ဆိုတဲ့အထိ ပေါက်ကွဲသံစဉ်တွေကို တွေ့ရပါတယ်။

    ကျွန်တော့်ပြောချင်တာက အခုလို ဘာသာတရားတစ်ခုရဲ့ အထွဋ်အမြတ်ထားရာတွေကို သူတို့ရဲ့ စီးပွားရေးအတွက် မဖွယ်မရာ အသုံးချတာကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချပါတယ်။ မည်သည့်ဘာသာရဲ့ အထွဋ်အမြတ်ထားရာမဆို လုံးဝမလုပ်သင့်တဲ့ ကိစ္စလို့ဘဲ ရှုမြင်မိပါတယ်။

    အဲဒီလိုဘဲ သိပ်မကြာသေးခင်ကာလက ပြင်သစ်နိုင်ငံ Charlie Hebdo သတင်းဌာနရဲ့ လုပ်ရပ် ရှုံ့ချသလို လက်တုန့်ပြန်တဲ့ မွတ်ဆလင်တွေကိုလည်း အထင်သေး ရှုတ်ချပါတယ်။ Charlie Hebdo သတင်းစာတိုက်က လူဘယ်နှစ်ယောက်ပဲသေသေ သူတို့အတွက် စီးပွားရေး အမြတ်အစွန်း ကြီးကြီးမားမားရလိုက်ပါတယ်။ ဘာသာတစ်ခုရဲ့ အထွဋ်အမြတ်ထားရာ ပုဂ္ဂိုလ် အရှင်သူမြတ်တွေကို ထိခိုက်စော်ကားပြီး အဲဒီဘာသာဝင်တွေရဲ့ အကြမ်းဖက် တုန့်ပြန်မှု လုပ်အောင်ကို တမင် ရည်ရွယ်ချက်ရှိရှိ လုပ်သွားတာပါ။ ရွှေတောင်ကြားက Gastro Bar က ဗုဒ္ဓပုံတော်ကို နားကြပ် တပ်ပေးတဲ့ ကိစ္စလည်း အတူတူပါဘဲ။

    မသမာသူတွေရဲ့ အကျိုးစီးပွား ရှာဖွေမှုမှာ သားကောင်ဖြစ်ခံရသူများဟာ ပုံစံသာခြားပါတယ်။ မင်းတို့က ဘာမို့လို့ခံရတာ ခံပါစေ၊ ငါ့ကျတော့ ဒါမျိုးလုပ်တာ မကောင်းဘူးဆိုရင် သူများ မိဘတွေသေတုန်းက တရားပြပြီး ကိုယ့်အမေသေတော့ ငိုလို့မ၀တဲ့ ဘုန်းကြီး ပုံပြင်လို ဖြစ်သွားပါလိမ့်မယ်။

    ကျွန်တော်ပြောချင်တဲ့ လိုရင်းက မြန်မာ စာနယ်ဇင်းလောကက ပုဂ္ဂိုလ်တွေအနေနဲ့ Charlie Hebdo သတင်းစာတိုက် အကြမ်းဖက် တိုက်ခိုက်ခံရတုန်းက လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့် အတွက် I am Charlie ဆိုပြီး Charlie Hebdo သတင်းစာတိုက်ဘက်က ရပ်တည်ခဲ့သလိုမျိုး အခုအချိန်အခါမှာ လွတ်လပ်စွာ စီးပွားရှာခွင့်အတွက် I am Song Shigha လို့များ ရေးတင်ပြီး Teo Seng Chan ကုမ္ပဏီဘက်က ရည်တည်နိုင်ကြပါ သလားလို့ မေးချင်ပါတယ်။

    လူဆိုတာ မိမိကိုယ်တိုင် ခံစားဖူးမှ ကိုယ်ချင်းစာတတ်ကြပါတယ်။ သူများတွေခံရတုန်းကတော့ I am Charlie, We stand with you. လုပ်နိုင်ခဲ့ကြပေမယ့်။ ကိုယ့်အလှည့်ရောက်လာတဲ့အခါမှာတော့ အရင်က ခံဖူးသူတွေကို ကိုယ်ချင်းစာနိုင်ကြလိမ့်မယ်ထင်ပါတယ်။ ကိုယ်ချင်းစာနာတတ်ခြင်းဟာ တရားစစ် တရားမှန်ဖြစ်တယ်ဆိုတဲ့ အဆိုရှိတယ် မဟုတ်လားခင်ဗျာ။

    .
    ကျွန်တော့်အနေနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုလို ၀ိသမလောဘသားတွေရဲ့ အသုံးချခံရမှုအပေါ် ညီနောင်ဗုဒ္ဓဘာသာဝင်တို့ရဲ့ ရင်ထဲကနာကျင်မှုထက် မလျော့တဲ့ ခံပြင်းမှုရှိပါတယ်။ အစိုးရအနေနဲ့ ပဲ ဖြစ်ဖြစ်၊ မဟန အနေနဲ့ပဲဖြစ်ဖြစ် တရားဝင်ကန့်ကွက်ရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

    ခင်မောင်တိုး
    ၂၁-၄-၂၀၁၅

  • ဦးနေမျိုးဝေ ဆိုရှယ်မီဒီယာမှ လှုံ့ဆော်ပြီးနောက်ပိုင်း မိထ္ထီလာခရိုင် သပြေဝကျေးရွာတွင် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်မှုများဖြစ်ပေါ်ခဲ့

    ဦးနေမျိုးဝေ ဆိုရှယ်မီဒီယာမှ လှုံ့ဆော်ပြီးနောက်ပိုင်း မိထ္ထီလာခရိုင် သပြေဝကျေးရွာတွင် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်မှုများဖြစ်ပေါ်ခဲ့

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media
    သတင်း-မိုးစက်
    Meikhtila
    မိတ္ထီလာ။    ။ မိတ္ထီလာမြို့အနီး သပြေဝကျေးရွာတွင် ယမန်နေ့ ညဦးပိုင်းက ဘာသာမတူသည့် စုံတွဲ နှစ်ဦးသဘောတူ ခိုးရာလိုက်ပြေးသည့် လူမှုရေး ကိစ္စတရပ်ကို အကြောင်းပြုပြီး လူတစ်ချို့က အစ္စလာမ်ဘာသာဝင်များအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

    ယင်းကဲ့သို့ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးဝန်ထမ်းများနှင့် ဒေသခံများပူးပေါင်းပြီး လုံခြုံရေးကို အနီရောင်အဆင့်သတ်မှတ်ကာ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့မနက်တွင် အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း  သိရပါတယ်။

    “ယနေ့ မနက်တော့ အားလုံးအေးဆေးပါပဲ။ ဈေးရောင်းတဲ့သူကရောင်း၊ အလုပ် လုပ်တဲ့သူကလုပ်၊ အားလုံးအေးဆေးဖြစ်သွားပါပြီ” ဟု ဒေသခံတစ်ဦးက M-Media သို့ ပြောပါတယ်။

    ယမန်နေ့ညက ရိုဇီထမင်းဆိုင်ကို ဖျက်ဆီးခဲ့သည်ဟု သတင်း ထွက်ပေါ်နေသည်မှာ လည်း ကောလဟာလသာဖြစ်ပြီး အပျက်အဆီး မရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

    အဆိုပါ ဖြစ်စဉ် မဖြစ်ပေါ်ခင် ဧပြီလ ၂၀ ရက် မနက်ပိုင်းတွင် အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ မိထ္ထီလာမြို့သို့ရောက်ရှိခဲ့စဉ် ၂၀၁၃ ခုနှစ် မတ်လအတွင်း အကြမ်းဖက် ဖျက်ဆီးခံခဲ့ရသည့် မိတ္ထီလာမှ ဗလီဝတ်ကျောင်း ဓါတ်ပုံကို ၄င်း၏ ဆိုရှယ်မီဒီယာ စာမျက်နှာတွင် အကြမ်းဖက်ဖျက်ဆီးရန် လှုံဆော်သည့် စာများဖြင့် တင်ခဲ့သည်ကို တွေ့ရှိရပါတယ်။

