News @ M-Media
Author: M-Media
  • စက်တင်ဘာ ၈ အားကစားသတင်းများ
    စက်တင်ဘာ ၈ ရက်၊ ၂၀၁၃
    M-Media
     ရူနီမပါဝင်သော အင်္ဂလန်အသင်းမှာ အရှုံးနှင့်ကြုံတွေ့ရလိမ့်မည်ဟု ယူကရိန်း တိုက်စစ်မှုးပြော
    England-v-Scotland-International-Friendly-2169145
    ယူကရိန်းအသင်း၏တိုက်စစ်မှူးဖြစ်သူ ယေ့ဗ်ဟန် ကိုနိုပလီယန်ကာက လာမည့်အင်္ဂါနေ့ ယူကရိန်းအသင်းနှင့် ကစားမည့် ရူနီမပါဝင်သော အင်္ဂလန်အသင်းမှာ အရှုံးနှင့်ကြုံတွေ့ရလိမ့်မည်ဟုပြောကြားခဲ့သည်။
    အင်္ဂလန်အသင်း၏နည်းပြ ဟဒ်ဆန်ကလည်း ရူနီမပါဝင်ပါက ယူကရိန်းအားရင်ဆိုင်ရန်ခက်ခဲမည်ဟု အသင်းသားများအား သတိပေးထားသည်။
    ကိုနိုပလီယန်ကာမှာ ပြီးခဲ့သည့် စက်တင်ဘာက ၀င်ဘလေကွင်းတွင်ကစားခဲ့သည့် အင်္ဂလန်အသင်းနှင့် ယူကရိန်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့သည့်ပွဲတွင် ယူကရိန်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သူဖြစ်သည်။ “ကျနော်တို့ကံမကောင်းလို့ လန်ဒန်မှာ အင်္ဂလန်ကိုမနိုင်ခဲ့တာပါ။ တကယ်တော့ ကျနော်တို့နိုင်ခဲ့သင့်ပါတယ်။ တစ်ပွဲလုံးကိုကျနော်တို့ထိန်းချုပ်ကစားနိုင်ခဲ့ပြီး နောက်ကျမှပေးခဲ့ရတဲ့ပင်နယ်တီကြောင့်သာ သူတို့ကွင်းမှာ သရေကျခဲ့တာပါ။ အဲဒီပွဲတုန်းကလည်း ရူနီမပါခဲ့ပါဘူး။
    လာမယ့်ပွဲမှာ ရူနီမပါဘူးဆိုတော့ကျနော်တို့အတွက် သတင်းကောင်းပါ။ အင်္ဂလန်ကတော့မလွယ်ပါဘူး။ ကျနော်တို့နိုင်မယ်လို့ ယုံကြည်နေပါတယ်။” ဟု ကိုနီပလီယန်ကာက ပြောကြားခဲ့သည်။
    လာမည့် အင်္ဂါနေ့တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယူကရိန်းအသင်းနှင့်ကစားရမည့် အင်္ဂလန်အသင်းတွင် ရူနီမှာ ဒဏ်ရာပြဿနာကြောင့်ပါဝင်နိုင်မည်မဟုတ်ဘဲ ၀ဲလ်ဘတ်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်ချေ။
    ……………………………………………………..
    အင်္ဂလိပ်ကစားသမားများ ရှားပါးလာခြင်းက ပရီးမီးယားလိဂ်အား သိက္ခာကျစေသည်ဟု ဖာဒီနန်ဆို
    Rio Ferdinand
    မန်ချက်စတာယူနိုက်တက်အသင်း၏ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း ဖာဒီနန်က ပြည်တွင်းကစားသမားများအား မြေတောင်မြှောက်ပေးရန် ပရီးမီးယားလိဂ်တွင်အင်္ဂလိပ်ကစားသမားများ အချိုးကျပါဝင်စေသည့်စနစ်ကို ပြုလုပ်သင့်ကြောင်းပြောဆိုလိုက်သည်။
    ပရီးမီးယားလိဂ်ကလပ်အသင်းများမှာ အင်္ဂလိပ်ကစားသမားများအပေါ် လုံလောက်သောယုံကြည်မှုမရှိဟု ယူဆနေသည့်ဖာဒီနန်က “မကြာခင်က ကစားသွားတဲ့ မန်စီးတီးအသင်းနဲ့ နယူးကာဆယ်တို့ရဲ့ပွဲကိုကြည့်ပါ။
    ပွဲထွက်ကစားသမား ၂၂ ယောက်မှာ အင်္ဂလိပ်ကစားသမားတစ်ယောက်ပဲပါဝင်ပါတယ်။ ဒါဟာ သိက္ခာကျစရာပါ။
    အဲဒါကိုကြည့်ပါ။ ပြီးရင် အင်္ဂလိပ်ကစားသမား အနည်းဆုံး ဘယ်လောက်ထည့်သင့်တယ်ဆိုတဲ့စည်းကမ်းချက် ရှိသင့်လားဆိုတာ ဆန်းစစ်ကြည့်ပါ။ ကျနော်ကတော့ ဒါမျိုးရှိသင့်တယ်လို့ထင်ပါတယ်။” ဟု Daily Mail သတင်းစာသို့ပြောကြားခဲ့သည်။
    …………………………………………………………….
    အကောင်းဆုံးပုံစံအား ပြန်လည်ရရှိမည်ဟု ကာကာယုံကြည်နေ
    Kaka2
    အေစီမီလန်အသင်းသို့ပြောင်းရွှေ့သွားသည့် ရီးယဲလ် တိုက်စစ်မှူးဟောင်း ကာကာက ယခင် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရစဉ်က အရည်အသွေးများ ပြန်လည် ရယူနိုင်လိမ့်မည်ဟုယုံကြောင်း ပြောဆိုလိုက်သည်။
    ကာကာမှာ စနေနေ့က Chiasso အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော ခြေစမ်းပွဲတွင်ပါဝင်ကစားခဲ့ပြီး အန်တိုနီယို နိုစီရီနိုသွင်းယူခဲ့သည့် ဂိုးအား ဖန်တီးပေးနိုင်ခဲ့သည်။
    ရီးယဲလ်မက်ဒရစ်တွင် လေးနှစ်တာ ရုန်းကန်ခဲ့ရပြီး အသင်းဟောင်း အေစီမီလန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ လာခဲ့သည့် ကာကာ က “ကောင်းမွန်တဲ့ ပွဲတစ်ခုပါ။
    အေစီဟာ တိုးတက်ဖို့လိုအပ်နေပြီး တိုးတက်ဖို့ အတွက်လည်း အခွင့်အရေးရှိနေပါတယ်။ ကျနော့်ကိုယ်ပိုင် အမြင်အရပြောရရင် အသက် ၃၁ နှစ်ဆိုတာ အများကြီးသင်ယူပြီးခဲ့တဲ့အရွယ်ပါ။
    ပြီးတော့ အခုကျနော်ဘောလုံးပေးပို့တဲ့အခါ အကောင်းဆုံး ပုံစံကိုရွေးချယ်ပြီး ပေးပို့ပါတယ်” ဟု စနေနေ့ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ……………………………………………………..
    ရော်နယ်ဒိုနှင့်ဘေးလ်တို့မှာ အတူကစားနိုင်သည်ဟု အန်ဆယ်လော့တီဆို
    Ancelotti
    ရီးယဲလ်မက်ဒရစ်အသင်း၏နည်းပြဖြစ်သူ အန်ဆယ်လော့တီက အသင်းရှိတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုနှင့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း ၁၀၀ ဖြင့်ပြောင်းရွှေ့လာခဲ့သည့် တိုက်စစ်မှူးသစ် ဂါရတ်ဘေးလ်တို့မှာ အတူတကွ ကစားနိုင်သည်ဟု ပြောဆိုလိုက်သည်။
    အန်ဆယ်လော့တီအနေဖြင့် ထိုကစားသမားနှစ်ဦးအား အတူတကွထုတ်သုံးရန် ဖြစ်နိုင်မည်လားဟု ပူပန်မှုများ မြင့်တက်လာချိန်တွင် အန်ဆယ်လော့တီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
    “ကစားသမားနှစ်ယောက်လုံးရဲ့အကောင်းဆုံးအရည်အသွေးတွေကို ပြသနိုင်မယ့် ကစားကွက်တစ်ခုကို ရှာဖွေရမယ်လို့ကျနော်ထင်ပါတယ်။
    ထိပ်တန်းကစားသမားတွေကို သက်တောင့်သက်သာခံစားရလာအောင်လုပ်ဖို့လိုအပ်ပါတယ်။ အရာရာတိုင်းဟာ ကောင်းမွန်သွားမှာပါ။ ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းကြီးဖြစ်ပြီး၊ စနစ်တကျဖွဲ့စည်းထားတဲ့အသင်းပါ။” ဟု အန်ဆယ်လော့တီက Uefa.com သို့ ပြောကြားခဲ့သည်။
    ……………………………………………………..
    ဂျူဗင်တပ်စ်၌သာ ကစားသမားဘ၀ကုန်ဆုံးမည်ဟု ဘူဖွန်ဆို
    Buffon
    ဂျူဗင်တပ်စ်အသင်း၏ ၀ါရင့်ဂိုးသမားဖြစ်သူ ဘူဖွန်က ၎င်းအနေဖြင့် မည်သည်အသင်းကိုမှ ပြောင်းရွှေ့ရန် အစီအစဉ် မရှိဘဲ ဂျူဗင်တပ်စ်အသင်း၌သာ ကစားသမားဘ၀အား ကုန်ဆုံးမည်ဟု ပြောကြားလိုက်သည်။
    ဘူဖွန်မှာ ၂၀၀၁ ခုနှစ်တွင် ပါးမားအသင်းမှ ယူရို ၅၁ သန်းဖြင့် ဂျူဗင်တပ်စ်အသင်းသို့ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၄၃၀ ကျော်ကစားပေးခဲ့သူဖြစ်သည်။
    အီတလီအသင်းက ဘူလ်ဂေးရီးယားအား ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲတွင် လက်စွမ်းပြခဲ့သည့် ဘူဖွန်က “ကျနော့်ကစားသမားဘ၀ကို ဂျူဗင်တပ်စ်မှာပဲအဆုံးသတ်မှာပါ။
    ဂျူဗီကကျနော့်ကို မငြီးငွေ့သ၍ ဂျူဗီကနေထွက်ခွာမယ်လို့ မစဉ်းစားမိပါဘူး။” ဟု ထိုပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ……………………………………………………..
    အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ကွင်းလယ်လူ မီဆု အိုဇေးလ်အားခေါ်ယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းသည် အသင်းနည်းပြ အာဆင်ဝင်းဂါးအား စာချုပ်သက်တမ်းတိုးတော့မည်ဟုသိရသည်။ ၀င်းဂါးနှင့် အာဆင်နယ်တို့၏ စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရာသီအစ အက်စတွန်ဗီလာအားရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အားပေးသူများအဖွဲ့မှ ၀င်းဂါးအားသက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်ကိစ္စအား ဘေးဖယ်ထားရန်ကြေညာချက်ထုတ်ခဲ့သည်။ သို့ရာတွင် အာဆင်နယ်အသင်း၏ ပိုရှင်နှင့် အသင်းအမှုဆောင် ဥက္ကဌတို့က ၀င်းဂါးအား သက်တမ်းတိုးရန် ဆန္ဒရှိနေသည်။
    ………………………………………………..
    ယူအက်စ်အိုးပင်းဖိုင်နယ်တွင် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့တွေ့ဆုံမည်
    အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသား ဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်နှင့် ကမ္ဘာ့အဆင့် ၂ ရာဖေးနာဒယ်တို့ အသီးသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။
    ဂျိုကိုဗစ်မှာ ကွာတားဖိုင်နယ်တွင် လက်ရှိချန်ပီယံအန်ဒီမာရေးအား အနိုင်ရရှိခဲ့သည့် ဆွဇ်တင်းနစ်သမား စတာနစ္စလတ်စ် ၀ါဝရင်ကာအား အကြိတ်အနယ်ကစားကာ ၂-၆၊ ၇-၆(၇-၄)၊ ၃-၆၊ ၆-၃၊ ၆-၄ အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဂျိုကိုဗစ်မှာ ယူအက်စ်အိုးပင်းဖိုင်နယ်သို့ လေးနှစ်ဆက်တိုက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ “ကျနော်အသက်ရှင်နေတာ၊ ကျနော်လေ့ကျင့်ခဲ့တာ ဒီပွဲတွေအတွက်ပါ။ စတန်(ဂတ်စ်ကတ်)ဟာ ကြိုးကြိုးစားစား ကစားခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ သူဟာ ပိုကောင်းအောင်ကစားခဲ့ပါတယ်။ ကျနော်ဟာ တောင့်ခံနိုင်ဖို့အတွက် ကြိုးစားခဲ့ရပြီး ပျာယာခတ်ခဲ့ပါတယ်။ ကျနော်ကစားချင်သလောက် ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်လိုအပ်တဲ့အချိန်မှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့အတွက် ကံကောင်းခဲ့ပါတယ်။” ဟာ ဂျိုကိုဗစ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် နာဒယ်လ်နှင့် နိုင်ခြေအဆင့် ၈ ရှိ ပြင်သစ်တင်းနစ်သမား ရစ်ချက်ဂတ်စ်ကတ်တို့ပွဲတွင် နာဒယ်လ်က သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ၂ နာရီနှင့် ၂၁ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် နာဒယ်လ်က ၆-၊ ၇-၆၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ပြီး ဂတ်စ်ကတ်နှင့် ၁၁ ကြိမ်တွေ့ဆုံမှုအတွင်း ၁၁ ကြိမ်မြောက်အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။ “သိပ်ကိုအံ့အားသင့်စရာပါပဲ။ ယူအက်စ်အိုးပင်းဖိုင်နယ်ပွဲမှာကစားခွင့်ရတာဟာ ကျတော့်အတွက်တော့ အိပ်မက်တစ်ခုပါပဲ။” ဟု ပြောကြားခဲ့ပြီး “နိုဗက်(ဂျိုကိုဗစ်)ဟာ ထူးခြားတဲ့ ပြိုင်ဘက်တစ်ယောက်ပါ။ သူဟာ ဖိုင်နယ်ကိုအကြိမ်တော်တော်များများတက်ရောက်ဖူးပါတယ်။ သူဟာ ချန်ပီယံကောင်းတစ်ယောက်ဖြစ်ပြီး ကျနော့်အတွက်တော့ ခက်ခဲမယ့် ဖိုင်နယ်ပွဲတစ်ခုဖြစ်လာပါလိမ့်မယ်” ဟု ဖိုင်နယ်တွင်တွေ့ဆုံရမည့် ဂျိုကိုဗစ်နှင့်ပက်သက်၍ မှတ်ချက်ပေးပြောကြားခဲ့သည်။
    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားနောက်ဆုံးဗိုလ်လုပွဲကို တနင်္လာနေ့ညပိုင်းတွင် ကစားမည်ဖြစ်ပြီး ဂျိုကိုဗစ်နှင့် နာဒယ်လ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    …………………………………………………….
    ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကျင်းပခွင့် တိုကျိုရရှိ
    ဂျပန်နိုင်ငံ တိုကျိုမြို့သည် ၂၀၂၀ ခုနှစ်အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်အား ရရှိသွားခဲ့ပြီဟု သိရသည်။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့တွင်ကျင်းပသည့် နိုင်ငံတကာအိုလံပစ်ကော်မတီအစည်းအဝေးတွင် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲကျင်းပရန်လျှောက်ထားခဲ့ကြသည့် မက်ဒရစ်နှင့် အစ္စတန်ဘူလ်တို့အား ကျော်ဖြတ်ကာ တိုကျိုက ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ကျင်းပခွင့်ရသည့်နိုင်ငံအားကျေညာပြီးသည့်နောက်ပိုင်းတွင် တိုကျိုမြို့လမ်းမပေါ်ရှိ ဂျပန်ပြည်သူထောင်ပေါင်းများစွာတို့မှာ ပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြသည်။
  • ဥာဏ်ကြီးရှင် မွတ်စ်လင်မ် ကျောင်းသားတစ်ဦး IG မှတ်တမ်းကို ကျော်ဖြတ်
    စက်တင်ဘာ၊ ၈ ရက်၊ ၂၀၁၃
    M-Media
    Genius Muslim Student Beats IG Records
    အစ္စလမ္မဘာဒ်။     ။ ပါကစ္စတန်မှ မွတ်စ်လင်မ်ကျောင်းသား တစ်ဦးသည် ကျောင်းစာမေးပွဲ ၄၇ ခုအား grade A (၀ါ) A* အဆင့်ဖြင့် အောင်မြင်ခဲ့သောကြောင့် ပါကစ္စတန်နိုင်ငံ၏ အထူးချွန်ဆုံးကျောင်းသားအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
    “ လူအများက ၃ နှစ်လောက်အချိန်ပေးရတဲ့ O-levels ကို ကျွန်တော်က တစ်နှစ်ထဲနဲ့ အောင်မြင်အောင် ဖြေဆိုခဲ့ပါတယ်။
    အဲ့ဒီလို ပြီးမြောက်အောင်မြင်ခဲ့တဲ့ အတွက် ကျွန်တော့်ဆီမှာ စာသင်နှစ် ၂ နှစ်စာ အချိန်ပို ကျန်ရှိနေခဲ့တယ်။ အဲံဒီ ၂ နှစ်အတွင်း အများနဲ့မတူတစ်မူ ထူးခြားတဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ စဉ်းစားနေပါတယ်။
    အခြားသောကျောင်းသားများထက် ပိုမိုသာလွန်လိုတဲ့ အတွက် ဘာသာရပ် အမြောက်အများကို ရယူဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်  ” ဟု BBC သို့ စက်တင်ဘာလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဟာရွန်း တာရစ်ခ်(Haroon Tariq) က  ပြောကြားခဲ့ပါသည်။
    ပါကစ္စတန်၊ ခိုင်ဘာ ပါခ်တွန်ခုဝါ (Khyber Pakhtunkhuwa) ပြည်နယ်မှလာရောက်ခဲ့သူ အသက် ၁၈ နှစ်အရွယ် ကျောင်းသား ဟာရွန်း၏ စိတ်ဝင်စားဖွယ် ဇာတ်လမ်းသည် လွန်ခဲ့သော ၃ နှစ်ခန့် ၂၀၁၀ ခုနှစ်တွင် သူ့ဇာတိပြည်နယ်တွင်း ပက်ရှဝါ(Peshawar) စစ်သင်တန်းကျောင်းတက်စဉ် ပထမဆုံးဖြေဆိုသည့် စာမေးပွဲမှ စတင်ခဲ့သည်။
