News @ M-Media

Author: M-Media

  • မွတ်စလင်များအပေါ် တဖက်စောင်းနင်း မီဒီယာ ဘက်လိုက်မှုများအား ပိတ်ပင်သည့် ဥပေဒေမူကြမ်း တစ်ရပ်ကို ဖိလစ်ပိုင် လွှတ်တော်အမတ် တစ်ဦးထုတ်ပြန်

    စက်တင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    Pangalian Balindong
    လူနည်းစု မွတ်စလင်များပေါ်တဖက်စောင်းနင်း မီဒီယာများ၏ ဘက်လိုက်မှုများအား ရှုတ်ချကာ ရာဇ၀တ်မှုဖြင့် သံသယ ရှိသူများအား ၎င်းတို့၏ ဘာသာတရားများဖြင့် ဆက်နွယ်၍ မီဒီယာများမှ ဖော်ပြမှုများကို တားမြစ်ရန် ဥပဒေမူကြမ်းတစ်ခုကို ဖိလစ်ပိုင်အမတ်တစ်ဦးက အဆိုပြုခဲ့သည်ဟု သိရသည်။ ထိုဥပဒေမူကြမ်းအား ထုတ်ပြန်ခဲ့သူမှာ ဖိလစ်ဖိုင်နိုင်ငံ Lanao del Sur ပြည်နယ် ဒုတိယခရိုင် ကိုယ်စားပြု အမတ်ဖြစ်သူ ရှေ့နေ Pangalian Balindong ဖြစ်ပြီး “ရာဇ၀တ်မှုနဲ့ သံသယဖြစ်သူတွေကို သူတို့ရဲ့ ဘာသာ တရားတွေ ဒါမှမဟုတ် သူတို့ရဲ့လူမျိုး၊ ဓလေ့ ထုံးစံတွေနဲ့ မီဒီယာတွေမှာ ယှဉ်တွဲဖေါ်ပြတာ လက်တွေ့မှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။

    သူတို့ဟာ မွတ်စလင် အကြမ်းဖက်သမား ဒါမှမဟုတ် မွတ်စလင်မ် ဓါးမြတွေဆိုပြီးဖော်ပြကြပါတယ်။ ဒါတွေဟာ တော်တော့်ကို တဖက်စောင်း နင်းနိုင် လွန်းတယ်ဆိုတာ ပေါ်လွင်နေပါတယ်” ဟု ဖိလစ်ပိုင် သတင်းစာ တစ်စောင်ဖြစ်သည့် Inquirer.net သို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

    House Bill 1447 ဟုအမည်ရသည့် အဆိုပါ ဥပဒေမူကြမ်းကို ပြုစုခဲ့ပြီး ဥပဒေပြင်ပမှ လုပ်ရပ်များအားပြုလုပ်သူများအား ဖေါ်ပြရာတွင် “မွတ်စလင်” “ခရစ်ယာန်” စသဖြင့် ရေးသားမှုများအား တားမြစ်ရန် ပါဝင်သည်ဟု တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref : onislam

  • အယ်လ်ဘေးနီးယား နိုင်ငံ နှင့် အစ္စလာမ်သာသနာ

    စက်တင်ဘာ ၁၀ ၊ ၂၀၁၃
    M-Media
    ရှာဖွေတင်ဆက်သူ- ဂျူလိုင်ရဲရင့်

    ကမ္ဘာ့နိုင်ငံများမှ မွတ်စလင်များ ကဏ္ဍ

    Flag_of_Albania
    (ပုံ- အယ်လ်ဘေးနီးယား နိုင်ငံတော်အလံ)

    ၂၀၁၁ ခုနှစ် လူဦးရေ စစ်တမ်းအရ အယ်လ်ဘေးနီးယားနိုင်ငံ၏ ၅၈.၇၉ % မှာ အစ္စလာမ်သာသနာဝင်များ ဖြစ်ပြီး၊ နိုင်ငံ၏ အကြီးမားဆုံး ဘာသာရေးဖြစ်သည်။ အယ်လ်ဘေးနီးယား မွတ်စ်လင်မ် အများစုမှာ လောကီဆန်သည့် စွန္နီများဖြစ်ကာ ဘခ်တာရှီ ရှီအဟ်အနည်းစု ပါဝင်သည်။ ခရစ်ယာန်ဘာသာသည် လူဦးရေပမာဏ၏ ၁၆.၉၉ % ရှိပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံး ဘာသာရေးဖြစ်သည်။ ကျန်ရှိပမာဏမှာ အခြားဘာသာရေး အုပ်စုများ နှင့် ဘာသာမဲ့များ ဖြစ်၏။ အော်တိုမန်အင်ပါယာအောက်၌ရောက်ရှိစဉ်က အယ်လ်ဘေးနီးယား နိုင်ငံသားအများစုသည် အစ္စလာမ်သို့ ကူးပြောင်းလာခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ဘာသာရေး အစဉ်အလာ အားလုံးကို ယိမ်းယိုင်စေသည့် ဘုရားမဲ့ဝါဒသည် ဆယ်စုနှစ်များစွာ ခေတ်ထလာခဲ့ပြီး ၁၉၉၁ ခုနှစ်၌ အဆုံးသတ်သွားခဲ့သည်။

