News @ M-Media
Author: Ko Lay
  • ဘုန်းတော်ကြီး အီမန်နျူယဲလ် ဂါရစ်ဘ် (သို့) ကူဝိတ်က ခရစ်ယာန်သာသနာရဲ့ ဦးသျှောင် 
    ဘုန်းတော်ကြီး အီမန်နျူယဲလ် ဂါရစ်ဘ် (သို့) ကူဝိတ်က ခရစ်ယာန်သာသနာရဲ့ ဦးသျှောင် 
    မတ် ၃၊ ၂၀၁၈
    M-Media
    အသက် ၆၈ နှစ်အရွယ်ရှိတဲ့ ဖာသာ အီမန်နျူယဲလ် ဘင်ယာမင် ဂျာကော့ဘ် ဂါရစ်ဘ်ဟာ ကူဝိတ်စီးတီးမှာ သမ္မာကျမ်းစာနဲ့ ပင်လယ်ကွေ့ အာရပ်ယဉ်ကျေးမှုတို့ကို ခံယူကျင့်သုံးနေပါတယ်။
    – ပင်လယ်ကွေ့ရိုးရာခေါင်းပေါင်း ပေါင်းထားကာ အနီရောင် လက်ဝါးကပ်တိုင်ပုံ ထိုးထားတဲ့ ၀တ်ရုံနက်ကို လွှမ်းခြုံထားတဲ့ ကူဝိတ်ချက်မြှုပ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦးဟာ မွတ်စလင်အများစုရှိရာ ကူဝိတ်နိုင်ငံရဲ့ ထူးခြားတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။
    အသက် ၆၈ နှစ်အရွယ်ရှိတဲ့ ဖာသာ အီမန်နျူယဲလ် ဘင်ယာမင် ဂျာကော့ဘ် ဂါရစ်ဘ်ဟာ ကူဝိတ်စီးတီးမှာ သမ္မာကျမ်းစာနဲ့ ပင်လယ်ကွေ့ အာရပ်ယဉ်ကျေးမှုတို့ကို ခံယူကျင့်သုံးနေပါတယ်။
    “ကျွန်တော်ဘယ်သွားသွား လူတိုင်းက ကြိုဆိုကြပါတယ်”
    ကူဝိတ်စီးတီးက ကစ်ဘ်လာဒေသမှာ မွေးဖွားခဲ့တဲ့ ဂါရစ်ဘ်ဟာ မွတ်စလင်ပတ်ဝန်းကျင်က ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန်မိသားစုကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။
    ကူဝိတ်က ခရစ်ယာန်တွေလိုပဲ သူ့ရဲ့ မျိုးရိုးဟာ အရှေ့အလယ်ပိုင်း တစ်နေရာက ဖြစ်ပါတယ်။
    ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်တဲ့ သူ့ရဲ့ဖခင်ဟာ တူရကီအရှေ့တောင်ပိုင်းနေ အက်ဆရီယန် မိသားစုကနေ ဆင်းသက်လာတာဖြစ်ပြီး အော်တိုမန်လက်ထက် အာမေးနီးယန်းနဲ့ အက်ဆရီယန် ခရစ်ယာန်လူနည်းစုတွေအပေါ် နှိပ်ကွပ်မှုကြောင့် ထွက်ပြေးခဲ့ရသူပါ။
    လခြမ်းနီအဖွဲ့က ဂါရစ်ဘ်ရဲ့ဖခင်ဖြစ်သူကို အီရတ်နိုင်ငံကို ခေါ်ဆောင်လာပြီး ၁၉၄၅ ခုနှစ် မူဆိုးလ်မြို့မှာ အက်ဆရီယန်လူမျိုးတစ်ဦးဖြစ်တဲ့ ဂါရစ်ဘ်ရဲ့မိခင်နဲ့ အကြောင်းပါခဲ့ပါတယ်။
    ပထမကမ္ဘာစစ်အတွင်း အော်တိုမန်လက်အောက်မှာရှိတဲ့မြို့တွေ မတည်မငြိမ်ဖြစ်လာတဲ့အခါ ဂါရစ်ဘ်ရဲ့ မိဘနှစ်ပါးဟာ ကူဝိတ်မှာ ဘ၀သစ်စဖို့ ပြောင်းရွှေ့လာခဲ့ပါတယ်။
