News @ M-Media
Author: M-Media
  • ဘာသာတရားကို ခုတုံးလုပ်ပြီး အကြမ်းဖက်တာ မွတ်စလင်တွေပဲလား
    ဘာသာတရားကို ခုတုံးလုပ်ပြီး အကြမ်းဖက်တာ မွတ်စလင်တွေပဲလား
    မတ် ၄ ၊ ၂၀၁၅
    M-Media
    1424000719125.
    – “ဒီမှာ ခရစ်ယာန် ၉ ယောက်ရှိသေးတယ်။ ကျုပ်တို့ သူတို့ကိုဖမ်းမယ်။ သတ်ပစ်မယ်။ ဒီမှာ ပြီးသွားရန် နောက်ရွာတစ်ရွာကို သွားမယ်။ အေး အဲဒီမှာရှိတဲ့ ခရစ်ယာန်တွေကိုလည်း သတ်ပစ်အုံးမယ်”
    တကယ်လို့များ ISIS ခေါင်းဆောင်တစ်ယောက်က ဒီလိုကြေညာချက်မျိုး ထုတ်မယ်ဆိုရင်တော့ Fox News သတင်းဌာနက သူတို့ရဲ့ ပုံမှန်အစီအစဉ်ကိုဖျက်ပြီး “မွတ်စလင်တွေရဲ့ ခရစ်ယာန်အပေါ် ဘာသာရေးစစ်” ပုံစံမျိုး အထူးသတင်းအဖြစ် တင်ပြပါလိမ့်မယ်။ တခြားသော အဓိက မီဒီယာတွေကလည်း ဒါမျိုးကိုဖော်ပြဖို့ သိပ်ကို အလားအလာရှိပါတယ်။
    ဒီကြေညာချက်ဟာ ၂၀၁၄ ခုနှစ်မှာ တကယ်ပဲ ထွက်ခဲ့တာပါ။ ဒါပေမယ့် အပေါ်မှာ ဖော်ပြခဲ့သလိုမဟုတ်ဘဲ စကားလုံးအနည်းငယ် အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ တစ်လုံးတည်းသော အဲဒီစကားလုံးက ‘မွတ်စလင်’ နေရာမှာ ‘ခရစ်ယာန်’ လို့ ပြောင်းလဲသွားခြင်းပါပဲ။
    ““ဒီမှာ မွတ်စလင် ၉ ယောက် ရှိသေးတယ်။ ကျုပ်တို့ သူတို့ကိုဖမ်းမယ်။ သတ်ပစ်မယ်။ ဒီမှာ ပြီးသွားရန် နောက်ရွာတစ်ရွာ ကိုသွားမယ်။ အေး အဲဒီမှာရှိတဲ့ မွတ်စလင်တွေကိုလည်း သတ်ပစ်အုံးမယ်”
    ဗဟို အာဖရိကနိုင်ငံက ရွာတစ်ရွာမှာ ကျန်နေတဲ့ မွတ်စလင် ရွာသား ၉ ဦးကိုသတ်ဖြတ်ဖို့ ခရစ်ယာန် မီလီရှာအဖွဲ့က အကြမ်းဖက်သမား တစ်ဦးက သူတို့ရဲ့ အစီအစဉ်ကို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ကိစ္စမျိုးကိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ သတင်းအဖြစ် ဖော်ပြမှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။
    ဒါမှမဟုတ် ခရစ်ယာန်စစ်သွေးကြွတစ်ယောက်က မွတ်စလင်ရွာသား တစ်ဦးကို ဗဟိုအာဖရိကနိုင်ငံရဲ့ လမ်းလယ်ခေါင်မှာ ခေါင်းဖြတ် သတ်ပစ်တဲ့ သတင်းမျိုးရော ခင်ဗျားတို့ ကြားဖူးကြပါသလား? အမေရိကန် မီဒီယာဖြစ်တဲ့ New York Times က AP သတင်းဌာနက သတင်းတစ်ပိုဒ်ကို ယူပြီး သတင်းတို အဖြစ်သာ ဖော်ပြခဲ့ပါတယ်။ တစ်ကယ်လို့များ မွတ်စလင် တစ်ယောက်ဟာ ခရစ်ယာန် တစ်ယောက်ကို ရင်ပြင် တစ်ခုမှာ ခေါင်းဖြတ်သတ်ခဲ့ရင် အမေရိကန် သတင်းတွေမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး တစ်ယောက်တစ်လေများ သံသယရှိနေပါသလား။
    ဗဟိုအာဖရိကမှာ ထောင်ပေါင်းများစွာသော မွတ်စလင်လူနည်းစုတွေကို တစ်ရွာဝင်တစ်ရွာထွက် လိုက်လံ မျိုးဖြုတ် သတ်ဖြတ်နေတဲ့ ခရစ်ယာန်တွေ အကြောင်း ဖော်ပြတဲ့ ရုပ်သံလိုင်း တစ်ခု တစ်လေကော ရှိပါသလား? ဒီခရစ်ယာန် စစ်သွေးကြွတွေဟာ ဓားတစ်ဝင့်ဝင့်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်နေတယ်။ အိမ်တွေ၊ ဗလီဝတ်ကျောင်းတွေကို မီးရှို့တယ်၊ လုယက်ကြပါတယ်။ ပြည်တွင်းစစ်ဆိုတာ မှန်ပေမယ့် ကိုယ့်ကိုယ်ကို လူသိရှင်ကြား ခရစ်ယာန်တိုက်ခိုက်ရေးသမားပါလို့ ကြေငြာထားတဲ့ စစ်သွေးကြွတွေက ဒီလိုအကြမ်းဖက်မှုမျိုးတွေကို ကျူးလွန်နေကြတာပါ။
    ဒါဟာ ခရစ်ယာန်တွေ အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုတွေရဲ့ တစ်စွန်းတစ်စပဲ ရှိပါသေးတယ်။
    တကယ်တော့ သမ္မတ အိုဘာမားဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြုလုပ်ခဲ့တဲ့ National Prayer Breakfast ဆုတောင်းပွဲမှာ ခရူးဆိတ်စစ်ပွဲအပါအ၀င် ခရစ်ယာန်တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို မြင်ခဲ့ရတယ်လို့ ရဲရဲရင့်ရင့် ပြောခဲ့ပြီး တစ်ချို့တွေကတော့ ဒီအပြော အတွက် ထွန့်ထွန့်လူးခဲ့ပါတယ်။ အမေရိကန်ရဲ့ နာမည်ကြီး ရေဒီယို ရှိုးတစ်ခုဖြစ်တဲ့ Rush Limbaugh မှာ ဒါကိုဝေဖန်ခဲ့ပြီး အိုဘားမားရဲ့ ဒီစကားဟာ ခရစ်ယာန် သာသနာကို စော်ကားတာပဲလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    ဒါနဲ့ပတ်သက်လို့ Fox News သတင်းဌာန သတင်းကြေညာသူတွေက ယမ်းပုံမီးကြဖြစ်ခဲ့ပြီး အဆိုးဆုံးကတော့ အဲရစ် ဘိုးလင်းဆိုတဲ့ သတင်းကြေညာသူ တစ်ယောက်ဖြစ်ပါတယ်။ သူက ခရစ်ယာန်ဆိုတဲ့ အမည်နာမနဲ့ အသတ်ခံခဲ့ရတဲ့လူ တစ်ယောက်မှမရှိဘူးလို့ ဆိုပါတယ်။
    ပွင့်ပွင့်လင်းလင်းဆိုရရင် ကျွန်တော်ဟာ တစ်ချို့ကိစ္စတွေနဲ့ပတ်သက်လို့ လက်ယာယိမ်း ဒီပညာရှိကြီးတွေနဲ့ သဘောထားချင်း တိုက်ဆိုင်ပါတယ်။ ပြီးတော့ ခရစ်ယာန်ဆိုတဲ့ နာမည်နဲ့ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ထောက်ပြရာမှာ အိုဘားမားအနေနဲ့ ခရူးဆိတ်စစ်ပွဲကို ပမာအဖြစ်ဆွဲ မပြဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ နောက်ဆုံး ခရူးဆိတ် စစ်ပွဲဖြစ်ခဲ့တာဟာ နှစ်ပေါင်း ၇၀၀ ကြာခဲ့ပါပြီ။
    ဗဟိုအာဖရိကနိုင်ငံမှာ ခရစ်ယာန် စစ်သွေးကြွတွေ ဆောင်ရွက်နေတဲ့ တိုက်ခိုက်မှုတွေက ဘာသာတရား အားလုံးမှာ ဒီဘာသာတရား နာမည်ကိုကိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို လုပ်နေတဲ့သူတွေ ရှိနေပါလားဆိုတာနဲ့ ပတ်သက်လို့ နီးနီးနားနားနဲ့ ပိုကောင်းတဲ့ ဥပမာတစ်ခုပါပဲ။ အိုဘားမားအနေနဲ့ ယူဂန်ဒါက ဘုရားသခင် ကာကွယ်ရေးတပ်မတော် LRA ရဲ့ ကြောက်စရာကောင်းတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဖော်ပြရမှာပါ။ ဒီအဖွဲ့ဟာ ခရစ်ယာန် သမ္မာကျမ်းလာ ပညတ်တော်ဆယ်ပါးကို ယူဂန်ဒါရဲ့ ဥပဒေအဖြစ် သတ်မှတ်ချင်ကြတာပါ။ နောက်ဆုံးမှာတော့ ၁၉၈၆ ခုနှစ်ကစလို့ ၂၅ နှစ်ကျော်အတွင်းမှာ LRA ဟာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ပစ်ခဲ့တယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်ခဲ့တယ်။ ပြီးတော့ လိင်ကျွန် အဖြစ် ပြည်သူတွေကို အတင်းအဓမ္မ ခိုင်းစေခဲ့ကြပါတယ်။
