News @ M-Media

Author: Ko Lay

  • ခြစားမှု စုံစမ်းခံရသည့်အတွက် တရုတ်စစ်တပ်အကြီးအကဲတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

    ခြစားမှု စုံစမ်းခံရသည့်အတွက် တရုတ်စစ်တပ်အကြီးအကဲတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

    နိုဝင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    – တရုတ်စစ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးမှာ အာဏာပိုင်များက ခြစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ပြီးနောက် နေအိမ်တွင် မိမိကိုယ်ကို သတ်သေသွားခဲ့သည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

    ဗဟိုစစ်ကော်မရှင်၏ နိုင်ငံရေးဌာနမှ ဒါရိုက်တာ ကျန်းယန်ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့က အဆုံးစီရင်သွားခဲ့သည်။ ၎င်းကို ခြစားမှုနှစ်ခုနှင့် ဆက်နွယ်နေမှုအတွက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီးနောက် ယခုအဖြစ်အပျက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ၂၀၁၂ ခုနှစ်က စတင်ခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ ခြစားမှုတိုက်ဖျက်ရေးတွင် ထိပ်တန်းစစ်ခေါင်းဆောင်များ အပါအ၀င် ကွန်မြူနစ်ပါတီ အဆင့်ဆင့်မှ တာဝန်ရှိသူ ၁.၅ သန်းကို အရေးယူခဲ့ပြီး၊ ထိုလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ရှီက ပြီးခဲ့သည့်လတွင် ပြုလုပ်ခဲ့သော ကွန်မြူနစ်ပါတီ ညီလာခံတွင် ပြောကြားခဲ့သည်။

    ရှင်ဟွာသတင်းဌာနက ကျန်းယန်မှာ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့ပြီး လာဘ်စားသည်ဟု သံသယအဖြစ်ခံရကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုများအတွက် ၀င်ငွေရလမ်းကို ရှင်းရှင်းလင်းလင်း မပြနိုင်ကြောင်း ဖော်ပြခဲ့သည်။

    တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နေ့စဉ်သတင်းစာ၏ ဆိုရှယ်မီဒီယာအကောင့်တွင် ကျန်းယန်မှာ မိမိကိုယ်ကို သတ်သေသည့်နည်းလမ်းဖြင့် ခေါင်းရှောင်သွားခြင်းဖြစ်ကြောင်း၊ ၎င်းမှာ မျက်နှာနှစ်မျိုးရှိပြီး တစ်ဖက်က တိုင်းပြည်ကို သစ္စာရှိသည်ဟု အော်နေသော်လည်း၊ တစ်ဖက်တွင် ခြစားမှုကို ကျူးလွန်နေကြောင်း ဖော်ပြထားသည်။

    “စစ်တပ်ဟာ လက်နက်တွေကိုင်ထားတာပါ။ အဲဒီနောက်မှာ ခြစားမှုကို ဘယ်လိုဖုံးကွယ်ထားတာမျိုးမှ ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။ ကျန်းယန်မှာ ပါတီမှ ထုတ်ပယ်ခံလိုက်ရသော စစ်တပ်အရာရှိများဖြစ်သည့် ဂိုဘိုရှောင်း၊ ရှီချိုင်းဟုန်တို့နှင့်လည်း ဆက်နွယ်မှုရှိသည်။

    စစ်ကော်မရှင်၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဂိုဘိုရှောင်းမှာ ခြစားမှုကြောင့် အရေးယူခံရသည့် တရုတ်စစ်တပ် အရာရှိများတွင် ရာထူးအမြင့်ဆုံးဖြစ်သည်။ ကော်မရှင် ဒုတိယဥက္ကဌတစ်ဦးပင်ဖြစ်သည့် ရှီမှာ စုံစမ်းစစ်ဆေးမှုခံနေရစဉ် ၂၀၁၅ ခုနှစ်က ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

    Ref: CNA

  • ချို့တဲ့သည့် နိုင်ငံခြားအလုပ်သမားများကို အခမဲ့ကျွေးမွေးမယ့် ဒူဘိုင်းက စားသောက်ဆိုင်

    ချို့တဲ့သည့် နိုင်ငံခြားအလုပ်သမားများကို အခမဲ့ကျွေးမွေးမယ့် ဒူဘိုင်းက စားသောက်ဆိုင်

