News @ M-Media
Author: M-Media
  • အက်သလက်တီကို၊ဘာစီလိုနာ နောက်တဆင့်တက် နာပိုလီ၊ အာဆင်နယ် အနိုင်ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်
    အက်သလက်တီကို၊ဘာစီလိုနာ နောက်တဆင့်တက် နာပိုလီ၊ အာဆင်နယ် အနိုင်ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်
    နိုဝင်ဘာ ၇ ၂၀၁၃
    M-Media
    အက်သလက်တီကိုနှင် ဘာစီလိုနာတို့ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပြီး နာပိုလီ၊ အာဆင်နယ်တို့ ၁၆ သင်းအဆင့်သို့ တက်ရောက်ရန် နီစပ်သွားခဲ့ကြသည့် ချန်ပီယံလိဂ် ကြာသာပတေး နံနက်ပွဲစဉ်များ
    ချန်ပီယံလိဂ် အုပ်စု E၊ F၊ G၊ H ၏ အုပ်စု စတုတ္ထနေ့ပွဲစဉ်များကို ယနေ့နံနက်စောစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ စပိန်ကလပ်အသင်းများဖြစ်ကြသည့် အက်သလက်တီကိုနှင့် ဘာစီလိုနာအသင်းမှာ ပြိုင်ဘက် အသင်းများကို အသီးသီး အနိုင်ယူနိုင်ခဲ့ကာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ပထမအကျော့ အိမ်ကွင်းတွင် ဒေါ့မွန်အသင်းအား အရှုံးပေးခဲ့ရသော အာဆင်နယ် အသင်းမှာလည်း အဝေးကွင်းတွင် ဒေါ့မွန်အား ပြန်လည် အနိုင်ယူနိုင်ခဲ့သည်။ စီးရီးအေတွင်ခြေစွမ်းပြနေသည့် နာပိုလီအသင်းမှာ အိမ်ကွင်းတွင် အနိုင်ကစားခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။ ချယ်ဆီးအသင်းမှာလည်း အိမ်ကွင်းတွင် ရှော်လ်ကာအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့သည်။
    အုပ်စု E
    ချယ်ဆီး ၃-၀ ရှော်လ်ကာ
    ပြီးခဲ့သည့်စနေနေ့က နယူးကာဆယ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သည့် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ ယခုပွဲတွင် ရှော်လ်ကာ အသင်းအား ဂိုးပြတ်ခြေပြတ်ဖြင့်အနိုင်ယူနိုင်ခဲ့သည်။
    ချယ်ဆီးအသင်းတွင် အေဒင် ဟာဇာဒ်မှာ အရန်စာရင်းတွင်ပင် မပါဝင်နိုင်ခဲ့ဘဲ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်မှာလည်း ပေါင်ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး အသင်း၏တိုက်စစ်တွင် အီတူးက ပွဲထွက်ကစားသမားအဖြစ်ကစားခဲ့သည်။ ချယ်ဆီးအသင်းအတွက်အဖွင့်ဂိုးကို ၃၁ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ရှော်လ်ကာအသင်းဂိုးသမား၏ အမှားအား အခွင့်ကောင်းယူကာ အီတူးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ဒုတိယပိုင်းတွင်လည်း ချယ်ဆီးအသင်းကသာ ခြေအသာဖြင့်ကစားနိုင်ခဲ့ပြီး ၅၄ မိနစ်တွင် အီတူးက ဒုတိယဂိုးကိုလည်းကောင်း ၈၃ မိနစ်တွင် ဒမ်ဘာဘားက တတိယဂိုးကိုလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းမှာ သုံးမှတ်အသာဖြင့် အုပ်စုအား ဦးဆောင်နေသည်။
    ————————————————–
    ဘေဆယ် ၁-၁ စတူအာဘူခါရက်
    ဘေဆယ်သင်း၏ အိမ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲတွင် ဧည့်သည့် စတူအာဘူခါရက်အသင်းက ခြေအသာဖြင့်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များ အကြိမ်ကြိမ်ရရှိခဲ့သော်လည်း၊ ဘေဆယ်အသင်းမှာ ကံကောင်းထောက်မစွာဖြင့် သရေတစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။
    အဖွင့်ဂိုးကို ဧည့်သည်အသင်းမှ စတင်ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲအစ ၁၇ မိနစ်၌ပင် ပီယိုဗာကာရီက သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင်လည်း စတူအာဘူခါရက်ကသာ တောက်လျှောက်ဖိကစားနိုင်ခဲ့ပြီး ဘေဆယ်အတွက် အဖိုးတန်ချေပဂိုးကို ဒုတိယပိုင်းပြီးကာနီး နာဂျင်အချိန်ပိုတွင်မှ ဂျီယိုဗာနီက သွင်းယူပေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စတူအာဘူခါရက်အသင်းမှာ ၇ နှစ်အတွင်း ချန်ပီယံလိဂ် ပထမဦးဆုံးနိုင်ပွဲနှင့်ဝေးကွာသွားခဲ့ရသည်။