    Pew Research Center မှ ပြုစုလိုက်သည့် လတ်တစ်လော လူဦးရေစာရင်းအရ အယ်လ်ဘေးနီးယားရှိ မွတ်စ်လင်မ် ပမာဏမှာ ၇၉.၉ % ဟု သိရသည်။ သို့သော် Gallup poll ၏စာရင်းအရမူ မွတ်စ်လင်မ်သည် ၄၃ %၊ အရှေ့တိုင်း အော်သိုဒေါ့စ်မှာ ၁၉ %၊ ကက်သလစ်က ၁၅ % နှင့် ဘာသာမဲ့သည် ၂၃ % ဟု ဆိုသည်။ ၂၀၁၁ ခုနှစ် လူဦးရေစာရင်း တရားဝင်ကြေငြာချက်၌ ၅၆.၇၀ % မှာ စွန္နီမွတ်စ်လင်မ်၊ ၂.၀၉ % မှာ ဘခ်တာရှီ ရှီအဟ်မွတ်စ်လင်မ်၊ ၁၀.၀၃ % မှာ ကက်သလစ်၊ ၆.၇၅ % မှာ အော်သိုဒေါ့စ်၊ ၀.၁၄ % မှာ ဧမာနွေလ၊ ၀.၀၇ % မှာ အခြားခရစ်ယာန်အုပ်စုများ၊ ၅.၄၉ % မှာ ရောထွေး ယုံကြည်သူများ၊ ၂.၅၀ % မှာ ဘုရားမဲ့ဝါဒီ နှင့် ၁၃.၇၉ % မှာ မိမိ၏ ယုံကြည်ကိုးကွယ်မှုကို မဖော်ပြသူများ ဖြစ်ကြသည်။

    သမိုင်းကြောင်း

    အော်တိုမန်ခေတ်ကာလ

    Baitul Awwal Mosque_ Tirana_ Albania
    (ဓာတ်ပုံ – တီရာနာရှိ ရှေးအကျဆုံးဗလီများအနက်မှ Et’hem Bey ၀တ်ကျောင်းတော်)

    ၁၄ ရာစုတွင် အယ်လ်ဘေးနီးယားသို့ အော်တိုမန်လွှမ်းမိုးမှုဖြင့် အစ္စလာမ် ၀င်ရောက်လာပြီး ခရစ်ယာန်ဝါဒနှင့် အပြိုင် ဖြစ်ခဲ့သည်။ ရိုမန်ကက် သလစ်ချာ့ခ်ျ နှင့် တောင်တန်းဒေသသားတို့၏ ခုခံမှုကြောင့် နိုင်ငံမြောက်ပိုင်းတွင် အစ္စလာမ် ပြန့်ပွားမှု နှေးကွေးသည်။ သို့သော် အလယ်ပိုင်းနှင့်တောင်ပိုင်းတွင်မူ ၁၇ ရာစုနှစ်အကုန်၌ အယ်လ်ဘေးနီးယန်း မွတ်စ်လင်မ်ခေါင်းဆောင်တို့၏ တိုးတက်မှုနှင့်အတူ အစ္စလာမ်အား ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ကြသည်။ အော်တိုမန်အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍ၌ အရေးပါအရာရောက်လှသော  pashas နှင့် beys အမည်ရှိ အယ်လ်ဘေးနီးယန်းမွတ်စ်လင်မ်မျိုးနွယ်နှစ်စုကြောင့် အယ်လ်ဘေးနီးယန်းအများစုအတွက် အလုပ်အကိုင် အခွင့်အလမ်းအားကောင်းခဲ့ကြသည်။

    အယ်လ်ဘေးနီးယားရှိ မွတ်စ်လင်မ်တို့ထံ အဓိကအားဖြင့် အုပ်စုကြီးနှစ်စု ကွဲပြားသည်။ စွန္နီအစ္စလာမ် အုပ်စု နှင့် ၁၈-၁၉ ရာစု အော်တိုမန်ခေတ်ကာလ အတွင်း အယ်လ်ဘေးနီးယားသို့ဝင်ရောက်လာသော ဒရ်ဝေးဇ် လမ်းကြောင်းမှ ဆင်းသက်သည့် ဘခ်တာရှီဆွူဖီ အုပ်စုတို့ဖြစ်ကြသည်။ ဘခ်တာရှီ အုပ်စုဝင်များမှာ လမ်းချော်သူများ အဖြစ် ပုံမှန်မွတ်စ်လင်မ်တို့မှ သတ်မှတ်ကြသည်။ စွန္နီအစ္စလာမ်တို့မှာ နိုင်ငံမြောက်ပိုင်းနှင့်ဗဟိုဒေသများ၌ သမိုင်းနှင့်ချီ၍ အခြေခိုင်ခဲ့ပြီး၊ ဘခ်တာရှီတို့ကို တောင်ပိုင်းရှိ Tosk ဒေသများတွင် အဓိကအားဖြင့် တွေ့ကြရ၏။

    အော်တိုမန်အုပ်ချုပ်မှု ကာလအတွင်း ဘခ်တာရှီဝါဒအားဖြင့် အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်သူ တဖြည်းဖြည်း တိုးပွားလာသည်။ အော်တိုမန် အင်ပါယာ၏ ကုန်သွယ်ရေး၊ ဗျူရိုကရေစီ အုပ်ချုပ်ရေး နှင့် စစ်တပ်ထံမှ အကျိုးအမြတ်များ ခံစားနိုင်၍ဖြစ်သည်။ အော်တိုမန်အုပ်စိုးမှုခေတ်၌ အကျော်ကြား အထင်ရှားဆုံး အယ်လ်ဘေးနီးယား နယ်သားများမှာ – ဒါဝုဒ် ပါးရှား၊ ဟမ်ဇဟ် ကက်စထရွိုက်တီ၊ အိလ်ဂျာ့င်္ဇ ဟော့စ်ဟာ၊ နဇီးမ် ဖရာကူလာ၊ ကော်ပရူလူ မဟာမက် ပါးရှား၊ အလီ ပါးရှား၊ အက်ဒ်ဟမ် ပါးရှား၊ ဟက်စ်ဟီ ရှီဟ်ရတီ၊ ဂူစီယာမှ အလီပါးရှား၊ ဘေရွတ်မှ အီဗ်ရာဟီမ်ပါးရှား၊ ကော်ပရူလူ ဖဇီးလ် အဟ်မဒ်၊ အီဂျစ်မှ မုဟမ္မဒ် အလီ၊ ကာရာ မုဟမ္မဒ် ဘူရှာတီ နှင့် အဟ်မဒ် ကာ့တ် ပါးရှားတို့ဖြစ်ကြသည်။

