News @ M-Media

Author: M-Media

  • တာမွေ ယုဇနပလာဇာ အနီး ဆေးဆိုင်အား ရမ်းကားသူ တစ်စုအား ပုဒ်မ ၃-ခုဖြင့် အရေးယူ

    တာမွေ ယုဇနပလာဇာ အနီး ဆေးဆိုင်အား ရမ်းကားသူ တစ်စုအား ပုဒ်မ ၃-ခုဖြင့် အရေးယူ

    နိုဝင်ဘာ ၄၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန်   ။         ။          ရန်ကုန်မြို့၊ ယုဇနပလာဇာအနီးရှိ MM (2) ဆေးဆိုင်အား နိုဝင်ဘာ ၁-ရက် ညပိုင်းက ဖျက်ဆီးမှုနှင့် ဆေးဆိုင်ရှင်အား ရမ်းကားရိုက်နှက်မှု တရားခံများအနက် တချို့ကိုဖမ်းဆီးအရေးယူခဲ့ပြီး တချို့မှာ လွတ်မြောက်နေသေးကြောင်း သတင်းရရှိသည်။

    အဆိုပါ ဖမ်းဆီးရမိထားသူများမှာ တာမွေမြို့နယ်အတွင်း နေထိုင်သည့် ထက်မြက်နိုး (ဘ) ဦးမောင်မောင်ဆွေ၊ ကျော်ဒင်ဖြိုး (ဘ) ဦးကျော်ဦး၊ ဇော်မင်းထွေး (ဘ) ဦးစိုးနိုင်တို့ ဖြစ်ကာ ၎င်းတို့ကို အခင်းဖြစ်သည့် ညတွင်းချင်းပင် ဖမ်းဆီးရမိကြောင်း ရဲအုပ် ရဲမျိုးဟိန်းက ပြောကြားကို The Voice Weekly တွင်ဖော်ပြထားချက်အရ သိရှိရသည်။

    အဆိုပါရမ်းကားမှုကြောင့် ဆေးဆိုင်ခန်းနှင့် ဆေးပစ္စည်းများ ပျက်စီးသွားခဲ့ပြီး ရိုက်နှက်ခံရသူများမှာလည်း ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသနေရကြောင်းသိရသည်။

    အဆိုပါ ဖမ်းဆီးအရေးယူထားသော တရားခံများအား အခင်းဖြစ်စဉ် ညပိုင်းမှာပင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းမှု ပုဒ်မ ၁၁၄၊ ဖျက်ဆီးမှု ပုဒ်မ ၄၄၀၊ နာကျင်စေမှု ၃၂၅ တို့ဖြင့် တာမွေရဲစခန်းမှ အရေးယူထားကြောင်းလည်းသိရသည်။

  • နိုဝင်ဘာ-၄ အားကစားသတင်းများ

    နိုဝင်ဘာ- ၄ ၂၀၁၃
    M-Media

    ရူနီမှာ မန်ယူအသင်းအား ဦးဆောင်သူဖြစ်လာပြီဟု မိုယက်စ်ပြော

    Fulham-v-Manchester-United-Premier-League-2669465

    မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က အသင်းရှိတိုက်စစ်မှူး ၀ိန်းရူနီမှာ မန်ယူအသင်းတွင် ဦးဆောင်သူတစ်ဦးဖြစ်လာပြီဟု ဖူလ်ဟမ်အသင်းအား အနိုင်ရရှိသော ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ရူနီမှာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က မန်ယူအသင်းမှ ထွက်ခွာမည်ဟု အသံများထွက်ခဲ့သော်လည်း အသင်း၌ ဆက်လက်ရှိနေခဲ့ပြီး ယခုအခါ အသင်းတွင် အရေးပါသောကစားသမားတစ်ဦးဖြစ်လာခဲ့သည်။

