News @ M-Media
Author: M-Media
  • “တိုင်း” “ရင်း” “သား”၊ Social Construction နှင့် Critical လူမှုရေး သိပ္ပံ သုတေသန
    စက်တင်ဘာ ၁၀ ၊ ၂၀၁၃
    ခေတ်မောင်း ဂျာနယ် Vol 2 No 4 မှ ကူးယူဖော်ပြသည်။
    စိုင်းလတ်
    PhD Candidate – Geography (Human Geography), Simon Fraser University
    MA Geography (Human Geography), York University
    BA (Hon) International Development Studies, York University
    မှတ်ချက်။ Human Geography ရှုထောင့်အခြေခံဖြင့် concept များကို အကြမ်းဖျဉ်းတင်ပြထားခြင်းဖြစ်သည်။ လူမှုရေး သိပ္ပံသုတေသနပြုစုလိုသူများ၊ စိတ်ဝင်စားသူများ၊ ဘွဲ့ လွန်ကျောင်းသူကျောင်းသားများ အတွက် အရေးကြီးသည့် အချက်များကိုထောက်ပြထားသည်။ သမရိုးကျ သမားများအတွက် ဤစာတမ်း သည် အကျုံးမ၀င်ပါ။ ဖတ်ပါက အချိန်ကုန်သည်သာ အဖတ်တင်မည်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း စကားလုံးဖြင့်ပြောရလျှင် ဖတ်ကောင်းမည်ဟု အာမ,မခံပါ။ Critical social science နှင့် progressive change ကို လိုလားသည့် သုတေသနပြုသူများ၊ ကျောင်းသူကျောင်းသားများ အတွက်သာ ရည်ရွယ်သည်။ အင်္ဂလိပ်စကားလုံးများကို မြန်မာသို့  အဓိပ္ဗါယ်ပြန်လျှင် မူရင်း အဓိပ္ဗါယ်လွဲသွားနိုင်သဖြင့် အချို့ စကားလုံးများကို အင်္ဂလိပ်စာလုံး (သို့ ) အသံထွက်ဖြင့်သာ တင်ပြထားသည်။ Convention နှင့် rule တိုင်းကို လိုက်နာစရာ မလို ဟုခံယူသည့် အတွက် နိဂုံးဖြင့် ဤစာတမ်းကိုစသည်။
    World_location_map_burma
    နိဂုံး
    လူမှုရေးသိပ္ပံ သုတေသနပြုသူများ၊ သုတေသနလုပ်ရန် စိတ်ဝင်စားသူများ၊ ဘွဲ့ လွန် ကျောင်းသူ ကျောင်းသားများ သည် တိုင်းရင်းသားနှင့် လူဦးရေးဆိုင်ရာ စာတမ်းရေးရန် သုတေသနပြုရာတွင် အစိုးရစံနှုန်းများ၊ မှတ်တမ်းများ၊ စာရင်းဇယားများကို ပေတံသဖွယ် အသုံးပြုပြီး သုတေသနလုပ် စာတမ်းရေးရမည် မဟုတ်။ ရှိပြီးသားစာရင်းများ၊ နံပတ်များ၊ အိုင်ဒီယာများကို Framework (သို့ ) baseline အနေဖြင့်သုံးပြီး နေရာဒေသတခုခုမှ ဒေတာ ကောက် ခြင်း၊ မိမိတွေ့ ရှိချက်ကို မှန်သည်ဟု သက်သေပြရန် ယခင်တွေ့ ရှိ သိပြီးသားများနှင့် ကိုက်ညီနှိုင်းယှဉ်ပြရမည် မဟုတ်။ ဤသို့ သော စာတမ်းများသည် သုတေသန မဟုတ်ပါ။ အပေါစား သန်းခေါင်စာရင်းသာဖြစ်ပေတော့မည်။ သုတေသနဆိုသည်မှာ ဖြစ်စဉ်များ၊ သိနှင့်ပြီးသားဖြစ်စဉ်များ၊ အိုင်ဒီယာများ၊ အချက်အလက်များကို စုံထောက်သ ဖွယ် ပြန်လည်ဆန်းစစ် ဝေဖန်ခြင်းဖြစ်သည်။ စုံထောက်ဆိုသော လူမျိုးမှာ ညစ်ပတ်တတ်သဖြင့် နှိုင်းယှဉ်ကောင်း သော ဥပမာမဟုတ်သော်လည်း သုတေသီများ၏ အလုပ်မှာ စုံထောက်အလုပ်ပင်ဖြစ်သည်။ ပညာရေး စုံထောက်ဟု ဆိုလျှင် မှားမည်မထင်ပါ။ သို့ သော် အုပ်စုတစု အကျိုးအတွက် မဟုတ်ပဲ လူတိုင်းအတွက် လူမှုရေး တရားမျှတမှု (Social Justice) ကို အလေးထား မှတ်ယူပြီး ဓမ္မဒိဌာန်ကျစွာ အရာရာတိုင်းကို ပြန်လည် ဆန်းစစ်သူများဖြစ်သင့်သည်။ သို့ ရှိရာ သုတေသနပြုသူများသည် အစိုးရ မလိမ့်တပတ်လုပ်ထားသည့် အချက်များ၊ ယခင် သုတေသီ များ ရေးသားတင်ပြ ရှာဖွေ တွေ့ ရှိထားမှုများ၊ အိုင်ဒီယာများ စသည်တို့ ကို ပြန်လည် စမ်းစစ်ရန်ဖြစ်သည်။ ဗဟုသု တအသစ်များ၊ ရှင်းပြချက်အသစ်များကို ထုတ်ပြရန်ဖြစ်သည်။ ဤသည်ကိုသာလျှင် သုတေသနဟုဆိုနိုင်သည်။
    နိဒါန်း
    ၂၀၁၄ ခုနှစ်တွင် မြန်မာတ၀ှမ်း လူဦးရေစစ်တမ်း ကောက်ခံရန်ရှိရာ မည်သည့် စနစ်ဖြင့်ကောက်ခံမည်၊ တိုင်းရင်း သားများကို မည်သို့ မည်ပုံ သတ်မှတ်မည်၊ စာရင်းသွင်းကောက်ခံမည် စသည့်မေးခွန်းများမှာ အရေးကြီးသော မေးခွန်းများဖြစ်သည်။
    မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးရှိသည်ဟု အင်တာနက် စာမျက်နှာများ၊ ဂျာနယ်ဆောင်းပါးများ၊ စာအုပ်စာ ပေများတွင် ဖော်ပြကြသည်။ မဟာဝိဇ္ဇာ စာတမ်းများပင်လျှင် တိုင်းရင်းသား၊ လူဦးရေ စသည့် အကြောင်းအရာများကို တင်ပြပါက မြန်မာပြည်တွင် တိုင်းရင်းသား ၁၃၅ မျိုးရှိသည် ဆိုသည့်အချက်ကို အခြေခံ baseline ယူပြီး တင်ပြကြသည်။ “တိုင်းရင်းသား”ဆိုသည့် အခေါ်အဝေါ်ကို Concept အရ မဆွေးနွေးခင် အချက်တချို့  ထောက်ပြချင်သည်။
    (၁) Academic research များသည် သိပြီးသား အချက်များ၊ ဖြစ်စဉ်များ၊ အိုင်ဒီယာများ၊ တွေ့ ရှိချက်များကို သိရှိနားလည်ရုံမျှမဟုတ်။ စာတမ်းတစောင်ပြီး တစောင်မှတဆင့် လက်ဆင့်ကမ်းသွားရုံ မဟုတ်။ Academic research (အထူးသဖြင့် critical social science research) ၏ ရည်ရွယ်ချက်သည် သိရှိပြီးသားများကို ပြန်လည် ဆန်းစစ်ရန်ဖြစ်သည်။ အရိုးစွဲနေသော အယူအဆများ၊ အချက်အလက်များ၊ စနစ်များ၊ ဖြစ်စဉ်များကို ပြန်လည် လှုပ်ခါကာ နောက်ထပ်တဖန် ဆန်းစစ်လေ့လာရန် (အင်္ဂလိပ် အခေါ်အဝေါ်ဖြင့် ပြောဆိုလျက်ရှိသော Unsettle၊ destabilize၊ problematize စသဖြင့်) ဖြစ်သင့်သည်။
    မိမိလေ့လာဖြစ်သော မဟာဝိဇ္ဇာ စာတမ်းအချို့ တွင် “တိုင်းရင်းသား ၁၃၅ မျိုးရှိသည်” ဆိုသည့်အချက်ကို problematize ခြင်း၊ unsettle ပြီး တဖန်ပြန်လည် လေ့လာခြင်းမဟုတ်ပဲ ၁၃၅ ဆိုသည်ကို ပေတံသဖွယ်သုံးကာ ဒေသတစ်ခုတွင် မည်သည့် တိုင်းရင်းသား အရေအတွက် မည်မျှရှိသည်၊ မည်သည့်အုပ်စုများ ရှိသည်၊ ဤအုပ်စု အောက်တွင် ဤတိုင်းရင်းသားများရှိသည်၊ စသဖြင့်တင်ပြထားသည်ကို သတိပြုမိသည်။
    ထိုသုတေသနစာတမ်းများတွင် စာတမ်း၏ အဓိကအခြေခံအကြောင်းအရာဖြစ်သည့် “တိုင်းရင်းသား” ဆိုသည့် “ဝေါဟာရ” ကို အခြေခံကျကျပြန်လည်ဆန်းစစ်ခြင်းမရှိ၊ ၁၃၅ မျိုးမည်သို့ မည်ပုံဖြစ်လာသည်ဆိုသည့် “ဖြစ်စဉ်” ကိုပြန်လည် ဆန်းစစ် ခြင်းမရှိ။ သိနှင့်ပြီးသား အုပ်စု ၁၃၅ မျိုးဆိုသည့်အချက်ပေါ်အခြေခံပြီး ဤတိုင်းရင်းသားတွင် မည်သည့်အုပ်စုများပါသည်၊ လူဦးရေးမည်မျှရှိ သည် စသည့် အချက်အလက်များကို ကောက်ထားသည်ကိုတွေ့ ရသည်။