    article-2542662-1AD3B07700000578-833_634x420
    ဗဟိုအာဖရိကနိုင်ငံ မှ လူနည်းစု မွတ်စလင်များအပေါ် အကြမ်းဖက်မှု
    ဒါမှမဟုတ်ရင် အိုဘားမားအနေနဲ့ အမေရိကန်က ခရစ်ယာန် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရိုးရိုးလေးပဲ ပမာပေးလို့ရပါတယ်။ ၁၉၇၇ ခုနှစ်ကစလို့ ဒီခရစ်ယာန် အကြမ်းဖက်သမားတွေဟာ လူသတ်မှု ၈ မှု၊ လူသတ်ရန်ကြိုးပမ်းမှု ၁၇မှု၊ ဗုံးခွဲမှု ၄၂ မှု၊ မီးရှို့မှု ၁၈၁မှုနဲ့ အမေရိကန်တစ်ဝှမ်း မျိုးပွားကျန်းမာရေး အဆောက်အဦးတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ထောင်ပေါင်း များစွာကို ကျူးလွန်ခဲ့ကြပါတယ်။ ဒီအမှုတွေကို ဘာသာရေး အကြောင်းပြချက်အတွက် ကိုယ်ဝန် ဖျက်ချမှုကို ဆန့်ကျင်တဲ့ ခရစ်ယာန်တွေက ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
    CFR_beheading_Whewell
    ဗဟိုအာဖရိကနိုင်ငံ မှ လူနည်းစု မွတ်စလင်များအပေါ် အကြမ်းဖက်မှု
    “ခရစ်ယာ အမှတ်သညာ” လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တဲ့ လူဖြူ  အဓိပတိကြီး အဲရစ် ရူဒေါ့လ်ဖ်ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီအဖွဲ့ဟာ ကိုယ်ဝန်ဖျက်ချတဲ့ ဆေးခန်းတွေ၊ လိင်တူချစ်သူ နိုက်ကလပ်တွေကို ဗုံးခွဲခဲ့ပြီး ၁၉၉၆ အတ္တလန်တာမှာပြုလုပ်ခဲ့တဲ့ အိုလံပစ်ပွဲတောင်မှာ ဒီအုပ်စုက ဗုံးခွဲခဲ့တာကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၁၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။ ရူဒေါ့လ်ဖ်ကတော့ သူ့ရဲ့လှုပ်ရှားမှုတွေက ကလေးဖျက်ချမှုကို ရပ်တန့်ဖို့ဖြစ်တယ် ဆိုပြီး အစိုးရအနေနဲ့ ကလေးဖျက်ချမှုကို တရားဝင်ဖြစ်စေခဲ့တာကြောင့် အစိုးရရဲ့ တရားဝင်မှု၊ အုပ်ချုပ်ခွင့် အာဏာကလည်း ပျက်သုဉ်းသွားပြီလို့ သူက ဆိုပါတယ်။
    နောက်ပြီး ၂၀၀၉ ခုနှစ်မှာ ဒေါက်တာ ဂျော့ဂ်ျ တီလာကို လုပ်ကြံ သတ်ဖြတ်တာလည်း ရှိပါသေးတယ်။ ဒီဆရာဝန်ဟာ ကိုယ်ဝန့်ရင့်တဲ့အချိန် ဖျက်ချမှုနဲ့ ပတ်သက်လို့ လှုံ့ဆော်ပေးရာမှာ တစ်နိုင်ငံလုံးက သိကြတဲ့ လူတစ်ယောက်ပါပဲ။သူ့ကိုသတ်ဖြတ်ခဲ့တဲ့ စကော့ ရိုဒါဆိုသူကတော့ ခရစ်ယာန် တစ်ယောက်ဖြစ်ပြီး မမွေးသေးတဲ့ကလေးကို ကာကွယ်ဖို့ ဒေါက်တာ ဂျော့ဂ်ျကို သတ်ပစ်တာဟာ တရားဝင်တယ်လို့ ပြောခဲ့ပါတယ်။
    လူတစ်ချို့က သူတို့ရဲ့အယူဝါဒကလူတွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်တယ်ဆိုတာကို မယုံချင်ကြဘူးဆိုတာ ကျွန်တော် ချွင်းချက်မရှိ နားလည်ပါတယ်။ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ပါ။ ဘယ်လို မွတ်စလင်မျိုး မဆို အကြမ်းဖက်မှုကို ကျူးလွန်လိုက်တယ်လို့ ကျွန်တော်ကြားရင် ယမ်းပုံမီးကျ ဖြစ်တော့တာပါပဲ။ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်နေကြတဲ့ မွတ်စလင်တွေ ရှိတယ်ဆိုတာကို ကျွန်တော်မငြင်းပါဘူး။
    247107_PhotoGalleryMain
    ဗဟိုအာဖရိကနိုင်ငံ မှ လူနည်းစု မွတ်စလင်များအပေါ် အကြမ်းဖက်မှု
    ဒီလိုပါပဲ – ISIS နဲ့ အပေါ်ကပြောခဲ့တဲ့ ခရစ်ယာန် အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ဟာ သူတို့ရဲ့ ကိုယ်ပိုင် နိုင်ငံရေး ခံယူချက်ကြောင့် ကလွဲလို့ သက်ဆိုင်ရာ အယူဝါဒက သင်ကြားမှုကို အခြေမခံဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ သူတို့ကို ခရစ်ယာန်သာသာကို လိုက်နာကြတဲ့ ခရစ်ယာန် အကြမ်းဖက်သမားတွေလို့ ခေါ်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုးလည်း မရှိပါဘူး။ အဲဒီလိုပါပဲ အစွန်းရောက် အစ္စလာမ်သာသနာ ဆိုတာလည်း မရှိပါဘူး။ ဒါ့ပေမယ့် ဒီဘာသာတရားနှစ်ခုစလုံးရဲ့နောက်လိုက်တွေထဲမှာ ဘာသာတရားရဲ နာမည်ကို ခုတုံးလုပ်ပြီး ပြစ်မှုကျူးလွန်ကြတဲ့ အခြေခံဝါဒီတွေ၊ အကြမ်းဖက်သမားတွေတော့ ရှိနေပါတယ်။
    ရှင်းရှင်းလင်းလင်းဆိုရရင် သမ္မတ အိုဘားမားရော ကျွန်တော်ပါ ခရစ်ယာန်တွေကို မကောင်းဆိုးဝါးလို့ ပြောဖို့ မရည်ရွယ်ပါဘူး။ ဘာသာရေးကို အသုံးချပြီး ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကို မြင်အောင် ချပြရုံပါပဲ။ တကယ်တော့ အိုဘားမားလိုပဲ ကျွန်တော့် အမေဟာ ခရစ်ယာန်ဖြစ်ပြီး အဖေက မွတ်စလင်ပါ။ ဒီဘာသာနှစ်ခုစလုံးကို လေးစားသမှုနဲ့ ကျွန်တော်ဟာ ကြီးပြင်းလာခဲ့ရပါတယ်။
    ဒါပေမယ့် ကျွန်တော်တို့ အဖြစ်မှန်ကိုတော့ ငြင်းပယ်လို့ မရပါဘူ။ ခရစ်ယာန်၊ ဂျူး၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ် စသဖြင့် ဘာသာတိုင်းရဲ့အမည်နာမကိုအသုံးပြုပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ကြသူတွေ ရှိနေတယ်။ ဒါပေမယ့် နောက်ဆုံးတော့ အစ္စလာမ်သာသနာက အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေကိုပဲ မီဒီယာတွေက အာရုံစိုက်ဖော်ပြကြပါတယ်။
    The Daily Beast တွင်ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Dean Obeidallah ၏ “Yes, There Are Christian Terrorists” ဆောင်ပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
  • မြန်မာဘုရင်များ လက်ထက် မွတ်စလင် စစ်မှုထမ်းများ
