News @ M-Media

Author: M-Media

  • ငြိမ်းချမ်းသော ကမ္ဘာအတွက် လိုအပ်ချက်သည်

    ငြိမ်းချမ်းသော ကမ္ဘာအတွက် လိုအပ်ချက်သည်

    မတ် ၁၀ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်း ရေးသည်။
    peace1
    ငွေ … ငွေ … ငွေ သည်  လူသားတို့၏ အသိဥာဏ် ဖွံဖြိုးတိုးတက် လာခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော တန်ဖိုးဖြတ် ကိရိယာ တစ်ခုပင် ဖြစ်ပေသည်။

    လူသည် အသိဥာဏ် ဖွံ့ဖြိုးတိုးတက်လာသောအခါ ယုံကြည်မှု၊ ကိုးကွယ်မှုများ အဆင့်ဆင့်ပြောင်းလဲလာ၏။ မီး၊ ရေ၊ လေ၊ နေ အစမှသည် နတ်ရုပ်တု၊ ဆရာသခင်၊ ဘုရား အစရှိသဖြင့် ကိုးကွယ်ယုံကြည်မှုများ ပြောင်းလဲဖြစ်ပေါ်လာသည်။ လူဟူ၍ ဖြစ်ပေါ်လာပြီဆိုသည်နှင့် ကမ္ဘာဦးအစမှသည် ယခုထိတိုင် တူညီသော မပြောင်းလဲသော လူတို့၏လုပ်ငန်းများမှာ အသက်ရှင်နေထိုင်ရန် အစားအစာကို ရှာဖွေခြင်းနှင့် လူသားမျိုးနွယ်ဆက်များ ဆက်လက်ဖြစ်ထွန်း တည်တံ့စေရန်၊ ဖိုနှင့်မ ကာမဆက်ဆံစပ်ယှက်မှုပင် ဖြစ်၏။ လူသည် တစ်ခြားတစ်ခြားသော ပညာရပ်များကိုသာ သင်ယူသင်ကြားမှ တတ်မြောက်နိုင်မည်ဖြစ်သော်လည်း ဤကိစ္စနှစ်ခုမှာမူ အထူးတလည် သင်ကြားပေးရန်မလို။ အရွယ်ရောက်ပြီဆိုသည်နှင့် အလိုအလျောက်ပင် သိရှိဖြစ်ပေါ်လေ့ရှိ၏။

    ကမ္ဘာဦး လူ့သမိုင်း၏အစပိုင်းတွင် ရှာဖွေစားသောက်မှုသည် ရိုးရှင်း၏။ တစ်စတစ်စ အသိဥာဏ် ဖွံ့ဖြိုးတိုးတက်လာသည့် အခါ ပစ္စည်းခြင်းဖလှယ်၊ အသိခြင်းဖလှယ်၍ နေထိုင်စားသောက်တတ်လာ၏။ ထိုထက်မက ပို၍ပို၍ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်လာသည့်အခါ ငွေကြေးဖြင့် လဲလှယ်ရမည့် စနစ် ပေါ်ထွန်းလာ၏။ လူ့ဘောင်လူ့လောကတွင် လူတို့၏ ကိုးကွယ်ယုံကြည် အားထားရာမှာ ပထမနေရာတွင် ဘုရားသခင်၊ ဒုတိယနေရာတွင် ငွေကြေးဆိုသလိုပင် ဖြစ်လာ၏။ ငွေသည် ယဉ်ကျေးတိုးတက်သော လူသားတို့၏နယ်ပယ်တွင် အဓိကကျသော အရာပင်ဖြစ်လာသည်။ လူသည် မိမိထက် အစစအရာရာတွင် အနည်းငယ်သာနေပြီဆိုလျှင် သူသည် မိမိထက်အားထားဖွယ်ရာ ကိုးကွယ်ရာဟု ယူဆလေ့ရှိကြ၏။ ရှေးရှေးကလူသားများသည် ဘုရားသခင်ကိုရှာဖွေကြ၏။ ယခုမူ ငွေကိုရှာဖွေကြ၏။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ငွေကို လူတို့သည် ကိုယ်တိုင်ရှာဖွေမှသာ ရနိုင်သည်ဆိုသည်ကို မည်သို့မျှငြင်းပယ်၍မရ ဟူသော အသိတရားတစ်ခုကို တွေ့ရှိရသည်။ ငွေရရှိနိုင်ရန် အဓိကအရင်းအနှီးမှာ မိမိကိုယ်မိမိပင်ဖြစ်၏။ ငွေရှိလျှင် (သဘာဝတရားမှလွဲ၍) ဘာကိုမဆို (လူတို့ကိုယ်တိုင် တီထွင်ဖန်းတီးထားခြင်းများ) ရရှိနိုင်သည် မဟုတ်ပါလား။ ငွေပင်သည် မြေကြီးမှ ပေါက်လာခြင်း မဟုတ်သကဲ့သို့ ကောင်းကင်မှ ကျရောက်လာခြင်းလည်း မဟုတ်ပေ။ ငွေဟူသော ဒုတိယဖန်းဆင်ရှင်ကိုပင် လူဟူသည့်မိမိက ရှာဖွေပြုလုပ်ခဲ့ကြသည်။ သို့ဆိုလျှင် ငွေရှိဖို့အတွက် မိမိသာလျှင် အဓိကအကျဆုံး တန်ဖိုးအရှိဆုံး မဟုတ်ပါလား။ ငွေကြေး ချမ်းသာခြင်း၊ ငွေကြေး ဆင်းရဲနွမ်းပါးခြင်းများသည်လည်း မိမိ၏ ဦးနှောက်အသိနှင့် မိမိ၏လုပ်အား ခန္ဓာကိုယ်အရွေ့ပေါ်တွင်ပင် တည်မှီ၏။

    ဤသို့ဆိုလျှင် သင့်အားချုပ်ကိုင်နိုင်သော၊ သင့်အားခိုင်းစေနိုင်သော၊ သင့်အား ရှင်စေ သေစေ ပျော်စေ စိတ်ညစ်စေနိုင်သော မျက်စိနှင့်မြင်တွေ့နေရသော ထိုငွေကြေးတန်ဖိုးများသည် လူသားတို့၏လက်ထဲ၌ပင် ဖြစ်နေရှိနေလေသည်။ မိမိမမြင်နိုင် မိမိမတွေ့နိုင်သော မိမိတို့ယုံကြည်မှု တစ်ခုထဲဖြင့်သာ ပိုင်းခြားကန့်သတ်၊ သတ်မှတ်ထားလေသော ကိုးကွယ်မှုများသည် အဘယ်မှာရှိမည်နည်း။ အဘယ်နေရာတွင်ရှာဖွေရမည်။ ရှာဖွေသင့်သည်နည်း။ အသင်လူသား သင်၏ဦးနှောက်နှင့် သင်၏နှလုံးသား သင်၏သွေးကြောမျှင်များနှင့် သင်အသုံးချနေသော သင်၏ခန္တာကိုယ်ထဲတွင် သင်ပြန်၍ရှာဖွေပါ။ သင်၏ကိုးကွယ်ရာ ဘုရားသခင်သည် သင်၏နှလုံးသား၊ သင်၏အတွင်း၌ ကိန်းဝပ်၍ သင့်အားကောင်းခြင်းဆိုးခြင်းများကို သင်ကိုယ်တိုင်ပင် ဆုံးဖြတ်သုံးသပ်၍ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် သင်၏ ဦးနှောက်အား အသုံးချခြင်းဖြင့် သင်၏ ကိုးကွယ်ရာ အစစ်ကို ရှာဖွေနိုင်ပေလိမ့်မည်။

