News @ M-Media

Author: Ko Lay

  • သမ္မတသက်တမ်း ကန့်သတ်မှုကို တရုတ်က ပယ်ဖျက်ပြီး ရှီကျင့်ဖျင် ရာသက်ပန်သမ္မတ ဖြစ်လာမည်

    သမ္မတသက်တမ်း ကန့်သတ်မှုကို တရုတ်က ပယ်ဖျက်ပြီး ရှီကျင့်ဖျင် ရာသက်ပန်သမ္မတ ဖြစ်လာမည်

    မတ် ၁၁၊ ၂၀၁၈
    M-Media

    – သမ္မတနဲ့ ဒုတိယသမ္မတသက်တမ်း ကန့်သတ်ထားမှုကို တရုတ်လွှတ်တော်က ဒီကနေ့မှာ ပယ်ဖျက်လိုက်ပြီး လက်ရှိသမ္မတ ရှီကျင့်ဖျင် ရာသက်ပန် ရာထူးရယူရေး လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

    ဒီကနေ့ပြုလုပ်တဲ့ နှစ်ပတ်လည် အမျိုးသားပြည်သူ့ကွန်ဂရက်အတွင်း စုစုပေါင်းအမတ် ၂၉၆၃ ယောက်မှာ ၂၉၅၈ ဦးက သမ္မတသက်တမ်း ပယ်ဖျက်ရေးကို ထောက်ခံမဲပေးခဲ့တာ ဖြစ်ပါတယ်။ ကြားနေမဲ ၃ မဲ၊ ကန့်ကွက်မဲ ၂ မဲရှိခဲ့တယ်လို့ လွှတ်တော်က ကြေငြာခဲ့ပါတယ်။

    ကွန်မြူနစ်ပါတီကို တည်ထောင်တဲ့ မော်စီတုန်းရဲ့ တစ်ဦးတည်းအုပ်စိုးမှုအတွင်း အခြေအနေ မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ တိန့်ရှောင်ဖိန်က စုဖွဲ့အုပ်စိုးမှုစနစ်ကို ဖန်တီးပေးခဲ့တာပါ။

    ဒါပေမယ့် အခုအတည်ပြုမှုဟာ အရင် တစ်ဦးတည်းအုပ်စိုးမှုစနစ်ကို ပြန်လည်ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။

    အသက် ၆၄ နှစ်အရွယ် ရှီကျင့်ဖျင်ဟာ ၂၀၁၂ ခုနှစ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် သမ္မတတာဝန် ရယူခဲ့ပြီးတဲ့နောက်ပိုင်း အာဏာကို စုစည်းလာခဲ့တာ ဖြစ်ပါတယ်။

    တရုတ်သမ္မတတွေဟာ နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်းမှာ ရာထူးကနေ ဆင်းပေးရပြီး၊ အခြေခံဥပဒေက အဲဒီကန့်သတ်ချက်ကို ဒီကနေ့မှာ ပယ်ဖျက်လိုက်တာကြောင့် ၂၀၂၃ ခုနှစ်မှာ အနားယူရမယ့် ရှီကျင့်ဖျင်တစ်ယောက် ရာသက်ပန်သမ္မတအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

    သမ္မတသက်တမ်းကန့်သတ်မှုကို ပယ်ဖျက်တာအပြင် ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးသဘောထားကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းတာ၊ တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ ကွန်မြူနစ်ပါတီ ပိုမိုပါဝင်နိုင်ရေး လမ်းကြောင်းဖော်ပေးတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဒီကနေ့ လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • ကအ်ဘာကျောင်းတော်ရဲ့ ကစ္စ၀ါခြုံလွှာဖန်တီးရှင်က ဘယ်သူလဲ

