News @ M-Media

Author: Ko Lay

  • နိုင်ငံခြားရေးဝန်ကြီးကို ထရမ့်က စီအိုင်အေအကြီးအကဲဖြင့် အစားထိုးမည်ဟု သတင်းထွက်

    နိုင်ငံခြားရေးဝန်ကြီးကို ထရမ့်က စီအိုင်အေအကြီးအကဲဖြင့် အစားထိုးမည်ဟု သတင်းထွက်

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ကို ရာထူးမှ ဖယ်ရှားရန်နှင့် လူသိရှင်ကြား အရှက်ခွဲရန် စီစဉ်နေသည်ဟု အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    စီအိုင်အေ အကြီးအကဲ မိုက် ပွမ်ပီယိုနှင့် အစားထိုးရန် စီစဉ်နေခြင်းဖြစ်ပြီး ထရမ့်မှာ တီလာဆန်အား အလွန်အမင်း စိတ်ပျက်နေကာ၊ အဆိုပါ အစားထိုးရေးကို ၀န်ထမ်းများက မဟုတ်ဘဲ ထရမ့်ကိုယ်တိုင်က စဉ်းစားနေသည်ဟုလည်း ဆိုသည်။

    ယနေ့တွင် ထရမ့်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်နှင့် တီလာဆန်တို့ အိမ်ဖြူတော်တွင် တွေ့ဆုံရန် ရှိနေပြီး ထိုဆွေးနွေးပွဲတွင် တီလာဆန်အား ထိုကိစ္စအတွက် အသိပေးမည်ဟု အဆိုပါရင်းမြစ်များက ပြောကြားခဲ့သည်။

    အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ရှိသူ ဆာရာ ဆန်းဒါးစ်က ထရမ့်ဖက်မှ ယုံကြည်မှု မရှိတော့ပါက မည်သူမှ ရာထူးတွင် မြဲမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီး တီလာဆန် ရာထူးမှ ဆင်းရမည့် အချိန်အတိအကျကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ယခုနှစ်နှောင်းပိုင်း သို့မဟုတ် လာမည့်နှစ်ဆန်းပိုင်းတွင် ဖြစ်မည်ဟု ခန့်မှန်းထားသည်။

    ထရမ့်မှာ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ Twitter စာမျက်နှာမှတစ်ဆင့် ယခင်က ဝေဖန်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

    Ref : CNN

  • တာလီဘန်က နီကာ့ဘ်ဖြင့် ရုပ်ဖျက်ကာ ပါကစ္စတန် စိုက်ပျိုးရေးတက္ကသိုလ်ကို ၀င်ရောက်တိုက်ခိုက်

    တာလီဘန်က နီကာ့ဘ်ဖြင့် ရုပ်ဖျက်ကာ ပါကစ္စတန် စိုက်ပျိုးရေးတက္ကသိုလ်ကို ၀င်ရောက်တိုက်ခိုက်

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ပက်ရှ်ဝါရ်မြို့ရှိ စိုက်ပျိုးရေးတက္ကသိုလ်ကို မျက်နှာအုပ်ထားသည့် နီကာ့ဘ်ဝတ်ရုံဖြင့် ရုပ်ဖျက်ထားသည့် သေနတ်သမားများက ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံးလူ ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    သေနတ်သမားများမှာ ယနေ့မနက်ပိုင်းတွင် သုံးဘီးဆိုင်ကယ်ဖြင့် လာရောက်ကာ တက္ကသိုလ်ပရ၀ုဏ်အတွင်း ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    တာလီဘန်ကမူ ၎င်းတို့လက်ချက်ဟု ကြေငြာခဲ့ပြီး တက္ကသိုလ်အား မရည်ရွယ်ဘဲ ထိုဒေသရှိ ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ (ISI) ၏ အဆောက်အဦးတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    တိုက်ခိုက်မှုအတွင်း ကျောင်းသား ၆ ဦး၊ အပြင်လူ ၅ ဦးနှင့်တိုက်ခိုက်ရေးသမား ၄ ဦးတို့ သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
    သေနတ်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှု ၂ နာရီကြာ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များမှာ တက္ကသိုလ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
    အဆိုပါတက္ကသိုလ်တွင် ပုံမှန်အားဖြင့် ကျောင်းသား ၄၀၀ ခန့် တက်ရောက်ပညာသင်ကြားနေသော်လည်း ယနေ့မှာ တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်းအထိမ်းအမှတ် ရုံးပိတ်ရက်ဖြစ်သောကြောင့် တက္ကသိုလ်တွင် ကျောင်းသား ၁၅၀ ခန့်သာ ရှိခဲ့သည်။ Ref : Aljazeera
  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ဆုံအားပေး