    သူ့ဖခင်၏စစ်တပ်ရေးရာတာဝန်အရ အစ္စလာမ္မဘာဒ်သို့ပြောင်းရွှေ့လာသောအခါ၊ Froebels International School သို့ဝင်ရောက်ပြီးသည့်နောက် ဟာရွန်းသည် O-levels နှင့် GCSEs များကို ဖိဖိစီးစီး လုပ်ဆောင်ခဲ့သည်။
    သုံးနှစ်တာကာလအတွင်း ဟာရွန်းသည် O-level နှင့် A-level ရှိ ဘာသာရပ် ၅၀ ကျော်ကို လေ့လာခဲ့ပြီး၊ O-level တွင် A အဆင့် ၃၈ ခု၊ O-level နှင့် A-level စာမေးပွဲနှစ်ရပ်ပေါင်းတွင် စုစုပေါင်း A အဆင့် ၄၇ ခုရရှိခဲ့ပါသည်။
    ထိုစာမေးပွဲများမှာ သီးခြားစာစစ်ဌာနနှစ်ခုဖြစ်သော Cambridge International Examinations နှင့် Edexcel တို့မှ ကိုင်တွယ်ကြပ်မတ်ခဲ့ခြင်းဖြစ်သည်။
    လက်ရှိ O-level မှတ်တမ်းသစ်သည် ယခင်ကမ္ဘာ့မှတ်တမ်းဝင် A အဆင့် ၂၈ ခု စာရင်းအား ရိုက်ချိုးကျော်ဖြတ်သွားပြီဖြစ်သည်။
    သူလေ့လာခဲ့သည်များ၌ လူသားနှင့် လူမှုဇီဝ၊၊ အစ္စလာမ်ဘာသာရေး နှင့် ယဉ်ကျေးမှု၊ ရူပဗေဒ၊ ဓာတုဗေဒ နှင့် ကမ္ဘာ့ဖွံဖြိုးရေး အပါအ၀င် လူသားဆိုင်ရာ၊ သိပ္ပံဆိုင်ရာဘာသာရပ်များ ဖြစ်ကြသည်။
    “ ၂၀ ရာစုနှစ်ခေတ်၊ ကမ္ဘာ့စစ်ပွဲတွေ၊ စစ်အေးကာလ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးရာတုန်းက အဖြစ်အပျက်တွေဟာ အလွန်ကို စိတ်ဝင်စားစရာကောင်းပါတယ် ” ဟု ဟာရွန်းက ဆိုသည်။ လက်ရှိကျောင်းက သူ့အား ကျောင်းလခထောက်ပံ့နေသလို စကောလားရှစ်ပ်လည်း ရရှိမည်ဖြစ်ကြောင်းသိရသည်။
    ၁၉၈၀ ခုနှစ်မှစတင်ကာ GCSE O-level သည် ဗြိတိန်တွင် မှေးမှိန်သွားခဲ့သော်လည်း၊ ပါကစ္စတန်အပါအ၀င် နိုင်ငံတကာရှိ သန်းပေါင်း များစွာသောကျောင်းသားများက ဖြေဆိုနေရဆဲ စာမေးပွဲပင်တစ်ခုဖြစ်သည်။
    စံပြစာရင်းဝင်
    ဟာရွန်း၏စံချိန်သစ်သည် ပါကစ္စတန်နိုင်ငံအား ကမ္ဘာနိုင်ငံများအလယ် ဂုဏ်တက်စေခဲ့၍ သူ့ကျောင်းမှဆရာများအတွက်လည်း ဂုဏ်ယူစရာဖြစ်စေခဲ့ပါ၏။
    “ အနာဂတ်ပါကစ္စတန်နိုင်ငံအတွက် အရည်အချင်းရှိလူငယ်တစ်ဦးအဖြစ် ယခုလို အရေးပါတဲ့အခန်းကဏ္ဍက ပါဝင် ပုံဖော်ပေးနိုင်ခြင်းဟာ အလွန်ကိုဂုဏ်သိက္ခာရှိတယ်လို့ ခံစားရပါတယ် ” ဟု ကျောင်းအုပ်ကြီး ရှမီနာ ကာမလ်(Shahmina Kamal) မှ News Tribe သို့ ပြောကြားခဲ့ပါသည်။
    “ အောင်မြင်မှုဆိုတာ စိတ်အားထက်သန်မှုမှရရှိခဲ့ခြင်းဖြစ်တယ်လို့ ကျွန်မက ကျောင်းသားတွေကို  အမြဲ ပြောလေ့ရှိပါတယ်။ သူတို့ဟာ ကိုယ်လုပ်နိုင်မယ်လို့ထင်ထားတာထက် ပိုပြီးလုပ်နိုင်တယ်ဆိုတဲ့ အသိတရားနဲ့အတူ မိမိကိုယ်ကို ယုံကြည်ချက်ရှိဖို့ လိုအပ်ပါတယ် ” ဟု စာစစ်ဌာနမှူး စာဟာ ပိရ်ဇဒါ(Sahar Pirzada) ကလည်း News Tribe သို့ ပြောပြခဲ့သည်။
    “ ယခုလို ပညာရေးဆိုင်ရာ ကမ္ဘာသိမှတ်တမ်းဝင် ထူးချွန်ကျာင်းသားများကို မွေးထုတ်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့အဖို့ ပြည့်ပြည့်၀၀ကျေနပ်သွားပါပြီ ” ဟု ကျောင်းအုပ် က ဆိုသည်။
    ရှမီနာကာမလ်က ဟာရွန်းနှင့်အခြားကိုယ်ပိုင်လေ့လာရေးကျောင်းသားများအတွက် ကျောင်းတော်မှ မည်ကဲ့သို့ ထိန်းကျောင်းကူညီခဲ့သည့်အကြောင်းကို ရှင်းလင်းဆွေးနွေးသွားခဲ့သည်။
    “ ကျောင်းသားတိုင်းက သူတို့အားထုတ်မှုအလျောက် ထိုက်တန်ရာ ခံစားရတာလို့ မြင်ပါတယ်။ မျှော်လင့်ချက်ထားရှိတဲ့ ကျောင်းသားတိုင်းအတွက် ကျွန်မတို့က ပံပိုးကူညီဖို့အဆင်သင့်ပါ။ ကျွန်မမှာ သူ့အပြင် အခြားကျောင်းသားများလည်း ရှိပါတယ်။ ကျွန်မကိုယ်တိုင်ရော အခြားဆရာ၊ ဆရာမတွေပါ ၀ိုင်းဝန်းကူညီပံပိုးနေကြတဲ့ ကျောင်းသားတွေပေါ့။ အကူအညီလိုအပ်တဲ့ မည်သည့်ကျောင်းသားကိုမဆို သူတို့အတွက် ကျွန်မတို့ကျောင်းတော်က လမ်းကြောင်းဖော်ပေးစမြဲပါဘဲရှင် ” ဟု ရှမီနာက ဆိုသည်။
    ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပြီးနောက်တွင် ဟာရွန်းသည် အင်ဂျင်နီယာဘာသာရပ်အားသင်ယူရန်  ဗြိတိန်တက္ကသိုလ် သို့တက်ရောက်မည်ဟု စိတ်ကူးရည်မှန်းထား၏။
    “ လာမည့်အနာဂတ်မှာ အင်ဂျင်နီယာပညာကို ကျွန်တော် သင်ယူလေ့လာချင်ပါတယ်။  ဒါပေမယ့်လည်း ဆော့ဖ်ဝဲ အင်ဂျင်နီယာလား၊ လေကြောင်းသိပ္ပံ အင်ဂျင်နီယာလား ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး ” ဟု သူက ပြောကြားခဲ့ပါသည်။
  • Malaysia: ချင်းလူမျိုး ၂၀၀ ခန့် မလေးရှားတွင် ထိန်းသိမ်းခံရ
    စက်တင်ဘာ ၇ ရက်၊ ၂၀၁၃ ခုနှစ်
    M-Media
    Ref: Chinland Guardian
    chin
    မလေးရှား ရောက် ချင်းဒုက္ခသည်များ ( (Photo: ACR))
    မလေးရှား နိုင်ငံအ၀ှမ်း တရားမ၀င်နေထိုင်သူများကို ဖမ်းဆီးနေသည့် လတ်တစ်လော စီမံချက်အတွင်း ချင်းလူမျိုး ၂၀၀ နီးပါး အဖမ်းခံရပြီး ထိန်းသိမ်းရေး စခန်း၌ရောက်ရှိနေသည်ဟု ချင်းတိုင်းရင်းသား ဒုက္ခသည်များဆိုင်ရာအဖွဲ့က ပြောဆိုလိုက်သည်။ ထိန်းသိမ်းခံဦးရေအတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်း အဖွဲ့၏ခေါင်းဆောင် တစ်ဦးမှ Chinland Guardian သို့ပြောပြခဲ့သည်။
    “ ဒီခန့်မှန်းဦးရေစာရင်းထဲမှာ UN မှတ်ပုံတင်ကဒ် ကိုင်ဆောင်သူ နဲ့ အထောက်အထားမရှိသူ နှစ်မျိုးလုံး ပါဝင်နေကြောင်းလည်း သိရပါတယ် ” ဟု အမည်မဖော်လိုသူ ချင်း တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ဆိုသည်။
    ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာနေ့မှ စတင်လိုက်သော စီမံချက်အတွင်း မလေးရှားအာဏာပိုင်များမှ ဖမ်းဆီးခဲ့သူပေါင်း ၂၀၀၀ ကျော်သွားပြီဖြစ်ပြီး ၄င်းတို့အနက် မြန်မာနိုင်ငံသား ၅၅၅ ဦး ပါဝင်နေသည်။
    အဖမ်းဆီးခံရသည့် ရွှေ့ပြောင်းလုပ်သားတို့နှင့်စပ်လျဉ်း၍ မလေးရှား အာဏာပိုင်တို့နှင့် ဆွေးနွေးဆောင်ရွက်ရန် မြန်မာအစိုးရမှ ကိုယ်စားလှယ်များကို စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
    သမ္မတရုံး၏ပြောဆိုခွင့်ရသူ ဦးရဲထွဋ်က မြန်မာနိုင်ငံသားအဖြစ် ဖော်ပြခြင်းခံရသူများကို ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။
  • လူမျိုးကြီးဝါဒ အမြစ်တွယ်စေတဲ့ သမိုင်း တရားခံများ (Analysis By Maung Zarni)
    စက်တင်ဘာ ၃ ရက်၊ ၂၀၁၃
    M-Media
    မူရင်းဆောင်းပါးရှင်- ဒေါက်တာဇာနည်
    ဘာသာပြန်- သာကီထက်ကောင်း
    လွန်ခဲ့တဲ့နှစ်အလွန်ကတည်းက မြန်မာနိုင်ငံမှာ နာဇီလက်သစ် ဗုဒ္ဓဘာသာဝင်တွေတိုးပွားလာပြီး၊ သီးခြားလူနည်းစုဖြစ်နေတဲ့ မွတ်စ်လင်မ်တွေ၊ မွတ်စ်လင်မ်တွေရဲ့ သမိုင်းနောက်ခံတွေကို ပစ်မှတ်ထားလို့ လူရမ်းကားတွေက အကြမ်းဖက်မှုတွေ ပြုလုပ်လာကြတယ်။
