News @ M-Media

Author: M-Media

  • မေ-၂၈၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    မေ-၂၈၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    မေ-၂၈၊၂၀၁၃
    M-Media

    တရုတ်နိုင်ငံမှ ဟက်ကာများ အမေရိကန် လက်နက် နည်းပညာများကို ဖောက်ထွင်း ရယူခဲ့

    ကာကွယ်ရေး အစီရင်ခံစာတစ်ခုအရ တိုက်လေယာဉ် ၊ စစ်သင်္ဘော၊ နှင့် ဒုံးပျံ နည်းပညာများ စသည့် အဆင့်မြင့် စစ်ဘက် နည်းပညာ နှစ်ဒါဇင် ကျော်ကို တရုတ်နိုင်ငံမှ ဟတ်ကာများ ရယူသွားနိုင်ခဲ့သည် ဟုဆိုသည်။
    Read More=> http://www.reuters.com/article/2013/05/28/us-usa-china-hacking-idUSBRE94R02720130528

    ————————
    လွှတ်တော် အမတ် မက်ကိန်း ဆီးရီးယား သူပုန်များနှင့် တွေ့ဆုံခဲ့

    တနင်္လာနေ့က ထိုတွေ့ဆုံမှုနှင့်ပါတ်သတ်၍ အသေးကို ထုတ်ဖေါ် ပြောကြားခြင်း မရှိပေ။ အသက်ပေါင်း ရှစ်သောင်းကျော် သေဆုံးခဲ့ပြီဖြစ်သော ပြည်တွင်းစစ်ကို ဝါရှင်တန်က ပါဝင် ဖြေရှင်းရန် ဖိအားပေးနိုင်ချေ ရှိသည်။
    Read More=>  http://news.yahoo.com/senator-mccain-met-rebels-syria-monday-spokesman-183001895.html

    ————————

    ဆီးရီးယား တိုက်ပွဲများတွင် ဓါတုလက်နက် သုံးစွဲမှုရှိ

    ဆီးရီးယား အစိုးရ တပ်ဖွဲ့များမှ သူပုန်များကို တိုက်ခိုက်ရာတွင် ဓါတုလက်နက် သုံးစွဲမှုရှိသည် ဟုဆိုသည်။ ဓါတုလက်နက် တိုက်ခိုက်မှုကြောင့် အသက်ရှုလမ်းကြောင်း ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
    Read More=>  http://news.yahoo.com/syria-fighting-rages-amid-reports-chemical-attacks-105151844.html

    ————————

    မွေးကင်းစ ကလေးငယ်အား အညစ်ကြေးစွန့် ပိုက်လိုင်းထဲမှ ကယ်ဆယ်ရရှိ

    မွေးဖွားပြီးနောက် စွန့်ပစ်ခံခဲ့ရသည့် မွေးကင်းစ ကလေးငယ်အား အညစ်ကြေးစွန့် ပိုက်လိုင်းထဲတွင် ပိတ်ဆို့ နေရာမှ ကယ်ဆယ်နိုင်ခဲ့သည့် သတင်းက လူမှုကွန်ယက် ဝဘ်ဆိုက်များတွင် ပြောဆိုမှုများ ပြန့်နှံ့ခဲ့သည်။
    http://news.yahoo.com/abandoned-chinese-baby-rescued-toilet-pipe-030817289.html

    ————————

    တရုတ်- အမေရိကန် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ရှိ

    အမျိုးသားလုံခြုံရေး အကြံပေး တွမ်ဒွန်နီလွန် သည် နောက်လတွင် တွေ့ဆုံရန်ရှိသော သမ္မတနှစ်ဦး၏ ဆွေးနွေပွဲ အကျို အဖြစ် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် လာရောက် ဆွေးနွေးခဲ့သည်။
    Read More=>  http://news.yahoo.com/china-us-official-promotes-military-ties-043158090.html

  • “ဘာသာပေါင်းစုံ ချစ်ကြည်ရေး ညီညွှတ်ရေး နှင့် လူမှုရေး သဟဇာတ ဖြစ်မှု” အခမ်းအနားကျင်းပ

    မေလ ၂၇၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ကုရ်အာန် အသိပညာ ပြန့်ပွားရေး အဖွဲ့မှ ကြီးမှူး ကျင်းပသော “ဘာသာပေါင်းစုံ ချစ်ကြည်ရေး ညီညွှတ်ရေး နှင့် လူမူရေး သဟဇာတ ဖြစ်မှု” အခမ်းအနားကို မေလ (၂၆)ရက်နေ့က မွန်းလွဲ (၁း၃၀)နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    P5260437
    အဆိုပါ အခမ်းအနားသို့ ဗဟိုဘဏ် ဒုဥက္ကဌ အလ်ဟဂ်ျ ဦးသန်းလွင်၊ ဗုဒ္ဓဘာသာမှ သွေးမေတ္တာ ပရဟိတ အသင်း နာယက ရွှေသံလျင် ဆရာတော် အရှင်မေဂိယ၊ ခရစ်ယာန် ဘာသာမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေး နာယက သိက္ခာတော်ရ ဒေါက်တာ စောမာဂေကြီး၊ သွေးမေတ္တာ ပရဟိတ အသင်းဥက္ကဌ ဆရာဦးမြတ်ကျော်၊ ကုရ်အာန် အသိပညာ ပြန့်ပွားရေး အဖွဲ့ ဥက္ကဌ မွဖ်သီ ဦးစန်းအောင် တို့မှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ဖိတ်ကြားထားသော ဘာသာပေါင်းစုံမှ ဧည့်ပရိသတ် (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