    သမီး ၄ ယောက်၊ သား ၃ ယောက်ကို သူတို့လင်မယာနှစ်ယောက်က ပြုစုပျိုးထောင်ခဲ့ပြီး အကြီးဆုံးကတော့ အီမန်နျူယဲလ်ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဟာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မိသားစုကို ဘုရားကျောင်းခေါ်သွားလေ့ရှိပါတယ်။
    သူတို့မိသားစုဟာ မွတ်စလင်အိမ်နီးချင်းတွေနဲ့ တစ်ရင်းတစ်နှီးရှိသူတွေပါ
    ဘုန်းကြီးဘဝ
    အီမန်နျူယဲလ် ဂါရစ်ဟာ ဘုန်းကြီးလုပ်ဖို့အတွက် စိတ်ကူးရှိခဲ့သူ မဟုတ်ပါဘူး။
    ၁၉၇၁ ခုနှစ်မှာ ပထ၀ီနဲ့ ဘွဲ့ရခဲ့ပြီး သိပ်မကြာခင်မှာပဲ ကူဝိတ် ရေနံဝန်ကြီးဌာနမှာ အလုပ်ရခဲ့ပါတယ်။
    အဲဒီအလုပ်နဲ့ ၁၀ နှစ်လောက်ကြာပြီးတဲ့နောက် အီမန်နျူယဲလ်နဲ့ သူ့ရဲ့ဇနီးတို့ဟာ ကူဝိတ်က ဘာသာရေးညီလာခံတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။
    “ဒါက ဘ၀အလှည့်အပြောင်းတစ်ခုပါပဲ။ အဲဒီနေရာမှာ ဘုရားက ကျွန်တော့်ဘ၀ကို ပြောင်းပစ်လိုက်တယ်။ ကျွန်တော်ဟာ အသစ်တစ်ဖန် ပြန်မွေးဖွားလာပြီး ယေရှုခရစ်တော်ဆီ ဦးတည်တဲ့ ခရီးကို စတင်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
    ၁၉၈၉ ခုနှစ်မှာ သူဟာ အလုပ်ကထွက်ပြီး အီဂျစ်နိုင်ငံ ကိုင်ရိုက အမျိုးသား ဧ၀ံဂေလိ သာသနာ့တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပါတယ်။
    ၁၉၉၉ ခုနှစ်မှာ သာသနာ့ဘောင်ဝင်ခဲ့ပြီး နောက်ပိုင်းမှာ ကူဝိတ် ဧ၀ံဂေလိ ခရစ်ယာန်အသင်းတော်ရဲ့ အကြီးအကဲအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ သူဟာ အသင်းတော်ကို ဦးဆောင်တဲ့ ပထမဆုံး အာရပ်လူမျိုးလည်း ဖြစ်ပါတယ်။
    ၂၀၀၉ ခုနှစ်မှာ အစ္စလာမ်-ခရစ်ယာန် ဆက်ဆံရေးကောင်စီကို ဖာသာ အီမန်နျူယဲလ်က ပူးတွဲတည်ထောင်ခဲ့ပြီး အခုအချိန်အထိ ဒီကောင်စီမှာ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
    ဧ၀ံဂေလိအသင်းတော်
    ဘုန်းတော်ကြီး အီမန်နျူယဲလ် ၀ါတော် ၂၀ ပြည့်မြောက်မယ့် နောက်နှစ်ဟာ ကူဝိတ် ဧ၀ံဂေလိအသင်းတော် နှစ်ပေါင်း ၈၅ နှစ်ပြည့်မြောက်တဲ့နှစ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
    ဒါပေမယ့် ကူဝိတ်မှာ ခရစ်ယာန်ဘာသာဝင်တွေတည်ရှိနေတဲ့ သက်တမ်းက ဒီထက်ပို ရှည်လျားပြီး ၁၉၉၀ ပြည့်နှစ်တွေမှာ အမေရိကန် ဧ၀ံဂေလိ သာသနာပြုအဖွဲ့တွေ ရောက်ရှိကာ အမေရိကန် သာသနာပြုဆေးရုံ တည်ထောင်ခဲ့တဲ့အချိန်ကတည်းကလို့ အီမန်နျူယဲလ်က ပြောပါတယ်။
