News @ M-Media

Author: M-Media

  • အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံ သံတမန် ဆက်ဆံထားရှိမှု

    နိုဝင်ဘာ- ၁၃ ၂၀၁၃
    M-Media
    မောင်ပုည

    OIC_Map

    ရန်ကုန်အခြေစိုက် သံရုံးဖွင့်ထားသည့် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ

    ၁)ဘင်္ဂလားဒေရှ်
    ၂)ဘရူနိုင်း
    ၃)အီဂျစ်
    ၄)အင်ဒိုနီးရှား
    ၅)မလေးရှား
    ၆) ပါကစ္စတန်
    ၇) ဆော်ဒီအာရေးဗီးယား

    မြန်မာနိုင်ငံနှင့် သံအဆက် အသွယ်ထားရှိသော အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ

    ၈)အီရန်         (ဘန်ကောက်မှာ ရုံးအခြေဆိုက်)
    ၉)အီရတ်         (ဘန်ကောက်မှာ ရုံးအခြေဆိုက်)
    ၁၀)ကူဝိတ်         ( ပါကစ္စတန် ၊ အစ္စလာမ် မာဘတ်တွင် ရုံးအခြေဆိုက်)
    ၁၁)မော်ရိုကို     ( ဘန်ကောက်တွင် ရုံးအခြေဆိုက်)
    ၁၂)နိုင်ဂျီးရီးယား     ( ဘန်ကောက်တွင် ရုံးအခြေဆိုက်)
    ၁၃) ဆီးရီးယား     ( နယူးဒေလီတွင် ရုံးအခြေဆိုက်)
    ၁၄) အလ်ဘေးနီးယား     ( ဘေဂျင်းတွင် ရုံးအခြေဆိုက်)
    ၁၅) တူရကီ     (ဒါကာတွင် ရုံးအခြေဆိုက်)
    ၁၆)အလ်ဂျီးရီးယား     (ဗီယက်နမ် ဟနွိုင်မှာ ရုံးအခြေဆိုက်)
    ၁၇) မော်လဒိုက်     (စင်္ကာပူ တွင် ရုံးအခြေဆိုက်)

    အိုအိုင်စီ အဖွဲ့ဝင် (၅၇)နိုင်ငံ၏ ၃၀% ကျော် (၁၇) နိုင်ငံမှာ မြန်မာပြည်နှင့် သံတမန် အဆက်အသွယ်ထားရှိပါသည်။

    ကိုးကား-
    နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်
    wiki

  • ကာဂျစ်စတန်တွင် မွတ်စလင်မ် အမျိုးသမီးများ သွေးလှူပွဲကျင်းပ

    ကာဂျစ်စတန်တွင် မွတ်စလင်မ် အမျိုးသမီးများ သွေးလှူပွဲကျင်းပ

    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media

    musulmanki_bishkek_sdacha_krovi
    ကာဂျစ်စတန်ရှိ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်း၏ အမျိုးသမီးဌာနမှ  ကြီးမှူးပြုလုပ်သည့် မွတ်စလင်မ် အမျိုးသမီးများ သွေးလှူပွဲ အခမ်းအနားကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟုသိရသည်။

    ထိုသွေးလှူပွဲအား Mutakallim ဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်မ်လူငယ် အမျိုးသမီး ၅၀၀ ခန့် တက်ရောက် ခဲ့ကြသည်။ ထိုလှူဒါန်းပွဲမှသွေးများကို  မြို့တော် ဘီရှ်ကက်ရှိ ဆေးရုံလေးခုသို့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

    ထိုကဲ့သို့ သွေးလှူဒါန်းပွဲများ လုပ်ဆောင်ရခြင်းမှာ နိုင်ငံအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များအကြား ဖြစ်ပွားသော သွေးအားနည်းရောဂါနှင့် မီးဖွားခြင်းနှင့် ပက်သက်သည့် ကဏ္ဍတွင် သေဆုံးသူမြင့်တက်လာခြင်းတို့ကို လူအများ သိရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု Mutakallim ဖောင်ဒေးရှင်း၏ ဥက္ကဌဖြစ်သူ ဂျမားလ် ဖရန်ဘက်ကိုင်ဇိုင်က ပြောကြားခဲ့သည်။