    လွတ်လပ်ရေး

    Fier_Qender
    (ဓါတ်ပုံအညွန်း –Fier မြို့ရှိ ဗလီဝတ်ကျောင်းတော် တခု)

    အယ်လ်ဘေးနီးယားနိုင်ငံသည် အော်တိုမန်အင်ပါယာလက်အောက်မှ ၁၉၁၂ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၂၀ ရာစုအတွင်း အမျိုးသားရေး တစ်ခေတ်ဆန်း ၀ါဒ နှင့် ဘာသာရေး ဗဟုသုတ ကင်းမဲ့မှုဖြစ်ပေါ်လာပြီး ဒီမိုကရက်တစ်မှသည် ပဒေသရာဇ်စံနစ်၊ ၄င်းနောက် ကွန်မြူနစ် စံနစ်သို့ပြောင်းလဲသွားကာ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့မှာ စံနစ်တကျ ရိုက်ချိုးခံရသည်။ ယင်းမူဝါဒများအရ အစ္စလာမ်သည်လည်း အခြားဘာသာ တရားများ နည်းတူ ဆိုးဝါးသည့် အပြောင်းအလဲများ ဖြစ်သွားရသည်။

    ၁၉၂၃ ခုနှစ် အစိုးရ စီမံကိန်းအရ ခလီဖဟ်စံနစ် နှင့် မယားပြိုင် စံနစ်ကို ဖျက်သိမ်းရန်၊ ထုံးတမ်းစဉ်လာ သမရိုးကျ ၀တ်ပြုမှုပုံဟန်အား အပြောင်းအလဲပြုရန်၊ အော်တိုမန်ခေတ်က မြို့ပြ အမျိုးသမီးတို့အား ဆင်ယင်စေသည့် ဟိဂျာ့ဗ်အမိန့် ကို စွန့်ပယ်ရန် ဆုံးဖြတ်ချက်အပေါ် အယ်လ်ဘေးနီးယန်း မွတ်စ်လင်မ် ကွန်ကရက်မှ တီရာနာ၌ လက်ခံခဲ့ရသည်။

    အဲန်ဗာ ဟော့ရှား (Enver Hoxha) ၏ ကွန်မြူနစ်အုပ်ချုပ်ရေး ကာလအတွင်း မွတ်စ်လင်မ် ဘာသာရေးခေါင်းဆောင် စံနစ် အပါအ၀င် ကက်သလစ်နှင့်အော်သိုဒေါ့စ် ဘုန်းတော်ကြီး စံနစ်အား အမြစ်ပြတ် သုတ်သင်ခဲ့သည်။ ထိုသူသည် ၁၉၆၇ ခုနှစ်တွင် ဘာသာရေးကိုးကွယ် ယုံကြည်မှု မှန်သမျှကို တားမြစ် ပိတ်ပင်၍ အယ်လ်ဘေးနီးယားနိုင်ငံအား ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ဘာသာမဲ့ တိုင်းပြည်အဖြစ် ကြေငြာခဲ့သူဖြစ်သည်။

    ယနေ့သော်ကား အယ်လ်ဘေးနီးယားသည် အစ္စလာမ့်ရေးရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီး (Organisation of Islamic Cooperation – OIC) ၏ အမာခံအဖွဲ့ဝင် ဥရောပနိုင်ငံ ဖြစ်လာသည်။ ၂၀၁၁ ဧပြီလတွင်  ပထမဆုံး အစ္စလာမ့်တက္ကသိုလ် Bedër University အား တီရာနာ၌ ဖွင့်လှစ်နိုင်ခဲ့သည်။

    ( ဂျူလိုင် ရဲရင့် )

    ကိုးကား wiki

  • ‘တိဗက် ခွေးအကြီးစား’ ကို ‘အာဖရိကခြင်္သေ့’ အဖြစ်လိမ်လည် ပြသခဲ့တဲ့ တရုတ်နိုင်ငံက တိရိစ္ဆာန်ရုံ

    M-Media
    Ref: BBC

    China 'dog-lion

    တရုတ်နိုင်ငံက ဟီနန်တိရစ္ဆာန်ရုံမှာ အာဖရိကခြင်္သေ့ အဖြစ် တိရစ္ဆာန်တစ်ကောင်ကို သတ်မှတ်ဖော်ပြခဲ့တယ်။ အဲ့ဒီ သတ္တ၀ါကြီးက ပရိသတ်ရှေ့မှာ ထ,ဟောင်လိုက်တဲ့အခါကျမှသာ လှည့်စားမှုတစ်ခုလို့ ပေါ်လွင်သွားပါတယ်။

