News @ M-Media

Author: M-Media

  • နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိ ကုန်အာန်ကျမ်းစာအုပ် တူရကီနိုင်ငံတွင်တွေ့ရှိ

    စက်တင်ဘာ၊ ၂၀
    M-Media

    Centuries-old Qur`an Found In Turkey

    ဆွလာသ်(အစ္စလာမ်ဘာသာဝင်များ နေ့စဉ် ဝတ်ပြုခြင်း) ၀တ်ပြုသည့် ဖျာဖြင့်ထုပ်ထားပြီး လက်ဖြင့်ရေးသားထားသော နှစ်ပေါင်း ၁၂၀၀ ကျော်သက်တမ်းရှိ ကုန်အာန်ကျမ်းစာအုပ် တစ်အုပ်အား တူရကီနိုင်ငံအနောက်တောင်ပိုင်း Aegean ဒေသ Muğla ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။

    “သာမန် ကုရ်အာန်တစ်အုပ်လို့ ကျွန်တော်တို့ထင်ပြီး၊ အရေးကြီးတဲ့နေရာတွေကို အကြောင်းမကြားခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာလက်နဲ့ရေးထားပြီး စာအုပ်ထဲကပုံစံတွေကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀ လောက်ကပုံစံ ဆိုတာ ကျွန်တော်နောက်ပိုင်းသိခဲ့ပါတယ်” ဟု ထိုကုရ်အာန်ကျမ်းစာအုပ် အားတွေ့ရှိခဲ့သူ Tepecik ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်ဆရာတော် Yüksel Kılınçarslan က တူရကီသတင်းအေဂျင်ဆီ Anadolu သို့ တနင်္လာနေ့ကပြောခဲ့သည်။

    Aegean ဒေသ  Bodrum အပန်းဖြေမြို့တွင်တည်ရှိသည့် Tepecik ဗလီဝတ်ကျောင်းတော်အား သက္ကရာဇ် ၁၇၃၇ တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကုရ်အာန်ကျမ်းတော်မြတ်ကို Tepecik ဗလီဝတ်ကျောင်းတော်၏ မြေအောက်ခန်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သမိုင်းပညာရှင်များ၏ စစ်ဆေးချက်များအရ လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀၀ ကျော်ကရေးသားထားခဲ့သည့် ကုရ်အာန်ကျမ်းစာအုပ် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထို ကုရ်အာန်ကျမ်းတော်မြတ်အား စတင်တွေ့ရှိခဲ့ပြီး Bodrum မြို့ရှိ မွဖ်သီ Emin Arık မှ လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀၀ က ကုန်အာန်ကျမ်းတော်မြတ်ဖြစ်ကြောင်း ပြောပြခဲ့ပြီးနောက် သမိုင်းပညာရှင်များအား ထပ်မံ စစ်ဆေးစေခဲ့ခြင်းဖြစ်သည်။

    “အာဏာပိုင်တွေကိုပြောဖို့ ကျွန်တော် အန်ကာရာ(တူရကီ၏ ဒုတိယမြို့တော်)ကို သွားခဲ့ပြီး သူတို့က သက်ဆိုင်ရာအဖွဲ့အစည်းကိုအပ်ဖို့ ကျွန်တော့်ကိုပြောလိုက်ပါတယ်။ ” ဟု Tepecik ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော် Yüksel Kılınçarslan ကထည့်သွင်းပြောကြားခဲ့သည်။

    ထိုကုရ်အာန်ကျမ်းတော်မြတ်အား Bodrum Underwater Archaeology ပြတိုက်သို့ အခမ်းအနားဖြင့်လွှဲအပ်ခဲ့ပြီး လိုအပ်သောထိန်းသိမ်းမှုများပြုလုပ်ပြီးနောက် İzmir ရှိ လက်ရေး မူထိန်းသိမ်းရေးဌာသို့ပို့ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    Ref: OnIslam

  • စက်တင်ဘာ ၂၀ အားကစားသတင်းများ

    စက်တင်ဘာ၊ ၂၀
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။

    နေးမာမှာ ဘရာဇီးအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်ဟု ရိုမာရီယိုဆို

    Neymar

    ဘရာဇီလ်အသင်း၏ ဂန္တ၀င်ကစားသမား ရိုမာရီယိုက၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းအောင်မြင်မှုမှာ ဘာစီလိုနာတိုက်စစ်မှူး နေးမာ၏ ပုခုံးပေါ်တွင်ရှိပြီး၊ ကမ္ဘာ့ဖလားရရှိရန်ရည်မှန်းချက်မှာလည်း နေးမာ၏ ကြံ့ခိုင်မှုပေါ်တွင် အားကိုအားထားပြုနေရကြောင်း ပြောဆိုလိုက်သည်။