    အဆိုပါ လှုံဆော်စာကို ၂၄ နာရီ မပြည်ခင်မှာ ထပ်ဆင့်ဖြန့်ဝေမှု ၈၀၀ ကျော်ရှိခဲ့ပြီး ညပိုင်းတွင်း ယခုကဲ့သို့ အကြမ်းဖက်မည့် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
    Meikhtila masjid comment
    ဦးနေမျိုးဝေမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ လိုက်နာဆောင်ရွက် ရမည့် ဥပဒေများကို အကြိမ်များစွာ ချိုးဖောက်ပြီး ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှု အဓိကရုဏ်းများဖြစ်ပွားစေရန် ဆိုရှယ်မီဒီယာ စာမျက်နှာမှ အမုန်းစကားများဖြင့်  လှုံ့ဆော်ရေးသားနေသော်လည်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများဖြစ်သည့် ပြည်ထဲရေး ဝန်ကြီး ဌာန နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တို့မှ တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးတာကို တွေ့ရှိရပါတယ်။

    20042015

  • နှစ်သစ်မှာ အတွေးသစ် အမြင်သစ်များအပေါ် လောင်းရိပ် မမိုးမိကြဖို့

    နှစ်သစ်မှာ အတွေးသစ် အမြင်သစ်များအပေါ် လောင်းရိပ် မမိုးမိကြဖို့

    ဧပြီ ၂၀ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။

    future
    .
    အခုဆိုရင် မြန်မာတို့ရဲ့ နှစ်သစ်ကိုကူးလူးရောက်ရှိခဲ့ပါပြီ။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေလောင်းဆေးကြောဖြစ်ခဲ့ကြပေပြီ။

    ယခုနှစ်ပြီးခဲ့လေသော သင်္ကြန်ပွဲတော်တွင် ချစ်ကြည်ရင်းနှီးခြင်း ပေါင်းစည်းခြင်းများစွာဖြင့် ဆင်နွဲကြသည်ကိုလည်း တွေ့ရှိခဲ့ကြပေပြီ။ ဟုတ်သည် သင်္ကြန်ကားများအပေါ်တွင် ကြည့်မည်လား။ သို့တည်းမဟုတ် သင်္ကြန်မဏ္ဍပ်များတွင် ကြည့်မည်လား။ ဘာသာခြားများ၊ အသွေးအရောင်မတူသူများ၊ နိုင်ငံခြားဧည့်သည်များနှင့် မြန်မာပြည်သူပြည်သားများ ဒိုးတူဘောင်ဖက် လည်ပတ်နေကြသည်။ ရေပက်ခံနေကြသည်။ ရေပက် ကစားနေကြလေသည်။

    ဤသို့ မတူခြားနားမှုများ အတူယှဉ်တွဲကာပေါင်းစည်းပျော်ရွှင်မှုသည် မြန်မာပြည်ကြီး၏ ငြိမ်းချမ်းခြင်း ပျော်ရွှင်သာယာခြင်း နမိတ်ပုံတစ်ခုပင် ဖြစ်ပေသည်။

    ယခုတိုးတက်၍ခေတ်မှီပြီး လွတ်လပ်ပွင့်လင်းလာသော ဒီမိုကရေစီခေတ်ကြီးတွင် လူတိုင်းလူတိုင်းသည် လွတ်လပ်စွာတွေးခေါ်မှု၊ လွတ်လပ်ပွင့်လင်းစွာ ဆုံးဖြတ်စီရင်နိုင်မှု၊ လူတစ်ဦးချင်းစီ အခွင့်အရေးများကို မည်သည့်အုပ်ချုပ်သူ၊ မည်သည့်လူ့အဖွဲ့အစည်းများမှ ချုပ်ကိုင်ထားခွင့် ချုပ်ကိုင်ပိုင်ဆိုးထားခြင်းမရှိတော့ပေ။ လူသားတို့၏ ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေး ပွင့်လင်းမြင့်မားလာခြင်း၏ အခြေခံသဘောသည်လည်း ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ စူးစမ်းလေ့လာနိုင်ခွင့်တို့ အပေါ်တွင်လည်း မူတည်ပေသည်။ ချုပ်ခြယ်မှုများ တားမြစ်ပိတ်ပင်မှုများ၊ ကန့်သတ်ခွဲခြားမှုများဆိုသည်မှာလည်း နည်းမှန်လမ်းမှန်ဖြစ်ရန်များစွာ အရေးကြီးလှပေသည်။

    ယနေ့ခေတ်တွင် လူငယ်များတက်သစ်စ မျိုးဆက်သစ်များ အကြားတွင် ကန့်သတ်ချုပ်ခြယ်မှုများ ခွဲခြား ပိုင်းဖြတ်မှုများ နည်းပါးလာသည်ကို တွေ့ရှိကြရမည် ဖြစ်ပေသည်။ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူကြီးဖြစ်လာသောအခါတွင် ခွဲခြားမှုမရှိသော အတွေးအခေါ်အသစ်၊ အယူအဆအသစ်များ အားစွဲကိုင်လျှက် လမ်းသစ်ဖောက်မည့် အနာဂတ်ကြယ်များပင်ဖြစ်၏။

    ထို့ကြောင့် ယနေ့လူကြီးဖြစ်နေကြသည့် လူကြီးများသည် နောင်တွင်လူကြီးဖြစ်လာမည့် လူငယ်များအပေါ်တွင် နားလည်မှုများစွာထားရှိ၍ လူငယ်များ၏အတွေးအခေါ်အသစ် အယူအဆအသစ်၊ လမ်းစဉ်အသစ်များနှင့် ပတ်သတ်၍ ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း၊ တားမြစ်ခြင်းများ ပြုလုပ်မည့်အစား ထိုက်သင့်သလောက်လက်ခံပေးနိုင်ကြမည်ဆိုပါမှ ငြိမ်းချမ်းသာယာသော ပေါင်းစည်းမှုအသင်းများ လူသားတို့အကြားတွင် ပေါက်ဖွား ရှင်သန်ပေလိမ့်မည်။ လူငယ်များ၏စိတ်၊ ဦးနှောက်၊ အတွေးအခေါ်၊ အယူအဆများအပေါ်တွင် မည်သည့်လောင်းရိပ်ကိုမျှ မအုပ်စိုးမိစေရန် သတိချပ်ဖို့သာလိုအပ်လှပေသည်။

    သက်ဝေနှင်း

  • သီရိလင်္ကာ သမ္မတသစ် အစွန်းရောက် BBS အဖွဲ့ ၏ အကြမ်းဖက် လှုံ့ဆော်မှုများ အဆုံးသတ် နိုင်မလား

    သီရိလင်္ကာ သမ္မတသစ် အစွန်းရောက် BBS အဖွဲ့ ၏ အကြမ်းဖက် လှုံ့ဆော်မှုများ အဆုံးသတ် နိုင်မလား

    မတ် ၁၉ ၊ ၂၀၁၅
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

    SRILANKA-superJumbo

    မြန်မာနှင့် သီရိလင်္ကာနိုင်ငံရှိ လက်ျာစွန်းရောက် ဗုဒ္ဓဘာသာဝင် အမျိုးသားရေးဝါဒီတို့၏ လက်ရှိမွတ်စ်လင်မ် ဆန့်ကျင်ရေးအကြမ်းဖက်မှုများအပေါ် နိုင်ငံတကာဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းမှ ဆန့်ကျင်စကားများ ပေါ်ထွက်လျက်ရှိချိန်မှာပင် အဆိုပါနိုင်ငံအသီးသီးရှိ ယင်း အမာခံအုပ်စုကြီးထွားနေခြင်းကို ရပ်တန့်အောင် ကျယ်ပြန့်စွာ မစွမ်းဆောင်နိုင်သေးချေ။

    ပြီးခဲ့သည့်နိုဝင်ဘာလတွင် Jack Kornfield ၊ Tara Brach ၊ Joseph Goldstein ကဲ့သို့ အကျော်အမော်များအပါအ၀င် အမေရိကန်ဗုဒ္ဓဘာသာဝင်ဆရာများ ၃၈၁ ဦးသည ဗုဒ္ဓဘာသာဝင်တို့၏ ရန်စ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အသံမြှင့်တင်ရန် တိုက်တွန်းသည့် စာတစ်စောင်ကို မြန်မာနိုင်ငံ သံတမန်ရေး ခရီးစဉ်၌ သမ္မတအိုဘားမားထံ ပို့ခဲ့ကြသည်။ ဒရိုင်းလားမားမှ “အလားတူဒုစရိုက်မျိုး မကျူးလွန်မီ ဗုဒ္ဓရှင်တော်မြတ်၏ပုံရိပ်ကို မြင်ယောင်တွေးဆအပ်သည်” ဟုဆိုလျက် မြန်မာနှင့် သီရိလင်္ကာနိုင်ငံတွင်းရှိ အစွန်းရောက်သမားတို့အား ပြတ်ပြတ်သားသား ရှုတ်ချသော တရားဝင်ကြေငြာချက်တစ်ရပ် ထုတ်ပြန်ပြီး လအနည်းငယ်အကြာတွင် အဆိုပါတိုက်တွန်းစာ ရေးပို့ခြင်းဖြစ်သည်။

