News @ M-Media

Author: M-Media

  • “မုန်းတီးရေး မီဒီယာ၊ သွေးထိုး လှုံ့ဆော်မှု့နှင့် ဦးဆောင်ခဲ့သူတို့၏ နိဂုံး”

    စက်တင်ဘာ- ၇ ၊ ၂၀၁၃
    ရေးသူ- ဝါးလုံးရှည်အတီး

    Hate

    ၁၉၉၄ခုနှစ် ရဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုကြီး အပြီးမှာတော့ သတ်ဖြတ်မှုတွက် အဓိကတာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးမှ တရားစွဲဆိုခဲ့ရာမှာ ထူးခြားချက်အနေနဲ့ “ဟဆန်ဂီဇီ”၊ “ဂျင်း ဘော့စကို” နဲ့ “ဖာဒီနန် နဟီမားနား” လို့ အမည်ရတဲ့ နာမည်ကြီး
    မီဒီယာ သမား သုံးယောက်လဲ ပါဝင်ပါတယ်။

    ၁၉၉၀ခုနှစ် အစောပိုင်းမှာပဲ ရဝမ်ဒါဘာသာ စကားနဲ့”နိုးထကြလော့”ဟု အဓိပ္ပာယ်ရပြီး “ကန်ဂူရ(Kangura)” ဆိုတဲ့ ဂျာနယ်တစောင်ကို “ဟဆန်ဂီဇီ” (၂၀၀၃ခုနှစ်တွင် နိုင်ငံတကာ တရားရုံးမှ တသက်တကျွန်းအမိန့်ကျပြီး ယခု မာလီနိုင်ငံ အကျဉ်းထောင်တွင် အပြစ်ဒဏ်ကို ခံစားလျှက်ရှိသူ) ဆိုတဲ့ အစွန်းရောက် ဟူတူအမျိုးသားတစ်ယောက်က စတင်တည်ထောင်ခဲ့ပါတယ်။ အရေးအခင်းကာလ အတွင်းမှာလဲ ကန်ဂူရဂျာနယ်ဟာ ဟူတူတွေအပေါ် လွန်ကဲတဲ့ မျိုးချစ် စိတ်ဓာတ် ပြင်းထန်လာအောင် တိုက်တွန်းပြီး တွတ်စီတွေအပေါ်မှာ သနားကြင်နာဖို့မလိုကြောင်းကို မှန်မှန် တင်ဆက်ပေးနေပါတော့တယ်။ ဒါ့အပြင် ရဝမ်ဒါ အစိုးရပိုင် ရေဒီယိုနှစ်ခုဟာ အရေးအခင်း ကာလအတွင်း အသံလွှင့်တဲ့ နေရာမှာ တွက်စီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့ သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တွတ်စီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ သိပ်ပြီးမကောင်းလှပါဘူး။ ယခုလက်ရှိ ရေဒီယိုအစီအစဉ် နှစ်ခုက တာဝန်ရှိသူတွေဟာ တသက် တကျွန်းပြစ်ဒဏ်ကို ကန်ဂူရဂျာနယ် တိုက်ပိုင်ရှင်နဲ့ အတူခံစားနေရပါတယ်။

    “ဖာဒီနန် နဟီမားနား” ကတော့ Radio Télévision Libre des Mille Collines ကိုတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြင်သစ် ဒီးဒရော့ ယူနီဗာစီတီ ထွက် ပညာတတ် တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် စာရေးဆရာနှင့် သမိုင်းပညာရှင် တစ်ဦးလည်းဖြစ်ကာ ရဝမ်ဒါ သမိုင်းနှင့် ပတ်သတ်၍ အငြင်းပွါးဖွယ် စာအုပ်စာတမ်း များစွာကို ပြုစုရေးသားခဲ့သူ တစ်ယောက်လည်းဖြစ်သည်။ အရေး အခင်း ကာလ အတွင်း သူ တည်ထောင်ခဲ့သော ရေဒီယိုမှ မဟုတ်မမှန်သော သတင်းများနှင့် အမုန်းတရားများကို လေလှိုင်းမှ တဆင့် လှုံ့ဆော်ခဲ့သောကြောင့် နိုင်ငံတကာခုံရုံး၌ တစ်သက်တကျွန်း ပြစ်ဒါဏ်ကိုခံစားခဲ့ရသည်။ သို့သော်လည်း သူ၏ အယူခံဝင်မှုကြောင့် တစ်သက်တကျွန်း ပြစ်ဒါဏ်မှ အနှစ် ၃၀ သို့ ပြောင်းလဲ လျှော့ပေါ့ပေးကာ ယနေ့ထိတိုင်အောင် မာလီ နိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် အပြစ်ဒါဏ်ကို ခံစားလျက်ရှိသေးသည်။