    အသက် ၂၁ နှစ်အရွယ်ရှိ နေးမာ မပါဝင်ပါက ဘရာဇီးလ်မှာ ကမ္ဘာ့ဖလားရရှိရန်အခွင့်အရေးမရှိဟု ပြောဆိုခဲ့သည့် ၁၉၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ်အသင်း၏ တိုက်စစ်မှူး ရိုမာရီယိုက “နေးမာဟာ ကျွန်တော်ရဲ့အကောင်းဆုံးကစားသမားပါ။ သူဟာအခု အကောင်းဆုံးလိဂ်တွေထဲက တစ်ခုမှာ ကစားနေပါတယ်။ သူဟာ ကျွန်တော့်ရဲ့မျှော်လင့်ချက်ဖြစ်သလို၊ ဘရာဇီးလ်ရဲ့မျှော်လင့်ချက်လည်းဖြစ်ပါတယ်” ဟု Sport အားကစားသတင်းစာသို့ ပြောကြားခဲ့သည်။

    ……………………………………..
    အေစီမီလန်က ဘာလိုတယ်လီအားပြောင်းလဲစေသည်ဟု ဂယ်လီယာနီဆို

    အေစီမီလန်အသင်း၏ စီအီးအို အက်ဒရီယာနို ဂယ်လီယာနီက အသင်းတိုက်စစ်မှူး ဘာလော့တယ်လီမှာ ကလေးဘ၀ကတည်းက ကစားချင်ခဲ့သည့် အသင်းတွင် ကစားနေရခြင်းကြောင့် အေစီမီလန်သို့စတင်ရောက်ရှိကတည်းက ကွင်းတွင်း၊ ကွင်းပြင်ရှိ၎င်း၏ အမူအရာများပြောင်းလဲသွားသည်ဟု ပြောဆိုလိုက်သည်။

    ဘာလော့တယ်လီမှာ မန်ချက်စတာစီးတီးအသင်းမှ အေစီမီလန်အသင်းသို့ ပြီးခဲသည့် ဇန်န၀ါရီလက သုံးနှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ “ဘာလော့တယ်လီဟာ ပျော်ရွှင်နေပါတယ်။ တစ်ချိန်လုံးကျွန်တော့်ရဲ့သဘောထားကို မပြောချင်ပါဘူး။ ဒါပေမယ့် ဘာလိုတယ်လီဟာ သူကလေးဘ၀ကတည်းက အားပေးခဲ့တဲ့အသင်းမှာ ကစားခွင့်ရတဲ့ အတွက်ကြောင့် ကွင်းအတွင်းမှာရောအပြင်မှာပါ သူရဲ့အပြုအမှုတွေ ပိုမိုကောင်းမွန်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာကိစ္စပါပဲ” ဟု အသက် ၆၉ နှစ်အရွယ်ရှိ ဂယ်လီယာနီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    …………………………………………
    ဗြိတိန်တင်းနစ်သမား အန်ဒီမာရေး ခွဲစိတ်ရမည်

    ကာလကြာရှည်စွာခံစားနေရသော နောက်ကျောဒဏ်ရာအား လာမည့်သီတင်းပတ်တွင်ခွဲစိတ် ကုသရန်ရှိသည့်အတွက် ဗြိတိန်တင်းနစ် အကျော်အမော် အန်ဒီမာရေးမှာ ကျန်ရှိသည့် တင်းနစ်ပြိုင်ပွဲများတွင် ကစားနိုင်တော့မည်မဟုတ်ဟုသိရသည်။

    မာရေးမှာ ၂၀၁၃ တစ်နှစ်လုံးတွင် ပြိုင်ပွဲအတွင်းနှင့် ပြင်ပတွင်ပါ နောက်ကျောဒဏ်ရာအား မကြာခဏခံစားနေခဲ့ရပြီး ထိုဒဏ်ရာကြောင့်ပင် မေလကကျင်းပခဲ့သည့် ပြင်သစ်အိုပင်းပြိုင်ပွဲအား လွဲချော်ခဲ့ရသည်။ “(အားပေးတဲ့) မက်ဆေ့ခ်ျတွေအားလုံးအတွက် ကျေးဇူးပါပဲ။ ခွဲစိတ်မှုကိုတနင်္လာနေ့မှာပြုလုပ်မှာဖြစ်ပြီး၊ အခြေအနေအားလုံးကို အသိပေးသွားမှာပါ….ကျန်းကျန်းမာမာနဲ့ ကျွန်တော်ပြန်လာမှာပါ” ဟု မာရေးက သူ၏ တွစ်တာ စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။

    ……………………………………………
    ATP Moselle Open တင်းနစ်ပြိုင်ပွဲကွာတားသို့ ဂီလ်းစ် စီမွန်တက်ရောက် ဆီဒင် ၃ အန်ဒရီယက်စ် စက်ပီ ရှုံးနိမ့်

    ပြင်သစ်နိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် ATP Moselle Open တင်းနစ်ပြိုင်ပွဲတွင် ပြင်သစ်တင်းနစ်သမား ဂီလ်းစ်စီမွန်မှာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားပြီး ဆီဒင် ၃ ရ အီတလီတင်းနစ်သမား အန်ဒရီယက်စ်စက်ပီမှာ အိမ်ရှင်တင်းနစ်သမား နီကိုလက်စ်မာဟုကိုရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်ဟုသိရသည်။