    ကအ်ဘာကျောင်းတော်ရဲ့ ကစ္စ၀ါခြုံလွှာဖန်တီးရှင်က ဘယ်သူလဲ

    မတ် ၁၀၊ ၂၀၁၈
    M-Media

    – မွခ်တာရ် အေလင် ရှက်ဒါရ်ဟာ အစ္စလာမ်သာသနာရဲ့ အမြင့်မြတ်ဆုံး ၀တ်ကျောင်းတော်လို့ သတ်မှတ်ထားတဲ့ မက္ကာမြို့က ကအ်ဗာကျောင်းတော်ကို အုပ်ထားတဲ့ ‘ကစ္စ၀ါ’ ခေါ် ခြုံလွှာမှာ အာရဘီ စာပန်းချီတွေ ဖန်တီးပုံဖော်သူတစ်ယောက်ပါ။

    အရင်က စာပန်းချီပညာရှင် အဘ်ဒူလ်ရဟင်း ဘူခါရီ အသက် ၉၀ အရွယ် ၁၉၉၆ ခုနှစ်မှာ ကွယ်လွန်သွားပြီးနောက်ပိုင်း ရှက်ဒါရ်ဟာ ဒီတာဝန်ကို ရယူခဲ့တာဖြစ်ပါတယ်။

    ကအ်ဗာကျောင်းတော်တည်ရှိရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ စာပန်းချီသင်တန်းကျောင်းကို ရှက်ဒါရ်တစ်ယောက် ၁၉၇၈ ခုနှစ်မှာ တက်ရောက်ကာ ၂ နှစ်တာ လေ့လာဆည်းပူးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ လေးတန်းကျောင်းသားတစ်ယောက်ပါ။

    အနုပညာအထူးပြုနဲ့ ၀ိဇ္ဇာဘွဲ့ရပြီးနောက်ပိုင်းမှာ ရှက်ဒါရ်ဟာ Al-Qura တက္ကသိုလ်အပါအ၀င် နေရာတော်တော်များများမှာ နှစ် ၂၀ လောက် စာပန်းချီဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

    သူဟာ စာပန်းချီပညာရပ်မှာ မဟာဘွဲ့ရထားပြီး မက္ကာရဲ့ အတွေ့အကြုံအရင့်ဆုံး စာပန်းချီပညာရှင်လည်း ဖြစ်ပါတယ်။ စာပန်းချီရေးသားဖန်တီးမှုအပြင် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ကုရ်အာန်ကျမ်းတော်မြတ် အဌကထာဖွင့်ဆိုမှုကို သင်ကြားပေးနေပါတယ်။

    “ကျွန်တော့်ဆရာတစ်ပါးက ကစ္စ၀ါစက်ရုံမှာ ကျွန်တော် အလုပ်ရဖို့အတွက် ထောက်ခံချက်ပေးတယ်။ ၂၀၀၃ ခုနှစ်မှာ ကျွန်တော် စလုပ်ပါတယ်။ စာပန်းချီတွေ ကွန်ပျူတာနဲ့ပုံနှိပ်တာကို ကျွန်တော်က ပထမဆုံး စတင် ဆောင်ရွက်ခဲ့တာပါ။ ကအ်ဘာရဲ့ ကစ္စ၀ါခြုံလွှာမှာ မြင်နေရတဲ့ စာပန်းချီတွေအားလုံး ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး ဘူခါရီရဲ့ လက်ရာတွေပါပဲ။ ကျွန်တော်က နည်းနည်းပါးပါးလောက်မွမ်းမံတာ၊ ဘုရင်အဘ်ဒူလာနဲ့ ဘုရင်ဆလ်မန်တို့ရဲ့အမည် ရေးတာလောက်ပဲ လုပ်ပါတယ်။ ခြုံလွှာရဲ့ တစ်ချို့အစိတ်အပိုင်းတွေမှာ စာပန်းချီလက်ရာ သစ်တစ်ချို့ကိုလည်း ကျွန်တော် ထည့်သွင်းပါတယ်” လို့ ရှက်ဒါရ်က ပြောပါတယ်။

    ကစ္စ၀ါခြုံလွှာမှာ ရေးထိုးမယ့် ကုရ်အာန်ကျမ်းချက် စာပန်းချီတွေကို ကစ္စ၀ါစက်ရုံက ကြိုတင်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