    …………………………………………
    အုပ်စု F
    ဒေါ့မွန် ၀-၁ အာဆင်နယ်
    ပထမအကျော့ အိမ်ကွင်းတွင် ရှုံးနိမ့်ထားခဲ့သည့် အာဆင်နယ်အသင်းမှာ ယခုပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ဒေါ့မွန်အသင်းအား သိသိသာသာ ဖိအားပေးနိုင်ခဲ့ခြင်းမရှိချေ။
    အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၆၂ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး အသင်းတွင်ခြေစွမ်းပြနေသည့် အလယ်တန်းကစားသမား ရမ်ဆေးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဒေါ့မွန်အသင်းမှာ အာဆင်နယ်အား တောက်လျှောက်ဖိအားပေးနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် အိမ်ကွင်းတွင် အရှုံးပေးခဲ့ရသည်။
    အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ၉ မှတ်ရရှိထားပြီး နောက်တစ်ဆင့်သို့တက်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။
    —————————————————
    နာပိုလီ ၃-၂ မာဆေးလ်
    အီတလီတွင်ကစားခဲသည့် ယခုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး နာပိုလီအသင်းက အိမ်ကွင်းတွင် အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။
    အဖွင့်ဂိုးကို မာဆေးလ်အသင်းက စတင်ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲအစ ၁၀ မိနစ်တွင် အန်ဒရီ အေယွယ်က သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၂၂ မိနစ်နှင့် ၂၄ မိနစ်တို့တွင် ဂိုခန် အင်လာနှင့် ဂွန်ဇာလို ဟီဂူအင်တို့က အိမ်ရှင်အတွက် ချေပဂိုးနှင့်အနိုင်ဂိုးများကို သွင်းယူပေးခဲ့သည်။
    ဒုတိယပိုင်းတွင် မာဆေးလ်အသင်းက ဖိကစားနိုင်ခဲ့ပြီး ၆၄ မိန်စ်တွင် ဖလော်ရီယန် သာအူဗင်က ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့သည်။ နာပိုလီအသင်း အတွက် အဖိုးတန်အနိုင်ဂိုးကို ၇၅ မိနစ်တွင် ဟူဂူအင်က ထပ်မံသွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် နာပိုလီအသင်းမှာ ၉ မှတ်ရရှိထားပြီး အုပ်စုအား ဦးဆောင်နေသည့် အာဆင်နယ်အသင်းနှင့် အမှတ်တူနေသည်။
    ……………………………………………….
    အုပ်စု G
    အက်သလက်တီကိုမက်ဒရစ် ၄-၀ သြစတီးအား ၀ီအန်
    လာလီဂါတွင်ရလဒ်ကောင်းများရရှိနေပြီး ချန်ပီယံလိဂ်တွင်လည်း ရှုံးပွဲမရှိသေးသည့် အက်သလက်တီကိုအသင်းမှာ ယခုပွဲတွင်လည်း အသင်းငယ်ဝီအန်အား အိမ်ကွင်းတွင် သက်တောင့်သက်သာဖြင့် အနိုင်ယူနိုင်ခဲ့သည်။
    အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ဂိုးများကို ၁၁ မိနစ်တွင် မီရန်ဒါ၊ ၂၅ မိနစ်တွင် ရာအူးလ်ဂါစီယာ၊ ၄၅ မိနစ်တွင် ဖိလစ်လူးဝစ်နှင့် ၈၂ မိနစ်တွင် ဒီယေဂိုကော်စတာတို့က အသီးသီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အက်သလက်တီကိုအသင်းမှာ ယခုပွဲအနိုင်ကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။
    ဇင်းနစ် ၁-၁ ပေါ်တို
    အိမ်ရှင်ဇင်းနစ်အသင်းမှာ ယခုပွဲတွင် အနိုင်ရခဲ့သင့်သော်လည်း ဒုတိယပိုင်းတွင် ရရှိခဲ့သည့် ပင်နယ်တီအား ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့သောကြောင့် အိမ်ကွင်းတွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
    ဦးဆောင်ဂိုးကို ပေါ်တိုအသင်းက စတင်ရရှိခဲ့ပြီး ၂၃ မိနစ်တွင် လူချို ဂွန်ဇာလက်က သွင်းယူပေးခဲ့သည်။ အဖွင့်ဂိုးပေးလိုက်ရပြီး သိပ်မကြာခင်မှာပင် ဇင်းနစ်တို့ ချေပဂိုးရရှိခဲ့ပြီး ၂၈ မိနစ်တွင် ဟုလ်က်က သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင်နှစ်သင်းစလုံးအခွင့်အရေးများရရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ၁ ဂိုးစီသရေဖြင့် ပွဲပြီးခဲ့သည်။
    ……………………………………….
