News @ M-Media

တစ်ပတ်အတွင်း ရိုဟင်ဂျာ ၁၅၀၀ ကျော် ဘင်္ဂလား ပင်လယ်အော် အတွင်း လှေငယ်များနဲ့ ထွက်ပြေးကြဟု ကုလပြော

နိုဝင်ဘာ ၁ ရက် -၂၀၁၃
M-Media
Ref: AP

n_33644_4

ပြီးခဲ့သည့်ရက်သတ္တပတ်က ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ပြန်လည်တင်းမာလာမှုကြောင့် လှေငယ်လေးများဖြင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော် ထွက်ပြေးသူ ၁၅၀၀ ကျော်ရှိကြောင်း ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းမှ ပြောကြားလိုက်သည်။

ယမန်နှစ်ကစ၍ အနောက်ပိုင်းရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များသည် ရိုဟင်ဂျာမွတ်စ်လင်မ်တို့အား နိုင်ငံတွင်း တရားမ၀င်ခိုးဝင်လာပြီး မိမိတို့နယ်မြေများကို လက်ဝါးကြီးအုပ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်ခဲ့ကြသဖြင့် မတည်ငြိမ်မှုဖြစ်ပွားရသည်။

အကြမ်းဖက်မှုကြောင့်  ဘင်္ဂလားပင်လယ်အော်သို့ ထွက်ခွာကြသူဦးရေမှာ ရုတ်တရက်များပြားလာသည်ဟု ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစာကီ Martin Nesirky မှ သောကြာနေ့တွင် ပြောကြားသည်။ ၄င်းတို့မှာ မည်သည်ဖက်သို့ ဦးတည်ထွက်ခွာသွားကြောင်းကိုမူ ပြောကြားခြင်း မရှိပေ။

လွန်ခဲ့သည် ရက်သတ္တပတ်အတွင်း နယ်မြေစွန့်ခွာ ထွက်ပြေးသူများသာမက သေဆုံးသူများလည်းရှိကြောင်း သတင်းများကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းမှ ရရှိခဲ့သည်ဟု သူကဆိုသည်။

မိုးရာသီကုန်ဆုံး၍ ပင်လယ်ခရီးသွား ရာသီစတင်ဝင်ရောက်လာခြင်းက ရှောင်တိမ်း ထွက်ခွာလိုသူများအား လှေငယ်လေးများဖြင့် သေမထူးနေမထူး စွန့်စားထွက်ခွာမည့်သူများ ပိုမိုများပြားလာစေရန် တွန်းအားပေးသကဲ့သို့ဖြစ်နေမည်ကို UNHCR မှ စိုးရိမ်လျက်ရှိသည်ဟု နီစာကီမှ ပြောကြားခဲ့သည်။

ဓါတ်ပုံ အညွှန်း- ရခိုင်ပြည်နယ်မှ ဘင်္ဂလာပင်လယ်အော်အတွင်း ထွက်ပြေးကြသည့် ရိုဟင်ဂျာမွတ်စလင်မ်များ

Comments

Leave a Reply