    နိုဝင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    – တိုင်းပြည်ကို လာရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေ အစားအသောက်အတွက် ချွေတာနေရတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဒူဘိုင်းက စားသောက်ဆိုင်တစ်ချို့ဟာ အခမဲ့ အစားအသောက်တွေ စီစဉ်ပေးနေတယ်လို့ သိရပါတယ်။

    ဒူဘိုင်းမြို့ အလ်ဘာရှာရပ်ကွက်က Foul w Hummus ဂျော်ဒန်စားသောက်ဆိုင် အ၀င်အ၀မှာ “ခင်ဗျားတို့ ၀ယ်မစားနိုင်ဘူးဆိုရင် အခမဲ့ စားလို့ရပါတယ်။ ဒါဟာ အလ္လာဟ်အရှင်မြတ်ပေးတဲ့ လက်ဆောင်ပါ” လို့ အာရဘီ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲပေးထားပါတယ်။

    စားသောက်ဆိုင်ပိုင်ရှင် ဖာဒီ အေယဒ်က သူ့ဆိုင်နားမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်ကြမ်းသမားတွေ၊ အေဂျင်စီတွေကနေတစ်ဆင့် အလုပ်ရှာကြတဲ့ နိုင်ငံခြားသား လူငယ်တွေဟာ ပိုက်ဆံမလောက်ငှတဲ့အတွက် အစားအသောက် ၀၀၀လင်လင် မစားရတာကို ကြုံတွေ့ရတယ်လို့ ပြောပါတယ်။

    “လူတော်တော်များများ အထူးသဖြင့် အခုမှရောက်လာကြသူတွေဟာ ပိုက်ဆံအကန့်အသက်ရှိပြီး တစ်ခါတစ်လေဆိုရင် စားဖို့တောင် မလောက်ပါဘူး။ ဒါ့ကြောင့် သူတို့တွေကို ထောက်ပံ့ဖို့ စဉ်းစားခဲ့တာပါ” လို့ သူက ဆိုပါတယ်။

    အေယဒ်ဟာ ဂျော်ဒန်ကနေ ပြောင်းရွှေ့အခြေချလာသူတစ်ယောက်ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ဒီစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    သူ့ဆိုင်မှာ အခုဆိုရင် တစ်နေ့ကို လူ ၁၀ ယောက်လောက်ကို ပုံမှန် ဒါနပြုနေရပြီး အလုပ်ကြမ်းသမားတွေ၊ အခုမှရောက်လာကြသူတွေကနေ အစားအသောက်ဖိုး မတတ်နိုင်တဲ့ မိသားစုတွေအထိ ပါဝင်ပါတယ်။

    “ကျွန်တော့်တို့ဟာ လူ့အဖွဲ့အစည်းတစ်ခုတည်းပါ။ တတ်နိုင်သလောက် တစ်ယောက်နဲ့တစ်ယောက် ဖေးမသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကနေ လှူဒါန်းတာမျိုးပေါ့” လို့ အသက် ၃၇ နှစ်အရွယ် အယေဒ်က ပြောပါတယ်။

    အလုပ်သမား ၁၅ ယောက်လောက်နဲ့ လည်ပတ်နေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ထားတဲ့ အီဂျစ်နိုင်ငံသား အသက် ၃၀ အရွယ် အမ်ရို မိုဟာမက်ကလည်း အေယဒ်ရဲ့ ဒီဒါနပြုမှုကို သဘောာကျပြီး လိုက်လုပ်ခဲ့သူပါ။

    ဒီအစီအစဉ်ကြောင့် ပတ်ဝန်းကျင်ကနေ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကို ရရှိပြီး အိမ်နီးချင်းတွေ၊ ဖြတ်သွားဖြတ်လာလုပ်သူတွေဟာ ငွေသားတွေ လှူဒါန်းကြတဲ့အထိ ရှိတယ်လို့ ဆိုပါတယ်။

    “စားဖို့အတွက် မတတ်နိုင်ပေမယ့် ရှက်ကြောက်ကြတဲ့သူတွေလည်း ရှိတယ်ဗျ။ ဆိုင်မှာ ဈေးအပေါဆုံးဆိုတာကို မှာကြတယ်။ အဲဒီလိုအခါမျိုးမှာ ကျွန်တော်တို့ ဒါနပြုလိုက်တယ်” လို့ မိုဟာမက်က ပြောပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၅ နှစ်အရင်က ယူအေအီးကို ရောက်ရှိခဲ့တာပါ။