    “ဂျင်း ဘော့စကို” ဟာလည်း Radio Télévision Libre des Mille Collines မှ တာဝန်ရှိသူတစ်ဦးဖြစ်ကာ မဟုတ်မမှန် ဝါဒဖြန့်မှု များအတွက် ထောင်ဒါဏ် ၃၅ ပြစ်ဒါဏ်ချမှတ်ခံရကာ ဘီနင် ရီပတ်ဗလစ် နိုင်ငံရှိ အကျဉ်းထောင်အတွင်း အပြစ်ဒါဏ်ကို ခံစားနေဆဲတွင်ပင်ဧပြီလ ၂၅ ရက် ၂၀၁၀ ခုနှစ်၌တွင်ပင် အသည်းရောင် အသားဝါ စီပိုး ဖြင့် ကွယ်လွန်သွားရရှာလေသည်။

    အထက်ပါ လူများ အားလုံး ကိုင်တွယ်ခဲ့သော ဂျာနယ်၊ ရေဒီယို အစီအစဉ် များမှာ ထို အချိန်က ရိုးသားသော ပြည်သူများအတွင်း အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို အသုံးပြုပြီး မျိုးချစ်စိတ်ဓာတ်ကို ပိုမိုပြင်းထန်အောင်ပြုလုပ်ကာ မီဒီယာများမှတဆင့် ထုတ်လွှင့်တင်ဆက်မှုကြောင့် လူကြိုက် အများဆုံး၊ရေပန်း အစားဆုံးနှင့် အောင်မြင်မှု များ ဖြစ်ခဲ့သော်လည်း အရေးအခင်းကြီး ပြီးဆုံးသွားချိန်မှာတော့ ရည်ရွယ်ချက် မကောင်းမှုကြောင့် အထက်မှာ တင်ပြခဲ့သည့် အတိုင်း လူ့ဘဝ ၏နေဝင်ချိန်များကို သံတိုင်များနောက်တွင် လူမသိ၊သူမသိ ကုန်ဆုံးသွားခဲ့ရလေသည်။

    တူညီသော အချက်များမှာကား ၄င်းတို့ မုန်းတီးခဲ့သည့်လူများအား ဘာသာကွဲဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ ဥပဒေ နှင့် မညီသော အမှုများကို ပြူလုပ်လေ့ရှိ သူများ အောက်တန်းစားလူမျိုးများ၊ ခွဲထွက်ရေးသမားများ၊ သောင်းကျန်းသူအဖျက်သမား၊ အကြမ်းဖက်သမားများ၊ ဖောက်ပြန်ရေး သမားများ၊ ယဉ်ကျေးမှု ကို ဖျက်ဆီးမည့်သူများ စသည်ဖြင့် တံဆိပ်အမျိုးမျိုးကပ်ပြီး အလိုရှိသည့်ပစ်မှတ်ကို အများနဲ့မတူသည့်နေရာသို့ရောက်အောင် အခြား နိုင်ငံသားများနှင့် မတူ ကွဲပြားစေရန်ကြိုတင်လုပ်ဆောင်လေ့ရှိကြသည်။ ကိုယ့်အတွက်ကိုမူ ယဉ်ကျေးမှု မြင့်မားသူများ၊ မြင့်မြတ်သောလူမျိုးများ၊ မဟုတ်မခံ စိတ်ရှိသူများ၊ သူရဲကောင်း စိတ်ဓာတ်ရှိသူများ၊ အမျိုးဘာသာသာသနာ သန့်ရှင်း တည်တံ့ရေးကို စောင့်ထိန်းသူများ၊ တိုင်းပြည်ကို အဓိကစောင့်ရှောက်နေရသူများ၊ စသည်ဖြင့် မိမိတို့ကိုယ်မိမိ ပြန် သတ်မှတ်ကြခြင်းပင်ဖြစ်သည်။