    အုပ်စု H
    ဘာစီလိုနာ ၃-၁ အေစီမီလန်
    ဘာစီလိုနာမှာ အိမ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲတွင် အမှားအယွင်းမရှိခဲ့ဘဲ မက်ဆီ၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ဘာကာအတွက်အဖွင့်ဂိုးကို မိနစ် ၃၀ တွင် ပင်နယ်တီမှတစ်ဆင့် မက်ဆီက သွင်းယူပေးခဲ့သည်။ ထို့နောက် မိနစ် ၄၀ တွင် ဘာကာတို့ ဒုတိယဂိုးရရှိခဲ့ပြီး ဘက်စ်ကက်က ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ပထမပိုင်း ပြီးကာနီးတွင် ဘာကာနောက်ခံလူ ပီကေး၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သဖြင့် မီလန်တို့ ချေပဂိုးတစ်ဂိုးရရှိခဲ့သည်။
    သို့သော်လည်း ဘာစီလိုနာအသင်းကသာ ခြေအသာဖြင့် တောက်လျှောက်ဖိကစားနိုင်ခဲ့ပြီး ၈၃ မိနစ်တွင် မက်ဆီက နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ နောက်ထပ်နှစ်ပွဲကစားရန်ရရှိနေသေးသော်လည်း ယခုပွဲအနိုင်ကြောင့် ဘာစီလိုနာအသင်းမှာ နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
    Barcelona
    —————————————————-
    အေဂျက် ၁-၀ ဆဲလ်တစ်
    ဟော်လန်တွင်ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်အေဂျက်အသင်းမှာ သုံးမှတ်ရယူနိုင်ခဲ့သည်။ သို့သော်လည်း လွယ်ကူစွာဖြင့် အနိုင်ရရှိခဲ့ခြင်း မဟုတ်ဘဲ ဆဲလ်တစ်အသင်း၏ ဖိအားပေးမှုကို တောက်လျှောက်ခံခဲ့ရသည်။
    အေဂျက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း ၅၁ မိနစ်တွင် စခုန်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် အေဂျက်အသင်းမှာ ၄ မှတ်ရရှိထားပြီး နောက်တစ်ဆင့်သို့တက်ရောက်ရန်အတွက် အခွင့်အရေး အနည်းငယ်ရှိနေသေးသည်။
  • ဒေါ်အောင်ဆန်းစုကြည် သြစတေးလျသို့ သွားရောက်လည်ပတ်မည်
    နိုဝင်ဘာ ၆၊ ၂၀၁၃
    M-Media
    20131136475110734_20
    မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ယခုလ နှောင်းပိုင်းတွင် သြတေးလျနိုင်ငံသို့ သွားရောက်မည်ဟုသိရသည်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ နိုဝင်ဘာ ၂၇-ရက် နေ့မှ ဒီဇင်ဘာ ၂-ရက်နေ့အထိ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် မဲလ်ဘုန်းမြို့များသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။
    ထိုခရီးစဉ်အတွင်း ဆစ်ဒနီတွင်ကျင်းပမည့် ကုလသမဂ္ဂ အိခ်ျအိုင်ဗီ အကူအညီ ပေးရေး ကွန့်ဖရန်အားတက်ရောက်မည်ဖြစ်ပြီး သြစတေးလျရောက် မြန်မာ မိသားစုများနှင့် လည်း တွေ့ဆုံမည်ဖြစ်သည်။
    သြစတေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ဒေါ်အောင်ဆန်းစုကြည် အား သြစတေးလျနိုင်ငံမှကြိုဆိုပြီး ယခုကဲ့သည့် လာရောက်မည့် အတွက် လည်း ၀မ်းမြောက် မိကြောင်း ပြောကြားခဲ့သည်။
    Ref : ABC
  • တီယန်အန်းမင် တိုက်ခိုက်မှုနောက်ပိုင်း ဥဂါးရ် မွတ်စ်လင်မ်များ ပစ်မှတ်ထားခံနေရ
    နိုဝင်ဘာ-၆ ၂၀၁၃
    M-Media
    20097194421809580_5
    ပီကင်း။    ။  တီယန်အန်းမင်ရင်ပြင်အကြမ်းဖက်တိုက်ခိုက်မှုအား သံသယအကျိုးဆက်အဖြစ် ဖိနှိပ်လိုမှုအတွက် တရုတ်၏ အသုံးချမှုကို ဥဂါးရ် မွတ်စ်လင်မ်များမှ ရှုတ်ချလိုက်သည်။