    ယင်းနှစ်နိုင်ငံစလုံး၌ သံဃာ ဦးဆောင်လှုံဆော် နေသော ဘာသာရေး စော်ကားချက်အမြင်ပေါ် မူတည်နေကြသော်လည်း ပင်မအခြေခံအားဖြင့် နိုင်ငံရေးကိစ္စသာဖြစ်နေသည်။ Human Rights Watch နှင့် Amnesty International ကဲ့သို့ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများက ရက်စက်မှုများအဆုံးသတ်ဖို့အတွက် လောဆော်ထားပြီးဖြစ်၏။ သို့သော်လည်း သက်ဆိုင်ရာအာဏာပိုင်အစိုးရမှ ကိုယ်ပိုင်ဆုံးဖြတ်ချက် အခိုင်အမာဖြင့် အရေးမယူသေးသမျှ သက်ဆိုင်ရာနိုင်ငံမှ လှုံ့ဆော်သည့် သံဃာများကမူ သူတို့၏လုပ်ရပ်များကို ရပ်တန့်လိမ့်မည်မဟုတ်ချေ။

    မြန်မာနိုင်ငံသည် နှစ်ပေါင်းငါးဆယ် စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီး လစ်ဘရယ်လမ်းကြောင်းသို့ ရွေ့လှမ်းလာပြီးနောက် မြန်မာ မွတ်စ်လင်မ်တို့  အပေါ် အုပ်စုဖွဲ့အကြမ်းဖက်မှုသည် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ပွင့်ထွက်ဖြစ်ပွားခဲ့သည်။ သို့တစေ ရှေ့ဆက်နေသော ရက်စက်ကြမ်းကြတ်မှုများကို ဖြတ်တောက်ရပ်တန့်ရမည့်အစား ရဲတပ်ဖွဲ့ဝင်တို့က လူမိုက်အားပေးအလုပ် လုပ်ဆောင်ခဲ့ကြ၏။ လက်ရှိအစိုးရလက်အောက်တွင် (အကြမ်းဖက်မှုများကို) ဖြိုခွဲရေးမှာ တွေးမြင်၍ မရနိုင်သေး။

    SirisenaImageTwo
    ရွေးချယ်တင်မြှောက်ခံရသည့် သီရိလင်္ကာနိုင်ငံ၏ သမ္မတသစ် Maithripala Sirisena (ပုံ)

    အလားတူစွာ သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓအစွန်းရောက်အုပ်စု BBS – Bodu Bala Sena အား ကိုင်တွယ်အရေးယူမှုအတွက် အခွင့်အလမ်းဟူ၍ ပါးလျနေဆဲပင်။ ၂၀၁၂ ခုနှစ်ကတည်းက တည်ထောင်သော BBS သည် အငြင်းပွားဖွယ်ရာစစ်သွေးကြွအုပ်စုအဖြစ် လူထုမှ ဝေဖန်ခဲ့ကြပြီး သမ္မတဟောင်း Mahinda Rajapaksa ၏ ပုဂ္ဂလထောက်ခံမှု ရှိနေခဲ့၏။ ထိုသူတို့မှ တိုက်ခိုက်မှု ပြုလုပ်စဉ် Mahinda Rajapaksa ၏ ရဲတပ်ဖွဲ့များက ဘေးထွက်ရပ်ကြည့်နေကြသလို သူကိုယ်တိုင်ကလည်း လူထုမိန့်ခွန်း၌ ယင်းအဖွဲ့အစည်းအပေါ်လက်မခံနိုင်ခြင်းအား ခပ်ပျော့ပျော့လေးသာ ထည့်သွင်းပြောကြားခဲ့သည်။

    သာဓကအားဖြင့် သူ၏ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် သီရိလင်္ကာလွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဘာသာရေးအသွင်ပြုအကြမ်းဖက်မှုကို သတိထားကြရန် BBS အား သွယ်ဝိုက်သတိပေးပြောဆိုခဲ့၏။

    “သီရိလင်္ကာမှာ ဘာသာရေးအကြောင်းပြု ပုန်ကန်ထကြွမှုလုပ်ဖို့ ကြိုးစားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် (အဲ့ဒီလုပ်ရပ်တွေဟာ) ဘာသာရေးကိုကိုယ်စားပြုတာ မဟုတ်ပါဘူး။ ခွဲထွက်ရေးရည်မှန်းချက်သာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    “Fashion Bug နဲ့ No Limit တို့က ခင်ဗျားတို့ရဲ့ (ဗုဒ္ဓဘာသာဝင်) သမီးမိန်းကလေးတွေကို ဘာလုပ်နေကြသလဲဆိုတဲ့ အပုပ်သတင်းအချက်အလက်နဲ့ အထောက်အထားအားလုံး ကျွန်တော်တို့ဆီမှာရှိတယ်။ မွတ်စ်လင်မ်တွေကို ကျွန်တော်တို့ ပြန်လုပ်တာ ဘာအပြစ်ရှိလို့လဲ” ဟုဆိုကာ BBS အုပ်စု၏ အထွေထွေအတွင်းရေးမှူး Gnanasara Thera က ၀န်ထမ်းအမျိုးသမီးတို့အား အစ္စလာမ်သို့ အဓမ္မကူးပြောင်းစေသည်ဟု မွတ်စ်လင်မ်ပိုင် Fashion Bug နှင့် No Limit အထည် ကုမ္ပဏီနှစ်ခုကို မတရားစွပ်စွဲခဲ့ပြီး ထိုအဖွဲ့သည်  Kandy မြို့လယ်၌ တစ်လခွဲမျှ လှုံ့ဆော် ထကြွခဲ့ကြသည်။ ၎င်းကို တရားဝင် တားဆီးထိန်းသိမ်းမှု မပြုခဲ့။

    နှစ်ပတ်အကြာ စီးပွားရေးမြို့တော် ကိုလံဘိုတွင် ဗုဒ္ဓဘာသာဝင် သံဃာများသည် လူ ၅၀၀ ၀န်းကျင်ကို ဦးဆောင်၍ Fashion Bug ပိုင် အရောင်းဆိုင်တစ်ဆိုင်အား တိုက်ခိုက်ကြသည်။ လူအုပ်ကြီး၏ အဆောက်အဦဖျက်ဆီးခြင်း၊ တံခါးချိုးဖျက်ခြင်း၊ အတွင်းရှိ မွတ်စ်လင်မ် လုပ်သားများအပေါ် မဖွယ်မရာဆက်ဆံခြင်းများကို ရဲများက ရပ်ကြည့်နေခဲ့သည်။ တစ်နာရီကျော်ကြာမြင့်ပြီးနောက်မှာမှ ယင်းသောင်းကျန်းမှုကို ရဲတပ်ဖွဲ့က လူစုခွဲခဲ့သည်။ ဥပဒေစိုးမိုးရေးအရာရှိများက သံဃာ ၃ ဦးအပါအ၀င် သံသယရှိသူ ၁၇ ယောက်ကို ထိန်းသိမ်းခဲ့သည်။ သို့သော် ဒဏ်ငွေပေးဆောင်မည်ဆိုသည်နှင့် ထိုသူတို့အားလုံးကို မဆိုင်းမတွ လွှတ်ပေးလိုက်ကြသည်။

    ထိုလထဲမှာပင် သမ္မတ Rajapaksa ၏ညီဖြစ်သူ ကာကွယ်ရေးဝန်ကြီး Gotabhaya Rajapaksa က BBS လေ့ကျင့်ရေး စင်တာဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ထိုအဖွဲ့၏လုပ်ရပ်လမ်းစဉ်ကို အားပါးတရ ဂုဏ်ယူစကားဆိုခဲ့သည်။

