News @ M-Media
Author: M-Media
  • မလေးရှားနိုင်ငံတွင် သိပ္ပံ နှင့် သင်္ချာအားအင်္ဂလိပ်လို သင်ကြားရန် ဒေါက်တာ မဟာသီမှ ထပ်မံနှိုးဆော်
    နိုဝင်ဘာ ၁၄ ၂၀၁၃
    M-Media
    MAHATHIR_MOHAMAD_121113_TMINAJJUA_01_300_198_100
    မလေးရှား ၀န်ကြီးချုပ်ဟောင်း  ဒေါက်တာ မဟာသီ မုဟမ္မဒ် (TunDr Mahathir Mohamad) သည်  ပူထရာဂျာယာ (Purtrajaya) တွင် ပြောကြားခဲ့ဘူးသော သိပ္ပံနှင့် သင်္ချာအား အင်္ဂလိပ်ဘာသာရပ်ဖြင့် ပြန်လည်ပြောင်းလဲသင်ကြားရန် အဆိုကို နိုဝင်ဘာ ၁၂ ရက်နေ့က ထပ်မံပြောဆိုတိုက်တွန်းခဲ့သည်။
    “ အသိပညာဟူသည် လူမျိုးစု တစ်ရပ်အတွက် အောင်မြင်မှုသော့ချက်ဖြစ်သည် ” ဟူသောအမြင်ဖြင့် ယခုကဲ့သို့ ဘာသာရပ်များအား အင်္ဂလိပ်လိုပြောင်းလဲ သင်ကြားခြင်းမှာ မျိုးချစ်စိတ်ဓာတ်ကို ပျက်ဆီးစေမည် မဟုတ်ပါ ဟု သူက အချေအတင်ပြောဆိုတင်ပြခဲ့သည်။
    “ ကျွန်တော်တို့အားလုံး လက်တွေ့ကျကျ တွေးခေါ်တတ်ရပါမယ်။ မလေး ဘာသာစကား သို့မဟုတ် ဘဟာဆာ မလာယု (Bahasa Malaysia) ဆိုတာ သိပ္ပံ နဲ့ သင်္ချာအတွက် ထိရောက်သော ဘာသာစကား မဟုတ်ဘူး။ ကျွန်တော်ဟာ မလေးလူမျိုးပါပဲ။ မလေးဘာသာ စကားကို ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် မလေးလူမျိုး အားလုံးကို အသိပညာ မြင့်မားသူများ ဖြစ်စေချင်ပါတယ်။  ဒါ့ကြောင့် အဲ့ဒီဘာသာရပ်များကို အင်္ဂလိပ်လို သင်ကြားပေးဖို့  ကျွန်တော် ထပ်မံတောင်းဆိုပါတယ် ” ဟု ပတ်တလင်း ဂျာယာ(Petaling Jaya) တွင် ပြုလုပ်ခဲ့သော မွတ်စ်လင်မ်လောကမှ ဆရာများ ပညာမြှင့်တင်ရေးဆိုင်ရာ နိုင်ငံတကာ ကွန်ဖရင့် (International Conference on Teacher Education in the Muslim World)၌ မဟာသီမှ ယခုကဲ့သို့ ပြောကြားခဲ့သည်။
    အကယ်၍ မလေးလူမျိုးများသည် အင်္ဂလိပ် ဘာသာရပ်တွင် မကျွမ်းကျင်ပါက သူတို့တစ်ဦးချင်းသည် မည်မျှတော်သော ကျောင်းသားဖြစ်နေစေကာမူ ၄င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ အလွန်ကိုနည်းပါးသွားနိုင်မည် ဟု ၀န်ကြီးချုပ်ဟောင်းက ထောက်ပြခဲ့သည်။
    “ အင်္ဂလိပ်ဘာသာစကားကိုမသိရင် ဘယ်လိုမှ တိုးတက်မှု  ဖြစ်မလာနိုင်ဘူး။ မျိုးချစ်ဝါဒဆိုတာ မလေးဘာသာ စကားတစ်ခုတည်း တတ်ကျွမ်းရုံ ပြောဆိုနိုင်ယုံကို ခေါ်တာ မဟုတ်ဘူး။ အဲ့ဒီအယူအဆက မှားယွင်းနေပါတယ် ” ဟု သူက ထည့်သွင်းပြောဆိုသည်။
    သိပ္ပံ နှင့် သင်္ချာဘာသာရပ်နှစ်ခုစလုံးသည် နေ့စဉ်နှင့်အမျှ ရှာဖွေတွေ့ရှိချက်အသစ်များနှင့် ပြောင်းလဲနေလျက်ရှိကြောင်း သူမှ ဆက်လက်တင်ပြသည်။
    “ ၉၈ ရာခိုင်နှုန်းသော သိပ္ပံ နဲ့ သင်္ချာ ဆိုင်ရာသုတေသန အစီရင်ခံစာများက အင်္ဂလိပ်ဘာသာရပ်နဲ့သာ ထုတ်ပြန်ကြတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒါတွေ တစ်ခုချင်းစီကို လိုက်ပြီး ဘာသာပြန်နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။  တကယ်လို့ အင်္ဂလိပ် ဘာသာရပ်ကို အသုံး မပြုနိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ အသိပညာပိုင်းဆိုင်ရာမှာ နောက်ကျ ကျန်ရစ်သူများ ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ဟာ အခြားသူများနဲ့ ယှဉ်ပြိုင်နိုင် စွမ်းရှိတော့မှာ မဟုတ်ဘူး ”။
    ဒေါက်တာ မဟာသီသည် သူဝန်ကြီးချုပ် ဖြစ်ခဲ့စဉ်က သိပ္ပံ နှင့် သင်္ချာအား အင်္ဂလိပ်ဘာသာရပ်ဖြင့် သင်ကြားရန် အစပြုခဲ့သော်လည်း ယင်း စီမံချက်သည် ၂၀၁၁ ခုနှစ်တွင် ရပ်တန့်သွားကြောင်း သိရသည်။