    အခမ်းအနားတွင် ဗဟိုဘဏ် ဒုဥက္ကဌ အလ်ဟဂ်ျ ဦးသန်းလွင်မှ ဆွေးနွေးပြောကြားရာတွင် “ ဘာသာ၊ လူမျိုး သဟဇတဖြစ်ဖို့ ဘာသာအစွဲ၊ လူမျိုး အစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ အတိတ်က အစွဲ ရှိနေသမျှ ကာလပတ်လုံး တိုင်းပြည်တိုးတက်ဖို့ ရာခိုင်နှုန်း တော်တော်နည်းမယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    P5260485ဗုဒ္ဓဘာသာမှ သွေးမေတ္တာ ပရဟိတ အသင်း နာယက ရွှေသံလျင် ဆရာတော် အရှင်မေဂိယ မှ ငြိမ်းချမ်းရေး ရှူဒေါင့်မှ သြ၀ါဒ စကားမြွတ်ကြားရာတွင် “ ဘာသာပေါင်းစုံ  ချစ်ကြည်ဖို့၊ ညီညွှတ်ဖို့ အတွက် အတူ လက်တွဲပြီး ငြိမ်းချမ်းရေးအတွက် ဘယ်လို တည်ဆောက်ကြမလဲ၊ ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သလို တခြား တခြားသော ဘာသာဝင်တွေမှာလည်း ဒီတရားကို လက်ခံ ကျင့်သုံးကြပါတယ်၊ အဲဒါကတော့ အခြား မဟုတ်ပါဘူး၊ မေတ္တာ တရားပါ၊ မကောင်းသော စိတ်ဟာ ဘယ်ဘာသာမဆို လောကရဲ့ ပျက်ဆီးခြင်းကို ဆိုးကျိုး ကိုခံစားရတယ် ၊ ဒီအခမ်းအနားကြီးဟာ မြန်မာနိုင်ငံမှာ ဘယ်ခေတ်ကမှ မပေါ်ဘူးသေးတဲ့ ဘာသာရေး အခမ်းအနားလို့ ပြောလို့ရပါတယ် ” ဟုထည့်သွင်းပြောကြားခဲ့သည်။

    သွေးမေတ္တာ ပရဟိတ အသင်းဥက္ကဌ ဆရာဦးမြတ်ကျော်မှ အမှာ စကားပြောကြားရာတွင်  “ ကျွန်တော်ဟာ၊ ကျွန်တော်တို့ သွေးမေတ္တာ ပရဟိတ အသင်းဟာ လောကပေါ်မှာ ရှိတဲ့ လူသား အားလုံးကို ကျွန်တော်တို့ အသင်းရဲ့ဆောင်ပုဒ်နဲ့ အညီ “ငါတို့ပြုသော ဤအမှုကိစ္စတို့သည်၊ ငါတို့ အတွက် မဟုတ်၊ ငါတို့ အမျိုးအတွက်လည်း မဟုတ်၊ ဖြူ၊မည်း(မသိ)၊ အနိမ့်၊ အမြင့် (မသိ)၊ တို၊ရှည် (မသိ) သက်ရှိအားလုံး အတွက်သာတည်း..” ဆိုပြီးတော့ ကျွန်တော်တို့ဟာ ဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီးတော့ လုပ်နေတာ ဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့ မျက်စိထဲမှာ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမ အောက်မှာ ရှိနေတဲ့ အတွက် အားလုံးကို လူလို့ ပဲမြင်ပါတယ်၊အတူတကွ ငြိမ်းချမ်းစွာ လက်တွဲရင်း ငြိမ်းချမ်းခြင်းရဲ့ အကျိုးရလာဒ်တွေကို ဖော်ဆောင်ကြပါစို့လို့ ကျွန်တော် လူသား အားလုံးကို တောင်းဆိုရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ကုရ်အာန် အသိပညာ ပြန့်ပွားရေး အဖွဲ့ ဥက္ကဌ  ဦးစန်းအောင် မှ အစ္စလာမ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် “ ကျွန်တော်ရဲ့ရှေ့မှာပြောကြားခဲ့သည့် ဘာသာရေးဆိုင်ရာ ဆရာတော်၊ ခေါင်းဆောင်တွေ အားလုံးရဲ့ တူညီတဲ့ အချက်က ကျွန်တော်တို့ တိုးတက် တည်ငြိမ်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ မဖြစ်မနေ အရေးကြီးဆုံးက ဘာသာဝင်အားလုံးဟာ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေး ဖြစ်တယ် ဆိုတာ ကျွန်တော်နားလည် သဘောပေါက်မိပါတယ်၊ ကျွန်တော်လိုပဲ ယနေ့ကြွရောက်လာကြတဲ့ သူတွေ အားလုံးလည်း သဘောပေါက်မှာ ဖြစ်ပါတယ်၊ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ မဖြစ်ပွားသေးခင်က အစ္စလာမ်နဲ့ ပတ်သပ်ပြီးတော့ လွဲမှားစွာ၊ စွပ်စွဲ ထွက်ပေါ်လာပါတယ်၊  ဒီလို စွပ်စွဲချက်တွေဟာ ပြဿနာဖြစ်ပွားလာအောင် တွန်းပို့ ပေးတဲ့ အဓိက အကြောင်းရင်းတွေပါ၊ တကယ့် တကယ်မှာ ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြားမှာ ဒီလို အခြေအနေတွေ မရှိခဲ့ပါဘူး၊ ဒီကောလဟာလတွေ၊ အထင် လွဲမှားတွေပေါ်မှာ ဖြစ်လာတဲ့ ပြဿနာတွေပါ၊ ဒီထက့် ချဲ့ထွင်လာပြီ ဆိုရင် အစ္စလာမ်မှာရှိတဲ့ အနေအထားတွေကို ဆွဲထုတ်ပြီး အခြားဘာသာဝင်တွေ မခံမရပ် ဖြစ်သွားအောင် လိမ်လည် လှည့်ဖြားလိုက်တဲ့ အခါ အမုန်းတရားတွေ ဖြစ်လာတယ်။