    ဘာသာတရားအားလုံးရှိ ရှေ့ဆောင်ဆရာသခင်များ၏ ကောင်းရာညွှန်လပ်သည့် တရားများလမ်းစဉ်တော်များအား သေချာစွာ သဘောပေါက် နားလည်ခြင်းအားဖြင့် သင့်အတွက်ကိုးကွယ်ရာအစစ်ကို တွေ့ရှိလားမေးလိမ့်မည်။ အဟိတ်တိရစ္ဆာန်လောကတွင် ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါ၊ လေနေသတ္တဝါ အစရှိသဖြင့် အကွဲကွဲအပြားပြား တည်ရှိသည်။ ယနေ့လူသားဆိုသည်မှာကား လူသားဟူ၍တစ်မျိုးတည်း တစ်စားတည်း ကမ္ဘာမြေကြီးပေါ်တွင် ရပ်တည်လျက်ရှိပေ၏။ ခွဲခြားခြင်းသည်ပင် လူသားများ၏ပြုလုပ်ချက်၊ သင်သိထားမည်ဆိုလျှင် ယနေ့ကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာလှပလာပေလိမ့်မည် မလွဲပင်တည်း။

    သက်ဝေနှင်း

  • တာဝန်အရ Online တက် နာမည်မျိုးစုံသုံးပြီး အမုန်းစကားတွေရေးတာ ရပ်တန်းကရပ်ဖို့ ဗိုလ်မှူးဟောင်း စာရေးဆရာ မြသန်းစံ ပြောပြီ

    တာဝန်အရ Online တက် နာမည်မျိုးစုံသုံးပြီး အမုန်းစကားတွေရေးတာ ရပ်တန်းကရပ်ဖို့ ဗိုလ်မှူးဟောင်း စာရေးဆရာ မြသန်းစံ ပြောပြီ

    ရန်ကုန်၊ မတ် ၉

    တပ်မတော်တွင် ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရအတွက် ဝါဒဖြန့် ပေါ်လစီရုပ်ရှင်ကားများ၊ သီချင်းများ ရေးသားခဲ့သူ တေးရေးနှင့် စာရေးဆရာ မြသန်းစံက အွန်လိုင်းစာမျက်နှာများတွင် အမည်များစွာဖြင့် အမုန်းစကား ရေးသားနေသူများသည် တာဝန်အရ လုပ်ဆောင်သူများဟု ရည်ညွှန်းလိုက်ပြီး ရပ်တန်းက ရပ်ကြရန် သတိပေးလိုက်သည်။

    “တာဝန်အရOnline တွေပေါ်မှာ Account မျိုးစုံတပ်ပြီး ရေးနေကြသူတွေ အနေနဲ့ Hate Speeches တွေ တတ်နိုင်သမျှ ရပ်တန်းကရပ်ကြပါတော့ လို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ အပြန်အလှန်ဆဲဆိုနေကြတဲ့ သံသရာမဆုံးနိုင်သရွေ့ နောက်ဆုံး နစ်နာတော့ ကိုယ်တွေ ချည်းပါပဲ ဆိုတာကို အမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ဖို့လိုနေပါပြီ” ဟု မြသန်းစံက သူ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

    တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားတွင် မကြာခဏ ထုတ်လွှင့် ပြသလေ့ရှိသည့် ငြိမ်းချမ်းရေးပန်းခင်း သို့မဟုတ် ချစ်ခြင်း တရားနဲ့ပြည်ထောင်စု သီချင်းကို ရေးစပ်သီကုံးခဲ့သူ မြသန်းစံက ထိုသီချင်းကို ရေးစပ်ရန် တာဝန်ပေးအပ်ခံခဲ့ရပုံကိုလည်း “တာဝန်ပေးချက်အရ” ဟု သုံးနှုန်းထားပြီး သီချင်း ရေးစပ်ဖြစ်ခဲ့ပုံကို ရေးသားထားသည်။

    ၈၈ အရေးအခင်းကို ဇာတ်အိမ်တည်လျက် ကျောင်းသားများ တော်လှန်ရေး လုပ်ပုံကို ပုံဖျက်ရိုက်ကူးထားသည့် ပါပီမ ပေါ်လစီရုပ်ရှင် ဇာတ်ကားတွင် ရိုက်ကွင်းတာဝန်ခံအဖြစ် တာဝန်ယူခဲ့သူ မြသန်းစံက ၈၈ အရေးအခင်းနှင့် ပတ်သက်၍ သူ၏ အမြင်ကို ရေးသားရာတွင် “၁၉၈၈မှာ သမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်ဟာ ပညာရှိ ပီပီ မီးငြိမ်းနိုင်ဖို့ အစီအစဉ် တစ်ခုဖြစ်တဲ့ “ကျွန်တော်တို့ကျောင်းသား သမဂ္ဂကို ပျော်ပျော်ပါးပါး အုတ်မြစ်ချပါစို့” လို့ကြေညာခဲ့ပေမယ့် စိတ်ကြွဆေးကျွေး၊ ထောင် တံခါးဖွင့်၊အရပ်ထဲဝင်မွှေ၊ ဂိုဒေါင်ဖောက်၊ အရေးအခင်းကိုပုံဖျက်၊ တိုင်းပြည်ပျက်တဲ့ ကိန်းဆိုက်လေဟန် ဖန်တီးပြီး အခြေအနေဆိုးတွေ ပေါ်ပေါက် လာတာကြောင့် စစ်တပ်ကအာဏာ သိမ်းလိုက်လို့ ဒေါက်တာမောင်မောင်ရဲ့ ကြေငြာချက်လည်း အသက်မဝင်တော့ဘဲ ပျက်ပြယ်ခဲ့ရပြန်ပါတယ်” ဟု ရေးသားထားသည်။

    မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍မူ “ကျန်းမာရေးဆိုလည်း နည်းပညာမြင့်ပြီး စိတ်ချရတဲ့ (စေတနာလည်းပါတဲ့) အိမ်နီးချင်းနိုင်ငံကိုပြေးကြရ၊ ပညာရေးဆိုလည်း အိမ်နီးချင်းနိုင်ငံကိုပြေးကြရပြန်၊ သွင်းကုန်ဆိုလည်း သူတစ်ပါးကိုအားကိုးရ၊ ထုတ်ကုန်ကျပြန်တော့လည်း မတန်တဆ ဈေးအနှိမ်ခံရပြီး ကုန်ကြမ်းသက်သက် ရောင်းစားနေရတဲ့ နိုင်ငံဖြစ်မှန်း မသိဖြစ်နေရနဲ့ ပြောရတာကိုယ့်ပေါင် ကိုယ်လှန်ထောင်းရသလို ရှက်လည်းရှက်ပါတယ် မရှက်လည်းမရှက်နိုင်တော့ပါဘူး” ဟု ရေးသားဖေါ်ပြသည်။