    “ငါတို့ရဲ့နိုင်ငံ၊ အမျိုး၊ ဘာသာသာသနာကိုကာကွယ်နေတာ ဒီရဟန်းသံဃာတွေဖြစ်တယ်။ ဒီဘုန်းတော်ကြီးတွေအပေါ် ဘယ်သူမှ သံသယအမြင်တွေ မထားအပ်ဘူး။ သူတို့ကို အားပေးရပ်တည်ဖို့ ငါတို့ ဒီကိုရောက်လာခြင်းဖြစ်တယ်”။

    ထိုအကြမ်းဖက်အုပ်စုသည် Rajapaksa အစိုးရအဖွဲ့ထံမှ ထိရောက်သည့်အရေးယူမှု ကျရောက်ဖွယ်မရှိကြောင်း သိရှိပြီး စိုးရိမ်ကြောက်လန့်မှု မဖြစ်ကြောင်း ထိုစကားရပ်အားဖြင့် လုံလောက်နေသည်ဟု ဆိုနိုင်ပါ၏။

    သို့သော် မိမိကိုယ်ကို မရှိမဖြစ်ဟုအထင်ရောက်နေသော နှစ်ဖက်ခွသမ္မတ Rajapaksa သည် ဇန္န၀ါရီ ၈ ရက်၌ ပြန်လည်အရွေးခံသည့်အခါ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားပါသည်။ ကျန်းမာရေးဝန်ကြီးဟောင်း Maithripala Sirisena သည် လူနည်းစုဝင်များဖြစ်သော တမီလ်နှင့် မွတ်စ်လင်မ်တို့၏ ဧရာမ မဲအင်အားဖြင့် အာဏာရယူနိုင်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ၏ သမ္မတသစ် ဖြစ်လာပေသည်။

    Maithripala Sirisena က ကာလရှည်ညှင်းဆဲခံ အုပ်စုများကို ကာကွယ်၍ အခွင့်အလမ်းတံခါးဖွင့်ပေးမည့် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရန် ကတိပြုထားသည်။ သူ့ဆိုစကားအရ BBS အား ဖြိုလှဲရေး လုပ်ငန်းစဉ် ပါဝင်နေကြောင်း သိရပေသည်။

    ဇန္န၀ါရီရွေးကောက်ပွဲ၌ Rajapaksa ၏ ကျော်ကြားမှုအား ယှဉ်ပြိုင်လှဲချနိုင်သည့် အခွင့်အရေးတစ်ရပ်ကို Sirisena မှ လက်ကိုင်ပြုလိုက်ခြင်းကလည်း အကြောင်းတစ်ရပ်ဖြစ်သည်။ BBS ၏အကြမ်းဖက်မှုများကို ထိရောက်စွာ ကိုယ်တွယ်တုန့်ပြန်နိုင်စွမ်းမရှိမှုက Rajapaksa ပြုတ်ကျသွားစေသည့် အဓိကထောက်ကွက်လမ်းကြောင်းပင်။ ယမန်နှစ်ဇွန်လအတွင်း အနောက်တောင်ပိုင်းရှိ Aluthgama မြို့၌ မွတ်စ်လင်မ်တို့ကို တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး ၈၀ ဒဏ်ရာရခဲ့သည်။ ယာယီကာဖျူးအမိန့်ထုတ်ခြင်းမှအပ ချက်ခြင်းတုန့်ပြန်မှုဟူ၍ လောက်လောက်လားလား မရှိခဲ့။

    ထိုစော်ကားတိုက်ခိုက်မှု၏နောက်ပိုင်း အချိန်အတန်ကြာပြီးမှ လူ ၄၁ ဦးသာ ဖမ်းဆီးခဲ့သည်။ အကြမ်းဖက်တွင်ပါဝင်သူ အနည်းငယ်သာပါဝင်ပြီး ကျန်သူများက ကာဖျူးအမိန့်ချိုးဖောက်သူများဖြစ်နေသည်။ သို့ရာတွင် တိုက်ခိုက်မှုမတိုင်မီ Aluthgama နယ်တစ်ဝိုက်တွင် အမုန်းတရားအခြေတည်အကြမ်းဖက်ရန် BBS မှ အပြင်းအထန်သွေးထိုးလှုံ့ဆော်သည့် ဗီဒီယိုမှတ်တမ်း ထင်ထင်ရှားရှားရှိနေလင့်ကစား BBS ခေါင်းဆောင်ပိုင်းတစ်ဦးမျှ ဖမ်းဆီးခံရခြင်း မရှိခဲ့ချေ။

    အကြမ်းဖက်မှု၌ပါဝင်အားပေးသူ စင်ဟာလာဗုဒ္ဓဘာသာဝင်များအား တရားစီရင်ရန် အကြိမ်ကြိမ် ရှောင်လွှဲပျက်ကွက်နေခြင်း၊ မဆိုင်သည့်အကြောင်းဖြင့် မဆိုင်သူအား စီရင်ခြင်းက Rajapaksa ၏ (မိမိ၏ဘက်တော်သားလူတစ်စုသာကောင်းစားရေး) ခရိုနီသင်္ကေတအား ဖော်ကျူးလိုက်ပေသည်။ ထို့ပြင် သီရိလင်္ကာနိုင်ငံလူဦးရေပမာဏ ၁၀ ရာခိုင်နှုန်းအထိရှိနေသော မွတ်စ်လင်မ်လူထုအကြား သူ့အမည်နာမ သုံးစားမရတော့ပေ။

    Rajapaksa အား လူကြိုက်နည်းသွားရခြင်း၏အဓိကရင်းမြစ်မှာ BBS နှင့်စပ်လျဉ်းသော သူ့အနေအထားကြောင့် မဟုတ်။ မိမိ၏ရာထူးနေရာအတွက် အမြင်ကျဉ်းမြောင်းစွာဖြင့် အာဏာတည်ဆောက်မှု ကြီးထွားလာသောကြောင့်သာဖြစ်သည်။ သီရိလင်္ကာနိုင်ငံသားအများအပြားက အခြေခံကုန်စည်များတွက်ပင်လျှင် ရုန်းကန်နေရသော ဖွံ့ဖြိုးမှုမဲ့စီးပွားရေးအခြေအနေ ထပ်ဆင့်လာသောအခါ Rajapaksa ၏ ဒီမိုကရေစီအံတုလမ်းစဉ်သည် သူ၏အတွင်းပိုင်း မိသားစု၊ မိတ်ဆွေ၊ ဘက်တော်သားအုပ်စုပြင်ပရှိ လူပေါင်းများစွာတို့အား စိတ်ပျက်လက်ပျက်ဖြင့် ယုံကြည်မှုကင်းမဲ့သွားစေသည်။

    ယင်းသို့တစ်ဖက်သတ်ဆန်ဆန် စီမံထားမှုလမ်းကြောင်းများက Rajapaksa ၏ ကိုယ်ပိုင်နိုင်ငံရေးပါတီဝင်များ၊ သူ့အတွင်းစည်းမှ အခရာအင်အားစုဖြစ်သည့် သီရိလင်္ကာသား စင်ဟာလာဗုဒ္ဓဘာသာဝင် ၇၀ ရာခိုင်နှုန်းကိုပင် သူစိမ်းဆန်သွားစေခဲ့သည်။ အချုပ်ဆိုရလျှင် Rajapaksa ကဲ့သို့ အမျိုးသားနိုင်ငံရေးဝါဒီအများစုသည် လူမျိုးရေးအကြောင်းပြ ခေါင်းစဉ်အောက်စုစည်းခြင်းအပေါ် မှီခိုနေခြင်းဖြစ်သည်။ ကနဦးပိုင်းက အားထားခဲ့သည့် မဲအင်အားစု ပြိုကွဲပြီး ညွှန့်ပေါင်းအဖွဲ့၏လားရာ ပြောင်းလဲသွားသည်၌ ခေါင်းမာသူကြီးအဖို့ ကယ်ကူရာမဲ့ဖြစ်သွားလေသည်။

    ရွေးကောက်ပွဲနေ့မတိုင်မှီ ငါးနှစ်ခွဲအလို ဆင်ဟာလာဗုဒ္ဓဘာသာဝင်လူများစုနှင့် ဟိန္ဒူတမီလ်လူနည်းတို့အကြားဖြစ်ပွားသော ၂၅ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်ခြင်းက Rajapaksa ၏ အထွဋ်အထိပ်နိုင်ငံရေးအောင်မြင်မှု ဖြစ်ခဲ့သည်။ မဝေးကွာလှသေးသည့် အတိတ်အောင်မြင်မှုလည်း ရေစုန်မျောရချေပြီ။ သီရိလင်္ကာသားတို့အဖို့ စစ်မက်ကင်းဝေးရုံမျှဖြင့် မလုံလောက်နိုင်သေးသောကြောင့်ဖြစ်သည်။