    သို့ ရှိရာ ၁၃၅ မျိုးရှိသည်ဟူသည့်အချက်ကို ဘုရားပေး ကျမ်းပေးအလား ရှေးပဝေဏသီကတည်းက ရှိခဲ့သကဲ့သို့ မှတ်ယူကြသည်။ အမှန်မှာ ထို ၁၃၅ မျိုး သတ်မှတ်ချက်သည် social construction ဖြစ်သည်။ အကြမ်းဖျင်း ရှင်းရလျှင် social construction ဆိုသည်မှာ ပါဝါ၊ လူ့ အဖွဲ့ အစည်းအနေအထား၊ ရည်ရွယ်ချက် တခုခု စသည်တို့ ကို အခြေခံပြီး လူတွေက ဖန်တီးထားခြင်းဖြစ်သည်။ ၁၃၅ မျိုး သတ်မှတ်ချက်မှာ အစိုးရက သူ့ ရည်ရွယ်ချက်နှင့်သူ၊ သူ့ နည်းသူ့ စနစ်ဖြင့်သူ သတ်မှတ်ထားခြင်းဖြစ်သည်။ သို့ ရှိရာ သုတေသန စာတမ်းများသည် အစိုးရ သတ်မှတ်ချက်ကို ဘုရားပေးကျမ်းပေး အမှန်တရားကဲ့သို့  မှတ်ယူရမည်မဟုတ်ပါ။ မည်သည့်ရည်ရွယ်ချက်၊ မည်သည့် နည်းနာများဖြင့်၊ မည်သို့ သတ်မှတ်ခဲ့သည်၊ မည်သို့ စာရင်းသွင်းခဲ့သည်၊ မည်သူ့ အကျိုးအမြတ် အတွက် လုပ်ခဲ့သည်၊ မည်သူတွေနစ်နာခဲ့သည်၊ မည်မျှမှန်ကန်ပြီး၊ မည်မျှတရား မတရားခဲ့သည်၊ မရည်ရွယ်ထားသော ကြိုမတွက်ထားသော ဆိုးကျိုးမည်သို့ ရှိသည်၊ စသဖြင့် လေ့လာဆန်းစစ်ရမည်ဖြစ်သည်။
    (၂) Social construction နှင့် ပတ်သက်သည့် နောက်ထပ်အချက်တစ်ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးခေါင်းဆောင်များ ရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တိုင်းရင်းသား ၁၄၄ မျိုးရှိသည်ဟုဆိုသည်။ ၁၉၇၃ ခုနှစ် လူဦးရေ စစ်တမ်းကောက်ယူရန် လူဝန်မှုကြီး ကြပ်ရေးမှ ကောက်ယူသော စာရင်းတွင် တိုင်းရင်းသား ၁၄၃ မျိုးဟုဆိုသည်။ ဗိုလ်ချုပ်စောမောင်လက်ထက်တွင် ၁၃၅ မျိုးဟု တဖန်လုပ်ပြီး ယခုဦးသိန်းစိန်လက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးအသစ်ပြန်ကောက်သည့် စာရင်းအရ တိုင်းရင်းသားလူမျိုး ၁၀၁ (သို့ ) ၁၀၀ ဟု ဆိုသည်။ တိုင်းရင်းသား စာရင်းများအား ပြန်လည် ဆန်းစစ် လေ့လာသည့် ဂါမဏိ ရေးသားသော ဆောင်းပါးတွင်မူ တိုင်းရင်းသား ၅၀ ကျော်သာရှိသည်ဟုဆိုသည်။ ၁၉၅၀ ခုနှစ်များအတွင်း တက္ကသိုလ်များအကူ အညီဖြင့် အစိုးရမှ ကောက်ခံခဲ့သော စာရင်းများတွင် တိုင်းရင်းသားလူမျိုး ၅၀ ကျော်ဟုသာဆိုပြန်သည်။ သေချာ သည်မှာ အလွဲကြီး လွဲနေသည်။
    သုတေသနပြုစုသူများအနေဖြင့် ပြန်လည် အဖြေရှာရမည့်အချက်များမှာ – (က) လိုတိုးပိုလျော့ ဘာကြောင့်ဖြစ်နေ ရတာလဲ၊ (ခ) စံ၊ မူ၊ လူ၊ ရည်ရွယ်ချက်၊ စစ်တမ်းစနစ် မှားယွင်းမှု စတဲ့ အချက်တွေ ဘယ်လိုဖြစ်ခဲ့လို့ လဲ၊ စသဖြင့် ဖြစ်သည်။
    ကောက်ခံ ပြုစုရာတွင် မှားယွင်းစွာ စာရင်းသွင်းကောက်ခံခြင်း၊ အုပ်စုတူသော်လည်း အမည်ကွဲများဖြင့် စာရင်းကောက်ခံခဲ့ခြင်း၊ ကွင်းဆင်းမှတ်တမ်း ကောက်ခံ သူများသည် ဖြေ ဆိုသူများပြောသည့်အတိုင်း မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း အချို့ ကထောက်ပြသည်။ တိုင်းရင်းသား အဖွဲ့ အစည်းနှင့် ခေါင်းဆောင်အချို့  ကလည်း အစိုးရအဆက်ဆက်မှ တိုင်းရင်းသားများအား သွေးခွဲရန် အမျိုးတူအုပ်စုကို လူမျိုးခြားများအဖြစ် ခွဲထုတ်စာရင်းသွင်း ထားခြင်းဖြစ်သည်ဟုဆိုသည်။ မှားသည်မှန်သည် မဆုံးဖြတ်လိုပါ။ ယခုအချိန်တွင် စင်ပြိုင် အိုင်ဒီယာများ (competing ideas) နှင့်ပတ်သက်၍ critical လူမှုရေးသပ္ပံသုတေသနများ လိုအပ်နေသည်မှာတော့ သေချာ သည်။
    – “တိုင်း” “ရင်း” “သား”
    “တိုင်းရင်းသား” ဆိုသည့် ဝေါဟာရကို သီအိုရီအရ အတိုချုံး ဆက်လက်တင်ပြပါမည်။
    မြန်မာနိုင်ငံတွင် တိုင်းရင်းသားကို အင်္ဂလိပ်လို national races ဟု သုံးနှုန်းသည်။ ထိုအသုံးအနှုန်းသည် ကိုလို နီခေတ်ကအသုံးအနှုန်းဖြစ်ပြီး concept အရ မှားသည်။ ယခုခေတ် လူမှုရေးသပ္ပံ concept များနှင့် ယှဉ်စဉ်း စားပါကလည်း မကိုက်ညီတော့ပေ။ Race သည် biological difference (အသားအရောင်၊ ကော်ကေးရှန်း၊ အာဖရိကန် စသဖြင့် ဇီဝဗေဒခြားနားမှု) ကို ရည်ညွန်းသည်။ Nationalities ဆိုသည့် ဝေါဟာရသည်လည်း နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီတော့ပေ။ နိုင်ငံတကာတွင် Nationality ဆိုသည့် ဝေါ်ဟာရကို နိုင်ငံသားဟု ယေ ဘုယျ သုံးလျက်ရှိသည် (ဥပမာ ပြည်ဝင်ခွင့်ဗီဇာဖောင်များ)။
    မြန်မာပြည်ရှိလူမျိုးစုများ၏ ခြားနားချက်မှာ biology ထက် ယဉ်ကျေးမှု (ဓလေ့ထုံးစံ၊ ဘာသာစကား၊ အလေ့အထ၊ နေ့ တဓူဝ အပြုအမူစသဖြင့်) ကွဲပြားကြခြင်းဖြစ်သည်။ နိုင်ငံတကာတွင် “Ethnic” ဟုခေါ်သည်။ သို့ ရှိရာ race နှင့် အက်သနစ်ကွာခြားချက်မှာ race သည် ဇီဝဗေဒနှင့်ဆိုင်ပြီး အပြောင်းအလဲခက်သည်။ အက်သနစ်မှာ အစဉ်ပြောင်းလဲလျက်ရှိပြီး အက်သနစ် ကွာခြားမှု (Ethnic difference) ကို အင်္ဂလိပ်လို “socially constructed differences” ဟုအဓိပ္ဗါယ်ဖွင့်ကြသည်။
    မြန်မာနိုင်ငံတွင် အက်သနစ် (Ethnic) နှင့် မူရင်းဌာနေလူမျိုး (Indigenous or Native) ကိုရောထွေးကာ တိုင်း ရင်းသား (“တိုင်း” “ရင်း” “သား”) ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ သို့ ရှိရာ ရောထွေးကုန်ပြီး အုပ်စုတစ်စုသည် “တိုင်း” ရဲ့ လား၊ ဘယ် “တိုင်း” လဲ၊  အ“ရင်း”အခြာရဲ့ လား၊ “သား” ရဲ့ လား စသဖြင့် လုံးထွေးကုန်သည်။
    အက်သနစ်ဆိုသည်မှာ လူစု (cultural group) ပင်ဖြစ်သည်။ အက်သနစ်ကို မဆက်ခင် culture ဆိုသည့် စ ကားလုံးကို ရှင်းဖို့ လိုသည်။ မြန်မာစကားတွင် culture ကို လူအုပ်စုတစ်စု၏ ယဉ်ကျေးမှု (သို့ ) ထုံးတမ်းစဉ်လာ ဟု ဘာသာပြန်သဖြင့် ဒုက္ခရောက်တော့သည်။ ထုံးတမ်းစဉ်လာကို မပြောင်းရဟု သတ်မှတ်သဖြင့် Culture ကို လည်း မပြောင်းရဟု ဖြစ်လာသည်။ အမှန်မှာ culture ဆိုသည်မှာ မပြောင်းမလဲရမဲ့ လူတွေရဲ့  နှစ်ပေါင်း ထောင် ချီ ဓလေ့ထုံးတမ်းစဉ်လာကို ဆိုလိုခြင်းထက် လူအုပ်စု၏ နေ့ တဓူဝ လုပ်ကိုင်နေထိုင်နှင့် အပြုအမူ အယူအဆ သာဖြစ်သည်။ အရှင်းဆုံးဆိုရလျှင် Culture ဆိုသည့်အသုံးအနှုန်းမှာ လူမျိုးစုတွေအတွက်သာ သက်ဆိုင်သည်မ ဟုတ် လူစုလူဝေးတိုင်းမှာ သူ့  culture နှင့် သူရှိသည်။ အမူအကျင့်ဟုသာ ဆိုပါစို့ ။ ဥပမာ ဆိုင်ရာဆိုင်ရာ ကျောင်းသားများမှာလည်း သူ့ ကျောင်း၊ မေဂျာ၊ နေရာ သဖြင့် အပေါ်လိုက်ပြီး သူ့ culture နှင့် သူရှိသည်။ ဥပမာ တချို့ ကျောင်းသား အုပ်စုများတွင် လူမှုရေးဖက်အလေးထားပြီး တချို့ ကျောင်းသားများတွင် ပညာရေး (အတန်း စာ) ကိုပိုအရေးပေးသည်။ လူမှုရေး (သို့ ) အတန်းစာ ကို အလေးပေးတာသည်ပင် ထိုကျောင်းသားအုပ်စုများ၏ culture ဖြစ်သည်။ အခြေအနေနှင့် လူအပေါ်မူတည်ပြီး ထို အမူအကျင့်များမှာလည်း ပြောင်းလဲသွားတတ်သည်။