    စင်းကျန်းနယ်ရှိ တရုတ်ပြည်မူဝါဒများနှင့်ပတ်သက်၍ ဥဂါးရ်မွတ်စ်လင်မ်များအရေးလှုပ်ရှားအရေးဆိုသူ ဘေဂျင်းအခြေစိုက် ဥဂါးရ်လူမျိုး ထင်ရှားသည့် စီးပွားရေးပညာရှင် အိလ်ဟာမ် တိုဟ်တီမှ နိုင်ငံခြားသတင်းဌာနများနှင့်ပြောဆိုခြင်းအပေါ် လုံခြုံရေးအေးဂျင့်များက မိမိအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း ပြောဆိုလိုက်သည်။
    အေးဂျင့်တစ်ဦးသည် မိမိ၏ ကားနောက်ကို အနောက်မှ တိုက်၍ “ ငါ မင်းကိုရော မင်း မိသားစုတစ်ခုလုံးကိုပါ သတ်ချင်နေပြီ ” ဟု အေးစက်စက်လေသံဖြင့် ပြောကြားခဲ့ကြောင်း တိုဟ်တီ၏ပြောဆိုချက်ကို နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့တွင် ရိုက်တာမှ တင်ပြသည်။
    တိုဟ်တီသည် ဗဟိုအမျိုးသားတက္ကသိုလ်မှ စီးပွားရေးပညာပါမောက္ခတစ်ဦးဖြစ်ပြီး Uyghur Online ၀က်ဘ်ဆိုက်ကို တည်ထောင်သူလည်းဖြစ်သည်။ ယင်းအရပ်ဝတ်အေးဂျင့်များသည် သူ့အား တမင်ရည်ရွယ်ဦးတည်၍ နှောက်ယှက်ခဲ့သည်ဟု တိုဟ်တီက ဆိုသည်။
    “ ကျွန်တော့်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ မျက်ခြေမပြတ်စောင့်ကြည့်တဲ့အပြင်  ရဲတွေက လိုက်နေခဲ့ကြတာပါ။ ဒါပေမယ့် လုံခြုံရေးအေးဂျင့်တွေ ကျွန်တော့်ကို လူ့မြင်ကွင်းထဲဒီလိုဆက်ဆံတာမျိုး မရှိခဲ့ဖူးဘူး။ ကလေးတွေကိုတောင် အန္တရာယ်ပေးချင်နေတာက လူမဆန်ခြင်းပါပဲ ” ဟု ဖုန်းအင်တာဗျူး၌ တိုဟ်တီက ပြောသည်။
    တီယန်အန်းမင်ရင်ပြင်အနီး ကမ္ဘာလှည့်ခရီးသည်နှစ်ဦးအား ကားဖြင့်တိုက်ပြီး မီးလောင်ခဲ့သည့် အောက်တိုဘာ ၂၈ ရက် နောက်ပိုင်း သူသည် ကမ္ဘာ့မီဒီယာများနှင့် အဆက်မပြတ် အင်တာဗျူး လုပ်နေခဲ့ရသည်။
    ယင်းဖြစ်ရပ်ကို ဥဂါးရ်မွတ်စ်လင်မ်တို့မှ ကြံစည်တိုက်ခိုက်သော အကြမ်းဖက်လုပ်ရပ်အဖြစ် တရုတ်အစိုးရမှ စွပ်စွဲထားသည်။
    တီယန်အန်းမင်ရင်ပြင် အကြမ်းဖက် တိုက်ခိုက်မှုအား သံသယအကျိုးဆက်အဖြစ် လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ထပ်မံ ဖိနှိပ်လိုမှုအတွက် တရုတ်၏အသုံးချမှုကို ဥဂါးရ်မွတ်စ်လင်မ်များမှ ရှုတ်ချလိုက်သည်။
    တီယန်အန်းမင်ဖြစ်ရပ်ကြောင့် မွတ်စ်လင်မ်တို့အား ပိုမို၍ ဖိနှိပ်ခွဲခြားလာမည်ကို တိုဟ်တီက စိုးရိမ်စွာ ပြောကြားသည်။
    “ ဒီအဖြစ်ရဲ့အချက်အလက်တိုင်းဟာ ဥဂါးရ်လူမျိုးတွေနဲ့ အလှမ်းကွာလွန်းလှပါတယ်။ ဒါဟာ ဟန်လူမျိုးတွေကြီးစိုးနေတဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ဥဂါးရ်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲများကို ပိုမိုဆိုးရွားသွားစေတော့မှာဖြစ်တယ် ” ဟု သူက ဆိုသည်။
    အနောက်မြောက်ပိုင်း စင်းကျန်းပြည်နယ်တွင် လူဦးရေ ၈ သန်းရှိ ဥဂါးရ်မွတ်စ်လင်မ်တို့သည် တူရကီစကားပြော လူနည်းစုဝင်များ ဖြစ်ကြသည်။
    တစ်ချိန်က အရှေ့တာကစ္စတန်ဟုခေါ်သော စင်းကျန်းပြည်နယ်မှာ ၁၉၅၅ ခုနှစ်ကပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်ခဲ့သော်လည်း တရုတ်အာဏာပိုင်များက လုံခြုံရေးတပ်ဖွဲ့အလုံးအရင်းနှင့် ကြမ်းတမ်းစွာ ဆက်ဆံနေဆဲဖြစ်သည်။
    အကြမ်းဖက်မှုကိုတန်ပြန်ရေး ဟူသော အကြောင်းပြချက်ဖြင့် စင်းကျန်းရှိ ဥဂါးရ်မွတ်စ်လင်မ်တို့ကို တရုတ်အာဏာပိုင်များက ဘာသာရေးအရ ဖိနှိပ်ညှင်းပန်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲနေပေသည်။
    တစ်ဖက်စောင်းနင်းမီဒီယာများ
    ——————————-