    အစ္စလာမ်အပေါ် တစ်ဖက်သတ် အမြင်စောင်းမုန်းတီးတဲ့ လှုပ်ရှားမှုဗဟိုချက်ကိုကြည့်လိုက်ယင် အာဏာပိုင်အစိုးရ နဲ့ တစ်ချိန်ကခေါင်းဆောင်ဟောင်းများက အစပျိုးလာတာကို တွေ့ကြရပါလိမ့်မယ်။ သူတို့ဟာ မိမိတို့ ပုဂ္ဂလအစီအမံတွေ၊ အပါးတော်မြဲ အုပ်စုတွေရဲ့အကျိုးတွေကို ကာကွယ်ထားနိုင်ဖို့အတွက် ကလိမ်ကကျစ်နိုင်ငံရေးစံနစ်နဲ့ ရှေ့ဆက်လာကြပြီး နိုင်ငံရေးဘောဂဗေဒဖြစ်စဉ်ထဲ ဆက်လက် သွတ်သွင်းလည်ပတ်နေစေတာဖြစ်တယ်။
    ဒီအကြမ်းဖက်မှုတွေနဲ့စပ်လျဉ်းပြီး မြောက်များစွာသော မြန်မာ့အရေးကျွမ်းကျင်သူတွေ၊ စောင့်ကြည့်လေ့လာသူတွေ၊ ဂျာနယ်လစ်တွေအပြင် နိုင်ငံတကာက ဗုဒ္ဒဘာသာဝင်များ အကြားမှာ အမြင် အမျိုးမျိုးရှိနေကြတယ်။ တစ်ချို့က သမ္မတ ဦးသိန်းစိန်ရဲ့ စစ်တပ်တစ်ပိုင်း အရပ်သားတစ်ပိုင်း အစိုးရကနေ ပေးအပ်လိုက်တဲ့ လွတ်လပ်မှုပုံဟန်သစ်ကြောင့်လို့ ပြစ်တင်ကြတယ်။ တစ်ချို့ကတော့ လူမျိုးဘာသာခွဲခြားမှုဆိုင်ရာ ပဋိပက္ခအဖြစ် ရှုမြင်ကြတယ်။
    တစ်ချို့ကလည်း မျှတမှုမဲ့ဖွံ့ဖြိုးရေး နဲ့ လူတန်းစားတွေအကြား ၀င်ငွေကွာဟချက်ကြီးမားခြင်းက အရင်းခံအကြောင်းဖြစ်တယ်လို့ သုံးသပ်ပြန်တယ်။ ဗုဒ္ဓကျမ်းဂန် သုတေသီများ နဲ့ ယဉ်ကျေးမှုတန်ဖိုးထားသူများက အဆုံးသတ်ဆွေးနွေးတင်ပြလိုက်တာကတော့ မြန်မာနိုင်ငံမှာ Islamophobia လို့ခေါ်တဲ့ “အစ္စလာမ်အပေါ် တစ်ဖက်သတ်အမြင်စောင်းမုန်းတီးမှုရောဂါ” ဖြစ်ပေါ်နေလို့ပါတဲ့။
    အသေချာဆုံးကတော့ အထက်ပါဖော်ပြချက်အပေါင်းက မြန်မာမွတ်စ်လင်မ်ထုကို တအုံတကျင်း ဆန့်ကျင်အကြမ်းဖက်မှုတွေနဲ့အတူ မြေလှန်လိုခြင်းဟာ နက်နက်ရှိုင်းရှိုင်း ပွင့်ထွက်လာတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းထဲ ပိုပြီးနားလည်သိမြင်သွားစေတာပါဘဲ။ ဒါပေမယ့် စစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံတစ်ခုဟာ အာဏာရှင်ဒဿန လမ်းကြောင်းအတိုင်း လူမျိုးကြီးဝါဒကို ကာလကြာရှည် သွတ်သွင်းထားလေ့ရှိကြောင်း သူတို့အားလုံး မြင်အောင်မကြည့်တတ်ကြပေဘူး။ အိမ်ခန်းထဲ ဆင်တစ်ကောင်လုံးရောက်နေတာတောင် မမြင်နိုင်အောင် ဖြစ်နေကြတယ်လို့ဆိုရမှာပါ။
    ကမ္ဘာ့သုံးသပ်ချက်နဲ့ဆန့်ကျင်စွာ တိုင်းမ်မဂ္ဂဇင်းက အစွန်းရောက်ဗုဒ္ဓ၀ါဒီ (Buddhist Terror) ဆိုပြီး မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြလိုက်တယ်။ ဒီဖော်ပြချက်မှာ ဗုဒ္ဓဘာသာကို ပြဿနာရှာတာမဟုတ်သလို ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးမှန်သမျှကို သိမ်းကျုံးဆိုလိုထားတာလည်း မပါပါဘူး။ ယေဘူယျသုံးသပ်ချက်ထက် ပိုပြီး လက်တွေ့ကျတဲ့အချက်အလက်ကို တင်ပြထားခြင်း၊ လမ်းလွဲလမ်းမှားကို တည့်မတ်ပေးလိုခြင်းသာ ဖြစ်ပါတယ်။
    မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတွေကို ဖယ်ထုတ်ရေး၊ အဲ့ဒီနောက် လက်ရဲဇက်ရဲသတ်ဖြတ်မှု၊ ဖျက်ဆီးသောင်းကျန်းမှု၊ ခိုးဆိုးလုယက်မှု၊ မွတ်စ်လင်မ်အိမ်ခြေနဲ့ဗလီ ၀တ်ကျောင်းတွေကို မီးလောင်တိုက်သွင်းမှု စသဖြင့် တကယ့်လူရမ်းကားတွေသုံးပြီးတိုက်ခိုက်တဲ့နေရာမှာ — စစ်ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ဟောင်းများရဲ့ နောက်တော်ပါးအသီးသီးတွေရယ်၊ သူတို့ရဲ့အာဏာယန္တရားလို့ဆိုရမယ့် အာဏာပိုင်တွေ နဲ့ နိုင်ငံတော်လုံခြုံရေးဆိုပြီး ၀ါဒဖြန့်ချက်တွေရယ်က တိုက်ရိုက်သော်လည်းကောင်း တစ်ဖက်လှည့်နဲ့သော်လည်းကောင်း လုံးဝ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြလို့နေပါတယ်။
    13
    မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေနဲ့ ရင်းရင်းနှီးနှီး ဖက်လှဲတကင်းရှိနေပြီး လုံလောက်တဲ့အချိန်တစ်ခုကို သဘောတူခဲ့တယ်၊ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိတဲ့ မြို့ကျက်သရေဆောင် ဗလီကြီးကို ပိုင်ပိုင်နိုင်နိုင်ဖျက်ဆီးဖို့ မိနစ်သုံးဆယ် ခွင့်ပေးခဲ့တယ်ဆိုပြီး ခိုင်မာတဲ့ မှတ်တမ်းတစ်စောင်က ဆိုထားပါတယ်။  YouTube ဗီဒီယိုဖိုင်တစ်ခုထဲမှာ ပရမ်းပတာလုပ်ရပ်ကြီးထွားနေစဉ်မှာတောင်  လုံခြုံရေးအာဏာပိုင်တစ်စုက မွတ်စ်လင်မ်ဆန့်ကျင်ရေးလူရမ်းကားတစ်ချို့နဲ့ အတူတစ်ကွ ဆေးလိပ်မီးညှိသောက်ယင်း စကားဖောင်ဖွဲ့နေကြတဲ့ မြင်ကွင်းကို တွေ့ကြရပါလိမ့်မယ်။
    စာရေးသူဟာ များမကြာမီက ကွာလာလမ်ပူကို ရောက်ခဲ့တယ်။ အဲ့ဒီခရီးစဉ်အတွင်း မိထ္ထီလာနဲ့မန္တလေးမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းများနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့အဆိုအရ မန္တလေးကအာဏာပိုင်တွေရော မိတ္ထီလာခရိုင် တရားစီရင်ရေးဖက်ကရော မဒ်ရစာ(အစ္စလာမ်ဘာသာရေးကျောင်း)ကျေုာင်းသား ၂၀ နဲ့အထက်ကို နေ့ခင်းကြောင်တောင် ရည်ရွယ်ချက်ရှိရှိ လိုက်လံသုတ်သင် သတ်ဖြတ်မှုမှာ ၀င်ရောက် ကယ်တင်ခြင်းမပြုဘဲ လက်ရှောင်နေခဲ့ကြတယ်လို့ သိရတယ်။ လက်နက်ကိုင်ေ သွးဆူနေတဲ့ ဗုဒ္ဓဘာသာဝင် လူရမ်းကားလက်ကလွတ်စေဖို့ ကျောင်းသားလေးတွေကို နေရာအနှံ့လိုက်ဖွက်နေချိန် တစ်လျှောက်လုံး တုန်လှုပ်ချောက်ခြားနေတဲ့ မွတ်စ်လင်မ်ခေါင်းဆောင်များက ဒေသဆိုင်ရာနဲ့နိုင်ငံတော်အဆင့်အာဏာပိုင်တွေအထိ အကြောင်းကြားခဲ့ကြပါတယ်။
    အာဏာပိုင်နဲ့စစ်ခေါင်းဆောင်တွေက စိတ်မသိုးမသန့်ပင်လျှင် မဖြစ်ဘဲ လျစ်လျူရှုခဲ့ကြတာ မျက်မြင်ထင်ရှားပါ။ ဒါပေမယ့် မြန်မာမွတ်စ်လင်မ်တွေအပေါ် လူမျိုးကြီးဝါဒီ ဗုဒ္ဓဘာသာဝင်တွေရဲ့ပေါက်ကွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြည်တွင်းနဲ့နိုင်ငံတကာသုံးသပ်သူများက “တစ်ဖက်သတ်အကြမ်းဖက်မှု” ကို “အပြန်အလှန်ပဋိပက္ခ” ဆိုပြီး တလွဲတချော် ဖော်ပြနေကြတယ်။ ဒီလိုပုံဖော်ချက်တွေက လူ့အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကို အလွန်အကျွံ ပုံကြီးချဲ့ရာရောက်သွားစေပါတယ်။ ဗုဒ္ဓဘာသာဝင် လူရမ်းကားတို့ရဲ့ အုပ်စုဖွဲ့အကြမ်းဖက်မှုနဲ့လူမျိုးကြီးဝါဒအတွက် ယဉ်ကျေးမှု အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အားပေး အားမြှောက်ပြုရာရောက်သွားစေပါတယ်။