    “အခုအချိန်မှာတော့ ရူနီဟာ အသင်းမှာ ခေါင်းဆောင်တစ်ယောက်ပါပဲ။ အသင်းအောင်မြင်ဖို့အတွက် သူဟာ ဆန္ဒပြင်းပြပါတယ်။ ထင်ရှားတာကတော့ အောင်မြင်တဲ့အသင်းဟာ သူ့ကိုလည်းပဲ ကူညီပေးပါတယ်။ ဒါပေမယ့် သူ့မှာ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေရှိပါတယ်။ ပြီးတော့ အသင်းမှာ သူဟာ ခေါင်းဆောင်တစ်ဦးပါ” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

    ရာသီအစပိုင်းတွင် ရလဒ်များဆိုးရွားခဲ့သော်လည်း မန်ယူအသင်းမှာ ယခုနောက်ပိုင်းတွင် ခြေစွမ်းပြန်လည်တည်ငြိမ်လာပြီး ရူနီမှာလည်း တိုက်စစ်တွင် ဗန်ပါစီနှင့်တွဲကာ အသင်းအတွက် ဂိုးများသွင်းယူပေးနေသည်။

    Ref:mirror

    ————————————–

    ရိုးမားအသင်းမှာ ပွဲစဉ်တိုင်းကို မနိုင်နိုင်ဟု ဂါစီယာဆို

    တိုရီနိုအသင်းအား ၁ ဂိုးစီသရေကျပြီးနောက် အသင်း၏ ရာနှုန်းပြည့်နိုင်ပွဲစံချိန် ရပ်တန့်သွားခဲ့သော်လည်း ရိုးမားအသင်းနည်းပြ ဂါစီယာက ထိုသရေတစ်မှတ်မှာ ထိုက်တန်သော သရေတစ်မှတ်ဖြစ်ပြီး ရိုးမားအသင်းမှာ ပွဲစဉ်တိုင်းကို အနိုင်ရရှိရန်မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ ဘောလုံးအားကစားပါ။ ပွဲအားလုံးကို ကျွန်တော်တို့မနိုင် နိုင်ပါဘူး။ ဒါပေယ့် အဝေးကွင်းမှာသရေကျခဲ့တာ ဆိုးရွားတဲ့ရလဒ်တော့မဟုတ်ပါဘူး။ အနိုင်ရဖို့ကစားခဲ့တဲ့ အသင်းရဲ့ကစားပုံကို ကျွန်တော်ကြိုက်ပါတယ်။ နောက်ဆုံးမိနစ် အထိ အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့ တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ရရှိနိုင်တဲ့အမှတ်တွေထဲက အများဆုံးကို ကျွန်တော်တို့ယူနိုင်ခဲ့ပြီး အိမ်ကွင်းမှာကစားရမယ့်နောက်ပွဲအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု တိုရီနိုနှင့်ပွဲအပြီးတွင် ဂါစီယာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရိုးမားအသင်းမှာ ယခုနှစ်တွင် ခြေစွမ်းပြနေပြီး ကစားပြီးသည့် စီးရီးအေ ၁၁ ပွဲတွင် ၁၀ ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီး ယမန်နေ့ကကစားခဲ့သည့် တိုရီနိုနှင့်ပွဲတွင်မှ သရေကျခဲ့ခြင်းဖြစ်သည်။

    Ref: Goal

    …………………………………..
    အေစီမီလန်မှာ ဘာလော့တယ်လီအတွက် သင်တော်သော အသင်းမဟုတ်တော့ဟု မော့ဂီဆို

    စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်း၏ ဒါရိုက်ဟောင်းဖြစ်သည် လူစီယာနို မော့ဂီက အေစီမီလန်အသင်းမှာ ဘာလော့တယ်လီအတွက် သင့်တော်သော အသင်းမဟုတ်တော့ဟု ပြောကြားလိုက်သည်။