    Rajapaksa အဖတ်ဆည်မရအောင် ထိုးကျသွားရသည့် အထင်ရှားဆုံးဖြစ်နေချေအကြောင်းရင်းမှာ ပြည်တွင်းစစ်ကာလအတွင်း ကျူးလွန်သော စစ်ရာဇ၀တ်အတွက် ဆင့်ခေါ်စစ်ဆေးခြင်းကို ငြင်းပယ်မှုဟု ဆိုရပါမည်။ Rajapaksa သည် ထိုအတိတ်ကိုပြန်မဖော်ဘဲ ပြည်ဖုံးကားချလိုခြင်းမှာ သူနှင့် ညီဖြစ်သူ ကာကွယ်ရေးဦးစီးတို့၏ ထဲထဲဝင်ပါဝင်ပတ်သက်မှုရှိနေနိုင်ကြောင်း မည်သူမဆို တွေးဆကြည့်နိုင်မည်ဖြစ်သည်။ သို့သော် ထိုငြင်းပယ်သည့်ဆုံးဖြတ်ချက်က ပြည်တွင်းစစ်နောက်ဆုံးကာလများအတွင်း သတ်ဖြတ်ခံလိုက်ရသည့် တမီလ်အရပ်သား လေးသောင်းဝန်းကျင်တို့၏ မိသားစုဝင်များ၊ မိတ်ဆွေများကို ဒေါသနှိုးဆွလိုက်ပေသည်။

    ထိုတွန်းအားပေးမှုသည် နှစ်ဖက်စလုံးမှ ရာဇ၀တ်မှုကျူးလွန်သူတို့အား စုံစမ်းစစ်ဆေးရန် ကုလလူ့အခွင့်အရေးကောင်စီမှ ခြေလှမ်းစတင်စေခဲ့သည်။ သို့သော် New York Review of Books တွင် ဂျာနယ်လစ် Joshua Hammer က Rajapaksa အစိုးရအဖွဲ့သည် စုံစမ်းစစ်ဆေးရေးအရာရှိများကို ပြည်ဝင်ခွင့် မပေးခဲ့ကြောင်း၊ Skype မှတဆင့် ၀န်ခံထွက်ဆိုသူ မျက်မြင်သက်သေများကို ခြိမ်းခြောက်ပြီး ဂျီနီဗာရှိ လူ့အခွင့်အရေးကောင်စီဋ္ဌာနချုပ်မှ စွဲချက်တင်မှု ပယ်ဖျက်ရန် ပြောဆိုလိုက်ကြောင်း ဖော်ပြခဲ့သည်။

    ယင်းသို့ အသည်းအမည်းငြင်းဆန်မှုသည် သီရိလင်္ကာကို နိုင်ငံတကာအလယ် ဂုဏ်သိက္ခာကျဆင်းသွားစေသည့်အပြင် နိုင်ငံမြောက်ပိုင်း တမီလ်ဒေသနှင့် ရင်ကြားစေ့ရေးခြေလှမ်းများအား ကြိုပိတ်တားဆီးလိုက်ခြင်းဖြစ်သည်။ ရင်ကြားစေ့ရေးလုပ်ငန်းစဉ်၌ အစိုးရသိမ်းပိုက်နယ်မြေများ ပြန်ပေးရေး၊ သတင်းစာလွတ်လပ်ခွင့်၊ အတိုင်းအတာတစ်ရပ်အထိ ကိုယ်ပိုင်စီမံအုပ်ချုပ်မှုအခွင့်အာဏာ စသည်တို့ ပါဝင်နေ၏။

    sri-lanka_1

    အထက်ပါအကြောင်းအချက်များက သမ္မတ Rajapaksa စီစဉ်သည့် လျှပ်တစ်ပြက်ရွေးကောက်ပွဲမတိုင်မီ သုံးလအလိုတွင် သူ၏ ရေရှည်နိုင်ငံရေးလက်တွဲဖော်ဖြစ်သော Maithripala Sirisena အား ဆန့်ကျင်ဖက်လမ်းလျှောက်ရန် ဆုံးဖြတ်သွားစေသည်။ သို့ဖြင့် Rajapaksa ၏သစ္စာခံ ဆင်ဟာလာအင်အားစုအကြား ခံစားခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ပြန်လည်အောင်နိုင်ရန် Sirisena မှ တမီလ်နှင့်မွတ်စ်လင်မ်များအကြားရှိ လုံလောက်သော အားပေးထောက်ခံမှုပေါ်မူတည်လျက် လောင်းကြေးထပ်လိုက်ပေသည်။

    သို့သော် ဖြစ်စဉ်ရလဒ် ထူးခြားခဲ့သည်။ ဆင်ဟာလာနိုင်ငံရေးသမားတို့က ဆွယ်လုံးများပေးနေလင့်ကစား တမီလ်နှင့်မွတ်စ်လင်မ်တို့သည် Sirisena ၀င်ပြိုင်အရွေးခံခြင်းဖက်မှ ရပ်တည်အားပေးခဲ့ကြသည်။ Rajapaksa ၏ လူတစ်စုကောင်းစားရေးဝါဒကြောင့် သီရိလင်္ကာ၏ အကြီးမားဆုံး မွတ်စ်လင်မ်ပါတီ၏ခေါင်းဆောင် ရာအူးဖ်ဟကီးမ် Rauf Hakeem သည် တရားရေးဝန်ကြီးရာထူးမှနှုတ်ထွက်ပြီး Sirisena ဖက်သို့ ဘက်ပြောင်းလိုက်ပါသည်။ အချိန်တိုလေးအတွင်း ပင်မ တမီလ်နိုင်ငံရေးပါတီသည် သူနှင့် တစ်သွေးတစ်သံတည်း ဖြစ်သွားခဲ့၏။

    ညွှန့်ပေါင်းအင်အားစု
    ———————-
    Sirisena ၏ မွတ်စ်လင်မ်နှင့်တမီလ် ပြန်လည်ပေါင်းစည်းမှု ထင်ရှားလာခြင်းမှာ အံ့သြစရာ အလျဉ်းမရှိချေ။ “ရန်သူ၏ရန်သူသည် မိတ်ဆွေဖြစ်သည်” ဟူသော အဆိုရှိနေသည်မဟုတ်လော။ အမှန်တကယ် ပါးစပ်အဟောင်းဖြစ်သွားစေသည့်ပုံဟန်သည်ကား အလယ်အလတ်လမ်းစဉ်လိုက် ဗုဒ္ဓဘာသာဝင်များ၏ပါတီ National Heritage Party (JHU) သည်လည်း Sirisena အား ထောက်ခံလိုက်ခြင်းပင်တည်း။ သီရိလင်္ကာပါလီမန်အမတ်နေရာ ၂၂၅ အနက် သုံးနေရာသာရထားသော်လည်း ၎င်းပါတီသည် နိုင်ငံအတွင်းဗုဒ္ဓဘာသာအသိုင်းအ၀ိုင်း၏ နိုင်ငံရေးအသံအား ကိုယ်စားပြုထားပေသည်။

    JHU ခေါင်းဆောင် Omalpe Sobitha သည် Rajapaksa အားထောက်ခံမှုမှ နှုတ်ထွက်ကျောခိုင်းရခြင်းအကြောင်းကို ဤသို့ရင်ဖွင့်ပြောကြားသည်။

    “ဒီလိုနှုတ်ထွက်ခြင်းဟာ ရန်သူအင်အားစုဆီကလာတဲ့ စိန်ခေါ်ချက်တစ်ရပ်ကြောင့် မဟုတ်ပါဘူး။ မိမိလမ်းကြောင်းတွေကို ပြန်လည်တည့်မတ်ဖို့ သမ္မတကိုပေးတဲ့ မွေးနေ့လက်ဆောင်တစ်ခုပါ။ ဒါဟာ ဗုဒ္ဓအဆုံးအမအရ မိတ်ဆွေတစ်ကို သွန်သင်လမ်းပြခြင်း ဖြစ်ပါတယ်”။