    စီမွန်မှာ တစ်နိုင်ငံတည်းသား ကင်နီဒီရှက်ပါနှင့် ကစားခဲ့ရပြီး ၆-၂၊ ၆-၃ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။ ဆီဒင် ၂ ရစီမွန်မှာ ကျင်းပပြီးစီးခဲ့သည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲအား တင်ပါးဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူဖြစ်ပြီး ရှက်ပါအား အနိုင်ရရန် ၆၅ မိနစ်သာကြာမြင့်ခဲ့သည်။ “ဒီနေ့ပွဲဟာ တော်တော်ကောင်းမွန်တဲ့ပွဲပါ။ ကျွန်တော်ကောင်းမွန်စွာနဲ့ပြန်လာနိုင်ခဲ့ပြီး ကွင်းထဲမှာလည်း သက်တောင့်သက်သာရှိခဲ့ပါတယ်။ တစ်မှတ်ပြီးတစ်မှတ်အရယူနေခဲ့ပြီး ပျော်ရွှင်ခဲ့ပါတယ်” ဟု ATPworldtour.com ၀ဘ်ဆိုဒ်သို့ ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    နိုင်ခြေအဆင့် ၃ သတ်မှတ်ခြင်းခံခဲ့ရသည့် အီတလီတင်းနစ်သမား စက်ပီမှာ ပြင်သစ်တင်းနစ်သမား နီကိုလက်စ် မာဟုတ်အား ၆-၄၊ ၆-၄ ဖြင့် ၂ ပွဲပြတ်ရှုံးနိမ့်ခဲ့သည်။

    စီမွန်မှာ ကွာတားဖိုင်နယ်တွင် အမေရိကန်တင်းနစ်သမား ဆမ်ကွာရီနှင့်တွေ့ဆုံရမည်ဖြစ်ပြီး၊ မာဟုမှာ ဂျာမန်တင်းနစ်သမား ဘင်ဂျမင်ဘာကာနှင့်တွေ့ဆုံရမည်ဖြစ်သည်။
    Ref:skysports
    ……………………………………
    ဗြိတိန်တင်းနစ်မယ်များ ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရသည့် ဂွမ်ဇူအိုးပင်းတင်းနစ်ပြိုင်ပွဲ

    တရုတ်နိုင်ငံတွင်ကျင်းပလျက်ရှိသည့် ဂွမ်ဇူအိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ဗြိတိန်တင်းနစ် သမားများဖြစ်ကြသည့် လော်ရာ ရောဘ့်ဆင်နှင့် ဂျိုဟာနာ ကွန်တာတို့ရှုံးနိမ့်ခဲ့သည်ဟု သိရသည်။

    နိုင်ခြေအဆင့်သုံးရ ရော့ဘ်ဆင်မှာ ယခင်ကမ္ဘာ့အဆင့် ၁၅ ရှိ တရုတ်တင်းနစ်မယ် ဂျီဇန်အား ၁-၆၊ ၇-၆၊ ၆-၂ ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရော့ဘ်ဆင်မှာ ယမန်နှစ်ဂွမ်ဇူအိုးပင်းဖိုင်နယ်တွင် တရုတ်တင်းနစ်မယ် ဆုဝေရှီကိုရှုံးနိမ့်ကာ ချန်ပီယံဖြစ်ခွင့်လက်လွတ်ခဲ့ရပြီး ယခုအကြိမ်တွင်လည်း ကွာတားဖိုင်နယ်ဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

    အခြားဗြိတိန်တင်းနစ်မယ်တစ်ဦးဖြစ်သည့် ဆီဒင် ၂ ရ ဂျိုဟာနာ ကွန်တာမှာလည်း တရုတ်တင်းနစ်မယ် ရွှေဇန်အား ၇-၅၊ ၆-၃ဖြင့် ရှုံးနိမ့်ခဲ့သည်။

    Ref: skysports

  • အစ္စရေးကို ကျင့်ဝတ်ချိုးဖောက်မှုဖြင့် ကုလသမဂ္ဂသို့ OIC မှ တင်သွင်းအရေးဆိုမည်

    စက်တင်ဘာ၊ ၂၀
    M-Media
    ekmeleddin-ihsanoglu
    ဂျေရုဆလင်ရှိ သမိုင်းဝင် အ(က်)ဆာ ဗလီဝတ်ကျောင်းတော်အား အစ္စရေးတို့၏စော်ကားချက်များနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်ပြအရေးဆိုသွားမည်ဟု Organization of Islamic Cooperation (OIC) ၏ အထွေထွေအတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu မှ ပြောကြားလိုက်သည်။

    ဂျူးလူမျိုး ကျူးကျော်အခြေချသူများမှာ ဂျေရုဆလင်ရှိ အလ် အ(က်)ဆာဝတ်ကျောင်းတော်ပရ၀ုဏ်ထဲအထိ ကျူးကျော်လာမှုကို အစ္စရေးရဲများမှ အကာအကွယ်ပေးနေခြင်းကို ပြင်းထန်စွာ ရှုတ်ချပြီး ယင်းအရေးကို အစ္စလာမ့်ကမ္ဘာက ရေရှည်နှုတ်ဆိတ်နေမည် မဟုတ်ဘဲ ညီလာခံ၌ ကျယ်ပြန့်စွာ ဆွေးနွေးသွားမည်ဟု တင်ပြချက်၌ပါရှိသည်။

    နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူသော ၀တ္တရားကျေပွန်ကြရန်၊ ဂျူးအကြမ်းဖက်သမားတို့၏ ကျူးလွန်စော်ကားချက်များအပေါ် အစ္စရေးတို့မှ ရပ်ဆိုင်းလိုက်စေရန်၊ ဒေသတွင်းတင်းမာမှု မတိုးပွားလာအောင် တားဆီးပေးပါရန် UNESCO ၊ ကုလလုံခြုံရေးကောင်စီ နှင့် အဖွဲ့ဝင်နိုင်ငံများသို့ OIC အတွင်းရေးမှူးချုပ်မှ တိုက်တွန်းနှိုးဆော်လိုက်သည်။

    ကမ္ဘာ့ကုလသမဂ္ဂအထွေ အထွေညီလာခံကြီးကို ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့အထိ နယူးယော့ခ်မြို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

    Ref:http://islam.ru

  • “ ရုရှား နှင့် ကမ္ဘာအ၀ှန်းရှိ ဟလာလ် ဈေးကွက်များ” ဆွေးနွေးဟောပြောပွဲ ရုရှားတွင် ကျင်းပမည်။

    စက်တင်ဘာ၊ ၁၉
    M-Media

    Halal-Logos-600x319

    “ ရုရှား နှင့် ကမ္ဘာအ၀ှန်းရှိ ဟလာလ် ဈေးကွက်များ” ခေါင်းစဉ်ဖြင့် နိုင်ငံတကာ စုပေါင်းဆွေးနွေးပွဲ တစ်ခုကို စက်တင်ဘာလ ၂၆ မှ ၃၀ ရက်နေ့အတွင်း ကာဇန်(Kazan) ရှိ ရုရှား အစ္စလာမ့်တက္ကသိုလ်တွင် ကျင်းပမည်ဖြစ်သည်။ ထို ဆွေးနွေးပွဲအား စီစဉ်သူမှာ RIU ဖြစ်ပြီး Spritual Administration of Tatarstani Muslims ၏ ဟလာလ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မည်။

    ကာဇက်စတာန်လူမျိုး ဟလာလ်အကြောင်းအရာများအား ကျွမ်းကျင်သူ၊ ကာဇက်စတာန် ဟလာလ်ဈေးကွက်အဖွဲ့အစည်း (Kazakhstan Halal Industry Association) ၏ ဥက္ကဌ နှင့် ဘာသာရေးအယူဝါဒရေးရာ ပါမောက္ခ ဖြစ်သော မာရတ် အဂီဘာအိဗိခ်ျ စာဆန်ဗာအိဗ် (Marat Agibaevich Sarsenbaev) က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

    ဟောပြောပွဲ၏အဓိကရည်ရွယ်ချက်မှာ ရုရှားနိုင်ငံ၏ စီးပွားရေး နှင့် သိပ္ပံဆိုင်ရာအသိုင်းအ၀ိုင်းကို ကာဇက်စတာန်၏ ဟလာလ်ဈေးကွက်ဖွံဖြိုးလာမှုအား တွေ့ထိသိရှိအောင် မိတ်ဆက်ပေးရန်ဖြစ်သည်။ စီးပွားရေး အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များ၊ အသိပညာအတတ်ပညာကျွမ်းကျင် ပညာရှင်များ၊ ရုရှပြည်ထောင်စု တာတာစတာန် (Tartarstan) နှင့် အခြားသော ပြည်နယ်များရှိ ပညာသင်ကြားရေးကျောင်းများမှ အစ္စလာမ့် အကြောင်းအရာသင်ကြားပေးသည့် ဆရာများလည်း ဟောပြောပွဲသို့ ပါဝင် တက်ရောက်ကြမည်ဖြစ်သည်။