    တစ်ခါတစ်ရံမှာ အလုပ်သမားအဖွဲ့တွေဟာ ဆိုင်ရှေ့က အခမဲ့ဆိုင်းဘုတ်ကိုကြည့်ပြီး ရပ်နေပေမယ့် မ၀င်ရဲတာကြောင့် သူတို့ကို ထွက်ပြီး ဖိတ်ခေါ်ရကြောင်း၊ တစ်ခါမှာ အသားညှပ်မုန့် သေးသေးလေးတစ်ခု မှာတဲ့ လူငယ် နိုင်ငံခြားသားအလုပ်သမားတစ်ယောက်ကို ဟင်းပွဲကြီး ချပေးလိုက်တဲ့အခါ ၀မ်းသာလွန်းလို့ ချုံးပွဲချငိုကြောင်း မိုဟာမက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားတဲ့ ကောင်းချီးမင်္ဂလာတွေကို ကျွန်တော်တို့ မျှဝေခံစားတာပါ။ ကမ္ဘာပေါ်မှာ လူကောင်းတွေလည်း ရှိနေတယ်ဆိုတာ လူတွေကို ကျွန်တော်တို့ ပြချင်ပါတယ်”

    Ref: Khaleejtimes

  • မြန်မာနိုင်ငံတွင် ဘာသာရေးခွဲခြားမှုမရှိဟု ကာကွယ်ရေးဦးစီးချုပ်က ပုပ်ရဟန်းမင်းကြီးကို ပြောဆို

    မြန်မာနိုင်ငံတွင် ဘာသာရေးခွဲခြားမှုမရှိဟု ကာကွယ်ရေးဦးစီးချုပ်က ပုပ်ရဟန်းမင်းကြီးကို ပြောဆို

    နိုဝင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် မြန်မာစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ရှမ်းပြည်နယ်မှ ခရစ်ယာန်ကက်သလစ် ဘုရားကျောင်း

    – မြန်မာနိုင်ငံမှာ ဘာသာရေအရ ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး၊ မိမိတို့ တပ်မတော်မှာလည်း ဒီလို ခွဲခြားမှုမျိုးမရှိဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း
    ထုတ်ပြန်ပါတယ်။

    မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး သိမ်ဖြူလမ်းက စိန့်မေရီဘုရားကျောင်းမှာ သီတင်းသုံးနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ မနေ့ညနေပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

    အဲဒီတွေ့ဆုံမှုအတွင်းမှာ ကာကွယ်ရေးဦးစီးချုပ်က အခုလို မြန်မာနိုင်ငံကို လာရောက်တဲ့အတွက် ကြိုဆိုကြောင်း၊ ဘာသာတရားအားလုံးဟာ ငြိမ်းချမ်းဖို့၊ ညီညွတ်ဖို့၊ တရားမျှတဖို့ဆိုတဲ့ လောကပါလတရားကို လိုလားကြောင်း၊ မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဖိနှိပ်ဆက်ဆံခြင်းတွေမရှိဘဲ လွပ်လပ်စွာ ကိုးကွယ်ခွင့်ပြုထား
    ကြောင်း၊ မိမိတို့ တပ်မတော်ထဲမှာလည်း အတူတူပဲဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ဗာတီကန်ကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ အထူးစစ်ဆင်ရေးဗျူရိုက အရာရှိ ၃ ဦးဟာ ပုပ်ရဟန်းမင်းကြီးနဲ့ ၁၅ မိနစ်ကြာ တွေ့ဆုံစကားပြောခဲ့ပြီး ‘လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ နိုင်ငံအာဏာပိုင်တွေရဲ့တာဝန်ဟာ အလွန်ကြီးကြောင်း’ ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
    တွေ့ဆုံမှု အသေးစိတ်ကိုတော့ ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ ဂရက်ဂ်ျ ဘာကီက မထုတ်ပြန်ခဲ့ပါဘူး။

    ပုပ်ရဟန်းမင်းကြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဖို့ မူလအစီအစဉ်ဟာ ဗုဒ္ဓဟူးနေ့မှာဖြစ်ပေမယ့် ဘာ့ကြောင့် အစီအစဉ် ပြောင်းသွားလဲဆိုတာကို မသိရှိရပါဘူး။

    Ref: တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Facebook စာမျက်နှာ၊ The Guardian

  • ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်ဆုကို အောက်စဖို့ဒ်မြို့က ပြန်လည်ရုပ်သိမ်း

    ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်ဆုကို အောက်စဖို့ဒ်မြို့က ပြန်လည်ရုပ်သိမ်း