    တိုင်းပြည်တိုးတက်ရန် အကြံပြုချက် ငါးချက်ကို ရေးသားဖေါ်ပြထားပြီး “တာဝန်ရှိသူတွေကလည်း ကိုယ့်ပြည်သူပြည်သားတွေအပေါ်မှာ ကျားကစားသလို လှည့်ကွက်တွေနဲ့ ဥာဏ်မများဖို့လိုပါတယ်” ရေးသားဖေါ်ပြထားသည်။

    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

    http://mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/40587-online

  • IS ၏ သမိုင်း အမွေအနှစ် ဖျက်ဆီးမှု အီရတ်ပြည်သူများ ဆန့်ကျင်

    IS ၏ သမိုင်း အမွေအနှစ် ဖျက်ဆီးမှု အီရတ်ပြည်သူများ ဆန့်ကျင်

    မတ် ၈ ၊ ၂၀၁၅
    M-Media
    Mideast Iraq Islamic State
    – ဘဂ္ဂဒတ်မြို့၏ အလ်-မူတာနာဘီလမ်းမပေါ်တွင် အီရတ်ပြည်သူများက မူဆိုးလ်မြို့ရှိ နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိသော ရှေးဟောင်း ရုပ်တုများ ဖျက်ဆီးခံရခြင်းအတွက် ၀မ်းနည်းနေကြသည်မှာ ထိုရုပ်တုများက အသက်ရှိသူများသကဲ့သို့ပင် ဖြစ်နေ၏။

    “ကျွန်မ တော်တော်လေး မကျေမနပ် ဖြစ်မိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောတောင် မပြောနိုင်တော့ပါဘူး” ဟု သူငယ်ချင်းဟောင်း တစ်ဦးက မျက်ရည်စမ်းစမ်းဖြင့် ပြောသည်။

    အက်ဆီရီယန် နန်းတော်များ၏ ၀င်ပေါက်ရှိ လူ၏ ဦးခေါင်း တပ်ထားပြီး တောင်ပံပါသော နွား၏ ခန္ဓာကိုယ် ရုပ်ထုကြီးများမှာ ရှေးဟောင်း မက်ဆိုပိုတေးမီးယားတို့၏ အထူးခြားဆုံး အမှတ်သညာလည်းဖြစ်သည်။ အာမက်ဆူ (Iamassu) ဟု ခေါ်သည့် အဆိုပါ ရုပ်တုများမှာ အကာအကွယ်ပေးသည့် ၀ိဥာဉ်များဟု အဓိပ္ပါယ်ရသည်။ ထိုပုံများကို ကြေးပြားမှ နိုင်ငံရပ်ခြား သံရုံးနံရံများ၏ နံရံအထိ နေရာတိုင်းတွင် ထွင်းထု ပုံဖော်ကြသည်။

    ကျောက်တုံးဖြင့်ထုလုပ်ထားသော အဆိုပါ ရုပ်ထုများမှာ  ဘီစီ ၇ ရာစု နန်းတော် စတင် ဆောက်လုပ်စဉ်ကတည်းက နိုင်ဗီဟ် (Nineveh) မြို့ (ယခု မူလဆိုးလ်မြို့) ၏ ဂိတ်ပေါက်ဝတွင် ရှိနေခဲ့ကြသည်။ ၎င်းတို့မှာ နိုင်ဗီဟ်မြို့အား ဖျက်ဆီးခံရစဉ်တွင်လည်းကောင်း၊ အက်ဆီရီယန်အင်ပါယာကြီး ပေါ်ထွက်လာပြီးသည့်နောက်တွင် လည်းကောင်း၊ ထို အင်ပါယာကြီး ပျက်ဆီးကာ နောက်ပိုင်း အင်ပါယာများ ပေါ်ထွက်လာသည့်အချိန်တွင် လည်းကောင်း တောက်လျှောက် တည်ရှိလာခဲ့ကြသည်။

    ၁၈၄၀ ပြည့်နှစ်များတွင် အဆိုပါနန်းတော်အား တူးဖော်သည့်အချိန်နှင့် ထိုနန်းတော်မှ အဖိုးတန်ပစ္စည်းများကို ဗြိတိန်နှင့် အမေရိကသို့ သယ်ဆောင်သွားသည့်အချိန်တွင်လည်း ထိုရုပ်တုများက ရှိနေခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင်တော့ ထိုရုပ်ထုများမှာ အားကောင်းသည့် လွန်ပူကိုကိုင်ကာ အစ္စလာမ်မထွန်းကားခင် အီရတ်၌ရှိနေခဲ့သော ယဉ်ကျေးမှုများကို ဖျက်ဆီးဖယ်ရှားချင်သည့် လူများ၏လက်ထဲတွင် ပြိုကျ ပျက်ဆီးခဲ့ရလေသည်။

    “ယုံမလားတော့မသိဘူးဗျာ။ ရုပ်တုတွေ ဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့ သတင်းကြားပြီး ကျွန်တော် ညဘက် အိပ်လို့တောင်မပျော်ပါဘူး” ဟု စို့၊ ကျောက်တုံး အပိုင်းအစများနှင့်အတူ ထိုင်ကာ ပန်းပုထုနေသူ အဘ်ဒူလာဟ် ဒို့စ်ဟန်က ဆိုသည်။

    စစ်တပ်တွင် အမှုထမ်းစဉ် ၁၉၈၀ ပြည့်နှစ်များက ထိုပြတိုက်သို့ သွားရောက်လည်ပတ်၍ ကင်မရာဖြင့် ဓာတ်ပုံများ ရိုက်ယူလေ့ရှိသည်ဟု ၎င်းက ဖွင့်ဟခဲ့သည်။

    “ကျွန်တော်ဟာ မူဆိုးလ်မြို့ တစ်မြို့လုံးကို လျှောက်သွားတယ်။ ပြီးတော့ နေ့တိုင်း ဒီရုပ်ထုတွေကို သွားကြည့်ပါတယ်။ လူတွေက ‘ဒီရုပ်တုတွေဟာ ခင်ဗျားအဖေလား’ လို့ မေးကြတဲ့အထိပါပဲ”

    အက်ဆီရီယန်များ၏ ကျောက်သားထွင်းထုမှု အနုပညာလက်ရာက ယနေ့ခတ် ပန်းပုဆရာတို့ကို အံ့သြမှင်တက်စေသည်။ ခြင်္သေ့များနှင့် ဒရယ်ငယ်များက နံရံများမှ ခုန်ထွက်လာတော့ မယောင်ယောင်။ အနုစိပ်ထုထားသည့် မုဆိတ်များကလည်း အာမက်ဆူရုပ်ထု၏ ခြေသလုံးအထိ ပြေဆင်းသွားသည်။