    မြန်မာဘုရင်များ လက်ထက် မွတ်စလင် စစ်မှုထမ်းများ
    ဆရာချွန်(ယင်းတော်) ရေးသည်။
    (ကမ္ဘာ့အလင်းစာစောင် အတွဲ-၄၊ အမှတ်-၄၆၊ (၁၉၅၆-ခုနှစ်၊ အောက်တိုဘာလထုတ်) စာမျက်နှာ ၂၈-၃၁မှ ဆောင်းပါးကို အစအဆုံးမူရင်းအတိုင်း ကူးယူတင်ပြချက်ဖြစ်ပါသည်။)
    UBAU
    ခံတပ်ဗိုလ်ကရင်
    ——————
    ဗဒုံမင်းတရား(ခေး)ဘိုးတော်ဦးဝိုင်း ဘုန်းတောက်စဉ် ၁၁၄၇-ခုနှစ်၊ ခြစ်ခြစ်တောက် ပူပြင်းသော နွေရာသီနေရောင်အောက်၌ ရတနာပူရဌာနနေပြည်တော်၏ ပြ လမ်းမ,ကြီးငယ် အသွယ်သွယ်တို့တွင် ကျော၌ အထည်ထုပ်ကြီးကို ပိုးလျက် လက်တဘက်၌ တလံသာသာရှိ တုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ကာ အသားဂျုံသွေးရောင် အသက်(၂၀) ခန့် ပထန်လူမျိုးတစ်ဦးသည် အသံမာကြီးဖြင့် အထည် များကို လှည့်လည်အော်ဟစ်ရောင်း ချနေသည်ကို တွေ့မြင်နိုင်ပေသည်။
    အနောက်တိုင်းဖြစ် အထည်ချောများကိ အသုံးပြုလိုကြသောနေပြည်တော် သူနေပြည်တော်သား တို့မှာ သူရောက်လာလျှင် အထူးပီတိဖြစ်ကြသည်။ သူ့ထက်ငါလုယက်ဝယ်ယူကြသဖြင့် လက်မလည် နိုင်အောင်ပင် ရောင်းချနေရ လျက်ရှိပေသည်။
    သူကလည်း မြို့တော်သို့ ရောက်လိုက်လျှင် အထူးပီတိဖြစ်လျက် မြို့တော်သူမြို့တော်သားတို့အား တအိမ်တက်ဆင်းနှုတ်ဆက်ရင်း ၀င်ထွက်လှည့်လည် အထည်များကို ရောင်းချလေတော့ မြို့တော်သူ မြို့တော်သားများကလည်း ကလေးကအစ သူ့အား မြင်လိုက်လျှင် “ဒိုကရင်လာပြီ၊ ဒိုကရင်လာပြီ”ဟု ဆီးကြိုနှုတ်ဆက်ကြသည်။
    သို့ဖြင့် ဒိုကရင်သည် ဌာနေပြည်တော်သူပြည်တော်သားတို့၏ သိကျွမ်းခင်မင်သူ တစ်ယောက် ဖြစ်ခဲ့သည်။ ထိုသို့ သိကျွမ်းခင်မင်ခဲ့ကြသူတို့အထဲတွင် အိမ်နိမ့်စံတော်ဘုရား စစ်ကိုင်းမင်သားကလေးနှင့် အထူးသိကျွမ်းခင်မင်ပေသည်။ အိမ်နိမ့်စံတော်ဘုရား ကလေးသည် ဒိုကရင်၏ အင်္ဂါလက္ခဏာနှင့် ရိုးသား ရဲရင့်တည်ကြည်သော စကားတို့ကြောင့်လည်းကောင်း၊ လျင်မြန်ဖျတ်လတ်ခြင်းနှင့် အားကိုးရာမဲ့ တစ်ဦး ဖြစ်ခြင်းတို့ကြောင့် လည်းကောင်း အထူးသနား ချစ်ခင်မိပေတော့သည်။
    အဗ္ဗဒွလ်ကရင်(ခေါ်) ဒိုကရင်ကလည်း တော်ဘုရားလေး၏ စံအိမ်တော်ကို တည်အိမ်ပြုကာ ၄င်းမှပင် လှည့်လည်၍ အထည်များကို ရောင်းချလေ့ရှိသည်။
    တော်ဘုရားလေးသည် ဒိုကရင်၏ သွားလာနေထိုင်ပုံတို့ကို အမြဲအကဲ ခတ်လျက်ရှိပေသည်။ ဒိုကရင်အား အိမ်တော်သို့ ရောက်လျှင် အာသောအချိန်များ၌ အငြိမ်မနေတတ်။ တော်ဘုရားလေး၏ စီးတော်မြင်းကို ကိုင်တွယ်ကျွေးမွေးခြင်း၊ သက်တော်စောင့်ကိုယ်တော်စောင့် အစုသား၊ အဆောင်တော် ကိုင် အစုသားတို့အား စနစ်တကျ တိုက်တွန်းခြင်း၊ စံအိမ်တော်၏ အတွင်းအပြင်အမှိုက်သရိုက်များကို လှဲခတ် ရှင်းလင်းခြင်းစသည့်ကိစ္စတို့ဖြင့် အချိန်ကို အသုံးပြုပေသည်။ ထိုအချင်းအရာများကို တော်ဘုရား လေးသည် အထူးနှစ်သက် သဘောကျပေသည်။
    တစ်နေ့သောအခါ တော်ဘုရားလေးသည် ဒိုကရင်အား ရှေ့တော်သို့သို့ ခေါ်၍ “အဆောင်တော် ကိုင် အမှုထမ်း”အဖြစ် ဆောင်ရွက်ရန် မိန့်တော်မူလေသည်။
    ချစ်ခင်စွဲလမ်း၍ နေသော သူငယ်ချင်းတို့၏ စိတ်ဓာတ်သည် ခွဲခွာနေထိုင်ရမည်ကို အလွန်ဝန်လေး တတ်ပေသည်။ သို့ဖြင့် ဒိုကရင်ကလည်း တော်ဘုရားလေး၏ အမိန့်တော်ကို နာခံဆောင်ရွက်နိုင်ရန် အတွက် ဗမာပြည်၌ ရိုးမြေကျနေထိုင်ရန် သန္နိဋ္ဌာန်ပြုလိုက်လေတော့သည်။ ထိုအခါမှစ၍ ဒိုကရင်သည် တော်ဘုရားလေး၏ စံအိမ်တော်အဆောင်တော်ကိုင် အမှုတော်ထမ်းဖြစ်လာလေသည်။
    ဒိုကရင်သည် အဆောင်တော်ကိုင် အမှုတော်ကို ထမ်းရွက်ရသောအခါ၌လည်း သူတစ်ဦးထက် ထူးကဲ၍ ဆောင်ရွက်တတ်ခြင်း သခင်၏ အလိုကို ကြိုတင်သိမြင် တတ်ခြင်းစသည်ဖြင့် လိမ္မာရေးခြားရှိကြ သောကြောင့် တော်ဘုရာလေး၏ အထူးအရေးပေးခြင်းခံရပေသည်။ တော်ဘုရားလေးသာမက အိမ်တော်သူ အိမ်တော်သားများကပင် ဒိုကရင်အား ထူးကဲချစ်ခင်ကြ၍ အရေးပေးကြပေသည်။
    အိမ်နိမ့်စံတော်ဘုရားလေးသည် ၁၁၁၈-ခုနှစ်၌ တော်မူရသောအခါ အရှင်မြှင့် ကျွန်တင့်ဆိုသည့် စကားကဲ့သို့ အဆောင်တော်ကိုင် ဒိုကရင်အား စစ်ဗိုလ်ရာထူးကို ချီးမြှင့်ခန့်အပ်ပြန်သည်။
    စစ်ဗိုလ်ကလေးဒိုကရင်ကား စစ်သားများအပေါ်၌ စီမံအုပ်ချုပ်ခြင်း၊ ငယ်သားတို့အား ဖော်ရွေခြင်း၊ သဘောထားကြီးခြင်း၊ ငယ်သားတို့၏ ချစ်ခင်လေးစားခြင်းခံရခြင်းတို့သည် ရပ်တန့်၍ မနေပဲ ရှေ့သို့ တိုးတက်မည့်ဒိုကရင်၏ အရည်အချင်းများပေတည်း။
    ကသည်းအရေးတော်ပုံ
    —————————-
    ၁၁၈၂-ခုနှစ်၌ လက်အောက်ခံကသည်းပြည် ပုန်ကုန်ခြားနားသဖြင့် တော်ဘုရားလေး(ခေါ်) ဘကြီးတော် စစ်ကိုင်းမင်းချီတက်နှိမ်နင်းရာ စစ်ဗိုလ်ကလေး ဒိုကရင်လည်း သူ၏ တပ်သားများနှင့်အတူ ချီတက်ရလေသည်။ ဒိုကရင်သည် သက်စွန့်ကြိုးပမ်း ရွပ်ရွပ်ချွံချွံကွပ်ကွဲတိုက်ခိုက်ရာ ကသည်း အရေးတော်ပုံကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပေသည်။
    ဤသို့စစ်ဗိုလ်ကလေးဒိုကရင်သည် အမှုတော်ကို သက်စွန့်ကြိုးပမ်းထမ်းရွက်ကြောင်း ဘကြီးတော် မင်းတရားကြားသိတော်မူလေလျှင် စစ်ဗိုလ်ကြီးရာထူးသို့ တိုးတက်ချီးမြှင်ခြင်း ခံရပြန်လေသည်။ ထိုအခါ မှစ၍ စစ်ဗိုလ်ကြီးဒိုကရင်အား ခံတပ်ဗိုလ်ဒိုကရင်ဟု ခေါ်တွင်ကြလျက် ထင်ပေါ်ကျော်ကြားလာလေသည်။
    တဖန် ၁၁၈၃-ခုနှစ်တွင် အာသံဘုရင်စန္ဒြကန္တာရှိန်သည် အင်္ဂလိပ်များ၏ သွေးထိုးမှုကြောင့် ပုန်ကန် ခြားနားလေရာ ခံတပ်ဗိုလ်ဒိုကရင်အား မြင်းတပ်ကို ဦးစီး ကွပ်ကဲစေလျက် ချီတက်နှိမ်နင်းလေရာ အောင်မြင်လေသည်။