    နိုဝင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    ၂၀၁၂ ခုနှစ်က အောက်စဖို့ဒ်တက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့ရရှိပြီးနောက် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

    – ရိုဟင်ဂျာတွေအပေါ် သူမရဲ့သဘောထားကို လက်မခံနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of Oxford ဆုတံဆိပ်ကို အောက်စဖို့ဒ်မြို့တော်ကောင်စီက မနေ့မှာ တစ်ညီတစ်ညွတ်တည်း မဲခွဲဆုံးဖြတ်ကာ ရုပ်သိမ်းလိုက်ပါတယ်။

    “လူနည်းစု ရိုဟင်ဂျာတွေ ဖိနှိပ်ချုပ်ချယ်ခံရမှုမှာ သူမအနေနဲ့ နှုတ်ဆိတ်နေတာကြောင့် မြို့ရဲ့ အမြင့်ဆုံးဆုတံဆိပ်ကို ရုပ်သိမ်းဖို့ မလုပ်စဖူး အလုပ်တစ်ခုကို လုပ်လိုက်ရတာပါ။ အောက်စဖို့ဒ်မှာ မတူကွဲပြားစွာ ညီညွတ်ပြီး လူသားဆန်တဲ့ မြို့တစ်မြို့အဖြစ် သမိုင်းနဲ့ချီတဲ့ ယဉ်ကျေးမှုတစ်ရပ် ရှိခဲ့ပါတယ်။ အကြမ်းဖက်မှုကို မျက်ကွယ်ပြုနေတဲ့သူတွေအပေါ် ဂုဏ်ပြုတာဟာ ကျွန်မတို့မြို့ရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်” လို့ မြို့တော်ကောင်စီဝင် မေရီ ကလာ့ခ်ဆန်က ပြောကြားခဲ့ပါတယ်။

    ဒီဆုကိုရုပ်သိမ်းရေးအဆိုကို သူမက တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဆုကို ပြန်လည်ရုပ်သိမ်းရေး မဲခွဲဆုံးဖြတ်ဖို့ အောက်စဖို့ဒ် မြို့တော်ကောင်စီက အောက်တိုဘာလမှာ အတည်ပြုခဲ့တာပါ။

    မြို့တော်ကောင်စီရဲ့ ဒီလိုဆောင်ရွက်ချက်ဟာ ရိုဟင်ဂျာပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို ဆောင်ကျဉ်းပေးဖို့ အခြားသူတွေကို ဆော်သြတဲ့အသံတစ်ခု ထုတ်ပေးတာမျိုးဖြစ်မယ်လို့ မျှော်လင့်ကြောင်းလည်း ကလာ့ခ်ဆန်က ထည်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်အာဏာရှင်စနစ် ကြီးစိုးနေတဲ့အချိန် ဒီမိုကရေစီအရေး စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၇ ခုနှစ်မှာ ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

    ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်ဆုအပါအ၀င် နိုင်ငံတကာက ဆုပေါင်းများစွာ ရရှိခဲ့သူပါ။

    ဒါပေမယ့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ ဖိနှိပ်ချုပ်ချယ်ခံရမှုအပေါ် သူမရဲ့ နှုတ်ဆိတ်နေမှုအတွက် ပြီးခဲ့တဲ့လတွေမှာ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုကို အကြီးအကျယ် ခံလာရပါတယ်။

    သူမပညာဆည်းပူးခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုဂ်ျကောလိပ်က အာဏာပိုင်တွဟာ ကောလိပ်အဓိက၀င်ပေါက်မှာ ချိတ်ဆွဲထားတဲ့ သူမရဲ့ ပုံတူပန်းချီကို ဖယ်ရှားဖို့ စက်တင်ဘာလမှာ ဆုံးဖြတ်ခဲ့ပြီး၊ ကောလိပ်ကျောင်းသားတွေကလည်း ဧည့်ခန်းမှာ သူမရဲ့အမည်ထားရှိမှုကို အောက်တိုဘာလမှာ ဖယ်ရှားခဲ့ပါတယ်။

    အခုအစောပိုင်းမှာလည်း ကမ္ဘာကျော်အဆိုတော် ဘော့ ဂျဲလ်ဒေါ့ဖ်က သူရရှိထားတဲ့ Freedom of the City of Dublin ဆုကို ပြန်အပ်ခဲ့ပြီး ရိုဟင်ဂျာတွေ ဖိနှိပ်ချုပ်ချယ်ခံရမှုအပေါ် နှုတ်ဆိတ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဒက်ဘလင်မြို့တော်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း Freedom of the City of Dublin ဆုကိုချီးမြှင့်ထားတာပါ။

