News @ M-Media
Author: M-Media
  • ဖိလစ်ပိုင်နိုင်ငံတွင် ကွန်မြူနစ် သူပုန်အဖွဲ့ တိုက်ခိုက်မှုကြောင့် ကွန်မန်ဒို တပ်ဖွဲ့ဝင်များသေဆုံး
    မေ-၂၇၊၂၀၁၃
    M-Media
    _67829495_philippines_allacapan_0513ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် ကွန်မြူနစ်သူပုန်များ၏ ဗုံးပေါက်ခွဲမှု နှင့် သေနတ်ပစ်ခတ်မှုကြောင့် ကွန်မန်ဒို ရဲတပ်သား ၇ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိအာဏာပိုင်များက ပြောကြားသည်။
    ဆေးပညာဆိုင်ရာစာမေးပွဲ ဖြေဆိုရန်သွားရာလမ်း၌ ယင်းကွန်မန်ဒိုများအား (New People’s Army) NPA အဖွဲ့ဝင်သူပုန်များက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    ကွန်မန်ဒိုများအား သယ်ဆောင်လာသော ယာဉ်ကို သူပုန်များက ဗုံးဖြင့် ဦးစွာဖောက်ခွဲခဲ့ပြီးနောက်၊ သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်၊ ကားအတွင်းရှိ အခြားကွန်မန်ဒို ၇ ဦးလည်း ဒဏ်ရာရရှိခဲ့သည် ဟု ရဲဖက်မှပြောကြားလိုက်သည်။
    (Manila) မနီလာမြို့၏မြောက်ပိုင်း ၄၀၀ ကီလိုမီတာ (၂၅၀ မိုင်)ဝေးသော အလာကာပန် (Allacapan) မြို့၌ ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
    သေဆုံးသူများသည် ပုန်ကန်မှုကာကွယ်ရေးအဖွဲ့ လက်ရွေးစင် ရဲတပ်သားများဖြစ်ကြသည်ဟု သတင်းမှ ပြောကြားခဲ့သည်။
    NPA သည် ကွန်မြူနစ် ပြည်နယ်တစ်ခု တရားဝင်ရရှိရန် တိုက်ပွဲဝင်ခဲ့သည်မှာ ဆယ်စုနှစ် ၄ ခု အထက် ရှိနေပြီဖြစ်သည်။
    ယခုနှစ်အစောပိုင်းတွင် ၄င်းတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပျက်သုဉ်းခဲ့ရကြောင်း၊ ယင်းအဖွဲ့ကို အမေရိကန် အစိုးရမှ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် စာရင်းသွင်းထားကြောင်း သိရသည်။
    Ref: BBC
  • အစ္စလာမ်ဘာသာဝင် အယောင်ဆောင်၍ အလှူငွေ လိမ်လည် ကောက်ခံသူ မန္တလေးမြို့ ဂျွန်းဗလီဝင်း အတွင်း၌ ဖမ်းဆီးရမိ
    မေလ-၂၉၊ ၂၀၁၃
    M-Media
    သုတ
    မန္တလေး ။         ။      အစ္စလာမ်ဘာသာဝင်တစ်ဦးအဖြစ် အယောင်ဆောင်၍ အလှူငွေ လိမ်လည်ကောက်ခံနေသူ တစ်ဦးအား ၈၂လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြားရှိ ဂျွန်းဝင်းအတွင်း၌ ယနေ့ ဖမ်းဆီးရမိသဖြင့် အမှတ်(၈)မြို့မရဲစခန်းသို့ ပို့ဆောင်ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
    amasjidinmandalay8ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဂျွန်းဗလီဝင်း အတွင်းနေထိုင်သူ ဂျွန်းဗလီ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