    အဲ့ဒီတိရစ္ဆာန်ရုံဟာ ခြင်္သေ့အစစ်နေရာမှာ အမွှေးတို တိဗက် ခွေးအကြီးစား တစ်မျိုးကို အစားထိုးခဲ့ကြောင်း တရုတ်မီဒီယာများက ဆိုတယ်။

    ခြင်္သေ့အစစ်ကို မျိုးပွားဌာနဆီ ပို့ထားခိုက်မှာ လုပ်သား တစ်ဦးပိုင်ဆိုင်တဲ့ခွေးကြီးကို လှောင်အိမ်ထဲ သွင်းထားခဲ့တာလို့ ဟီနန်ပြည်နယ်တိရစ္ဆာန်ရုံ တာဝန်ရှိသူတစ်ဦးက ဖြေရှင်းခဲ့ပါတယ်။

    အလည်ပတ်ရောက်လာတဲ့သူထဲက မိခင်တစ်ဦးဟာ သူ့သားကို ခေါ်ပြစဉ် ထွက်လာတဲ့အသံက ကွဲပြားနေပုံကို သတိထားမိပြီး လှည့်စားမှုကို ရိပ်မိသွားခဲ့တာလို့ Beijing Youth Daily သတင်းစာမှာ ဖော်ပြခဲ့တယ်။

    Louhe city မြို့က အဲ့ဒီတိရစ္ဆာန်ကို လာရောက်သူများအဖို့ အလိမ်ခံရတဲ့အတွက် အမျက်ထွက်ကုန်ကြပါတယ်။

    အာဖရိကခြင်္သေ့ ဆိုပြီး သူ့အရည်အသွေး၊ စရိုက်သဘာဝ နဲ့ အမည်နာမတပ်ထားတဲ့လှောင်အိမ်ထဲက သတ္တ၀ါဆီက ခွေးဟောင်သံကြားရတဲ့အခါ လည်ပတ်သူတို့ အလန့်တကြားဖြစ်သွားခဲ့တယ်။

    နောက်တော့ အဲ့ဒီ အမည်ခံခြင်္သေ့ဟာ အမွှေးရှည် တိဗက်ခွေးကြီး တစ်ကောင်ဖြစ်ကြောင်း အစောင့်များက ဖွင့်ထုတ်ပြောပြခဲ့ကြတယ်။ အဲ့ဒီခွေးကြီးရဲ့ အညိုရောင်မွှေးပွကို တိုနှံ့နှံ့ဖြစ်အောင်လုပ်ပြီး ခြသေ့င်္တစ်ကောင်နဲ့ ဆင်တူအောင်ဖန်တီးထားခဲ့တာ ဖြစ်တယ်။

    ဧည့်သည်အမျိုးသမီး လျူ က “ ဒီတိရစ္ဆာန်ရုံဟာ ကျွန်မတို့ကို လှည့်စားဖို့ကြိုးစားနေတာဘဲ။ ခြင်္သေ့တွေနေရာမှာ ခွေးတွေနဲ့ ပုံမှားရိုက်ထားတာပါ ” လို့ ပြောဆိုခဲ့တယ်။

    ခြသေ့င်္ဟာ မျိုးပွားဌာနကို ပို့ဆောင်ထားရလို့ လုံခြုံရေးစည်းကမ်းချက်များအရ အဲ့ဒီလှောင်အိမ်ထဲ တိဗက်ခွေးကြီးကို ယာယီထည့်သွင်းထား ရတာဖြစ်ကြောင်း တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှူး လျူစုယာက  Beijing Youth Daily ဆီ ပြောကြားလိုက်ပါတယ်။

    ဒါပေမယ့် တခြားတိရစ္ဆာန်တွေမှာလည်း ခေါင်းစဉ်တံဆိပ်နဲ့ လွဲမှားနေတာ ထင်ထင်ရှားရှား ရှိနေပြန်ပါတယ်။ ကျားသစ်နေရာမှာ မြေခွေးဖြူတစ်ကောင် (နဲ့) ၀ံပုလွေနေရာမှာ နောက်ထပ်ခွေးတစ်မျိုးကို တွေ့နေကြရတယ် ဆိုဘဲ။

  • မြန်မာနိုင်ငံတွင်း လူမျိုးရေး အမုန်းပွားမှုများကြောင့် မီဒီယာ လွတ်လပ်ခွင့်ကို ထိန်းချုပ် ကိုင်တွယ်တော့မည်လော ?

    စက်တင်ဘာ ၆ ရက်၊ ၂၀၁၃ ခုနှစ်
    မူရင်းဆောင်းပါးရှင် – Nirmal Ghosh ( Indochina Bureau Chief In Bangkok )
    ဘာသာပြန် – မြင့်မိုရ်မောင်မောင်
    M-Media

    မကြာမြင့်လှသေးသည့်ကာလတစ်ခုက မြန်မာနိုင်ငံ၏စာပေစိစစ်ရေးရုံးခန်းတွင် စစ်အရာရှိလူငယ်တစ်ဦးသည် ထင်ရှားသောမြန်မာစာရေးဆရာတစ်ဦး၏ ဆောင်းပါးပါဝင်သည့် သတင်းစာအား ချေမွကာ ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်၏။  ၄င်းနောက် ဂေါက်ရိုက်တံ တစ်ချောင်းဖြင့် အခန်းထောင့်သို့ ရိုက်လွှတ်လိုက်လေသည်။

    ယခုသော် ဂေါက်ရိုက်တံမှာ ဗီရိုထဲရောက်ရှိနေပြီး စိစစ်တည်းဖြတ်ရေး ဟူသည်မှာလည်း မရှိတော့ပါလေ။