    ယခင်တစ်ချိန်တုန်းကလည်း လူတို့အနေဖြင့် နောင်တမလွန်ပြင်ဆင်ရေးအတွက် သာသနာ့ပညာရပ်တစ်မျိုးတည်းကို ဦးတည် အာရုံစိုက်မည့်အစား  စက်မှုလက်မှု နည်းပညာရပ်များ ဖက်သို့လည်း အလားတူကဲ့သို့ အလေးပေးစေချင်ကြောင်း သူက ပြောဆိုဖူးသည်။
    အာရဗ်ကမ္ဘာ၏ တအိအိနိမ့်ကျပြိုလဲခြင်းက ၄င်းရှိလူတို့သည် ဘာသာရေးပညာ တစ်ရပ်တည်းကိုသာ အဓိကထား အာရုံစိုက်ကြသောကြောင့်ဖြစ်သည်ကို ဖော်ကျူးပြသနေကြောင်း ဥပမာတစ်ရပ်အဖြစ်ပေး၍ သူကဆိုသည်။
    “ အသိပညာရပ်တွေကို လိုက်စားရယူခြင်းက နောင်ဘ၀မှာ ဘာကုသိုလ်မှ မရနိုင်ဘူးလို့ မွတ်စ်လင်မ်များက ခံယူခဲ့ကြတယ်။ သူတို့က ဘာသာရေးကိုသာ အာရုံစိုက်လေ့လာခြင်းဖြင့်သာလျှင် နောက်ဘ၀အတွက် ခိုင်မာလိမ့်မယ်လို့ ယုံထားကြတယ် ” ဟု ပြောပြ၏။
    သူက  ကျောင်းများ၏ သင်ရိုးညွှန်းတမ်းများအား ပြန်လည်ပြုပြင်ပြီး ရှင်သန်ခြင်း၏ တန်ဖိုးတရားများကိုပါ ထည့်သွင်းပို့ချပေးရန် ပညာရေးဝန်ကြီးဌာနသို့ ဆော်သြခဲ့သည်။
    “ ကိုယ်ကျင့်တရားဘာသာရပ်ကို အရေးမကြီးဘူးလို့ ထင်နေကြတယ်။ ကျောင်းများမှာ ဘာသာရေးသင်ကြားချက်များ ပါဝင်နေပေမယ့်လည်း လူတစ်ဦးရဲ့ကိုယ်ကျင့်စရိုက်ကို ဘယ်လို ပြုပြင်ရမယ်ဆိုတာတော့ ဦးစားပေး မပြောဆိုကြဘူး။
    အစ္စလာမ်က လူတွေကို တန်ဖိုးရှိအောင် – အကောင်းအဆိုးခွဲခြားနိုင်အောင် သွန်သင်လမ်းညွှန်ထားတယ်။  ဒါပေမယ့် ကျွန်တော်တို့ဟာ ဘယ်လိုဝတ်ပြုရမလဲ၊ ဘယ်လို ဆုတောင်းရွတ်ဆိုရမလဲ ၊ ဘုရားသခင်ဆီ ဘာတွေတောင်းဆိုဆုပန်ရမလဲ ဆိုတာတွေကိုပဲ အလေးထားနေတယ်လေ။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်လာအောင်  မသင်ကြားပေးကြတော့ဘူးလားဗျာ ” ။
    လူထုများကြားတွင် စရိုက်စာဂပျက်စီးမှုများ တိုးပွားနေသည်ကို တွေ့ရကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများ နှင့် ရာဇ၀တ်မှု ကျူးလွန်နှုန်း မြင့်တက်လာခဲ့ကြောင်း ဆိုကာ “ ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့ ဥပဒေလေးစားပြီး အမှန်တရားမြတ်နိုးသူ တိုင်းသူပြည်သားတွေကို မွေးထုတ်မယ့် ပညာရေးစံနစ်က အောင်မြင်ပုံမရဘူး။ သူတို့ဟာ ဥပဒေကိုမချိုးဖောက်ကြလျှင်သော်မှ မိမိရဲ့အလုပ်အပေါ်တန်ဖိုးထားမှု နဲ့ တာဝန်ယူတတ်မှုတွေဟာ မျှော်မှန်းအဆင့်အနေအထားဆီ မရောက်နိုင်အောင် ပြတ်ကျန်ခဲ့ကြတယ်။ အလုပ်နဲ့ ပတ်သက်ရာ ကျင့်ဝတ်ကောင်းတွေ သူတို့ဆီမှာ လစ်ဟာနေသေးတယ် ” ဟု သူ၏ ယူဆချက်ကို တစ်ချိန်က ပြောခဲ့ဖူးပါသည်။
    Ref: themalaysianinsider
  • တူရကီ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ် ဒီနေ့စတင်မည်။
    နိုဝင်ဘာ-၁၄ ၂၀၁၃
    M-Media
    Turkish FM Davutoglu
    ကမ္ဘာပေါ်တွင် နှိပ်စက်ညှင်းပမ်းမှု အခံရဆုံး လူသားများအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည့် ရိုဟင်ဂျာ မွတ်စလင်များ၏ အခြေအနေအား အလေးထား လေ့လာရန် တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu  မှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု သိရသည်။
    ကြာသာပတေးနေ့(ယနေ့)တွင် လာရောက်မည်ဖြစ်ပြီး နှစ်ရက်တာကြာမြင့်မည့် အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံရှိ မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို အလေးထား ကြည့်ရှုသွားမည်ဖြစ်သည်။