    ဒီကနေ့ မီဒီယာတွေမှာရေးနေကြတယ် မွတ်စလင်တိုင်းသည် အကြမ်းဖက် သမား မဟုတ်သော်လည်း အကြမ်းဖက်သမား တိုင်းသည် မွတ်စလင်များ ဖြစ်ကြသည် ဟု မီဒီယာတွေမှာ ကျွန်တော်တို့ တွေ့လာရပါတယ်၊ အဲတော့ ဘယ်ဘာသာဝင်မဆို ဆရာတော်ကြီးတွေ ပြောခဲ့တဲ့ အထဲမှာလည်း ပါပါတယ် မိမိဘာသာတရားရဲ့လမ်းညွှန်ချက်နှင့် အညီ အဆုံးအမတွေကို ကျောခိုင်းသွေဖီမယ်ဆိုရင် အကြမ်းဖက်သမားတစ်ဦး ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်၊ ဆိုလိုတာက ဘာသာတရား အားလုံးသည် အကြမ်းဖက်မူကို တားမြစ်တယ်၊ ဘယ်ဘာသာတရားရဲ့ ခေါင်းဆောင်ကမှ မင်းတို့ အကြမ်းဖက်ကြ၊ မင်းတို့ လူတွေ သတ်ကြ၊ မင်းတို့ အိမ်တွေ ဖျက်ဆီးကြ၊ ဘုရားကျောင်းတွေ ဖျက်ဆီးကြ လို့ မပြောပါဘူး၊ ဘာသာတရားတိုင်းက အမုန်း အာဃာတတွေကို တားမြစ်တယ်၊ ရန်ကို ရန်ခြင်း တုံ့နှင်းမူကို တားမြစ်ပါတယ်၊ ဒါကြောင့် ဘာသာတရားတွေရဲ့ အဆုံးအမတွေကို ကျောခိုင်းလိုက်မယ်ဆိုရင် အကြမ်းဖက်မူတွေက နေရာဝင်ယူလာပါလိမ့်မယ်။

    P5260545
    ကုရ်အာန် အသိပညာ ပြန့်ပွားရေး အဖွဲ့ ဥက္ကဌ ဦးစန်းအောင်

    အကြမ်းဖက်သမားတိုင်းက မွတ်စလင်များ ဖြစ်ကြသည် ဆိုလျှင် ကျွန်တော် မပြောချင်ဘဲနဲ့လည်း ပြောပါရစေ၊ ငြိမ်းချမ်းရေး ဗိသုကာ မဟာတမ ဂန္ဒီကို လုပ်ကြံသူဟာ မွတ်စလင် မဟုတ်ပါ၊ ရာဂျစ် ဂန္ဒီ အစရှိတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသူဟာ မွတ်စလင် မဟုတ်ပါ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့တဲ့ အကြမ်းဖက်သမားများဟာ မွတ်စလင် မဟုတ်ပါ၊ အစ္စရေး ၀န်ကြီးချုပ်ကို လုပ်ကြံသူများဟာ မွတ်စလင် မဟုတ်ပါ၊ ဗြိတိန်က အိုင်အာအေ လက်နက်ကိုင်အဖွဲ့များဟာ သည်များသည် မွတ်စလင် မဟုတ်ပါ၊ ဂျပန်မှ ရာကူဇာ ဂိုဏ်းသားများသည် မွတ်စလင် မဟုတ်ပါ၊ အမေရိကန် သမိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူ အားလုံးဟာ မွတ်စလင်ကကြီးပဲ လုပ်ခဲ့တာတွေ မဟုတ်ပါဘူး၊ ဒါပေမယ့် မွတ်စလင်များ အနက်မှ အပြစ်မဲ့သူ ပြည်သူများကို တန်ဆာခံပြုလုပ် အကြမ်းဖက်မူများလည်း ရှိပါတယ်၊ ဒါကို ကျွန်တော်တို့ ဘယ်လို ပြင်ဆင်မလဲ၊ ကျွန်တော်တို့က မဟုတ်ပါဘူးလို့ တစ်ဖက်ကို ငြင်းနေပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေ သိဖို့က ကိုယ်တွေကရော ဘာပြင်ရမလဲဆိုတာ အရေးကြီးလာပြီ ခုချိန်မှာ အတူတကွ ယှဉ်တွဲ နေထိုင်ဖို့ အတွက်ကို။

    နောက်တစ်ခု စွပ်စွဲချက်က ဗလီများသည် စစ်စခန်းများ ဖြစ်သည်၊ စစ်သင်တန်းများ လုပ်နေပါသည် လို့ပြောကြပါတယ်၊ အခု တက်ရောက်လာသူတွေမှာ မွတ်စလင်မဟုတ်သူ ဘာသာခြား ညီနောင်တွေ အများကြီး ပါပါတယ်၊ ကျွန်တော်တို့ ဗလီမှာကြည့်ပါ၊ ကြိုက်တဲ့ နေရာကို လွတ်လပ်စွာ သွားလာနိုင်ပြီး ကြည့်ပါ၊ ဘာစစ်စခန်းမှ မရှိပါဘူး၊ ဘာလက်နက်မှ မရှိပါဘူး၊ ဘာမြေအောက်ခန်းမှ မရှိပါဘူး၊ ဘာသာတရားတွေရဲ့ အင်မတန် ငြိမ်းချမ်းစွာ လူ့အဖွဲ့အစည်းကို အကျိုးပြုတဲ့ ကိစ္စတွေကို ဆောင်ရွက်တဲ့ နေရာနဲ့ စစ်သင်တန်းနဲ့ လားလားမှ မအပ်စပ်ပါဘူး လို့ တင်ပြချင်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    P5260560
    သွေးမေတ္တာ ပရဟိတ အသင်း နာယက ရွှေသံလျင်ဆရာတော် အရှင်မေဂိယ