    အက်သနစ်သည်လည်း ထိုနည်းတူပင်။ အပြုအမူ အယူအဆ သတ်သတ်မှတ်မှတ် ရှိတဲ့ လူစုလူဝေးကို ခေါ်ခြင်း ဖြစ်သည်။ လူတစုတွင်ဘာသာ၊စကား၊ လူအများပြုကျင့်သည့် ဓလေ့ထုံးတမ်း စသဖြင့်အုပ်စုတစ်ခု၏ သွင်ပြင် လက္ခဏာများရှိပြီး လူအစုအဝေးပြ စရာရှိပါက ထိုအုပ်စုသည် အက်သနစ်ဖြစ်သည်။ လူစုလူဝေးတစ်ခုဖြစ်သည်။ ထိုအုပ်စု၏ characteristics (သို့ ) identity ခေါ် ၀ိသေသလက္ခဏာများသည် ရာသက်ပန် တည်ငြိမ်မှုမရှိနိုင်ပါ။ ထိုဝိသေသ လက္ခဏာများသည် culture ပေါ်အခြေခံထားခြင်းကြောင်းဖြစ်သည်။
    အုပ်စုဝင်များ ကိုယ်တိုင်လည်း ယဉ်ကျေးမှု၊ ဓလေ့ထုံးစံစသည်တို့ ကို လှေနံဓားထစ်ဆုတ်ကိုင်မထားပါ။ သူ့သဘောသဘာဝအရ စီးပွားရေး၊နိုင်ငံရေး စသဖြင့် လိုအပ်ချက်ပေါ် မူတည်ပြီးပြောင်းလဲခြင်း၊ပြင်ခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်းစသဖြင့် လုပ်လေ့ရှိသည်။ ဥပမာ ဘာသာစကားဆိုပါစို့ ။ မြန်မာပြည်တွင် ဗမာ တိုင်းရင်းသားများနှင့် အထိ စပ်များသည့် ရှမ်းဒေသများတွင် ရှမ်းစကားပြောရာတွင် ဗမာစကားလုံးများကို တွဲပြောတတ်ပြီး ထိုင်းမြောက်ပိုင်းသို့ ပြောင်းရွေ့ လာသော အခါ ထိုင်း စာလုံးများနှင့်တွဲပြောကြသည်။ ရှမ်းလူမျိုးများ အလေးထားသည့် ကျားဓာတ်ပုံ ပန်းချီကားများကို ထိုင်းဘုရင်မိသားစုပုံနှင့်အတူအိမ်တွင် ချိတ်ဆွဲကြသည်။ အမေကျော် ဒွေးတော်လွမ်းကာ ထိုင်းဘုရင်မိသားစုပုံချိတ်ခြင်းမဟုတ်။ ဘုရင်ပုံရှိလျှင် ရဲမဖမ်းသဖြင့် နိုင်ငံကူး လက်မှတ် မရှိသော ရှမ်းအလုပ်သမားများက သူတို့ လုံခြုံရေးအတွက် လက်တွေ့ ကျသော ရည်ရွယ်ချက်ဖြင့် ချိတ်ဆွဲခြင်းဖြစ်သည် (အမှန်တကယ် လေးစားတာလည်းဖြစ်နိုင်သည်)။
    ထို့ အတူ ရှမ်းလူမျိုးများ၏ ထုံးစံတခုဖြစ်သည်ဟုယူဆထားသည့် ဆေးမင်ကြောင်ကို ထိုင်းတွင် အလုပ်လုပ်နေသော ရှမ်းအလုပ်သမားများ အနေဖြင့် ရဲဖမ်းခံရခြင်းမှ ရှောင်ရှားရန် ၀ှက်ထားတတ်၊ ဖျက်ထား တတ်ကြသည်။ ရှမ်းစကားထက် ထိုင်းစကား သာပြောကြသည် (ရှမ်းနှင့် ထိုင်းစကား ဆင်တူသည်)။ အ၀တ်အစားများကို ထိုင်းများနှင့်တူအောင် ၀တ်စားဆင်ယင်ကြသည်။ အားလုံးသည် အမေကျော်ဒွေးတော် လွမ်းခြင်းမဟုတ်၊ ရဲဖမ်းခြင်းမှ ရှောင်ကြဉ်ရန်၊ အလုပ်ရှင်နှင့် ဈေးဝယ်သူများ ခွဲခြားနှိမ်ချခြင်းမှာ ရှောင်ကြဉ်ရန်ဖြစ်သည်။ (ethnic identity၊ ယဉ်ကျေးမှု၊ ဘုရင်မိသားစုဓာတ်ပုံ၊ ဆေးမင်ကြောင်နှင့် အ၀တ်အစားဝတ်တာ ဘာမှမဆိုင်ဟု ငြင်းခုန်လိုသူများ ရှိချင်ရှိလိမ့်မည်။ ဤအချက်ကို အခြားစာတမ်းတွင် အလျဉ်းသင့်ပါက ဆွေးနွေးပါမည်)။ ထိုင်းနိုင်ငံရောက် ရှမ်းများနေထိုင်ပုံနှင့် အိုင်တန်တတီ (၀ီသေသလက္ခဏာ) ကို University of California (Berkeley) မှ လူမှုရေးသီ အိုရီပညာရှင် Judith Butler ၏ ဝေါဟာရဖြင့် performative identity ဟု ခေါ်ဆိုနိုင်သည်။ အခြေအနေအရ အိုင်ဒန်တတီကို performing (ဖျော်ဖျေထုတ်ဖော်ပြသ) လုပ်သည်ဟုနားလည်နိုင်သည်။ ဤအချက်သည် အိုင်ဒန်တတီ၏ အရေးကြီးသော သဘောသဘာဝတခုပင်ဖြစ်သည်။ (culture ဆိုသည့် concept နှင့် ယှဉ်စဉ်းစား ပါ)။
    ဆိုလိုရင်းမှာ အက်သနစ် လူအုပ်စုတစ်စု၏ အပြုအမူ၊ အလေ့အထများသည် အမြဲထာဝရ တည်မြဲနေသည်မ ဟုတ်။ လူမှုရေးပညာရှင် Stuart Hall အရဆိုရလျှင် Ethnic identity ဆိုသည်မှာ ဖြစ်တည်ခြင်း “being” သာမဟုတ်၊ ဖြစ်လာခြင်း “becoming” လည်းဖြစ်သည်။ အိုင်တန်တတီများသည် အမြဲတရားသေမဟုတ်ကြောင်း၊ အုပ်စုတစ်စုကိုသတ်မှတ်သည့် သတ်မှတ်ချက်များသည် အမြဲပြောင်းလဲနေကြောင်း၊ အုပ်စုတွင်းရှိလူများကလည်း ဓလေ့များ အပြုအမူများပြောင်းလဲကြောင်း ကချင်လူမျိုးအကြောင်းလေ့လာသည့် Edmond Leach က၁၉၅၀ကတည်းကထောက်ပြပြီးဖြစ်သည်။ ချင်းနှင့်ကယားလူမျိုးအကြောင်းလေ့လာသည့် Dr. FK Lehman (aka) Chit Hlaing ကလည်း၁၉၇၀အတွင်းက အလားတူထောက်ပြပြီးဖြစ်သည် (FK Lehman နှင့် Edmond Leach ရာနှုန်းပြည့်သဘောမတူကြသော်လည်း ဓလေ့များ လက္ခဏာများပြောင်းလဲသည့်အချက်ကို နှစ်ယောက်လုံးထောက်ပြသည်)။
    ထို့ ကြောင့် အခြေအနေအရ ပြောင်းလဲသွားရသည်ကို လိမ်သည် ညာသည်လည်းကောင်း၊ မစစ်တော့ဟုလည်း ကောင်း သတ်မှတ်၍မရပါ။ ထိုင်းရောက်နေသည့်ရှမ်းများအား ရှမ်းအစစ်မဟုတ်တော့၍ မြန်မာနိုင်ငံမှရှမ်း ဟုမသတ်မှတ်တော့ပဲ မြန်မာနိုင်ငံသားမပေးတော့ဟု ခွဲခြားမရပါ။အခြေအနေနှင့် အချိန်ပြောင်းလဲလာခြင်းအရ နေ့ စဉ်ပြုမှုလိုက်စားမှုများလည်း ပြောင်းလဲလျက်ရှိရာ အုပ်စုတစ်စုအား ဤသို့ ဖြစ်သည်၊ ဤသို့ ရှိရမည်ဆိုကာ တရားသေသတ်မှတ်ခြင်းသည် မှားယွင်းသည်။ ဖြစ်လာခြင်း (သို့ ) “ဖြစ်စဉ်” ကို လျစ်လျူရှုပြီး ဤတိုင်းရင်းသား သည် ဤသို့  ဤမည်ဖြစ်သည်ဟု တရားသေမှတ်ယူထောက်ပြသော သုတေသနသည် ခေတ်ပညာရှင်များလက်မခံနိုင်တော့သည့် Essentialist study ဖြစ်သည်။
    – Social Construction
    အက်သနစ်သည် Social construction ဖြစ်သည့်အတွက် အုပ်စုတစ်စု၏ အမည်မှအစ အစစ အရာရာတိုင်း သည် ကံယာကံရှင်များ ကိုယ်တိုင်ဖန်တီးထားခြင်း (နှင့်/သို့ ) ပြင်ပမှ အဓမ္မညွန်းခြင်း (နှင့်/သို့ ) ကံယာကံရှင်များကိုယ်တိုင်ဆန့် ကျင်ခြင်း၊ ပြင်ဆင်ခြင်းဖြစ်သည်။ ဥပမာအက်သနစ်အမည်ဖြစ်သည့် ရှမ်း (သို့) သျှမ်းမှာ ယခင့်ယခင်ကမရှိခဲ့ပါ။ရှမ်းများက ယခုထက်ထိသူတို့ကိုယ်သူတို့တိုင်း (Tai) ဟုခေါ်သည်။ ရှမ်းပြည်ကိုမုံးတိုင်းဟုခေါ်သည်။ ကိုလိုနီခေတ်ပတ်ဝန်းကျင်တွင် ရှမ်းများနှင့် လူမျိုးချင်းနီးစပ်သည့် တိုင်းလူမျိုးများနေထိုင်သည့် စယမ် (Siam) – ယခုထိုင်းနိုင်ငံ – ကိုအခြေပြုပြီးစယမ် – စယမ်ဆိုရာမှ တဖြည်းဖြည်းပြောင်းလဲလာကာ Shan (သျှမ်း)ဆိုပြီးဖြစ်လာသည်။ ပတ်ကညောမှ ကရင်၊ကယားလီမှ ကယားမှ ယခု ကရင်နီ (Karenni)၊ ဂျိမ်းဖော် အုပ်စုတစုမှ အစချီပြီး ကချင်စသည့် အမည်များဖြစ်လာသည်။ ဘာသာစကား ဆိုလျှင်လည်း ယခင်က ကရင်နီ စာပေမရှိခဲ့သော်လည်း ယခုကရင်နီ ဘာသာစာပေ အသစ်ကို၂၀၁၁ တွင် ကွယ်လွန်သွားသည့် ကရင်နီခေါင်းဆောင်ဟောင်း ထယ်ဗူးဖဲက တီထွင်ခဲ့သည်။ သို့ ရှိရာ အုပ်စုနာမည် အပါအ၀င် အခြားအရာများ ပြောင်းလဲခြင်း ပတ်သက်ပြီး အမှားအမှန်၊ ယခင်ရှိမရှိစသည့် အငြင်းပွားချက်များသည် social construction သဘော သဘောဝကို သတိမမူပဲ ငြင်းခုန်နေခြင်းဖြစ်သည်။