    နှစ်ပေါင်းလေးဆယ်စစ်အုပ်ချုပ်ရေး နောက်ပိုင်းတွင် အရပ်သားအစိုးရမှ အင်တာနက်ကို လွှတ်ပေးလိုက်၏။ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ကိုလည်း ပေးလိုက်၏။ ဤသို့ဖြင့် လိုင်စင်ရ သတင်းစာစောင်ပေါင်း ၃၁ စောင်ထွက်လာလေရာ နေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာမှာ ၁၂ စောင် နှင့် နိုင်ငံပိုင်သတင်းစာ ၄ စောင်အထိ ရှိခဲ့သည်။

    သို့ရာတွင် ပုဂ္ဂလိကမီဒီယာများသည် လွတ်လပ်မှုနှင့်ယှဉ်တွဲနေသော တာဝန်ယူမှုကိစ္စ၌ မကျင့်သုံးနိုင် -မရင့်ကျက်နိုင်သေး။ အထူးသဖြင့် ဘာသာရေးနှင့်လူမျိုးရေးဆိုင်ရာ အကြောင်းများ၌ ဆူလွယ်နပ်လွယ် လမ်းကြောင်းဖက် လျှောက်လှမ်းနေသည်ဟု ဝေဖန်ခံနေရ၏။

    ပုဂ္ဂလိကစာစောင်မီဒီယာများအနေဖြင့် အဆင့်အတန်းရှိရှိ ဆောင်ရွက်မည်၊ ဆူလွယ်နပ်လွယ် ဖော်ပြရေးသားချက်မှ ခွဲထွက်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် အများစုရှိသောနိုင်ငံဖြစ်သော်လည်း မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားချက်များသည် လက်ရှိအခြေအနေအထိ ရောက်ရှိတောက်လောင်လိမ့်မည် မဟုတ်ကြောင်း အချို့က တွေးဆကြ၏။

    ယမန်နှစ် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော လူမျိုးခွဲခြား အကြမ်းဖက်မှုအတွင်း လူ ၁၀၀ ဦးထက်မနည်း သေကြေပျက်စီးခဲ့ရပြီး အိမ်ယာမဲ့သူပေါင်း တစ်သိန်း လေးသောင်းအထိ ရှိခဲ့ရသည်။ ထိုသူတို့အနက် အများစုမှာ လူနည်းစု ရိုဟင်ဂျာ မွတ်စ်လင်မ်တို့ ဖြစ်ကြ၏။

    ယခုနှစ် မြန်မာနိုင်ငံအလယ်ပိုင်း နှင့် မြောက်ပိုင်းတွင်ဖြစ်ပွားသော အကြမ်းဖက်မှုများတွင် သေဆုံးသူ ၅၀ နှင့် ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်သွားရသည်။

    မန္တလေးမြို့ကိုခြေကုပ်ယူထားသည့် ဦးဝီရသူဦးဆောင်သော ၉၆၉ လှုပ်ရှားမှုအဖွဲ့ကဲ့သို့ ဗုဒ္ဓဘာသာဝင် အစွန်းရောက်အုပ်စုတို့သည် မီဒီယာကို လွှမ်းမိုး၍ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှိုင်းလုံးအား ကြီးထွားလာစေခဲ့သည်။

    “ မီဒီယာအများစုကိုကြည့်ယင် အစွန်းရောက်အမျိုးသားရေး နဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေးဖက် ဦးတည်နေတာကို တွေ့နေရတယ်။ ဒါ့ပြင် ဆိုရှယ်မီဒီယာသမားတွေကလည်း ကျင့်ဝတ်နဲ့ဆိုးကျိုးကို အလေးမထားကြဘူး ” ဟု ဧရာဝတီ မဂ္ဂဇင်း၏အယ်ဒီတာဖြစ်သူ ဦးအောင်ဇော်မှ ပြောဆိုသည်။

    တစ်ဖက်စောင်းနင်းဖော်ပြချက်များအဖြစ် တွေးဆနိုင်စရာ သာဓက ၂ ချက် အနည်းဆုံး ရှိနေပေသည်။

    ပြီးခဲ့သည့်လအတွင်း  မြန်မာနိုင်ငံသို့ ကမ္ဘာ့ကုလသမဂ္ဂအထူးသံတမန် သောမတ်စ် အိုဟေး ကင်တားနား ရောက်ခဲ့စဉ်က သူသည် မွတ်စ်လင်မ်တို့အား လွန်ကဲစွာ ရိုသေလေးစားပြီး လူများစုအသိုင်းအ၀ိုင်းကိုမူ ပြည့်ပြည့်၀၀လေးစားသမှု မပြုခဲ့ဟု အလဲဗင်းမီဒီယာကဲ့သို့သော ပုဂ္ဂလိကမီဒီယာအုပ်စုများမှ ပုံဖော်ခဲ့ကြ၏။

    သို့သော် ယင်းတွေ့ဆုံမှုများ၌ လိုက်ပါခဲ့သူတစ်ဦးက ၄င်းမှာ လုပ်ကြံချက်သာဖြစ်လျက် စစ်စစ်၌မူ မိမိမျက်မြင်အရ သံတမန်သည်  ထိုသူများအားလုံးကို တန်းတူညီမျှ ဂါရ၀တရားဖြင့် ဆက်ဆံခဲ့ခြင်းကို တွေ့ရကြောင်း ဆိုခဲ့သည်။