    Davutoglu  မှာ ရခိုင်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအကြား အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။
    ထိုအကြမ်းဖက်မှုများကြောင့် လူအများအပြားသေဆုံးခဲ့ပြီး သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရသည်။ ကုလသမဂ္ဂ၏ အဆိုအရ ၂၀၁၂ နှစ်ကုန်ပိုင်းတွင်ပင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ၁၂၅၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။
    ညှင်းပမ်းနှိပ်စက်မှုများနှင့် ရင်ဆိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင်များအား မြန်မာအစိုးရက ခိုးဝင်လာသူများဟု အမည်တပ်ထားပြီး နိုင်ငံသား သို့မဟုတ် တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ်လည်း အသိအမှတ်ပြုထားခြင်းမရှိပေ။ ရိုဟင်ဂျာများ၏ နောက်ဆုံး အခြေအနေများကို OIC အဖွဲ့က ဖွဲ့စည်းပေးထားသည့် ရိုဟင်ဂျာဆက်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့က ဆောက်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ ဂျီဘောက်တီ၊ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့ ပါဝင်ကြသည်။
    Ref: worldbulletin
    ဓါတ်ပုံအညွှန်း- နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူပါဝင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ပုံရိပ်အချို့
  • EU-Myanmar Task Force ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်
    နိုဝင်ဘာ ၁၄-၂၀၁၃
    M-Media
    သီရိ
    DSC00476 copy
    ရန်ကုန်။ ။ EU-Myanmar Task Force ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၁၄ ရက်နေ့(ယနေ့)တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI ၌ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
    ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် European Commission ဒုတိယ ဥက္ကဌ Catherine Ashton, European Union ဒုတိယ ဥက္ကဌ Antonio Tajani (Industry and Entrepreneurship) , European Commissioners များဖြစ်ကြသည့်
    Andris Piebalgs ( Development and Cooperation) နှင့် Dacian Ciolos (Agriculture and Rural Development) တို့နှင့် ဥရောပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် (၁၀၀) ဦးခန့်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များပါဝင်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဆွေးနွေးခဲ့ပြီး စုစုပေါင်း လူ ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
    မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဥရောပ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ရန်ကုန်၌လည်းကောင်း ၁၅ ရက်နေ့တွင် နေပြည်တော်၌လည်းကောင်း ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။
    အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဥရောပနိုင်ငံများမှ အကူအညီများ ပေးနိုင်ရန် ၊ စီးပွားရေးကဏ္ဍ၌ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။
  • မြန်မာ-မြောက်ကိုးရီးယား ချိတ်ဆက် ပတ်သက်မှု မေးခွန်း (၁၀)ခု