    တိုင်းရင်းသားအုပ်စုများ ခွဲရာတွင်လည်း နာမည်တစ်မျိုးဖြင့် လူမျိုးငယ်တခုသည် လူမျိုးကြီး တစ်ခုအောက်တွင် ပါသည် စသဖြင့် ရေးသားကြသည် (ဥပမာ ဓနုနှင့် ရှမ်းကို ရှမ်း လူမျိုးအောက်တွင် ထည့်ထားသည်ကို ဘုရားပေး အမှန်တရားကဲ့သို့  ယူဆကြသည်)။ အမှန်မှာ ရှမ်းနှင့် ဓနုသည် လူမျိုးမတူသကဲ့သို့  ဘာသာစကားလည်းမတူပါ။ သို့ သော် ဓနုများသည် “ရှမ်းလူမျိုး” အောက်ရောက်နေသည်။ ထိုသို့  ထည့်ထားခြင်းသည် တရားသေ အမှန်တရား အရှိတရား မဟုတ်ပါ။ စစ်တမ်းကောက်သူများ၊ အစိုရများက စစ်တမ်းကောက်ချိန်က သူ့ ရည်ရွယ်ချက်၊ သူ့ စနစ်၊ သူ့ နားလည်မှုအရ  မှတ်တမ်းတင်ထားခြင်း၊ သတ်မှတ်ထားခြင်း၊ စစ်တမ်းကောက် ထားခြင်းဖြစ်ရာ မှားချင်မှားနေပေမည်။
    မြန်မာနိုင်ငံရှိတိုင်းရင်းသားများအုပ်စုခွဲခြင်းကို မြန်မာအစိုးရချည်း စိတ်ထင်ရာခွဲထားသည်မဟုတ်။ ကိုလိုနီခေတ် ကပင် ကိုလိုနီအရာရှိများ၊ ခရီးသွား မနုသဗေဒ ပညာရှင်ဆိုသူများက သူတို့ နားလည်သည့် အတိုင်း၊ အင်္ဂလိပ်အစိုး ရအတွက် လေ့လာအုပ်စု ခွဲသွားခြင်းဖြစ်ပြီး ဦးနေ၀င်း လက်ထက်မှ ပြန်လည် အုပ်စုထပ် ခွဲခြင်းဖြစ်သည်။ အုပ်စုခွဲမှု နှစ်မျိုးလုံးတွင် လေ့လာသူများက သူတို့ စိတ်တိုင်းကျလေ့လာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒေသခံလူမျိုးစုများကို တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ ဆန္ဒကောက်ခံခြင်း အလျဉ်းမရှိခဲ့။ သူတို့ အမြင်အတိုင်း “သွပ်သွင်း” ခဲ့ကြခြင်းဖြစ် သည်။
    ထိုစစ်တမ်းများတွင် လူမျိုးကြီးတခု အောက်ရောက်နေသော လူမျိုးတခုသည် ထိုလူမျိုးကြီးနှင့် အုပ်စုချင်း လူမျိုးချင်း ဘာသာ စကားချင်း တူချင်မှတူမည်။ စစ်တမ်းတွင် နာမည် တမျိုးမျိုးဖြင့်ရေးထားသော လူမျိုးသည် အမှန်တကယ် ဟုတ်ချင်မှဟုတ်မည်။ စစ်တမ်းတွင် ကျန်ခဲ့သော (သို့ ) ချန်ခဲ့သော လူမျိုးသည်လည်း တိုင်းပြည်နှင့် မသက်ဆိုင်ဟု အော်တိုမစ်တစ် ယူဆ၍မရ။
    ဆိုလိုရင်းမှာ တိုင်းရင်းသားသည် social construction ဖြစ်သကဲ့သို့  အုပ်စုခွဲခြင်းသည်လည်း social construction ဖြစ်သည်။ ဘုရားပေး ကျမ်းပေး ပဝေဏသီ သမိုင်းပေး အမှန်တရား အရှိတရားမဟုတ်။ လူမှုရေး သပ္ပံသုတေသနများသည် ဤကဲ့သို့ သော ဖြစ်စဉ်များကို စမ်းစစ်ရမည် ဖြစ်သည်။
    – Ethnic Vs. Indigenous
    အက်သနစ်သည် Indigenous (မူရင်းဌာနေလူမျိုး) နှင့်ကွာသည်။ ကနေဒါနိုင်ငံတွင် Red Indian (သို့ ) Native Canadian (သို့ ) First Nations ဟုခေါ်သော လူမျိုးများသည် Native (သို့ ) Indigenous (မူရင်းဌာနေလူမျိုး) များဖြစ်သည်။ “ဖြစ်သည်”ဟုဆိုခြင်းထက် “သတ်မှတ်သည်”ဟုဆိုပါက ပိုမှန်မည်။ နှစ်ထောင်ပေါင်း များစွာ ကတည်းက ကနေဒါတွင်နေထိုင်နေသူများဖြစ်သည့်အတွက် မူရင်းဌာနေ လူမျိုးဟု သတ်မှတ်ထားခြင်းဖြစ်သည်။ နောက်ပိုင်းမှ ၀င်ရောက်လာသည့် ဗီယက်နမ်၊မြန်မာ၊ အာရဗ်၊ တရုတ်၊ ကိုးရီးယား၊ အီသီယိုးပီးယန်း စသဖြင့်တို့ကို အက်သနစ်ဟုခေါ်သည်။ ဘာသာ၊ စကား၊ ဓလေ့နှင့် လူစုလူဝေး ဖြင့် ရှိ နေခြင်းကြောင့် အက်စနစ် ဟုသတ်မှတ်ထားသည်။ Ethnic Communities of Canada ခေါင်းစဉ်အောက်တွင် အိုင်းရစ်၊တရုတ် ၊ဗီယက်နမ်စသဖြင့် ပါဝင်သည်။ (ဥပမာ ကနေဒါအစိုးရ အင်တာနက်စာမျက်နှာကို ကြည့်နိုင်သည်။ http://www.statcan.gc.ca/bsolc/olc-cel/olc-cel?catno=89-621-X&CHROPG=1&lang=eng)။ ထိုလင့်ခ်တွင်ဖော်ပြထားသော ကိုးရီးယား၊ ဗီယက်နမ် စသည့် လူစုများမှာ မူရင်းဌာနေလူမျိုးများ မဟုတ်ပဲ၊ အက်သနစ်တွေဖြစ်ပြီး နိုင်ငံသား စည်းကမ်းနှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရကြသည်။
    အင်တီးဂျီးနက်စ်ဟု သတ်မှတ်ခြင်းသည်လည်း ဘုရားပေး ကျမ်းပေး မဟုတ်။ ပြသနာမရှိမဟုတ်။ ငြင်းခုန်နိုင်သော ကိစ္စဖြစ်သည်။ လူအုပ်စု တစ်စုသည် နေရာဒေသ တစ်ခုတွင် အချိန်ကြာရှည်စွာနေထိုင်လာပြီး သူတို့ သည် အင် တီးဂျီးနက်စ်ဖြစ်ပြီး အခြားအုပ်စုတစ်စု၏ အင်တီးဂျီးနက်စ်ဖြစ်မှုကို ဆန့် ကျင်ကောင်း ဆန့် ကျင်လိမ့်မည်။ သို့ ရှိ ရာ အုပ်စုတစု အင်တီးဂျီးနက်စ် ဟုတ်သည် မဟုတ်သည်ဆိုသည်မှာ စင်ပြိုင်တောင်းဆို ရုန်းကန်မှု ဖြစ်သည်။ သို့ သော် လူမှုရေးသိပ္ပံ သုတေသနပြုသူများ သတိပြုရမည်မှာ အာဒမ်နှင့် ဧ၀မှ လူသားများ ဆင်းသက်လာသည်ဟူသည့် ဘာသာရေးအယူဝါဒကို လက်ခံသည်ဖြစ်စေ၊ ဒါဝင်၏ Evaluation theory ကို လက်ခံသည်ဖြစ်စေ လူသားများသည် တနေနေရာမှ လက်ရှိနေရာသို့  ရွေ့ ပြောင်း လာကြခြင်းဖြစ်သည်။ မြေအောက်မှ ထိုးထွက်လာခြင်း မဟုတ်၊ ကောင်းကင်မှ ဆင်းလာခြင်း မဟုတ်။ အုပ်စုတိုင်းသည် သမိုင်း တချိန်ချိန်တွင် ဒေသ တခုခုသို့  ရွေ့ ပြောင်းလာသည့် migrant group များဖြစ်ရာ အင်တီးဂျီးနက်စ်ဖြစ် မဖြစ်ဆိုသည့်အချက်မှာလည်း အုပ်စုပေါ်မူတည်ပြီး၊ အချိန်အခါပေါ် မူတည်ပြီး ငြင်းခုန်ရနိုင်သည်။ သို့ ရှိရာ သုတေသနပြုသူများ အနေဖြင့် အုပ်စုတစ်စုအား ထောက်ခံပြီး အခြားအုပ်စုအားဆန့် ကျင်ခြင်းမျိုးကို ရှောင်ရန် အရေးကြီးသည်။ သုတေသနပြုစုရာတွင် အုပ်စုတစ်စုစုဖက်မှ ရပ်တည်ခြင်းထက် ထိုအုပ်စုများ မူရင်းဌာနေ လူမျိုးအဖြစ် အသိအမှတ်ပြုရန် မည်သို့ မည်ပုံ လှုပ်ရှားတောင်းဆိုသည်၊ စဉ်းစားသည်၊ သက်သေထူသည် စသည့်ကိစ္စရပ်နှင့် ဖြစ်စဉ်တို့ ကို ဓမ္မဒိဌာန်ကျစွာ မျှမျှတတ လေ့လာတင်ပြရန် လိုသည်။
    အထူးသဖြင့် Critical social science သုတေသနပြုလိုသူများအနေဖြင့် သိပြီးသား ဗဟုသုတများ၊ နားလည်မှု များ၊ အချက်အလက်များကို problematize (or) unsettle ပြီး လူတိုင်းအတွက် လူမှုရေးတရားမျှတမှု (social justice) နှင့် progressive change ကို ရှေးရှုပြီး နားလည်မှု အသစ်၊ ရှင်းလင်းချက်အသစ်များကို ရှာဖွေဖော် ထုတ် တင်ပြနိုင်ရမည်။
  • စက်တင်ဘာ ၁၀ နိုင်ငံတကာနှင့် ပြည်တွင်း သတင်းတို
    စက်တင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    တရားစီရင်ရေးစနစ် အကျင့်ပျက်ခြစားမှုအား စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းသွားမည်