    သို့သော် ခြားနားစွာတည်ရှိသော ဗုဒ္ဓဘာသာနိုင်ငံရေးအုပ်စု BBS ၏ထောက်ခံမှုကို Rajapaksa မှ ကိုင်ဆွဲထားဆဲပင်။ BBS အဖွဲ့မှ Rajapaksa အား ပြန်လည်တင်မြှောက်ရေးဆုံးဖြတ်ချက်ကို ကြေငြာရာတွင် ထိုအုပ်စု၏ စီအီးအို Dr. Dilanthe Withananage က အတိုက်အခံအင်အားစုတို့ကို အပြင်းအထန်ဝေဖန်ခဲ့သည်။

    “အမည်ခံအုပ်ချုပ်ရေးစနစ်ကောင်း၊ ဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေး၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ကြွေးကြော်သံအပေါင်း၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂတို့ဟာ သာမန်ယှဉ်ဖက် Maithripala Sirisena ကို အပေါ်ယံလျှပ်ပြီး အကဲဖြတ်နေကြတာပါ”။

    BBS ၏ မဟာဗျူဟာမှာ Maithripala Sirisena အား “သီရိလင်္ကာဗဟိုချက်မ လူ့အဖွဲ့အစည်းဖြစ်သော ဆင်ဟာလာဗုဒ္ဓဘာသာဝင်တို့အား မျက်ရည်ချောင်းစီးအောင် လျှို့ဝှက်ရည်ရွယ်ထားသည့် နိုင်ငံတကာပြည်ပအားကိုးသူ” အဖြစ် ပုံဖော်လိုခြင်းဖြစ်သည်။

    Rajapaska မှ ယင်းကဲ့သို့ ၀ါဒမှိုင်းတိုက်ခြင်းကို လက်ခံကြိုဆိုခဲ့ခြင်းက လွဲချက်နာရပေသည်။ အဆုံးသတ်သော် သူ၏အမာခံထောက်ခံသူများက အင်အားသာသော်လည်းအမြင်ကျဉ်းအယူသည်းလှသည့် လူများစုအပေါ် သူ၏မှီခိုနေမှု (နှင့်) ဘာသာခြားတိုင်းရင်းအုပ်စုငယ်တအုံတကျင်း၏ Sirisena အပေါ် ရပ်တည်ချက်တို့အကြား ကွဲပြားခြားနားမှုကို ပုံကြီးချဲ့ခဲ့ကြသည်။ သို့ဖြင့် လက်တစ်ဆုပ်စာမျိုးတူအုပ်စုမှထိန်းချုပ်ထားသော အစိုးရနှင့် မျိုးကွဲညွှန့်ပေါင်းအုပ်စုကြီးအကြား ရွေးချယ်မှုတစ်ခုအဖြစ် ရွေးကောက်ပွဲက အသွင်ပြောင်းသွားလေသည်။ သို့သော် ထိုသူတို့မှာ Rajapaksa အတွက် အလုပ်ဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ရွေးကောက်ပွဲရောက်ရန် သုံးရက်မျှသာလိုသောအခါကျမှ  “ဆင်ဟာလာဖြစ်စေ၊ တမီလ်ဖြစ်စေ၊ မွတ်စ်လင်မ်ဖြစ်စေ ဒီနိုင်ငံကမည်သူ့ကိုမဆို ကျွန်တော် အကာအကွယ်ပေးပါမယ်” ဟု Rajapaksa က အမြင်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားပမ်းစား ပြောကြားခဲ့သည်။ ဤကတိအား အပြည့်အ၀သက်သေပြနိုင်ခြင်း ရှိမည်မဟုတ်သလို အခါလွန်မိုး ဖြစ်ခဲ့ပြီတည့်။

    သီရိလင်္ကာသမိုင်း၌ မဲဝင်ပေးသူပမာဏအများဆုံးဖြစ်စဉ်သည် ဇန္န၀ါရီ ၈ ရက်တွင် ပေါ်ပေါက်ခဲ့သည်။ တရားဝင်မဲပေးခွင့်ရှိသူများ၏ ၈၁.၅ ရာခိုင်နှုန်းအထိ မဲပေးခဲ့ကြသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲ၌ (နောက်ဆုံးနှစ်ကြိမ်ဖြစ်သော) ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်တွင် မဲထည့်သူဦးရေ ၅၇ နှင့် ၅၄ ရာခိုင်နှုန်း အသီးသီးသာ ရှိခဲ့ခြင်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ မဲပမာဏအားလုံး၏ ၅၁ ရာခိုင်နှုန်းဖြင့် Sirisena မှ နှာတစ်ဖျားအသာ အနိုင်ရသွားခဲ့သည်။ မွတ်စ်လင်မ်နှင့်တမီလ်တို့၏ ၇၀ ရာခိုင်နှုန်းသော မဲဝေစုက ဆင်ဟာလာဗုဒ္ဓဘာသာဝင်များအကြား ရှိနေခြင်းကြောင့်ဟု ဆိုရပေမည်။

    သို့သော် နိုင်ငံရေးအဆောက်အဦ၌ အုပ်ချုပ်ရေးစနစ်ကောင်းချမှတ်ခြင်းထက် မှိုင်းတိုက်ခြင်းက ပိုမို တာသွားတတ်လေ့ရှိရာ ထိုရွေးကောက်ပွဲမှ အဓိကမေးခွန်းတစ်ရပ် ထွက်ပေါ်လာပါသည်။ Sirisena ၏ မတည်ငြိမ်သေးသော မဲဆန္ဒရှင်အုပ်စုများသည် နောက်ကွယ်မူဝါဒများဖြင့် မည်သို့ စခန်းသွားကြမည်နည်း ? ထို့ပြင် ဤစည်းဝိုင်းအတွင်းကစားကွက်သည် BBS အပေါ်ထားရှိသော အစိုးရပေါ်လစီအား မည်သို့သက်ရောက်စေမည်နည်း ?

    ရွေးကောက်ပွဲဝင်စဉ် နှစ်လတာအတောအတွင်းမှစပြီး Sirisena က သိသာထင်ရှားသော ပြန်လည်ပြုပြင်မှုအချို့အား စီမံထားပြီးဖြစ်သည်။ ၎င်း၌ BBS အားအရေးယူရန် ဆန္ဒရှိနေကြောင်း အရိပ်အမြွက်ပါဝင်နေသည်။ သို့သော် ရွေးကောက်ပွဲမတိုင်မီ သုံးလအလိုအထိ Sirisena သည် Rajapaksa လက်အောက်မှ ကျန်းမာရေးဝန်ကြီးတာဝန်ထမ်းဆောင်နေခဲ့သော သူ့ပါတီဝင်ဖြစ်ခဲ့ခြင်းကြောင့် ယင်းအလားအလာများကို စောင့်ကြည့်ရပေဦးမည်။

    ရွေးကောက်ပွဲအပြီး ပျော်ရွှင်အောင်ပွဲခံနေခြင်းကြားမှ International Crisis Group အဖွဲ့ဝင် Brian Keenan သည် တက်ကြွလှုပ်ရှားနေကြသူများအား “Sirisena မှာ Rajapaksa ထက်ပင် နားလည်ရခက်သူဖြစ်၏။ သို့သော် မည်သို့ပင်ဖြစ်စေ ဆင်ဟာလာအမျိုးသားရေးဝါဒ၏အရောင်စွန်းထင်းမှု မဆိုစလောက်တော့ ရှိပါသည်” ဟု သတိပေးခဲ့သည်။ Guardian သတင်းစာအယ်ဒီတာအဖွဲ့က “သီရိလင်္ကာဖြစ်စဉ်ဟာ တော်လှန်ရေးတစ်ရပ် မဟုတ်ခဲ့ပါဘူး။ အတိတ်ကာလရဲ့ ဒီမိုကရေစီချိန်ခွင်လျှာကို ပြန်လည်ညှိနှိုင်းထိန်းသိမ်းလိုက်တာမျိုးလည်း မဟုတ်ပါဘူး။ Rajapaksas ရဲ့ အထိန်းအကွပ်မဲ့ အာဏာအလွဲသုံးစားပုံဟန်ကိုဆန့်ကျင်ပြီး အာဏာရပါတီအတွင်းထဲကနေ ဦးချိုးလိုက်ခြင်းသာ ဖြစ်တယ်” ဟု ဆိုကြသည်။  Sirisena သည် BBS ၏ထောက်ခံမှုရရန် ကြိုးစားခဲ့ကြောင်း ထိုအုပ်စုခေါင်းဆောင်တို့၏အဆိုအရ သိရသည်။