    အောက်ဖော်ပြပါ ခေါင်းစဉ်များအား ဟောပြောပွဲအတွင်း ထည့်သွင်းပြောကြား ဆွေးနွေးသွားမည်ဖြစ်သည်။
    – ရုရှား နှင့် ကမ္ဘာအ၀ှန်းရှိ ဟလာလ် ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာမှု
    – အစ္စလာမ့်ဥပဒေ ကပြောသော ဟလာလ် နှင့် ဖွံဖြိုးရေးအကြောင်း
    – တားမြစ်ချက်ရှိသည့် သုံးကုန်ပစ္စည်းများ
    – အစ္စလာမ့်စည်းမျဉ်းများနှင့်အညီ တိရစ္ဆာန်များကို လှီးဖြတ်ခြင်းဆိုင်ရာ နည်းပညာ နှင့် လိုက်နာရန်များ
    – ဟလာလ် အမှတ်တံဆိပ် (သီအိုရီ နှင့် လက်တွေ့)
    – စီးပွားရေးတိုးတက်လာမှုတွင် အသိအမှတ်ပြုလက်မှတ်ရရှိရန် အရေးပါပုံ
    – နိုင်ငံတကာ ဟလာလ် အမှတ်တံဆိပ် စံနှုန်းများ
    – CIS နိုင်ငံများတွင် ဟလာလ် အမှတ်တံဆိပ် ပိုမိုလက်ခံလာခြင်းအကြောင်း
    – ရုရှား နှင့် ကမ္ဘာတစ်ခွင်မှ ဟလာလ် အမှတ်တံဆိပ်ဆိုင်ရာ နည်းပညာ
    – နိုင်ငံတကာအဆင့်ဝင်ကုမ္ပဏီများ၏ ဟလာလ် အမှတ်တံဆိပ် လုပ်ထုံးလုပ်နည်း
    – ပင်လယ်ကွေ့ဒေသများ နှင့် ဥရောပနိုင်ငံများရှိ ဟလာလ်ဈေးကွက်
    – ဟလာလ် စံနှုန်းဖြင့် အဆင့်မှီ ဈေးကွက်ဝင်ကုန်ပစ္စည်းများဖြစ်အောင် ၀န်ဆောင်မှုပေးနေသော အဖွဲ့အစည်းများ နှင့်   လုပ်ဆောင်ချက်များ (အသင်းအဖွဲ့၊ ပြခန်း၊ စသည်များ)

    KAZANSUMMIT-2013 ကို အောက်တိုဘာလ ၂ ရက်မှ ၃ ရက်အထိ ကာဇန်တွင် ပြုလုပ်မည်ဖြစ်ပြီး၊ အောက်တိုဘာလ ၃ ရက်မှ ၆ ရက်ထိ ဟလာလ် ထုတ်ကုန်ပြပွဲဖြစ်သော “KAZANHALAL 2013” အား “EURO-ASIA EXPO 2013” ဖိုရမ် ပြုလုပ်နေချိန်တွင် ပြုလုပ်ပြသသွားမည် ဖြစ်သည်။ ၄င်းဖိုရမ်များကို Republic of Kazkhstan က ကိုယ်စားပြု၍ အခြားအိမ်နီးချင်းနိုင်ငံများ နှင့် ရပ်ဝေးမှနိုင်ငံများနှင့်အတူ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    Ref: http://islam.ru

  • စက်တင်ဘာ ၁၉ အားကစားသတင်းများ

    စက်တင်ဘာ ၁၉ အားကစားသတင်းများ

    စက်တင်ဘာ၊ ၁၉ ၊
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။

    အာဆင်နယ်အနိုင်ရ၊ ဘာကာဂိုးမြူးခဲ့ပြီး ချယ်ဆီးရှုံးပွဲတွေ့ခဲ့သည့် ချန်ပီယံလိဂ် အဖွင့်ပွဲ ဗုဒ္ဓဟူးနေ့ညပွဲစဉ်များ

    messi 3

    ချန်ပီယံလိဂ်အုပ်စု E၊ F၊ G၊ H  တို့၏ အုပ်စုအဖွင့် ပွဲစဉ်များကို ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာ၊ အေစီမီလန်၊ အာဆင်နယ်၊ ရှော်လ်ကာတို့အနိုင်ရရှိခဲ့ကြပြီး ချယ်ဆီး၊ ဒေါ့မွန်နှင့် ဇင်းနစ်အသင်းတို့ ရှုံးပွဲတွေ့ခဲ့ကြသည်။

    အုပ်စု E

    ချယ်ဆီး ၁-၂ ဘေဆယ်
    ရှော်လ်ကာ ၃-၀ စတူအာဘူခါရက်

    စတမ်းဖို့ဒ်ဘရစ်ခ်ျတွင်ကစားခဲ့သည့် ချယ်ဆီးနှင့် ဘေဆယ်တို့ပွဲစဉ်တွင် ဘေဆယ်အသင်းက အနိုင်ရရှိခဲ့ပြီး ချယ်ဆီးနည်းပြမော်ရင်ဟို၏ ယခုနှစ်ရာသီ ဒုတိယမြောက်ရှုံးပွဲလည်းဖြစ်ခဲ့သည်။ ဦးဆောင်ဂိုးကို ချယ်ဆီးက ၄၅ မိနစ်တွင် အော်စကာ၏ခေါင်းတိုက်ဂိုးဖြင့်ရရှိခဲ့သော်လည်း ၇၁ မိနစ်တွင် မိုဟာမက် ဆလာဟ်နှင့် ၈၁ မိနစ်တွင် မာကို စထရယ်လာတို့က ဘေဆယ်အတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကိုသွင်းယူပေးခဲ့သည်။ ယခုပွဲတွင်ချယ်ဆီးကစားသမား မာတာအား အရန်ခုံတွင်ထိုင်ခိုင်းမှုကြောင့် ချယ်ဆီးပရိတ်သတ်များမှာ မာတာအားထည့်သွင်းကစားရန် ပိုစတာများကိုင်ဆောင်ကာ တောင်းဆိုခဲ့သည်။