    အကျင့်ပျက် ခြစားမှုများ အမြစ်တွယ်နေသည့် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အား ပြည်သူများနှင့် သတင်းမီဒီယာများ ပါဝင်သော တရားရုံး ခြစားမှုများ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို ဖွဲ့စည်းသွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ တရားသူကြီးတချို့နှင့် ရှေ့နေများ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ နှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးမှ တာဝန်ရှိသူများ ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာ(၇)ရက်နေ့က ပြုလုပ်ခဲ့သော တရားစီရင်ရေးမဏ္ဍိုင် အားကောင်းလာစေရေး ဆွေးနွေးပွဲမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    ———————–
    စစ်တပ်၏ သဘောထား ၆ ရပ် ငြိမ်းချမ်းရေး ဖြစ်စဉ် အဟန့်အတားဖြစ်နိုင်ဟု တိုင်းရင်းသားအဖွဲ့များပြော
    အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်စေနိုင်သည့် အကြောင်းရပ်တစ်ခု ရှိလာပြီး ၎င်းမှာ အပတ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးနောက်မှ တပ်မတော်မှ ထုတ်ပြန်ကြေညာလိုက်သည့် လူမသတ်ရန်၊ အဓမ္မ တပ်စုဆောင်းခြင်းမပြုရန်၊ ဆတ်ကြေးမကောက်ရန်၊ တပ်နေရာသစ် တိုးချဲ့တည်ဆောက်ခြင်းမပြုရန်၊ မဟာမိတ်တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်းမပြုရန်၊ အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်နှင့် တပ်မတော်၏ အုပ်ချုပ်မှုအောက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမပြုရန်ဆိုသည့် သဘောထား ၆ ချက်မှာ မျှတမှု မရှိသည့်အတွက် ဖြစ်သည်ဟု ဧရာဝတီသတင်း တရပ်မှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
    ————————
    အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေကြောင့် မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ခဲ့ရတယ်လို့ ပြောဆိုလိုက်တဲ့ ဦးဝီရသူ
    ၂၀၁၂-ခု ဇွန်လကစတင်ပြီး ၂၀၁၃-ခု သြဂုတ်လအထိ ဘာသာရေးအရ အကြမ်းဖက်မှုတွေဖြစ်ပေါ်လာပြီးသည့်နောက်ပိုင်း ပထမဆုံးအနေနဲ့ ဦးဝီရသူမှ ဘာသာရေးအဆောက်အဦးတွေမှာ လုံခြုံရေးတာဝန်ရှိသူတွေ အမြဲရှိနေရန်နှင့် အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်များကြောင့်သာ မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတာလို့ ဦးဝီရသူမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ပြောဆိုလိုက်ကြောင်း RFA သတင်းစာမျက်နှာကို ကိုးကား၍ တင်ပြလိုက်ရပါတယ်။
    ———————-
    ၉၆၉ကို ငြင်းပယ်တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ချုပ် သေနတ်ထောက်ပြီးဖွဲ့ထားတဲ့အဖွဲ့ဟု ဦးဝီရသူ တုံ့ပြန်
    ၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာကွန်ရက်တွေဟာ ဗုဒဘုရားရှင်ရဲ့ အမှတ်အသားကို ကိုယ်စားမပြုသလို အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဟာ သေနတ်နဲ့ထောက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့လို့ ဦးဝီရသူက စက်တင်ဘာ ၁ဝရက်နေ့မှာ တုံ့ပြန်လိုက်တယ်လို့ ကမာရွတ်မီဒီယာက တင်ဆက်ထားတဲ့ ရုပ်သံသတင်းတပုဒ်မှ သိရှိရသည်။
    ———————-
    ဆီးရီးယားကိစ္စ မဲခွဲရန် ဆီးနိတ်တွင် ရွှေ့ဆိုင်းခဲ့ပြီးနောက် သံတမန် နည်းလမ်းဘက် အိုဘားမား ပြန်လှည့်လာ
    Obama to consider Syria disarmament plan
    ဆီးရီးယားတွင်ရှိနေသည့် ဓာတုလက်နက်များအား ဖျက်ဆီးပစ်ရန်အတွက် ရုရှားဘက်မှ အဆိုပြုချက်အား စဉ်းစားမည်ဟု အိုဘားမားက ယမန်နေ့ပြောကြားခဲ့ပြီး စစ်ရေးအရ အရေးယူရန် အတွက် နိုင်ငံရေးထောက်ပံ့မှုကို ထည့်သွင်းပြောကြားခဲ့သည်။
    အိုဘားမား၏ အဆိုပါမှတ်ချက်မှာ ဆီးရီးယားအား ၀င်ရောက် တိုက်ခိုက်ရန် ကိစ္စအတွက် အမေရိကန်ဆီးနိတ်တွင် မဲခွဲမည့် အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
    ထိုမှတ်ချက်အား စတင်ပြောကြားခဲ့သူမှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဂျွန်ကယ်ရီဖြစ်ပြီး ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်အနေဖြင့် ဆီးရီးယားရှိ ဓာတုလက်နက်များအား လွှဲပြောင်းပေးခဲ့ပါက စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ရန် မလိုအပ်ဟု သတင်းထောက်များအား ဖြေကြား ခဲ့ခြင်းဖြစ်သည်။
    အစပထမတွင် အမေရိကန်အုပ်ချုပ်ရေးပိုင်းက ဂျွန်ကယ်ရီ၏ မှတ်ချက်မှာ အရေးမပါဟုပြောဆိုခဲ့သော်လည်း နာရီပိုင်းအကြာတွင်ပြုလုပ်ခဲ့သည့် အမေရိကန်ရုပတ်သံ ၆ ခုနှင့် အင်တာဗျူးတွင် အိုဘားမားက ထိုကဲ့သို့ သံတမန်နည်းလမ်းကို ရှာဖွေအသုံးပြုသင့်သည်ဟု ဖြေကြားခဲ့သည်။
    Ref:aljazeera
    ————————–
    အီရန်-ဂျပန် လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးပွဲတစ်ခုပြုလုပ်မည်
    1184765_587915257917615_27774196_n
    အီရန်အစ္စလာမ့်မစ်သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံပေါ်လစီများ၊ အမြင်များကို ဖလှယ်ရန်အစည်းအဝေးတစ်ခုပြုလုပ်မည်ဟုသိရသည်။
    ဂျပန်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာဗျူရို လက်ထောက်ဒါရိုက်တာဖြစ်ပြီး ကုလသမ္မဂရေးရာ ဂျပန်သံတမန် ဂျွန်ရှိမီက ဦးဆောင်မည်ဖြစ်ကာ အီရန်နိုင်ငံကိုယ်စားလှယ်အဖွဲ့ကို အီရန်နိုင်ငံခြားရေးရာလူ့အခွင့်အရေးနှင့် အမျိုးသမီးရေးရာဌာန အထွေအထွေ ဒါရိုက်တာ မန်ဆူရေ ရှာရီဖီ ဆာဒ်ရ် ကဦးဆောင်ဖြစ်ပြီး အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဒီကနေ့ ကျင်းပမည်ဖြစ်သည်။
    Ref : presstv
    ————————–
    ဂွာတီမာလာတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက် လူ ၄၃ ဦးသေဆုံး
    1256535_587873151255159_1627601979_n
    ဂွာတီမာလာနိုင်ငံအနောက်ဘက်ရှိမြို့တော် ဂွာတီမာလာစီးတီးနှင့် ၆၅ ကီလိုမီတာကွာဝေးသည့် San Martin Jilotepeque ဒေသတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး မနေ့က တိမ်းမှောက်ခဲ့ကာ အနီးရှိချောက်တစ်ခုထဲသို့ ပြုတ်ကြခဲ့ပြီး အနည်းဆုံး ၄၃ ဦးသေဆုံးခဲ့ကာ ၄၀ ဦး ဒဏ်ရာရခဲ့သည်ဟုသိရသည်။