    မြို့တော် ဘရီရှ်ကက်တွင် ပြုလုပ်ခဲ့သည့် ထိုသွေးလှူပွဲ အခမ်းအနားမစတင်မီ မော်တော်ဆိုင်ကယ် အလှပြမောင်းနှင်မှုကိုလည်းပြုလုပ်ခဲ့ပြီး၊ မာရသွန် အပြေးပြိုင်ပွဲလည်း ပါဝင်ခဲ့သည်။

    ကာဂျစ်စတန်နိုင်ငံမှာ အလယ်အာရှတွင်တည်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၀၇ ခုနှစ်စာရင်းအရ လူဦးရေ ၅.၂ သန်းရှိပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ကြသည်။

  • ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ရန်ကုန်မြို့ လမ်းဧရိယာအတွင်းရှိသော ပုဂ္ဂလိကပိုင် မီးစက်များ မကြာမီ ဖယ်ရှားပေးရမည်

    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media
    သီရိ

    11

    ရန်ကုန်။        ။ရန်ကုန်မြို့တော်နေပြည်သူများ လျှပ်စစ်သုံးစွဲမှုအဆင်ပြေစေရေးအတွက် လူသွားစင်္ကြန်များ၊ လမ်းဧရိယာများ အတွင်းတွင် မီးစက်များချထားမှုအပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နှစ်စဉ်ကြေးကောက်ခံ၍ ယာယီခွင့်ပြုထားကြောင်းသိရသည်။ ယခုအခါတွင် ရန်ကုန်မြို့တော်အတွင်း ယာဉ်အစီးရေတိုးတက်လာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်လာခြင်းတို့ကြောင့် လူသွားစင်္ကြန်နှင့် လမ်းနယ်နမိတ်အတွင်းရှိ မီးစက်များအား ချထား ခွင့်မပြုသည့် အပြင် နှစ်စဉ်ကြေးကောက်ခံမှုကိုလဲ ယာယီ ရပ်ဆိုင်းထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ သက်ဆိုင်သူများက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အသိပေးနှိုးဆော်ထားကြောင်းသိရသည်။

    ဆက်လက်ပြီး အများပြည်သူအသုံးပြုရန်အတွက် လမ်းတိုးချဲ့ခြင်း၊ ယာဉ်ရပ်နားရန်နေရာများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး လူသွားစင်္ကြန်နှင့် လမ်းဧရိယာအတွင်းရှိ မီးစက်များအား ဖယ်ရှားရှင်းလင်းပေးရန် လိုအပ်လာမည်ဖြစ်၍ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပေးနှိုးဆော်ထားကြောင်း သိရပါသည်။

    Photo- Internet

  • ချင်းပြည်နယ်တွင် နိုင်ငံတော် ဘဏ္ဍာဖြင့် ဗုဒ္ဓဘာသာ အဆောက်အဦး များသာ ဆောက်လုပ်မှု ပြည်နယ်လွှတ်တော်တွင် မေးခွန်းထုတ်ခံရ

    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်
    M-Media

    ခရစ်ယာန် အများစုရှိရာ ချင်းပြည်နယ်၌ နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဗုဒ္ဓဘာသာ အဆောက်အဦး တည်ဆောက်မှု အပေါ် ပြည်နယ်လွှတ်တော်တွင် ချင်းအမတ်များ မေးခွန်းထုတ်

    Chin State Parliamentဓါတ်ပုံ အညွှန်း- ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံ(Photo: The Chinland Post)

    ချင်းပြည်နယ်၏ မြို့နယ်သုံးခု၌ ချင်းပြည်နယ် အစိုးရမှ ဗုဒ္ဓဘာသာ အဆောက်အဦးများကို နိုင်ငံ့ဘဏ္ဍာငွေဖြင့် တည်ဆောက်နေခြင်းအပေါ် ချင်းလွှတ်တော် အမတ်များက မေးခွန်းထုတ်ခဲ့ကြသည်။