    “မွတ်စလင်မ်အယောင်ဆောင်တယ်ဆိုတာ ဒီလိုပါ။ အလှူငွေကောက်ခံတာကို သက်ဆိုင်ရာ အဖွဲ့တွေက တာဝန်ခံ ကဒ်ထုတ်ပေးတာရှိတယ်လေ။ အဲဒီကဒ် မှာက အလှူငွေကောက်ခံခွင့်လို မျိုး ထောက်ခံချက် ဆိုတာမျိုးလည်းပါတယ်လေ။ သူက အဲဒီကဒ်နဲ့ အလှူငွေလိုက်ကောက်နေတယ်။ ဒီကဒ်က တကယ်တမ်းတော့ အာလင်မ်(အစ္စလာမ်ဘာသာရေးဘွဲ့ရ ပညာရှင်) တွေကိုသာ ထုတ်ပေးတဲ့ကဒ်ပါ။ အဲဒီကဒ်နဲ့ အလှူငွေလိုက်ကောက်နေတော့ မသင်္ကာတာနဲ့ ခေါ်ယူပြီးမေးမြန်းကြတယ်။ သူ့နာမည်ကို မုဟမ္မဒ်အလီလို့ပြောတယ်။ သူ့ကို ဘာသာရေးစာကို ဖတ်ခိုင်းတော့ သူက မဖတ်နိုင်ဘူး။  ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကလည်း ဒါဟာ မဖြစ်သင့်ဘူး သက်ဆိုင်ရာ ပို့ပြီးဖြေရှင်းတာ အသင့်တော်ဆုံးဆိုပြီး စခန်းကို ပို့လိုက်ပါတယ်။ အမှတ်(၈) မြို့မ ရဲစခန်းကို ပို့လိုက်ပါတယ်။
    စခန်းမှာ သူ့ကို မေးတော့လည်း သူ့နာမည်ကို မုဟမ္မဒ်အလီလို့ပြောတယ်။ ကတ်ပြားထဲမှာတော့ မုဟမ္မဒ်ရှဖီးလို့ ရေးထားတယ်။ သူ့ကို မေးတဲ့အချိန်မှာလည်း ကွဲလွဲချက်တွေက အများကြီးပဲ။ သူက ဘာသာရေးပညာလည်း မတတ်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့က ဒီကိစ္စကို ရှုပ်ထွေးလာမှာလည်း စိုးတယ်။ ဒါကြောင့် ဥပဒေနဲ့အညီ ရှင်းတာကောင်းတယ်လို့ပဲ ယူဆပြီး စခန်းပို့လိုက်တာပါ။
    သူလာတာက ဟော်ကုန်းဝင်းထဲက လာတာလို့သိရပါတယ်။ သူ့နေရပ်လိပ်စာအတိအကျ သူပြောတာကတော့ သူ့နာမည်က ဇော်မင်းအောင်၊ အသက်က ၂၀-နှစ်၊ အဖေနာမည် ဦးသိန်းထွန်း၊ အမေနာမည်က ဒေါ်ချိုပါ။ နေတာက မကွေးတိုင်း၊ ချမ်းမြေသာယာကျေးရွာက မွတ်စလင်မ် သုဿာန်ထဲမှာနေတယ်လို့ ပြောတယ်။ သူက ကျပန်းလုပ်ငန်းလုပ်တယ်လို့ပြောပါတယ်။ သူ့ကို မေးမြန်းတဲ့အခါမှာ ဘာသာရေးစာပေ ကလိမာဟ်တောင် မသိဘူးဆိုတော့ ခက်ပါတယ်။ ကဒ်မှာတော့ မော်လ၀ီဘွဲ့ရလို့ ရေးထားတယ်။
    ဟုတ်ကဲ့ ပြောပါတယ်။ ဒီကတ်ကို သူ ဘယ်လိုရလဲဆိုတော့ ဟော်ကုန်းဝင်းထဲမှာ တည်းခိုခန်းတစ်ခုရှိတယ်။ အဲဒီမှာက အခုလိုအလှူငွေကောက်ခံသူတွေ အများစုတည်းကြတယ်။ အဲဒီမှာနေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကနေ သူ့ဓါတ်ပုံကို ကပ်ပြီး လုပ်ပေးလိုက်တာလို့ပြောပါတယ်။ သူလာတာကတော့ ကုရ်သာ (အင်္ကျီအရှည်) နဲ့ လာတာပါပဲ။
    ရန်ကုန်က မော်လ၀ီများအဖွဲ့ချုပ်ကို ကျွန်တော်တို့ ဖုန်းဆက်မေးတဲ့အခါ ဒီကဒ်ဟာ ဘာသာရေးအရ မော်လ၀ီများကိုသာ ထုတ်ပေးတာပါ။ သာမန်လူကိုထုတ်ပေးတာ မရှိဘူးလို့ မော်လ၀ီများအဖွဲ့ချုပ်က ဖြေကြားပါတယ်။
    သူ့မှာက မှတ်ပုံတင်လည်းမပါဘူး။ တစ်ခြား ဘာအထောက်အထားမှလည်းမပါဘူး။ ကျွန်တော်တို့ သူ့ကို ဘယ်လိုလုပ်ဝေခွဲလို့ရမလဲ။ ပြီးတော့ ကလိမာဟ် (အစ္စလာမ်ဘာသာဝင်များ မသိမဖြစ် သက်ဝင်ယုံကြည်ရသော ဝန်ခံချက်) တောင် လုံးဝ မဖတ်တတ်ဘူးဆိုတော့ ဘယ်လိုလုပ် မွတ်စလင်မ်လို့ ပြောလို့ရမလဲ။ မွတ်စလင်မ်မှန်ရင် ကလိမာဟ်တစ်ခုလောက်ကတော့ သူသိရမယ်။ ကလိမာဟ်တောင် မဖတ်တတ်တဲ့အပြင် ကုရ်သာဝတ်လာတယ်။ အိတ်တစ်လုံးပါတယ်။  ငွေ ၅၀၀၀ ပါတယ်။ ဆိုင်ကယ်တစ်စီးကိုလည်း ဟော်ကုန်းဝင်းထဲက ငှားလာတယ်လို့သိရတယ်။ အဲဒီ ဆိုင်ကယ်ကိုလည်း ရဲစခန်းမှာ လွှဲအပ်ခဲ့ပါတယ်။