    ဂျဟ်ရာတိုက်ပွဲမှာ ဒီဆေးရုံက လူနာတွေကို အဓိကထား ကုသပေးခဲ့တဲ့အတွက် ကူဝိတ်လူ့အဖွဲ့အစည်းမှာ သာသနာပြုအဖွဲ့တွေအပေါ် အကောင်းမြင်မှု မြင့်တက်လာတယ်လို့ ဘုန်းတော်ကြီးက ပြောပါတယ်။ ဂျဟ်ရာတိုက်ပွဲဟာ ဆော်ဒီက ကျောထောက်နောက်ခံပြုထားတဲ့ ၀ါဟာဘီ စစ်သွေးကြွတွေနဲ့ ကူဝိတ်တို့ ၁၉၂၀ မှာ တိုက်ခိုက်ရတဲ့တိုက်ပွဲ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ရာစုအတွင်း မတည်ငြိမ်မှုတွေကြောင့် တူရကီ၊ အီရတ်နဲ့ ပါလက်စတိုင်းတို့ ပြောင်းရွှေ့အခြေချလာတဲ့ ခရစ်ယာန်တွေဟာ ၁၉၅၉ ခုနှစ် နိုင်ငံသားဥပဒေအရ ကူဝိတ်နိုင်ငံသားတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မွတ်စလင်မဟုတ်တဲ့ ပြောင်းရွှေ့အခြေချသူတွေကို နိုင်ငံသားပြုခွင့် မပေးတော့ပါဘူး။
    နောက်ဆုံးစစ်တမ်းကောက်ယူမှုအရ ကူဝိတ်ရဲ့ ၁.၃၅ သန်းသော လူဦးရေမှာ တိုင်းရင်း ခရစ်ယာန်ဘာသာဝင်အရေအတွက်ဟာ မိသားစု ၈ စု၊ ၂၆၄ ဦးရှိတယ်လို့ ဘုန်းတော်ကြီးက ပြောပါတယ်။
    လက်ဘနွန်ကနေ ဖိလစ်ပိုင်အထိ နိုင်ငံခြားတိုင်းပြည်တွေက ၀င်ရောက်လာတဲ့ အလုပ်သမားတွေနဲ့ပေါင်းရင် ကူဝိတ်နိုင်ငံရဲ့ ခရစ်ယာန်လူဦးရေက ၉ သိန်းလောက် ရှိပါတယ်။
    ခရစ်ယာန်ဘုရားကျောင်းတွေ ဆောက်လုပ်ခွင့်ကို ပိတ်ပင်ထားတဲ့ ဆော်ဒီနဲ့ မတူတာက ကူဝိတ်စီးတီးရဲ့ စည်ပင်သာယာနယ်နမိတ်အတွင်းက ခရစ်ယာန်အသင်းတော်အမျိုးမျိုးရဲ့ ဘုရားကျောင်းတွေမှာ ဘာသာတရားကို လွတ်လပ်စွာ ကျင့်သုံးခွင့် ရနေပါတယ်။
    ကူဝိတ်ခရစ်ယာန်တွေကတော့ သူတို့လူမျိုး ဘုန်းတော်ကြီးတစ်ဦးကို ပိုင်ဆိုင်ထားရတာက အမှတ်သညာ ပိုပြီး ပြည့်ဝတယ်လို့ ခံစားနေရပါတယ်။
    “အီဂျစ် ဒါမှမဟုတ် လက်ဘနွန်က ဘုန်းကြီးတစ်ဦးကလည်း ဒီပုံစံအတိုင်းပဲ ၀တ်ပြုဆုတောင်းတာပါ။ ဒါပေမယ့် ကူဝိတ်လူမျိုး ဘုန်းတော်ကြီးကတော့ သမ္မာကျမ်းစာက သွန်သင်ချက်တွေကို ကူဝိတ်ဘာသာစကားနဲ့ ဟောပြောပို့ချပေးနိုင်ပါတယ်” လို့ အသက် ၆၃ နှစ်အရွယ် ကူဝိတ်လူမျိုး ခရစ်ယာန်ဘာသာဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
    အသက် ၅၄ နှစ်အရွယ် အီယဒ် နိုမန်ကလည်း “သူနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ အင်မတန်အားကောင်းပါတယ်။ သူဟာ ကျွန်တော်တို့ထဲက တစ်ဦးပါ” လို့ ဖွင့်ဟခဲ့ပါတယ်။
    Ref: Arab News
  • အမေရိကန်တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက မိဘများအား ပစ်ခတ်သတ်မှု ဖြစ်ပွား