    တရုတ်နိုင်ငံပိုင်ထိပ်တန်းသတင်းစာတစ်စောင်က ဒေသတွင်း ပဋိပက္ခ၏အဓိကအကြောင်းရင်းမှာ ယဉ်ကျေးမှုနိမ့်ကျသော လူငယ်များသည် ဘာသာရေးအစွန်းရောက်သူများ၏ လမ်းမှားသောဦးဆောင်မှုနောက် လိုက်နေကြခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြလိုက်သဖြင့် မွတ်စ်လင်မ်တို့၏ခံစားချက်ကို ဆွပေးခဲ့သည်။
    “ ဒီနှစ်ပိုင်းတွေမှာ မူလတန်း၊ အလယ်တန်းကျောင်းသားတွေ ဒါမှမဟုတ် ယဉ်ကျေးမှုနိမ့်ကျတဲ့လူငယ်အများစုက ဘာသာရေးအစွန်းရောက်အုပ်စုတွေကို မျက်ကန်းနောက်လိုက်ပြုနေကြတာ တွေ့နိုင်ပါတယ်။ ဒီလို အသိမဲ့ အမူအကျင့်တွေကို ကျွန်တော်တို့ မုန်းတီးပါတယ်။ အဲ့ဒီစရိုက်ဆိုးတွေကိုလည်း ရွံရှာမိပါတယ် ” ဟု တရုတ်နိုင်ငံစာပေနှင့် အနုပညာအသင်းကြီးအဖွဲ့ဝင် ဥဂါးရ် လူမျိုးတစ်ဦးက လက်မှတ်ရေးထိုး ရင်ဖွင့်ချက် တစ်စောင်အား သတင်းစာမှဖော်ပြကြောင်း ရိုက်တာမှ တင်ပြခဲ့သည်။
    ၂၀၀၁ ခုနှစ်က တရုတ်အစိုးရသည် စင်းကျန်း၌ အင်အားသုံးဖြိုခွဲခဲ့သည်။ ထိုစဉ်ကတည်းက ဥဂါးရ်တို့၏ ယဉ်ကျေးမှု၊ ဘာသာရေးအစဉ်အလာနှင့် ဘာသာစကားအပေါ် ကောင်းစွာ ကျင့်သုံးခွင့် မပေးခဲ့ချေ။
    တရုတ်အာဏာပိုင်များက အဓိကရုဏ်းနှင့်စပ်လျဉ်း၍ ဥဂါးရ်လူမျိုးအများစုပါဝင်သော လူ ၂၀၀ အား တရားစီရင်လျက် ရှိပြီး ၄င်းတို့အနက် ၂၆ ဦးအား သေဒဏ်ပေးခဲ့သည်။
    အစိုးရအစီအစဉ်ဖြင့် သန်းနှင့်ချီသော ဟန်လူမျိုးများသည် မိမိတို့ပိုင်နက်အတွင်း၌ လာရောက်အခြေချခဲ့ပြီး ဒေသတွင်း၏ကိုယ်ပိုင်လက္ခဏာ နှင့် ယဉ်ကျေးမှုများကို ရည်ရွယ်ချက်ရှိရှိအမြစ်လှန်နေကြသည်ဟု မွတ်စ်လင်မ်တို့က ပြစ်တင်စွပ်စွဲလျက်ရှိသည်။
    သုတေသီများ၏အဆိုအရ ဘေဂျင်း၏အာဏာခိုင်မြဲစေရန် စင်းကျန်းနယ်သို့ ဟန်တရုတ်များ ပြောင်းရွှေ့စေသည့်မူဝါဒချမှတ်ခဲ့ရာ ၁၉၄၀ ခုနှစ်များတွင် ဟန်တရုတ်တို့သည် ဒေသတွင်း၌ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၄၀ ရာခိုင်နှုန်းအထိ တိုးပွားလာခဲ့၏။
    ဧရာမ ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များ၊ ဗဟိုအာရှနှင့်နီးကပ်သည့် မဟာဗျူဟာမြောက်တည်နေရာ တို့ကြောင့် ဘေဂျင်းက စင်းကျန်းနယ်အား လက်မလွှတ်ရက်အောင် မျက်စေ့ကျနေခဲ့သည်။ “ အာဏာပိုင်တွေအနေနဲ့ ခြေတစ်လှမ်း နောက်ပြန်ဆုတ်လို့ မိမိတို့မူဝါဒများရဲ့ရလဒ်တွေကို  တကယ်ထိရောက်မှုရှိမရှိ ပြန်လေ့လာဖို့ လိုအပ်တယ်။  ကျွန်တော်တို့ကတော့ အကြမ်းဖက်မှုလျော့နည်းပြီး ပိုမိုသင့်မြတ်စေချင်ပါတယ် ” ဟု အပြည်ပြည်ဆိုင်ရာနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအဖွဲ့၏ တရုတ်ရေးရာသုတေသီ Corinna-Barbara Francis မှ ပြောကြားသည်။
    တချိန်တည်းမှာပင် ပြည်ပရောက် ဥဂါးရ်အဖွဲ့ဖြစ်သော World Uyghur Congress မှ ဥဂါးရ်လူမျိုး ၂၄ ဦးမှာ လတ်တလောတွင် ထပ်မံဖမ်းဆီးထိန်းသိမ်းခံရသဖြင့် တန်ပြန်ပေါက်ကွဲမှုဖြစ်လာနိုင်ကြောင်း တရုတ်အစိုးရအား သတိပေးလိုက်သည်။
    “ ဥဂါးရ်နယ်မြေထဲမှာ အာဏာပိုင်တွေက လက်နက်ကိုင်တွေကိုသုံးပြီး ချုပ်ခြယ်တင်းကြပ်မှုကို အဆင့်တိုးလုပ်နေကြတယ်။ တကယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ တရုတ်ရဲ့ထိုးဆွမှုတွေ၊ ချုပ်ကိုင်မှုတွေအပေါ် အရေးပေါ်သတိပေးချက် မပြုလုပ်ကြရင် ဥဂါးရ်တွေဟာ အသက်ရှင် ရပ်တည်ရေးအတွက် တောင့်ခံသွားနိုင်ဖို့ ၊ ပြန်လည် တွန်းလှန်သွားနိုင်ဖို့ မျှော်လင့်ချက် ရှိတော့မှာ မဟုတ်ဘူး ” ဟု အထက်ပါ အဖွဲ့၏ပြောဆိုခွင့်ရသူမှ အီးမေးလ်ပေးပို့ချက် တစ်စောင်အတွင်း ရေးသားခဲ့ပါသည်။