    အဆိုပါဘတ်စကားမှာ Chimaltenango ဒေသမှ San Martin Jilotepeque သို့ ဦးတည်မောင်းနှင်နေခြင်းဖြစ်ပြီး တိမ်းမှောက်မှုအကြောင်းအရင်းကို အတိအကျမသိရေသေးပေ။
    Ref : bbc
    ————————–
    ဖိလစ်ပိုင်တွင် လေယာဉ်တစ်စင်းပျောက်ဆုံး
    ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသတွင် ယနေ့နံနက်ပိုင်းက ကိုယ်ပိုင်လေယာဉ်ငယ်တစ်စင်း ပျောက်ဆုံးခဲ့သည်ဟု ဖိလစ်ပိုင်မီဒီယာများက ဖေါ်ပြခဲ့သည်။
    ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဘီလီရန်ပြည်နယ်ရှိတောင်ထူထပ်သည့် အီမလ်ဒါ ရွာအနီးတွင်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ပျက်ကျခဲ့ခြင်းဟုတ်မဟုတ်ကိုမူ ဆက်လက်စုံစမ်းနေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    Ref : xinhua
    ————————–
    ပါကစ္စတန်သမ္မတသစ်ကျမ်းကျိန်
    1236954_587831727925968_1845957249_n
    အစ္စလာမ်မာဘတ်ရှိ သမ္မတအိမ်တော်တွင် ယမန်နေ့က ကျမ်းကျိမ်ခဲ့ပြီးနောက် မမ်မွန် ဟူစိန်မှာ ပါကစ္စတန်နိုင်ငံ၏ ၁၂ ယောက်မြောက်သမ္မတဖြစ်လာခဲ့သည်။ အဆိုပါကျမ်းကျိန်ပွဲကို ပါကစ္စတန်နိုင်ငံတရားသူကြီးချုပ် အစ်ဖ်တီခါ မိုဟာမက် ချောင်ဒရီ က ဦးစီးကျင်းပြခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန် ၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်၊ ကတ်ဘိနတ်ဝန်ကြီးများ ပြည်နယ်လေးခုမှ ၀န်ကြီးချုပ်များ၊ ယခင် သမ္မတနှင့် ၀န်ကြီးချုပ်ဟောင်းများ၊ တရားသူကြီးဟောင်းများ စသဖြင့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ အသက် ၇၃ နှစ်အရွယ်ရှိ ဟူစိန်မှာ ၀န်ကြီးချုပ်နာဝဇ်ရှရစ်ဖ်နှင့် နီးစပ်သော ဆက်ဆံရေးရှိပြီး သမ္မတအဖြစ် ငါးနှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
    Ref : xinhua
    ————————–
    ကင်ညာ ဒု-သမ္မတ တရားရင်ဆိုင်ရန် နိုင်ငံတကာ ရာဇ၀တ် ခုံရုံးသို့ ထွက်ခွာ
    1187075_587837234592084_1897869115_n
    ကင်ညာနိုင်ငံ၏ ဒုတိယသမ္မတ ၀ီလီယံရူတိုမှာ လူသားများပေါ် ကျူးလွန်ထားသည့် ရာဇ၀တ်မှုများအတွက် တရား ရင်ဆိုင်ရန် နိုင်ငံတကာ ရာဇ၀တ် ခုံရုံးသို့ ထွက်ခွာသွားပြီဟု သိရသည်။
    အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ၀ီလီယံမှာ လွန်ခဲ့သည့် ငါးနှစ် ရွေးကောက်ပွဲအပြီးဖြစ်ပွားခဲ့သည့် အကြမ်းဖက်နှိမ်နှင်းမှုများနှင့် ပက်သက်ကာ တရား ဆွဲဆိုခြင်း ခံခဲ့ရပြီး တရားရင်ဆိုရန် နိုင်ငံတကာ ရာဇ၀တ် ခုံရုံးရှိရာ နယ်သာလန်နိုင်ငံ Hague မြို့သို့ နိုင်ရိုဘီမှ သွားရောက်ခြင်းဖြစ်ကာ သူ၏အမှုအား ဂရင်းနစ် စံတော်ချိန် အင်္ဂါနေ့နံနက် ၇ နာရီတွင် စတင် စစ်ဆေးမည်ဖြစ်သည်။
    Ref : aljazeera
  • စက်တင်ဘာ ၁၀ အားကစားသတင်းများ
    စက်တင်ဘာ၊ ၁၀
    M-Media
    မိုယက်စ်က မိမိအားမန်ယူ၌ ဆက်ရှိနေစေခဲ့သည်ဟု နာနီဆို
    Nani-Manchester-United_2984847
    မကြာသေးခင်က မန်ယူအသင်းနှင့် ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်သည့် ပေါ်တူဂီ ကွင်းလယ်လူ နာနီက အသင်း နည်းပြသစ် ဒေးဗစ်မိုယက်စ်မှာ ၎င်းအား မန်ယူအသင်းတွက် ဆက်ရှိနေစေရန် စည်းရုံးခဲ့သည်ဟု ပြောကြားလိုက်သည်။
    နာနီမှာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ထွက်ခွာမည်ဟု သတင်း ထွက်လာခဲ့သေးသည်။
    ၎င်းနှင့်ပက်သက်သည့်မိုယက်စ်၏ ဆုံးဖြတ်ချက်ကို ကြားသိပြီးနောက် သူ့အားကမ်းလှမ်းလာသည့် အသင်းအားလုံးကို ပယ်ချခဲ့သည့် နာနီက “မန်ယူနဲ့ စာချုပ်သစ်အတွက် ကျနော်ကျေနပ် အားရမိပါတယ်။
    ဒီနွေရာသီဟာ လွယ်ကူတဲ့နွေရာသီတော့မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် မိုယက်စ်နဲ့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ အဲဒါ(သက်တမ်းတိုးတာ)ဟာ အကောင်းဆုံးအဖြေပဲလို့ ကျနော်ယုံကြည်ခဲ့ပါတယ်” ဟု Daily Mirror သတင်းစာသို့ပြောကြားခဲ့သည်။
    Ref:skysports
    ______________________________
    အိုဇေးလ်မှာ အာဆင်နယ်တွင်တောက်ပလာမည်ဟု ဖာဘရီဂတ်စ်ဆို
    အာဆင်နယ်အသင်း၏ ကွင်းလယ်လူဟောင်းဖြစ်ခဲ့ပြီး လက်ရှိဘာစီလိုနာအသင်းတွင်ကစားနေသည့် ဖာဘရီဂတ်စ်က အာဆင်နယ်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် ဂျာမန်ကွင်းလယ်လူ မီဆုအိုဇေးလ်မှာ အာဆင်နယ်တွင် တောက်ပလာလိမ့်မည်ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။
    အိုဇေးလ်၏အပြောင်းရွှေ့နှင့်ပက်သက်ပြီး ဖာဘရီဂတ်စ်က “ကောင်းပါတယ်။ သူရဲ့ကစားပုံဟာ အာဆင်နယ်နဲ့ အံဝင်ခွင်ကျပါပဲ။ ပရီးမီးယားလိဂ်ဆိုတာ အဝေးဘောတွေကို အားပြုကစားတဲ့ လိဂ်တစ်ခုဖြစ်ပြီး သူဟာ အဲဒီလို ကောင်းကောင်းကစားတတ်သူပါ။
    ခင်ဗျားတောင် သေသွားပါလိမ့်မယ်။ ဒါ(သူ့ရဲ့ကစားပုံကို) ကို ရီးယဲလ်အသင်းမှာ ကျနော်တွေ့ပြီးပါပြီး သူဟာ ဂိုးသွင်းဖို့ဘောလုံးအပို့ကောင်းသူပါ။ ပရီးမီယားလိဂ်မှာ သူဟာပိုပြီး ဘောလုံးပေးပို့မှုတွေလုပ်နိုင်မှာပါ” ဟု Al Primer Toque သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    Ref: Goal.com
    ______________________________
    မန်ယူအသင်းမှာ ဟွေမင်ဆန်အား လိုချင်ခဲ့သည်ဟု အေးဂျင့်ဖြစ်သူပြော
    တောင်ကိုရီးယားတိုက်စစ်မှူး ဟွေမင်ဆန်၏ အေးဂျင့်ဖြစ်သူက ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းမှာ ဟွေမင်ဆန်အား ခေါ်ယူလိုခဲ့သော်လည်း ဟမ်းဘတ်အသင်းတွင်ကစားနေသည့် ဟွေမင်ဆန်မှာ မန်ယူ၏ ကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီး ၎င်း၏တိုးတက်မှုအတွက်လေဗာကူဆင်အသင်းသို့ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    “မန်ယူက ဆန်နီ(ဟွေမင်ဆန်) ကို ခေါ်ယူချင်ခဲ့ပါတယ်။ တော်တော်ကိုနှစ်နှစ်ကာကာရှိခဲ့ပြီး ဟမ်းဘတ်အသင်းနဲ့လည်းဆွေးနွေးပြီးခဲ့ပါပြီး။ မန်ယူရဲ့စိတ်ဝင်စားမှုက သူ့(ဟွေမင်ဆန်)ကို ဂုဏ်တက်စေပါတယ်။
    ဒါပေမယ့် လေဗာကူဆင်က ပိုကောင်းတဲ့ကမ်းလှမ်းမှုဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒါ(လေဗာကူဆင်ရဲ့ကမ်းလှမ်းမှု)ဟာ သူ့အတွက် အဆင်ပြေခဲ့ပါတယ်” ဟု ဂျာမန်သတင်းစာ Bild သို့ ပြောကြားခဲ့သည်။
    Ref: Goal.com