    နောက်တစ်ခု သူယူလာတာရှိသေးတယ်။ ကျွန်တော်က ဒီ ဂျွန်းဗလီဆေးခန်းမှာလည်း တာဝန်ရှိသူတစ်ယောက်ပါ။ ကျွန်တော်တို့မှာက ဆင်းရဲသားတွေကို ဆေးကုသခွင့်စာအုပ် ထုတ်ပေးထားတာရှိပါတယ်။ မိုးညှင်းက အမျိုးသမီးတစ်ယောက်ကို ထုတ်ပေးထားတဲ့စာအုပ်လည်း သူ့ဆီမှာပါလာတယ်။ အဲဒါကို သူက အဲ့ဒီအမျိုးသမီးရဲ့ကိုယ်စားဆိုပြီး လာထုတ်တယ်။ ကျွန်တော်တို့ ဆေးခန်းမှာက ဆေးကုဖို့ တကယ်လိုအပ်တဲ့သူကို လိုအပ်တဲ့ဆေးဝါးကအစ ဆရာဝန်ထောက်ခံချက်ပါရင် ထုတ်ပေးတာ။ အဲဒါကိုပါ သူက ယူလာတဲ့အတွက် သူလိမ်လည်တာက ပေါ်လွင်နေတယ်။ သူ့မှာ မှတ်ပုံတင်ဘာညာ အထောက်အထားလည်း ပါမလာတော့ ကျွန်တော်က သူ့ကို စွပ်စွဲလို့ မရဘူး။ မှတ်ပုံတင်ပါမှ ကျွန်တော်တို့က သူဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်၊ မွတ်စလင်မ်ဖြစ်တယ်လို့ ပြောလို့ရမယ်လေ။
    အဲဒီအမျိုးသမီးရဲ့ စာအုပ်ကို သူရလာတာက ဆေးရုံအောက်ထပ်ကနေ သူ့ကို ပေးလိုက်တယ်လို့ပြောတယ်။ ဆေးရုံဆိုတာ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပြောတာပါ။ သူ့ဆီက ပြန်တွေ့ထားတဲ့ အထောက်အထားတွေကိုလည်း ကျွန်တော်ပို့ပေးပါမယ်။ အခုတော့ သူ့ကို ရဲစခန်းမှာ ပို့ထားလိုက်ပါပြီ။ ကျွန်တော်တို့ကတော့ တရားဥပဒေအရသာ ဖြေရှင်းလိုပါတယ်”လို့ M-Media ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
  • မေ-၂၉၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    မေ-၂၉၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    M-Media
    ရုရှမှ ဆီးရီးယားသို့ လေကြောင်းကာကွယ်ရေး လက်နက်များ ရောင်းချမည်
    ဆီးရီးယား ပြည်တွင်းစစ်ကို အခြားနိုင်ငံများမှ ကြားဝင်နိုင်သည့် အခြေအနေတွင် ရုရှမှ ဆီးရီးယားအစိုးရသို့ လေကြောင်းကာကွယ်ရေး ဒုံးလက်နက်များ ရောင်းချမည်ဟုကြေငြာခဲ့သည်။
    More=> http://abcnews.go.com/blogs/headlines/2013/05/russia-sending-air-defense-missiles-to-syria-to-deter-foreign-hot-heads/
    ဆိုယုစ် အာကာသယာဉ် နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်
    ရုရှအာကာသယာဉ် ဆိုယုစ်သည် မြေပြင်မှ ပစ်လွှတ်အပြီး ခြောက်နာရီ နီးပါး အကြာတွင် နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။ အာကာသယာဉ် ပေါ်တွင် အမေရိကန်၊ ရုရှနှင့် အီတလီမှ အာကာသ ယာဉ်မှုးများ လိုက်ပါသွားသည်။