    တနည်းဆိုရသော် လူသားတိုင်းမှာ ပါရှိသည့် အတ္တ ဟူသော ချို့ယွင်းချက်ကို နားလည်ထားကြပြီး မိမိတို့ ကိုယ်ကျိုးနှင့် မုန်းတီးမှုများ အတွက် ပြည်သူများကို ချနင်း၍ အသုံးချသွားခြင်းပင်ဖြစ်သည်။ထိုအတ္တလွန်ကဲ ချို့ယွင်းချက်သည် နဂို မွေးရာပါ ဉာဏ်ရည် ဉာဏ်မပြည့် မှီသောကြောင့်ဖြစ်နိုင်သလို ၊ ကိုယ်မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်မှ ငါတကောကောသည့် အယူအဆများ ငယ်စဉ်မှ စ၍ နှစ်ရှည်လများ တစတစ ရိုက်သွင်းခံထားခြင်း သို့ လူတန်းစား တစ်ရပ်ကိုဦးတည်၍ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ဖြစ်စွာ မနေနိုင်စေရင် Brain wash လုပ်ခံထားရခြင်း (သို့) မှိုင်းတိုက်ခံထားရခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။

    တိုးတက်ရန် လမ်းစပြုနေပြီဖြစ်သော မြန်မာလူ့အဖွဲ့အစည်းတွင် စေတနာအစစ်အမှန်ရှိလျှင် မြေယာ အငြင်းပွါးမှု ပြဿနာများ၊ အလုပ်လက်မဲ့ နှင့် ကောင်းမွန်သော ပညာရေးစနစ်နှင့် အလှမ်းဝေးနေသေးခြင်း တို့ကဲ့သို့သော အရေးတကြီးလုပ်စရာ ပြဿနာ အများအပြားရှိနေပါသေးသည်။ လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ ကောင်းကျိုးကိုမလိုလားဘဲ ဆိုးရွားသော အခြေအနေကိုသာလျှင် ဦးတည်သွားစေနိုင်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်သလို ထို့ ဦးဆောင်သူများ၏ နိဂုံးဟာ လည်း သိပ်မကောင်းလှကြောင်းကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါသည်ဟု တင်ပြလိုက်ရပါသည်ခင်မျာ။

    ဝါးလုံးရှည်အတီး FB စာမျက်နှာမှ ကူးယူဖော်ပြသည်။

  • မယ်စကြ၀ဠာပြိုင်ပွဲ(မြန်မာ) ပြိုင်ပွဲနှင့် ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်

    စက်တင်ဘာ ၆၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    miss

    ရန်ကုန် ။ ။ ၂၀၁၃-ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် မယ်စကြာဝဠာ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မယ်စကြာဝဠာ(မြန်မာ) Miss Universe (Myanmar) ပြိုင်ပွဲအတွက် Hello Madam Group မှ ကြီးမှူးကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း Managing Director ဒေါ်စိုးဝေယုက ပြောကြားသည်။