    သေချာတဲ့အချက်ကတော့ မြန်မာနိုင်ငံလူ့အဖွဲ့အစည်းအသီးသီးအကြားမှာ တစ်ယူသန် အစွဲကြီးခြင်းက နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေတာပါဘဲ။ လူမျိုးရေးအခြေတည် အမျိုးသားစီးပွားရေး စံနစ်မျိုးဟာ ရှေးအစဉ်အဆက်အရရော လွတ်လပ်ရေးရပြီး ကာလများမှာပါ မြန်မာအမျိုးသားရေးဝါဒရဲ့မဏ္ဍိုင်တစ်ရပ်လို တည်ရှိနေခဲ့တာ ကြာပါပြီ။ Race – “လူမျိုး” နဲ့ Ethnicity – “လူ့အုပ်စု” ဆိုတာ အပြောင်းအလဲမရှိဘူး၊ သွေးပေါ်အခြေခံခွဲထုတ်ရမယ် ဆိုတဲ့ အသိတရားက နိမ့်ကျဆွေးမြေ့နေပြီ ဖြစ်ပေမယ့် ရေပန်းစား လို့နေတယ်။ အရည်တစ်စက်ပေါ် အခြေခံတဲ့ စိတ်ကူးစိတ်သန်းကြီးက လက်ရှိ အမျိုးသားရေးပြန်လည်နိုးကြားမှုမှာ အတိုင်းအတာ တစ်ရပ်အထိ ကြီးစိုးနေပါတယ်။ အမှန်ကိုဆိုရယင် ဗုဒ္ဓ၀ါဒ နဲ့ အကြမ်းဖက်မှုတို့ဟာ အနှစ်သာရချင်း ဆန့်ကျင်နေပေမယ့်၊ လက်ရှိအခြေအနေနဲ့ သမိုင်းကြောင်း အရပါ ထာဝစဉ် ဒွန်တွဲနေခဲ့ကြတယ်လို့ ဆိုရမှာပါ။
    စင်စစ်မှာတော့ မြန်မာနိုင်ငံသား တရုတ်၊ အိန္ဒိယ၊ သွေးနှော၊ အခြားဘာသာဝင်လူနည်းစုတွေအပေါ် လူမျိုးစွဲ၊ ဘာသာစွဲတွေဖြစ်ပွားလာအောင် သွတ်သွင်းခင်းကျင်းအားပေး ကျားကန်နေတာကတော့ တိုင်းပြည်ရဲ့အာဏာပိုင်နဲ့ဦးဆောင်နေသူများသာ ဖြစ်ပါတယ်။
    ဗိုလ်ချုပ်နေ၀င်းကနေ လက်ရှိအငြိမ်းစား အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နှစ်ပေါင်း ၅၀ အထိ အစဉ်အဆက် စစ်ခေါင်းဆောင်များက လူမျိုးနဲ့ဘာသာတရားကို စစ်ရေးနဲ့နိုင်ငံရေးဗျူဟာ ဖဲချပ်အဖြစ် ထုတ်ကစားခဲ့ကြ ယုံတင်မကပါဘူး – ဗုဒ္ဓဘာသာလူမျိုးကြီး ၀ါဒကိုလည်း သွတ်သွင်းခဲ့ကြတယ်။ ရွှေပြားကပ်စေတီတွေ၊ ကောက်ရိတ်ချိန် ရွှေရောင်ဖြာနေတဲ့ လယ်ကွင်းပြင်တွေကို အစွဲပြုပြီး ဗုဒ္ဓဘာသာရွှေနိုင်ငံ အဖြစ် သွေးနားထင်ရောက်အောင် အဓိကသော့ချက်လို အသုံးပြုခဲ့တာ လူသိများလှပေတယ်။
    ဦးသိန်းစိန်ရဲ့ တရားဝင်အကာအကွယ်ကို ရယူထားတဲ့ လက်သစ်နာဇီဘုန်းကြီး ဦးဝီရသူ ဟာ မြန်မာမွတ်စ်လင်မ် ဆန့်ကျင်ရေး ဗုဒ္ဓဘာသာဝင်လူမျိုးကြီးဝါဒ ၉၆၉ လှုပ်ရှားမှု စနက်တံကို မောင်းဖြုတ်လွှတ်ပေးခဲ့သူ ဖြစ်တယ်။ ဒီလှုပ်ရှားရဲ့ဇစ်မြစ်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး စစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးစောမောင် အစိုးရရဲ့ ပျိုးထောင် စီစဉ်ခဲ့မှုဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ခြေရာခံမိပြီး မကြာသေးမီက အထူးအစီရင်ခံစာ တစ်စောင်မှာ ဖော်ပြခဲ့တယ်။
    ပြည်တွင်းသာသနာရေးဦး ဌာနအောက်က သာသနာရေးညွှန်မှူး(ယခုအငြိမ်းစား)က လူထုကြားထဲ အစ္စလာမ်မုန်းတီးရေး အတွေးအမြင်တွေ ပျံ့နှံ့အောင် ဦးစောမောင်ရဲ့အားပေးအားမြှောက်မှုနဲ့ ကြံစည်ဖော်ဆောင်ခဲ့တယ်လို့ ရိုက်တာအစီရင်ခံစာမှာ အထူးအားဖြင့် ဖွင့်ချပြခဲ့တယ်။ ဦးစောမောင်ကို ဆက်ခံတဲ့ – လက်ရှိအချိန်မှာ အနားယူပြီလို့ ကြေညာထားတဲ့ ဦးသန်းရွှေဟာ “မြန်မာနိုင်ငံ၏ကျိုးပဲ့နေသောအနောက်တံခါး” ခေါင်းစဉ်တပ် မွတ်စ်လင်မ်နဲ့ရိုဟင်ဂျာဆန့်ကျင်ရေး ၀ါဒဖြန့်စာတစ်စောင် ထုတ်ဝေဖြန့်ချိခဲ့တယ်လို့ ဆိုပါတယ်။ အနောက်တံခါး ဆိုတာ မွတ်စ်လင်မ်အများစုရှိတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရခိုင်ပြည်နယ်ကို ညွှန်းဆိုထားတာပါ။
    လူမျိုးကြီးဝါဒ သပ်လျှိုဥပဒေ
    82 creator
    သို့ပေမယ့် မြန်မာနိုင်ငံက စစ်ဥပဒေသစ်ကို ထူထောင်သူ အာဏာရှင်ဟောင်း ဦးနေ၀င်း၊ ဦးနေ၀င်းရဲ့အကြံပေးပညာရှင် –  နောက်ပိုင်းမှာသမ္မတဖြစ်လာသူ ဗြိတိန်နဲ့ဒတ်ခ်ျက ဥပဒေဘွဲ့ရ ဒေါက်တာမောင်မောင်၊ သြစတေးလျ တက္ကသိုလ်ထွက် ရခိုင်သမိုင်းဆရာ ဒေါက်တာအေးကျော်တို့က လက်ရှိ မျက်ကန်းမျိုးချစ် ဗုဒ္ဓဘာသာဝင် လူမျိုးကြီးဝါဒကို စတင်ချမှတ် အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။ သူတို့တစ်တွေဟာ တစ်ကိုယ်ရည် အကြောက်လွန်စိတ်ကြောင့် မွတ်စ်လင်မ်၊ ခရစ်ယာန်၊ အိန္ဒိယမြန်မာကပြား၊ တရုတ်နွယ်ဖွားတွေကို “သွေးနှောသူတွေ” တစ်နည်းအားဖြင့် “မျိုးမစစ်သူတွေ” လို့ ရည်ညွှန်းပြီး အကျယ်တ၀င့် သတင်းဖြန့်ခဲ့ကြတယ်။
    ၁၉၈၂ ခုနှစ် အောက်တိုဘာလမှာ ဦးနေ၀င်းက သူရဲ့အဆင့်မြင့်လူယုံတွေ၊ အကြံပေးတွေကို စာကြမ်းတစ်စောင်နဲ့ သမိုင်းဝင်တာဝန်တစ်ရပ် ညွှန်ကြားခဲ့တယ်။ အဲ့ဒီမှာ သူ့ကိုယ်ပိုင်သတ်မှတ်ချက်နဲ့ ဥပဒေထဲ လူမျိုးကြီးဝါဒသွတ်သွင်းပြီး နိုင်ငံတော်လုံခြုံရေးလို့ ခေါင်းစဉ်တပ်ခိုင်းခဲ့တယ်။ အဲ့ဒါဟာ နောင်တစ်ချိန်မှာ ၁၉၈၂ နိုင်ငံသား ဥပဒေဆိုပြီးတော့ ပေါ်ထွက်လာခဲ့တာပါဘဲ။ ယမန်နှစ်က ရိုဟင်ဂျာမွတ်စ်လင်မ် ဆန့်ကျင်ရေးတွေ တအုံတကျင်းဖြစ်ပွားလာရတာ အဲ့ဒီ ဥပဒေအရင်းခံကြောင့်လို့ ဆိုရပါမယ်။ အခုအချိန်မှာဖြင့် ရခိုင်ပြည်နယ်ပြဿနာဟာ နိုင်ငံတကာက မျက်စေ့ဒေါက်ထောက် အာရုံစိုက်နေကြတဲ့ – အကြီးအကျယ်ဆွေးနွေးရမယ့် အရေးအရာ ဖြစ်သွားခဲ့ပါပြီ။
    ၁၉၈၂ ခုနှစ်မှာ ဦးနေ၀င်းက တရုတ်(တရုတ်ပြည်နဲ့တရုတ်လူမျိုး အဆက်အနွယ်) နဲ့ ကုလား(အိန္ဒိယနွယ်ဖွားလူညို သို့မဟုတ် မွတ်စ်လင်မ်)ဆိုပြီး တရားဝင် သုံးနှုန်းခဲ့တယ်။ အဲ့ဒီ အသုံးအနှုန်းတွေက လူမျိုး ခွဲခြားနှိမ့်ချတဲ့ ဝေါဟာရတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရား၊ စစ်တပ် အပါအ၀င် အရေးပါအရာရောက်တဲ့ ရာထူးတွေမှာ သူတို့ကို နေရာမပေးစေခဲ့ဘူး။ ဗြိတိသျှကိုလိုနီခေတ်က ၀င်ရောက် အခြေချကြတဲ့ တိုင်းတစ်ပါးသား အနွယ်များဟာ သူ့အဆိုအရ “ဧည့်သည်” နဲ့“သွေးနှော”တွေအဖြစ် သတ်မှတ်ခဲ့ကြတယ်။
    ၁၈၂၄ ခုနှစ်မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားတယ်။ မြန်မာတွေ စစ်ရှုံးတော့ တနင်္သာရီကမ်းမြှောင်ဒေသ နဲ့ ရခိုင်ပြည်နယ်ကို ဗြိတိသျှတို့ဆီ ပေးအပ်လိုက်ရတယ်။ ဗြိတိသျှလက်အောက်ခံရောက်ခဲ့တဲ့ အဲ့ဒီကာလနောက်ပိုင်း မြန်မာပြည်ထဲ ပြောင်းရွှေ့ ၀င်ရောက်အခြေချလာ ခဲ့တဲ့သူတွေဟာ ရာစုနှစ် တစ်ခုကျော်လွန်အောင် နေထိုင်ခဲ့ကြပေမယ့် အဲ့ဒီဥပဒေအရ နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးကို အပြည့်အ၀ မရခဲ့ကြပါဘူး။
    ဒုတိယကမ္ဘာစစ်မတိုင်ခင် နိုင်ငံအတွင်း ဆယ်စုနှစ်များစွာ နေထိုင်လာသူများအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးဖို့ကိစ္စအပေါ် ဦးနေ၀င်းစကားကြောင့် သံသယနဲ့စောင့်ကြည့်ခံနေရဆဲဖြစ်တယ်။