    စာပန်းချီတွေကို လက်ရေးနဲ့ရေးသားကာ ကွန်ပျူတာထဲမှာ ထည့်သွင်းမွမ်းမံပြီး စက္ကူအကြည်နဲ့ ပရင့်ပြန်ထုတ်ရပါတယ်။ အဲဒီ ပြန်ထုတ်ထားတဲ့ စက္ကူအကြည်ကို ခြုံလွှာအပေါ်ထပ်ကာ ရက်ကန်းသမားတွေက ရွှေချည်၊ ငွေချည်တွေနဲ့ ဖောင်းကြွစာလုံးတွေအဖြစ် ပုံဖော်ရက်လုပ်ကြပါတယ်။

    သုံးစွဲပြီးသား စာပန်းချီပုံစံတွေကိုတော့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားပါတယ်။

    Ref: Alarabiya

  • မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများကို ရှုတ်ချသည့်အနေဖြင့် သီရိလင်္ကာ ရဟန်းတော်များ ချီတက်ဆန္ဒပြ

    မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများကို ရှုတ်ချသည့်အနေဖြင့် သီရိလင်္ကာ ရဟန်းတော်များ ချီတက်ဆန္ဒပြ

    မတ် ၁၀၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ ရာနဲ့ချီတဲ့ ဘုန်းတော်ကြီးတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ မနေ့က မြို့တော်ကိုလံဘိုမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

    ‘အမျိုးသားရဟန်းတော်များတပ်ဦး’ က ဦးဆောင်ကာ ဒီချီတက်ဆန္ဒပြမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ‘နိုင်ငံသားတွေအချင်းချင်း တိုက်ခိုက်မှုဟာ တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေတယ်’ လို့လည်း ရဟန်းတော်များအဖွဲ့က ပြောကြားခဲ့ပါတယ်။

    နိုင်ငံအလယ်ပိုင်းကန်ဒီမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး မွတ်စလင်တွေရဲ့ ဆိုင်တွေ၊ နေအိမ်တွေ၊ ဗလီဝတ်ကျောင်းတော်တွေ တော်တော်များများ ဖျက်ဆီး၊ မီးရှို့ခံခဲ့ရပါတယ်။

    ဒီလုပ်ရပ်တွေကို နိုင်ငံအတွင်းက အလယ်အလတ် ဗုဒ္ဓဘာသာခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အားကစားသမားတွေက ရှုတ်ချခဲ့ကြပြီး မနေ့က မွတ်စလင်တွေရဲ့ သောကြာနေ့ ၀တ်ပြုဆုတောင်းမှုအတွင်း ဗလီတွေကို ရဟန်းတော်တွေ၊ ဗုဒ္ဓဘာသာဝင်တွေက သွားရောက်ကာ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ကန်ဒီမြို့မှာတော့ မနေ့က အခြေအနေဟာ ငြိမ်သက်ခဲ့ပြီး သီရိလင်္ကာ စစ်တပ်ကလည်း တပ်ဖွဲ့ဝင်တွေတော်တော်များများ ချထားခဲ့ပါတယ်။

    သောကြာနေ့ မွတ်စလင်တွေရဲ့ ၀တ်ပြုဆုတောင်းမှုအတွင်းမှာလည်း နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေမှာ သီရိလင်္ကာအစိုးရက လုံခြုံရေးကို ထူထပ်စွာ ချပေးခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ စုစုပေါင်း လူ ၁၄၅ ဦးနဲ့ ပြဿနာဖြစ်အောင် အဓိကလှုံ့ဆော်သူ မွတ်စလင်ဆန့်ကျင်ရေးသမား အေမစ် ၀ီရဆင်ဟီကို ဖမ်းဆီးထားတယ်လို့ ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

    သီရိလင်္ကာစစ်တပ်အကြီးအကဲ မာဟက်ရှ် ဆီနာနာယာကီက ရဲတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှုတွေကို ရပ်ကြည့်နေခဲ့တယ်လို့ တိုက်ခိုက်ခံရသူတွေက ပြောကြားကြောင်း ဖွင့်ဟခဲ့ပါတယ်။