    အမေရိကန်တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက မိဘများအား ပစ်ခတ်သတ်မှု ဖြစ်ပွား
    မတ် ၃၊ ၂၀၁၈
    M-Media
    သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေး အမေရိကန်ပြည်သူများ ဆန္ဒပြမှုတစ်ခု
    – အမေရိကန်နိုင်ငံ Central Michigan တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက ကျောင်းဘော်ဒါဆောင်တွင် မိဘနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    သောကြာနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူမှာ အသက် ၁၉ နှစ်အရွယ် ဂျိမ်းစ် အဲရစ် ဒါဗစ် ဖြစ်သည်ဟု တက္ကသိုလ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်း၏ မိဘများမှာ နွေဦးရာသီ ကျောင်းပိတ်ရက်အတွက် လာခေါ်ခြင်းဖြစ်သည်။
    ရဲတပ်ဖွဲ့က ထိုအဖြစ်အပျက်မဖြစ်ပွားခင် ဒါဗစ်အား မူယစ်ဆေးနှင့်ပတ်သက်သည့် ပြဿနာကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခုပစ်ခတ်မှုမှာ အိမ်တွင်းရေးကိစ္စကြောင့် ဖြစ်မည်ဟု ရဲတပ်ဖွဲ့က ယုံကြည်နေသည်။
    ဒါဗစ်မှာ မိဘများအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းအား ရထားပေါ်တွင် ဖမ်းဆီးရမိခဲ့သည်။
    ပစ်ခတ်မှုအတွင်း အခြား ထိခိုက်ဒဏ်ရာရသူများ မရှိချေ။
    ယခုဖြစ်ရပ်မှာ နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းများတွင် လတ်တလောဖြစ်ပွားသည့် ပစ်ခတ်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။
    ကြာသာပတေးနေ့က အိုဟိုင်းယိုးရှိ အလယ်တန်းကျောင်းတစ်ခုတွင် အသက် ၁၃ နှစ်အရွယ် ကိသ်ဆိုင်မွန်ဆိုသူမှာ သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ ကျောင်းအတွင်း လျှောက်သွားနေခဲ့ပြီး လူအစုလိုက်အပြုံလိုက်ကို သေနတ်ဖြင့် ပစ်ခတ်မည့်ပုံ ရသော်လည်း နောက်ပိုင်း အိမ်သာထဲ၌ မိမိကိုယ်ကို သတ်သေသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း ဖလော်ရီဒါပြည်နယ်ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းတွင် သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျောင်းသားအများစုအပါအ၀င် လူ ၁၄ ဦး သေဆုံးခဲ့သည်။
    Ref: Aljazeera
  • အိမ်ယာမဲ့များ ညဖက်ဝင်အိပ်နိုင်ရန် ယူကေဗလီများ စီစဉ်ပေးထား
    အိမ်ယာမဲ့များ ညဖက်ဝင်အိပ်နိုင်ရန် ယူကေဗလီများ စီစဉ်ပေးထား
    မတ် ၃၊ ၂၀၁၈
    M-Media
