News @ M-Media

Author: M-Media

  • ၂၀၁၄ သန်းခေါင်စာရင်း ကောက်ပြီးလျှင် ကိုးကွယ်ရာဘာသာ အလိုက် တနိုင်ငံလုံးရှိ လူဦးရေ စာရင်းထုတ်ပြန်ပေးမည်

    အောက်တိုဘာ၊ ၁၆
    M-Media

    myanmar census 2012
    တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့်ဘာသာနှင့် လူမျိုး တွဲ၍ဖော်ပြရန် အစီအစဉ်ရှိမရှိကို အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပသော ပြည်သူလွှတ်တော်အစည်းအဝေးတွင် စစ်တွေမဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက မေးမြန်းခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဒု-ဝန်ကြီး ဦးဝင်းမြင့် အောက်ပါအတိုင်းဖြေကြားခဲ့ပါသည်။

    – တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့်ဘာသာ အလိုက် လူဦးရေကို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးမှသာ တိကျစွာ ထုတ်ပြန် နိုင်မည်ဖြစ်ပါကြောင်း၊
    – သန်းခေါင်စာရင်း မေးခွန်းပုံစံ စာတိုင် ၇ တွင် လူတစ်ဦးချင်းစီအတွက် ကိုးကွယ်သည့် ဘာသာကို မေးမြန်းထားပါသဖြင့် ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်၊ မြို့နယ်အဆင့်အထိ ရရှိနိုင် မည်ဖြစ်ကြောင်း၊
    – ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းမကောက်ယူမီ ထုတ်ပြန်မည် ဆိုပါက တိကျမှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရန်ခက်ခဲသဖြင့် မလိုလားအပ်သောပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူပြီးမှသာ ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေစာရင်း အား မှန်ကန်တိကျစွာ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း  ဖြေကြားခဲ့ပါသည်။

    ကိုးကား-ပြည်သူလွှတ်တော် ဝဘ်ဆိုဒ်

  • အင်္ဂလန်၊ စပိန်၊ ရုရှား၊ ဘော့စနီးယား တို့တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့သည့် ဥရောပဇုန် ကမ္ဘာဖလား ခြေစစ်ပွဲ

    အောက်တိုဘာ၊ ၁၆
    M-Media

    နာမည်ကြီး အင်္ဂလန်၊ လက်ရှိချန်ပီယံစပိန်၊ ခြေစွမ်းပြနေသည့် ရုရှားအသင်းတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး ဘော့စနီးယား-ဟာဇီဂိုးဗီနာတို့ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲစဉ်များ

    englands-s-wayne-rooney

    ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ကစားခဲ့ရာ နာမည်ကြီးအင်္ဂလန်၊ စပိန်တို့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး ဥရောပအသင်းငယ် ဘော့စနီးယား-ဟာဇီဂိုးဗီနားအသင်းမှာလည်း ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။

    အင်္ဂလန် ၂-၀ ပိုလန်

    အုပ်စု H တွင်ရှိနေသည့်အင်္ဂလန်အသင်းမှာ ယခုပွဲကို အနိုင်ကစားနိုင်ပါမှ တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်သဖြင့် အိမ်ကွင်းတွင်အနိုင်ကစားနိုင်ရန် အသေအချာပြင်ဆင်ခဲ့သည်။ ပိုလန်အသင်းမှာလည်း အသင်းကောင်း တစ်သင်းဖြစ်ပြီး ၁၉၇၄ ခုနှစ်က လန်ဒန်တွင် အင်္ဂလန်အား ၁ ဂိုးစီ သရေကစားကာ ကမ္ဘာ့ဖလားမျှော်လင့်ချက်အား ဖျက်ဆီးခဲ့ဖူးသည်။

    အင်္ဂလန်အသင်းမှာ ပြီးခဲ့သည့် ဆန်မာရီနိုကို အနိုင်ရရှိခဲ့သည့်ပွဲမှ လူစာရင်းကို ၂ နေရာအပြောင်းအလဲလုပ်ကာ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိ ခဲ့သည်။ အင်္ဂလန်အသင်း အတွက်ဂိုးများကို ၄၁ မိနစ်တွင် တိုက်စစ်မှူး ရူနီက ခေါင်းတိုက်ကာ ဦးဆောင်ဂိုးကိုလည်းကောင်း၊ ပွဲပြီးကာနီးတွင် အသင်းခေါင်းဆောင် စတီဗင်ဂျာရတ်က အသင်းအတွက် ဒုတိယဂိုးကိုလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် အင်္ဂလန်အသင်းမှာ ယူကရိန်းအသင်းနှင့်တစ်မှတ်အကွာ အုပ်စုပထမနေရာဖြင့် ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲအား တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး နည်းပြ ဟတ်ဆန်မှာလည်း အင်္ဂလန်အား ကမ္ဘာ့ဖလားသို့ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဆဌမမြောက် အင်္ဂလိပ်လူမျိုးဖြစ်လာခဲ့သည်။
    …………………………………
    စပိန် ၂-၀ ဂျော်ဂျီယာ

    ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ စပိန်အသင်းမှာလည်း ဂျော်ဂျီယာအသင်းအား အိမ်ကွင်းတွင် အနိုင်ကစားကာ ချန်ပီယံဘွဲ့အား ကာကွယ်ခွင့် ရရှိ သွားပြီဖြစ်သည်။

    စပိန်အသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်ရန် တစ်မှတ်သာ လိုအပ်သော်လည်း တိုက်စစ်မှူး အလ်ဗာရို နီဂရီဒိုနှင့် ဂျူအန်မာတာတို့၏ သွင်းဂိုးများကြောင့် ဂျော်ဂျီယာအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

    ယခုပွဲအနိုင်ရရှိခဲ့ခြင်းကြောင့် စပိန်အသင်းမှာ အုပ်စု I တွင် ပြင်သစ်အသင်းအားသုံးမှတ်ဖြတ်ကာ ထိပ်ဆုံး၌ ဦးဆောင်နိုင်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို တိုက်ရိုက် ၀င်ခွင့်ရသည့် စံချိန်သစ်ကို လည်းရရှိသွားပြီဖြစ်သည်။
    …………………………………..
    လစ်သူရေးနီးယား ၀-၁ ဘော့စနီးယား-ဟာဇိဂိုးဗီနာ

    ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၁၂ ဥရောပဖလားဘောလုံးပြိုင်ပွဲတို့တွင် ပါဝင် ယှဉ်ပြိုင်ခွင့်အား လက်တစ်ကမ်းအကွာမှ ဆုံးရှုံးခဲ့ရသည့် ဥရောပအသင်းငယ် ဘော့စနီးယား-ဟာဇီဂိုးဗီနာအသင်းမှာ လစ်သူရေးနီးယားအသင်းအား အဝေးကွင်းတွင်အနိုင်ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ကစားခွင့် ရရှိခဲ့သည်။

    ဘော့စနီးယားအသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော အဆိုပါ ပွဲစဉ်တွင် ဘော့စနီးယား အသင်းအတွက် တစ်လုံးတည်းသောအဖိုးတန်ဂိုးကို ၆၈ မိနစ်တွင် ဗီဒတ် အိုဘီစီဗစ်က သူ၏ နိုင်ငံတကာ အကြိမ် ၂၀ မြောက်ဂိုး အဖြစ်သွင်းယူပေးခဲ့သည်။ ယခုကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲအား တိုက်ရိုက် ၀င်ရောက်ခွင့်ရခဲ့ခြင်းမှာ နိုင်ငံ၏ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    ………………………………
    အဇာဘိုင်ဂျန် ၁- ၁ ရုရှား

    အင်္ဂလန်နည်းပြဟောင်း ကာပယ်လို ကိုင်တွယ်နေသည့် ရုရှားအသင်းမှာလည်း အဇာဘိုင်ဂျန်အသင်းအား အဝေးကွင်းတွင် ၁ ဂိုး စီသရေကစားနိုင်ခဲ့ပြီး အုပ်စုတွင်းပြိုင်ဘက် ပေါ်တူဂီအားကျော်ဖြတ်ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်သွားခဲ့ပြီဖြစ်သည်။ ပေါ်တူဂီအသင်းမှာ လူဇင်ဘတ်အသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော်လည်း အုပ်စုဒုတိယနေရာသာရရှိခဲ့သောကြောင့် Play Off ပွဲစဉ်မှ ခြေစစ်ပွဲအောင်မြင်ရန် ကြိုးစားရတော့မည်ဖြစ်သည်။