    “ သူတို့ဟာ နည်းလမ်းမျိုးစုံသုံးလို့ ငွေရှာဖို့ဘဲသိကြတယ်။ ဒါကို သိနေတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာကို ဆုံးဖြတ်မယ့်အဖွဲ့အစည်းမှာ ဘယ်လို ယုံကြည်စိတ်ချနိုင်မှာလဲ ? ဒါ့ကြောင့် ကျွန်တော်တို့ဟာ သူတို့ကို နိုင်ငံသားနဲ့လူ့အခွင့်အရေး အပြည့်အ၀ပေးမှာ မဟုတ်ပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကြိုးရှည်ရှည်နဲ့လှန်ထားရဦးမှာပါဘဲ။ သူတို့အလုပ်နဲ့သူတို့ကို ၀မ်းစာရှာဖွေခွင့်ပေးမယ်၊ ဆက်လက်နေထိုင်ခွင့်ပေးသွားမယ်။ ဒီ့ထက်တော့ မပိုနိုင်ဘူး ” လို့ အာဏာရှင်ဟောင်းကြီးက ပြင်းပြင်းထန်ထန် လမ်းညွှန်ခဲ့တယ်။
    ၁၉၈၂ ခုနှစ်ရဲ့အဲ့ဒီနေ့ကစပြီး အစဉ်အဆက်စစ်ခေါင်းဆောင်တွေထံမှာ အင်အားလေးသိန်းကျော်ရှိ တပ်မတော်ထဲက တရုတ် နဲ့ အိန္ဒိယအဆက်အနွယ်တွေကို ရာထူး အဆင့်တိုးမြှင့်ပေးတာမျိုး  မရှိကြတော့ဘူး။
    ၁၉၆၂ ခုနှစ်၊ ဦးနေ၀င်း အာဏာသိမ်းပြီးကတည်းက စစ်အုပ်ချုပ်ရေးနိုင်ငံ တစ်ခုအနေနဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ သက်မွေးဝမ်းကြောင်း နဲ့ အခြားကဏ္ဍတွေမှာ မျက်ကန်း မျိုးချစ်လှိုင်းလုံးတွေ ဆင့်ကာဆက်ကာ လှိမ့်ဝင်လာကြတယ်။
    “သွေးစစ်မျိုးမှန်” နဲ့ “နိုင်ငံ့သားကောင်း” ဆိုတဲ့ ဦးနေ၀င်းရဲ့ သည်းခြေကြိုက်ပေါ်လစီက သူကိုယ်တိုင်နဲ့ ဆန့်ကျင်ဖက်ဖြစ်နေပြန်ရော။ သူကိုယ်၌က ဗမာလူမျိုးစစ်စစ် မဟုတ်တဲ့အပြင် သူ့ရဲ့သစ္စာခံ လူမျိုးကြီးဝါဒီတွေ၊ သူ့အိုင်ဒီယာအမွေခံတွေ အတော်များများကလည်း “သွေးစစ်မျိုးမှန်” ထဲက မဟုတ်ကြပါဘူး။ သာဓကပြရမယ်ဆိုယင် လက်ရှိ ပြည်ထောင်စုဝန်ကြီးနဲ့ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူ ဦးအောင်မင်းဟာ တရုတ်နွယ်ဖွားထဲက ဖြစ်နေပါတယ်။
    မြန်မာနိုင်ငံအတွက် အိပ်မက်ဆိုးတံခါးပွင့်သွားစေတဲ့ လူမျိုး၊ ဘာသာသန့်စင်ရေးလမ်းကြောင်းဟာ – လက်ရှိအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် လွတ်လပ်ရေးသူရဲကောင်း အာဇာနည်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ သူ့သေဖော်သေဖက်ခေါင်းဆောင်များရဲ့ လူမျိုးဘာသာယဉ်ကျေးမှု မခွဲခြားရေး အမြင်အရ ဖြောင့်ဖြောင့်ကြီး ထိပ်တိုက် ဆန့်ကျင်လို့နေပါတယ်။
    ၁၉၄၇ ခုနှစ် ဗြိတိသျှတို့ဆီက လွတ်လပ်ရေးရလု ဆဲဆဲကာလမှာ ဗိုလ်ချုပ်အောင်ဆန်းက များမကြာခင် လွတ်လပ်လာတော့မယ့် မြန်မာ(ဗမာ)နိုင်ငံထဲ လူမျိုးရေး၊ ဘာသာရေး နဲ့ နိုင်ငံရေးကို မရောထွေးကြဖို့ တင်ကြိုသတိပေးခဲ့တယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုရေးအပေါ် အတိုက်အခံပြုဆန့်ကျင်ပြီး တိုင်းပြည်ရဲ့အနာဂတ်အတွက် ဗိုလ်ချုပ်အောင်ဆန်းက အတူယှဉ်တွဲနေထိုင်ရေး ၀ါဒီနဲ့နိုင်ငံရေးသမားရဲ့အမြင်တစ်ရပ်ကို ဒီလို မိန့်မှာခဲ့ပါတယ်။
    “ ကုန်းဘောင်မင်းဆက်ခေတ်ကာလ(၁၇၅၄-၁၈၈၅)ကတည်းက ကျွန်တော်တို့နိုင်ငံမှာ ဘာသာတရားအသီးသီး ရှိနှင့်ပြီးဖြစ်တယ်။ နတ်ကိုးကွယ်သူတွေရှိကြတယ်။ ကက်သလစ်ခရစ်ယာန်တွေ ရှိကြတယ်။ နယ်စွန်နယ်ဖျားတိုင်းရင်းသားတွေအနက် ခရစ်ယာန်အဖြစ် သွတ်သွင်းခံရသူတွေရှိကြတယ်။ လူမျိုးနဲ့ဘာသာ ကွဲပြားနေလင့်ကစား သူတို့အားလုံးဟာ ပြည်သူတွေဖြစ်တယ်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို တော်လှန်ကြိုးပမ်းခဲ့ရာမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ခုတည်း မဟုတ်ဘူး။ လူမျိုးစုံ ဘာသာစုံ ပါဝင်ခဲ့ကြတယ်။ ပေးဆပ်ခဲ့ကြတယ်။ တကယ်လို့များ ဒီ(နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေး)လမ်းကြောင်းကို လျှောက်မယ်ဆိုယင် အမိမြေကို သိက္ခာချရာ ရောက်သွားပါလိမ့်မယ် ”။
    မြန်မာနိုင်ငံရဲ့လက်ရှိအုပ်ချုပ်ရေး စံနစ်ကတော့ လူမျိုးကြီးဝါဒီတွေကိုသာ ချီးမြှောက်နေကြတယ်။ တွန်းတင်ပေးနေကြတယ်။ အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်နေကြတယ်။ ဟောင်ကောင်သံ အရာရှိဟောင်းဖြစ်ခဲ့ဖူးသူ ရဲမြင့်အောင်ဟာ နိုင်ငံတကာသံတမန် အသိုင်းအ၀ိုင်းဆီကို ရိုဟင်ဂျာတွေက အရိုင်းအစိုင်းတွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသားဝါ မွန်ဂိုလွိုက် အနွယ်ဝင် မဟုတ်ကြောင်း လွန်ခဲ့တဲ့နှစ်များစွာက စာရေးပေးပို့ခဲ့သူဖြစ်တယ်။
    နောက်ပိုင်းမှာ နိုင်ငံခေါင်းဆောင်တွေက သူ့ကို အာဏာကုန်လွှဲအပ်ခံရတဲ့သံအမတ်အဖြစ်ခန့်အပ်ပြီး ဂျီနီဗာကို စေလွှတ်လိုက်တယ်။ အခုအချိန်မှာတော့ သူဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းအတွက် ခုခံချေပနေရပါပြီ။
    ၁၉၈၂ နိုင်ငံသားဥပဒေထဲရှိ ဦးနေ၀င်းရဲ့လမ်းညွှန်ချက်အရ နောင်တစ်ချိန်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ ဦးအုံးဂျော် ဟာလည်း ရိုဟင်ဂျာ နှစ်သိန်း သုံးသောင်းကို မြန်မာအစိုးရက အဓမ္မနယ်နှင်ခြင်းအရေးနဲ့ပတ်သက်ပြီး ၁၉၉၄ ခုနှစ်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းထံကို ဒီလိုတုန့်ပြန်ပြောဆိုခဲ့ပါတယ်။
    “ အဲ့ဒီလူတွေ မြန်မာနိုင်ငံက နှင်ထုတ်ခံရတယ်ဆိုတာ သွားပုပ်လေလွင့်စကားပါ။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲ ရောက်နေတဲ့အဲ့ဒီလူတွေဟာ ဒါကာကနေ ရောက်လာတာဖြစ်ပါလိမ့်မယ်။ ဗမာပြည်ကို စွန့်ခွာသွားရတဲ့လူဆိုလို့ တစ်ဦးတစ်လေမျှ ရှိမနေပါဘူး ”။
    အာဏာပိုင်တို့ရဲ့ မုသားများ
    thein-sein-chatham
    မြန်မာနိုင်ငံခေါင်းဆောင်များဟာ သူတို့ရဲ့လုပ်နေကျလမ်းကြောင်းအတိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းထံမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ ထပ်ပြန်တလဲ မုသားဆိုနေတုန်းပါဘဲ။ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်လျာထား စာရင်းမှာ ပါဝင်နေပေမယ့်လည်း သမ္မတဦးသိန်းစိန်က စစ်ဗိုလ်ချုပ်ဟောင်း ပီပီ လူမျိုးကြီးဝါဒရုပ်လုံး ၁၉၈၂ နိုင်ငံသားဥပဒေကို ခေါင်းမာစွာ စွဲကိုင်ထားဆဲသာမက ဗြိတိန်နိုင်ငံ Chantham House ထဲ မိန့်ခွန်းပေးရာမှာ “သူစိမ်းဧည့်သည်/တိုင်းတစ်ပါးသား” နဲ့ “သွေးစစ်မျိုးမှန်” စကားလုံးတွေ ထည့်သုံးပြောကြားသွားတာ တွေ့ရတယ်။ ဒါဟာ လူမျိုး အုပ်စုတွေပေါ်ထားရှိတဲ့ မြန်မာအာဏာပိုင်တွေရဲ့ လူမျိုးကြီးဝါဒအမြင်ကို တရားဝင်ဖော်ပြလိုက်တာပါဘဲ။