    “Miss Universe ၂၀၁၃ ပြိုင်ပွဲကို စေလွှတ် ယှဉ်ပြိုင်နိုင်ဖို့ Miss Universe Organization ရဲ့မြန်မာနိုင်ငံ National Director အဖြစ် စီစဉ် ကျင်းပခွင့် ရရှိထားပါတယ်။ ၂၀၁၃-ခုနှစ်၊ နိုဝင်ဘာလမှာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပတဲ့ Miss Universe ၂၀၁၃ ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် Miss Myanmar အား ကျွန်မတို့ Hello Madam Group မှ အောက်တိုဘာလ ၃ရက်နေ့မှာ ပြိုင်ပွဲကျင်းပပြီး ရွေးချယ်စေလွှတ်သွားမှာ ဖြစ်ပါတယ်” ဟု ကန်တော်ကြီး ဟိုတယ်၌ ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းမှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    Miss Universe Myanmar ပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar ပေါ်ထွက်လာစေရန် ဖြစ်ကြောင်း၊ နှစ်ပေါင်း(၅၀)ကျော်ကြာ မယှဉ်ပြိုင်နိုင်ခဲ့သော မယ်စကြာဝဋ္ဌာ ပြိုင်ပွဲသို့ ပြန်လည် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများ ကိုယ်ကာယလှပ ကြံ့ခိုင်မှု အားကစားနည်းကို ပိုမို စိတ်ဝင်စားလာစေရန် ဖြစ်ကြောင်း၊ အတွေ့အကြုံ့ဗဟုသုတများ ကြွယ်ဝသည့် ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီးများ ပေါ်ထွက်လာစေရန် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် လှပသော သဘာဝ ပတ်ဝန်းကျင် အနေအထားများကို နိုင်ငံတကာမှ သတိပြုမိစေရန် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် အပြန်အလှန် ထိတွေ့ ဆက်ဆံမှုများ ပိုမိုရရှိစေရန် ရည်ရွယ်ကြောင်း ၎င်းက မီဒီယာများသို့ ပြောသည်။

    မြန်မာနိုင်ငံမှ ၁၉၅၉-ခုနှစ်တွင် မယ်မြန်မာ၊ ၁၉၆၀-ခုနှစ် မယ်မြန်မာနှင့် ၁၉၆၁-ခုနှစ်တွင် မယ်မြန်မာတို့မှ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ပိုင်း နှစ်ပေါင်း ၅၀-ကျော်အကြာတွင် ယခုကဲ့သို့ ပြန်လည် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်သည် ၂၀၁၃-ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည့် အပြင် အသက် (၂၇)နှစ်ထက် မကြီးသူ ဖြစ်ရမည် ဖြစ်ကြောင်း၊ အရပ် ၅-ပေ ၆-လက်မနှင့် အထက် ရှိရမည် ဖြစ်ကြောင်း၊ Miss Universe ပြိုင်ပွဲသို့ စေလွှတ်မည့် Miss Myanmar ပြိုင်ပွဲဝင် လျှောက်လွှာများကို Hello Madam Group ရုံးခန်းနှင့် www.missmyanmaruniverse.org တို့တွင် Dawnload ပြုလုပ်၍ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ လျှောက်လွှာများကို စက်တင်ဘာလ ၇-ရက်နေ့တွင် တိုက်(အေ- ၃-၁)၊ အခန်း(၇၀၃)၊ (၇)လွှာ၊ မြန်မာ့ဂုဏ်ရည် အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့သို့ နောက်ဆုံးထား၍ ပေးပို့ သွားရမည် ဖြစ်ကြောင်း သိရသည်။

    “စက်တင်ဘာလ ၁၂-ရက်နေ့မှာ လူတွေ့စစ်ဆေးမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၆ရက်နေ့ကနေ ၃၀-ရက်နေ့ထိကို ပမာဏ ရွေးချယ်ခံထားရတဲ့ Miss Myanmar တွေကို လူမှုရေး လှည့်လည် ဆောင်ရွက်ခြင်း ပြုလုပ်ရမှာ ဖြစ်တယ်။ အောက်တိုဘာ ၁-ရက်နေ့ကနေ ၁၀-ရက်နေ့ထိကို ပြိုင်ပွဲဝင် အစမ်းလေ့ကျင့်မှာပါ။ အောက်တိုဘာ ၃-ရက်နေ့မှာ ပြိုင်ပွဲကို အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ Miss Universe 2013 ပြိုင်ပွဲကို ၁၇. ၁၀. ၂၀၁၃ မှ ၉. ၁၁. ၂၀၁၃ ထိ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်” ၎င်းက M-Media သို့ပြောသည်။