    အေစီမီလန်အသင်းမှာ ယခုနှစ်ရာသီအစတွင် ရုန်းကန်နေခဲ့ရပြီး၊ ဘာလော့တယ်လီမှာလည်း စိတ်ပျက်စရာကောင်းသော အပြုအမူများကို ပြုလုပ်ခဲ့ခြင်းကြောင့် မော့ဂီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “ယခုအချိန်မှာ သူဟာ ဆိုးရွားနေပါတယ်။ ပွဲစကတည်းက သူ့ခြေထောက်ထဲ ဘောလုံးရောက်ဖို့ သူဟာ အမြဲတမ်းစောင့်နေတာပါ။ အဲဒါဟာ တစ်ယောက်တည်း ဘောလုံးကစားတဲ့ပုံစံဖြစ်နေပါတယ်” ဟု မော့ဂီက Falla Girare သတင်းစာသို့ ပြောကြားခဲ့သည်။

    ဘာလော့တယ်လီ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့်ပက်သက်၍ ကောလဟာလများထွက်ပေါ်နေပြီး အေစီမီလန်အသင်းမှ ထွက်ခွာသွားပါကလည်း ၎င်းအနေဖြင့် အံ့သြလိမ့်မည်မဟုတ်ကြောင်း မော့ဂီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

    …………………………………………….
    Abu Dhabi Grand Prix ကားမောင်းပြိုင်ပွဲတွင် ဗက်တဲလ်ဗိုလ်စွဲ

    ယမန်နေ့က ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Abu Dhabi Grand Prix ကားမောင်းပြိုင်ပွဲတွင် Red Bull အသင်း၏ ကားမောင်းသမား ဆီဘက်စတီယန် ဗက်တဲလ်က အနိုင်ရဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။

    ဂျာမန်ကားမောင်းသမား ဗက်တဲလ်မှာ တစ်သင်းတည်းမှ ကားမောင်းသား မာ့က်ဝီဘ်ဘားနှင့် အဓိကယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး အခွင့်အရေးများကို အကောင်းဆုံးအသုံးချနိုင်ခဲ့သောကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်မောင်းတဲ့ကားက တော်တော်လေးကိုကောင်းပါတယ်။ အများကြီးပြောစရာမရှိပါဘူး။ တစ်ချို့နေရာတွေမှာ ကျွန်တော်ကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့ပြီး ပြတ်ပြတ်သားသားနဲ့ အနိုင်ရခဲ့တဲ့တွက် အရမ်းအံ့သြစရာကောင်းပါတယ်” ဟု ဗက်တဲလ် ပွဲအပြီးတွင် Sky F1 သို့ပြောကြားခဲ့သည်။

    ဗက်တဲလ်မှာ ပြီးခဲ့သည့်တစ်ပါတ်က India Grand Prix တွင်လည်း အနိုင်ရရှိခဲ့ပြီး ယခုပွဲအနိုင်ရရှိခြင်းမှာ ယခုနှစ်ရာသီ ၇ ပွဲ ဆက်တိုက်ဗိုလ်စွဲခဲ့ခြင်းလည်းဖြစ်သည်။

    Ref: skysports

    ……………………………..
    Paris Masters တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်ဗိုလ်စွဲ

    ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Paris Masters တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဆားဘီယားတင်းနစ်အကျော်အမော် နိုဗက်ဂျိုကိုဗစ် အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ကမ္ဘာ့အဆင့် ၂ ဂျိုကိုဗစ်မှာ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် ၃ စပိန်တင်းနစ်သမား ဒေးဗစ်ဖာရာနှင့် ရင်ဆိုင်ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်သည်။ ၁ နာရီနှင့် ၅၂ မိနစ်ကြာမြင့်ခဲ့သော အဆိုပါပွဲတွင် ဂျိုကိုဗစ်မှာ အကြိတ်အနယ်ကစားပြီး ဖာရာအား ၇-၅၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။