    More=> http://abcnews.go.com/Technology/wireStory/american-russian-italian-blast-off-space-19274751
    Facebook မှ ‘hate speech’ များကို ပိုမို တားဆီးသွားရန် စီစဉ်လျှက်ရှိ
    ‘hate speech’ များကို လက်ရှိ တားဆီးပိတ်ပင်မှု နည်းလမ်းများ မှာထိရောက်ခြင်း မရှိသဖြင့် ဝေဖန်မှုများ ရှိလာသောကြောင့် ပိုမိုကောင်းမွန်သော နည်းသစ်များ မကြာမီ ရက်များအတွင်း စတင် အသုံးပြုသွားမည်ဟုဆိုသည်။
    More=> http://www.bbc.co.uk/news/technology-22701082
    နှစ်လေးရာကျော် အေးခဲနေသော အပင်ငယ်လေးများ ပြန်လည် ရှင်သန်လာ
    Alberta တက္ကသိုယ်မှ သုတေသန ပညာရှင်များသည် နှစ်ပေါင်းလေးရာကျော်က ရေခဲလွှာအောက်တွင် အေးခဲနေသော အပင်ပေါက်လေးများကို ဆက်လက် ရှင်သည်ရန် လုပ်နိုင်ခဲ့သည်။
    More=> http://www.bbc.co.uk/news/science-environment-22656239
  • လားရှိုးမှ အမျိုးသမီးကို မီးရှို့သူမှာ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန် ရောဂါစွဲကပ်နေသူဖြစ်
    မေ-၂၉၊၂၀၁၃
    M-Media
    သတင်း-KK
    လားရှိုးမှ အမျိုးသမီးကို မီးရှို့သူမှာ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန် ရောဂါစွဲကပ်နေသူဖြစ်ကြောင်း ဆေးမှတ်တမ်းများအရ သိရှိရ
    ယမန်နေ့က လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးအား မီးရှို့ခဲ့သူသည် ကျိုင်းတုံမြို့နေ ကိုနေ၀င်း ဆိုသူဖြစ်ပြီး။ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန်ရောဂါ စွဲကပ်နေသူဖြစ်ပါတယ်။ (အရက်ကြောင်) ခံစားနေရသူဖြစ်ပါတယ်။ ကိုနေ၀င်းအား ဆေးရုံမှ ဆေးစာ ထုတ်ပေးထားခြင်းခံရသူဖြစ်ပါတယ်။ ဆေးရုံမှထုတ်ပေးထားသော ဆေးစာအရ အရက်အလွန် အကျွံသောက်မှုကြောင့်ဖြစ်လာတဲ့ စိတ်ရောဂါဖြစ်ကြောင်း ပါရှိပါတယ်။
    ကိုနေ၀င်းဟာ ယခင်က လေယာဉ်ရုံးမှာ နှစ်အတန်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အရက် အလွန်အကျွံသောက်သုံးသူဖြစ်သဖြင့် ဆရာဝန်မှ အရက်မသောက်ရန် တားမြစ်ထားပါတယ်။  စိတ်ရောဂါကြောင့် အလုပ်ထွက်လိုက်ရတယ်လို့ သိရပါတယ်။ တစ်ခါတလေ သူ့ကို ကြိုးနဲ့တုပ်ထားရတဲ့အထိ စိတ်ရောဂါဖောက်ပြန်ဘူးကြောင်းနှင့် သူက တအားထိန်းရခက်တော့ သူ့ကို ခရီးမသွားဖို့ အလုပ်မလုပ်ဖို့ မကြာခဏ မိသားစုဝင်တွေက ပြောခဲ့ရတယ်ကြောင်း စုံစမ်းသိရှိရပါတယ်။