    Ref: The Guardian

  • မိုးကျရွှေကိုအာဏာကို ရခိုင်ပြဿနာနဲ့ အရောင်တင်နေတာ ဘယ်သူလဲ

    မိုးကျရွှေကိုအာဏာကို ရခိုင်ပြဿနာနဲ့ အရောင်တင်နေတာ ဘယ်သူလဲ

    နိုဝင်ဘာ ၂၇၊ ၂၀၁၇
    M-Media

    – လက်ရှိ မြန်မာနိုင်ငံမှာ အာဏာပါဝါ အကြီးဆုံးဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မကြာသေးခင် (ရခိုင်ပြည်နယ်က) ရွာတွေကို မီးမရှို့ခင်အချိန်အထိ နိုင်ငံရဲ့ စစ်ဖက်အသိုင်းအ၀ိုင်းအပြင်ဘက်မှာ လူသိပ်မသိကြပါဘူး။

    ၂၀၀၉ ခုနှစ်က သီတင်းပတ်အနည်းငယ်အတွင်း သူ့တပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံအရှေ့ပိုင်းက တိုင်းရင်းသားတွေနေထိုင်တဲ့ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကိုးကန့်ဒေသတို့မှာ လူပေါင်း ထောင်နဲ့ချီကို မောင်းထုတ်ခဲ့ကြပါတယ်။ ဒေသခံတွေကတော့ စစ်သားတွေဟာ လူသတ်တယ်၊ အဓမ္မကျင့်တယ်၊ စနစ်တကျ မီးရှို့ဖျက်ဆီး
    တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

    နောက်ထပ် ၂ နှစ်အကြာမှာတော့ ဗိုလ်ချုပ်ကြီးဟာ အယောင်ပြ ဒီမိုကရေစီရွေးကောက်ပွဲတွေ လုပ်ပေမယ့် စစ်တပ်ကို အာဏာပါဝါပေးထားတဲ့ အခြေခံဥပဒေနဲ့ မြန်မာနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ်က သူ့တပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ဒီနှစ်မှာ ထပ်မြင်လာရပြီး ရိုဟင်ဂျာ ၆ သိန်း ၂ သောင်းကျော်လောက်ကို မောင်းထုတ်ခဲ့ကြပါတယ်။ အမေရိကန်ကတော့ ဒါဟာ လူမျိုးစုလိုက် သုတ်သင်မှုလို့ တရားဝင် ကြေငြာခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကို မောင်းထုတ်မှုအပေါ် ခွင့်ပြုတဲ့အတွက် အရပ်သားအစိုးရခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေက ရေးသားခဲ့တဲ့ အခြေခံဥပဒေအရ သူမဟာ စစ်တပ်အပေါ်မှာ ဘာအာဏာမှ မရှိပါဘူး။

    စစ်တပ်ဟာ အသက် ၆၁ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ဦးတည်းရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိနေပါတယ်။

    ရိုဟင်ဂျာတွေအပေါ် သူ့ရဲ့ ဆောင်ရွက်မှုတွေဟာ သူ့အနေအထားကို ပိုမိုခိုင်မာစေခဲ့ပြီး အခြား စစ်ခေါင်းဆောင်တွေနဲ့ တိုင်းပြည်ရဲ့ လူများစုဗုဒ္ဓဘာသာဝင်တွေ အုံးအုံးကြွက်ကြွက် ထောက်ခံမှု ရလာအောင် ဖန်တီးနိုင်ခဲ့ပါတယ်။

    “သူတို့ကိုယ်တိုင်တောင် မထင်မိခဲ့ဘူး။ သူတို့က ဂျက်ကောင်းကို ကိုင်မိသွားတာ။ ဒီမိုကရေစီသက်တမ်း ၆ နှစ်မှာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကထက်ပိုပြီး သူတို့ဟာ လူထုထောက်ခံမှု ရရှိလာတယ်” လို့ ရန်ကုန်က လေ့လာဆန်းစစ်သူ ဒေးဗစ် စကော့ မက်သီဆန်က စစ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြို၊ ကမ်းပြို အနိုင်ရခဲ့ပေမယ့် သမ္မတမဖြစ်အောင် ပိတ်ဆို့တားဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိထိရောက်ရောက် ဟန့်ထားနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားတာကြောင့် ‘နိုင်ငံတော်အတိုင်ပင်ခံ’ ဆိုတဲ့
    နေရာတစ်ခုကို ဖန်တီးကာ သူမဟာ အစိုးရကို ဦးဆောင်နေပါတယ်။

    သူမနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ တွေ့ဆုံ စကားပြောဆိုမှု သိပ်မရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီးရဲ့စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာပုံရိပ်ကို တော်တော်လေး ထိခိုက်စေပါတယ်။

    “စစ်တပ်အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့အစိုးရဟာ ပြည်တွင်း၊ ပြည်ပ ဝေဖန်မှုတွေကို ခါးစီးခံပေးမယ့် လူသားတံတိုင်းကြီးပါ” လို့ လန်ဒန်အခြေစိုက် ဘားမားကမ်ပိန်းက ဒါရိုက်တာ မာ့ခ် ဖာမနာက ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လုပ်ပိုင်ခွင့်မှာ အဓိကကျတဲ့ အစိုးရ၀န်ကြီး ၃ ပါး ခန့်အပ်ခွင့်၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေကို ကွပ်ကွဲခွင့်၊ စီးပွားရေး လုပ်ငန်းစုကြီး ၂ ခုကို ကြီးကြပ်ခွင့်တွေ ပါဝင်ပါတယ်။ သူဟာ လွှတ်တော်အမတ် တစ်မတ်သားကိုလည်း ခန့်အပ်ခွင့်ရှိပြီး ဒီပမာဏဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်
    သတ်လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို တားဆီးပိတ်ပင်ဖို့ လုံလောက်တဲ့အရေအတွက် ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးဟာ ရံဖန်ရံခါမှာ လူလုံးထွက်ပြတတ်ပြီး သူ့ရဲ့ ထိပ်တန်းတွေ့ဆုံမှုတွေအကြောင်းကိုလည်း ဆိုရှယ်မီဒီယာ စာမျက်နှာမှာ လွင့်တင်လေ့ရှိပါတယ်။ များသောအားဖြင့် သူဟာ သူ့ရဲ့အာဏာကို ကန့်လန်ကာနောက်ကွယ်ကနေ လူမသိသူမသိ အခိုင်အမာတည်ဆောက်ထားသူပါ။ သူ့ကိုသိတဲ့လူတွေဟာ သူ့ရဲ့ စိတ်နေစိတ်ထားအကြောင်း၊ ပြောစကားတွေအကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ နယူးယောက်တိုင်းမ်စ်ရဲ့ မေးမြန်းမှုကို ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

    လက်ရှိ စစ်တပ်အရာရှိတွေ၊ အရင် စစ်တပ်အရာရှိဟောင်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လေ့လာဆန်းစစ်သူတွေ၊ သံတမန်တွေ၊ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ ၃၀ ကျော်လောက်ကို အင်တာဗျူးမှုအရ ဗိုလ်ချုပ်မှူးကြီးဟာ ပြတ်သားတဲ့ အမျိုးသားရေးဝါဒကို မြှင့်တင်ပေးဖို့အတွက် သူ့ရဲ့ အာဏာကို အသုံးချနေတဲ့
    ရေရှည်ကြည့်တဲ့ ဗျူဟာရှင်တစ်ယောက်ပုံမျိုး ပေါ်လာပါတယ်။

    လူတော်တော်များများက သူ့အနေနဲ့ နောက်လာမယ့် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားမယ်လို့ မျှော်လင့်ထားကြပါတယ်။

    “သူ့ရဲ့ ရည်ရွယ်ချက်က ၂၀၂၀ ခုနှစ်မှာ သမ္မတ ဖြစ်လာဖို့ပါ” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီက အကြံပေး ဦးဝင်းထိန်က ပြောကြားခဲ့ပါတယ်။

    ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ယောက်ရဲ့ သားဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့လယ်ကောင်မှာ ကြီးပြင်းခဲ့သူပါ။

    အထက်တန်းပြီးတဲ့နောက်ပိုင်းမှာ သူဟာ ဥပဒေကို လေ့လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အိပ်မက်က ရာစုနှစ်ဝက်လောက်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးနစ်မှာ လူငယ်တစ်ယောက် အောင်မြင်ဖို့ အသေချာဆုံးလမ်းကြောင်း စစ်တက္ကသိုလ်ကို တက်ရောက်ဖို့ပါ။ စစ်တက္ကသိုလ်ဝင်ခွင့်ကို ၃ ကြိမ်မြောက်မှ အောင်မြင်ခဲ့တယ်လို့ ဗိုလ်ချု
    ပ်မှူးကြီးရဲ့ ငယ်သူငယ်ချင်း ဦးလှဦးက ပြောပါတယ်။ ဦးလှဦးဟာ လက်ရှိ သြစတေးလျမှာနေထိုင်ပြီး စာရေးနေပါတယ်။