    – လန်ဒန်မြို့ ဂရိတ်တား မန်ချက်စတာဒေသက ဗလီဝတ်ကျောင်းတော်တွေဟာ အိမ်ယာမဲ့တွေကို ညဖက် ဗလီထဲမှာ ၀င်အိပ်နိုင်အောင် စီစဉ်ပေးနေပြီး အေးခဲနေတဲ့ ရာသီဥတုမှာ သူတို့ ကြုံတွေ့နေတဲ့ ဒုက္ခတစ်ခုကို ပြေလည်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ရက်တွေအတွင်း ဥရောပတစ်ဝှမ်းမှာ အလွန်အေးလာတာကြောင့် လောင်းဆိုက်ရပ်ကွက်က Makki ဗလီဝတ်ကျောင်းတော်၊ အိုလ်ဟမ်ရပ်ကွက်က ‘ဥရောပအစ္စလာမ့်စင်တာ’ တို့ဟာ လမ်းပေါ်မှာအိပ်ရတဲ့ အိမ်ယာမဲ့တွေကို ဗလီဝတ်ကျောင်းတော်ထဲမှာ ၀င်အိပ်နိုင်အောင်၊ ပူပူနွေးနွေး အစားအသောက်တွေ စားသောက်နိုင်အောင်၊ ရေမိုးချိုးနိုင်အောင် စီစဉ်ပေးခဲ့ကြပါတယ်။
    ချီတ်ဟမ်ဟေးလ်က Khizra ဗလီဝတ်ကျောင်းတော်ဟာလည်း နေ့ခင်းဖက်မှာ အိမ်ယာမဲ့တွေကို ၀င်ရောက်နေထိုင်ခွင့် ပေးထားပြီး သူတို့ကိုကူညီပေးဖို့အတွက် Booth Center နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
    Makki ဗလီဝတ်ကျောင်းရဲ့ တာဝန်ရှိသတစ်ဦးက ကြာသာပတေးနေ့မှာ အိမ်ယာမဲ့ ၅ ယောက်လောက်ကို ဗလီဝတ်ကျောင်းတော်အတွင်းမှာ သိပ်ခဲ့ပြီး သောကြာနေ့မှာလည်း ဒီလိုမျိုး ဆက်လက်စီစဉ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    အိုလ်ဟမ်မြို့ကောင်စီဝင်တစ်ဦးဖြစ်သူ ဖီဒါဟူစိန်က ‘ဥရောပအစ္စလာမ့်စင်တာ’ ကို နောက်ထပ် ၇ ရက် ဒါမှမဟုတ် ရာသီဥတု ကောင်းလာတဲ့အထိ ဖွင့်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “လိုအပ်နေတဲ့သူတွေကို ပြည်သူတွေက လာရောက်ကူညီတာ အားရစရာကောင်းပါတယ်။ အိုလ်ဟမ်မှာ စေတနာ့ဝန်ထမ်းတွေဟာ အေးနေတဲ့ကြားထဲက ထွက်ပြီး မြို့အတွင်းမှာ အိမ်ယာမဲ့တွေကို ရှာဖွေကာ ဒီစင်တာကို ခေါ်လာကြပါတယ်”
    တက္ကဆီသမားတွေကလည်း အိမ်ယာမဲ့တွေကို အခမဲ့ ခေါ်လာပေးကြောင်း၊ ပတ်ဝန်းကျင်အိမ်တွေက ဟင်းအမျိုးမျိုးချက်ကာ စင်တာကိုပို့ပြီး အိမ်ယာမဲ့တွေကို ကျွေးမွေးကြကြောင်း ဟူစိန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “တွေ့ရမြင်ရတာ အရမ်းကို ကြည်နူးစရာကောင်းပါတယ်”
    KHizra ဗလီဝတ်ကျောင်းတော်က သူတို့အနေနဲ့ ညဖက် အိပ်စရာမရှိသူတွေကို ဆက်လက်နေရာပေးသွားမှာဖြစ်ကြောင်း၊ ဗလီဝတ်ကျောင်းတော်ကို လာရောက်ဖို့ ကုန်ကျစားရိတ်ကိုလည်း ကျခံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Oldham Food Aid Hub အဖွဲ့ကတော့ ညဖက် အိပ်စရာမရှိတဲ့ အိမ်ယာမဲ့တွေကိုတွေ့ရင် နီးစပ်ရာဗလီတွေကို ပို့ပေးဖို့ ပြည်သူတွေကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် တိုက်တွန်းထားကာ တက္ကဆီခ ပေးမယ်လို့လည်း ပြောကြားထားပါတယ်။