    ယခုပွဲအနိုင်ရရှိမှုမှာ ဂျိုကိုဗစ်၏ ၁၇ ပွဲဆက်တိုက်အနိုင်ရရှိမှုလည်းဖြစ်ခဲ့ပြီး၊ ယခုနှစ်ရာသီ ၆ ခုမြောက်ဖလားကို ဆွတ်ခူး ရရှိခဲ့ခြင်းလည်းဖြစ်သည်။ ထို့ပြင် ကစားသမားသက်တမ်းတစ်လျှောက် အကြိမ် ၄၀ မြောက် ATP ဖလားအား ဆွတ်ခူးရရှိခဲ့ခြင်းလည်းဖြစ်သည်။

    Ref:skysports

  • မြန်မာကိုစစ်ရေး အကူအညီပေးခြင်းဖြင့် တရုတ်အင်အားနှင့် ချိန်ခွင်လျှာညှိရန် အိန္ဒိယကြိုးပမ်း

    နိုဝင်ဘာ-၄ ၂၀၁၃
    M-Media

    Manmohan Singhs
    နယူးဒေလီ။        ။ မြန်မာနိုင်ငံတွင်း၌ တရုတ်မှ ဗျူဟာကျကျလမ်းခင်းထားမှုအား တန်ပြန်ရေးအတွက် အိန္ဒိယသည် မြန်မာကို ဒုံးကျည်လက်နက်များပေးနေရာမှာ ဝေဟင်စောင့်ကြည့် ရေကြောင်းကင်းလှည့်မှု နှင့် တန်ပြန်ထောက်လှမ်းမှုအသုံးချ တိုက်ပွဲဝင်စစ်သုံး ဆော့ဖ်ဝဲ အစီအစဉ်များကိုပါ အကူအညီပေးခြင်းဖြင့် တဆင့်ချင်း ခြေလှမ်းလာလျက်ရှိသည်။

    အိန္ဒိယစစ်ဦးစီးဗိုလ်ချုပ် ဘစ်ကရမ်းဆင်းသည် မြန်မာနိုင်ငံသို့အလည်အပတ်ရောက်စဉ် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် လုံခြုံရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့သည်။

    “ မြန်မာဟာ စစ်လက်နက်ထောက်ပံ့ရေး၊ စစ်သင်တန်း၊ နယ်စပ်ရေးရာကိစ္စများအားဖြင့် အိန္ဒိယနဲ့အနီးကပ်ဆက်ဆံပြီး လုံခြုံရေးတိုးမြှင့်ချဲ့ထွင်ဖို့ စိတ်အားထက်သန်နေပါတယ်။ မကြာတော့တဲ့ကာလအတွင်း ကျွန်တော်တို့က ဘူတန်၊ ဘော့စ်ဝါနာနဲ့အခြားဒေသမှာလုပ်ခဲ့သလိုမျိုး အိန္ဒိယနယ်မြေပိုင်နက်ထဲ စစ်လေ့ကျင့်ရေးသင်တန်းတစ်ရပ် အခြေစိုက်ပြုလုပ်သွားဖို့ မြန်မာဖက်က သဘောတူထားပါပြီ ” ဟု အရာရှိသူတစ်ဦးမှ ပြောကြားသည်။

    အိန္ဒိယသည် ဒုံးကျည်လက်နက်၊ မော်တာနှင့် ရိုင်ဖယ်သေနတ်များ၊ ရေဒါများ၊ ညဥ့်အမှောင်တွင်းအသုံးချကိရိယာများ၊ ဆက်သွယ်ရေးပစ္စည်းများအပြင် လမ်းတံတားတည်ဆောက်ရေးဆိုင်ရာပစ္စည်းကိရိယာများကို မြန်မာစစ်တပ်သို့ ထောက်ပံ့လျက်ရှိသည်။