    အာသံက ပြန်လာသောအခါ ယွန်းပြည်သို့ သံအမတ်ဖြင့် စေလွှတ်ခြင်းခံရပြန်သည်။ ယွန်းပြည်    ၌ အမှုတော်ကို ထမ်းရွက်ရာတွင် မင်းနှစ်ပါး၏ ချစ်ကြည်ရေးသည် အထူးအောင်မြင်ပေသည်။ ယွန်းပြည်မှ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပြီးနောက် မကြာမီ အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူသွားလေတော့သည်။
    ထို့ကြောင့် “ခံတပ်ဗိုလ်ဒိုကရင်”အတွက် ဘကြီးတော်မင်းတရားသည် အထူးဝမ်းနည်းကြေကွဲ လျက် အသည်းစွဲကာ ကျန်ရှိခဲ့ပေသည်။
    ဗိုလ်ချုပ်ဝလီခါန်
    ——————-
    ဘကြီးတော်မင်းတရားလည်း မကြာမီနတ်ရွာ စံလေလျှင် ရွှေဘိုမင်း(ခေါ်) သာယာဝတီမင်း ထီးနန်း တက်သည်။ ခံတပ်ဗိုလ်ဒိုကရင်၌ သားဝလီခါန်နှင့် ဘိုးတူတို့ကျန်ရစ်ခဲ့လေရာ သာယာဝတီမင်းသည် ခံတပ်ဗိုလ်ဒိုကရင်၏ သား ၀လီခါန်ကို အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်။
    ရွှေဘိုမင်းတရားနောက် ပုဂံမင်းတရားကလည်း ဗိုလ်ချုပ်ဝလီခါန်အား အမှုတော်ကို ဆက်လက် ထမ်းရွက်စေသည်။ ၁၂၁၄-ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယအရေးတွင် ၀လီခါန်သည် မြင်းတပ်ကို ကွပ်ကဲ လျက် သွေးသောက်ကြီးဦးပို(ယင်းတော်)တို့နှင့်အတူ ကုန်းကြောင်းမှ ချီတက်ကြလေသည်။ အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်လျက် ဇေယျဝတီ ပန်းကျောင်းအရပ်တို့မှ ရွပ်ရွပ်ချွံချွံခုခံရာ အားမမျှသဖြင့် နောက်ပိုင်း ဆုတ်ခွာခဲ့ရသည်။
    သို့ရာတွင် ဗိုလ်ချုပ်ဝလီခါန်၏ လုပ်ရည်ကြံရည်တို့ကို တဘက်မှ ရန်သူတို့ပင် တွေ့မြင်အံ့သြ ကြပေသည်။
    ၎င်းနောက်မင်းတုန်းမင်းတရား လက်ထက်တွင် ဗိုလ်ချုပ်ဝလီခါန်၏ လုပ်ရည်ကြံရည်တို့ကို နှစ်သက် သဘောကျသဖြင့် မြင်းတပ်ဗိုလ်ရာထူးဖြင့်ပင် အမှုတော်ကို ဆက်လက် ထမ်းရွက်စေသည်။ ဘ၀ရှင် မင်းတုန်းမင်းတရားသည် အမရပူရမှ ရတနာပုံနေပြည်တော်သို့ ရွှေ့ပြောင်းတော်မူသောအခါ ဗိုလ်ချုပ်ဝလီခါန်အား မင်္ဂလာတံခါးအရှေ့ဘက် ကျုံးထောင့်အနီးတွင် နေရာချထားပေသည်။
    ဗိုလ်ချုပ်ဝလီခါန်သည် တော်ဘုရားကြီး မင်းတုန်းမင်း၏ အသက်တော်ကို ပန်းတိမ်မင်းသား အရေး၊ မြင်းကွန်းမင်း မြင်းခုံတိုင်မင်းအရေးတို့၌ ရွပ်ရွပ်ချွံချွံအသက်စွန့်၍ ကာကွယ်ခဲ့ပေသည်။
    တခါသော် ထွန်တုံးပူတက်အရပ်၌ ရှမ်းသူပုန်တို့တောင်ပေါ်မှ ဆင်းလာ စုဝေး၍ နေပြည်တော်ကို ထိပါးရန် ကြံစည်သည်ကို ဗိုလ်ချုပ်ဝလီခါန်ကြားသိ၍ ရုတ်ချည်း မြင်းသည်တော်ဌာနသားတို့နှင့် လိုက်လံ တိုက်ခိုက်ရာ ရှမ်းတို့အကြံပျက်၍ ထွက်ပြေးကြရလေသည်။
    တဖန် ရှမ်းပြည်၌ ရှမ်းစော်ဘွားအချို့ ပုန်ကန်ထကြွရာ ဘ၀ရှင်မင်းတုန်းမင်းတရား အမိန့်တော်ဖြင့် ဗိုလ်ချုပ်ဝလီခါန်သည် ဗိုလ်ဦးကာဗိုလ်ဦးပဲ(ယင်းတော်ရွာ)တို့နှင့် ရှမ်းပြည်သို့ ချီတက်နှိမ်နင်းရာ အောင်မြင်ခဲ့ပေသည်။ ထိုအရေး၌ ရှမ်းပြည်တွင် ဗိုလ်ဦးပဲ(ယင်းတော်)ကျဆုံးခဲ့ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ်ဝလီခါန်အား အမှုတော်ထမ်းကောင်းလှသဖြင့် မင်းတုံးမင်းတရားကြီးနှင့် မိဖုရားကြီးခေါင်ကြီးတို့ အထူးအရေးပေးခဲ့သည်။
    မင်းတုံးမင်းတရားကြီး နာမကျန်းဖြစ်စဉ် မင်းသွေးမင်းသားတို့အား ဖမ်းဆီး၍ ကြေးတိုက်သွင်း အကျဉ်းချထားသည်ကို ဗိုလ်ချုပ်ဝလီခါန်သည် မိဖုရားခေါင်ကြီးထံ ၀င်ရောက်၍ ရဲဝံ့စွာဖြင့် ဤသို့ပြုမူတော် မမူရန်  သံတော်ဦးတင်သေးသည်။
    သို့ရာတွင် အချည်းနှီးဖြစ်ခဲ့သည်။ လက်လှမ်းမီရာမင်းသွေးမင်းသားတို့ကို လျှို့ဝှက်စွာလိုက်လံ အကြောင်းကြားသောကြောင့် အချို့မင်းသားမင်းသွေးတို့ အသက်ဘေးမှ ချမ်းသာရာခဲ့ကြသည်။
    မင်းတုံးမင်းတရားမရှိသည့်နောက် သားတော်သီပေါင်းမင်းလက်ထက်တွင် ဗိုလ်ချုပ်ဝလီခါန်အား အမှုတော်ဆက်လက်ထမ်းရွက်စေသည်။ ဗိုလ်ချုပ်ဝလီခါန်သည် အသက်ခြောက်ဆယ်နီးပါးခန့်ရှိပြီ ဖြစ်သော်လည်း သန်မာတောင့်တင်းစွာဖြင့် အမှုတော်ကို ထမ်းရွက်နိုင်သေးသည်။
    အမှုတော်ကို သက်စွန့်ကြိုးပမ်းထမ်းရွက်သဖြင့်လည်းကောင်း၊ လုပ်ရည်ကြံရည်ကောင်းမွန်သဖြင့် လည်းကောင်း၊ သီပေါမင်းတရားသည် အထူးအားရနှစ်သက်တော်မူကာ ဖခမည်းတော် လက်ထက်က ဆောက်လုပ် လှုဒါန်းခဲ့သော ဗိုလ်ချုပ်ဝလီခါန်၏ ရပ်ကွက်ရှိ ဗလီကို တိုးချဲ့ပြုပြင်ဆောက်လုပ်ပေး သနား တော်မူလေသည်။
    ၁၂၄၈-ခုနှစ်၊ သီတင်းကျွတ်လတွင် နေပြည်တော်ရတနာပုံ၌ အုံးအုံးကျွက်ကျွက်ဆူပူလှုပ်ရှားလျက် ရှိပေသည်။ ရပ်ကွက်တိုင်းမှ ဆော်မောင်းများ တညံညံဖြင့် စစ်သံပေးကာ ဟစ်ကြွေးလျက် စစ်ထွက်ရန် ပြင်ဆင်နေကြပေသည်။
    ဗိုလ်ချုပ်ဝလီခါန်တို့ရပ်ကွက်မှလည်း ဆော်မောင်းသံတည်တည်ဖြင့် သြဇာရှိ၍ ခန့်ငြားလှသော အသံနှင့် ငယ်သားတို့အား စစ်မိန့်ပေးနေသောဗိုလ်ချုပ်ဝလီခါန်၏ အမိန့်သံကို ကြားရှိသူတို့မှာ စိတ် တက်ကြွ၍ တကြွကြွဖြစ်နေကြသည်။
    ဗိုလ်ချုပ်ဝလီခါန်သည် နန်းတော်ဘက်သို့ လှည့်ပြီး သက်စွန့်ကြိုးပမ်း ထမ်းရွက်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် ဆော်မောင်းသံ ညံစေလျက် နေပြည်တော်မှ ထွက်ခွာကာ ရန်သူများ လာရာသို့ ချီတက်သွား ကြလေသည်။ သို့ရာတွင် နေပြည်တော်မှ ဆုတ်ခွာပြန်လည်ခဲ့ရန် စာချွန်တော်ရောက်ရှိလာပြန်သဖြင့် ဆုတ်ခွာပြန်လည်ရပေသည်။ ဗိုလ်ချုပ်ဝလီခါန်ကား ရန်သူတို့နှင့်မတွေ့လိုက်ရသဖြင့် စိတ်မကျေပဲ အမိန့်တော်ဖြစ်၍သာ အလျှော့ပေးလိုက်ရဟန်တူ၏။