    Sirisena သည် စတင်တာဝန်ထမ်းဆောင်သည့် လအနည်းငယ်အတွင်း သူ့အပေါ်ရှိသောသံသယအားလုံး ချေဖျက်ရန် တတ်နိုင်သမျှ ကြိုးစားခဲ့သည်။ ဒီမိုကရေစီလမ်းကြောင်းနှင့်စပ်လျဉ်း၍ ဇွန်လ၌ လွှတ်တော်အတွင်း ရွေးကောက်ပွဲလုပ်ရန် မဲဆွယ်ကတိပေးထားပြီးဖြစ်ရာ သူ၏တစစအားကောင်းလာသော ညွှန့်ပေါင်းအဖွဲ့မှာ အတိုက်အခံတို့၏စိန်ခေါ်ချက်ဒဏ် ခံရဖွယ်ရှိနေသည်။

    အုပ်ချုပ်ရေးစနစ်ကောင်းနှင့်စပ်လျဉ်း၍ Rajapaksa အုပ်ချုပ်ရေးကာလအကျင့်ပျက်မှုများမှ လာဘ်စားမှုတစ်ရပ်ကို သူက ကြေငြာခဲ့သည်။ တရားစီရင်ရေးနှင့် အလွတ်တန်းကော်မရှင်အဖွဲ့များအတွက် လွတ်လပ်စွာကျင့်သုံးနိုင်ရန်အလို့ငှာ ၁၉ ကြိမ်မြောက် သီရိလင်္ကာဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းပြင်ဆင်ရေးဖြစ်မြောက်ဖို့လည်း အားထုတ်ထားသည်။ ပြန်လည်ပြုပြင်တည်ဆောက်မှုမှာ တစ်ခုတည်းသာ ရှိ၏။ လောင်စာအခွန်အခကို အစိုးရဖက်မှ ၂၂ ရာခိုင်နှုန်းအထိ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ ၎င်းက လူထုသယ်ယူပို့ဆောင်ရေးစားရိတ်၌ ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လျော့ကျသွားစေပြီး သီရိလင်္ကာပြည်သူတို့၏ နေ့တစ်ဓူဝဘ၀များအပေါ် အကြီးမားဆုံး အကျိုးသက်ရောက်စေခဲ့သည်။ ဤလုပ်ဆောင်ချက်က အလယ်အလတ်နှင့် အောက်ခြေအဆင့်ဝင်ငွေရှိ သီရိလင်္ကာနိုင်ငံသားတို့ ခါးစည်းခံနေရသော စီးပွားရေးဝန်ထုပ်အား လျော့ပေါ့သွားစေပါသည်။

    တမီလ်ရင်ကြားစေ့ရေးကိစ္စတွင် Sirisena က ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကိုလွတ်ရန်၊ ပြည်တွင်းစစ်အတွင်း စစ်တပ်မှသိမ်းယူခဲ့သည့် မြေယာများ ပြန်ပေးရန် သဘောတူခဲ့သည်။
    စိုးရိမ်စရာရှိနေသေးသည့်ကိစ္စတစ်ရပ်မှာ စစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာထုတ်ပြန်ချက်အပေါ် ခြောက်လတာမျှ ဆုတ်ဆိုင်းထားချက်ဖြစ်သည်။ သို့သော်လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကော်မရှင်နာမင်းကြီး Zeid Raad Al-Hussein ၏အဆိုအရ ထိုကြားကာလလွန်လျှင် စစ်ရာဇ၀တ်မှုများအား စုံစမ်းစစ်ဆေးဆောင်ရွက်သွားရန် သမ္မတမှ ရှင်းရှင်းလင်းလင်း ကတိပြုခဲ့ကြောင်း သိရသည်။

    ဤပြန်လည်ပြုပြင်မှုများနှင့်လျာထားချက်များက Sirisena ၏အားထုတ်မှုကဏ္ဍအပေါ် ယုံကြည်နိုင်စရာအဖြစ် ထောက်ပြနေပေသည်။ သို့သော် BBS အား စုံညီအရေးယူရန်အတွက်မှု ၎င်းတို့က အာမ မခံသေးပေ။ ဤအရေးဆိုင်ရာတွင် Sirisena အဖို့ ပြသစရာလက္ခဏာ တစ်ရပ်သာ ဆောင်ရွက်ထားသေး၏။ ဗလီဝတ်ကျောင်းတော်တစ်ခုသို့သွားရောက်ကာ “အစိုးရသစ်ရဲ့တာဝန်ဟာ ပြည်သူတေအကြောက်တရားနဲ့သံသယမရှိဘဲ ငြိမ်းချမ်းစွာ၊ သဟဇာတဖြစ်စွာ ညီနောင်ရင်းချာပမာ အတူယှဉ်တွဲနေထိုင်သွားမယ့် တိုင်းပြည်ဖြစ်အောင် ဖန်တီးရေးပဲဖြစ်တယ်” ဟူ၍ အခိုင်အမာပြောဆိုခဲ့ခြင်းဖြစ်သည်။ BBS အဖွဲ့၏ လှုံ့ဆော်အကြမ်းဖက်မှုအား ရည်ညွှန်းသည့်သဘောဖြင့် “ကလေးငယ်တွေရဲ့အနာဂတ်အပေါ် အမှောင်ဖုံးသွားစေမယ့် အတိတ်ကအရိပ်မည်းတွေကို ခွင့်ပြုမှာ မဟုတ်တော့ဘူး” ဟုလည်း ကတိပေးခဲ့သည်။ ဤစကားလုံးများက Rajapaksa ၏ လျစ်လျူရှုခံရမှုကို မွတ်စ်လင်မ်တို့ထံမှ ထွက်ခွာသွားစေသော်လည်း အခြေအနေက ယခင်အတိုင်းပင်။

    ဤအတည်ပြုချက်များအရ ဗုဒ္ဓဘာသာဝင်များ၏ရန်စအကြမ်းဖက်ဖြစ်စဉ်များ အထူးသဖြင့် ယမန်နှစ်ဇွန်လ Aluthgama တွင်ဖြစ်ပွားသော တုန်လှုပ်ဖွယ် စုပြုံသတ်ဖြတ်မှုများအတွင်း ကျူးလွန်ခဲ့သည့်ဒုစရိုက်များအပေါ် အာဏာပိုင်များမှ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် အကြောင်းရှိနေသည်။ ယင်းသို့အရေးယူမှုများက Sirisena ၏ သက်တမ်းနု ထိလွယ်ရှလွယ် လက်ျာစွန်းရောက်အဖွဲ့ဝင်အချို့ကို အမျက်သိုစေမည်မှာ မလွဲပေ။ သို့သော် Sirisena ၏ အောင်မြင်မှုသည် သီရိလင်္ကာရှိလူနည်းစုများအပေါ် ကာကွယ်ရေးအပါအ၀င် ဒီမိုကရေစီလမ်းကြောင်းဖော်ခြင်းအတွက် ထင်ရှားသည့်အခွင့်အာဏာတစ်ရပ်အား ကိုယ်စားပြုနေပါသည်။ သီရိလင်္ကာနိုင်ငံသည် ဒီမိုကရက်တစ်ပြုပြင်ရေးကိုဖော်ဆောင်လျှင် လူနည်းစုဝင်အုပ်စုများအဖို့ ကိုယ်စားလှယ်နေရာများစွာ ရရှိမည်ဖြစ်သည်။ ယင်းအုပ်စုများ အာဏာရလာပါက BBS အပေါ်စုံစမ်းစစ်ဆေးရေးကဲ့သို့သော ကြိုတင်ကာကွယ်ရေးအစီအမံများအတွက် ပိုမိုတွန်းအားပေးနိုင်မည်ဖြစ်သည်။ ဤအကြောင်းနှစ်ရပ်က အပြန်အလှန်ဆက်နွှယ်နေပေသည်။

    သို့သော် BBS အား အမြန်ဖြိုခွင်းရေးအတွက် သီရိလင်္ကာမွတ်စ်လင်မ်များမှ တောင်းဆိုနိုင်သည်။ သူတို့သည် ညွှန့်ပေါင်းအဖွဲ့၏အဓိကအစိတ်အပိုင်းဖြစ်နေခြင်းကြောင့် Sirisena ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။