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ဆုံအားပေး

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ မြို့တော်ဒါကာမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ဆုံခဲ့ပြီး ကမ္ဘာကြီးက လစ်လျူရှုထားမှုအပေါ် ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံက ထွက်ပြေးလာရပြီး ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ၁၈ ဦးကို မြို့တော်ဒါကာက ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီးရဲ့ အိမ်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။

    သူတို့ရဲ့ ထိခိုက်ခံစားရမှုတွေကိုလည်း ပုပ်ရဟန်းမင်းကြီး နားထောင်ခဲ့ကာ မြန်မာနိုင်ငံမှာ ရှောင်ရှားခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုလည်း အသုံးပြုခဲ့ပါတယ်။

    “ဒီကနေ့ ဘုရားသခင် တည်ရှိမှုကို ရိုဟင်ဂျာလို့လည်း ခေါ်ပါတယ်”

    ရိုဟင်ဂျာတွေကို ကောင်းချီးပေးခဲ့ပြီးတဲ့နောက် ညှင်းပမ်းနှိပ်စက်သူတွေ၊ နာကျင်စေသူတွေ၊ ကမ္ဘာကြီးက လစ်လျူရှုထားမှုတွေကို ခွင့်လွှတ်ပေးဖို့လည်း ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။

    “သင်တို့အတွက် ကျွန်ုပ်တို့ အများကြီး မလုပ်ပေးနိုင်ပေမယ့် သင်တို့ရဲ့ ဖြစ်ရပ်ဆိုးတွေအတွက် ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ နက်နက်နဲနဲ ခံစားရပါတယ်။ သင်တို့ကို ညှင်းပမ်းနှိပ်စက်ခဲ့တဲ့သူတွေ၊ နာကျင်အောင်လုပ်ခဲ့တဲ့သူတွေ၊ ကမ္ဘာကြီးက လစ်လျူရှုထားမှုတွေအတွက် ခွင့်လွှတ်ပေးပါလို့ ကျွန်ုပ် တောင်းဆိုပါရစေ။ သဘောထားကြီးတဲ့ သင်တို့အနေနဲ့ ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်”

    ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဆုတောင်းနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ

    ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့်တွေ အသိအမှတ်ပြုခံရတဲ့အထိ ဆက်လက် ကြိုးပမ်းသွားဖို့လည်း ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံက ကက်သလစ်အသင်းတော် အကြီးအကဲတွေက မေတ္တာရပ်ခံမှုကြောင့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့ပါဘူး။

    မနေ့က ဘင်္ဂလားဒေ့ရှ်ကို ရောက်ရောက်ချင်းမှာပဲ ပုပ်ရဟန်မင်းကြီးက ရိုဟင်ဂျာကိစ္စကို ပြောကြားခဲ့ပြီး သူတို့ရဲ့ ဒုက္ခသုက္ခတွေကို ဖြရှင်းပေးရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပေးထားတဲ့အတွက်လည်း ဘင်္ဂလားဒေ့ရှ်ကို ချီးကျူးခဲ့ပါတယ်။

    မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်းမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတန်ဖိုးတွေကို အလေးထားကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

    Ref: US News

  • ထိုင်းနိုင်ငံမှ အာဆီယံအတွင်းရေးမှူးဟောင်း ရုတ်တရက် ကွယ်လွန်

    ထိုင်းနိုင်ငံမှ အာဆီယံအတွင်းရေးမှူးဟောင်း ရုတ်တရက် ကွယ်လွန်

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး အာဆီယံ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ ဆူရင် ပစ်ဆူဝမ်မှာ အသက် ၆၈ နှစ်အရွယ် ယမန်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် ‘၂၀၁၇ ခုနှစ် ထိုင်းဟာလာ ညီလာခံ’ တွင် မိန့်ခွန်းပြောရန် ပြင်ဆင်နေသည့်အချိန်တွင် ရုတ်တရက်လဲကျသွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သတိပြန်မလည်လာတော့ပေ။

    ၁၉၄၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့သည့် ဆူရင် ပစ်ဆူဝမ်မှာ ကယ်လီဖိုးနီးယားရှိ ကလားမောင့် ကောလိပ်မှ ၁၉၇၂ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး၊ ဟားဗတ်တက္ကသိုလ်မှ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ရရှိခဲ့သည်။