    စိတ်မကျေနိုင်သော ဗိုလ်ချုပ်ဝလီခါန်သည် နေပြည်တော်ကို အင်္ဂလိပ်တို့သိမ်းပြီးနောက် အင်္ဂလိပ်များက အမှုတော် ဆက်လက်ထမ်းရွက်ရန် ပြောလာသော်လည်း မိမိအရှင်သခင်၏ ကျေးဇူးသစ္စာ တော်ကို စောင့်ထိန်းလိုသည်နှင့်အညီ ရာထူးကို လက်မခံပဲ ၎င်း၏ ရပ်ကွက်၌ ဆိတ်ငြိမ်အေးချမ်းစွာ နေထိုင်ခဲ့ရာမှ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားပေသည်။ “ရဟေမတွလ္လာဟ်” ထိုပုဂ္ဂိုလ်အားလုံး ချမ်းမြေ့ပါစေသော်။
    (ဤဆောင်းပါးဖြစ်မြောက်နိုင်ရန် ပြောကြားခဲ့သော ကွယ်လွန်သူ ကျွန်တော့် ဘကြီးဦးဘိုးမင်း အားလည်းကောင်း၊ ကျွန်တော့်ဘေး “သွေးသောက်ကြီးနေမျိုးရဲတင် ရန်အောင်ဦးပို”အားလည်းကောင်း ဂုဏ်ပြုပါ၏။)
    မှတ်ချက်။    ။“ဒိုကရင်” မှာ အများသူငါခေါ်ကြသော နာမည်ဖြစ်၍ နာမည်ရင်းမှာ အဗ္ဗဒွလ်ကရင်မ် ဖြစ်သည်။
    ဆရာချွန်(ယင်းတော်)
    *ဆောင်းပါးတွင်ပါဝင်သည့် ခုနှစ်များမှာ မြန်မာကောဇာသက္ကရာဇ် ဖြစ်ပါသည်။
    *ဓါတ်ပုံ အညွှန်း- ပါမောက္ခဒေါက်တာအောင်ဇော်ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ- ၂ တွင်ပါရှိသည့် ဓါတ်ပုံဖြစ်ပါသည်။
    * Typing M-Media ဝိုင်းတော်သားများ
  • အတူပြန်လည် ယှဉ်တွဲနေထိုင်ရေးကို စောင့်မျှော်ကြည့် မိတ္ထီလာမှ ပြည်သူများ
    အတူပြန်လည် ယှဉ်တွဲနေထိုင်ရေးကို စောင့်မျှော်ကြည့် မိတ္ထီလာမှ ပြည်သူများ
    မတ် ၃ ၊ ၂၀၁၅
    M-Media
    notb4
    – ၂၀၁၃ ခုနှစ်က အကြမ်းဖျင်းအားဖြင့် အိမ်ပေါင်း ၈၀၀ နီးပါး ပျက်ဆီးခဲ့သည့် ဘာသာရေး ပဋိပက္ခ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များမှာ ဘာသာရေး စည်းများခြားကာ သီးခြားစီ ဖြစ်ခဲ့ကြရသည်။ ယခုအချိန်တွင် အဆိုပါ ပြည်သူများက ၎င်းတို့ လူ့အဖွဲ့အစည်း ပြန်လည်ပေါင်းစည်းမှုကို ခွင့်ပြုရန်အတွက် အစိုးရထံ အသနားခံစာတင်ထားသည်။ သို့သော်လည်း အိမ်နီးချင်းများ၏ ငြိမ်းချမ်းရေး အခန်းကဏ္ဍနှင့် ပတ်သက်၍ သံသယရှိနေဆဲပင်ဖြစ်သည်။
    ပဋိပက္ခအတွင်း ထိခိုက် ခံစားခဲ့ရသူများက သမ္မတဦးသိန်းစိန်၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း တို့ထံ ၎င်းတို့၏ မေတ္တာရပ်ခံချက်များကို ဖော်ပြထားသောစာကို ပေးပို့ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တုံ့ပြန်မှုကို စောင့်မျှော်နေ သည်ဟု ပြောကြားခဲ့သည်။
    နောက်ဆုံးဖြစ်ပွားခဲ့သည့် ပြဿနာက လွန်ခဲ့သည့် ၂ နှစ်ခန့် မိတ္ထီလာရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပွားစဉ်က အစပြုခဲ့သည်။ အနည်းဆုံး လူပေါင်း ၄၀ သေဆုံးခဲ့ပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ကာ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်က ပြည်သူများမှာ အသက်ဘေးအန္တရာယ်မှလွတ်ရန် အနီးအနားရှိ တောထဲတွင် သွားရောက်နေထိုင်ရသည်။
    “တောထဲမှာ ကျွန်မတို့ အတူတူနေခဲ့ရပြီး ၂ ညလောက် အိပ်ခဲ့ရပါတယ်။ ပြီးတော့ မီးလောင်နေတဲ့ ကျွန်မတို့ အိမ်တွေကိုကြည့်ပြီး အတူတူငိုကြွေးခဲ့ရပါတယ်” ဟု ဗုဒ္ဓဘာသာဝင်အမျိုးသမီး မလှမေက ပြောကြားခဲ့သည်။ သူမမှာ ယခုအချိန်တွင် မိတ္ထီလာရှိ ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည်။
    အစိုးရက အိုးအိမ်စွန့်ခွာထွက်ပြေးရသူများဟု သတ်မှတ်ထားသည့် အဆိုပါ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများမှာ ပဋိပက္ခများဖြစ်ပွားပြီး ကနဦးပိုင်းက ယာယီတဲများတွင် စုပေါင်းနေထိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် အစိုးရက နေအိမ်ဆုံးရှုံးသွားသော ပြည်သူများကို ဘာသာတရားကိုလိုက်၍ ခွဲထုတ်ခဲ့ပြီး မတူညီသော ဒုက္ခသည်စခန်းများသို့ ၎င်းတို့အား ပို့ဆောင်ခဲ့သည်။
    မိတ္ထီလာရှိ မွတ်စလင်ပြည်သူများနေထိုင်ရာ ဒုက္ခသည်စခန်းတာဝန်ခံ ကိုအောင်ဌေးက အယူဝါဒ ၂ ခုစလုံးမှ ပြည်သူများ အတူတကွတွဲ၍ နေထိုင်ပါက ပြဿနာဖြစ်မည်ကို စိုးရိမ်ရကြောင်း ဒေသအုပ်ချုပ်ရေးဌာနမှ အရာရှိတစ်ဦးက ပြောခဲ့သည်ဟု ၎င်းက ဆိုသည်။ ပြဿနာများကို ရှောင်ရှားရန်အတွက် ၎င်းတို့အား သီးခြားစီ ခွဲထားသော အဆိုပါဆောင်ရွက်မှုကို ပြည်သူများက မနှစ်မြို့ဘဲ မလိုအပ်ဟုလည်း ပြောခဲ့သည်။
    “ကျွန်တော်တို့ဟာ ဘာပြဿနာမှမဖြစ်ဘဲ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြပါတယ်” ဟု ဒေသတွင်း ပို့ဆောင်ရေးဆိုင်ရာ လေ့ကျင့်ရေး စင်တာ တစ်ခုကို တာဝန်ယူကြီးကြပ်နေသော ဦးမြင့်လွင်က ဆိုသည်။
    n-MYANMAR-MUSLIM-large570
    အင်းကုန်း သာသနာရက္ခိတ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာဝင်များ၏ ဒုက္ခသည်စခန်း တာဝန်ခံဖြစ်သူ အေးမောင်ဝင်းကလည်း ယခုအချိန်အထိ ပြဿနာမရှိသေးသော်လည်း ဒုက္ခသည်စခန်းများကို ပြန်ပေါင်းလိုက်ပါက ပြသနာများ ပေါ်ထွက်လာနိုင်သည်ဟု ဆိုသည်။ သို့သော်မိတ္ထီလာရှိ ဘာသာပေါင်းစုံမှာ ယခုအချိန်အထိ ရောနှောနေထိုင်ကြတုန်းပင်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ပေ ၃၀ ဆယ်လောက်ရှိတဲ့ လျှောက်လမ်းခြားထားပြီး မတူညီတဲ့ဒေသတွေမှာ နေထိုင်နေရပေမယ့် ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်တွေမှာ အတူတကွ အချိန်တွေကို ကုန်ဆုံးလေ့ရှိကြပါတယ်” ဟု ၎င်းက ဆိုသည်။
    မိတ္ထီလာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ကြီးကြပ်နေသည့် ကိုခင်နန်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် အစိုးရက ကျပ် သန်း ၁၀၀ ပေးပြီး တောင်ကြီးနှင့် ရန်ကုန်တို့မှ မွတ်စလင်အလှူရှင်များကလည်း အဆိုပါ ဒုက္ခသည်များအတွက် အိမ်များ ပြန်လည်တည်ဆောက်ပေးကြသည်ဟု ပြောကြားခဲ့သည်။