    “မြန်မာအမျိုးသမီးတွေဟာ မပြောင်းမလဲတဲ့ စိတ်ဓါတ်ကတော့ နိုင်ငံတကာကို ယှဉ်ဘောင်တန်းဖို့ အမြဲအဆင်သင့် ဖြစ်နေတာကို တွေ့ရတဲ့အတွက် အရမ်းပဲ ၀မ်းသာပါတယ်။ ဒါဟာ ဟိုးအရင်တုန်းက မမိုး မက်ခဲ့တဲ့ အိမ်မက်ပါ။ ခုဆိုရင်တော့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ့တွေ၊ ကိုယ်ရှာဖွေ စုဆောင်းထားတဲ့ အတွေ့ကြုံ့တွေ အားလုံးကို မျှဝေပေးဖို့ အဆင်သင့်ပါပဲ။ ဒီမှာ သူတို့လိုချင်တာက အမျိုးအနွယ်ရော၊ ယဉ်ကျေးမှုရော၊ အမွေအနှစ်ကိုရော စောင့်ထိန်းနိုင်တဲ့ မြန်မာနှလုံးသား စစ်စစ်ဖြစ်တယ်လို့ သိရတယ်။ ဒါလေးကတော့ တော်တော်ကောင်းတဲ့ အချက်လို့ မမိုး အနေနဲ့ မြင်ပါတယ်။ ပြိုင်ပွဲဝင်သူတွေဟာ ဒီအကန့်အသတ်ထဲမှာ ရှိနေပြီးသား ဖြစ်ဖို့လဲလိုတယ်လို့ မမိုးက ထင်ပါတယ်”ဟု မော်ဒယ်အေဂျင်စီမှ မတင်မိုးလွင်က M-Media သို့ပြောသည်။

    Miss Universe Myanmar 2013 ပြိုင်ပွဲအတွက် Main Sponsor အဖြစ် Htoo Foundation မှ ကူညီပံ့ပိုးပေးပြီး bsc မှ မိတ်ကပ်၊ Swim Wear နှင့် ဖိနပ်၊ Voting System အတွက် M188၊ ၀တ်စုံ အင်ကြင်းခိုင် ပိုးထည်၊ ဒီဇိုင်နာ မျိုးမင်းစိုးနှင့် အမျိုးသား ၀တ်စုံအတွက် မိတ်ကပ်တိုးတိုးတို့မှ ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။

    အဆိုပါ ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များအား သိရှိလိုပါက တယ်လီဖုန်း ၀၉-၈၆၃၃၅၀၀၊ ၀၉ ၈၆၀၁၈၅၄၊ ၀၁ ၃၉၂၀၉၉ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

    ဓါတ်ပုံများကြည့်ရန်။ >> http://goo.gl/wh15I6

  • စက်တင်ဘာ ၆ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    M-Media
    စက်တင်ဘာ ၆ ရက်၊ ၂၀၁၃

    JICA မှ ကူညီမည့် ၂၀၁၅ အမီ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်မီးရရှိရေး

    မန္တလေးတိုင်းဒေသကြီးရှိ ကျေးရွာ ၄၇၇၇-ရွာအနက် ၂၃၀၄-ရွာမှာ လျှပ်စစ်မီးရရှိပြီးဖြစ်သော်လည်း ကျန်ရှိသည့်ကျေးရွာများ ၂၀၁၅ အမီ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် JICA အဖွဲ့အစည်းမှ ကျပ်သန်းလေးထောင်ငါးရာကျော်ဖြင့် မြင်းကောင်ရေ ၃၂-ကောင်အားရှိ ကီလိုဝပ် ၂၀၊ ဒီဇယ်ဓါတ်အားပေး စက်ရုံ ၂၄-လုံးကို ကျေးရွာ ၂၄-ရွာတွင် တပ်ဆင်၍ ကူညီသွားဖြစ်ပြီးကြောင့် သိရသည်။
    …………………………………………………….
    win win စနစ်အရ တရုတ်နဲ့ ဖက်စပ်လုပ်မယ့် သံလွင်မြစ် အထက်ပိုင်းက ရေကာတာစီမံကိန်း