    “ဆေးစာအရတော့ အရက်ကြောင့်ဖြစ်တဲ့စိတ်ရောဂါ လို့ရောဂါနာမည် တတ်ထားတယ်။ ဆေးမှန်မှန် မသောက်ဘူး ဒါကြောင့် ရောဂါပြန်ပြန်ထတယ်။ စိတ်ရောဂါရဲ့ လက္ခဏာတွေထဲက အခြားသူတွေကသူ့ကို ဒုက္ခပေးလိမ့်မယ်လို့ထင်နေတဲ့အထင်မှားမူ (persecutory delusion) နဲ့ တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) ရှိတယ် လို့ရေးထားတယ်။ အဲဒီတခေါက်က ၅ ကြိမ်မြောက်ဆေးရုံတက်တာ၊ တာချီလိတ်ကို ဆိုင်ကယ်နဲ့ တယောက်ထဲသွားတာမှာ စိတ်ဖောက်လာပြီး နဲ့ Officerနဲ့ စကားများတယ်။ ရဲစခန်းရောက်တယ်။ အဲဒီကမှ တာချီလိတ်ဆေးရုံမှာ ၁၈၊၇၊၂၀၁၂ မှာတက်ပြီး စိတ်ငြိမ်ဆေးထိုးရတယ် လို့ရေးထားတယ်။ အဲဒီကမှ ကျိုင်းတုံဆေးရုံ ရောက်တာ။”လို့ ဆေးစာမှာ ရေးထားပါတယ်လို့ ဆရာဝန် တစ်ဦးမှ မှတ်ချက်ပြုလာပါတယ်။
    medical doc2 medical doc3
    medical doc medical doc4 medical doc5
  • လားရှိုးမြို့ နောက်ဆုံးအခြေအနေ (၃း၀၀ နာရီ)
    မေ-၂၉၊၂၀၁၃
    M-Media
    KK
    မနေ့ညက ဖျက်ဆီးခဲ့သော ဘူတာရပ်ကွက်ရှိ ဘူတာဗလီကိုလည်း ဒီနေ့မနက်ပိုင်းမှာ ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။ ဘူတာရပ်ကွက်ဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ရာရပ်ကွက်ဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သည့် မွတ်စလင်မ်များမှာလည်း လက်လုပ်လက်စားများသာ ဖြစ်ပါတယ်။
    21
    အကြမ်းဖက်သများ မီးရှို့ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော်အား မီးလောင်နေပုံ
    ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ facebook
    ဒီနေ့မနက်ပိုင်းမှာပဲ လားရှိုးမြို့ရှိ မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို အကြမ်းဖက်ဖျက်ဆီး တိုက်ခိုက်လုယက်ရန် ကြိုးစားမှုများ ဆက်လက်ရှိနေပါတယ်။ ၁၂-ရပ်ကွက်ကို မီးရှို့ရန်အတွက် အကြမ်းဖက်သမားများ ဆင်းလာကြသော်လည်း ရပ်ကွက်က ပြန်လည် ခုခံမယ့် အနေအထားရှိတာကြောင့် အကြမ်းဖက်သမားများ ပြန်လည်ထွက်ပြေးသွားကြပါတယ်။
    မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို လိုက်လံဖျက်ဆီးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှ စိုးရိမ်ထိတ်လန့်နေကြသော မွတ်စလင်မ်များဟာလည်း နီးစပ်ရာ အခြားနေရာများသို့ ပြောင်းရွေှ့နေထိုင်မှုများ ရှိနေကြပါတယ်။
    ဘုန်းကြီးကျောင်းအများစုရှိရာ ရပ်ကွက်(၄)တွင်နေထိုင်သော မွတ်စလင်မ်များသည်လည်း ရပ်ကွက်အတွင်း မနေထိုင်ရဲကြဘဲ အခြားနေရာများသို့ ပြောင်းရွှေ့နေကြပါတယ်။ ရပ်ကွက်အတွင်းတွင် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်စေရေးအတွက် ရပ်ကွက်မှ ၀ိုင်းဝန်း စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။
    ရပ်ကွက်(၇)ရှိ အောက်ဗလီကို အကြမ်းဖက်သမားများ လာရောက်ဖျက်ဆီးခဲ့သည့်အတွက် ယခုအခါ အောက်ဗလီလည်း ပျက်ဆီးသွားပြီဖြစ်ပါတယ်။ အောက်ဗလီကို အကြမ်းဖက်သမားများက စတင်မီးရှို့စဉ်တွင် မီးရှို့ပါက အခြားအိမ်များသို့လည်း မီးကူးစက်နိုင် မီးမရှို့ရန် ရပ်ကွက်မှ ပြောသည့်အတွက် ၀ိုင်းဝန်းရိုက်နှက် ဖျက်ဆီးလိုက်ကြပါတယ်။ ယခုအခါ စစ်တပ်ရောက်ရှိလာပြီး လုံခြုံရေးချထားပြီး အပျက်အစီးများကို စောင့်ကြည့်နေကြောင်း သိရပါတယ်။