    ဗုဒ္ဓဘာသာမှ သွေးမေတ္တာ ပရဟိတ အသင်း နာယက ရွှေသံလျင်ဆရာတော် အရှင်မေဂိယ မှ “ အကြမ်းဖက်တာဟာ ဘယ်ဘာသာကပဲ လုပ်လုပ် မကောင်းပါဘူး၊ ပထမဆုံး ကိုယ်ကိုကိုယ်လောင်စေတယ်၊ နောက်ကိုယ်လုပ်လိုက်တဲ့ သူတွေ အားလုံး အပေါ်မှာ ပူလောင်စေတယ်၊ ဒုက္ခရောက်စေတယ်၊ ဘယ်ဘုရားရှင်တိုင်းကမှ ဒီလိုအကြမ်းဖက်မူတွေကို လက်မခံပါဘူး၊ မေတ္တာ၊ ဂရုဏာ နဲ့ ငြိမ်းချမ်းမူနဲ့ပဲ ဒီကမ္ဘာလောကကြီးကို တည်ဆောက်စေချင်ပါတယ်၊ ဘယ်ဘာသာကပဲ အကြမ်းဖက်မူတွေကို လုပ်လုပ် ဦးဇင်းတို့ကတော့ ရှုံ့ချမှာပါပဲ၊ ကိုယ့်ဘာသာရဲ့ ဘာသာသာသနာ တိုးတက်အောင်သာ ကဏ္ဍတိုင်းကို တိုးတက်အောင် ဆောင်ရွက် သွားဖို့ပဲ လိုပါတယ်၊ အစ္စလာမ် ဘာသာဝင်တွေ ဆိုပေမယ့် မြန်မာမြေပုံပေါ်မှာ နေကြတဲ့ သူတွေဆိုတော့ အကုန်လုံးက ညီအကို မောင်နှမတွေပဲပေါ့၊

    အဲဒါကြောင့်မို့ တစ်ယောက်ရဲ့ အကျိုးစီးပွား ပျက်စီးသွားတယ် ဆိုရင်လည်း တစ်ယောက်က ခံစားရတာပါပဲ၊ အခုလို အစ္စလာမ်ဘာသာဝင်တွေ ဆင်းရဲ ဒုက္ခရောက်တယ်၊ အိုးအိမ် ပျက်ဆီး ဆုံးရှုံးတယ် ဆိုပေမယ့်လည်း ဦးဇင်းတို့ အကုန်လုံး စိတ်ဆင်းရဲ သောကရောက်ရတာပါပဲ၊ ဗုဒ္ဓဘာသာတွေ ဒီလို ဖြစ်ရင်လည်းပဲ အခြား ဘာသာတွေ သောက စိတ်ဆင်းရဲမူ ဖြစ်ကြမှာပဲလေ၊ အဲလိုမျိုး အပြန်အလှန် လေးစားမူတွေကို ယူပြီးတော့ ဦးဇင်းတို့ တည်ဆောက်မှ ဦးဇင်းတို့ မြန်မာနိုင်ငံကြီးက ရေရှည် တည်တံ့မှာဖြစ်တဲ့ အတွက် အဲဒါဟာ အင်မတန် အရေးကြီးပါတယ်၊ မေတ္တာတရား နဲ့တည်ဆောက်သွားရပါမယ်၊ သူလည်း သူဘာသာ တစ်မျိုး၊ ကိုယ်လည်း ကိုယ်ဘာသာတစ်မျိုး ဆိုရင် အခုလို နည်းနည်းလေး ထစ်ခနဲ ဆိုတာနဲ့ ဖြစ်ကြမှာပဲ၊ ဦးဇင်းတို့ကတော့ ငြိမ်းချမ်းရေး လိုလားတယ် ဒါကြောင့် ဘာသာပေါင်းစုံက အခုလိုပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားနဲ့အင်နဲ့ ဆောင်ရွက်မှသာ မြန်မာနိုင်ငံကြီး တည်ငြိမ်အေးချမ်းပြီး တိုးတက်မှာပါ၊ ဦးဇင်းတို့ ကိုယ့်ဘာသာ ကိုယ်သာသနာကို ကိုယ်လူမျိုးကို ပြောဆို ဆုံးမတဲ့ အခါ တနည်းအားဖြင့် ကိုယ့်အမျိုးကို ကိုယ်စောင့်တဲ့နေရာမှာ အခြား ဘာသာ သာသနာ ကိုတော့ မထိခိုက်အောင် ဦးဇင်းတို့က ပြောရမှာ ဖြစ်တယ်၊ ဗုဒ္ဓဘာသာ ရှု့ဒေါင့် လမ်းကြောင်းကနေပြီးတော့ ပြောဆို ဆုံးမ စည်းရုံးရမှာ ဖြစ်တယ်၊ အချို့က ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်ဆိုပေမယ့်လည်း ဘုန်းကြီးကျောင်း မရောက်တဲ့သူတွေလည်း အများကြီး ရှိတယ်လေ၊ အဲဒီ့ အခါကြတော့ ကိုယ့်ဘာသာ သာသနာရဲ့ ကျင့်ဝတ်တွေ၊ စည်းမျဉ်း စည်းကမ်းတွေကို မသိတဲ့ သူတွေလည်း အများကြီး ရှိတယ်၊ အဲဒီတော့ သံဃာတော်တွေ ဘက်ကလည်း တရားဟောကြားတဲ့ အခါမှာ ပုတုဇဉ် သဘာဝ အလျှောက်ပေါ့  အလွန်အကျူး ပြောမိတာ ရှိနိုင်ပါတယ်၊ အဲဒါတွေကို ဦးဇင်းတို့က ထိန်းသိမ်းပြီး ပြောရမှာ ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကား တစ်ခွန်းက အခြား ဘာသာတွေအတွက် မကောင်းဘူး ထိခိုက်စေတယ် ပဋိပက္ခ အသွင် ဆောင်စေတယ် ဆိုရင် သတိထားပြီးပြောရမှာ ဖြစ်ပါတယ် ” ဟု M-Media သို့ပြောကြားခဲ့သည်။

    P5260571
    ခရစ်ယာန် ဘာသာမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေး နာယက သိက္ခာတော်ရ ဒေါက်တာ စောမာဂေကြီး