    ဥရောပဇုန်တွင် အုပ်စု ၉ ခုရှိပြီး အုပ်စု ပထမအသင်းများက တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်သောကြောင့် နယ်သာလန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇလန်၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်၊ ဘော့စနီးယား-ဟာဇီဂိုးဗီနာနှင့် ရုရှားအသင်းတို့က တိုက်ရိုက်ခြေစစ် ပွဲအောင်သွားကြပြီဖြစ်သည်။ ထို့ပြင်အကောင်းဆုံး အုပ်စု ဒုတိယ ၈ သင်းမှာ ကမ္ဘာ့ဖလားတွင် ပါဝင်ခွင့်ရရန်အတွက် Play Off ပွဲစဉ်များ ကစားရမည်ဖြစ်သည်။

    ယနေ့နံနက်ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဥရောပဇုန်အုပ်စုနောက်ဆုံးပွဲစဉ်များ၏ ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    Belgium 1 – 1 Wales
    Scotland 2 – 0 Croatia
    R. of Ireland 3 – 1 Kazakhstan
    Israel 1 – 1 Northern Ireland
    England 2 – 0 Poland
    Serbia 5 – 1 Macedonia
    Bulgaria 0 – 1 Czech Rep.
    Denmark 6 – 0 Malta
    Italy 2 – 2 Armenia
    Faroe Islands 0 – 3 Austria
    Sweden 3 – 5 Germany
    Hungary 2 – 0 Andorra

    Photo-AFP/Adrian Dennis

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    အောက်တိုဘာ၊ ၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Nuclear fusion အောင်မြင်မှု

    s

    နျုကလီးယား ပေါင်းစည်းမှု သုတေသနမှာ  အမေရိကန် National Ignition Facility (NIF) ရဲ့ စမ်းသပ်မှုက အောင်မြင်မှုတစ်ရပ် စိုက်ထူနိုင်ခဲ့ကြပါတယ်။ အရင်က စမ်းသပ်မှုတွေမှာ  ဓါတ်ပြုမှုက ပြန်ထုတ်ပေးတဲ့ စွမ်းအင်ဟာ နူကလီးယား ဓါတ်ပြုမှုတွေဖြစ်ဖို့  ပေးရတဲ့ စွမ်းအင်ကို မကျော်ပါဘူး။အရင်ကတော့ ဟိုက်ဒရိုဂျင် − ဟီလီယမ် စမ်းသပ်မှုတွေ မအောင်မြင်ခဲ့တဲ့အတွက် ဒီစမ်းသပ်မှုမှာတော့ လေဆာအလင်းတန်း ၁၉၂ခု အသုံးပြုပြီး boron − beryllium  နည်းနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

    —————————————–
    ၂၀၁၃ အတွက် ရူပဗေဒ နိုဘလ်ဆု

    o
    ဒီနှစ် ရူပဗေဒ နိုဘလ်ဆု အတွက် Higgs boson အမှုန်ကို သုတေသနပြုခဲ့သူ အင်္ဂလန်က ရူပဗေဒ ပါမောက္ခ  Peter Higgs နဲ့ ဘလ်ဂျီယန်က Francois Englert တို့နှစ်ဦး ပူးတွဲ ဆွတ်ခူးသွားပါတယ်။ သူတို့ နှစ်ဦးကတော့ သီအိုရီအရ Higgs bosonအမှုန် ဖြစ်တည်မှုကို တွက်ချက်နိုင်ခဲ့ပြီး CERN ရဲ့ Large Hadron Collider သုတေသီတွေက လက်တွေ့ သက်သေပြနိုင်ခဲ့ပါတယ်။
    ——————————————————–
    လဲမကျနိုင်တဲ့ စက်ရုပ်

    o

    အရင်တစ်ပါတ်က အမြန်ပြေးနိုင်တဲ့ စက်ရုပ်ကို မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ ဒီတစ်ပါတ် Boston Dynamics ကပဲ နောက်ထပ် ပင်တာဂွန်ရဲ့ ထောက်ပံ့မှုနဲ့ တည်ဆောက်နေတဲ့ စက်ရုပ်တစ်ခုကတော့ လူသားခန္ဓာကိုယ်ပုံနဲ့ စက်ရုပ်ပါ။ မညီညာ တဲ့ ကျောက်တုံးတွေပေါ်မှာ မလဲပဲ လျှောက်နိုင်သလို ဘေးက ပြင်းပြင်းထန်ထန် တွန်းလိုက်ရင်တောင် မလဲအောင် ဟန်ချက်ထိန်းနိုင်ပါတယ်။