    Ref:OnIslam
  • OIC ယဉ်ကျေးမှုရေးရာ အကြီးအကဲမှ အစ္စလာမ်အပေါ် အမြင်မှားကြောက်ရွံ့မှုနှင့်စပ်လျဉ်း၍ပြောကြား
    နိုဝင်ဘာ ၆ ၂၀၁၃
    M-Media
    ki02_big
    ပြည်သူနှင့် နိုင်ငံရေးအခွင့်အရေးနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် International Covenant on Civil and Political Rights (ICCPR) အပိုဒ် ၂၀ တွင် မည်သည့် ဘာသာတရား၏ ထူးမြတ်သောပုဂ္ဂိုလ် သို့မဟုတ် သင်္ကေတအား အဆိုးမြင်အောင်ပြုလုပ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ပြစ်မှုမြောက်ကြောင်း  ယဉ်ကျေးမှုရေးရာ OIC အကြီးအကဲ ရစ်ဇ၀ါန်း စအီးဒ် ရှိုင်းခ် က ပြောကြားလိုက်သည်။
    မကြာသေးမီက မရ်ဟဗာ စားမြိန်ရိပ်သာ၌ Pakistan Executive Group (PEG) အဖွဲ့ဝင်တို့အား သူက ဧည့်တော်တော်များ၏ပြောခွင့်ရ ပုဂ္ဂိုလ်အနေနှင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
    အစ္စတန်ဘူလ် သဘောတူညီချက်မှ ထွက်ရှိလာသော ဤဥပဒေကို ကုလ လူ့အခွင့်အရေးကောင်စီ ထုတ်ပြန်ချက်အမှတ် ၁၆/၁၈ အရ ကမ္ဘာနှင့်အ၀ှန်း အကျိုးသက်ရောက်စေရန် OIC မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
    ကမ္ဘာ့ရွာဟု ခေါ်တွင်နေသော်လည်း ဘာသာတရားမှာ နိုင်ငံတကာဆက်ဆံရေးများတွင် အလေးထားနေရသည့် အခန်းကဏ္ဍ၌ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကြောင်းပြချက်များဖြင့် ဘာသာရေးကို ခုတုံးလုပ်သည့် Islamophobia ကိစ္စမှာလည်း ထင်ထင်ရှားရှား တွေ့နေရဆဲပင်။
    Islamophobia သည် OIC အတွက် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ပြဿနာ အသွင်ဆောင်နေရသည်။ အိုအိုင်စီသည် ကုလသမဂ္ဂပြီးလျှင် မိမိအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရပ်တည်နိုင်သည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည်။
    အစ္စလာမ်အပေါ် အမြင်မှားကြောက်ရွံ့မှုကို ရင်ဆိုင်ဖြေရှင်းမည့် အိုအိုင်စီ၏ အခန်းကဏ္ဍအား ကိုင်ရို ထိပ်သီးဆွေးနွေးပွဲမှ ကြိုဆိုထောက်ခံလိုက်ပြီး အထွေထွေ အတွင်းရေးမှူးချုပ်ကိုလည်း သက်ဝင်လှုပ်ရှားလာအောင်ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။
    အိုအိုင်စီသည် ဘာသာရေးအဖွဲ့အစည်းတစ်ရပ် မဟုတ်၊ ဘာသာတရားမှာ နိုင်ငံရေးအရရပ်တည်နေသော အဖွဲ့အစည်းနောက်ကွယ်မှ မရှိမဖြစ်လိုအပ်သည့် ကျစ်လစ်ညီညွတ်ရေးအားအင်တစ်ရပ်သာဖြစ်ကြောင်း ရှိုင်းခ်မှ ရှင်းလင်းပြောဆိုခဲ့သည်။
    ပါကစ္စတန်သံအမတ် ဗိုလ်ချုပ် အဖ်သာ့ဗ် ခိုခါလည်း ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။ အခြား တက်ရောက်ကြသူများအနက် ဟဂ်ျရေးရာအုပ်ချုပ်မှုဒါရိုက် အဗူ အကစ်ဖ်၊ သံတမန်ရေးရာဒုဝန်ကြီး အင်မရာန် ဆွစ်ဒီကီ တို့လည်း ပါဝင်သည်။ ယင်းအစည်းအဝေးကို PEG အထွေအထွေအတွင်းရေးမှူး ရှရစ်ဖ်မှ ကြီးမှူးကျင်းပခဲ့သည်။ ဥက္ကဌ ဖြစ်သူ စိုင်ယဒ် မုသွဟီရ် ရိဇ်ဝီ မှ PEG ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှိုင်းခ်ထံသို့ တင်ပြခဲ့သည်။
    Source : Saudi Gazette /
  • နိုဝင်ဘာ ၆၊ အားကစားသတင်းများ