    ______________________________
    ပရိတ်သတ်တွေ ဖယ်လ်ကာအိုကိုမေ့အောင်လုပ်ဖို့ ကျနော်ဒီရောက်လာတာမဟုတ်ပါဘူး (ဒေးဗစ်ဗီလာ)
    David Villa
    အက်သလက်တီကိုမက်ဒရစ်အသင်း၏တိုက်စစ်မှူးသစ် ဒေးဗစ်ဗီလာက အက်သလက်တီကိုသို့ရောက်ရှိလာခြင်းမှာ အသင်းအား တိုးတက်စေရန်အတွက်ဖြစ်ပြီး အသင်းအား အကောင်းဆုံး အကူအညီပေးခဲ့သည့် တိုက်စစ်မှူးဟောင်း ဖယ်လ်ကာအို နေရာအား အစားထိုးရန် ရောက်ရှိလာခြင်းမဟုတ်ဟု ပြောဆိုလိုက်သည်။
    ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုမှာ အက်သက်လက်တီကိုတွင် ၂ ရာသီအတွင်း ပွဲပေါင်း ၉၀ ကစားခဲ့ပြီး ၇၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။
    ဘာစီလိုနာအသင်းမှ အက်သလက်တီကိုသို့ ယူရို ၂.၁ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သည့် ဗီလာက “ဖယ်လ်ကာအိုဟာ အက်သလက်တီကိုအသင်းပရိတ်သတ်တွေရင်ထဲမှာအမြဲတမ်းရှိနေမယ့် အချစ်ဆုံးကစားသမားတစ်ဦးလို့ ကျနော်ယူဆပါတယ်။
    ဒါပေမယ့် သူနဲ့ကျနော်ဟာ ကစားတဲ့ ပုံစံချင်းခြားနားပါတယ်။ ကျနော့်ရဲ့အလုပ်က အသင်းကို တိုးတက်အောင် လုပ်ဆောင်ဖို့ဖြစ်ပြီး ဘယ်ကစားသမားကိုမှ (ပရိတ်သတ်တွေ)မေ့သွားအောင်လုပ်ဖို့မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
    ______________________________
    ကာတာအား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ပေးခဲ့ခြင်းမှာ ဖီဖာ၏ မှားယွင်းမှုတစ်ခုဖြစ်သည်ဟု ဘလတ္တာဝန်ခံ
    1231634_587878647921276_1411169492_n
    ကာတာနိုင်ငံအား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ပေးခဲ့ခြင်းမှာ ဖီဖာ၏ မှားယွင်းမှုတစ်ဖြစ်သည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ဥက္ကဌဖြစ်သူ ဆပ်ဘလတ္တာက ပထမဦးဆုံးအကြိမ်ဝန်ခံလိုက်သည်။
    ထိုကမ္ဘာ့ဖလားပြိုင်ပွဲအား အပူချိန် ၅၀ ဒီဂရီထက်ပိုသည့် နွေရာသီတွင်ကျင်းပရန်စီစဉ်ထားပြီး ဆောင်းရာသီတွင်ပြောင်းလဲကျင်းပရန် ပြိုင်ပွဲစီစဉ်သူများအား ဖျောင်းဖြနိုင်မည်ဟု မျှော်လင့်မိကြောင်း ဘလတ္တတာက ထည့်သွင်းပြောကြားခဲ့သည်။
    ကမ္ဘာ့ဖလားအားဆောင်းရာသီတွင်ပြောင်းရွှေ့ကျင်းပရန်အကြံပြုချက်ကို ဖီဖာအမှုဆောင်ကော်မတီသို့ တင်သွင်းသွားမည်ဖြစ် လာမည်အောက်တိုဘာလတွင် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
    Ref : skysports
    ______________________________
    ရိုးမားတိုက်စစ်မှူး ရော့စီ စီးရီးအေ၏ ၀င်ငွေအကောင်းဆုံးဖြစ်လာ
    ရိုးမားအသင်း၏တိုက်စစ်မှူးဖြစ်သူ ဒန်နီယဲလ် ဒီ ရော့စီမှာ စီးရီးအေ၏ ၀င်ငွေအကောင်းဆုံးဘောလုံးသမားဖြစ်လာခဲ့သည်ဟု သိရသည်။
    အသက် ၃၀ အရွယ်ရှိ ရော့စီမှာ တစ်နှစ်လုပ်ခ ယူရို ၆.၅ သန်းဝင်ငွေဖြင့် ပထမနေရာတွင်ရပ်တည်နေပြီး၊ နာပိုလီတိုက်စ်စမှူး ဂွန်ဇာလိုဟီဂူအင်က ၅.၅ သန်းဖြင့် ဒုတိယနေရာ၌ ရှိနေသည်။
    Ref: Goal.com
    ______________________________
    ဒဏ်ရာမှ သက်သာလာသည့် တိုက်စစ်မှူး ကားရိုးလ် အသင်းနှင့်ပထမဦးဆုံး လေ့ကျင်ခန်းတွင် ပြန်လည်ဒဏ်ရာရ
    ကားရိုးလ်မှာ ပြီးခဲ့သည့်နှစ်က လီဗာပူးလ်အသင်းမှ ၀က်စ်ဟမ်းအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့လာခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ၀က်စ်ဟမ်းက ပေါင် ၁၅ သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့သည်။
    မေလကလည် ခြေဖ၀ါးရိုးကျိုးသည့်ဒဏ်ရာရရှိခဲ့ကာ ယမန်နေ့ကမှ အသင်းနှင့်လေ့ကျင်ခန်းပြန်ဆင်းခဲ့သည့် ကားရိုးလ်၏ ဒဏ်ရာနှင့်ပက်သက်၍ “ယနေ့(တနင်္လာနေ့) အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းတဲ့ ကားရိုးလ် ညာဘက်ခြေထောက်မှာ ဒဏ်ရာရသွားတယ်ဆိုတာကို အသင်းက အတည်ပြုပါတယ်။ ယခင်ဒဏ်ရာရခဲ့တဲ့ခြေထောက်ဖြစ်ပေမယ့် နေရာဟောင်းမှာမဟုတ်ဘဲ နေရာသစ်မှာဖြစ်တာပါ။ ဒါ့ကြောင့် အထူးကုနဲ့ မပြရသေးခင် ရောဂါရဲ့အခြေအနေကို မပြောနိုင်သေးပါဘူး” ဟု ၀က်စ်ဟမ်းအသင်းက ကြေညာချက်ထုတ်ခဲ့သည်။
    Ref: www.mirror.co.uk
    ______________________________
    လူမျိုးရေးခွဲခြားမှုက ဘိုအာတင်းအား အီတလီမှ ထွက်ခွာစေ ခဲ့သည်ဟု ရှော်ကာ အသင်း ဒါရိုက်တာဆို
    Boateng
    အေစီမီလန်အသင်း၏ ကွင်းလယ်လူဟောင်းဖြစ်သူ ကီဗင် ပရင့်စ် ဘိုအာတင်းမှာ အသင်း ပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် ဂျာမန်သို့ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု ရှော်လ်ကာအသင်း၏ ဒါရိုက်တာဖြစ်သူ ပီတာ ပီတားစ် ကပြောဆိုလိုက်သည်။
    နွေရာသီအပြောင်းအရွှေ့တွင် အေစီမီလန်မှ ရှော်လ်ကာအသင်းသို့ ယူရို ၁၀ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သည့် ဘိုအာတင်းမှာ ပြီးခဲ့သည့် ဂျွန်လက အေစီမီလန်အသင်းနှင့် ပရိုပက်ထရီယာအသင်းတို့ ကစားခဲ့သည့် ခြေစမ်းပွဲ တစ်ခုတွင် ပရိုပက်ထရီယာ ပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားမှုများကို ဆိုးရွာစွာ ခံခဲ့ရသောကြောင့် ပွဲကစားနေစဉ် ကွင်းအတွင်းမှ ထွက်ခွာခဲ့သည်အထိ ဖြစ်ခဲ့ရသည်။
    “လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေကြောင့် ဘိုအာတင်းဟာ အီတလီကနေ ထွက်ခွာချင်ခဲ့တာပါ။ အေစီမီလန် ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ၀င်ရောက်ခွင့်ရရင် အသင်းကထွက်ခွာဖို့ ဘိုအာတင်းနဲ့ ဘာလူစကိုနီ(အေစီဥက္ကဌ) တို့ သဘောတူညီထားတာလည်း ရှိပါတယ်။” ဟု ဂျာမန်အားကစားစာစောင် SportBildPlus သို့ ပီတားစ်က ပြောကြားခဲ့သည်။
    Ref: Goal.com
    ______________________________
    ၁၃ ခုမြောက် ဂန်းစလမ်းဖလားအဖြစ် ယူအက်စ်အိုးပင်း ချန်ပီယံဖလားကို ဒုတိယအကြိမ်မြောက် ကိုင်မြှောက်ခွင့်ရခဲ့တဲ့ နာဒယ်လ်
    Rafael Nadal
    ယခုနှစ် ဂရန်းစလမ်း ပြိုင်ပွဲများ၏ နောက်ဆုံးပြိုင်ပွဲ တစ်ခုဖြစ်သည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုသားဗိုလ်လုပွဲစဉ်များကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Flushing Meadows တင်းနစ်ကွင်းတွင်ယမန်နေ့ညက ယှဉ်ပြိုက်ကစားခဲ့ပြီး စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်က ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်အား အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။