    ခရစ်ယာန်ဘာသာဝင် အများစုရှိသည့် မြန်မာ့ အနောက်ပိုင်း ချင်းပြည်နယ်အတွင်း ဘဏ္ဍာငွေများကို အခြားဘာသာဝင်များအတွက် မပါဝင်ဘဲ ဗုဒ္ဓဘာသာဝင်များအတွက်သာ ရည်ရွယ် သတ်မှတ်ပေးသည့် အကြောင်းကို ၄င်းတို့မှ သိရှိလိုကြောင်း ဆိုကြသည်။

    ချင်းပြည်နယ်အစိုးရ၏ ၂၀၁၄-၂၀၁၅ ဘတ်ဂျက်လျာထားချက် အတွင်း ပလက်ဝ၊ မင်းတပ်၊ သဲဒင်းမြို့နယ်များ၌ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးကျောင်းများ၊ ဗုဒ္ဓဘာသာစာသင်ကျောင်းများ နှင့် ဗုဒ္ဓဘာသာလူထုဓမ္မာရုံများ ဆောက်လုပ်ရန် ဘဏ္ဍာငွေခွဲတမ်းသတ်မှတ်မှု ပါဝင်နေ၏။

    လွှတ်တော်အမတ် Pu Lal Mawng Cung သည် ခရစ်ယာန်အုပ်စုများအဖို့ ဘဏ္ဍာငွေခွဲတမ်းများ ရနိုင်ချေရှိမရှိကို လက်ရှိကျင်းပနေသောအစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်ဟု ဆိုသည်။

    “ လိုအပ်ချက်ရှိကြောင်း တင်ပြရင်တော့ ဘတ်ဂျက်ငွေကို ချမှတ်ပေးဖို့ရှိပါတယ်။ ဘယ်ဘာသာရေး အုပ်စုကိုမှ ခွဲခြားဆက်ဆံတာမျိုး မရှိပါဘူး ” ဟု ချင်းပြည်နယ်ဝန်ကြီးချူပ် Hung Ngai မှ တုန့်ပြန်ဖြေကြားခဲ့သည်ဟု ၄င်းမှ ပြောပြသည်။

    ဆန့်ကျင်ဖက်အားဖြင့် ပြီးခဲ့သည့်လနှောင်းပိုင်း  မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomás Ojea Quintana မှ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်သွင်းသော အစီရင်ခံစာ၌ ချင်းပြည်နယ်ရှိ ခရစ်ယာန်တို့အပေါ် ခွဲခြား ချိုးနှိမ်ဆက်ဆံမှုများ ရှိနေကြောင်း ဖော်ပြထားသည်။

    သတ္တမကြိမ်မြောက် ချင်းပြည်နယ် လွှတ်တော် ပုံမှန် အစည်းအဝေးကို ဟားခါးမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည်။

    Ref: chinlandguardian

  • တောင်ကြီး တန်ဆောင်တိုင် ပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲ

    တောင်ကြီး တန်ဆောင်တိုင် ပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲ

    နိုဝင်ဘာ-၁၂ ၂၀၁၃
    M-Media
    သတင်း- မင်းထွဋ်

    ၂၀၁၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲ စတင်ကျင်းပနေပြီဖြစ်သည်။ ပွဲတော်ရက်မှာ ၁၀.၁၁.၂၀၁၃ မှ ၁၇.၁၁.၂၀၁၃ ရက် (တန်ဆောင်မုန်းလပြည့်ည)အထိ ဖြစ်ကြောင်းသိရသည်။

    တောင်ကြီးမြို့ပေါ်သို့ ကမ္ဘာလှည့်ခရီးသည်များ၊ မြန်မာနိုင်ငံအ၀ှမ်းမှ ဧည့်သည်များ တဖွဲဖွဲ ရောက်ရှိစည်ကားနေပြီး ယခုနှစ်ပွဲတော်သည် ယမန်နှစ်များထက် ပိုမို၍သိုက်မြိုက်နိုင်သည်ဟု မြို့ခံများမှ ထင်မြင်တွက်ဆထားကြသည်။

    1

    3

    TGI

    ၂၀၁၃ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲတွင် “လူမျိုးဘာသာ ငြိမ်းချမ်းမှ တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်မည်” ဟုအမည်ပေးထားသော မီးပုံပျံကို လွှတ်တင်စဉ်

    photo credit : အပေအတေ အကိတ်လေး FB