    “ကြည့်စမ်းပါအုံးဗျား။ ဘယ်လောက် အချိုးညီလိုက်သလဲ။ တကယ်လို့ ခင်ဗျား တိုင်းကြည့်မယ်ဆိုရင် ဘယ်လိုခြားနားချက်မှ တွေ့ရမှာ မဟုတ်ဘူး။ သူတို့က တစ်မျှင်ခြင်းကို ထွင်းထုထားတာလေ” ဟု  အာမက်ဆူရုပ်ထု၏ ဓာတ်ပုံကို ညွှန်ပြ၍ ဒို့စ်ဟန်က ပြောလေသည်။

    တစ်ဂရစ်နှင့် ယူဖေရးတီး မြစ်နှစ်ခုအကြား တည်ရှိခဲ့သည့် မြေသြဇာကောင်းသော အဆိုပါ ရှေးဟောင်း မက်ဆိုပိုတေးမီးယားဒေသကို “ယဉ်ကျေးမှု ပုခက်” ဟု တင်စားခေါ်ဝေါ်ကြပြီး သိရှိခဲ့သမျှ သမိုင်းကြောင်းရှိ ကမ္ဘာ့ပထမဆုံး မြို့များထဲမှ တစ်မြို့လည်းဖြစ်သည်။ ပထမဆုံး စာရေးသားမှုကို အဆိုပါဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ ကျော်က စတင်ခဲ့သည်ဟု ယုံကြည်ကြသည်။ အီရတ်ပြည်သူအများစုကတော့ အဆိုပါ အောင်မြင်မှုများကို ၎င်းတို့၏ သမိုင်းအမွေအနှစ်အဖြစ် ရှုမြင်ကြသည်။

    “ဒါဟာ ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ရိုးရာနဲ့ ယဉ်ကျေးမှုပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ အမှတ်သညာပါပဲ။ အခြားတိုင်းပြည်တွေကို ကျွန်တော်သွားတဲ့အခါ ‘ငါဟာ ဘေဘီလုံအင်ပါယာ၊ အက်ဆီရီယန် အင်ပါယာနဲ့ အီရတ်ရဲ့ သားကောင်းတစ်ယောက်ပဲ’ လို့ သူတို့ကို ပြောပြပါတယ်။ ကျွန်တော်တို့ နိုးထဖို့ လိုနေပါပြီ။ ကျွန်တော်တို့ ထပ်ပြီး ဆုံးရှုံးလို့မရတော့ပါဘူး” ဟု အနုပညာကျောင်းသားတစ်ဦးဖြစ်သူ ဟူဆမ် ဆာဘာဟ် ခါလီလ်က ပြောကြားခဲ့သည်။

    IS က ဖျက်ဆီးခဲ့သည့် ရုပ်ထုများထဲတွင် ၄ ခုမှာ ပလာစတာ ပုံတူများဖြစ်ပြီး ကျန်ရုပ်တုများမှာ အော်ရီဂျင်နယ် များဖြစ်ကြသည်ဟု ပြတိုက် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော်လည်း ပြတိုက်ရှိ ၁၇၂ ခုသော ရုပ်ထုများတွင် မည်မျှ ဖျက်ဆီးခဲ့ပြီး၊ မည်မျှရောင်းချခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရဟု ၎င်းတို့က ဆိုသည်။ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲပြီးနောက် ရှေးဟောင်း သုတေသန နေရာများတွင် လုယက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့သောကြောင့် ပြည်နယ်ပြတိုက်များမှ တန်ဖိုးအရှိဆုံး လက်ရာများကို ဘဂ္ဂဒတ်သို့ ပို့ဆောင်ခဲ့ကြသည်။

    မူဆိုးလ်ပြတိုက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများကတော့ ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ မူဆိုးလ်၌ပင် ဆက်ရှိနေသည်။ IS အဖွဲ့သားများက ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ပြတိုက်အား သိမ်းပိုက်ပြီးနောက်ပိုင်း ၎င်းတို့မှာ မိမိတို့၏ နေအိမ်တွင်သာ နေထိုင်နေကြ ကာ ထိုပြတိုက်အား စောင့်ရှောက်နေသည်ဟု ဆိုသည်။

    “အီရတ်ပြည်သူအားလုံးနဲ့ မူဆိုးလ်မြို့ခံတွေတောင်မှ ဒီအတွက် ဆန္ဒပြချင်ကြပါတယ်။ ဒါပေမယ့် သူတို့မှာ စွမ်းအား မရှိပါဘူး။ သူတို့ ဆန္ဒပြဖို့ အပြင်ထွက်ပြီဆိုရင် သူတို့ အသတ်ခံရမှာပါ” ဟု ဒို့စ်ဟန်က ထပ်လောင်းပြောကြားခဲ့သည်။

    ယဉ်ကျေးမှုအား ဖျက်ဆီးခြင်း

    IS က ၎င်းတို့ သိမ်းပိုက်ထားသောဒေသ၏ မြို့အဖြစ် ကြေညာထားသော မူဆိုးလ်မှာ အစဉ်အလာအရ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု အချက်အခြာမြို့ဖြစ်ပြီး ရှုပ်ထွေးလှသည့် အီရတ်ရှိမြို့များထဲမှ တစ်မြို့ဖြစ်ကာ ဘာသာရေး မတူကွဲပြားမှုနှင့်ပတ်သက်၍ အညီညွတ်ဆုံး မြို့လည်းဖြစ်သည်။

    “အီရတ်ရဲ့ အကောင်းဆုံး ဂီတပညာရှင်တွေက မူဆိုးလ်မှာ မွေးတာပါ။ ဒါတင်မကသေးဘဲ အရေးအပါဆုံး သမိုင်းပညာရှင်တွေ၊ ပထမဆုံးအမျိုးသမီး တရားသူကြီး စတာတွေဟာလည်း မူဆိုးလ်မြို့က လာတာပါ။ အီရတ်စစ်တပ်က အရာရှိအများအပြားနဲ့ နိုင်ငံ အုပ်ချုပ်သူတွေဟာလည်း မူဆိုးလ်ကလာတာပါ။ အီရတ်ရဲ့ ယဉ်ကျေးမှုနဲ့ အီရတ်ရဲ့ သမိုင်းမှာဆိုရင် မူဆိုးလ်ဟာ အရေးပါတဲ့ မြို့ပါပဲ” ဟု အမျိုးသားစာကြည့်တိုက်၏ ဒါရိုက်တာဖြစ်သူ ဆအာ့ဒ် အက်စ်ကန်ဒါက ပြောကြားခဲ့သည်။