    Ref : Manchester Evening News
  • ကင်ညာဆေးရုံကြီးတွင် လူနာမှားယွင်းခွဲစိပ်မှု ဖြစ်ပွား
    ကင်ညာဆေးရုံကြီးတွင် လူနာမှားယွင်းခွဲစိပ်မှု ဖြစ်ပွား
    မတ် ၂၊ ၂၀၁၈
    M-Media
    – ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီက ကန်ယက်တာဆေးရုံကြီးမှာ လူနာမှားပြီး ဦးနှောက်ခွဲစိပ်မှုတစ်ခု ဖြစ်ပွားခဲ့ကာ တာဝန်ရှိတဲ့ ၀န်ထမ်း ၄ ဦးကို တာဝန်ကနေ ရပ်ဆိုင်းထားပါတယ်။
    ဦးနှောက်ထဲမှာ သွေးခဲနေတဲ့ လူနာတစ်ဦးကို ခွဲစိပ်ဖယ်ရှားပေးဖို့ ရှိရာမှာ ဆရာဝန်တွေက လူနာမှားခွဲခဲ့တာ ဖြစ်ပါတယ်။ မှားခွဲခံရတဲ့လူနာက ဦးနှောက်မှာ အကြိတ်ဖြစ်နေပေမယ့် ခွဲစိပ်စရာမလိုသူပါ။
    ဆရာဝန်တွေဟာ ဦးနှောက်ကို ဖောက်ပြီးတဲ့နောက် သွေးခဲမတွေ့တော့မှ သူတို့ လူနာမှားယွင်းနေတဲ့အကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။
    ကန်ယက်တာဆေးရုံရဲ့ အကြီးအကဲက မှားယွင်း ခွဲစိပ်ခံခဲ့ရတဲ့ လူနာဟာ ပြန်လည်သက်သာလာပြီး အခြေအနေ တိုးတက်ကောင်းမွန်နေကာ ဒီဖြစ်ရပ်တွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကင်ညာဆေးဘက်ဆိုင်ရာ ဘုတ်အဖွဲ့က ဒီလိုမှားယွင်းမှုမျိုးဟာ နိုင်ငံအတွင်းမှာ ပထမဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဆေးရုံကနေ ထုချေလွှာတောင်းတာကာ ခေါ်ယူစစ်ဆေးဖို့လည်း ရှိနေပါတယ်။
    ကလေးမီးဖွားခါစ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကန်ယက်တာဆေးရုံမှာ ဖြစ်ပွားခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကျန်းမာရေးဝန်ကြီးက အမိန့်ပေးခဲ့ပြီး ၆ ပတ်အကြာမှာ ဒီဖြစ်စဉ် ပေါ်ပေါက်လာတာပါ။
    ဆေးရုံစီအီးအို လီလီ ကိုရို့စ်က အဖြစ်အပျက်အတွက် အလွန်အမင်းဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပြီး လူနာတွေ လုံခြုံစိတ်ချရစေဖို့ တတ်နိုင်သမျှ အားလုံး လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