    —————————————
    လူဦးနှောက်နဲ့ တူမယ့် ဆူပါ ကွန်ပျူတာ ပရောဂျက်

    o

    ဥရောပ အဖွဲ့အစည်း ၁၃၅ ခုက သိပ္ပံပညာရှင်များစွာ စုပေါင်းပြီး လူသားဦးနှောက် ကို အသေးစိတ် ပုံတူလုပ်ဆောင်မယ့် ဆူပါကွန်ပြုတာ တစ်ခု ဖြစ်လာအောင် ပေါင် စတာလင် သန်းတစ်ထောင် ရန်ပုံငွေဖြင့် စတင်ဆောင်ရွက်နေပါတယ်။ ဒီပရောဂျက် ဟာ အာရုံကြောဆိုင်ရာ ဆေးပညာ မှာ  ၁၀၀ ဘီလီယံ နူရွန်းတွေ ဘယ်လို လုပ်ဆောင်ကြတယ်ဆိုတာလည်း လေ့လာပြီး ပိုမိုထိရောက်တဲ့ အာရုံကြော ကုသမှုတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

    ——————————————————-
    ကျောက်ရုပ်သဖွယ် သေဆုံးသွားသော ငှက်များ

    oo
    တန်ဇန်းနီးယားနိုင်ငံက Natron ဆိုတဲ့ ရေကန်ဟာ အပူချိန်  60 °C ရှိပြီး  sodium bicarbonate ပါဝင်မှု မြင့်မားတာကြောင့် pH 10.5အထိရှိပါတယ်။ ရေထဲမှာ သေဆုံးသွားတဲ့ ငှက်တွေဟာ ကျောက်ရုပ်သဖွယ် ဖြစ်သွားတာကို ဓါတ်ပုံဆရာ Nick Brandt ကမှတ်တမ်းတင်ခဲ့ပါတယ်။
    ————————————————————–
    နာဆာမှ လပေါ်ရှိ လေထုကို လေ့လာရန်  ဂြိုလ်တု

    o
    စက်တင်ဘာ ၆ ရက်က လွတ်တင်လိုက်တဲ့ လပေါ်ရှိ လေထုကို ကို လေ့လာမယ့် ယာဉ် LADEE ဟာ လပါတ်လမ်းကြောင်းထဲ ရောက်ရှိသွားပါပြီ။ ဘဲဥပုံ ကမ္ဘာပါတ်လမ်းကြောင်း မှာ လှည့်ပါတ်ရင်း ပိုမို မြင့်မားတဲ့ ပါတ်လမ်းကို တဖြည်းဖြည်း ပြောင်းယူရင်း လရဲ့ ဆွဲငင်အားသက်ရောက်တဲ့ အကွာအဝေးမှာ လပါတ်လမ်းထဲကို ပြောင်းသွားစေတဲ့ နည်းလမ်းကို သုံးခဲ့တာကြောင့် ယခင် အပိုလို ခရီးစဉ်ထက် ကြာမြင့်ခဲ့တာလို့ သိရပါတယ်။
    ————————————————————–
    ဆိုနီရဲ့ ဝတ်ဆင်ပြီး ကြည့်ရတဲ့  display HMZ-T3W

    sony

    မျက်မှန်သဖွယ် ဝတ်ဆင်လိုက်ရပြီး ကြည့်ရင် အရှေ့ ၆၅ပေ အဝေးမှာ ၇၅၀ လက်မ့ရှိတဲ့ ပိတ်ကားပြင်မှာ ရုပ်ရှင်ကြည့်ရသလို ခံစားရမှာ ဖြစ်ပါတယ်။ $999 နဲ့ရောင်းချမှာ ဖြစ်ပါတယ်။

     

  • အီရန်မှ အာကာသတွင်း ဒုတိယအကြိမ် မျောက်ငယ်တစ်ကောင် စေလွှတ်ရန်ရှိ

    အောက်တိုဘာ၊ ၁၄
    M-Media

    329067_Monkey astronaut
    ဇန္န၀ါရီလ ၂၈ ရက်က ပစ်ရှ်ဂမ် (စွန့်ဦးစတင်သူ)ဟု အမည်ပေးထားသော ပြည်တွင်းထုတ်ဇီဝလှောင်အိမ်ယာဉ်ဖြင့် အာကာသတွင်း အီရန်မှ ပထမဆုံး တင်လွှတ်ခဲ့သည့် မျောက်ငယ်တစ်ကောင်