    နိုဝင်ဘာ- ၆ ၂၀၁၃
    M-Media
    ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ဘယ်အသင်းမှ မန်စီးတီးအသင်းနှင့် ဆုံချင်မည် မဟုတ်ဟု ပယ်လီဂရီနီပြော
    Manuel-Pellegrini-2370964
    မန်စီးတီးအသင်းအား ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် မည်သည့်အသင်းကမှ တွေ့ချင်မည်မဟုတ်ဟု မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    မန်စီးတီးအသင်းမှာ ယနေ့နံနက်က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲတွင် စီအက်စ်ကေအေမော်စကို အသင်းအား ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ နောက်ထပ်ကစားရန် ၂ ပွဲကျန်နေသေးသော်လည်း နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ ထိုကဲ့သို့ တက်ရောက်နိုင်ခြင်းမှာ ကလပ်အသင်း၏ သမိုင်းတစ်လျှောက်တွင် ပထမဦးဆုံးအကြိမ်လည်းဖြစ်သည်။
    “ကလပ်အသင်း သမိုင်းမှာ ထူးခြားတဲ့အောင်မြင်မှုဖြစ်တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။ ကုန်ခဲ့တဲ့ ၂ နှစ်တာဟာ မလွယ်ကူခဲ့ဘူးဆိုတာ ခင်ဗျားတို့ တွေ့မြင်နိုင်ပါတယ်။ ပြီးတော့ ကစားဖို့ ၂ ပွဲကျန်သေးပေမယ့် ကျွန်တော်တို့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါပြီ၊ ကျွန်တော်တို့ရဲ့ အနည်းဆုံးပစ်မှတ်က ၁၆ သင်းအဆင့်ကို ကျော်လွှားဖို့ဖြစ်ပြီး ဒါဟာကျွန်တော်တို့ရဲ့ နောက်ဆုံး ပစ်မှတ်တော့မဟုတ်ပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    ထို့ပြင် စီအက်စ်ကေအေနှင့်ပွဲတွင် ဂိုးသွင်းယူပေးခဲ့သည် နီဂရီဒိုနှင့် အဂူရိုတို့ကိုလည်း ချီးကျူးခဲ့သည်။
    Ref:mirror
    ________________________
    မန်ယူအသင်းမှာ ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်လိ့မ်မည်ဟု ရွိုင်ယန်ဂစ် ယုံကြည်နေ
    မန်ယူအသင်းမှာ ရီးယဲလ်ဆိုဒီဒက်အသင်းအား အိမ်ကွင်းတွင် အနိုင်မယူနိုင်ခဲ့သော်လည်း အသင်းအနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင် လိမ့်မည်ဟု ယုံကြည်ကြောင်း မန်ယူအသင်း၏ ကစားသမား ရွိုင်ယန်ဂစ်ကပြောကြားခဲ့သည်။
    ဆိုဒီဒက်နှင့်ပွဲတွင် မန်ယူအသင်းမှာ ပင်နယ်တီရခဲ့သော်လည်း တိုက်စစ်မှူး ဗန်ပါစီကန်သွင်းမှုမှာ ဂိုးတိုင်ထိထွက်ခဲ့သောကြောင့် ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။
    “ဒီညပွဲကို ကျွန်တော်တို့ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ အခွင့်ရေးကောင်းတွေ နှစ်ကြိမ် သုံးကြိမ်လောက်ကိုလည်း ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒီပွဲကို ကျွန်တော်တို့နိုင်ခဲ့သင့်ပါတယ်” ဟု ရွိုင်ယန်ဂစ်က ITV Sport အားကစားသတင်း ဌာနသို့ ပြောကြားခဲ့သည်။
    ထို့ပြင် အသင်းအနေဖြင့် ရှက်တာဒိုးနက်၊ လေဗာကူဆင်တို့နှင့်ကစားရန် ၂ ပွဲကျန်ရှိနေသေးကြောင်း၊ ၎င်းတို့နှင့် ကစားခဲ့ဖူးသည့်အတွက် ထိုအသင်းများအကြောင်းကိုသိနေပြီး နောက်တစ်ဆင့်သို့တက်ရောက်လိမ့်မည်ဟု ယုံကြည်ကြောင်း ရွိုင်ယန်ဂစ်က ထပ်လောင်းပြောကြားခဲ့သည်။
    ________________________
    ရှော်လ်ကာနှင့်ပွဲတွင် တိုးတက်မှုများတွေ့မြင်ချင်သည်ဟု အသင်းအား မော်ရင်ဟိုတောင်းဆို