    မြန်မာစစ်တပ်အတွက် “Combat decision resolution” နှင့် “Infantry company commanders tactical trainer” အမည်ရှိ တိုက်ပွဲဝင်စစ်သုံးဆော့ဖ်ဝဲအစီအစဉ် ၂ ရပ် သင်တန်းနှင့်အတူ ဝေဟင်ပျံစက်မဲ့ဂလိုက်ဒါယာဉ် ငါးစီးကိုလည်း ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်သို့ လွှဲပြောင်းပေးမည်ဟု ဗိုလ်ချုပ်ဆင်း၏ခရီးစဉ်၌ ယာယီသဘောတူညီချက် ရရှိခဲ့သည်။

    “ မီဇိုရမ်နယ် Mizoram က Vairengte မှာရှိတဲ့ အိန္ဒိယတပ်မတော် တန်ပြန်ထောက်လှမ်းရေးနဲ့တောတွင်း စစ်ဆင်ရေး သင်တန်းကျောင်းမှာ မြန်မာစစ်တပ်ကို အထူး သင်တန်းပေးမဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ပေးမှာဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း သင်တန်း အသီးသီးနေရာမှာ ဦးရေ တစ်ရာကျော်မက လက်ခံပေးသွားမှာပါ။ ရေတပ်နဲ့လေတပ်တွေလည်း သင်တန်းမှာ အခါအားလျော်စွာ ထည့်သွင်း ပါဝင်ပါလိမ့်မယ်။ သူတို့တစ်တွေက ကုန်းကြောင်း တိုက်ပွဲသုံးယာဉ်နဲ့ တင့်ကားတွေ၊ သတင်းအချက် အလက်နည်းပညာ၊ ထောက်လှမ်းရေး နဲ့ အင်္ဂလိပ်ဘာသာ စကားဆိုင်ရာ သင်တန်းတွေကို အခြားအရာများထက် ပိုပြီးအားသန်နေကြတယ်။ မြန်မာတပ်မတော်ဦးစီးက လာမယ့် ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်အထိ အိန္ဒိယကို လာရောက်ပါဦးမယ် ” ဟု ၄င်းမှ ထပ်မံပြောပြသည်။

    အိန္ဒိယ၏ ကုန်းကြောင်းရေကြောင်းနယ်နမိတ်နှင့် ၁၆၄၃ ကီလိုမီတာအထိ ထိစပ်ဆက်နွှယ်နေသည့် တစ်ခုတည်းသော အာဆီယံနိုင်ငံမှာ မြန်မာဖြစ်၏။ ၂၀၁၂ ခုနှစ်၊ မေလက ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နေပြည်တော်သို့ရောက်လာ၍ မြန်မာနိုင်ငံနှင့် သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေးကိစ္စများ ပူးပေါင်းတိုးမြှင့်ရေးကို အခိုင်အမာဆွေးနွေးခဲ့သည်။

    ထို့နောက်ပိုင်း ကာကွယ်ရေးဝန်ကြီး A K Antony ၊ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး  N A K Browne စသည့် စစ်ရေးခေါင်းဆောင်များသည်လည်း စစ်ရေးဆက်ဆံမှုခိုင်မာအောင် မြန်မာသို့ အလည်အပတ်ရောက်လာခဲ့ကြသည်။ ယမန်နှစ်နိုဝင်ဘာလက အမေရိကန်သမ္မတ ဘားရက်အိုဘားမား သည် နေပြည်တော်သို့ ပထမဆုံးလာရောက်ခဲ့ပြီးနောက် အနောက်နိုင်ငံများသည် ပင်လျှင် မြန်မာစစ်ခေါင်းဆောင်များနှင့် သဟဇာတဖြစ်လာရေးအတွက် အားထုတ်လျက်ရှိနေပေသည်။