    နိုဝင်ဘာ- ၁၄ ၂၀၁၃
    M-Media
    သာကီ ထက်ကောင်း ဆီလျော်အောင် ပြန်ဆိုသည်။
    myanmar-burma-dprkဓါတ်ပုံအညွှန်း- ၂၀၀၈ ခုနှစ် ကနအဖ နံပါတ်(၃)အဆင့် ရှိ ဗိုလ်ချူပ်ကြိး သူရရွှေမန်း (လက်ရှိ ပြည်သူလွှတ်တော် ဥက္ကဌ ) မြောက်ကိုရီးယား နိုင်ငံသို့ လျို့ဝှက်ခရီးစဉ်သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးစဉ် လက်ဝဲဘက် မှ တယောက်မှာ လက်တလော အမေရိကန်ပြည်ထောင်စုမှ အမည်ပျက်စာရင်းသွင်းလိုက်သူ ဒုတိယ ဗိုလ်ချူပ်ကြီး သိန်းဌေး (ဦးသိန်းစိန်အစိုးရ၏ နယ်စပ် ဝန်ကြီးဟောင်း) ဖြစ်သည်
    နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများ၌ အတိုင်းအတာ တစ်ရပ်အထိ တိုးတက်မှုကိုတွေ့ရသည့်တိုင် မြန်မာနိုင်ငံမှရသော နောက်ဆုံးသတင်းအရ ပြည်နယ် အများအပြားတွင် လူ့အခွင့်အရေး လစ်ဟာချက်များရှိနေပြီး ထိုအချက်က ညီညွတ်ရေးအတွက် အတားအဆီးဖြစ်နေပေသည်။
    မြန်မာနိုင်ငံတောင်ပိုင်း ကချင်ပြည်နယ်ရှိ လတ်တစ်လော စစ်ရေးလှုပ်ရှားမှုများက ထောင်နှင့်ချီသော ရွာသူရွာသားတို့ကို အိုးစွန့်အိမ်စွန့်ဖြစ်စေခဲ့သည်။ ထို့အတူ ပြီးခဲ့သော ရက်သတ္တပတ်များအတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားသည့် လူမျိုးရေး အကြမ်းဖက်မှုက လူအမြောက်အများကို သေကြေစေပြန်၏။
    ဤသည်များသာမကသေး ဗြိတိသျှ ကိုလိုနိ ခေတ်ကာလကပင် ဖြစ်တည်ခဲ့သော အခြား ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ အဖြေမဲ့ တင်းမာမှုများက လက်စားချေမှု အနေနှင့် ပြန်လည် ပြူထွက်လာသည်။
    အရပ်ဖက် လူ့အဖွဲ့အစည်း အများအပြား နှင့် မြန်မာပြည်အား ပိတ်ဆို့ရန် တစ်ချိန်က တွန်းပို့ခဲ့ကြသည့် တိုင်းပြည်များသည် လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များ ခိုင်မာအောင် မပြတ် ဖိအားပေးနေသည်ကိုလည်း အများသိပင်။ မြန်မာ နှင့် မြောက်ကိုးရီးယား၏ ယခင်နှင့်လက်ရှိ ဆက်ဆံရေးအကြောင်းအရာနှင့် စပ်လျဉ်း၍ မူဝါဒရေးဆွဲသူများက မဆိုစလောက်သာ စိတ်ဝင်စားကြသည်။
    အာရှတိုက်၏ တည်ငြိမ်တိုးတက်မှုအပေါ် မြောက်ကိုးရီးယား၏ သဘောထားကို မခန့်မှန်း မသိရှိနိုင်ကြ။ ထိုအချက်နှင့်အတူ ၄င်းနိုင်ငံနှင့်မြန်မာ၏ နျူကလိယ၊ ဇီဝ၊ ဓာတု နှင့် ဒုံးကျည် အစီအစဉ်များအား ပိုမိုပွင့်လင်းမြင်သာမှု ရှိအောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အားထုတ်ခြင်းဖြင့် အပြောင်းအလဲ ပြုလုပ်သင့်ပေသည်။
    17726-Thein_Htay
    မကြာသေးမီက နိုင်ငံတကာဆက်ဆံရေးကော်မတီ ဂုဏ်ထူးဆောင်အဖွဲ့ဝင် အထက်လွှတ်တော် အမတ်ဟောင်း Keith Luse သည် မြန်မာနှင့် မြောက်ကိုးရီးယား ဆက်ဆံရေးကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ၀ါရှင်တန်၊ Heritage Foundation တွင် မိန့်ခွန်းပြောကြားခဲ့၏။
    မေးခွန်းအချို့ဖြင့် သူ့ပုဂ္ဂလအမြင်ကိုလည်း ဖော်ကျူးခဲ့သည်။ ယင်းမေးခွန်း ၁၀ ရပ်သည် အာရှရေးရာ မူဝါဒချမှတ်သူများအဖို့ ထဲထဲဝင်ဝင် စဉ်းစားဖြေဆိုရမည့် အချက်အလက်များ ဖြစ်ပါသည်။
    ၁)- ပြီးခဲ့သည့် ၁၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ အတွင်းပိုင်း၌ မြောက်ကိုးရီးယား ပညာရှင်နှင့် အာဏာပိုင်တို့ဆောင်ရွက်နေခဲ့သော စစ်ရေးနှင့်အခြား ပရောဂျက်များ၏ ပြီးစီးမှု အခြေအနေ မည်သည့် အဆင့်သို့ရောက်ရှိနေပြီနည်း ?