    မူဆိုးလ်မြို့ပြတိုက်တွင် အဆိုပါ ရုပ်တုများအား ဖျက်ဆီးသည့် ဗီဒီယို မထုတ်ပြန်ခင် ရက်နည်းငယ်အရင်က ထိုအုပ်စုမှာ မူဆိုလ်းမြို့ရှိ စာကြည့်တိုက်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသေးသည်။

    အလ်-မွန်တာနာဘီလမ်းအနီးရှိ ယာယီဘဂ္ဂဒတ်ပြတိုက်တွင် စနေတနင်္ဂနွေနေ့များ၌ မိသားစုများက ပြတိုက်အတွင်းရှိ ခန်းမတွင် အက်ဆီရီယန်နှင့် ဆူမားရီးယန်း အနုပညာလက်ရာများ၏ အဖြူအမဲဓာတ်ပုံကိုသာ ကြည့်ရှုခွင့်ရကြသည်။

    ခါလ်ဒွန် ဆလ်မန်တစ်ယောက် မူဆိုးလ်တက္ကသိုလ်တွင် တက်ရောက်စဉ်က မူဆိုးလ်ပြတိုက်သို့ သွားရောက် လည်ပတ်လေ့ရှိခဲ့သည်။

    “စဉ်းစားလို့ မရနိုင်လောက်အောင်ပါပဲ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးနေတာပါ။ ကျွန်တော်တို့ရဲ့ သမိုင်းကို ဖျက်ဆီးနေတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    Source: Al Jazeera
    မိုးဝေ ဘာသာပြန်ဆိုသည်။

  • Facebook အသုံးပြုသူ မြန်မာများအကြား အမုန်းတရားအား တွန်းလှန်ရန် ဗုဒ္ဓ၏ အဆုံးအမကို Facebook သုံးမည်

    Facebook အသုံးပြုသူ မြန်မာများအကြား အမုန်းတရားအား တွန်းလှန်ရန် ဗုဒ္ဓ၏ အဆုံးအမကို Facebook သုံးမည်

    မတ် ၈ ၊ ၂၀၁၅
    M-Media
    Wirathu-Grab
    – မြန်မာနိုင်ငံမှာ နှစ်ငါးဆယ်ကြာမြင့်ခဲ့သည့် စစ်အာဏာရှင် အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်လာချိန်တွင် မြန်မာနိုင်ငံသားများ ကလည်း ဆိုရှယ်မီဒီယာများကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြပြီး အထူးသဖြင့် Facebook ဖြစ်သည်။ ထို Facebook အား မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်များလည်း သုံးစွဲကြလေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မွတ်စလင်ဆန့်ကျင်ရေး သမားများ၏ Facebook တွင် အကြမ်းဖက်ရန်လှုံဆော်မှု ပြဿနာကို Facebook က feature အသစ်များဖြင့် ဖြေရှင်းရန် ဆောင်ရွက်နေလေသည်။

    Facebook သုံးစွဲသူများအနေဖြင့် ပို့စ်တစ်ခုအား “I don’t like this post” ဟု ရွေးချယ်ပါက “Why don’t you want to see this” (ဒါကို ဘာလို့ မကြည့်ချင်တာလဲ) ဆိုသည့် ဘောက်စ်တစ်ခုကျလာပြီး ထိုအထဲတွင် “it’s annoying” (စိတ်ပျက်စရာကောင်းသည်) သို့မဟုတ် “it promotes violence” (အကြမ်းဖက်မှုကို လှုံ့ဆော်ပေးသည်) စသဖြင့် ရွေးချယ်နိုင်သည်။ မြန်မာမှ အသုံးပြုသူများအတွက်ကတော့  Facebook က ရွေးချယ်စရာအသစ်များ ထည့်ပေးထားပြီး “it’s a rumor or has false information” (ကောလဟာလသာဖြစ်သည်။ (သို့) အချက်အလက်မှားနေသည်) နှင့် “it disturbs social harmony” (လူထုသဟဇာတဖြစ်ရေးကို နှောက်ယှက်နေသည်) ဟူ၍ ဖြစ်သည်။ readwriter.com ၏ အဆိုအရ Facebook မှာ မြန်မာနိုင်ငံရှိ အမုန်းတရားများကို တွန်းလှန်ရန် ဒုတိယနည်းလမ်း တစ်ခု ရွေးချယ် ထားပြီး ထိုနည်းလမ်းက ဗုဒ္ဓ ၏ အဆုံးအမအား ပဲ့တင်ထပ်စေမည့် နည်းလမ်းဖြစ်သည်ဟုဆိုသည်။

    အဆိုပါ နည်းလမ်း၏ ခေါင်းစဉ်ကို “Product Manager For Compassion” အဖြစ် ပေးထားသည်ဟု အကောင်အထည်ဖော်မည့် ကီလီဝင်းတားက ဆိုလေသည်။ မြန်မာနိုင်ငံ၏ အခြေအနေတွင် Facebook အနေဖြင့် ဗုဒ္ဓဘာသာ လွှမ်းမိုးသော ဈေးကွက်အတွင်း ထိရောက်သော အသုံးအနှုန်းကို သုံးခြင်းလည်း ဖြစ်သည်။

    10450161_10203827843117608_4528614107977766129_n

    အဆိုပါ ရွေးချယ်မှုအသစ်များအပြင် Facebook မှာ ထိခိုက်နစ်နာစေသည့် ပို့စ်များအတွက် တိုင်ကြားခြင်း (Report လုပ်ခြင်း) လုပ်ငန်းစဉ်ကိုလည်း ချဲ့ထွင်ထားသည်။ နှုတ်စောင့်စည်းမှု အသားပေးခြင်းကိုလည်း ပေါင်းထည့်ထားပြီး လုပ်ကြံ သတင်းစာမျက်နှာကိုလည်း ပိတ်ပစ်ထားသည်။ ထို့ပြင် ကောလဟာလများကို အသုံးပြုသူများ မည်ကဲ့သို့ ခွဲခြားနိုင်သည်ကို ရှင်းလင်းထားသည်။

    Facebook မှာ မြန်မာနိုင်ငံမှ အသုံးပြုသူများအတွက် အထူး စတစ်ကာများကိုလည်း မိတ်ဆက်ပေးထားသည်။ ပို့စ်များတွင် အသုံးပြုနိုင်မည့် အဆိုပါ စတစ်ကာများတွင် “ငြိမ်းချမ်းစွာပြောပါ” “မမျှဝေခင် အရင်စဉ်းစားပါ” စသဖြင့် အပြုသဘောဆောင်သည့် စာတန်းများကို မြန်မာလို ရေးသားထားသည်။ ပြီးခဲ့သည့်လက ဖြန့်ချီခဲ့သည့် အဆိုပါစတစ်ကာများမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး စတစ်ကာများ ဖြစ်လာခဲ့သည်။

    ထိုကဲ့သို့ feature အသစ်များမှာ အကျိုးသက်ရောက်မှုရှိသည်ဟု facebook က ဆိုသည်။ အသုံးပြုသူများမှာ ထိခိုက်နစ်နာစေသည့် ပို့စ်များကို “it disturbs social harmony” (လူထုသဟဇာတဖြစ်ရေးကို နှောက်ယှက်နေသည်) ဟူသော စာတမ်းဖြင့် ပိုမိုတိုင်ကြားကြသည်ဟူ၏။