    “ဒီအခြေအနေ မှန်တယ်ဆိုရင်တော့ ၀မ်းနည်းစရာပါ။ လမ်းတွေမှာ စစ်သားတွေ ပိုရှိဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်ထားပြီး၊ တပ်ကူတွေပို့ကာ လုံခြုံရေးကိုခိုင်မာအောင် ဆောင်ရွက်ထားပါတယ်”

    ကန်ဒီမှာ အင်တာနက်လိုင်း ဖြတ်တောက်မှုကို မနေ့မှာ ပြန်ဖွင့်ပေးခဲ့ပေမယ့် Facebook အသုံးပြုမှုကိုတော့ နိုင်ငံတစ်ဝှမ်းမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ယူအေအီးအမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ခေါင်းဆောင်များ ချီးကျူး

    ယူအေအီးအမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ခေါင်းဆောင်များ ချီးကျူး

    မတ် ၉၊ ၂၀၁၈
    M-Media

    ဒူဘိုင်းအစိုးရ၀န်ထမ်း အမျိုးသမီးများနှင့်အတူ တွေ့ရသည့် ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွန်

    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးရဲ့ ဒူဘိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးက သူ့အစိုးရမှာ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပြီး၊ သူတို့တွေရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူရတယ်လို့ ပြောကြားလိုက်ပါတယ်။

    မနေ့ကကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများကို ဂုဏ်ပြုတဲ့အနေနဲ့ Twitter စာမျက်နှာမှာ ရေးသားရာမှာ ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွန်က ဒီလို ပြောဆိုခဲ့တာပါ။

    “ကျွန်တော့်အစိုးရရဲ့ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေပါ။ ဒီအတွက်၊ သူတို့ရဲ့ နေ့စဉ် ကြိုးပမ်းအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ သူတို့သာမရှိဘူးဆိုရင် ဒီကနေ့ ကျွန်တော်တို့ရှိနေတဲ့အဆင့်မျိုးကို ရောက်လာမှာ မဟုတ်ပါဘူး။ ၀န်ကြီးတိုင်း၊ အစိုးရတာဝန်ရှိသူတိုင်းဟာ ဒီအမျိုးသမီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဂုဏ်ယူမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ခင်ဗျားတို့ကြောင့် ယူအေအီးဟာ ကြီးကျယ်ခမ်းနားတဲ့နိုင်ငံ ဖြစ်လာတာပါ” လို့ ရေးသားခဲ့ပါတယ်။

    ယူအေအီးက အမျိုးသမီးတွေဟာ မျိုးဆက်သစ်တွေရဲ့ ဗိသုကာ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်၊ တိုင်းပြည်ကို ပြောင်းလဲနိုင်စွမ်းရှိသူတွေဖြစ်ပြီး သူတို့ရဲ့ စွမ်းအား၊ အိနြေ္ဒသိက္ခာနဲ့ သဒ္ဓါတရား ထက်သန်မှုတွေဟာ နှစ်စဉ်နဲ့အမျှ တိုးတက်နေမယ်လို့ မျှော်လင့်ကြောင်းလည်း အလ် မခ်တွန်က ပြောကြားခဲ့ပါတယ်။

    ယူအေအီး ဒုတိယကာကွယ်ရေးဦးစီးချုပ် အဘူဒါဘီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇာယဒ် အလ် နဟ်ယန်ကလည်း အမျိုးသမီးတွေဟာ နိုင်ငံရဲ့ နှလုံးသည်းပွတ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမျိုးသမီးများနေ့ဟာ ကျွန်တော်တို့အမိမြေက အမျိုးသမီးတွေရဲ့ ထူးခြားတဲ့အဆင့်အတန်းကို ထပ်မံမှတ်ကျောက်တင်ရမယ့် ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတစ်ခုပါ။ အမျိုးသမီးတွေဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ နှလုံးသား၊ အာဇာနည်တွေရဲ့ မိခင်၊ ဖွံ့ဖြိုးတိုးတက်မှုရဲ့ မိတ်ဖက်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ တည်ရှိမှုက ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောတဲ့အနာဂတ်ကို ချီတက်ရာမှာ အင်အားတွေဖြစ်ပါတယ်”