    ကမ္ဘာ့အဆင့် ၂ ရာဖေးလ်နာဒယ်လ်မှာ ကမ္ဘာ့အဆင့် ၁ နိုဗက်ဂျိုကိုဗစ်အား အကြိတ်အနယ်ကစားကာ ၆-၂၊ ၃-၆၊ ၆-၄၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်က ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ယခု ဒုတိယအကြိမ်မြောက် ချန်ပီယံဖြစ်လာခြင်းဖြစ်သည်။
    “သိပ်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီလိုဗိုလ်စွဲတာဟာ ကျနော့်အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိလဲဆိုတာ ကျနော့်အဖွဲ့သားတွေ အားလုံးသိကြပါတယ်” နာဒယ်လ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    ယခုပွဲတွင်ဗိုလ်စွဲခဲ့ခြင်းမှာ နာဒယ်လ်၏ ကစားသမားသက်တမ်း တစ်လျှောက်ရရှိခဲ့သည့် ၁၃ ခုမြောက် ဂရန်းစလမ်းဆုဖလားဖြစ်သည်။
    Ref:Sky Sports
    Photo: Getty Images
  • (၁၁)ကြိမ်မြောက် မျက်လုံးရိုင်း ပန်းချီ ပြပွဲ ကျင်းပ
    စက်တင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    ဆူးထက်
    14
    ရန်ကုန် ။ ။ (၁၁)ကြိမ်မြောက် မျက်လုံးရိုင်း ပန်းချီ ပြပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်း၊ လောကနတ်ပန်းချီ ပြခန်း၌ စက်တင်ဘာ ၉-ရက်နေ့မှ ၁၄-ရက်နေ့အထိ နံနက် ၉-နာရီမှ ၅-နာရီအတွင်း ခင်းကျင်း ပြသထားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
    “ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ပြီးတော့ ကျွန်တော်တို့ ရှင်သန်နေထိုင်ရသော မျက်မှောက်ခေတ် ‘ရှင်သန်နေသော ဘ၀’ ဆိုသည်ကို ကျွန်တော်တို့ သိမြင်နားလည်ကြရမယ်။ ပန်းချီဆရာဟာ အဲဒီ့သိမြင်နားလည်မှုနဲ့ ခံစားမှုတို့နဲ့ ပန်းချီရေးတယ်။ မျက်လုံးရိုင်း ပန်းချီပြပွဲကို မျက်မှောက်ခေတ် အနုပညာ သို့မဟုတ် ခေတ်ပြိုင် အနုပညာပြပွဲ ( Contemporay Art Exhibition ) ဟု အမည်ပေးဖွင့်ဆိုထားတယ်။ ကျွန်တော်တို့ ပန်းချီပြပွဲမှာ အနုပညာ ပုံသဏ္ဍာန် အမျိုးမျိုး၊ နည်းဝါဒ အမျိုးမျိုးကို မြင်တွေ့ကြရမှာ ဖြစ်တယ်။ ‘ယနေ့ခေတ်နှင့် အပြိုင် ရှင်သန်ရသော ဘ၀’ ယနေ့ခေတ်၊ ယနေ့ လူသားဘ၀ ဆိုသည်ကို အဓိကထား ဖော်ထုတ် ဖန်တီးခြင်းဟာ (Contemporay Art) ရဲ့ အနက်အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးရိုင်း ပန်းချီပြပွဲဟာ ခေတ်ကို မျက်မှောက်ပြုသော၊ ခေတ်ပြိုင် အနုပညာများကိုသာ တတ်စွမ်းသမျှ ဖန်တီး တင်ဆက်သွားမှာ ဖြစ်ပါတယ်” ဟု မျက်လုံးရိုင်း ပန်းချီပြပွဲ စီစဉ်သူမှ မီဒီယာများသို့ ပြောကြားသည်။
    “၁၉၄၇ခုနှစ်၊ နိုဝင်ဘာလမှာ ပန်းချီပြပွဲကို စတင်တည်ထောင်ခဲ့ပါတယ်။ ထွက်ပေါက်များဆိုတဲ့ တိုင်ကီကို ကျွန်တော် လုပ်ထားတာပါ။ ဦးလေးတို့ ကြီးပြင်းခဲ့ရတဲ့ ဗိုလ်ချုပ်နေ၀င်း လက်ထက်တုန်းက တံခါးပိတ် ၀ါဒ ကျင့်သုံးခဲ့တဲ့ ဆိုရှယ်လစ် ခေတ်ကာလ ကို ပုံဖော်ထားတာပါ။ ဟိုကလည်း ၀င်လို့မရ၊ ဒီကလည်း ထွက်လို့မရခဲ့တဲ့ အဲဒီကာလမှာ ထွက်ပေါက်တွေ ရှိတယ်ဆိုတဲ့ ခံစားချက်ကို ပုံဖော်ထားတာပါ။ ” ၀ါရင့်ပန်းချီ ပြပွဲကို စတင်တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သော ဦးဆန်းမင်းက M-Media သို့ပြောသည်။
    မျက်လုံးရိုင်း ပန်းချီပြပွဲတွင် ရန်ကုန်၊ မန္တလေး၊ လက်ပံတန်း၊ ကျောက်ပန်းတောင်း စသည့် ပန်းချီဆရာ (၁၆) ဦး၏ ပန်းချီ ကားပေါင်း (၈၀)အား ချိတ်ဆွဲ ပြသ ရောင်းချလျက်ရှိကြောင်း သိရသည်။
    ဓါတ်ပုံများကို FB တွင် ကြည့်ရှု့လိုလျှင် http://goo.gl/RoqABX
  • ဓါတ်ဆီ/ဒီဇယ်တွေကို ဘယ်လိုထိထိရောက်ရောက် ဖြည့်သုံးမလဲ?
    စက်တင်ဘာ ၁၀၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်
    petol
    ၁။ ညမိုးချုပ် (ဒါမှမဟုတ်) မနက်စောစာ ဆီဖြည့်ပါ
    မနက်စောစော ဆီဖြည့်ရင် ဆီဆိုင်ရဲ့မြေအောက်ဆီခန်းဟာ အေးနေပါတယ်။ ကြမ်းပြင်အေးလေ ဆီကပိုသိပ်သည်းလေ ဖြစ်ပါတယ်။ အပူချိန် တစ်ရာခိုင်နှုန်းလောက် ပြောင်းသွားတာနဲ့ တစ်လီတာချင်းရဲ့ ပမာဏမတူတော့ပါဘူး။
    ၂။ ဆီတိုင်ကီ တစ်ဝက်ကုန်တာနဲ့ ဆီပြန်ဖြည့်ပါ
    ဆီတိုင်ကီမှာ တစ်ဝက်လောက် ကျန်တာနဲ့ ပြန်ဖြည့်ခြင်းဟာ ဆီအငွေ့ပျံခြင်းကို သက်သာစေပါတယ်။ တိုင်ကီထဲမှာ ဆီပိုရှိရင် လေနည်းနည်းပဲ ရှိနိုင်လို့ဖြစ်ပါတယ်။ ဆီတွေဟာ ကျွန်တော်တို့ထင်တာထက် ပိုမြန်မြန် အငွေ့ပြန်ပါတယ်။
    ၃။ ဆီဖြည့် မမြန်ပါစေနဲ့
    ဆီဖြည့်ပန့်တွေမှာ အနှေး၊ ပုံမှန်နဲ့ အမြန်ဆိုပြီး ၃ မျိုးဖြည့်လို့ရပါတယ်။ အမြန်နဲ့ ဆီဖြည့်တဲ့ အခါမှာ ဆီတွေနဲ့အတူ အငွေ့တွေပါ ပါလာတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အနှေးနဲ့ ဆီဖြည့်ပြီး ဆီများများပိုယူလိုက်ပါ။
    ၄။ ဆီဆိုင် ဆီချနေတဲ့အချိန် ဆီမဖြည့်ပါနဲ့
    ဆီဆိုင်ကို ဆီကားတွေနဲ့ ဆီချနေတဲ့အချိန်မှာ ဆီဆိုင်ရဲ့ကန်အောက်မှာ အနည်ထိုင်နေတဲ့ အညစ်အကြေးတွေဟာ အနည်ထလာပြီး သင့်ကားထဲဝင်လာမှာပါ။ ဒါဆိုရင်တော့ ဆီအရနည်းတဲ့အပြင် အင်ဂျင်ပါ နာပြီပေါ့။
    ၅။ လေပေါင်ချိန် မှန်အောင် ထိန်းထားပါ
    ဘီးလေပေါင်ချိန်ကို ၂ ပတ် တစ်ခါလောက် စစ်သင့်ပါတယ်။ လေပေါင်ချိန်မှန်ရင် ကားမောင်းတဲ့အခါ ပွန်းပြီးဆွဲရတာ သက်သာစေပြီး မိုင်များများပိုသွားနိုင်ပါတယ်။ ဒရိုင်ဘာခုံကို လှန်လိုက်ရင် လေပေါင်ချိန်ကိုပြတဲ့ မီတာတစ်ခု ပါတတ်ပါတယ်။
    ၆။ ဆားဗစ်ပုံမှန်လုပ်ပါ
    ကားဆားဗစ်လုပ်တိုင်း ၃ ခုကို အမြဲလဲပါ။ ဆီ၊ ဆီစကာ (Oil filter) နဲ့ လေစကာ (Air filter)
    ၇။ Spark Plug တွေကိုလဲပါ
    ၅ နှစ်တိုင်း Spark plug တစ်ခုလဲပါ။ အပေါစားမဟုတ်ပဲ အရည်အသွေးကောင်းတဲ့ အော်ရဂျင်နယ်နဲ့လဲပါ။ ဆီလောင်ကျွမ်းမှုကို ကောင်းစေပြီး ဆီစားသက်သာစေတဲ့အပြင် Air-Con ကောင်းကောင်း အလုပ်လုပ်စေပါတယ်။
    ၈။ မလိုတဲ့ ပစ္စည်းတွေ ကားထဲထည့်မထားပါနဲ့
    ကားပေါ်မှာ ရှိတဲ့ပစ္စည်းတိုင်းအတွက် ဆီပိုကုန်တာမို့ မလိုတာတွေ ကားထဲကနေ ထုတ်ထားဖို့လည်း အရေးကြီးပါတယ်။
    အခုပဲ အသုံးချပြီး ဟုတ် မဟုတ် ကော်မန့်တွေ ပေးကြပါဦး။
    ကိုးကား – GK