    ပဋိပက္ခတွင် အိုးအိမ်ဆုံးရှုံးသွားခဲ့ကြသူများမှ ပိုင်ဆိုင်ကြောင်း အထောက်အထားပြနိုင်ခဲ့ကြသည့် အိမ်ထောင်စု ၃၀ မှာ ယခုအချိန်တွင် အိမ်အသစ်များ၌ နေထိုင်နေကြရသည်။ လူပေါင်း ၃၀၀၀၀ ခန့်ကတော့ ဒုက္ခသည်စခန်းများတွင်ပင် ရှိနေသေး၏။ မြေကွက်များကို မျှဝေပိုင်ဆိုင်ကြသူများအတွက် တိုက်ခန်းများကို ထပ်မံဆောက်လုပ်နေသည်ဟု ဦးမြင့်လွင်က ဆိုသည်။
    ယခုအချိန်တွင်တော့ မိတ္ထီလာပြည်သူများက ယခင်ကဲ့သို့ အတူယှဉ်တွဲနေထိုင်ရေး မေတ္တာရပ်ခံချက်အတွက် တုံ့ပြန်မှုကို စောင့်ဆိုင်းနေလျက်ပင် ရှိနေလေ၏။
    ref:huffingtonpost
    လေးမောင် ဘာသာပြန်ဆိုသည်။
  • အကျင့်ကောင်းကလေးတွေ
    အကျင့်ကောင်းကလေးတွေ
    မတ် ၃ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်
    good_bad_habits_large
    လူတွေကပြောကြတယ်။ ဗီဇဆိုတာ မွေးရာပါ။ ပြင်မရဘူး။ အကျင့်ဆိုတာက မကြာခဏ လုပ်လေ့လုပ်ထရှိရင်းက စွဲသွားတာ၊ ဒီတော့ ဖျောက်လို့ရတယ်တဲ့။ ဘယ်လိုပဲဆိုဆို လူဆိုတာ စွဲမိစွဲရာစွဲသွားရင်းက မလုပ်ရမနေနိုင်အောင် အကျင့်ဖြစ်သွား တတ်ကြတယ်လေ။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် သူများတကာအတွက်ပဲဆိုဆို ကောင်းကျိုးပြုနိုင်တဲ့ အကျင့်ကောင်းလေးတွေရှိသလို ကိုယ်တိုင်ရောသူများပါ အကျိုးမဲ့စေတဲ့ အကျင့်ဆိုးလေးတွေလည်း လူ့ပတ်ဝန်းကျင်မှာ ရှိနေတတ်ပြန်တယ်။ ကိုယ့်မှာရှိတဲ့အကျင့်တွေကို ကိုယ်တိုင်ဆင်ခြင်ကြည့်ရင်တော့ ခွဲခြားသိနိုင်မှာပါ။ ပြင်ယူဖို့ကတော့ သူများတိုက်တွန်းတာထက် ကိုယ်တိုင်စိတ်ခိုင်ခိုင်ထားပြီး ဖျက်ဖို့ပဲလိုတယ်။
    အထူးသဖြင့်ကတော့ လူငယ်တွေထဲမှာ ဘာရယ်မဟုတ်။ အသိုင်းအဝိုင်းရဲ့ အငွေ့အသက်ကြောင့် အကျင့်ဆိုးလေးတွေ စွဲမှန်းမသိစွဲသွားတတ်ကြတယ်။ ပြောစရာတော့ရှိတာပေါ့။ ဆင်ခြင်ဥာဏ်ကြီးတယ်ဆိုတဲ့ လူကြီးတွေမှာရော မကောင်းတဲ့အကျင့်တွေ ရှိနေတတ်တာပဲမဟုတ်လားလို့။ မှန်ပါတယ်၊ လူကြီးရော လူငယ်မှာပါ မကောင်းတဲ့အကျင့်တွေ စွဲတတ်တာပဲပေါ့။ ခက်တာက စိတ်ထဲမှာ မကောာင်းဘူးဆိုတာ သိသိကြီးနှင့်ပဲ အကျင့်ဖျောက်ဖို့က ခဲယဉ်းနေပြန်တယ်။
    ဆိုပါစို့ ဆေးလိပ်သောက်တာ၊ ဆေးပညာရှင်တွေက ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးတွေကို တဖွဖွပြောပြကြ ပညာပေးကြတဲ့ကြားက အဲဒီဆေးလိပ်ကိုပဲ စွဲစွဲလမ်းလမ်း သောက်ဖြစ်နေကြတယ်။ ဆယ်ကျော်သက်လေးတွေကလည်း အရွယ်ရောက်ပြီး လူလတ်ပိုင်းတွေကို အတုခိုးပြီး ဖွာရင်းရှိုက်ရင်းကပဲ တစ်စစနှင့်စွဲမှန်းမသိစွဲသွားကြတယ်။
    ဒီအတိုင်းပါပဲ ဘာရယ်မဟုတ်စမ်းကြည့်ရင်းက ဘီယာ၊ အရက်အစ မူးယစ်ဆေးဝါးစွဲတဲ့အထိ ဖြစ်သွားကြသူတွေလည်း မရှားပါးလို့ မကောင်းဘူးလို့ အများကလက်ခံထားကြတဲ့ အကျင့်တွေထဲမှာတဝဲဝဲလည်လည် ဖြစ်နေကြတာပဲပေါ့။
    ကောင်းပြီ။ လူအများစုက ဒီလိုမကောင်းတဲ့အကျင့်တွေကိုပဲ ခုံခုံမင်မင်ဖြစ်နေကြတာလား မဟုတ်ပါဘူး။ ဖြူစင်စိတ်ဓာတ်နှင့် မွန်မြတ်တဲ့အကျင့်ကောင်းလေးတွေကို အသက်လို တန်ဖိုးထားသူတွေဟာ လောကကြီးမှာ ရှိနေပါသေးတယ်။
    ကျွန်မတို့ဝန်းကျင်မှာနေတဲ့ အသက်ကြီးပိုင်း အမျိုးသားကြီးတစ်ယောက်ဟာ မနက်စောစောတိုင်းမှာ လမ်းတစ်လျှောက်မှာရှိတဲ့ အမှိုက်သရိုက် (အထူးသဖြင့် ပလပ်စတစ်နှင့် ကြွပ်ကြွပ်အိတ်) တွေကို ညှပ်နှင့်ကောက်ပြီး ပလစ်စတစ်အိတ်တစ်လုံးထဲထည့် ပြီးရင်အမှိုက်ပုံးထဲထည့်တယ်။ ဝန်ထမ်း (အငြိမ်းစား) အရာရှိတစ်ယောက်က အခုလိုလုပ်ကိုင်နေတာကို အနီးအနားအိမ်တွေက လူငယ်လေးတွေကလည်း ဝိုင်းဝန်းကူညီပေးလာကြတယ်။ တစ်နည်းပြောရရင် အကျင့်ကောင်းလေးတွေ လက်ဆင့်ကမ်းတဲ့သဘော။ အခုချိန်မှာတော့ အဲဒီအမျိုးသားကြီး ဆုံးပါးသွားပါပြီ။ ဒါပေမယ့် လူငယ်လေးတွေက သူရဲ့လုပ်ရပ်တွေကိုဆက်ပြီး အကောင်အထည်ဖော်နေကြဆဲပါ။ လမ်းမကြီးမဟုတ်တဲ့ လမ်းသွယ်ထဲမှာ အခုလိုနည်းနှင့် ဖြေရှင်းဆောင်ရွက်ပေးတာကြောင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို တစ်နည်းတစ်လမ်း အထောက်အကူပြုနေတာပေါ့။
    ပြောရဦးမယ်။ တစ်ရက်မှာပေါ့။ ဆရာမအသစ်တစ်ယောက် ကျွန်တော်တို့အတန်းထဲမှာ စာသင်တယ်။ အတန်းထဲမှာရှိတဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်က ဆရာမဆီကို စက္ကူမြှားပစ်လိုက်တယ်။ ဆရာမရဲ့ခေါင်းမှာ သွားစိုက်တော့ ဆရာမက ဘယ်သူပစ်တာလဲ၊ ဝန်ခံရင် အပြစ်ပေးတာသက်သာမယ်။ ဝန်မခံရင်တော့ တစ်တန်းလုံးကို အပြစ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အဲဒီသူက ဝန်မခံဘူး။ တစ်တန်းလုံးကလည်း ဗိုလ်ကျအနိုင်ကျင့်တတ်တဲ့သူကို ကြောက်လို့မပြောရဲကြဘူး။ နောက်ဆုံးတော့ အိမ်စာအဖြစ် စာကြောင်းရေ ငါးရာရေးခိုင်းလိုက်ရော။ အပြစ်ကိုဝန်မခံခြင်းသည် အကျင့်ကောင်းတစ်ခုမဟုတ်ပါတဲ့လေ။ အိမ်မှာ လက်အံသေအောင်ရေး လိုက်ရတာဗျာ။ ရေးမလာရင် ကျောင်းအုပ်ကြီးရုံးခန်းကို ပို့မှာလို့ဆရာမကပြောထားတော့ မရေးလို့လည်း မရဘူးပေါ့။ နောက်တစ်နေ့ကျတော့ အဲဒီကျောင်းသားက ဆရာမကသူလုပ်တဲ့ အကြောင်းဝန်ခံတော့ ဆရာမကတစ်တန်းလုံးရှေ့မှာ ချီးကျူးတယ်။ အပြစ်ရှိရင်ဝန်ခံတတ်တဲ့အကျင့်ကောင်းကို လေ့ကျင့်ပေးခဲ့တာလေ။ နောက်ပြီး အပြစ်လုပ်တဲ့အတွင်တော့ လက်ဝါးကိုသုံးချက်ရိုက်တယ် တဲ့။