    Ref:indiatimes

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    နိုဝင်ဘာ-၄ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    yperloop ကို စတင် တည်ဆောက်မည်
    Hyperloop ဆိုတာကတော့  Telsa နဲ့ SpaceX ကုမ္ပဏီ တို့က စတင် အကြံပေးလိုက်တဲ့ ပို့ဆောင်ရေးစံနစ် ပါ။ မြေပြင်က အမြင့်မှာ ပြွန်ပုံစံလမ်းကြောင်း တစ်လျှောက် သွားမယ့် ရထားပုံစံပါ။ ရထားသွားဖို့ကတော့  သံလိုက် စွမ်းအားနည်းကို သုံးမှာ ဖြစ်ပါတယ်။ အမြန်သွားတဲ့အခါမှာ ရထားရဲ့ ရှေ့ကလေကို စုပ်ယူပြီး ရထားအောက်ခြေကနေ မှုတ်ထုတ် ပေးခြင်းအားဖြင့် သံလမ်းနဲ့ မထိဘဲ သွားနိုင်အောင်  တွန်းကန်ထားပါတယ်။ ရထားရဲ့အမြန်နှုန်းက တစ်နာရီ ၆၀၀ ကနေ ၇၆၀ မိုင်နှုန်းလောက်ထိ သွားနိုင်မှာပါ။ အခုတော့ ဒီအယူအဆကို အကောင်အထည်ဖေါ်ဘို့ စတင်လိုက်ပြီလို့ ဆိုပါတယ်။  Telsa နဲ့ SpaceX တို့ဟာ ပြီးခဲ့တဲ့ အပါတ်က အခြား ကုမ္ပဏီ တစ်ချို့နဲ့ ပေါင်းစည်းပြီး JumpStartFund ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

    hyperloop90_500
    ——————————————————–
    Darkmatter  ကိုမတွေ့

    စကြဝဠာရဲ့ လေးပုံတစ်ပုံခန့်ဟာ Darkmatter တွေ ဖြစ်ပါတယ်လို့ ဆိုတဲ့ ရူပဗေဒ အယူအဆကို စမ်းသပ်ဖို့ မြေအောက်မှာ  အရည်ဖြစ်အောင်  −၁၀၀°C ထိ အေးထားတဲ့  xenon ဓါတ်ငွေ့ အသုံးပြုပြီး Darkmatter ဖမ်းယူဖို့ ကြိုးစားခဲ့ပေမယ့် မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဒီသုတေသနကို Large Underground Xenon dark matter experiment. လို့ အမည်ပေးထားပါတယ်။ Darkmatter ​တွေဟာ စကြဝဠာရဲ့ ဂလက်ဆီတွေကို ဒြပ်ဆွဲအားနဲ့ တည်မြဲအောင် ထိန်းချုပ်ထားတဲ့ supersymmetry အယူအဆမှာ ထည့်သွင်း တွက်ချက်ထားပြီး အငွေ့သဖွယ် ဒြပ်ဝထ္ထုတိုင်းကို ဖြတ်သန်းသွားနိုင်တဲ့ အမှုန်တွေလို့ ယူဆထားပါတယ်။
    အခုအချိန်ထိ မတွေ့ရှိသေးပေမယ့် ဒီသုတေသနကို တစ်နှစ် တိတိ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
    Xenon
    ——————————————————–

    Dream-chaser စမ်းသပ်ပျံသန်း

    Sierra Nevada Corp. ကတာဝန်ယူ တည်ဆောက်နေတဲ့ NASA ရဲ့ အာကာသလွန်းပျံယာဉ် အသစ် Dream-chaser  ရဲ့ အရွယ်အစားမှန် ပုံစံတူကို အောက်တိုဘာ ၂၉ရက်နေ့က မောင်းသူမဲ့ စမ်းသပ် ပျံသန်းကြည့်ခဲ့ရာမှာ အဆင်းမှာ ဘယ်ဘက်ဘီး တစ်လုံး ချွတ်ယွင်းတာကြောင့် ပျက်စီးမှု အနည်းငယ် ရှိခဲ့ပါတယ်။ ဒီလွန်းပျံယာဉ်သစ်ကို ၂၀၁၆နှစ်ထဲမှာ အာကာသကို လွှတ်တင်စမ်းသပ်မှာ ဖြစ်ပါတယ်။
    dream
    ——————————————————–
    အသံထက် ၆ဆ မြန်မည့် SR-72