    ခရစ်ယာန် ဘာသာမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေး နာယက သိက္ခာတော်ရ ဒေါက်တာ စောမာဂေကြီး မှလည်း “ဘာသာပေါင်းစုံမှာ ရှိကြတဲ့ နိုင်ငံသူ၊ နိုင်ငံသား အားလုံးဟာ ကိုယ့်ရဲ့ ဘာသာကို အမှန်တကယ် ကိုင်းရှိုင်းသလို အခြား ဘာသာများကို တကယ့် အမှန်တရားကို သိရှိမယ် ဆိုရင်တော့ တန်ဖိုးထားမှု၊ လေးစားမှု တိုးပွားလာပြီးတော့ တိုင်းပြည်အတွက် အင်အားကြီး ဖြစ်မယ်လို့ ဆရာအနေနဲ့ အလေးအနက် ယုံကြည်ပါတယ်၊ အဲဒါကြောင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ကြိုးစားပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ ဒီလို ပဋိပက္ခတွေ စတင်ဖြစ်ပေါ်လာဖို့ အတွက် စတင် လှုံဆော် သွေးဆောင်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်၊ ဆိုတော့ ဒီလို သွေးဆောင် လှုံဆော်သူတွေရဲ့ စကားကို နားမယောင်ဘဲနဲ့ တကယ့်ဘာသာတရားတွေရဲ့ သွန်သင်မူက ဘာလဲ ဆိုတာကို အမှန်တကယ် သိရှိပြီး လေ့လာထားမယ် ဆိုရင်တော့ လှုံဆော်မူတွေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်၊ ဒီလှုံဆော်မူတွေဟာလည်းပဲ ရှိဆဲပဲ ဖြစ်ပါတယ်၊ ဒါကို အင်မတန် သတိထားဖို့လိုပါတယ်၊ အိမ်နီးနားချင်း တွေရဲ့ ဘာသာတရားတွေကို လေ့လာဖို့ သူတို့နဲ့ နှီးနှောပြီး နီးနီးကပ်ကပ် အခုလို နေပြီးတော့ ဘာသာတရားရဲ့ မွန်မြတ်တဲ့ အမှန်တရားတွေကို အချင်းအချင်း ဖလှယ်ခြင်းအားဖြင့် ဒီပဋိပက္ခတွေ မဖြစ်လာဖို့ အတွက်က ကြိုတင်ပြီးတော့ တားဆီးနိုင်မှာ ဖြစ်ပါတယ်၊ ဒီလို ဒီလို အစီအစဉ်မျိုးကို မြန်မာပြည် အတိုင်းအတာမှာ များများ စီစဉ်ပေးဖို့ ကောင်းပါတယ် ” ဟု M-Media သို့ပြောသည်။

    P5260577
    ကုရ်အာန် အသိပညာ ပြန့်ပွားရေး အဖွဲ့မှ ဆရာဦးသန်းအောင်

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး ညီညွှတ်ရေး နှင့် လူမူရေး သဟဇာတ ဖြစ်မှု အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ကုရ်အာန် အသိပညာ ပြန့်ပွားရေး အဖွဲ့မှ ဆရာဦးသန်းအောင်မှ “ မြန်မာနိုင်ငံသား ဘာသာဝင် အချင်းချင်း တစ်ဦးနဲ့ တစ်ဦး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် ဘာသာတစ်ခုနဲ့ တစ်ခုကြား အပြန်အလှန် သိနားလည် သဘောပေါက်ထားမယ်၊ အပြန်အလှန် လေးစားမူ၊ ယုံကြည်မူတွေနဲ့ ငြိမ်းချမ်းတဲ့ လူ့ဘောင်ကြီးကို တည်ဆောက်နိုင်မယ်လို့ ယူဆမိတဲ့အတွက်ကြောင့် အခုလို အခမ်းအနား ကျင်းပရခြင်း ဖြစ်ပါတယ်၊ ဘာသာပေါင်းစုံ အသီးသီးကနေ ရပ်ကွက်ကျေးရွာ အလိုက် နိုင်ငံတော်အဆင့်အထိ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးနှင့် လူမူရေး သဟဇာတ ဖြစ်မှု၊ အပြန်အလှန်လေးစားမူနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မူတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံကြီးက ဒီထက့် ပိုပြီး လောကပါလ တရားတွေနဲ့ ညီတဲ့ ငြိမ်းချမ်းတဲ့ တိုင်းပြည် တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်၊ ဒီ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မူတွေကို ပြန်ကြည့်မယ်ဆိုရင် နားလည်မူ လွဲမှား သွားကြတဲ့ အပေါ်မှာ လူတွေက အသိမဲ့ ပါဝင်သွားကြတဲ့ သူတွေက များပါတယ်၊ တကယ်တော့ အားလုံးက ငြိမ်းချမ်းရေးကို လိုလားကြသူတွေ ဆိုတာကို အကြမ်းဖက်မူတွေ ဖြစ်ပြီးတဲ့နောက်မှာ သုံး၊လေးရက် တစ်ပတ်ကြာတဲ့ အခါမှာ ကိုယ့်အရပ် ကိုယ့်ဒေသက လူတွေ အားလုံးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြတာကို တွေ့နေရပါတယ်၊ ဒီလိုမျိုး ဘာသာပေါင်းစုံက ညီနောင်တွေနဲ့ အခုလိုမျိုး ဆက်လက်ပြီး လက်တွဲပြီးတော့ မြန်မာနိုင်ငံ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမို ကရေစီနိုင်ငံ ဖြစ်ဖို့အတွက် တတတ်တအား ပါဝင်ပြီးတော့ လူသား အကျိုးပြု လုပ်ငန်းတွေကို စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်” ဟု M-Media သို့ပြောသည်။

    P5260579
    ကျင်းပရေး ကော်မတီ ၀င်များထဲမှ ဒေါ်သိန်းသိန်းစိုးနှင့်ဒေါ်သိန်းခင်

    အခမ်းအနား ကျင်းပရေး ကော်မတီ ၀င်များထဲမှ ဒေါ်သိန်းသိန်းစိုးနှင့်ဒေါ်သိန်းခင် တို့မှလည်း “အခုလို ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင်နဲ့ အခုလို ကြားနာရတဲ့ အတွက် အရမ်းဝမ်းသာတယ်၊ အရမ်းထူးထူး ခြားခြားပဲ ၀မ်းသာတယ်၊ ဒီအသက်အရွယ်ရောက်မှ ဒီလို အခမ်းအနားမျိုးကို ပထမဦးဆုံး အကြိမ် ကြုံတွေ့ရတာပါ ဒီလိုမျိုး ချစ်ခင်သွားပါစေလို့လည်း ဆုတောင်းပါတယ်၊ ဒီလိုမျိုး ဘာသာပေါင်းစုံ ပေါင်းစုံ ဟောပြောပွဲတွေကို မြို့တိုင်း၊ ရွာတိုင်းမှာ ပြုလုပ်မယ်ဆိုရင်တော့ အရမ်းပဲကောင်းပါတယ်လို့ အကြံပေးချင်ပါတယ်” ဟု M-Media သို့ပြောသည်။