    သူ၏အနိုင်ရရှိမှုက နိုင်ငံတကာဗုဒ္ဓဘာသာဝင်များအတွက် BBS ကို အားထုတ်ယှဉ်ပြိုင်ရန် ဗျူဟာသစ်တစ်ရပ်ကိုလည်း အချက်ပြလျက်ရှိသည်။ ဗုဒ္ဓဘာသာဝင်များက မွတ်စ်လင်မ်အုပ်စုများကို ၎င်း၏ညွှန့်ပေါင်းစည်းဝိုင်းအတွင်းမှ မြှင့်တင်ကူညီပေးခြင်းသည် အွန်လိုင်းပေါ်တွင် လက်မှတ်ထိုးတောင်းဆိုတင်ပြချက်များထက် ပိုမိုလက်တွေ့ကျပေသည်။ ဤသို့သော ရပ်တည်တွန်းအားပေးမှုဥပမာတစ်ရပ် လွန်ခဲ့ရက်သတ္တပတ်အနည်းငယ်၌ ဖြစ်ပေါ်ခဲ့၏။ ၎င်းမှာ တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံပေါင်း ၁၅ ခုမှ မွတ်စ်လင်မ်နှင့်ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်တို့သည် အကြမ်းဖက်မှုကိုရှုတ်ချသည့်၊ ၎င်းပြင် လူနည်းစုဝင်ဘာသာရေးအုပ်စုများ ဘေးကင်းလုံခြုံမှုရှိအောင် အစိုးရအရေးယူမှုကိုတောင်းဆိုသည့် ပူးပေါင်းကြေငြာချက်တစ်ရပ် ထုတ်ပြန်နိုင်ခဲ့သည်။

    Rajapaksa ၏ ဆင်ဟာလာဗုဒ္ဓဘာသာအမျိုးသားရေးဝါဒနှင့် ၎င်း၏လက်ပွား BBS အား ပြတ်ပြတ်သားသား ပယ်လှန်ကြသော (သာသနာညှိုးနွမ်းစေမှုအား ကာကွယ်လိုက်ကြသော) သီရိလင်္ကာနိုင်ငံသားများကို ကမ္ဘာတစ်ဝှမ်း ဗုဒ္ဓဘာသာဝင်များအနေနှင့် ကျေးဇူးတင်ရပေမည်။ သီရိလင်္ကာ၌ အစွန်းရောက်ဗုဒ္ဓ၀ါဒအား အမြစ်ဖြတ်မည့် အခွင့်အလမ်းမှာ ကျွန်ုပ်တို့အပေါ် မူတည်နေပါသည်။ Sirisena အာဏာရခြင်းမရခြင်း၊ သီရိလင်္ကာတွင်းရှိ BBS ဆန့်ကျင်ရေးအင်အားစုနှင့်ပြည်ပနေများမှ သူ့ကို အင်အားသုံးစေခြင်းမသုံးစေခြင်းသည် ပြဿနာတစ်ရပ် မဟုတ်တော့ပါလေ။

    xxxxxxxxxxxxxxxxxxxxx

    Tricycle ၏ လက်ထောက်အယ်ဒီတာ Max Zahn ၏ The Jig Is Up ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

    ဆက်စပ်ပိုစ်များ ဖတ်ရန်
    ————————
    မြန်မာပြည်က လူမျိုးရေး အကြမ်းဖက်မှုများအပေါ် ကမ္ဘာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ တုံ့ပြန်မှု့
    http://www.m-mediagroup.com/news/8838

    မြန်မာနဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာတွေ အကြမ်းဖက်မှု ရပ်ကြဖို့ ဒလိုင်းလားမား တိုက်တွန်း
    http://www.m-mediagroup.com/news/29572

  • မိတ္ထီလာမြို့၌ အကြမ်းဖက်ခံရပြီး ၂ နှစ်အကြာ ပျက်ဆီးသွားသည့် နေအိမ်အချို့ မဲနှိုက်၍ အစားပြန်လည် နေရာချထားပေး

    မိတ္ထီလာမြို့၌ အကြမ်းဖက်ခံရပြီး ၂ နှစ်အကြာ ပျက်ဆီးသွားသည့် နေအိမ်အချို့ မဲနှိုက်၍ အစားပြန်လည် နေရာချထားပေး

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media
    သတင်း- မိုးစက်
    10997976_820994784660077_8501817942284513751_n
    မိတ္ထီလာ။           ။ မိတ္ထီလာမြို့တွင် ဧပြီလ ၁၁ ရက်နေ့က လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ မတ်လအတွင်း  ဖြစ်ပွားခဲ့သော  အကြမ်းဖက်မှုများအတွင်း မီးရှို့ ဖျက်ဆီးခံရ၍  ပျက်ဆီးခဲ့သည့် အိမ်ထောင်စုဝင်များကို  မဲနှိုက်၍ အိမ်များ အစားပြန်လည် နေရာချပေးခဲ့ကြောင်း သိရပါတယ်။

    အိမ်ထောင်စု ၁၂၄ အိမ်ကျော်ကို မဲနှိုက်၍ ကျသည့်နေရာများတွင် နေရာချပေးခဲ့သည်။ ယင်း ၁၂၄ အိမ်များ နေရာချပေးရာတွင် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၈၀ ကျော်ပါရှိပြီး ကျန်အိမ်ထောင်စုများမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း သိရပါတယ်။

    “ယခင်တုန်းက အိမ်ပိုင်ဆိုင်တယ်ဆိုတာ သေချာတဲ့သူတွေ၊ အထောက်အထားပြနိုင်တဲ့သူတွေကို အိမ်ထောင်စုတစ်စုစီ မဲနှိုက်ပြီး နေရာချပေးတာပါ။ မဲနှိုက်ပြီး ပေါက်တာနဲ့တစ်ပြိုင်နက် ကိုယ်ကျရာ အိမ်မှာ ချက်ချင်းသွားရောက်နေနိုင်ပါတယ်။ နေအိမ်များကို လှူဒါန်းသည့် အလှူရှင်က ဘယ်သူလဲဆိုတာတော့ မသိပါဘူး။ ပြန်လည်နေရာချထားရေး ကော်မတီက ဦးစီးပြီးလုပ်ဆောင်ခဲ့တာပါ” ဟု မဲနှိုက်ပုံနှင့် ပတ်သက်ပြီး မိတ္ထီလာ မှဒေသခံတစ်ဦးက M-Media ကိုပြောပါတယ်။

    ယခင်က အိမ်ပိုင်ဆိုင်မှု ပေ ၅၀×၃၀ အောက် လျော့နည်းသူတွေ မှန်သမျှကို ယခု ပေ ၂၀×၃၀ အကျယ်အဝန်းရှိ အိမ်များအား နေရာချ ထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ မူလ မိမိပိုင်ဆိုင်သည့် ရပ်ကွက်တွင်သာ နေရာချပေးခဲ့သော်လည်း မိမိတို့ယခင် ပိုင်ဆိုင်သည့်နေရာများတွင် မဟုတ်ဘဲ အနည်းငယ် နေရာ အပြောင်းအလဲများရှိခဲ့ကြောင်း သိရပါတယ်။

    လူနေလုံးချင်းအိမ်များကို မိတ္ထီလာမြို့တွင် ကျန်ရှိနေသည့် အိမ်ထောင်စု ၃၅၀ ကျော်ကို ပေးအပ်သွားမည်ဖြစ်ရာ ဧပြီလ ၁၁ ရက်နေ့က ၁၂၄ အိမ်ကျော် ပေးအပ်ပြီးသွားပြီဖြစ်ပြီး ကျန်ရှိနေသေးသည့်အိမ်များကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

    မိတ္တီလာမြို့၌၂၀၁၃ ခုနှစ် မတ်လတွင် ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမာန်ရန်ပွဲတခုကို သွေးထိုးလှုံဆော်မှုများကြောင့် အကြမ်းဖက်မီးရှို့ သတ်ဖြတ်မှုများဖြစ်ပွားခဲ့ပြီး သေကျေ ပျက်ဆီးမှု အများစုမှာ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည့် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါတယ်။

    ဓါတ်ပုံ – ကြေးမုံ