    လက်ရှိမှာတော့ ဦးနှောက်နဲ့အာရုံကြော ခွဲစိပ်ဆရာဝန်၊ လူနာဆောင် သူနာပြု၊ ခွဲစိပ်ခန်းသူနာပြုနဲ့ မေ့ဆေးဆရာဝန်တွေကို တာဝန်ကနေ ရပ်ဆိုင်းထားတယ်လို့လည်း သူမက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ဒါပေမယ့် ဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေကတော့ ဒီလို အရေးယူတာကို ဆန့်ကျင်ခဲ့ပြီး လူနာမှတ်တမ်း ချိတ်သူကိုသာ အပြစ်ပေးရမယ်လို့ ဆိုပါတယ်။
    ဆရာဝန်များသမဂ္ဂကလည်း ကန်ယက်တာဆေးရုံမှာ ၀န်ထမ်းမလုံလောက်မှု၊ ခွဲစိပ်ခန်း နေရာကျဉ်းမှု စတဲ့ ပြဿနာတွေ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: BBC
  • ဂျပန်ရဲတပ်ဖွဲ့က မှုခင်းတားဆီးရေးတွင် AI နည်းပညာကို အသုံးပြုမည်
    ဂျပန်ရဲတပ်ဖွဲ့က မှုခင်းတားဆီးရေးတွင် AI နည်းပညာကို အသုံးပြုမည်
    မတ် ၂၊ ၂၀၁၈
    M-Media
    – ၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်အတွက် ပြင်ဆင်တဲ့အနေနဲ့ ဂျပန်ရဲတပ်ဖွဲ့ ရဲလုပ်ငန်းစဉ်ရဲ့ ခန်းမှန်းတွက်ချက်မှု ကဏ္ဍမှာ ဉာဏ်ရည်တုနည်းပညာ (AI) ကို စတင်အသုံးပြုတော့မယ်လို့ သိရပါတယ်။
    ကာနာဂါဝါပြည်နယ် ရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုတွေ မဖြစ်ခင်မှာ ထောက်လှမ်းဖော်ထုတ်ဖို့အတွက် ဒီနည်းပညာကို ပထမဆုံး အသုံးပြုသွားမှာပါ။
    AI နည်းပညာဟာ မှုခင်း တစ်ခုချင်းစီမှာ ရရှိတဲ့ အထောက်အထားတွေကို နှိုင်းယှဉ်ကာ လူတစ်ယောက်ဟာ ပြစ်မှုတစ်ခု၊ ဒါမှမဟုတ် ပြစ်မှုအများအပြား ကျူးလွန်ထားခြင်း ရှိ၊ မရှိကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ရာဇ၀တ်ကောင်ရဲ့ နောက်ထပ်ကျူးလွန်မယ့် ပြစ်မှု၊ ကျူးလွန်မယ့်နေရာတွေကိုလည်း  AI  က ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
    ဒီလိုအသုံးပြုနိုင်ခြင်းအားဖြင့် ရာဇ၀တ်မှုတွေကို တားဆီးဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေပြီး ရဲတပ်ဖွဲ့အတွက်လည်း ၀န်ထုတ်ဝန်ပိုးတစ်ခု လျော့ကျသွားမယ်လို့ ပြည်နယ်အစိုးရက ပြောကြားခဲ့ပါတယ်။
    ကျိုတိုတက္ကသိုလ်က သတင်းအချက်အလက်သိပ္ပံဆိုင်ရာ ပါမောက္ခဖြစ်သူ တိုယိုအာကီ နီရှီဒါက AI နည်းပညာကို အသုံးပြုပြီး ခက်မှန်းတာမျိုးဟာ သတ်မှတ်ထားတဲ့ အချက်အလက်တွေ တူညီမှသာ အလုပ်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
    ဒါပေမယ့် သာမန် ခန့်မှန်းမှုထက်စာရင်တော့ ပိုပြီး ပြဿနာတွေ ရှိလာနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။
    Ref: Interesting Engineering