    အီရန်နိုင်ငံမှ သက်ရှိမျောက်ငယ် တစ်ကောင်ကို ပြည်တွင်းထုတ် ဇီဝလှောင်အိမ်ယာဉ်ဖြင့် နောက်လအကုန်၌ အာကာသတွင်းသို့ လွှတ်တင်ရန် စီစဉ်ပြင်ဆင်နေကြောင်း အီရန်အာကာသအေဂျင်စီ ISA ၏ လက်ထောက်ဦးစီးမှူး ဟာမစ် ဖဇာလီမှ စနေနေ့တွင် ပြောဆိုသည်။

    လူသားများလိုက်ပါမှု၏ အကြိုခရီးစဉ်အဖြစ် ဇန္န၀ါရီ ၂၈ ရက်က ပစ်ရှ်ဂမ်(စွန့်ဦးစတင်သူ)ဟု အမည်ပေးထားသော ပြည်တွင်းထုတ်ဇီဝလှောင်အိမ်ယာဉ်ဖြင့် အာကာသတွင်း အီရန်မှ မျောက်ငယ်တစ်ကောင်ကိုထည့်၍ ပထမဆုံးတင်လွှတ်ခဲ့သည်။ စီမံကိန်း၏ ရှေ့ဆက်အဆင့်များတွင် အခြားသောသက်ရှိများကိုလည်း အာကာသတွင်း ပို့လွှတ်ရန် စီစဉ်ထားသေးသည်ဟု အာဏာပိုင်များက ဆိုသည်။

    ၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် Tadbir (Prudence) ၊ Sharifsat နှင့် Nahid အမည်ရှိ ဂြိုလ်တုများကို ပတ်လမ်းကြောင်းအတွင်း လွှတ်တင်မည်ဟု ဖဇာလီက စက်တင်ဘာလအတွင်း ပြောကြားခဲ့သည်။

    အီရန်အနေနှင့် ၄င်း၏ ပထမဆုံးပြည်တွင်းထုတ်ဂြိုလ်တု Omid (Hope) အား ၂၀၀၉ ခုနှစ်က စတင် လွှတ်တင်ခဲ့သည်။ သက်ရှိမျိုးစိတ်များပါဝင်သည့် ဇီဝလှောင်အိမ်ယာဉ် Kavoshgar-3 (Explorer-3) ကို အာကာသအတွင်းသို့ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမဆုံး ပို့ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ကမ္ဘာဂြိုလ်နှင့်မြေပြင်ဆိုင်ရာ ဓာတ်ပုံအချက်အလက်များရယူရန် Rasad (Observation) ကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် အီရန်နိုင်ငံသည် ၁၉၅၉ ခုနှစ်တွင်တည်ထောင်ခဲ့သော UN Committee on the Peaceful Uses of Outer Space ၏ ၂၄ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်သည်။

    MYA/HGH

  • Rakhine: ရန်ကုန်-သံတွဲ ကားများတွင် မွတ်စလင်မ်ဆိုလျှင် လက်မှတ်မရောင်း

    အောက်တိုဘာ ၁၄၊ ၂၀၁၃
    M-Media
    ချမ်းငြိမ်းအေး

    A Muslim woman from Thabyuchine village

    ရန်ကုန် ။        ။        ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာ ၂၉-ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများပြီးနောက် မွတ်စလင်မ်များအနေဖြင့် ရန်ကုန်-သံတွဲသွားလာရန် အဝေးပြေးကားမှ တင်ဆောင်ခြင်း မပြုသည့်အတွက် အခက်အခဲ ဖြစ်ရကြောင်းသိရပါတယ်။

    ကားလက်မှတ်ဝယ်သည့်အခါ မွတ်စလင်မ်ဆိုရင် လက်မှတ် မရောင်းတာကြောင့် သွားလာရခက်ခဲရကြောင်း၊ ရန်ကုန်-သံတွဲ ခရီးသည်တင်ကားမှာ မွတ်စလင်မ်ပိုင် ကားလိုင်းများမရှိပဲ ကုန်တင်ကားလိုင်းများသာ မွတ်စလင်မ်ပိုင်ရှိပြီး အဆိုပါ ကားလိုင်းများမှာလည်း ယခုအခါ ရန်ကုန်-သံတွဲ ပြေးဆွဲရာတွင် အခက်အခဲရှိသောကြောင့် ခရီးသွားလာမည့် မွတ်စလင်မ်များ အခက်ကြုံရနေကြာင်း သံတွဲမြို့ခံမှ ပြောပါတယ်။