    ဂျာမန်မြေတွင်ကစားခဲ့သည့် ရှော်လ်ကာနှင့် စတူအာဘူခါရက်တို့ပွဲစဉ်တွင် ရှော်လ်ကာအသင်းက ၃ ဂိုး ဂိုးမရှိဖြင့်ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ ရှောလ်ကာ အသင်းက ပွဲကိုစိုးမိုးရန်ကြိုးစားခဲ့သော်လည်း စတူ အာဘူခါရက်အသင်းက အတင်းဝင် အတင်းဖျက်ကစားခဲ့၍ ပွဲမှာအကြိတ်အနယ်ရှိခဲ့သည်။ ဒုတိယပိုင်း ၆၇ မိနစ်မှ ရှော်လ်ကာတို့ အဖွင့်ဂိုးရခဲ့ပြီး ယူချီဒါကသွင်းယူပေးခဲ့သည်။ ထို့နောက် ၇၈ မိနစ်တွင် ဘိုအာတင်းက ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး ၈၅ မိနစ်တွင် ဒရာစလာက နောက်ဆုံးပိတ် အနိုင်ဂိုး သွင်းယူပေးခဲ့ကာအိမ်ရှင်အား မျက်နှာပန်းလှစေခဲ့သည်။
    ………………………………………………
    အုပ်စု F

    မာဆေးလ် ၁-၂ အာဆင်နယ်
    နာပိုလီ ၂-၁ ဒေါ့မွန်

    Stade Vélodrome ကွင်းတွင်ကစားခဲ့ကြသည့် မာဆေးလ်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲတွင် အာဆင်နယ်က ဝေါ့လ်ကော့၊ ရမ်ဆေးတို့၏သွင်းဂိုးဖြင့် အိမ်ရှင်မာဆေးလ်အားအနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်မှာ အဝေးကွင်း ၁၀ ပွဲဆက်တိုက် အနိုင်ရရှိသည့်စံချိန်ရရှိခဲ့သည်။ အာဆင်နယ်အတွက်ဂိုးများကို ၆၅ မိနစ်နှင့် ၈၃ မိနစ်တို့တွင် သွင်းယူခဲ့ပြီး မာဆေးလ်အတွက် နှစ်သိမ့်ဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် အန်ဒရီ အယွီ က ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။

    အပြောင်းအရွှေ့ရာသီတွင် ငွေးကြေးအမြောက်အများသုံးစွဲကာ အသင်းအားတောင့်တင်းအောင်တည်ဆောက်ထားသည့် နာပိုလီအသင်းမှာ ဂျာမန်ကလပ်ဒေါ့မွန်အသင်းအား အိမ်ကွင်းတွင်အနိုင်ရရှိခဲ့သည်။ ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သောအဆိုပါပွဲတွင် နာပိုလီအတွက်ဂိုးများကို တိုက်စစ်မှူးသစ် ဟီဂူအင်က ပထမပိုင်း ၂၉ မိနစ်နှင့်၊ ဖရီးကစ်မှတစ်ဆင့် အင်ဆစ်နီက ဒုတိယပိုင်း ၆၇ မိနစ်တို့တွင် အသီးသီးသွင်းယူပေးခဲ့သည်။ ဒေါ့မွန်၏ ဂိုးမှာ နာပိုလီကစားသမား ဇူနီဂါက ၈၇ မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းခဲ့ခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်းက အဝေးဂိုးကွာခြားချက်ဖြင့် အုပ်စုပထမနေရာတွင်ရှိနေသည်။
    …………………………………………………
    အုပ်စု G

    အက်သလက်တီကိုမက်ဒရစ် ၃-၁ ဇင်းနစ်
    သြစတြီးယားဝီအန် ၀-၁ ပေါ်တို

    ၄၅ လကြာ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ကင်းကွာနေခဲ့ရသည့် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ အိမ်ကွင်းတွင် ရုရှားထိပ်သီးဇင်းနစ်အားအနိုင်ယူကာ ချန်ပီယံလိဂ်စာမျက်နှာကို လှပစွာဖွင့်လှစ်နိုင်ခဲ့သည်။ ဇင်းနစ်အား ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အက်သလက်တီကိုအတွက်ဂိုးများကို ၄၀၊ ၆၄၊ ၈၀ မိနစ်တို့တွင် မီရန်ဒါ၊ အာဒါ တူရန်၊ ဘက်ပ်တစ္စတာ တို့က အသီးသီးသွင်းယူပေးခဲ့ကာ ဇင်းနစ်အတွက် တစ်လုံးတည်းသောချေပဂိုးကို ဟုလ်က်က ၅၈ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ဘောလုံးပိုင်ဆိုင်မှုပိုင်းတွင် ဇင်းနစ်ကအသာရခဲ့သော်လည်း အက်သလက်တီကိုက ဂိုးပေါက်ကန်သွင်းခွင့် ၁၁ ကြိမ်အထိရရှိခဲ့သည်။

    ပေါ်တူဂီထိပ်သီးပေါ်တိုအသင်းမှာ ချန်ပီယံလိဂ်အစဉ်အလာနည်းသည့် သြစတြီးယားဝီအန်အသင်းအား လူချိုဂွန်ဇာလက်၏ ၅၅ မိနစ် သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ပွဲတစ်ပွဲလုံးကို ပေါ်တိုကပင် ဖိကစားနိုင်ခဲ့ပြီး ထိုက်တန်စွာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    …………………………………………….
    အုပ်စု H