    တကယ်တော့ လူမှုရေးစိတ်ဓာတ်အပြည့်အဝရှိတဲ့ လူငယ်လေးတွေဟာ လောကကြီးကို အလှဆင်နေကြသူတွေထဲမှာ အရေးပါတဲ့ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ကားစီးတဲ့အခါ အသက်ကြီးသူတွေကို နေရာပေးတာ၊ လမ်းကူးရင် အကူအညီပေးတာတွေဟာ အသေးအဖွဲလို့ ထင်ရပေမယ့် အကူအညီပေးခံရသူတွေရင်ထဲမှာ စိမ့်ဝင်အောင် ကြည်နူးကျေနပ်မိကြတာတော့ အမှန်ပါပဲ။
    အကျင့်ကောင်းရှိသူဟာ စိတ်ဓာတ်မြင့်မားတယ်။ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းတယ်။ လူ့ဘောင်ကိုအကျိုးပြုတယ်။ မိဘဆရာသမားနှင့် တတ်သိနားလည်သူတွေက စေတနာစကားဆိုရင်း လေ့ကျင့်သင်ကြားပေးတဲ့အခါ လေးလေးစားစား နာယူလိုက်နာဖို့တော့လိုမယ်။ အမူအကျင့်ဆိုတာ ငယ်ငယ်တုန်းကတော့ ပင့်ကူမျှင်လေးပါပဲ။ ကြီးလာတဲ့အခါ ကျောက်ကြိုးတွေ ဖြစ်သွားရောဆိုတဲ့ ပညာရှင်အဆိုအမိန့်တစ်ခုလိုပေါ့။ ကိုယ်စွဲမိနေတဲ့ အကျင့်တွေထဲမှာ ကောင်းမကောင်း ခွဲခြားမြင်တတ်ပြီး စိတ်ဓာတ်ခိုင်ခိုင်ထားလို့ ပြုပြင်သွားရင် ပြင်မရဘူးဆိုတာ မရှိပါဘူး။ လိုနေတာက ပြုပြင်ချင်တဲ့စိတ်ဓာတ်။
    နှင်းဆီခင်
  • အတုယူစရာ သူတို့ကမ္ဘာ
    အတုယူစရာ သူတို့ကမ္ဘာ
    မတ် ၃ ၊ ၂၀၁၅
    M-Media
    .ဆွေမွန် ရေးသည်။
    11026213_1593005820911520_8866618135671485719_n
    “ဘာပဲလုပ်လုပ် စိတ်ပါလက်ပါလုပ်ပါ။ ကိုယ့်ကိုယ်ကိုအမြဲတမ်းတွန်းအားပေးနေပြီး အားမာန်အပြည့်နဲ့ လုပ်ကိုင်တတ်သူတိုင်းဟာ အံ့ဖွယ်အရာတွေကို ဖန်တီးနိုင်ပါတယ်။”
    ဆာဟီလာအေဗရာဟမ် အမည်ရတဲ့ နိုင်ဂျီးရီးယားနွယ်ဖွား မိန်းကလေးတစ်ဦးရဲ့ နှုတ်ဖျားက ထွက်ကျလာတဲ့ စကားတွေပါ။ သာမန်လူတိုင်းပြောနိုင်တဲ့စကားကို ပြောခဲ့တဲ့ ဒီမိန်းကလေးဟာ သာမန်လူညံ့တစ်ဦးတော့ မဟုတ်ခဲ့ပါဘူး။ ဆာဟီလာလေးဟာ အမေရိကန်ပညာရေးသမိုင်းမှာ ပထမဆုံးဖြစ်စဉ်အနေနဲ့ အသက် ၁၅ နှစ်အရွယ်မှာ အမေရိကန်နိုင်ငံက ၀င်ခွင့်ရဖို့ အခက်ဆုံးတက္ကသိုလ်ကြီး ၁၃ ခုရဲ့ ၀င်ခွင့်လက်ခံမှုကို တပြိုင်တည်းရရှိခဲ့သူပါ။
    သူကလေးရဲ့ ဘ၀တစေ့တစောင်းကြည့်ကြရင်…
    ဆာဟီလာကို အာဖရိကတိုက်ရဲ့ နွမ်းပါးလှတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဆာရာဖာအေဗရာဟမ်ဟာ နိုင်ဂျီးရီးယားက ထင်ရှားတဲ့ အိုက်ဘာဒန်တက္ကသိုလ်မှာ ပညာသင်ယူခဲ့ပြီး သူ့ရဲ့အလုပ်အကိုင်ကိုအကြောင်းပြုကာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ခဲ့ပါတယ်။ နယူးယောက်မြို့တော်က ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းစုတစ်ခုမှာ စီးပွားရေးဆိုင်ရာအကြံပေးအဖြစ်လုပ်ကိုင်နေရင်း သမီးဖြစ်သူ ဆာဟီလာလေးနဲ့ သားဖြစ်သူ ဆလင်းမ်တို့ကို အမေရိကန်နိုင်ငံမှာ ပညာဆည်းပူးစေခဲ့ပါတယ်။ မိခင်ဖြစ်သူ ရှာကေရာဟာ ရင်သွေးနှစ်ဦးကို ကိုယ်အုပ်မကွာစောင့်ထိန်းရင်း ဆာဟီလာနဲ့ ဆလင်းမ်တို့ရဲ့ တတ်သင့်သမျှပညာတွေကို သင်ပေးခဲ့တဲ့ လက်ဦးဆရာဖြစ်ခဲ့ပါတယ်။
    10363321_1593005844244851_6644248294706314232_n
    ၅ နှစ်သမီး မူကြိုအရွယ်ကတည်းက ဆာဟီလာလေးအနှစ်သက်ဆုံးဘာသာရပ်ဟာ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေဖြစ်ခဲ့တယ်။ မူကြိုအရွယ်မှာ ဘယ်တက္ကသိုလ်တက်ချင်ပါတယ်လို့ စပြောနေပြီဖြစ်တဲ့ တောက်မယ့်မီးခဲရဲရဲလေးကို မိခင်ရှာကေရာက ကြိုမြင်ခဲ့ပါတယ်။ သမီးငယ်လိုအပ်မယ့် စာအုပ်တွေကို ၀ယ်ပေးတယ်။ အိမ်မှာ ကြိုသင်ပေးတယ်။ ကျောင်းမတက်ခင်မှာပဲ ကျောင်းဟာ သူ့အတွက် အဆင်သင့်ဖြစ်နေစေခဲ့ပါတယ်။
    နယူးဂျာဆီမှာ ပညာစသင်ခဲ့တယ်။ သူ့ကျောင်းစာတွေကို ၀ိုင်းလုပ်ပေးရင်လည်း မနှစ်သက်ဘူး။ သူ့စာတွေနဲ့ပတ်သက်ရင် မိခင်သင်ပေးတာကို လက်ခံပေမယ့် လေ့ကျင့်ခန်း အိမ်စာတွေကို မိခင်ကူညီဝိုင်းလုပ်ပေးတာကို လက်မခံတတ်ဘဲ သမီးရဲ့စာတွေကို သမီးပဲလုပ်ပါရစေလို့ အမြဲတမ်းပြောဆိုတတ်တယ်လို့ မိခင်ရှာကေရာက ထုတ်ပြောခဲ့ပါတယ်။ အလယ်တန်းကျောင်းသူ ဘ၀ရောက်လာချိန်မှာ သူ့ဘ၀ တဆစ် ချိုးလာပါတော့တယ်။ အတန်းထဲမှာ ထိပ်ဆုံးဖြစ်နေပြီး သင်သမျှစာတွေကို လွယ်လွယ် တတ်မြောက်နေပေမယ့် မကျေနပ်နိုင်တဲ့ ဆာဟီလာအတွက် စိန်ခေါ်မှုအသစ်တွေကို တွေ့ချင်ပါတယ်။ သူ့ကို ဒီထက်ကြီးတဲ့အတန်းမှာ ထားပေးပါ၊ ဒီထက်ခက်တဲ့ စာတွေကို သင်ယူချင်ပါတယ်လို့ တောင်းဆိုခဲ့ပါတယ်။ သမီးဖြစ်သူကို သိနားလည်နေတဲ့ မိဘတွေကလည်း ကျောင်းအုပ်ချုပ်ရေး ဘုတ်အဖွဲ့ကို တွန်းအားအကြိမ်ကြိမ်ပေးပြီးနောက်မှာ ဆာဟီလာလေးဟာ ၆ တန်းကနေကျော် တက်ပြီး ၇ တန်းကို တက်ခွင့်ရခဲ့ပါတော့တယ်။ မိခင်ဖြစ်သူ ရှာကေရာကလည်း ကျောင်းက ဂရုတစိုက် သင်မပေးထားတဲ့ သင်ခန်းစာလက်ကျန်တွေကို တစ်ခုမကျန် ဆာဟီလာကို ရှင်းပြပေး သင်ပေးခဲ့ပါတယ်။ အမေးအမြန်းထူတယ်၊ သိချင်တာကို မရမကရှာတယ်၊ ပြင်းပြင်းထန်ထန်ကြိုးစားတယ်၊ ကိုယ့်ကိုကိုယ်အမြဲတမ်း တွန်းအားပေးတတ်တဲ့ ဆာဟီလာလေးဟာ နောက်တစ်ခါ ၉ တန်းကို ကျော် ၁၀ တန်းကို အရောက်လှမ်းခဲ့ပြန်ပါတယ်။
    .
    ပညာရေးတင် မကဘဲ အထက်တန်းကျောင်း အမျိုးသမီးဘောလုံး အသင်းမှာ နောက်ခံလူအဖြစ် ပါခဲ့တယ်။ ရေကူးအသင်းမှာပါတယ်။ ဂီတအသင်းမှာလည်း ပါဝင်ခဲ့ကာ ထရွမ်းဘုန်းမှုတ်တယ်။ ဘာသာစကား အနေနဲ့ ရိုးရာနိုင်ဂျီးရီးယား စကား အပြင် အင်္ဂလိပ်၊ အရဗီ၊ စပိန် နဲ့ လက်တင်ဘာသာစကားတွေကို ပိုင်နိုင်ကျွမ်းကျင်ခဲ့ပါတယ်။ လူဦးနှောက်ကို လေ့လာတဲ့ သိပ္ပံပညာရှင်ဖြစ်ချင်တဲ့ ဆာဟီလာလေးဟာ အထက်တန်းကျောင်းသူဘ၀မှာလည်း ဘက်စုံထူးချွန်ခဲ့ပါတယ်။
    10609447_1593005857578183_1291880512525996068_n
    .