    တက်ရောက်လာသူများထဲမှ ဆရာဦးဇော်အောင်မှလည်း “ အခုလို ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနားတွေ များများ လုပ်ပေးသင့်ပါတယ်၊ အခုလို အခြား ဘာသာဝင် ပြည်သူတွေကို အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီး အထင်မြင် လွဲမှားမူတွေကို ရှင်းလင်းတင်ပြလိုက်ခြင်း အားဖြင့် ဘာအကျိုးတွေရလာလည်းဆိုရင် အမြင်ရှင်းလာပြီး သံသယတွေပျောက်သွားမှာ ဖြစ်ပါတယ်၊ ဒီလို အထင်လွဲမှုတွေ၊ သံသယတွေ၊ မုန်းတီးမှုတွေ မရှိတော့ရင် ပြဿနာတွေ ဖန်တီးသူတွေက ဘယ်လောက်ပဲ လှုံဆော် လှုံဆော် ပြဿနာတွေ ထပ်ဖြစ်ပွားမှာ မဟုတ်ပါဘူး၊ ဒီလို ဗလီထဲမှာ ဘာသာပေါင်းစုံပွဲ ပြုလုပ်ကျင်းပမူတွေ အပေါ်မှာ အမျှော်မြင် နည်းပါးသူတွေ၊ ရေရှည် မမြင်နိုင်သူတွေကတော့ ဝေဖန်ကြမှာပါပဲ ” ဟု M-Media သို့ ပြောသည်။

    တက်ရောက်လာသူများထဲမှ ဗုဒ္ဓဘာသာဝင် ရုပ်ရှင်သရုပ်ဆောင် မမိုခမ်းမှလည်း“ ဒီလိုပွဲမျိုးလေးတွေကို နေရာတိုင်းမှာ လုပ်စေချင်ပါတယ်၊ ဗလီတွေ၊ ပြီးတော့ ကျွန်မတို့ရဲ့ ဓမ္မာရုံတွေမှာလည်း လုပ်စေချင်ပါတယ်၊ ဒီလိုမျိုး များများ လုပ်ဖြစ်လေ ပိုပြီးတော့ မသိသေးတဲ့ သူတွေလည်း သိသွားတဲ့ သဘောပေါ့၊ လူအစုလေး သေးသေးလေးကနေ လူအများကြီးကို ဖွင့်ဟချက်တွေ သိစေချင်တယ်၊ ဒီလို ပွဲမျိုးလေးတွေကို အရမ်းလည်း သဘောကျပါတယ်၊ မသိနားမလည်တဲ့ အစွန်းရောက်တဲ့ သူတွေလည်း ရှိနေပါတယ်၊ အဲဒါကြောင့် နယ်တွေမှာလည်း ဒါမျိုးလေးတွေ လုပ်စေချင်ပါတယ်၊ ဒီလို မေတ္တာဓာတ်ခံ အဖွဲ့လေးတွေက ဟောပြောပွဲလေးတွေ ပြုလုပ်ပေးခြင်း ဖြင့် အစွန်းရောက်တဲ့ သူတွေလည်း သိသွား၊ နားလည် သွားရအောင်လို့လည်း အဲလိုမျိုး ကျွန်မအနေနဲ့ စည်းရုံး စေချင်ပါတယ်” ဟု M-Media သို့ပြောသည်။

  • အမေရိကန် တက်ဆက်တွင် သေနတ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

    မေ-၂၇၊၂၀၁၃

    M-Media

    အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်တွင် သေနတ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

    mbadakhsh20130527045930830

    အမေရိကန် ပြည်ထောင်စု တက်ဆက်ပြည်နယ်တွင်  အသက် ၂၃ နှစ် အရွယ် သေနတ်သမား တဦး ပစ်ခတ်မှုကြောင့်  လူတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားပါသည်။ မေလ ၂၆ ရက် တနင်္ဂနွေ မနက်စောစောပိုင်းတွင် သေနတ်သမားမှ ကားဖြင့် လှည့်ပတ်မောင်းပြီး လူမြင်ကွင်းနေများတွင်  လူအုပ်ဆီိသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်သမားကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုဖြင့် အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

    တက်ဆက် လူထုလုံခြုံရေး ဌာန၏ ထုတ်ပြန်ချက်များအရ ရဲတပ်ဖွဲဝင် များသည် အပစ်အခတ် ဖြစ်ပွားသည်ဟု သံသယရှိသော နေရာမှ လေ့ကျင့်ရေးသုံး ရိုင်ဖယ်တစ်လက်၊ တူမီးသေနတ် တစ်လက် နှင့် ရာချီသော ကျည်တောင့်များကို ရှာဖွေတွေ့ရှိခဲ့သည် ဟုသိရသည်။

    ပစ်ခတ်မှုများသည် Texas ၏ အချက်အချာ ဖြစ်သော  အေဒင်မြို့တွင် စတင်ဖြစ်ပွားခဲ့ပါသည်။

    Brady မြို့အနီးရှိ စတိုးဆိုင်တစ်ခု၏ အပြင်ဘက်ရှိ ကားပေါ်တွင် ထိုင်နေသော လူနှစ်ဦးအား သေနတ်သမားပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ပြီး နောက် သေနတ်သမားဟာ Eden မြို့သို့ကားဖြင့် ပြန်မောင်းကာ အခြားကားတစီးကို ပစ်ခတ်ခဲ့ရာ နောက်ထပ် လူတစ်ဦးကိုလည်း ဒဏ်ရာရရှိစေခဲ့ပါသည်။