    111

    ပုံအညွှန်း – ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ပြည်လုပ်ခဲ့သည့် မွတ်စ်လင်မ် ပညာရှင်များ နှင့် Unity for Peace Networks ၏ သတင်းစာ ရှင်းလင်းပွဲသတင်းအား The Daily Eleven သတင်းစာမှ မဟုတ်မမှန် လုပ်ကြံသတင်း [Link]

    တစ်ခါ ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခု၌ The Voice Weekly ၏ သတင်းထောက်က မွတ်စ်လင်မ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးလွင်အား နိုင်ငံတော်သီချင်း သီဆိုပြရန် တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက်မှာ လက်ရှိဆွေးနွေးပွဲနှင့် ဆီလျော်အံဝင်မှုမရှိကြောင်း၊ ဂျာနယ်လစ်အား သီးသန့်အားဖြင့် သီဆိုပြမည်ဖြစ်ကြောင်း ဦးအေးလွင်မှ ပြောကြားခဲ့သည်။ သို့သော် နိုင်ငံတော်သီချင်းအား သီဆိုရန် ငြင်းဆန်ခဲ့သည်ဟု သတင်းတွင် ထည့်သွင်းရေးသားဖော်ပြလိုက်လေသည်။

    ဗုဒ္ဓဘာသာဝင်အစွန်းရောက် အမျိုးသားရေးဝါဒီတို့သည် ထိုအချက်ကိုပင် မကြာခဏဆိုသလို ဇောင်းပေးလျက် ရှိကုန်၏။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိမြို့တစ်မြို့တွင် မွတ်စ်လင်မ်တို့၏နေအိမ်နှင့်ဆိုင်များကို မီးတင်ရှို့ကြစဉ်ကလည်း ဗုဒ္ဓဘာသာဝင် အကြမ်းဖက်အုပ်စုမှ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခဲ့ကြသည်။

    London School of Economics ၏ visiting fellow တစ်ဦးဖြစ်သော ဒေါက်တာ မောင်ဇာနည်မှ The Straits Times ထံ ပေးပို့သည့် အီးမေးလ်တစ်စောင်၌ ဤသို့ဖော်ပြခဲ့၏။

    “ မြန်မာစာနယ်ဇင်းသမားအများစုဟာ အစ္စလာမ်အပေါ် တစ်လွဲမြင် အကြောက်လွန်ရောဂါ စွဲကပ်နေပြီး professional အဆင့်မရှိကြဘူးလေ။ ဒါကြောင့် အစွန်းရောက်အမျိုးသားရေးဝါဒကို ပိုပြီးအရှိန်မြှင့်လာအောင် ပရမ်းပတာ ကျင့်ဝတ်မဲ့ဖော်ပြနေတာနဲ့ပတ်သက်ပြီး ကျွန်တော် မအံ့သြမိပါဘူး ”။

    ပကတိတရားကို ပုံဖျက်ရေးသား ဖော်ပြချက်များသည် အာရှ လူ့အဖွဲ့အစည်းများတွင် မထူးခြားလှ။ အထူးသဖြင့် နိုင်ငံရေးနှင့် ဘာသာရေးကို ကွဲပြားအောင်မခွဲခြားတတ်သူများ ကြီးစိုးနေသောအသိုင်းအ၀ိုင်းများ၌ ဖြစ်၏။

    သီရိလင်္ကာနိုင်ငံတွင်လည်း ယမန်နှစ်အစောပိုင်းကတည်းက ဆင်ဟာလာ ဘာသာစကားဖြင့်ဖော်ပြသည့် မီဒီယာ အားလုံးလိုလိုမှ မွတ်စ်လင်မ် ဆန့်ကျင်ရေးကိုသာ တစ်ဖက်သတ်ရေးသား တင်ပြထုတ်ဝေခဲ့ကြသည်။ မြန်မာနိုင်ငံရှိ လူများစု မြန်မာ လူမျိုးများကဲ့သို့ သီရိလင်္ကာ လူများစု ဆင်ဟာလီတို့သည်လည်း မိမိကိုယ်ကို ထေရ၀ါဒဗုဒ္ဓ ဘာသာအား ထိန်းသိမ်းစောင့်ရှောက် ချုပ်ကိုင်ထားသူများအဖြစ် အမြင်ထား ရှိနေကြပေသည်။

    “ အဖုံးအကာကိုဆွဲဖွင့်ပြီး မကျေနပ်ချက်အပေါင်း ပွင့်အံလာမှုရဲ့အဆိုးဆုံးအဖြစ်ကို မြန်မာနိုင်ငံမှာ တွေ့ရပါတယ်။ ဒါ့အပြင် မီဒီယာတွေကလည်း မီးလောင်ရာလေပင့်ကြသေးတယ်။ မုန်းတီးရေး စကားတွေကို ရောင်းစားကြတယ်။ နိုင်ငံရေး သို့မဟုတ် စီးပွားရေးအကျိုးအမြတ်အတွက် မီဒီယာတွေရဲ့ဖောက်ပြန်နေမှုက စိုးရိမ်စရာပါဘဲ ” ဟု တောင်အာရှသတင်း ဦးစားပေးမဂ္ဂဇင်း Himal အား ထုတ်ဝေခဲ့သူ နှင့် Nepali Times ၏ အယ်ဒီတာ ကွန်ဒါ  ဒီဇစ် (Kunda Dixit) မှ ပြောဆိုလိုက်သည်။