    တန်ဆာဆင်ရေးသားချက်တွေကို ဖတ်ပြပြီးတဲ့နောက် Whitehall နဲ့ White House မှာ နေပြည်တော်ကို နောက်ကွယ်က ထောက်ခံ အားပေးနေ သူများနဲ့ တွေ့ဆုံခဲ့တယ်။ အဲ့ဒီမှာ အခိုင်အမာအထောက်အထားတွေ တောင်လိုပုံပြီးရှိနေတာကို ဆန့်ကျင်ပြီး ဘာသာရေးအခြေခံ လူမျိုးစု ရိုဟင်ဂျာတွေကို ရှင်းထုတ်ရေး လုပ်ရပ် တစ်ခု ဆက်လက်လုပ်ဆောင်သွားဦးမယ့် စကားမျိုး ဦးသိန်းစိန်က တရားဝင် ပြောကြားခဲ့ပြန်တယ်။
    နိုင်ငံတော်ကထင်သာမြင်သာအကာအကွယ်ပေးမှုနဲ့အတူ လူမျိုးကြီးဝါဒီဗိုလ်ချုပ်များရဲ့ဆောင်ပုဒ်ကို အငှားသုံးပြီး နာဇီလက်သစ် ၀ါဒခေါင်းထောင်လာမှုဟာ နိုင်ငံ့ လူနည်းစုတွေဖြစ်ကြတဲ့ မွတ်စ်လင်မ်တွေ၊ တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုများကို ဖြစ်ပွားစေခဲ့တာပါဘဲ။ အာဏာပိုင်တွေရဲ့လူမျိုးကြီး ၀ါဒ၊ အဲ့ဒါကို ကျားကန်ပေးနေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေများဟာ  ဗုဒ္ဓဘာသာဝင်အစွန်းရောက်ဝါဒီတွေအဖို့ အဓိကရေသောက်မြစ်ကြီး ဖြစ်လို့လာခဲ့ပါပြီ။ ဒါဟာ သွေးနှောတွေ၊ နိုင်ငံခြားသား အဆက်အနွယ်တွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ဆန့်ကျင်ဖက်ဖြစ်တယ်။
    လူမျိုးခွဲခြားမှု နဲ့ ဘာသာရေး အယူသည်းမှုတွေက ဗမာလူမျိုး သို့မဟုတ် ဗုဒ္ဓဘာသာဝင်တွေကြားမှာ သူစိမ်းပြင်ပြင် မဟုတ်ကြပါဘူး။ သို့တစေလည်း မြန်မာနိုင်ငံထဲ မွတ်စ်လင်မ်လူနည်းစုတွေကိုတိုက်ခိုက်မှု နဲ့ ရိုဟင်ဂျာလူမျိုးစုကို ဖယ်ရှားရှင်းလင်းရေးဆီကနေအကျည်းတန်စွာထွက်လာတဲ့ အကြမ်းဖက်မှုဟာ ဘာသာလူမျိုးအစွဲများ နဲ့ နိုင်ငံ့လူမျိုးကြီးမူဝါဒများ အကြားက အလွန်အန္တရာယ်ကြီးလှတဲ့ အပြန်အလှန်ချိတ်ဆက်မှုကြီး ဖြစ်နေပါတယ်။
    နယ်သာလန်၊ ဂျာမဏီ၊ ယူကေ တို့လို လွတ်လပ်မျှတတဲ့ဒီမိုကရေစီစံနစ်ရှိတဲ့ နိုင်ငံတွေထဲမှာတောင်မှ နာဇီလက်သစ်အုပ်စုတွေ ရှိတတ်ကြပါတယ်။ သူတို့ဟာ လွတ်လပ်စွာပြောဆိုထုတ်ဝေစုရုံး ဖွဲ့စည်းခွင့်အားဖြင့် သူတို့ရဲ့ အတ္တစွဲလူမျိုးကြီးဝါဒကို ထုတ်ဖော်ဖြန့်ချိကြတယ်။ ဒါပေမယ့် သူတို့ရဲ့ဝါဒတွေက လူထုလက်ခံတဲ့ အဆင့်အထိ ရေပန်းမစားကြဘူး။ အာဏာရယူရေးအတွက် နိုင်ငံရေး လက်ကိုင်ဒုတ်အဖြစ် မတွင်ကျယ်ကြပါဘူး။ အဲ့ဒါဘာကြောင့်ပါလဲ။ လွတ်လပ်မျှတတဲ့ ဒီမိုကရေစီ တိုင်းပြည်တွေမှာ လူမျိုးကြီးဝါဒ ဆန့်ကျင်ရေး အုပ်စုက အများစု ဖြစ်ပြီး နာဇီလက်သစ်နဲ့အစွန်းရောက်ဝါဒီအုပ်စုတွေက အနည်းစုသာရှိနေလို့ပါဘဲ။ လူပမာဏအများစုက လူမျိုးကြီးနဲ့အစွန်းရောက် ၀ါဒီတွေကို ထိပ်တိုက်ဆန့်ကျင်ရင်ဆိုင်ကြလို့ပါဘဲ။
    မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး မဟုတ်ဘူး။ လူ့အခွင့်အရေးအပေါ်အကြွင်းမဲ့ရပ်တည်ပါတယ်ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် လူများစု ဗမာလူမျိုး နဲ့ ဗုဒ္ဓဘာသာဝင်တွေက အစွန်းရောက် ဗုဒ္ဓအယူဝါဒခေါင်းထောင်လာမှုကို စိတ်ပျက်စရာကောင်းလောက်အောင် နှုတ်ပိတ် တိတ်ဆိတ်နေကြတယ်။ လူအများစုရဲ့နှုတ်ဆိတ်နေမှုက လူနည်းစုတွေအပေါ် ပျက်ရာပျက်ကြောင်း ဖြစ်သွားစေပါတယ်။
    လူမျိုးကြီးဝါဒီ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားများဟာ မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို မဟာဗျူဟာမြောက်လမ်းစဉ်တစ်ရပ်အဖြစ် အသုံးချလိုက်တာဖြစ်တယ်။ စစ်အာဏာပိုင်တွေဟာ သူတို့ရဲ့အုပ်ချုပ်ရေး နိုင်ငံရေး နဲ့ စီးပွားရေးခံစားခွင့် ပြန်လည်ရှင်သန်လာစေချင်တယ်။ တိုင်းရင်းသား လူနည်းစုတွေရဲ့ခါးသည်းမှုကို အသိအမှတ် မပြုရဲကြဘူး။ စစ်မှန်တဲ့လူထု ကိုယ်စားပြုအ စိုးရအဖွဲ့ရဲ့ တုန့်ပြန်မှုကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့နေကြလို့ ဒီလိုဖန်တီးနေကြခြင်းဖြစ်ပါတယ်။
    OIC အဖွဲ့ဟာ တရုတ်ပြည်မဟုတ်သလို ဘေဂျင်း(ပီကင်း)လိုမျိုး မြန်မာနိုင်ငံကိုစိုးမိုးနေတဲ့ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေအပေါ် တွန်းအားမပေးနိုင်ပါဘူး။ အီရန်က သူနိုင်ငံထဲမှာ ကိုယ့်ဒုက္ခနဲ့ကိုယ်။ ၁၉၇၁ ခုနှစ် အနောက်ပါကစ္စတန်စစ်သွေးကြွတွေနဲ့ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မှာ ဘင်္ဂလားဒေ့ရှ် ဟိန္ဒူတွေရဲ့ မျိုးဖြုတ်သုတ်သင်မှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ အိန္ဒိယဟာလည်း မြန်မာနိုင်ငံအပေါ် အစွန်းရောက်ပေါ်လစီသစ် တစ်ခု ရှိနေတယ်။ အဲ့ဒါကတော့ အိန္ဒိယစီးပွားအ ကျိုးအမြတ်အတွက် (မြန်မာနိုင်ငံရဲ့) သဘာဝသယံဇာတ အရင်းအမြစ်တွေကို ချုပ်ကိုင်ပြီး တရုတ်ပြည်ရဲ့လွှမ်းမိုးမှုကို ဖြတ်တောက်နိုင်ရေးဘဲ ဖြစ်ပါတယ်။
    နာဇီလက်သစ်ဗုဒ္ဓဘာသာဝင်များရဲ့အကြီးအကျယ်အကြမ်းဖက်မှုဆိုတဲ့ လမ်းကြောင်းမှား မြင့်တက်ကြီးထွားလာခြင်းနောက်ကွယ်မှာ စီးပွားရေး၊ နိုင်ငံရေး မတည်ငြိမ်မှု မရေရာမှုတွေ ရှိနေတယ်။ ဒီအခြေအနေကိုလည်း အဖိနှိပ်ခံလူထုက ကျွမ်းဝင်ရင်းနှီးပြီးသားပါ။ စင်စစ်မှာတော့ မသေချာမရေရာမှုတွေ၊ မလုံခြုံမှုတွေ ကျယ်ပြန့်လာဖို့ နေပြည်တော်က ကစားကွက်ခင်းနေပါတယ်။ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ဟောင်းတွေ ထိန်းချုပ်ထားတဲ့ အာဏာပိုင်တွေဟာ နိုင်ငံ့ဗုဒ္ဓဘာသာဝင် လူထုကြားက အတူတစ်ကွယှဉ်တွဲနေထိုင်ရေးမူ ပျက်စီး ဖယ်ရှားနိုင်ယင် စစ်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းဖို့ အကောင်းဆုံး အကြောင်းပြချက် ဖြစ်လာတော့တာပေါ့။
    နိုင်ငံရေးနဲ့ပညာရေးမှာ ကာလကြာရှည်ဖိနှိပ်ထားခဲ့တဲ့ မွတ်စ်လင်မ်နဲ့ရိုဟင်ဂျာလူ့အဖွဲ့အစည်းတွေကို ဓားစာခံလုပ်ပြီး တိုင်းပြည်ရဲ့နစ်နာမှုလို့ ပုံဖော်မယ်။ အကြီးအကျယ် မငြိမ်မသက်ဖြစ်လာယင် မဟာဗျူဟာလမ်းကြောင်းထဲ အလိုလို ၀င်ရောက်ပြီးသားဖြစ်မယ်။ စစ်မှန်တဲ့ဒီမိုကရေစီပြောင်းလဲရေး၊ လူမျိုးစုတွေအကြား ရင်ကြားစေ့သင့်မြတ်ရေး၊ ဗုဒ္ဓဘာသာဝင်နဲ့ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ သန်း၆၀ ပြည်သူတွေရဲ့စီးပွားရေးအကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းတဲ့အလုပ်တွေထက်  ဒိလိုအလုပ်က ပိုလွယ်ကူတာကိုး။ ဒါဟာ စစ်အာဏာရှင်တစ်စုရဲ့ စီးပွားရေးတံခါးဖွင့်နိုင်ငံရေးကစားကွက်သာလျှင်ဖြစ်ပါတယ်။ လမ်းမပေါ်မှာရော မိမိရဲ့အနီးကပ်အတွင်းမှာရော အမာခံ သစ္စာခံတွေ တအုံတကျင်းရှိနေတဲ့ စစ်အစိုးရဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို စစ်စစ်မှန်မှန် ပြုလုပ်အကောင်အထည်ဖော်တာမျိုး တွေ့ဖူးကြပါသလား ? ရှိခဲ့ဖူးပါသလား ?