    ၂)- မြန်မာပြည်၏ ဒုံးကျည် လက်နက် အစီအစဉ် သို့မဟုတ် နျူကလိယ အစီအစဉ် သို့မဟုတ် နှစ်မျိုးစလုံး၏ ဖွံ့ဖြိုးအောင်မြင်မှု အနေအထားသို့ ရောက်ရှိနေသည့် သို့မဟုတ် ရောက်ရှိပြီးဖြစ်သည့် မြောက်ကိုးရီးယားတို့မှ ဆောင်ရွက်ပေးခဲ့သော စီမံချက် သို့မဟုတ် အကူအညီများမှာ အဘယ်အရာများပါနည်း ?
    ၃)- မြန်မာပြည်၏ ဒုံးကျည်လက်နက်နှင့် နျူကလိယအစီအစဉ် တိုးမြှင့်ရေး၌ မြောက်ကိုးရီးယား ကုန်သွယ်ရေး ကုမ္ပဏီတို့မှာ မည်သည့်အခန်းကဏ္ဍတွင် ပါဝင်ပတ်သက်နေသနည်း ? ထိုကုမ္ပဏီများပင် ၄င်းတို့၏နျူကလိယ နည်းပညာများကို ဆီးရီးယားသို့ လူသိရှင်ကြား ကူညီပံ့ပိုးထားသည်။
    ၄)- အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့သည် မြန်မာစစ်တပ်နှင့် မြောက်ကိုးရီးယား ဆက်ဆံရေးအပေါ် လက်တံရှည်ထားသော တရုတ်တို့နှင့် မည်သည့်အဆင့်အထိ ဆက်ဆံရေးတိုးမြှင့်ထားသနည်း ?
    လက်ရှိနှစ်များအတွင်း မြောက်ကိုးရီးယား နည်းပညာရှင်နှင့် လုပ်သားတို့သည်လည်းကောင်း၊ မြောက်ကိုးရီးယား အထောက်အပံ့ စစ်လက်နက်ပစ္စည်းတို့သည် လည်းကောင်း တရုတ်လေကြောင်း ခရီးစဉ်များအားဖြင့် တရုတ်ပြည်မှတဆင့် မြန်မာနိုင်ငံသို့ ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီးဖြစ်သည်ဟု Luse က ဆိုသည်။
    ၅)- မြန်မာနိုင်ငံ၏ နျူကလိယနှင့်ဒုံးကျည်လက်နက် တိုးချဲ့ရေးအစီအစဉ်များ အတွင်း တရားဝင်ဖြစ်စေ တရားမ၀င်ဖြစ်စေ တရုတ်ပြည်၏ ပါဝင်ပတ်သက်နေသည့် အခန်းကဏ္ဍမှာ အဘယ်အရာများနည်း ?
    တရုတ်၏မိတ်ဖက်ဖြစ်သော မြောက်ကိုးရီးယား ကုန်သွယ်ရေး ကုမ္ပဏီတို့အနေနှင့် မြန်မာ့ နျူကလိယနှင့်ဒုံးကျည် အစီအစဉ်များ၌ အတိုင်းအတာ တစ်ရပ်အထိ ပါဝင်ကောင်းပါဝင်နေနိုင်သည်။ မြောက်ကိုးရီးယားနှင့် ဆန့်ကျင်စွာ ရုရှားကမူ မြန်မာနျူကလိယ တိုးမြှင့်ဖော်ဆောင်ရေး အစီအစဉ်၌ မိမိ၏အခန်းကဏ္ဍအား ပွင့်လင်းမြင်သာစွာ ချပြထား၏။
    ၆)- မြန်မာနိုင်ငံ၏ နျူကလိယ သို့မဟုတ် ဒုံးကျည် လက်နက်တိုးချဲ့ရေးအစီအစဉ်များ အကူအညီပေးနေသည့် အများသိ သို့မဟုတ် အများမသိသေးသော နိုင်ငံများ မည်မျှ ရှိသနည်း ?