    အကြွင်းမဲ့ လွတ်လပ်မှုကို ပြန်လည်ကန့်သတ်ရန် ကြိုးစားသောအားဖြင့် အစိုးရသည် ထုတ်ဝေခွင့် နှင့် လိုင်စင် ရုပ်သိမ်းမှု ဆိုင်ရာ ဥပဒေကြမ်းအား ရေးဆွဲ လိုက်ပြီဖြစ်သည်။

    မြန်မာနိုင်ငံ၏ ဤအနေအထား၌ ဆိုရှယ်မီဒီယာ တာဝန်ပိုင်းဆိုင်ရာ ဥပဒေတစ်ရပ်ကို ပဲ့ထိန်းအဖြစ် အစိုးရနှင့်အတူ အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ကြောင်း မကြာသေးမီက သတင်းအချက်အလက် ၀န်ကြီး ဦးအောင်ကြည် က စာနယ်ဇင်းသမားတို့အား ပြောကြားခဲ့သည်။

    မလှုပ်သာမလှည့်သာ တသွေမတိမ်းနာခံရမည့် လမ်းကြောင်းဖက်သို့ နောက်ပြန်လျှောဆင်းမည်လော၊ သို့မဟုတ် ပွင့်လင်းမှုနှင့် ထိန်းချုပ်မှုအကြားမှ မျှတမှုတစ်ရပ်ကို ရှာဖွေမည်လော ဟူသည့် ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဟု သမိုင်းစာပေပညာရှင် သန့်မြင့်ဦးမှ သုံးသပ်ထား၏။

    မည်သို့သော အဖြေ ထွက်လာဦးမည်နည်း ?  မသိနိုင်ကြသေးပါ။

    [email protected]

    ** ဆောင်းပါးရှင် Nirmal Ghosh သည် မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်ပြီးနောက် ၄င်းမြို့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်သတင်းရယူခဲ့သူဖြစ်သည် **

    စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာတွင် ဖော်ပြခဲ့သည့် “Myanmar seeking to manage media” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

  • ၁၉၈၃-ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသား ၁၃၅-မျိုး ပြန်လည် စိစစ်ရန် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြားပြီ

    စက်တင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    သုတ

    IMG_20130908_170010

    ရန်ကုန် ။         ။          မြန်မာနိုင်ငံမှာ ၁၉၈၃-ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသား ၁၃၅-မျိုး ဆိုသည်မှာ ပြန်လည် စိစစ်ရန် လိုအပ်ပြီဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားခဲ့ကြောင်း သိရသည်။

    တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်မှ ရှမ်းတိုင်းရင်းသားတွင်လည်း ရှမ်းကြီး၊ တိုင်းလုံ၊ တိုင်းခန္တီး၊ ခန္တီးရှမ်း၊ ရှမ်းကလေး၊ တိုင်းလျန်၊ ရှမ်းဗမာ၊ ရှမ်းနီ ဆိုပြီး အမျိုးမျိုးရှိနေတာကြောင့် တိုင်းရင်းသားစာရင်းကို ပြန်လည်စိစစ်သင့်ကြောင်း ရှမ်းနီပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း ပြောကြားသည်။’

    လီဆူတိုင်းရင်းသားများ၏ အမည်မှာလည်း အမျိုးမျိုးဖြစနေသဖြင့် ပြန်လည် ဆောင်ရွက်ရာ၌ အခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း ရှမ်းပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးထွန်းရွှေမှလည်း ပြောကြားခဲ့သည်။

    တိုင်းရင်းသားမျိုးနွယ်စု ၁၃၅-စုဆိုတာဟာ ၁၉၈၃-ခုနှစ်က အစိုးရက ထုတ်ပြန်ထားတာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်ဖြစ်သည့်အတွက် ကိန်းဂဏန်းများလည်း ပြောင်းလဲနေကြောင်း၊ တချို့အမည်တွေ ထပ်နေတာ၊ တချို့လူမျိုးမတူတာတွေ ပါနေတဲ့အတွက် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်း မပေါ်လာမီ မြန်မာနိုင်ငံမှာ တိုင်းရင်းသား မျိုးနွယ်စု ဦးရေကို ပထမဦးဆုံး တိကျစွာ ကောက်ယူ သင့်ကြောင်း ရှမ်းပြည်နယ် အင်း တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

    တိုင်းရင်းသားများ၏ လူမျိုးမှန်ကို ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပျောက်ကွယ်လု မတတ်ဖြစ်နေသော မျိုးနွယ်စုများ အရေးလည်း ဥပဒေကြမ်းကို မစောင့်ဆိုင်းဘဲ ဆောင်ရွက်သင့်ကြောင်း ဥပဒေကြမ်းကော်မတီသို့ ဦးဝင်းမြင့်မှ တင်ပြခဲ့ကြောင်း တို့ကို ယူနတီဂျာနယ်သို့ ပြောကြားခဲ့သည်။

    ယခု အမိမြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုးဆိုတာဟာ ၁၉၇၃-ခုနှစ်စာရင်းမှာ တိုင်းရင်းသားလူမျိုး ၁၄၄-မျိုးရှိတယ်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ အာဏာပြင်ဆင်တဲ့အခါမှာ ၉-န၀င်းချေတဲ့အနေနဲ့ တိုင်းရင်းသား ၉-မျိုးကို မည်သူ့သဘောထားဆန္ဒမျှ မပါပဲ ဖြုတ်ပြစ်ခဲ့တာကြောင့် ၁၃၅-မျိုးပဲ ကျန်တော့တာ ဟု ဒေါက်တာမြင့်သိန်းကလည်း သင့်မြတ်သူများ ပွဲတော်တွင် ထည့်သွင်း ပြောကြားထားပါတယ်။