    နယူကာဆယ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲတွင် အသင်း၏ကစားပုံအား ဝေဖန်ပြစ်တင်ခဲ့ပြီး ယနေ့ညတွင် ကစားမည့် ရှော်လ်ကာအသင်းနှင့် ပွဲတွင် တိုးတက်မှုကို တွေ့မြင်ချင်သည်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက အသင်းအားတောင်းဆိုခဲ့သည်ဟုသိရသည်။
    စနေနေ့က ကစားခဲ့သော အဆိုပါပွဲတွင် ဂေါ့ဖ်ရန်နှင့် လိုအစ် ရီမီတို့၏ သွင်းဂိုးများဖြင့် ချယ်ဆီးအသင်းရှုံးနိမ့်ခဲ့ပြီး ခြောက်ပွဲဆက်တိုက် အနိုင်ရရှိသည့် စံချိန်ရပ်တန့်သွားခဲ့ကာ ထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့်လည်း အမှတ်ကွာဟခဲ့သည်။
    “အဲဒီပွဲ(နယူးကာဆယ်နှင့်ပွဲ) က ကစားခဲ့တဲ့ပုံစံကို ကျွန်တော်မကြိုက်ပါဘူး။ တစ်ခါတစ်ရံမှာ နိုင်ပွဲတွေများလာတဲ့အခါ ကစားသမားတွေဟာ ဘာ့ကြောင့် သူတို့နိုင်ခဲ့တယ်ဆိုတာ မေ့သွားကြပါတယ်” ဟု နယူးကာဆယ်အား ရှုံးနိမ့်မှုနှင့် ပတ်သက်ပြီး သတင်းထောက် များအားပြောကြားခဲ့သည်။
    ထို့ပြင် နယူးကာဆယ်နှင့်ပွဲတွင် ကျူးလွန်ခဲ့သည့် အမှားများအား ပြုပြင်ကာ ရှော်လ်ကာအသင်းအား ရင်ဆိုင်ရန်လိုအပ်နေပြီး ချန်ပီယံလိဂ် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရန် အသင်းအနေဖြင့် ကြိုးစားရမည်ဖြစ်ကြောင်း မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။
    ________________________
    ဂျိုကိုဗစ်နှင့် ရာဖေးလ်နာဒယ်တို့ အနိုင်ရရှိခဲ့သည့် ATP World Tour Finals ဒုတိယနေ့ပွဲစဉ်များ
    ယခုနှစ်ရာသီ ATP တင်းနစ်ပြိုင်ပွဲများ၏ ရာသီပိတ်ပွဲစဉ်ဖြစ်သည့် လန်ဒန်မြို့၌ ကျင်းပနေသော ATP World Tour Finals ဒုတိယနေ့ပွဲစဉ်များကို ယမန်နေ့က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ကမ္ဘာ့အဆင့် ၁ ရာဖေးနာဒယ်နှင့် ကမ္ဘာ့အဆင့် ၂ ဂျိုကိုဗစ်တို့ ပြိုင်ဘက်များအား အသီးသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။
    အုပ်စု A ပွဲစဉ်တစ်ခုဖြစ်သည့် စပိန်တစ်နစ်သမား နာဒယ်နှင့် ကမ္ဘာ့အဆင့် ၃ ဒေးဗစ်ဖာရာနှင့် ယှဉ်ပြိုင်ကစားခဲ့ကြသည့်ပွဲတွင် နာဒယ်က တစ်နိုင်ငံတည်းသား ဖာရာအား ၆-၃၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည်။ ဖာရာမှာ ပြီးခဲ့သည့်တစ်ပတ်က Paris Masters တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နာဒယ်အား အနိုင်ကစားနိုင်ခဲ့သော်လည်း ယခုပွဲတွင် အရှုံးပေးခဲ့ရသည်။ ယခုပွဲအနိုင်ရခဲ့သောကြောင့် နာဒယ်မှာ ဘာဒစ်ခ်ျအား သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ၀ါဝရင်ကာ၏အထက်တွင်ရှိနေပြီး အုပ်စုအား ဦးဆောင်နေသည်။
    အုပ်စု B ဒုတိယနေ့ပွဲစဉ်အဖြစ် ဆားဘီးယားတင်းနစ်သမား နိုဘက်ဂျိုကိုဗစ်နှင့် ကမ္ဘာ့အဆင့် ၇ ဆွစ်ဇလန် တင်းနစ် သမား ရော်ဂျာဖက်ဒါရာတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အကြိတ်အနယ်ရှိခဲ့သည်။ ၂ နာရီနှင့် ၂၂ မိနစ်ကြာမြင့် ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဂျိုကိုဗစ်မှာ ၆-၄၊ ၆-၇၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည်။ ဂျိုကိုဗစ်မှာလက်ရှိချန်ပီယံလည်းဖြစ်ပြီး နောက်ပွဲတွင် အာဂျင်တိုင်း တင်းနစ်သမား ဒဲလ်ပေါ်ထရိုနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    Ref:skysports
    ________________________