    အကယ်၍ ဂျပန်ကုမ္ပဏီများထံမှ နှစ်မျိုးသုံး နည်းပညာရပ် ပါဝင်လာပါက ဂျပန်သည် ဤစာရင်းဝင် ဖြစ်သွားလေရာ စိတ်ဝင်စားစရာကောင်းလာပေလိမ့်မည်။
    ၇)- အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့သည် မြောက်ကိုးရီးယား အကူအညီဖြင့် စစ်ရေး စွမ်းရည်ချဲ့ထွင်မှုကို မည်သည့်အတိုင်းအတာထိ တိုးမြှင့်သိရှိထားကြသနည်း ?
    ၈)- ရေငုပ်သင်္ဘောများဖြစ်စေ ရေဒါ ကာကွယ်ရေးစံနစ်ဖြစ်စေ မြောက်ကိုးရီးယားမှ မြန်မာအား စီစဉ်ထောက်ပံ့နေသော စစ်လက်နက် ပစ္စည်းများဆိုင်ရာ တီထွင်ပေးမှုအားလုံးကို သိရပြီလော ?
    ၉)- မြန်မာနိုင်ငံအတွင်း မြောက်ကိုးရီးယား ကုန်သွယ်ရေးကုမ္ပဏီ အမျိုးမျိုးရောက်ရှိနေမှုသည် မြောက်ကိုးရီးယား၏ ကမ္ဘာကြီး လွှမ်းမိုးရေးအတွက် နောက်ထပ်ရှေ့ပြေး လမ်းကြောင်းကို ထူထောင်လိုက်ခြင်းပေလော ?
    ၁၀) – ၄င်းအပြင် ကမ္ဘာ့နိုင်ငံ အများအပြားနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်သည့်ကြားမှ မြန်မာခေါင်းဆောင်တို့သည် မြောက်ကိုးရီးယားနှင့် စစ်ရေးအဆက်အသွယ်နှင့် ပတ်သက်၍ အဘယ်ကြောင့် မဖြတ်တောက်ပါသနည်း သို့မဟုတ် ပွင့်လင်းမြင်သာစွာ မချပြရသနည်း ?
    အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန် စသော နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့သည် မြန်မာနိုင်ငံအတွင်း တရုတ်၏စီးပွားရေးနှင့် သြဇာလွှမ်းမိုးမှုအား ပခုံးချင်းယှဉ်နိုင်ရန် စိတ်အား ထက်သန်နေကြသဖြင့် မြောက်ကိုးရီးယားနှင့် စစ်ရေးဆက်နွှယ်မှုအား မသိကျိုးကျွံပြုထားခြင်းကြောင့် မြန်မာခေါင်းဆောင်များက မိမိတို့ဖက် အခွင့်သာနေခြင်းဟု မှတ်ယူနေခြင်း ဖြစ်ကောင်းပေမည်ဟု Luse က ဆိုသည်။
    အမေရိကန်သော်လည်းကောင်း ကမ္ဘာ့ ကုလသမဂ္ဂသော်လည်းကောင်း မြောက်ကိုးရီးယား၏ နျူကလိရည်မှန်းချက် နှင့် ဒုံးကျည်စွမ်းရည်ကို မတားဆီးနိုင်ကြောင်း လက်ရှိသမိုင်းက ပြသနေသည်။
    နိုင်ငံရေး၊ စီးပွားရေးကို ပြုပြင်ပြောင်းလဲကာစ နှင့် အခွင့်အလမ်းကောင်း ရနိုင်ဖွယ်ရှိသော မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားနှင့် စစ်ရေးဆက်ဆံမှု၌ တာဝန်ခံနိုင်ရန်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအပေါ် မျက်စေ့စုံမှိတ်ထားသလို မပြုမူပဲ ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်ကြောင်းကို နားလည်မည်ဟု မျှော်လင့်ရပေသည်။
    ဂျပန်ဖြစ်စေ ဥရောပသားဖြစ်စေ အမေရိကန်ဖြစ်စေ စီးပွားရေးသမား၊ ဘဏ်လုပ်ငန်းရှင် နှင့် ကူညီထောက်ပံ့ရေးအေဂျင်စီတို့သည် မြန်မာပြည်ထဲ ဘာဖြစ်ဖြစ် အရူးအမူး အပြိုင်အဆိုင်တိုးဝင်လျက်သာရှိကြောင်း အလွယ်တကူ နားလည်နိုင်မည်ဖြစ်သည်။
    မည်သို့ပင်ဖြစ်စေ ဖုံးကွယ်ထားသည့် မြောက်ကိုးရီးယား-မြန်မာဆက်ဆံရေး ဟူသမျှမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ကောင်းကျိုးအတွက် လည်းကောင်း၊ မြန်မာပြည်သူတို့၏ရေရှည်ကောင်းကျိုး အတွက် လည်းကောင်း မဟုတ်သည်ကိုတော့ အခြားရှုထောင့်ဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှု၊ ကရုမစိုက်မှုတို့ကိုကြည့်မြင်၍သာ ရှေ့ဆက်ဆောင်ရွက်ဖို့ လိုအပ်ပေသည်။
    မြန်မာပြည်သည် အာဆီယံနိုင်ငံများ၏ အလှည့်ကျခေါင်းဆောင်တာဝန်ကိုရယူထားပြီဖြစ်လေရာ ကမ္ဘာနှင့်ထိတွေ့ဆက်ဆံမှု တိုးမြင့်လာသည်နှင့်အညီ မြန်မာခေါင်းဆောင်များအတွက် အဓိကကျသောမေးခွန်းများကို မေးမြန်းဖြေကြားရန် အချိန်ကျရောက်လာပြီတည်း။
    Luse ၏ အထက်ပါမေးခွန်းများဖြင့် စတင်လိုက်ကြပါစို့။
    xxxxxxxxxxxxxxxxxxx