    အခု တိုင်းရင်းသား ၁၃၅-မျိုးစာရင်းဆိုတာ ၁၉၈၃-ခုနှစ်ကမှ လုပ်လိုက်တာ။ ဟိုးယခင်က ၁၄၄ မျိုးရှိတယ်။ ဒါပေမယ့် ၁၄၄ မျိုးကနေ ၁၃၅ မျိုးလုပ်လိုက်တော့ ၉-မျိုးကို ဖြုတ်ချလိုက်တယ်။ ဖြုတ်လိုက်တဲ့အထဲမှာ ကျွန်တော်တို့ ပသီ (ခ) မြန်မာမွတ်စလင်မ် ဆိုတာလည်း ပါတယ်။ စာရင်းမှာ ကျန်တဲ့ ၁၃၅-မျိုးဆိုတာမှာလည်း တချို့စာရင်းတွေက ထပ်နေတယ်။ တချို့စာရင်းက လူမျိုးမရှိတော့တာတွေ ပါနေတယ်။ ၁၉၆၂-ခုနှစ်ကနေစပြီး ကျွန်တော်တို့တွေ လှိမ့်ပိန့် ခံခဲ့ရတာ။ ကျွန်တော်တို့တင် မဟုတ်ပါဘူး။ တခြားတိုင်းရင်းသားတွေလည်း အတူတူပါပဲ။ ဒါနဲ့ ပတ်သက်ပြီး သြဂုတ်လတုန်းက ပြုလုပ်ခဲ့တဲ့ ရှစ်လေးလုံးငွေရတု ဆွေးနွေးပွဲမှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးကွန်ဂရက်အနေနဲ့ တိုင်းရင်းသားအရေးနဲ့ အနာဂတ်ပြည်ထောင်စု ခေါင်းစဉ်နဲ့ စာတမ်းတင်ပြီး ဆွေးနွေးခဲ့တယ်။ အဲ့ဒီမှာ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းလည်း ရောက်လာတယ်။ အဲ့ဒီမှာ ဆွေးနွေးတာက လူမျိုး ၁၃၅-မျိုးကိုလည်း နိုင်ငံတော်က ကျင်းပတဲ့ ဒီလို ဆွေးနွေးပွဲတွေမှာ ဖိတ်ကြားမယ်လို့ ပြောပြီး ပြန်သွားခဲ့တယ်။ ကျွန်တော်တို့ အဲ့ဒီမှာ လူမျိုး ၁၃၅-မျိုးရှိတာမဟုတ်ပဲ ၁၄၄-မျိုး ရှိတာကို ဆွေးနွေးခဲ့တယ်။ ၁၉၇၃-ခုနှစ်မှာ သတင်းမှာ လူမျိုး ၁၄၄ မျိုးရှိတယ်ဆိုတာ ကြေငြာပြီးသားပါဆိုတဲ့ အထောက်အထားတွေ ပြောပြခဲ့တယ်။ ဆွေးနွေးပွဲအပြီးမှာ ပေါ်လာတဲ့ ခေါင်းစဉ်တစ်ခုက ညီလာခံမှာ ဘယ်သူတွေကို ဖိတ်ရမလဲဆိုတာ ပေါ်လာတယ်။   သဘောတူညီချက်က လူမျိုး ၁၃၅-မျိုးမှာ မပါတဲ့ လူမျိုးစုငယ်တွေကိုလည်း ဒီလို ညီလာခံကို တက်ရောက်ခွင့်ပြုဖို့ဆိုတဲ့ သဘောတူညီချက်ပါ။ တိုင်းနဲ့ ပြည်နယ်အတွင်းမှာရှိတဲ့ လူမျိုး ၁၃၅ မျိုးမှာ မပါသေးတဲ့ ကျန်တဲ့ တိုင်းရင်းသား လူမျိုးစုငယ်တွေကိုလည်း တိုင်ပင် ဆွေးနွေးခွင့်ပြုရန်ဆိုတဲ့ အကြံပြုချက် ရှစ်လေးလုံး ဆွေးနွေးပွဲက အသံတွေမှာ ပါလာတယ်။ ဒီ ၁၃၅-မျိုးနဲ့ ရပ်ထားလို့ မရဘူး။ ဒီ ၁၃၅ မျိုးမှာ ခြွင်းချန်ပြီး ကျန်ရစ်ခဲ့တဲ့ လူမျိုးစုတွေရှိတယ်ဆိုတာ ဆက်ပြီး ပြောရမယ် လို့ မနေ့ကပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီမှ ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)က ပြောကြားခဲ့ပါတယ်။”

    ယခုကဲ့သို့ တိုင်းရင်းသားများကိုယ်တိုင် ဖော်ထုတ်ပြောလာကြတဲ့ ၁၉၈၃-ခုက သတ်မှတ်လိုက်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းကို ပြန်လည် စိစစ်ပြီး ရှေးယခင် ကတည်းက ရှိခဲ့သည့် အမိမြန်မာပြည်မှ တိုင်းရင်းသားများကို ဖယ်ထုတ်ခံထားရခြင်း၊ ဖယ်ဖျောက် ခံထားရခြင်း၊ ပျောက်ကွယ်နေခြင်းတို့မှ ပြန်လည်ဖော် ထုတ်ရန် လိုအပ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

    Photo credit >>   စက်တင်ဘာ ၇၊ ၂၀၁၃ စနေနေ့ ထုတ် ယူနတီ တိုင်းရင်းသားသတင်း ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၃၅၊ မှ