    ဘာစီလိုနာ ၄-၀ အေဂျက်
    အေစီမီလန် ၂-၀ ဆဲလ်တစ်

    ဘာစီလိုနာသင်းမှာ အိမ်ကွင်းနျူးကမ့်တွင် ဟော်လန်ကလပ် အေဂျက်အား မက်ဆီ၏ ဟက်ထရစ်သွင်းဂိုးများဖြင့်အနိုင်ရရှိခဲ့သည်။ ဘာကာအတွက်ဂိုးများကို ၂၂၊ ၅၅၊ ၇၅ မိနစ်များတွင် မက်ဆီက ဟက်ထရစ်နှင့် ၆၉ မိနစ်တွင် ပီကေးတို့က အသီးသီးသွင်းယူပေးခဲ့သည်။

    ဆန်စီရိုတွင်ကစားခဲ့သည့် အေစီမီလန်နှင့် ဆဲလ်တစ်တို့ပွဲတွင် အေစီမီန်လန်အသင်းက နောက်ကျဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ၈၂ မိနစ်တွင်ဆဲလ်တစ်ကစားသမား အီဇာဂူရီ၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့မှုကြောင့် အေစီမီလန်အဖွင့်ဂိုးစရခဲ့ပြီး၊ ၈၆ မိနစ်တွင် မွန်တာရီက ဒုတိယဂိုးသွင်းယူပေးခဲ့သည်။
    ………………………….
    မီလန်မှာ ကံကောင်းခဲ့သည်ဟု အီမန်နျူယဲလ်ဆင်ဆို

    အေစီမီလန်အသင်း၏နောက်ခံလူဖြစ်သူ အာဘီ အီမန်နျူယဲလ်ဆင်က ချန်ပီယံလိဂ်တွင် အေစီအနိုင်ရခဲ့ခြင်းမှာ ကံကောင်း၍ သာဖြစ်သည်ဟု ပြောဆိုလိုက်သည်။

    အေစီမီလန်အသင်းမှာ ချန်ပီယံလိဂ်တွင် ဆဲလ်တစ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ အနိုင်ဂိုးများကို ပွဲပြီးကာနီးမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဆဲလ်တစ်အသင်းမှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ အဖွင့်ဂိုးရရှိခဲ့ကာ ၈၆ မိနစ်တွင် မွန်တာရီက အနိုင်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    “ဒါဟာ မီလန်ရဲ့ပုံမှန်နိုင်ပွဲလို့ ခင်ဗျားပြောနိုင်ပါတယ်။ ကျွန်တော်တို့ကံကောင်းလို့ ၁ ဂိုးရခဲ့ပြီး ဒီပွဲဟာကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့အစကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာဆိုးရွားခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်ရခဲ့တာပါပဲ” ဟု ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ……………………………
    ကာဆီးလက်မှာ ၎င်းအားသတ်ချင်သည်ဟု ရာမို့စ်အရွှန်းဖောက်

    ရီးယဲလ်မက်ဒရစ်အသင်း၏နောက်ခံလူ ဆာဂျီယိုရာမို့စ်က ဂိုးသမား အီကာကာဆီးလက်မှာ ၎င်းအား သတ်ချင်ခဲ့သည်ဟု ဂါလာတာစာရေးအား ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သောချန်ပီယံလိဂ်ပွဲအပြီးတွင် အရွှန်းဖောက်ပြောကြားလိုက်သည်။

    ပွဲအစ ၁၄ မိနစ်တွင် ကာဆီးလက်မှာ ရာမို့စ်နှင့် ထိခိုက်မိပြီး ဒဏ်ရာရရှိသွားခြင်းကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ကာဆီးလက်မှာ ပြီးခဲ့သည့် ဇန်န၀ါရီလ ကတည်းက အသင်းတွင်ပါဝင်ခွင့်မရခဲ့ဘဲ ယခုပွဲတွင်မှ ပထမဦးဆုံး အကြိမ်အဖြစ်ပါဝင်ခွင့်ရခဲ့သော်လည်း ဒဏ်ရာရရှိသွားသောကြောင့် ဒီယေဂိုလိုပက်ဇ်နှင့် လူစားလဲခဲ့ရသည်။

    “ဒီနေ့တစ်ယောက်ယောက်ကကျွန်နော့်ကို သတ်ချင်နေပါတယ်။ ကံကောင်းစွာပဲ သူရဲ့ဒဏ်ရာဟာ မပြင်းထန်ဘဲ မကြာခင်အသင်းမှာ ပြန်ပါလာမှာပါ” ဟု ရာမို့စ်က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