    SR-71 ဆိုတဲ့လေယာဉ်ကြီးကတော့ တစ်ချိန်က သူလျှိုလေယာဉ် အဖြစ်သုံးခဲ့တဲ့ အသံထက် ငါးဆမြန်အောင် ပျံသန်းနိုင်တဲ့ လေယာဉ်ကြီး ဖြစ်ပါတယ်။ အခု ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ SR-72 ကတော့ drone လို့ ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ် အဖြစ်တဲ့ တည်ဆောက်မှာပါတဲ့။ ‘SR-72 ဟာ အသံထက် ၆ဆ မြန်မှာ ဖြစ်ပြီး  ဂျက်အင်ဂျင်ဟာလည်း နည်းပညာသစ် scramjet ကို အသုံးပြုမှာ ဖြစ်ပါတယ်။
    SR72

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။
    ဆက်သွယ်ရန် [email protected]

  • တစ်ပတ်အတွင်း ရိုဟင်ဂျာ ၁၅၀၀ ကျော် ဘင်္ဂလား ပင်လယ်အော် အတွင်း လှေငယ်များနဲ့ ထွက်ပြေးကြဟု ကုလပြော

    နိုဝင်ဘာ ၁ ရက် -၂၀၁၃
    M-Media
    Ref: AP

    n_33644_4

    ပြီးခဲ့သည့်ရက်သတ္တပတ်က ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ပြန်လည်တင်းမာလာမှုကြောင့် လှေငယ်လေးများဖြင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော် ထွက်ပြေးသူ ၁၅၀၀ ကျော်ရှိကြောင်း ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းမှ ပြောကြားလိုက်သည်။

    ယမန်နှစ်ကစ၍ အနောက်ပိုင်းရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များသည် ရိုဟင်ဂျာမွတ်စ်လင်မ်တို့အား နိုင်ငံတွင်း တရားမ၀င်ခိုးဝင်လာပြီး မိမိတို့နယ်မြေများကို လက်ဝါးကြီးအုပ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်ခဲ့ကြသဖြင့် မတည်ငြိမ်မှုဖြစ်ပွားရသည်။

    အကြမ်းဖက်မှုကြောင့်  ဘင်္ဂလားပင်လယ်အော်သို့ ထွက်ခွာကြသူဦးရေမှာ ရုတ်တရက်များပြားလာသည်ဟု ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစာကီ Martin Nesirky မှ သောကြာနေ့တွင် ပြောကြားသည်။ ၄င်းတို့မှာ မည်သည်ဖက်သို့ ဦးတည်ထွက်ခွာသွားကြောင်းကိုမူ ပြောကြားခြင်း မရှိပေ။

    လွန်ခဲ့သည် ရက်သတ္တပတ်အတွင်း နယ်မြေစွန့်ခွာ ထွက်ပြေးသူများသာမက သေဆုံးသူများလည်းရှိကြောင်း သတင်းများကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းမှ ရရှိခဲ့သည်ဟု သူကဆိုသည်။

    မိုးရာသီကုန်ဆုံး၍ ပင်လယ်ခရီးသွား ရာသီစတင်ဝင်ရောက်လာခြင်းက ရှောင်တိမ်း ထွက်ခွာလိုသူများအား လှေငယ်လေးများဖြင့် သေမထူးနေမထူး စွန့်စားထွက်ခွာမည့်သူများ ပိုမိုများပြားလာစေရန် တွန်းအားပေးသကဲ့သို့ဖြစ်နေမည်ကို UNHCR မှ စိုးရိမ်လျက်ရှိသည်ဟု နီစာကီမှ ပြောကြားခဲ့သည်။

    ဓါတ်ပုံ အညွှန်း- ရခိုင်ပြည်နယ်မှ ဘင်္ဂလာပင်လယ်အော်အတွင်း ထွက်ပြေးကြသည့် ရိုဟင်ဂျာမွတ်စလင်မ်များ