    လားရှိုးမြို့မှာ လုံခြုံရေးချထားသော်လည်း လုံခြုံရေးမှ ရပ်ကွက်အတွင်း လုံခြုံရေးကို တာဝန်ယူမှုမရှိတာကြောင့် လားရှိုးမြို့ရှိ မွတ်စလင်မ်အားလုံး စိုးရိမ်ထိတ်လန့်နေပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများကို တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်းလည်း သိရှိရပါတယ်။
    ယမန်နေ့ညက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် စိတ်ဝေဒနာသည် တစ်ဦးဟု ယူဆရသူ ကိုနေဝင်းမှ မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် ရဲမှ ဖမ်းဆီးထားခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည့် အချိန်တွင် မီးရှို့မှုဖြစ်ပွားခဲ့ရာမှအစပြုကာ ဘာသာရေး အကြမ်းဖက်မှု အသွင် ကူးပြောင်းလာပြီး ယခုလို အကြမ်းဖက်မှု ကြီးထွားလာရခြင်းမှာ လားရှိုးမြို့ ရဲတပ်ဖွဲ့၏ တာဝန်မကင်းကြောင်းလည်း မြို့ခံတချို့က ပြောကြပါတယ်။
    ၂၀၁၂-ခု ဇွန်လတွင် ရခိုင်ပြည်နယ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လာရာ ၂၀၁၃-ခု မတ်လအတွင်း မိတ္ထီလာမြို့၊ ပဲခူတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းနှင့် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထိပါ ကူးစက် ပျံ့နှံ့လာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော်နေကြပါတယ်။
    ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပေါ်လာနေသည့်အတွက် မြို့နယ်အများစုတွင် ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့များဖွဲ့ပြီး အေးချမ်းသာယာအောင် ပြည်သူများမှ တစ်ဘက်တစ်လမ်းမှ ကြိုးစားဖန်တီးနေသော်လည်း အကြမ်းဖက်မှုဖြစ်ပွားစေရန် တမင်စနစ်တကျအကွက်ချစီစဉ်ပြီး လုပ်ဆောင်နေမှုများကြောင့်သာ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
    ဤအကြမ်းဖက်မှုများ ဖြစ်ပွားရာ ပြည်နယ် တိုင်းများသည် ၉၆၉ တရားပွဲပြုလုပ်ပြီးချိန်တိုင်းတွင် ဖြစ်ပွားလာခြင်း ဖြစ်သည်ကို လေ့လာသိရှိရသည့်အတွက် ၉၆၉ တရားပွဲများကို တားဆီးပြီး အကြမ်းဖက်သူများကို ထိရောက်စွာ အရေးယူသင့်နေပြီဖြစ်ကြောင်း ဗုဒ္ဓသာသနာကို လေးစားမြတ်နိုးစွာ လိုက်နာကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်များမှလည်း ပြောကြားမှုများ ရှိလာနေပါတယ်။
    ယခု နေ့လည်ပိုင်းအထိ လားရှိုးမြို့ အခြေအနေမှာ ငြိမ်သက်မှုမရှိဘဲ မွတ်စလင်မ်များမှာလည်း ကျီးလန့်စာစားနေနေကြရပါတယ်လို့ M-Media မှ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရပါတယ်။