    နာဇီလက်သစ်ဗုဒ္ဓဘာသာဝင်တွေရဲ့အကြမ်းဖက်မှု၊ ရိုဟင်ဂျာလူမျိုးရှင်းလင်းဖယ်ရှားမှုတွေကြောင့် ပင်ကိုယ်အရ ငြိမ်းချမ်းရေးကိုမြတ်နိုးပါတယ်ဆိုပြီး ဗုဒ္ဓဘာသာဝင်များရဲ့ကြွေးကြော်မှုအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေရပါပြီ။ သမိုင်းကြောင်းအရ ကမ္ဘာ့တစ်လွှား ဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့မှ “အန္တရာယ်ကောင်တွေ”၊ “တိရိစ္ဆာန်တွေ”၊ “လူလို့မသတ်မှတ်လိုသူတွေ” လို့ သတ်မှတ်တဲ့ လူ့အဖွဲ့အစည်းများကို အပျောက်ရှင်းမျိုးဖြုတ်ခြင်းနဲ့သာ နောက်ဆုံးအဖြေရှာခဲ့ကြတာများတယ်။
    မြန်မာမွတ်စ်လင်မ်တွေအပေါ် လက်ရှိကျူးလွန်နေတဲ့ အလွန်အကျွံအကြမ်းဖက်မှုတွေအပေါ် ဗုဒ္ဓ၀ါဒရဲ့စံချိန်စံညွှန်း အကြောင်း၊ ဗုဒ္ဓဘာသာဝင်တွေရဲ့အကြမ်းဖက်မှု သို့မဟုတ် ကောင်းမြတ်မှုဆိုင်ရာ သမိုင်းဆန်းစစ်ချက်အကြောင်းကို ဆွေးနွေးချက် သို့မဟုတ် ငြင်းခုံချက်များနဲ့ ထိထိရောက်ရောက် အလင်းဆောင်ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ (ဘာကြောင့်လဲဆိုတော့) ဗုဒ္ဓဘုရားရှင်ရဲ့သွန်သင်ဟောကြားမှုမှန်သမျှကို ဒုတိယအဆင့်အရံလောက်သာ သဘောထားနေကြလို့ဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့အမှတ်အသားဖြစ်တဲ့ စေတီပုထိုး၊ ဘုရားကျောင်းကန်၊ ဘုန်းတော်ကြီး နဲ့ အစဉ်အလာတွေဖုံးလွှမ်းနေတဲ့ မြန်မာလူမျိုးကြီးဝါဒီနဲ့အကြမ်းဖက်လူစုများကိုသာ (ဗုဒ္ဓနဲ့ဗုဒ္ဓတရားတော်ထက်) ပိုပြီး ကြည်ညိုကိုင်းရှိုင်းနေကြတာလေ။
    ဗုဒ္ဓဘာသာဆိုတဲ့ မျက်နှာဖုံးစွပ်လို့ နာဇီလက်သစ်ဝါဒကို အမြှောင်မယားလို တရားဝင်မွေးထုတ်ပေးလိုက်တဲ့ အာဏာပိုင်တွေ နဲ့ လူမျိုးကြီးဝါဒီအုပ်စုကြားက ဆက်နွယ်မှုလမ်းကြောင်းကို ဖောက်ထွင်းဆန်းစစ်မှု မပြုသရွေ့ – ဘယ်သုတေသီကမှ လက်ရှိအကြမ်းဖက်မှုတွေကို ရှင်းလင်းတိကျအောင် သုံးသပ်နိုင်မှာ မဟုတ်ပေဘူး။ ဒါ့ကြောင့်  ဒီပြဿနာတွေရဲ့အကြောင်းရင်းမှန်ကို သိနားလည်ချင်တယ်ဆိုလို့ရှိယင် —
    – စစ်ခေါင်းဆောင်တွေ နဲ့ သူတို့ရဲ့အရှက်မဲ့အာဏာပိုင်တွေ
    – ဗုဒ္ဓဘာသာအကြောင်းပြော ဆိုသော်လည်း ဗုဒ္ဓလမ်းစဉ်အပေါ် လျှောက်လှမ်းကျင့်သုံးဖို့   သတိလက်လွတ်ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတွေ
    ဒီအုပ်စုနှစ်ရပ်လုံးကို ချဉ်းကပ်အဖြေရှာဖို့ လိုအပ်နေတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
    ဒေါက်တာ မောင်ဇာနည် ( Associate Fellow with the University of Malaya Centre of Democracy and Elections and concurrently a Visiting Fellow at the Civil Society and Human Security Research Unit, London School of Economics) ၏ Military roots of racism in Myanmar အမည်ရှိဆောင်းပါးကို“ သာကီ ထက်ကောင်း ” မှ ဆီလျော်အောင် ပြန်ဆိုရေးသားထားခြင်းဖြစ်သည်။
    မူရင်းဆောင်းပါးကို http://www.atimes.com/atimes/Southeast_Asia/SEA-01-030913.html တွင် ဖတ်ရှုနိုင်ပါသည်။
  • ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ အကြား ဆွေးနွေးသည့် “သင့်မြတ်သူများပွဲတော်” မှ အသံဖိုင် အစ အဆုံး
    စက်တင်ဘာ- ၇ ၊ ၂၀၁၃
    M-Media
    စက်တင်ဘာ ၇ ရက်၊ ၂၀၁၃ တွင် ပြုလုပ်ခဲ့သည့် ဘာသာကြီး နှစ်ခုအကြား သဟဇာတရှိရေး အတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဆွေးနွေးသည့် “သင့်မြတ်သူများပွဲတော်” မှ အသံဖိုင် အစ အဆုံး ဖြစ်ပါသည်။
    ဒေါက်တာ ချန်ဒရာ မူဇာဗာ၏ ပြောကြားချက်
    1235187_586462434729564_389247193_n
    ကော်နက်ရှင် မကောင်းသော M-Media စာဖတ်ပရိတ်သက်များ Download ယူပြီးနားထောင်ရန်
    File Size =40.4 MB
    Google Drive >>http://goo.gl/3oB1rA
    အရှင် ဓမ္မာစရိယစာရ ၏ ပြောကြားချက် (အသံဖိုင်)
    12
    ကော်နက်ရှင် မကောင်းသော M-Media စာဖတ်ပရိတ်သတ်များ Download ယူပြီးနားထောင်ရန်
    File Size =19.1 MB
    Google Drive >>http://goo.gl/rOV3EP
    ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၏ ပြောကြားချက် (အသံဖိုင်)
    34
    ကော်နက်ရှင် မကောင်းသော M-Media စာဖတ်ပရိတ်သတ်များ Download ယူပြီးနားထောင်ရန်
    File Size =19.8 MB
    Google Drive >>http://goo.gl/FfwZA4
    စာရေးဆရာ ကိုတာ ၏ ပြောကြားချက် (အသံဖိုင်)
    =======================================
    ကော်နက်ရှင် မကောင်းသော M-Media စာဖတ်ပရိတ်သတ်များ Download ယူပြီးနားထောင်ရန်
    File Size =14.1 MB
    Google Drive >>http://goo.gl/0JVWtC
    အမေးအဖြေ-၁ အစီအစဉ် (အသံဖိုင်)
    ကော်နက်ရှင် မကောင်းသော M-Media စာဖတ်ပရိတ်သတ်များ Download ယူပြီးနားထောင်ရန်
    File Size =22.9 MB
    Google Drive >http://goo.gl/cYWaa
    အမေးအဖြေ-၂ အစီအစဉ် (အသံဖိုင်)
    ကော်နက်ရှင် မကောင်းသော M-Media စာဖတ်ပရိတ်သတ်များ Download ယူပြီးနားထောင်ရန်
    File Size =18.8 MB
    Google Drive >http://goo.gl/GIH4yM