    သံလွင်မြစ်အထက်ပိုင်းတွင် ရေကာတာ ဆောက်လုပ်မည့် ကွမ်လုံစီမံကိန်းကို တရုတ်နိုင်ငံ HANERGY HOLDING GROUP LTD နှင့် ဖက်စပ် (JV) စနစ်ဖြင့် ဖက်စပ်ကုမ္ပဏီထောင်ကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရေအားလျှပ်စစ် စီမံကိန်းဌာန ညွှန်ကြားရေးမှူ ဦးအောင်ကိုကိုက ပြောကြားခဲ့ပြီး ယင်း ကွမ်လုံစီမံကိန်းမှ မဂ္ဂါဝပ် ၁၄၀၀နှင့် နောင်ဗပန်တောင်း စီမံကိန်းမှ မဂ္ဂါဝပ် ၁၂၀၀ ထုတ်နိုင်ပြီး ရေအားလျှပ်စစ်စက်ရုံများကို ယခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဧရာဝတီမှ သိရှိရပါတယ်။
    …………………………………………………….
    ဂျပန် ပါလီမန် အမတ်များကို သမ္မတ ဦးသိန်းစိန် လက်ခံတွေ့ဆုံ

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်အောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ  The Honourable Mr. Ichiro Aisawa ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာရေး၊ TB၊ HIV နှင့် ငှက်ဖျား ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေး အပါအဝင် ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ရေးနှင့် သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြကြောင်း နိုင်ငံတော်သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထား ပါတယ်။
    …………………………………………………….
    ဆွမ်းခံကြွလာသော သံဃာများနှင့် ဘုန်းကြီးကျောင်းသားများ ကားတိုက်ခံရ

    ဆွမ်းခံကြွလာသော သံဃာများနှင့် ဘုန်းကြီးကျောင်းသားများကို ရွှေဂုံတိုင်လမ်းမ၊ ဗန္ဒာပင်မှတ်တိုင်အနီးတွင် တိုရိုတာဘက်ဒါ ကိုယ်ပိုင်ကားတစ်စီးမှ ၀င်တိုက် မိခဲ့သောကြောင့် သံဃာတော် ၅-ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းသား ၂-ဦး ဒဏ်ရာရှိခဲ့သည်။ ကိုရင် ၁-ပါးနှင့် ဘုန်းကြီးကျောင်းသား ၁-ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုတွင် သံဃာများ အရုဏ် ဆွမ်းခံကြွသော အချိန်တွင် ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။

    နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    G20
    ဆီးရီးယား ကိစ္စနှင့် ပတ်သက်၍ ဂျီ ၂၀ ခေါင်းဆောင်များ သဘောထားကွဲလွဲ

    ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်နေသည့် ဂျီ ၂၀ ထိပ်သီး အစည်းအဝေးပွဲတွင် ဆီးရီးယား အရေးနှင့် ပတ်သက်၍ ခေါင်းဆောင်များ အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး ပထမနေ့တွင် ဆီးရီးယား ကိစ္စသာ လွှမ်းမိုးထားခဲ့ကာ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက စစ်ရေးဖြင့် ၀င်ရောက် အရေးယူရန် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာ ထောက်ခံမှုရရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကုလအထွေအထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့မှာ ဆီးရီးယားအား ၀င်ရောက် တိုက်ခိုက်ရန် ကုလသမ္မဂ္ဂ၏ ခွင့်ပြုချက် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။
    …………………………………………………….
    ဆီးရီးယားအား တိုက်ခိုက်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဘန်ကီမွန်သတိပေး

    ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟု စွပ်စွဲကာ စစ်ရေးအရ၀င်ရောက် အရေးယူရန်ပြင်ဆင်နေသည့် အမေရိကန်နှင့် အနောက်နိုင်ငံများအား ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဘန်ကီမွန်က သတိပေးပြောဆိုလိုက်သည်။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပနေသည့် ဂျီ ၂၀ ထိပ်အစည်းအဝေးတွင် ဗြိတိန်နိုင်ငံက သီးသန့်ကျင်းပပြုလုပ်သည့် လူသားခြင်းစာနာ ထောက်ထားရေး ဆွေးနွေးပွဲတွင် ဘန်ကီမွန်က “စစ်ရေးအရ အရေးယူရင် ပြင်းထန်ပြီးဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ကျနော်သတိပေးရပါမယ်။ ပြီးတော့ ခြိမ်းခြောက်မှုတွေတိုးပွားလာပြီး နောက်ဆက်တွဲအကြမ်းဖက်မှုတွေ ဖြစ်လာပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
    …………………………………………………….
    လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် အာဖဂန်တွင် အရပ်သားနှစ်ဦးသေဆုံး

    အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှ ကီလိုမီတာ ၉၀ အကွာတွင်ရှိသည့် လဂ်မန်ခရိုင်တွင် ကား၌တပ်ဆင်ထားသည့် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ “စစ်သွေးကြွတွေက ဗုံးကို ကားမှာထောင်ထားခဲ့ပြီး မနက် ၁၀ နာရီလောက်မှာပေါက်ကွဲခဲ့တာပါ။ အလုပ်သွားနေတဲ့အလုပ်သမားနှစ်ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြားနှစ်ယောက်ကတော့ ဒဏ်ရာရခဲ့ပါတယ်” ဟု ဒေသ အစိုးရက ပြောကြားခဲ့သည်။
    …………………………………………………….
    ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တွင် စစ်သွေးကြွ ၇ ဦးသေဆုံး

    ပါကစ္စတန်-အာဖဂန်နယ်စပ်တွင် အမေရိကန်ဒရုန်းလေယာဉ်မှပစ်လွှတ်လိုက်သည့် ဒုံးကျည်ကြောင့် အနည်းဆုံး တိုက်ခိုက်ရေးသမား ၇ ဦးသေဆုံးခဲ့သည်ဟုသိရသည်။ ယနေ့နံနက်စောစာပိုင်းတွင် ၀ါဇီရစ္စတန်ပြည်နယ်မြောက်ဘက် ဒါဂါမန်ဒီရွာရှိ အဆောက်အဦးတစ်ခုသို့ ဒရုန်းလေယာဉ်မှ ဒုံးကျည်နှစ်ခုပစ်ခတ်ခဲ့ပြီး လူ ၇ ဦးသေဆုံးခဲ့ကာ အဆိုပါ ၇ ဦးစလုံးမှာ စစ်သွေးကြွများဖြစ်ကြသည်ဟု ပါကစ္စတန်လုံခြုံရေး အရာရှိများက ပြောကြားခဲ့သည်။
    …………………………………………………….
    နျူကလီးယား အစီစဉ် ဖျက်သိမ်းမည်ဆိုသော ကတိအား တည်ကြည်ရန် မြောက်ကိုရီးယားအား ကန်သံတမန် တိုက်တွန်း

    အရှေ့အာရှဆိုင်ရာ အမေရိကန်အကြီးတန်းသံအမတ် ဒန်နီယဲလ်ရပ်ဆဲလ်က မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားအစီအစဉ်အားဖျက်သိမ်းရန် ယခင်ကပေးထားသည့် ကတိအား အကောင်အထည်ဖော်ရန် တိုက်တွန်းလိုက်သည်ဟု တောင်ကိုရီးယား သတင်းဌာက တစ်ခုဖြစ်သည့် Yonhap သတင်း ဌာနက ဖော်ပြခဲ့သည်။ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက် အတွင်းရေးမှူး ဒန်နီယဲလ်ရပ်ဆဲလ်က မြောက်ကိုရီးယားအနေဖြင့် ၂၀၀၅ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့သောစာချုပ်တွင် နျူကလီးယားကင်းစင်ရေးဆောင်ရွက်ရန်ကတိပေးခဲ့ပြီး ထိုကတိအားပြီးစီးအောင် အကောင်အထည်ဖော် သင့်သည်ဟု ပြောကြားခဲ့သည်။ ရပ်ဆဲလ်မှာ ဆိုးလ်မြို့သို့ မနေ့ကရောက်ရှိခဲ့ပြီး သုံးရက်တာကြာမြင့်မည့် ၎င်း၏ခရီးစဉ်အတွင်း အစိုးရအရာရှိများ၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အထူးကိုယ်စားလှယ် ချိုတေယွန်တို့နှင့်တွေ့ဆုံသွားမည်ဟုသိရသည်။