    အနာဂတ် ဗိုလ်ချပ်တစ်ယောက်ဖြစ်လာမယ့် သူဟာ အပြုံးကြောင့် ထင်ရှားပေမယ့် အခြားသူတွေကို ဝေဖန်ပစ်တင်တတ်တာကြောင့် သူငယ်ချင်းအပေါင်းအသင်း နည်းခဲ့ပါတယ်။ သူနဲ့ ခေတ်ပြိုင်တွေက သူ့ကို ‘ကြောင်ချေး’ လို့ အမည်ပေးခဲ့ကြောင်း ဦးဝင်းထိန်အပါအ၀င် စစ်သားဟောင်တွေက ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးနဲ့ ဗိုလ်လောင်းဘ၀မှာ အတူတက်ခဲ့ဖူးတဲ့ တစ်ယောက်က ၂၀၁၁ ခုနှစ် ရေဒီယိုအင်တာဗျူးမှာ ငယ်ရွယ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဂျူနီယာတွေအပေါ် အနိုင်ကျင့်ရတာကြိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူ့ကို ကျွန်တော်တို့ အသေကြောက်ရတာ။ သူ့ရှေ့ကို ကျွန်တော်တို့ ဖြတ်လျှောက်တဲ့အခါတိုင်းမှာ သူက အမြဲ အပြစ်ရှာလေ့ရှိတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သူ့ကို ဝေးဝေးကရှောင်တယ်” လို့ အမေရိကန်ကို ဘက်မပြောင်းခင် ထောက်လှမ်းရေးအရာရှိနဲ့ သံတမန်ဖြစ်ခဲ့ဖူးတဲ့ ဦးအောင်လင်းထွဋ်က ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးဟာ ၁၉၇၇ ခုနှစ်မှာ စစ်တက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ခြေမြန်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ကာ တိုင်းရင်းသားလူနည်းစုတွေအပေါ် ပြုလုပ်တဲ့ စစ်ပွဲတွေ့ သူ့ရဲ့ ဖြစ်တည်မှုကို အဆုံးအဖြတ် ပေးခဲ့ပါတယ်။ စစ်တပ်ဟာ ‘ဖြတ်လေးဖြတ်’ နည်းလမ်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး အစားအသောက်၊ ငွေကြေး၊ ထောက်လှမ်းရေးနဲ့ လူသစ်စုဆောင်းရေးတွေကို တားဆီးဟန့်တား ဖြတ်တောက်ကာ လက်နက်ကိုင်အဖွဲ့တွေကို လူထုနဲ့ ဝေးကွာအောင် ဆောင်ရွက်ခဲ့ပါတယ်။

    “ရွာလုံးကျွတ် မီးရှို့တယ်ဆိုတာ သူတို့ နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကိစ္စပါ။ တစ်ချိန်လုံး ဒီလို မီးရှို့မှုတွေ ဖြစ်နေတဲ့အချိန်မှာ သူဟာ ရာထူးတွေ တက်လာတာပါ” လို့ မစ္စတာ မက်သီဆန်က ဆိုပါတယ်။

    ‘ကျွန်ုပ်၏ ချစ်သူငယ်ချင်း မင်းအောင်လှိုင်’ ဆိုတဲ့ မှတ်တမ်းမှာ ဦးလှဦးက ‘ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်မှာ သူဟာ တကယ့်ကို စစ်ဆာနေတဲ့ စစ်သားတစ်ယောက်ပါ’ လို့ ရေးသားခဲ့ပါတယ်။

    သူ့အထက် တပ်မမှူးတွေထဲက တစ်ယောက်ဟာ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးဖြစ်လာပြီး စစ်အာဏာရှင်အုပ်စုကို ဦးဆောင်တဲ့ ဗိုလ်မှူးကြီးသန်းရွှေ ဖြစ်တယ်လို့ ဦးလှဦးက ဆိုပါတယ်။