    Ref: Khaleej Times

  • နိုင်ငံအတွင်း ဘာသာရေးလွတ်လပ်ခွင့် မြှင့်တင်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ကတိပြု

    နိုင်ငံအတွင်း ဘာသာရေးလွတ်လပ်ခွင့် မြှင့်တင်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ကတိပြု

    မတ် ၉၊ ၂၀၁၈
    M-Media

    ယူကေကို ရောက်ရှိနေတဲ့ မိုဟာမက် ဘင် ဆလ်မန်ဟာ ဘုန်းတော်ကြီး ဂျက်စတင် ၀ီလ်ဘီနဲ့ လမ်ဘက်သ်နန်းတော်မှာ မနေ့က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    – နိုင်ငံအတွင်းမှာ ဘာသာရေးလွတ်လပ်ခွင့်ကို မြှင့်တင်ပေးမယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ကန်တာဘူရီ ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ကတိပြု ပြောကြားလိုက်ပါတယ်။

    ယူကေကို ရောက်ရှိနေတဲ့ မိုဟာမက် ဘင် ဆလ်မန်ဟာ ဘုန်းတော်ကြီး ဂျက်စတင် ၀ီလ်ဘီနဲ့ လမ်ဘက်သ်နန်းတော်မှာ မနေ့က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် မင်းသားဟာ တနင်္လာနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အကြီးဆုံး ကော့ပတစ်ဘုရားကျောင်းမှာ ကော့ပတစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီးတ၀ါဒရို့စ် ၂ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    မင်းသားနဲ့ တွေ့ဆုံမှုအတွင်း ဘုန်းတော်ကြီး ဂျက်စတင် ၀ီလ်ဘီက ဆော်ဒီမှာ ခရစ်ယာန်ဘာသာဝင်တွေ ဘုရားဝတ်ပြုမှုကို ကန့်သတ်တာ၊ အစ္စလာမ်မဟုတ်တဲ့ ၀တ်ပြုရာနေရာတွေကို ဆောက်လုပ်ခွင့်မပေးတာတွေကို ထောက်ပြခဲ့ပြီး ခရစ်ယာန်နဲ့ အခြား ဘာသာတရားတွေကို လွတ်လပ်စွာ ကျင့်သုံးခွင့်ပေးဖို့ တောင်းဆိုခဲ့ကာ မင်းသားကလည်း ဘာသာရေးလွပ်လပ်ခွင့်ကို မြှင့်တင်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    ဘုန်းတော်ကြီးနဲ့ မိုဟာမက် ဘင် ဆလ်မန်တို့ဟာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ယီမင်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ပတ်သက်လို့ စိုးရိမ်မိကြောင်းလည်း ဘုန်းတော်ကြီး ၀ီလ်ဘီက ပြောကြားခဲ့ပါတယ်။

    မင်းသားဟာ လမ်ဘက်သ်နန်းတော် စာကြည့်တိုက်က ခရစ်ယာန်၊ ဂျူးနဲ့ အစ္စလာမ်သာသနာတို့ရဲ့ အစောဆုံး ဘာသာရေးစာအုပ်ပေတွေကိုလည်း လေ့လာကြည့်ရှုခဲ့ပါတယ်။

    ဒီတွေ့ဆုံမှုကို အင်္ဂလန်ခရစ်ယာန်အသင်းတော်ရဲ့ အကြီးတန်းတာဝန်ရှိသူဖြစ်ပြီး နယူးကာဆယ် ဂိုဏ်းချုပ်လည်းဖြစ်တဲ့ သီလရှင် ခရစ္စတိုင်း ဟာ့ဒ်မန်း၊ လိဒ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး နစ်က်ဘိန်းစ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

    Ref: Alarabiya, Christiantoday