    “ရန်ကုန်-သံတွဲ လူစီးကားလိုင်းက ရဲအောင်လံနဲ့ အောင်သစ္စာဆိုတဲ့ ကားတွေရှိတယ်။ အဲဒါက ဗုဒ္ဓဘာသာဝင်တွေပိုင်တာပါ။ မွတ်စလင်မ်ပိုင် လူစီးအဝေးပြေးကား မရှိဘူး။ မွတ်စလင်မ်ပိုင်က ကုန်တင်ကားပဲရှိတာ။ အဲဒါလည်း ဟိုးတလောက ဖျက်စီးခံရလို့ ကုန်တင်ပို့ရေးလည်း အခက်အခဲ ဖြစ်နေပါတယ်။ ကားလမ်းနဲ့ သွားလို့ ဘယ်လိုမှ မရတော့ဘူးလေ။ မွတ်စလင်မ်ဆို လက်မှတ်မရောင်းဘူး။ ဒါကြောင့် ပိုက်ဆံတတ်နိုင်သူတွေကတော့ လေယာဉ်ပျံနဲ့ သွားကြတာပေါ့ဗျာ။ ပိုက်ဆံမတတ်နိုင်သူတွေတော့ ဒုက္ခရောက်ရတာပေါ့”လို့ သံတွဲ မြို့ခံက ဆိုပါတယ်။

    အဆိုပါကိစ္စအား ရန်ကုန်ရှိ အောင်သစ္စာကားဂိတ်သို့ ဆက်သွယ်၍ မေးမြန်းရာ “ကျွန်တော်တို့က မွတ်စလင်မ်တွေကို သီးသန့် မရောင်းတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်သွားခဲ့တဲ့ ကိစ္စရပ်တွေကြောင့် လုံခြုံရေးကို အထူးပိုပြီး သတိထားရလို့ပါ။ ကားလက်မှတ် လာဝယ်ရင် မှတ်ပုံတင် ရှိတဲ့သူကိုပဲ ရောင်းပါတယ်။ မှတ်ပုံတင် မရှိတဲ့သူ၊ မပြနိုင်တဲ့သူဆို မရောင်းတာ။ မွတ်စလင်မ်ဖြစ်လို့ မရောင်းတာ မဟုတ်ပါဘူး”လို့ ဂိတ်မှူးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    မှတ်ပုံတင် မရှိသူများအား လက်မှတ်ရောင်းချမှု မပြုခြင်းဟု သိရသည့်အတွက် သံတွဲမြို့ခံများအား မှတ်ပုံတင် ကိစ္စ မေးမြန်းရာ “မှတ်ပုံတင် ရှိတဲ့ သူတွေလည်း ရှိပါတယ်။ ရခိုင်မှာ အများစုက မှတ်ပုံတင် မရတဲ့သူတွေလည်းရှိတယ်။ အရင်က ရှိထားတဲ့သူတွေအနေနဲ့လည်း အကြမ်းဖက်ခံရတဲ့ အချိန် မီးရှို့ခံရလို့ အိမ်ဖျက်ဆီးခံရလို့ မှတ်ပုံတင် မရှိတော့တဲ့သူတွေ ရှိတယ်လေ။ မှတ်ပုံတင် ရှိမှ လက်မှတ်ရောင်းပေးမယ်ဆိုတော့ ကျွန်မတို့ မွတ်စလင်မ်တွေ ဘယ်လိုလုပ် ခရီးသွားလို့ ရနိုင်ပါတော့မလဲ။”ဟု သံတွဲမြို့ခံက ဖြေကြားခဲ့ပါတယ်။

    ယခုအခါ သံတွဲမြို့မှာ ယခင်ထက် ခရီးသွားလာမှုတွေ ရှိနေတယ်လို့ ကားဂိတ်များမှ ပြောဆိုမှုများ ရှိခဲ့သော်လည်း မွတ်စလင်မ်များအနေနှင့် ခရီးသွားလာမှုအတွက် အခက်အခဲရှိတာကြောင့် သွားလာရေး နှောင့်နှေးနေရတယ်လို့ သိရပါတယ်။

    ဓါတ်ပုံအညွှန်း >> စက်တင်ဘာ ၂၉ ရက်နေ့ကစတင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မီးရှို့မှုများ ကြောင့် အိုးအိမ်ပျက်ဆီးဆုံးရှုံးမှု့ကြောင့် ဝမ်းနည်းပူဆွေးနေသည့် သဗြုချိုင်ကျေးရွာမှ ကမန်တိုင်းရင်းသူ မွတ်စလင်မ် အမျိုးသမီးကြီးတဦး (ဓါတ်ပုံ-RFA)