    ဆောင်းပါးရှင် Curtis S. Chin သည် သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘုရှ် နှင့် သမ္မတ ဘားရက် အိုဘားမား လက်ထက် (၂၀၀၇ မှ ၂၀၁၀ ခုနှစ်အထိ) အာရှဖွံ့ဖြိုးရေးဘဏ်၏အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် သူသည် RiverPeak Group, LLC အတိုင်ပင်ခံအဖွဲ့၏ ဦးစီးဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်။ The Japan Times တွင် ရေးသားထားသော သူ၏ နိုင်ငံရေးအတွေးအမြင်ဆောင်းပါး Myanmar-North Korea link ကို “ သာကီ ထက်ကောင်း ” မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။
  • OIC အဖွဲ့ မြန်မာနိုင်ငံခရီးစဉ် ကုလကြိုဆို (VOA)
    ဗီအိုအေ (မြန်မာပိုင်း)
    ဒေါ်လှလှသန်း
    14.11.2013
    apoic
    OIC လို့ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ် အဖွဲ့ရဲ့ လက်ရှိ မြန်မာနိုင်ငံခရီးစဉ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား က ကြိုဆိုလိုက်ပါတယ်။ ရခိုင်ပြည်အရေး ပြဿနာ အဖြေရှာရာမှာ မကြာမီက ချမှတ်လိုက်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် အကျိုးသက်ရောက်မှု ရှိစေတဲ့အပြင် ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်လာမယ့် မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့လည်း ပြောလိုက်ပါတယ်။ အသေးစိတ်ကိုတော့ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။
    OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ အဖွဲ့ဝင် ၆ နိုင်ငံတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေ လိုက်ပါလာတဲ့ လက်ရှိ မြန်မာနိုင်ငံ ခရီးစဉ်ဟာ စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ ဘေးပန်းမှာ OIC အဖွဲ့ဝင်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအကြား ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
    မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားက အဲ့ဒီ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ –
    “ကုလသမဂ္ဂ ဆုံးဖြတ်ချက်ရဲ့ အကောင်းဘက်က ရှုမြင်တဲ့အချက်ကတော့ ပထမ OIC အဖွဲ့အစည်းကြီးက ဆုံးဖြတ်ချက်ချဖို့ ကြိုးစားခဲ့ပါတယ်။ အစပိုင်းမှာ အတော်လေးကို ပြင်းထန်ပါတယ်။ နောက်ပိုင်း OIC အနေနဲ့ မြန်မာအစိုးရအပြင် အခြားနိုင်ငံတွေပါ ကျနော်လည်း ပါပါတယ်။ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတော့ ပိုမျှတတဲ့ အဆိုပြုချက်တရပ် ထွက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို ထောက်ခံ အားပေးသလိုပဲ ရခိုင်ပြည်နယ် အပါအ၀င် အခြားဒေသအတွက် အားဖြည့်ကြိုးစားရမယ့် အခြေအနေတွေကိုလည်း ထောက်ပြ ပြောဆိုထားပါတယ်။”
    အဲ့ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာအပြီး OIC ရဲ့ လက်ရှိ မြန်မာနိုင်ငံခရီးစဉ်ကို လက်ခံခဲ့တဲ့အတွက်လည်း မြန်မာအစိုးရရဲ့ အရေးယူ ဆောင်ရွက်မှုကို မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။
    “OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ အစိုးရက လက်ခံတာဟာ ကောင်းမွန်တဲ့ အရေးယူဆောင်ရွက်ချက်ဖြစ်ပါတယ်။ ပြဿနာ ကို အဖြေရှာတဲ့နေရာမှာ ဒါဟာ ပထမခြေလှမ်းဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ OIC ကရုံးခန်းဖွင့်ဖို့ ကြိုးစားမယ့်သဘောမျိုး မဟုတ်ပါဘူး။ စေတနာအရင်းနဲ့ လက်ရှိ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှုပါ။ ဒုတိယအနေနဲ့ ကျနော်ထောက်ပြလိုတာက မြန်မာနိုင်ငံမှာ လူတွေရဲ့ သဘောထားအမြင် ဖြစ်ပါတယ်။ ရဟန်းသံဃာတွေ ဆန္ဒပြကြတဲ့ အချက်ပါ။ ဒါဟာ အစိုးရအနေနဲ့ လက်ရှိ ပြဿနာကို အဖြေရှာရာမှာ ဘယ်လို အထောက်အကူမှ မဖြစ်စေပါဘူး။ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုကြီးဟာ ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မယ့် အဖြေရှာရေးပါပဲ”