    အခင်းဖြစ်ပွားရာတွင် သေဆုံသွားခဲ့သော သူမှာ အသက် (၄၁)နှစ် အရွယ် ရှိ Alicia Torres ဆိုသူဖြစ်ပြီး သူမအား ကားအတွင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပါသည်။

    အမေရိကန်ပြည်ထောင်စုတွင်  ဥပဒေပြုလွှတ်တော် အမတ်များမှာ သေနတ်များ ကိုင်ဆောင်မှုကို ပိုမိုထိန်းချုပ်နိုင်မည့် ဥပဒေပြင်ဆင်ပြောင်းလဲ ရေးအတွက် စဉ်းစားရန်ကို ငြင်းဆိုခဲ့ကြသည်။  ပြီးခဲ့သော ဒီဇင်ဘာလအတွင်း  Connecticut မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သော ကလေး အယောက် (၂၀)နှင့် လူကြီး (၇) ဦးသေဆုံးစေခဲ့သည့် သေနတ်ဖြင့် လူအစုလိုက်သတ်ဖြတ်မှု အပြီး သေနတ်ဝယ်ယူသူများအား ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုရန်ကိုပင် ငြင်းဆိုလိုက်သည့်အတွက် အမေရိကန် ပြည်ထောင်စု အတွင်း သေနတ် ပစ်ခတ်မှုများသည် လျော့ပါးသွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေပါသည်။

    အမေရိကန်နိုင်ငံတွင် နှစ်စဉ် လူပေါင်း သုံးသောင်းထက် မနည်းသည် သေနတ်ပစ်ခတ်မှု ခံရပြီး သေဆုံးနေပါသည်။

    University of Chicago Crime Lab နှင့် The Centers for Disease Control တို့အရ အမေရိကန်နိုင်ငံသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် သေနတ်အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၈၇ဦးရှိကာ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၁၈၃ဦး ခန့်ရှိကြောင်း သိရပါသည်။

    MFB/MFB

    Ref:Press TV

  • မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင့်ရှုတ်ချသည့် ဆန္ဒပြပွဲ နယူးကာဆယ်တွင် ပြုလုပ်

    မေ-၂၆၊၂၀၁၃

    M-Media

    မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင့်ရှုတ်ချသည့် ဆန္ဒပြပွဲ  နယူးကာဆယ်တွင် ပြုလုပ် ၊ ရာပေါင်းများစွာသော မွတ်စလင် မဟုတ်သည့် ဗြိတိန်ပြည်သူများ ပါဝင်
    UK Activists Rally Against Islamophobia

    လန်ဒန်တောင်ဘက် ၀ူးလ်ဝစ်ခ်ျဒေသ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း အစ္စလာမ် ဘာသာဝင်များနှင့် ဗလီဝတ် ကျောင်းတော်များအပေါ် တိုက်ခိုက်မှုများဖြစ်လာမည်ကို စိုးထိတ်ကြသည့် ရာပေါင်းများစွာသော ဗြိတိန်ပြည်သူများက အစ္စလာမ်ဘာသာ၊ အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်၍ မုန်းတီးမှုများဖြစ်ပေါ်လာစေရန် ဟောပြောချက်များကို ဆန့်ကျင်သော ဆန္ဒပြပွဲတစ်ခုကို နယူးကာဆယ်မြို့၌ ပြုလုပ်ခဲ့ကြသည်။

    “ကျနော်တို့ ဒီအရှေ့မြောက်ဘက်ဒေသမှာ နိုင်ငံရပ်ခြားက ပြောင်းရွှေ့အခြေချနေထိုင်မှု၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပက်သက်ပြီး ရှည်လျားတဲ့၊ ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့မြို့ရဲ့လမ်းမတွေပေါ်က လက်ယာစွန်းရောက် အဖွဲ့တွေကို တွန်းလှန်ဖို့ ကျနော်တို့ အမြဲ သတိရှိရပါလိမ့်မယ်။ လူမျိုရေးခွဲခြားမှု အလိုမရှိပါ။”ဟု ဆန္ဒပြပွဲတွင်University and College Union မှ ဆရာများနှင့် အတူပါဝင်ခဲ့သည့် ဗီရိုနီကာ ကီလင်(Veronica Killen) က Socialist Worker သတင်းစာသို့ ပြောကြားခဲ့သည်။

    ထိုဆန္ဒပြပွဲကို ဖက်ဆစ်ဝါဒဆန့်ကျင်ရေးအုပ်စု(Unite Against Fascism) မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်က ဗြိတိန်စစ်သားတစ်ဦး အသတ်ခံရပြီးနောက်ပိုင်း မွတ်စလင်များနှင့် ဗလီဝတ်ကျောင်းတော်များအား တိုက်ခိုက်ရန်ဆောင်ရွက်မှုများ မြင့်တက်လာခြင်းကို ဆန့်ကျင်ရှုတ်ချရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။

    ထိုကဲ့သို့အကြမ်းဖက်သတ်ဖြတ်မှုမှာ အစ္စလာမ်၏ သွန်သင်မှုများနှင့် ဆန့်ကျင်နေသောကြောင့် ဗြိတိန်မွတ်စလင်များမှလည်း ထိုလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

    ဒေသတွင်းရှိ Spice FM မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဆန်ဒီပ်(Sandeep) ကလည်း “ဒီလှိုဆန္ဒပြမှုဟာ သိပ်ကိုကောင်းပြီး ကျနော်တို့မြို့မှာ လိုအပ်နေတဲ့ အရာပါပဲ။” ဟု ပြောဆိုခဲ့သည်။

    ဖက်ဆစ်ဝါဒဆန့်ကျင်ရေး

    “English Defence League နဲ့ British National Party လို ဖက်ဆစ်အဖွဲ့အစည်းတွေက လီရစ်ဘီ အသတ်ခံရမှုကို အမြတ်ထုတ်ပြီး လူမျိုးရေးခွဲခြားမှုကို ပွဲထုတ်လာတာ၊ မွတ်စလင်တွေအားလုံးကို မုန်းတီးအောင်လုပ်လာတာ အဲဒီလို လုပ်ဆောင်မှုတွေကို ကျနော်တို့ ကန့်ကွက်ရှုတ်ချပါတယ်။” ဟု ဖက်ဆစ်ဝါဒဆန့်ကျင်ရေးအုပ်စု (Unite Against Fascism) မှ ၎င်းတို့၏ ၀က်ဘ်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