    Source:  Lion’s Roar

  • ရေးပန်းစားခြင်း မရှိသည့် ခေတ်သစ်၏ ပါဝါအရှိဆုံး မာဖီးယား

    ရေးပန်းစားခြင်း မရှိသည့် ခေတ်သစ်၏ ပါဝါအရှိဆုံး မာဖီးယား

    မတ် ၇ ၊ ၂၀၁၅
    M-Media
    4ba1d5b0a31a46e6a9aa1a6551c52d53_18
    – အီတလီတောင်ပိုင်း ကာလာဘရီယာ ဒေသတွင် အခြေစိုက်သည့် ‘Ndrangheta ရာဇ၀တ်ဂိုဏ်းမှာစစ္စလီကျွန်းတွင်း အခြေစိုက်သည့် Cosa Nostra ကဲ့သို့ နာမည်မကြီး။ သို့သော်လည်း Ndrangheta က ပို၍ ကြွယ်ဝပြီး ပိုအားကောင်းသည်။ ၎င်းတို့၏ လက်တံက ကာလာဘရီယာမှ ကိုလံဘီယာအထိ၊ ထိုမျှမကကမ္ဘာ့အရှေ့ခြမ်း သြစေတေးလျအထိ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ထားသည်။

    အီတလီတတ်သိပညာရှင်များအဖွဲ့ Demoskopika ၏ အဆိုအရ Ndrangheta ၏ လှုပ်ရှားမှုများမှ ရရှိသည့် အကျိုးအမြတ်မှာ ၂၀၁၃ ခုနှစ်တွင်ပင် ကန်ဒေါ်လာ ၆၀ ဘီလီယံရှိသည်ဟုဆိုပြီး ထိုပမာဏက McDonald’s နှင့် Deutsche Bank တို့ နှစ်ခုပေါင်း၏ အကျိုးအမြတ်ထက်ပင် ပိုများကာ အီတလီ GDP ၏ ၃ ရာခိုင်နှုန်းနီးပါး ရှိလေသည်။

    Ndrangheta အဖွဲ့က ဥရောပ ကိုကင်းဈေးကွက်လမ်းကြောင်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး အီတလီ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်နှင့် ဂျာမနီတို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်ဟု ယုံကြည်ရသည်။

    “Ndrangheta က တစ်ကမ္ဘာလုံးဖြန့်ကျက်ထားတဲ့ ရာဇ၀တ်မှုကွန်ယက်ရဲ့ အကောင်းဆုံး ဥပမာပါပဲ။ သူတို့ဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ဂျာမနီ၊ အမေရိကန်၊ သြစေတးလျ၊ ဘယ်လ်ဂျီယံ၊ ကိုလံဘီယာနဲ့ ပြင်သစ်နိုင်ငံတွေကို ဦးတည်ထွက်ခွာမယ့် ကာလာဘရီယန် ပြောင်းရွှေ့အခြေချသူတွေကို အောင်မြင်စွာ အသုံးချနိုင်ခဲ့ပါတယ်။ ပြီးတော့ အဆက်အသွယ်အသစ်တွေကို ဖန်တီးဖို့ သူတို့ဟာ မိသားစု ဆက်ဆံရေးကို အသုံးပြုပြီး သူတို့ရဲ့ လွှမ်းမိုးမှုကို ကမ္ဘာတစ်ဝှမ်းမှာ ဖြန့်ကျက်ပါတယ်” ဟု အဆိုပါ ရာဇ၀တ်အဖွဲ့ဆိုင်ရာ ကျွမ်းကျင်သူ အန်တိုနီယို နီကာဆိုက ပြောသည်။

    ပြန်ပေးမှသည့် ကိုကင်းအထိ
    ———————————-
    Ndrangheta အဖွဲ့၏ လှုပ်ရှားမှုများကို ၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များက စတင်ခဲ့ပြီး ပြန်ပေးငွေရရေး အတွက် ပြန်ပေးဆွဲမှုများကို အဓိကထားလုပ်သည်။

    “ဒါက ဒီရာဇ၀တ်အဖွဲ့အတွက် အရင်းအနှီးရစေပြီး ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းလောက်မှာ ကိုကင်းရောင်းဝယ်ရေးမှာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က Ndrangheta အတွက် ပထမဆုံး အလှည်အပြောင်းဖြစ်စေပြီး မူးယစ်ဈေးကွက်ရဲ့ အရေးပါတဲ့ အပြောင်းအလဲမှာ နားလည်မှုနဲ့ အသုံးချမှုတွေမှာ Cosa Nostra ထက် ပိုပြီး ခြေလှမ်းသွက်ခဲ့တယ်ဆိုတဲ့ သက်သေလည်းဖြစ်ပါတယ်” ဟု မီလန်မြို့ Statale တက္ကသိုလ် အုပ်စုဖွဲ့ရာဇ၀တ်မှုဆိုင်ရာ စူးစမ်းလေ့လာရေးဌာနမှ သုတေသနပညာရှင် အီလာရီယာ မေလီက ဆိုသည်။

    ထိုနည်းဗျူဟာကြောင့် Ndrangheta အဖွဲ့၏ ဘဏ္ဍာတိုက်ထဲသို့ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရောက်ရှိလာခဲ့လေသည်။

    “ဒီအချိန်မှာ ပြဿနာက သူတို့သုံးနိုင်တာထက်ပိုပြီး သူတို့မှာ ငွေသားတွေရှိနေတာပါ” ဟု စုံစမ်းစစ်ဆးမှုဆိုင်ရာ သတင်းထောက်ဖြစ်ပြီး ရာဇ၀တ်မှုအဖွဲ့များနှင့် ပတ်သက်၍ စာအုပ်ပေါင်းမြောက်များစွာကို ရေးသားခဲ့သူ ဂူဆက်ပီ ကာတိုဇဲလာက ပြောကြားခဲ့သည်။

    Ndrangheta အဖွဲ့အကြောင်း ရေးသားထားပြီး ပြီးခဲ့သည့်နှစ်က ထုတ်ဝေခဲ့သော ကာတိုဇဲလာ၏ Alveare စာအုပ်တွင် ထိုအဖွဲ့ဝင်နှစ်ဦး၏ ဖုန်းပြောဆိုမှုကို ကြားဖြတ်ဖမ်းယူထားမှုအား ထည့်သွင်းဖော်ပြခဲ့သည်။ တောတစ်ခုအတွင်းရှိ ပိုက်ဆံဝှက်ထားသောနေရာ၌ တူးနေသူတစ်ယောက်က အစိုပြန်မှုကြောင့် ငွေ သန်းနှင့်ချီ၍ ပျက်ဆီးသွားသည်ဟု အခြားတစ်ဦးအား အသိပေးနေသော ပြောဆိုမှုဖြစ်သည်။