    ဒီနှစ် မေလနဲ့ ဇွန်လက ကျင်းပခဲ့တဲ့ ၂၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာ အစိုးရရဲ့ နှိပ်ကွပ်မှုနဲ့ပတ်သက်ပြီး အဆိုပြုချက် တင်သွင်းဖို့ ကြိုးစားခဲ့ရာမှာ အဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက် မချခဲ့ပေမဲ့လို့လည်း လူ့အခွင့်အရေးကောင်စီ ဥက္ကဌကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
    အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေညီလာခံကြီးမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းခဲ့စဉ်ကလည်း OIC ကိုယ်စား ဂျပိုတီ အထူးကိုယ်စားလှယ်က ရခိုင်ပြည်နယ်ရှိ မူဆလင်ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ OIC ရဲ့ သဘောထားကို အခုလို တင်သွင်းခဲ့ပါတယ်။
    “ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေဟာ OIC အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အထောက်အကူပေးရာမှာ အခက်အခဲတွေ၊ ခရီးသွားရာမှာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်တွေ မရရှိတာတွေနဲ့ တခြား အဟန့်အတားတွေ ရင်ဆိုင်နေရတာ ရှိပါတယ်။ အကူအညီ လိုအပ်သူတွေထံ အကူအညီ ရောက်နိုင်ဖို့က အရေးကြီးပါတယ်။ အဲ့ဒီဒေသမှာ လူမျိုးရေး တင်းမာမှုတွေ ရှိနေတာတွေ့ရသလို၊ စခန်းတွေမှာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ ပညာသင်ကြားဖို့ အခွင့်အလန်း မရှိတာနဲ့ အထောက်အကူတွေ ပေးရာမှာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ OIC အနေနဲ့ မြန်မာအစိုးရကတဆင့် အထောက်အကူတွေကို လိုအပ်တဲ့သူတွေထံ ပေးပို့ရာမှာ လူမျိုးမရွေး၊ ဘာသာမရွေး အကူအညီတွေ ရရှိစေဖို့ ဆောင်ရွက်ပေးစေလိုပါတယ်။ OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ နယူးယောက်ခ်ရှိ OIC အဖွဲ့အစည်းကြီးနဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းပြီး လူသားချင်းစာနာမှု ပြဿနာကြီး ဖြေရှင်းနိုင်ရေး အပြင် ဒေသတွင်း နေထိုင်ကြသူတွေကြား တင်းမာမှု လျော့ပါးရေး အတွက်လည်း ဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်လို့ ဂျပူတီ ကိုယ်စားလှယ်က OIC ရဲ့ သဘောထားကို ပြောသွားတာဖြစ်ပါတယ်။”
    ရခိုင်ပြည်နယ်ပြဿနာ အဖြေရှာနိုင်ရေးဟာ ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဌ ဖြစ်လာမယ့် မြန်မာနိုင်ငံ အတွက်လည်း အထူး အရေးကြီးတဲ့အကြောင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနား က ပြောပါတယ်။
    “မြန်မာနိုင်ငံဟာ အာဆီယံ အရှေ့တောင်အာရှ ဒေသန္တရ အဖွဲ့အစည်းကြီးရဲ့ နိုင်ငံရေးအဖွဲ့အစည်းကြီးရဲ့ ဥက္ကဌအဖြစ်နဲ့ ဖြစ်လာတော့မှာပါ။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲမှာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားတို့လိုမျိုး နိုင်ငံတွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီရခိုင်ပြည်နယ် ပြဿနာကို အဖြေရှာဖို့ ကြိုးစားတာကလွဲလို့ နည်းလမ်း ကျနော်မမြင်တော့ဘူးလို့ ပြောပါရစေ။”
    OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်တဲ့နေ့မှာပဲ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ရော၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ အစီအစဉ် မရှိဘူးလို့ သိရပေမဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာရာမှာ ရခိုင်ပြည်နယ် တိုင်းရင်းသားခေါင်းဆောင်တွေအပြင် အစ္စလာမ် ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်ရှင်။
    Link=>http://burmese.voanews.com/content/quintana-welcomes-oic-burma-trip/1789901.html