    မေလ ၂၇ ရက်နေ့တွင်လည်း ၀န်ကြီးချုပ်ရုံးရှေ့၌ မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုများကို ရှုတ်ချသည့် ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ရန် စီစဉ်ထားသည်။

    ထိုဆန္ဒပြပွဲကို Stop the War Coalition အဖွဲ့မှ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကုန်သွယ်ရေးလုပ်ငန်းစု၊ ဘာသာအသီးသီးမှ ကိုယ်စားလှယ်များ နှင့် လူမှုရေးအဖွဲ့များမှ ပါဝင်မည်ဖြစ်ကာဝူးလ်ဝစ်ခ်ျ အကြမ်းဖက်မှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် ဘာသာရေးမုန်းတီးမှုများနှင့် ပက်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်မည်ဖြစ်သည်။

    “အနုပညာ အသိုင်းအ၀ိုင်း၊ ဘာသာရေးအသိုင်းအ၀ိုင်း၊ ကုန်သွယ်လုပ်ငန်းအသိုင်းအ၀ိုင်းနဲ့ အခြား လူ့အဖွဲ့အစည်းတွေက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတွေနဲ့အတူ အစ္စလာမ်ကြောက်ရောဂါ ဘယ်နေရာမှာပဲပေါ်လာပေါ်လာ အခုရော နောင်ရော အမြဲတမ်း ကျနော်တို့အားလုံးက ဆန့်ကျင်သွားမှာပါ။” ဟု အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။

    EDL ဟုခေါ်သည့် လက်ယာစွန်းရောက်ပါတီမှာ ၂၀၀၉ ခုနှစ်က စတင်ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့အမည်ပေးခေါ်ဝေါ်သည့် “အစ္စလာမ့်မစ် အစွန်းရောက်ဝါဒ” ကို ဆန့်ကျင်သော ဆန္ဒပြပွဲမြောက်များစွာကို ပြုလုပ်ခဲ့သည်။

    ၂၀၁၀ ခုနှစ် နိုင်ဝဘာလက EDL ပါတီမှပြုလုပ်ခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှုမှာ အစွန်းရောက်ဝါဒကို မီးထိုးပေးပြီး ဗြိတိန်လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်မှုကို ထိခိုက်နိုင်သောကြောင့် ဗြိတိန်ရဲတပ်ဖွဲ့က EDL ပါတီအား သတိပေးခဲ့သည်။

    Ref:OnIslam

  • ကမ္ဘောဒီးယားနှင့် မြန်မာ ဘာသာရေးခေါင်းဆောင်များ အတွေ့အကြုံဆွေးနွေး ဖလှယ်နိုင်ရန် စီစဉ်

    IMG_20130410_155732
    Pray For Myanmar အဖွဲ့ရဲ့ ငြိမ်းချမ်းလှုပ်ရှားမှု စတေကာ ဆောင်ပုဒ်များ

    ရန်ကုန် – မေ ၂၇၊ ၂၀၁၃ (မော်ကွန်း)

    ကမ္ဘောဒီးယားနိုင်ငံမှ အစ္စလာမ်ဘာသာနှင် ဗုဒ္ဓဘာသာ ခေါင်းဆောင်များကို ဖိတ်ကြားကာ ၎င်းတို့နိုင်ငံတွင် မတူညီသည့် ဘာသာဝင်များ မည်သို့ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်ကို မြန်မာနိုင်ငံရှိ ဘာသာရေး ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးနိုင်ရန် လူငယ် ကွန်ယက်တစ်ခုဖြစ်သော Pray For Myanmar မှ စီစဉ်နေကြောင်း မော်ကွန်းမဂ္ဂဇင်းသို့ပြောသည်။

    ၎င်းတွေ့ဆုံပွဲကို ရန်ကုန်မြို့တွင် အမြန်ဆုံး ကျင်းပနိုင်ရန် စီစဉ်လျှက်ရှိပြီး အဓိကအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် မတူညီသည့်ဘာသာဝင်များ အကြား ပဋိပက္ခများ မဖြစ်ပွားအောင် ထိန်းသိမ်းပုံနှင့် မည်ကဲ့သို့ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်ကို ဆွေးနွေးကြမည်ဖြစ်သည်။

    “ကမ္ဘောဒီးယားမှာ မွတ်ဆလင်တွေလည်း အများစုရှိတယ်၊ ဗုဒ္ဓဘာသာဝင်တွေလည်းရှိတယ်၊ ကျွန်တော်တို့နိုင်ငံလိုမျိုးပဲ။ ဒါပေမဲ့ ဘာပြဿနာမရှိဘူး “ဟု Pray For Myanmar မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်း မှပြောသည်။

    မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးကာ နိုင်ငံတော် အဆင့် ဆွေးနွေးပွဲတစ်ခု ဖြစ်လာစေရန် စီစဉ်လျှက်ရှိနေသည်ဟု ကိုသက်ဆွေဝင်းကပြောသည်။

    Pray For Myanmar ကွန်ယက်သည် ဘာသာပေါင်းစုံမှ လူငယ်များနှင့် ဖွဲ့စည်းထားပြီး လူစည်ကား ရာနေရာများတွင် “လူမျိုးဘာသာ မခွဲခြားမြန်မာနိုင်ငံသား” ၊ “ကျွန်ုပ်ကြောင့် ဘာသာရေး လူမျိုးရေး ပဋိပက္ခမဖြစ်စေရ” စသောဆောင်ပုဒ်များ ရိုက်နှိပ်ထားသော စတေကာများနှင့် အင်္ကျီများ အခမဲ့ဖြန့်ဝေနေသော လူငယ်ကွန်ယက်ဖြစ်သည်။ ။

    source: Maw Kun Magazine