    အသိပေးခံရသူ ပြန်ပြောသည်က “အဲဒါတွေကို လွှင့်ပစ်လိုက်ပေါ့ကွာ” ဟူ၍သာ ဖြစ်သည်။

    Ndrangheta အဖွဲ့ ထောင်တက်သွားခြင်းတွင် စစ္စလီယန် မာဖီးယားအဖွဲ့ Cosa Nostra ၏ မဟာဗျူဟာအမှားတစ်ခုကလည်း အထောက်အကူဖြစ်စေခဲ့သည်။
    6bebdd67c4c847bb9a10b3bcd0d887dc_18
    ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းတွင် Cosa Nostra မှာ အစိုးရအား ဆန့်ကျင်သည့် ပေါ်လစီကို စတင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မာဖီးယားဆန့်ကျင်သည့် တရားသူကြီးများဖြစ်သော ဂျီယိုဗာနီ ဖဲလ်ကိုနီနှင့် ပါအိုလို ဘောဆဲလ်လီနိုတို့ကို သတ်ပစ်လိုက်ပြီးနောက် အဆိုပါ ပေါ်လစီကို ထိပ်ဆုံးရောက်စေခဲ့သည်။

    ထို့နောက် အစိုးရက စစ္စလီကျွန်းတွင် စစ်တပ်ကိုချထားလိုက်ပြီး မာဖီးယားနှင့် ဆက်သွယ်သူများကို အကျဉ်းချထားနိုင်သည့် ဥပဒေသစ်တစ်ခုကိုလည်း ပြဌာန်းခဲ့သည်။

    “အဲဒီနှစ်တွေကတော့ စစ္စလီရဲ့ အပြင်ဘက်မှာ Cosa Nostra ရဲ့ အကျိုးစီးပွားတွေဟာ မရှုနိုင် မကယ်နိုင် ဖြစ်ခဲ့ရပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ သူတို့ရဲ့အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ မကြာသေးမီက DIA (အီတလီ ရာဇ၀တ်မှုဆန့်ကျင်ရေး အဖွဲ့) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်” ဟု မဲလီက ပြောကြားခဲ့သည်။

    အီတလီအာဏာပိုင်များနှင့် မီဒီယာများက စစ္စလီကျွန်းသားများပေါ်သို့ အာရုံရောက်နေသည့်အချိန်တွင် ကာလာဘရီယန်များက မြောက်ပိုင်းတွင် ၎င်းတို့၏ ကြွယ်ဝမှုကို ဖြည်းဖြည်းနှင့်မှန်မှန် ချဲ့ထွင်ခဲ့သည်။

    ၁၉၉၄ ခုနှစ်တွင် အဓိက မာဖီးယားဂိုဏ်းများမှ ခေါင်းဆောင် ၄ ဦးက Lake Como တွင်တွေ့ဆုံကာ မြောက်ပိုင်းရှိ ဈေးကွက်ကို ဖြိုခွဲရန် ဆွေးနွေးခဲ့ကြသည်ဟု ကာတော့ဇဲလာက ရှင်းပြခဲ့သည်။

    “Ndrangheta က ဒီဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရယူပိုင်ဆိုင်ထားပြီး ဆယ်စုနှစ် ၂ လောက်နဲ့ အာဏာ၊ လွှမ်းမိုးမှုတွေကို သူတို့ ရယူနိုင်ခဲ့တယ်ဆိုတဲ့ ရလဒ်ပါပဲ”

    အခွင့်အရေးများအား အမြတ်ထုတ်ပြီ
    —————————————–
    အီတလီမြောက်ပိုင်းတွင်ရှိသည့် မီလန်မြို့မှာ ဥရောပ၏ ကျန်ရှိဒေသများနှင့် ကီလိုမီတာ ရာချီအကွာတွင်သာ ရှိနေသည်။ ၂၀၀၀ ပြည့်နှစ်များတွင် ဖြစ်ပေါ်လာသည့် အခြေအနေများကို Ndrangheta က အသုံးချနိုင်ခဲ့သည်။

    စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးနောက် အီတလီအစိုးရက ၎င်ုးတို့၏ ရင်းမြစ်များကို အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေးအတွက် ပြောင်းလဲသုံးစွဲခဲ့ပြီး ထိုသို့ ဆောင်ရွက်ခြင်းက ကာလာဘရီယန်မှ ရာဇ၀တ်အဖွဲ့အစည်းကို ပိုမိုလွတ်မြောက်စေခဲ့သည်။

    ထိုဆယ်စုနှစ်နှောင်းပိုင်း ဥရောတောင်ပိုင်းတွင် ရိုက်ခတ်ခဲ့သည့် စီးပွားရေး အကြပ်အတည်းကလည်း ကာလာဘရီယန်အဖွဲ့ကို တရားမ၀င်အကျိုးအမြတ်လုပ်ငန်းများသို့ ပုံအော၍ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းဖြစ်စေခဲ့သည်။

    ဥရောပတောင်ပိုင်းတစ်ဝှမ်း ထောင်ပေါင်းများစွာသော ငွေသားများနှင့် ငွေပေါ်လွယ်သည့် လုပ်ငန်းများကို ရှာဖွေခြင်းနှင့်အတူ Ndrangheta အဖွဲ့၏ အဓိကပြဿနာက မည်သည့်နေရာတွင် ရင်းနှီးမြှုပ်နှံမှု ပြလုပ်ရမည်ဆိုခြင်းပင် ဖြစ်သည်။

    ထို့နောက်တွင်တော့ ကာလာဘရီယန် မာဖီးယားအနေဖြင့် နဒ်ရင်းတွင် အခြေစိုက်ရန် ဖြစ်လာခဲ့ပြီး အဖွဲ့ငယ်လေးများကို စတင်ဖွဲ့စည်းလေသည်။

    အဆိုပါ နဒ်ရင်းအဖွဲ့များက ကာလာဘရီယာမှသည် သြစတေးလျအထိ နေရာတိုင်းတွင် တည်ရှိကာ လှုပ်ရှားနေပြီး အဆိုပါ နဒ်ရင်းအဖွဲ့အားလုံးမှာ လိုကာလီ ဟုခေါ်သည့် အဖွဲ့တွင် ပါဝင်သည်ဟု ယုံကြည်ရသည်။ အဆိုပါ လိုကာလီအဖွဲ့မှာ ၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် မတူညီသော နဒ်ရင်းအဖွဲ့များအကြား ပူးပေါင်းဆေင်ရွက်စေမှုနှင့် ကြားဝင်ညှိနှိုင်းပေးမှုများကို ပြုလုပ်လေသည်။

    အဆိုပါ လိုကာလီအဖွဲ့၏ အထက်တွင်တော့ Il Crimine သို့မဟုတ် La Provincia အဖွဲ့ဟုခေါ်သည့် အဖွဲ့ရှိပြီး ထိုအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် လုပ်ငန်းများကို ဆောင်ရွက်သည်။ La Provincia အဖွဲ့မှာ ကာလာဘရီယာတွင် အခြေစိုက်ပြီး အဖွဲ့၏ ထိပ်တန်း ဆုံးဖြတ်ချက်များကို ချမှတ်ပေးလေသည်။