    ၁၉၈၆ ခုနှစ်တွင် ဒီမိုကရက်ပါတီ အမတ်အဖြစ် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ကာ ၂၀၀၅ ခုနှစ်အထိ ၎င်း၏ ဇာတိမြို့တွက် ဆက်တိုက် အရွေးခံခဲ့ရသည်။

    ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ထိုင်းနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ထို့ပြင် အာဆီယံ အထွေထွေအတွင်းရေးမှူးအဖြစ် ပထမဆုံး ဆောင်ရွက်ခွင့်ရသည့် ထိုင်းလူမျိုးတစ်ဦးလည်းဖြစ်ကာ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ထ
    မ်းဆောင်ခဲ့သည်။

    လက်ရှိတွင် ဘန်ကောက်အုပ်ချုပ်ရေးမှူးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

    ဆူရင် ပစ်ဆူဝမ်၏ ရုပ်ကလပ်ကို ယနေ့ သောကြာ ၀တ်ပြုဆုတောင်းမှုအပြီးတွင် အစ္စလာမ်ဘာသာရေးထုံးဓလေ့အတိုင်း မြေမြှုပ်သဂြိုဟ်မည်ဖြစ်သည်။

    Ref: Bangkokpost

  • ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာကို ပုပ်ရဟန်မင်းကြီး တိုက်တွန်း

    ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာကို ပုပ်ရဟန်မင်းကြီး တိုက်တွန်း

    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ဒုက္ခသည် ပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ‘ထိရောက်တဲ့ ဆောင်ရွက်မှုတွေ’ ပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီနေ့မှာ ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလာဒေ့ရှ်သမ္မတ အဘ်ဒူလ်ဟာမစ်၊ အစိုးရတာဝန်ရှိသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက သံတမန်တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို့ ပြောဆိုလိုက်တာပါ။

    ရခိုင်ပြည်နယ်က ဒုက္ခသည်အများအပြားကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရက်ရောမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေအတွက် ချီးကျူးတယ်လို့ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောဆိုခဲ့ပြီး အာရှရဲ့ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာမှာ နိုင်ငံတကာအစိုးရတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ၀ိုင်းဝန်းကူညီရမယ်လို့လည်း ဆိုပါတယ်။

    ပုပ်ရဟန်မင်းကြီးဟာ မိန့်ခွန်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးမပြုခဲ့ဘဲ ‘ရခိုင်ပြည်နယ်က ဒုက္ခသည်များ’ လို့ပဲ ရည်ညွှန်းခဲ့ပါတယ်။

    “အမျိုးသမီးတွေနဲ့ ကလေးတွေ အများစုအပါအ၀င် ဒုက္ခသည်စခန်းတွေမှာ ပြွတ်သိပ်ကြပ်ညပ်နေပြီး အတောမသတ်နိုင်တဲ့ ဒုက္ခတွေ ခံစားနေရတဲ့၊ ဘ၀အာမခံချက်မရှိတဲ့ ကျွန်တော်တို့ ညီအစ်ကို၊ မောင်နှမတွေရဲ့ ဆိုးဆိုးရွားရွားအခြေအနေကို ဘယ်သူကမှ လစ်လျူရှုထားလို့ မရပါဘူး” လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်း ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေအကြောင်း ထည့်သွင်းပြောဆိုခြင်း မရှိတဲ့အတွက် ပုပ်ရဟန်းမင်းကြီးအပေါ် တက်ကြွလှုပ်ရှားသူတစ်ချို့က ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

    မြန်မာနိုင်ငံက ခရစ်ယာန်ကက်သလစ်အသင်းတော် တာဝန်ရှိသူတွေက ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးလိုက်ရင် နိုင်ငံအတွင်းက ခရစ်ယာန်တွေအပေါ် လူများစု ဗုဒ္ဓဘာသာဝင်တွေက အမြင်မကြည် ဖြစ်လာနိုင်တဲ့အတွက် ဒီအသုံးအနှုန်းကို မသုံးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

    ဗာတီကန်ကတော့ ပုပ်ရဟန်းမင်းကြီးဟာ မကြာသေးခင်ကမှ သံတမန်ဆက်ဆံရေး ရှိထားတဲ့ မြန်မာနိုင်ငံနဲ့ ပေါင်းကူးတံတားထိုးချင်တဲ့အတွက် ဆင်ခြင်ရခြင်းဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။

    Ref: Independent