    ………………………………………
    အန်ဒါဆန်မှာ လာဇီယို၏အနာဂတ်ဖြစ်သည်ဟု အေးဂျင့်ဆို

    ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှ လာဇီယိုသို့ ပြောင်းရွှေ့ကြေးယူရို ၈ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာရောက်လာခဲ့သည့် ဘရာဇီးလူငယ်ကစားသမား ဖီလစ်ပ်အန်ဒါဆန်မှာ လာဇီယိုအသင်း၏ လက်ရှိနှင့် အနာဂတ်၏ ကြယ်ပွင့်တစ်ပွင်ဖြစ်လာမည်ဟု အန်ဒါဆန်၏ အေးဂျင့်ဖြစ်သူက စတီဖာနို ကတ်စ်တဂ်နာ ပြောကြားလိုက်သည်။ အသက် ၂၀ အရွယ်ရှိအန်ဒါဆန်မှာ လာဇီယိုအသင်းသို့ရောက်ရှိလာခဲ့သော်လည်း အသင်းနှင့်ပွဲထွက်ခွင့်မရရှိသေးပေ။ “သူခံစားနေရတဲ့ဒဏ်ရာဟာ ဆိုးရွားပါတယ်။ ဒါပေမယ့် သူဟာတစ်ကြိမ်တော့ သူရဲ့အကောင်းဆုံးပုံစံနဲ့ အသင်းမှာပါဝင်ခွင့်ရမှာပါ။ အခုတော့သူဟာ ဘရာဇီးကနေသူ့ကိုခေါ်ယူခဲ့တဲ့အသင်းရဲ့ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေပြီး စိတ်အားလည်ထက်သန်နေပါတယ်” ဟု ကတ်စ်တဂ်နာက Radio Mana Mana ရေဒီယိုသတင်းဌာနသို့ပြောကြားခဲ့သည်။
    http://www.goal.com/en/news/10/italy/2013/09/18/4271887/anderson-is-the-future-of-lazio-claims-agent?ICID=OP
    ……………………………………..
    ပထမနေရာအတွက် ဘေးလ်နှင့်ယှဉ်ပြိုင်ရန် အဆင်သင့်ရှိသည်ဟု ဒီမာရီယာဆို

    ရီးယဲလ်အသင်း၏ အာဂျင်တီးနားကွင်းလယ်လူ ဒီမာရီယာက နေရာရရှိရန်အတွက် အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သည့် ဂါရက်ဘေးလ်နှင့် ယှဉ်ပြိုင်ရန်အတွက် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားလိုက်သည်။ ဂါလာတာစာရေးအား အနိုင်ရရှိခဲ့သောချန်ပီယံလိဂ်ပွဲတွင် ဒီမာရီယာမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ဘေးလ်မှာ အရန်ခုံတွင်ထိုင်ခဲ့ရသည်။

    အသက် ၂၅ နှစ်အရွယ်ရှိ ဒီမာရီယာမှာ ယမန်နှစ်မော်ရင်ဟိုလက်ထက်တွင် ပွဲထွက်ကစားသမားအဖြစ် ၂၂ ပွဲပါဝင်ကစားခဲ့ရခဲ့သည်။ “ကျွန်တော်ဟာ ဆုဖလားတွေကိုဆွတ်ခူးချင်လို့ ရီးယဲလ်မှာ ရှိနေတာပါ။ နည်းပြက ကျွန်တော့်ကိုကစားလို့ပြောတဲ့အခါ ကျွန်တော်ကစားမှာပါ။ သူက အရန်ခုံမှာထိုင်စေချင်ရင်လည်း ကျွန်တော်ထိုင်နေမှာပါ။ ဒါပေမယ့် ပွဲထွက်ကစားသမားအဖြစ်ကျွန်တော်ပါဝင်ချင်ပါတယ်” ဟု ဒီမာရီယာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ………………………………………
    ဗီဒယ်မှာ ဘေးလ်ကဲ့သို့ ကောင်းသည်ဟု ဂျူဗီဒါရိုက်တာဆို

    ဂျူဗင်တပ်စ်အသင်း၏ အထွေထွေဒါရိုက်တာဖြစ်သူ ဂျီဆက်ပီ မာရော့တာက အသင်းရှိ ကွင်းလယ်ကစားသမား အာတူရို ဗီဒယ်လ်မှာ ဂါရက်ဘေးလ်၏ပြောင်းရွှေ့ကြေး ကဲ့သို့ထိုက်တန်ကြောင်းပြောကြားခဲ့သည်။ “တကယ်လို့ ဘေးလ်းဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ တန်တယ်ဆိုရင် ဗီဒယ်ကလည်း အဲဒီလောက်တန်ပါတယ်။

    ရီးယဲလ်က ဒီနှစ်ဗီဒယ်ကိုခေါ်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် သူ့ကိုကျနော်တို့မရောင်းပါဘူး။ ဒါ့ကြောင့် ရီးယဲလ်ကစိတ်ဝင်စားမှုက အဆုံးသတ်သွားပါတယ်” ဟု မာရော့တာက Mediaset သို့ ပြောကြားခဲ့သည်။ ထို့ပြင် ဂျုဗင်တပ်စ်အသင်း၏ ပြင်သစ်ကွင်းလယ်သမား ပေါလ် ပေါ့ဘာကိုလည်း ချီးကျုးခဲ့သည်။