    La Provincia အဖွဲ့ဝင်များမှာ တစ်နှစ်လျှင်တစ်ကြိမ်  သြဂုတ်လနှောင်းပိုင်း၌ တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည့် ပိုလ်စီတွင် တွေ့ဆုံသည်။ ထိုနေရာတွင် အခမ်အနားကျင်းပကြပြီး လာမည့်နှစ်အတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။

    ကာလာဘရီယာအပြင်ဘက်တွင် လှုပ်ရှားသော နဒ်ရင်းနှင့် လိုကာလီအဖွဲ့များမှာ ကာလာဘရီရှိ နဒ်ရင်းနှင့် လိုကာလီအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု ယုံကြည်ရသည်။ ဥပမာအားဖြင့် သြစတေးလျအနောက်ပိုင်း စတာလင်ရှိ လိုကာလီအဖွဲ့မှာ ကာလာဘရီရှိ လိုကာလီအဖွဲ့မှလာသော အမိန့်အောက်တွင် လှုပ်ရှားရသည်ဟု စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

    တည်ဆောက်ပုံမှာ အစဉ်လိုက်ရှိနေသော်လည်း စီးပွားရေးဆောင်ရွက်ရာတွင်တော့ လိုကာလီက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အာဏာကို ပိုရသည်။

    သို့သော်လည်း  Ndrangheta ၏ အဖွဲ့အဆင့်ဆင့် တည်ဆောက်မှုပုံစံကို ညှိနှိုင်းပြောင်းလဲ၍ မရ။

    လွန်ဘာဒီဒေသ  Ndrangheta အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကာမယ်လို နိုဗဲလ်လာက လွတ်လွတ်လပ်လပ် လှုပ်ရှားရန် ကြိုးစားသည့်အခါ ၂၀၀၈ ခုနှစ်တွင် ကာလာဘရီယာမှ  Ndrangheta  ခေါင်းဆောင်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

    အီတလီ၏ ပြဿနာသာမဟုတ်
    ————————————–
    ယခင်က Ndrangheta အဖွဲ့မှာ အီတလီနှင့် ဥရောပ အာဏာပိုင်များ၏ စောင့်ကြည့်မှုအောက်တွင် လှုပ်ရှားနိုင်ခြင်းမှ အကျိုးအမြတ်များ ဖြစ်ထွန်းခဲ့သည်။ သို့သော်လည်း ၂၀၁၀ ခုနှစ် ရောက်သည့်အခါ ထိုအချိန်က မီလန်အုပ်ချုပ်ရေးမှူး လက်တီဇီယာ မိုရက်တီက နှစ်ပေါင်း ၃၀ ကြာ ရှိနေခဲ့သော ရာဇ၀တ်အဖွဲ့များအား မြို့အတွင်းလှုပ်ရှားခြင်းကို ငြင်းပယ်ခဲ့သည်။

    “အီတလီမြောက်ပိုင်းမှာ အစီအစဉ်တကျ ကျူးလွန်ကြတဲ့ ရာဇ၀တ်မှုဟာ တောင်ပိုင်းပြဿနာအဖြစ် ရှိနေပြီး ဥရောပမြောက်ပိုင်းမှာတော့ အီတလီပြဿနာအဖြစ် ရှိနေပါတယ်” ဟု မဲလီက ဆိုသည်။

    ၂၀၀၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဒူစ်ဘာ့ဂ်မြို့တွင်ဖြစ်ပွားသည့် သေနတ်ဖြင့်ပစ်ခတ်မှုက  Ndrangheta အဖွဲ့နှင့် ဆက်စပ်နေပြီး ဂျာမနီနှင့် ဥရောပအာဏာပိုင်များက အီတလီအပြင်ဘက်တွင် ကာလာဘရီယန် ရာဇ၀တ်အဖွဲ့ တည်ရှိနေခြင်းနှင့်ပတ်သက်၍ စတင်စုံစမ်းခဲ့သည်။

    မာဖီယားအဖွဲ့များနှင့် ပတ်သက်၍ ဥရောပ၏ ဥပဒေစနစ်များအကြား ကွဲလွဲမှုများက  Ndrangheta ကဲ့သို့ အဖွဲ့များကို တွန်းလှန်ရာတွင် ကြုံတွေ့ရသော အဓိကအခက်အခဲများမှ တစ်ခုဖြစ်နေသည်။

    ၁၉၉၄ ခုနှစ်တွင် မာဖီးယားအဖွဲ့များနှင့် ဆက်ဆံမှုကို ရာဇ၀တ်မှုအဖြစ် အီတလီက သတ်မှတ်ထားသည်။ သို့သော်လည်း ထိုကဲ့သို့သော ဥပဒေအမျိုး အခြားဥရောပနိုင်ငံများတွင် မရှိ။

    အကယ်၍ ဥပမာအားဖြင့် မာဖီးယားသံသယရှိသူကို ဖမ်းဆီးရန်အတွက် အီတလီရဲတပ်ဖွဲ့က အိမ်နီးချင်းနိုင်ငံရှိ ရဲတပ်ဖွဲ့သို့ တောင်းဆိုမည်ဆိုလျှင် ထိုရဲတပ်ဖွဲ့က တရားဝင်ဖမ်းဆီးခွင့်မရှိ။

    “Ndrangheta အဖွဲ့ဟာ ဥရောပရဲ့ ပြဿနာလို့ လက်ခံဖို့ စိတ်ဆန္ဒ သိပ်မရှိကြပါဘူး” ဟု မဲလီက ဆိုသည်။

    Ndrangheta အဖွဲ့အနေဖြင့် အာဏာပိုင်များ၏ သတိထားမှုကို ကြာကြာရှောင်ရှားနိုင်မည်မဟုတ်။ သို့သော်လည်း အီတလီအပြင်ဘက် ထိုအဖွဲ့၏ ချဲ့ထွင်မှုကို ဟန့်တားရန်ဆိုလျှင် ဥရောပတစ်ဝှမ်းရှိ အာဏာပိုင်များက တစ်ဦးနှင်တစ်ဦး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ဆိုကြလေသည်။

    “Ndrangheta ဟာ ကမ္ဘာလုံးဆိုင်ရာအဖွဲ့ ဖြစ်လာခဲ့ပါပြီ။ (ဒါပေမယ့်) ဒီအဖွဲ့ကို တွန်းလှန်ဖို့ နည်းလမ်းတွေကတော့ အမျိုးသားရေးအဖြစ် ဆက်ရှိနေပါတယ်။ ဒါဟာ အလျင်အမြန် ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာပါပဲ”

    နီကာဆိုက နိဂုံးချုပ်ခဲ့လေသည်။

    Source: Al Jazeera

    လေးမောင် ဘာသာပြန်သည်။