    တက္ကသိုလ်ဝင်ခွင့် SAT စာမေးပွဲမှာတော့ ဆာဟီလာဟာ သင်္ချာ အမှတ် ၈၀၀ (အပြည့်) အင်္ဂလိပ်စာ အရေးမှာ ၇၉၀၊ အင်္ဂလိပ်စာ အဖတ်မှာ ၇၅၀ နဲ့ SAT ရမှတ် ၂၄၀၀ ပေးတဲ့အနက် ၂၃၄၀ ထိ ရခဲ့ပါတယ်။ (Grade point ၁၀၀ မှာ ၉၆ ကနေ ၉၇ ထိ ရခဲ့ပါတယ်။) အသက် ၁၅ နှစ်သာရှိသေးတဲ့ ဆာဟီလာဟာ အသက်ငယ်ရွယ်လွန်းတဲ့အတွက် ဘယ်တက္ကသိုလ်ကမှ လက်မခံမှာကို စိုးရိမ်နေခဲ့ပါသေးတယ်။ ဒါကြောင့် သူ့ကို ဘယ်ကျောင်းကများ ၀င်ခွင့်ပေးပါ့မလဲ မျှော်လင့်တကြီးနဲ့ နယူးဂျာဆီကနေ ကယ်လီဖိုးနီးယားထိ တက္ကသိုလ်ကြီး ၁၄ ခုမှာထိ ၀င်ခွင့်လျှောက်ခဲ့ပါတယ်။ အံ့သြစရာက အမေရိကန်ပညာရေးလောကမှာ လူတိုင်းတန်ဖိုးထား ဂုဏ်ယူစွာ တက်ချင်ကြတဲ့ Ivy League Schools လို့ခေါ်တွင်တဲ့ သက်တမ်း အကြာဆုံး၊ ဂုဏ်အရှိဆုံး တက္ကသိုလ်ကြီး ၇ ခု အနက် ၆ ခုက ဆာဟီလာကို တက္ကသိုလ်တက်ခွင့် ပေးခဲ့ပါတယ်။ Yale တစ်ခုတည်းကပဲ အသက်ကြောင့် ဆာဟီလာကို မရွေးခဲ့ပါဘူး။ တော်ရုံလူ အိပ်မက် မမက်ရဲတဲ့ Harvard ၊ MIT ၊ Princeton ၊ Columbia ၊ Cornell ၊ Brown ၊ University of Pennsylvania ၊ UChicago တို့အပါအ၀င် တက္ကသိုလ်ကြီး ၁၃ ခုတိတိမှာ ဆာဟီလာကို တက်ရောက်ပညာ သင်ကြားခွင့်ရခဲ့ပါတယ်။
    အများတကာ တက္ကသိုလ်တစ်ခု တက်ခွင့်ရလို့ ပျော်နေရတဲ့အချိန်မှာ ဆာဟီလာက တက္ကသိုလ် ၁၃ ခုကို ခရီးကြမ်းနှင်ကာ တက်မယ့် တက္ကသိုလ်ရွေးပွဲ ပြန် ကျင်းပနေခဲ့ရပါပြီ။ တက္ကသိုလ်တစ်ခုပြီး တစ်ခု သွားကြည့်ခဲ့ပါတယ်။ ကျန်တဲ့တက္ကသိုလ်တွေကို ဆာဟီလာ ဘာမှ မပြောခဲ့ပေမယ့် ဟားဗတ်တက္ကသိုလ် အ၀င်ဝကို ရောက်ကတည်းက ကျောင်းရဲ့ ပရိဝုဏ် ကြီးကျယ် ခမ်းနားမှုရယ်၊ ကျောင်းသားတွေရဲ့ ပြောဆို ဆက်ဆံမှုတွေရယ်၊ ပညာရေးအခွင့်အလမ်းတွေအားလုံးက ဆာဟီလာကို ဖမ်းစားခဲ့ပါတော့တယ်။ ဟားဗတ်ကို ဆာဟီလာ မလွန်ဆန်နိုင်ခဲ့ပါဘူး။ ဒါ သူ့ကျောင်းပါပဲ။ သေချာခဲ့ပါပြီ။
    .
    အသက် ၁၅ နှစ်အရွယ်မှာ ဟားဗတ်တက္ကသိုလ်သမိုင်းမှာ အသက်အငယ်ဆုံး တက်ရောက်ခွင့်ရတဲ့ ကျောင်းသူတစ်ဦးဖြစ်လာတဲ့ ဆာဟီလာလေးဟာ ဟားဗတ် တက္ကသိုလ်မှာ ဦးနှောက်ကို အထူးပြုလေ့လာတဲ့ သိပ္ပံဘာသာရပ် Nerobiology ကို သင်ကြားခဲ့ပြီး တောက်နေတဲ့ မီးခဲလေးဟာ ဟားဗတ်မှာလည်း အရှိန်မသေသွားခဲ့ပါဘူး။ တက္ကသိုလ် အသင်းအသီးသီးမှာ ၀င်ပါတယ်။ ဟားဗတ်တက္ကသိုလ် အစ္စလာမ့် အသင်းမှာလည်း အသက် ၁၅ နှစ်အရွယ်ကလေးနဲ့ ဒုဥက္ကဌအဖြစ် အရွေးခံခဲ့ရပါတယ်။
    .
    အသက် ၁၆ နှစ်အရွယ်မှာ ကမ္ဘာ အတော်ဆုံး ဆယ်ကျော်သက် ၅၀ စာရင်း 50 smartest teenagers မှာ နံပတ် ၂၁ ပေါက်ခဲ့ ပါတော့တယ်။ တက္ကသိုလ်ပညာသင်ကာလမှာ သူမရဲ့ထူးချွန်မှုတွေကြောင့် သတင်းစာတွေ၊ ကျောင်းစာစောင်တွေရဲ့ မျက်နှာဖုံးသတင်းနေရာကို ဆာဟီလာ အကြိမ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။
    ခုချိန်မှာ အသက် ၁၉ နှစ်ရှိနေပြီဖြစ်တဲ့ လာမယ့်မေလမှာ ဟားဗတ်က ဘွဲ့ရတော့မယ့် နောက်ဆုံးနှစ်ကျောင်းသူ ဆာဟီလာဟာ ၂၀၁၅ ဖေဖော်ဝါရီလ ၂၆ ရက်မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတ ကတော် မီချယ်လ်တို့ က အိမ်ဖြူတော်မှာ တရားဝင် ဖိတ်ကြားဧည့်ခံတာကို ခံယူခဲ့ရပါတယ်။ ဆာဟီလာလေး စကားပြောတာကို ငြိမ်သက်စွာနားထောင်အပြီး အမေရိကန် သမ္မတအိုဘားမားက “တော်တဲ့ကလေးတွေ အများကြီးတွေ့ဖူးပါတယ်။ ဆာဟီလာဟာ အတော်ဆုံး ၅၀ စာရင်းဝင် ပီသပါပေတယ်။ တကယ်အံသြစရာ အမျိုးသမီးငယ်ပါ။ သူမနဲ့ စကားပြော ရတာဟာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီး ဌာန နှစ်ခုကို ရောမြင်ရသလို ခံစားရစေပါတယ်။ ပညာရေးအောင်မြင်မှုတွေအတွက် ဂုဏ်ယူပါတယ် ဆာဟီလာရေ။ နောက်ထပ် ဆက်သွားဦးမယ့် လမ်းကြောင်းတွေအတွက်လည်း ဂုဏ်ယူပါတယ်။ မင်းဟာ အမေရိကန် သမိုင်းကို ထွန်းပြောင်စေမယ့်လူပါ။ အမေရိကန် အနာဂတ်ဟာ မင်းတို့လို လူငယ်တွေရှိနေတဲ့အတွက် ပိုပြီး ထွန်းတောက်ဦးမှာပါ” လို့ ဂုဏ်ယူ ၀င့်ကြွားစွာ ပြောဆိုသွားခဲ့ပါတယ်။
    “ပေါ်လာသမျှအခွင့်အလမ်းတွေကို အကျိုးရှိအောင် လုပ်တတ်ဖို့ အရေးကြီးပါတယ်။ ပညာစောစောသင်နိုင်လေလေ၊ ဘ၀မှာ အောင်မြင်ဖို့ အခွင့်အလမ်းများလေလေပါ။ ဒါဟာ လက်တွေ့ကျတဲ့ ဘ၀ပါပဲ။” ဒါဟာ ဆာဟီလာရဲ့ ဆောင်ပုဒ်ပဲဖြစ်ပါတယ်။
    ဆင်းရဲတဲ့ အာဖရိကနိုင်ငံတစ်ခုမှာ မွေးဖွားခဲ့ပေမယ့် လူသားအချင်းချင်း တန်းတူရည်တူကြိုးစားခွင့်ကို အသိအမှတ်ပြုတဲ့နိုင်ငံ တိုင်းဟာ နိုင်ငံသားကောင်းတွေကို မွေးထုတ်နိုင်ပါတယ်။ ထို့နည်းတူစွာ နိုင်ငံခြားက ပြောင်းဝင်လာတဲ့ မွတ်ဆလင်အမျိုးသမီးငယ် ဆာဟီလာလိုမျိုး လူတော်လူငယ်တစ်ဦးကို တန်းတူရည်တူ ကြိုးစားခွင့်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံဟာလည်း ပညာရေးမှာ ထူးချွန်လွန်းတဲ့ ဆာဟီလာတို့လို လူငယ်တွေကြောင့် အမြဲတမ်းခေတ်ရှေ့ရောက်နေမှာ အမှန်ပဲ ဖြစ်ပါတော့တယ်။
    အားကျအတုယူနိုင်စေဖို့၊ ပညာဟာ အရေးကြီးဆုံးအရာဖြစ်တယ်ဆိုတာ နားလည်ကြစေဖို့၊ ပညာရေးကို အလေးပေးကြဖို့ ရည်ရွယ်ရင်းသာ ဖြစ်ပါတယ်။
    မြန်မာကျောင်းသား ကျောင်းသူတိုင်း ကမ္ဘာ့အဆင့် ထိုးဖောက်နိုင်ကြပါစေ။
    ဆွေမွန်
    ၃ မတ်လ ၂၀၁၅