  • အမေရိကန် ခရစ်ယျာန် ပရိုတက်စတင့် သင်းအုပ်ဆရာ တစ်ဦး အစ္စလာမ်ကြောက်ရောဂါအား ဦးဆောင်တိုက်ဖျက်

    စက်တင်ဘာ ၆ ၊ ၂၀၁၃
    M-Media

    California Pastor Fights Islamophobia

    အစ္စလာမ်သာသနာအား နှစ်ပေါင်းများစွာလေ့လာခဲ့သည့် အမေရိကန် ခရစ်ယာန် ပရိုတက်စတင့် အသင်းအုပ်ဆရာ တစ်ဦးမှာ အစ္စလာမ်နှင့် ပတ်သက်သည့် အထင်အမြင် လွဲမှားမှုများအား ဖြေရှင်းခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်နေပြီး၊ အစ္စလာမ်ကြောက်ရောဂါကို ဦးဆောင် တိုက်ဖျက်နေသည်ဟုသိရသည်။

    ဘန် ဒန်နီယဲလ်ဟု အမည်ရသည့် အဆိုပါ အသင်းအုပ်ဆရာမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးရှားပြည်နယ် ဆန်ဂျို့စ်မြို့ရှိ Foothill Presbyterian ဘုရားကျောင်းမှဖြစ်ပြီး “အစ္စလာမ်နှင့်ပတ်သက်သည့် အမှန်တရား ရှာဖွေခြင်း”(The Search for Truth about Islam) ဟု အမည်ရသည့် သုတေသန တစ်ခုကိုလည်းပြုလုပ်ခဲ့သည်။

    “အစ္စလာမ်ကြောက်ရောဂါဆိုတာ ရှိနေပါတယ်။ အဲဒါဟာ ကျနော်တို့ရဲ့ကြောက်ရွံ့မှုတွေကနေလာတာပါ။ ကျနော်တို့ဆီမှာ နှစ်ပေါင်းများစွာရှိနေတဲ့ အစ္စလာမ်နဲ့မွတ်စလင်တွေကို ကြောက်ရွံ့နေတဲ့စိတ်တွေကပါ။ ကျနော်တို့ အဓိကလိုအပ်နေတာက မျှော်လင့်ချက်နဲ့ တူညီတဲ့အမြင်မျိုးပါ၊ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်လာအောင်လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါတွေကိုလုပ်လိုက်မယ်ဆိုရင် ကျနော်တို့ အားလုံးအဆင်ပြေသွားမှာပါ” ဟု ဒန်နီယဲလ်က ဆန်ဂျို့စ်မြို့အခြေစိုက် Mercury သတင်းဌာနသို့ပြောကြားခဲ့သည်။

    Ref: OnIslam

  • ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အဖွဲ့ ၇ ဦးပါဝင်သော ကော်မတီ တရပ် NLD ပါတီဖွဲ့စည်း

    စက်တင်ဘာ ၊ ၆ ရက်၊ ၂၀၁၃
    M-Media

    NLD

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အဖွဲ့ဝင် (၇) ဦးပါဝင်သော ကော်မတီတရပ် ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ သတင်းထုတ်ပြန်လိုက် ကြောင်း သိရှိရသည်။ အဆိုပါ ကော်မတီတွင် ပါဝင်သူများမှာ
    ၁။ ဦးထွန်းထွန်းဟိန်
    ၂။ ဦးအောင်သိန်း
    ၃။ ဦးကျော်ဝင်း
    ၄။ ဦးကြည်ဝင်း (လပ္ပတ္တာ)
    ၅။ ဦးမောင်ဖေတင်
    ၆။ ဦးကိုနီ
    ၇။ ဦးဌေးဦး တို့ဖြစ်ကြပြီး ၆.၉.၂၀၁၃ ကျင်းပတဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: NLD ပြန်ကြားရေး FB စာမျက်နှာ