    ၂၀၀၉ ခုနှစ် အစောပိုင်းမှာ မင်းအောင်လှိုင်ဟာ အထူးစစ်ဆင်ရေး-၂ ဗျူရိုအကြီးအကဲအဖြစ် မြန်မာနိုင်ငံက အရှေ့မြောက်ပိုင်းကို ကြီးကြပ်ရပါတယ်။ အဲဒီနှစ် ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ သူ့ရဲ့တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသား လက်နက်ကိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၅ သောင်း
    နီးပါးလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    “အဲဒီကိစ္စကို သွေးအေးအေးနဲ့ စနစ်တကျ ဆောင်ရွက်ခဲ့တာပါ။ စစ်သားတွေဟာ အိမ်တွေကိုမီးရှို့ဖို့ ဓာတ်ဆီတွေကို ယူဆောင်လာပြီး အဆောက်အဦးတွေ မီးလောင်ပေါက်ကွဲတဲ့အခါတိုင်း ဌာနချုပ်ကို ရေဒီယိုကနေတစ်ဆင့် သတင်းပို့ပါတယ်” လို့ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ Kham Harn Fah က ပြော
    ကြားခဲ့ပါတယ်။

    ကိုးကန့်ခေါင်းဆောင် ဖုန်းကြားရှင်ကို ဖမ်းဖို့ စစ်တပ်က ကြိုးစားခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ခိုက်မှု စတင်လာပါတယ်။ တိုက်ခိုက်မှုအရှိန်မြင့်လာပြီး ဒါဇင်နဲ့ချီ သေဆုံးကာ ဒုက္ခသည် ၃၇၀၀၀ လောက် တရုတ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ ဖုန်းကြားရှင်က စစ်သားတွေဟာ ဓားမြတိုက်တာ၊ အဓမ္မကျင့်တာ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် မတ်လမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စီနီယာကျပြီး အတွေ့အကြုံရှိတဲ့ ဗိုလ်ချုပ်တွေကိုကျော်ကာ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

    သူ့ကိုရွေးချယ်မှုဟာ အခြေခံဥပဒေသစ်အောက်မှာ အစိုးရကို ပြန်လည်တည်ဆောက်ရေး စစ်ခေါင်းဆောင် ဦးသန်းရွှေရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အဲဒီတုန်းက အသက် ၇၀ ကျော်နေတဲ့ ဗိုလ်သန်းရွှေတစ်ယောက် သူ့ရဲ့ ရက်စက်ကြမ်းကြုတ်ခဲ့မှုတွေနဲ့ ဥစ္စာပစ္စည်း မတရားရယူခဲ့တာတွေကို ပြဿနာမလုပ်မယ့်
    ယုံကြည်စိတ်ချရတဲ့ ဆက်ခံသူတစ်ယောက် လိုအပ်ခဲ့တာပါ။

    ဗိုလ်သန်းရွှေဟာ သမ္မတဦးသိန်းစိန်အပါအ၀င် အခြား ထိပ်တန်းဗိုလ်ချုပ်နှစ်ယောက်ကို အရပ်ဖက်နေရာတွေမှာ ထည့်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးရာထူးကို ရရှိခဲ့ပါတယ်။ ဘယ်သူက သူ့ကို ရာထူးတိုးပေးလိုက်လဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဗိုလ်ချုပ်မှူးကြီးဟာ ဦးသိန်းစိန်ရဲ့ သမ္မတနေရာကို ဆက်ခံဖို့ တန်းစီထားပေမယ့် ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သောင်ပြိုကမ်းပြို အနိုင်ရလိုက်တာကြာင့် ဒီအစီအစဉ်ဟာ ပျက်ဆီးသွားပါတယ်။

    ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ပင်စင်ယူရမယ့်အသက် ၆၀ ကို ရောက်နေပေမယ့် နောက်ထပ် ၅ နှစ်ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ သင့်လျော်မှု မရှိဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သူဟာ တိုင်းပြည်အကြီးအကဲလို ပြုမူဆောင်ရွက်ပြီး နိုင်ငံခြားကိုသွားကာ ခေါင်းဆောင်တွေ၊ လက်နက်ရောင်းသူတွေနဲ့တွေ့တာ နေပြည်တော်မှာ သံအမတ်တွေ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေကို လက်ခံတွေ့ဆုံတာတွေ လုပ်ပါတယ်။

    “သူက အသေးစိတ်တွေအထိ ဂရိုစိုက်ပါတယ်။ တွေ့ဆုံတဲ့အခါမှာ ဖော်ဖော်ရွေရွေရှိပြီး သူ့ကိုယ်သူ တိုင်းပြည်ခေါင်းဆောင်ဆိုတာ ပြချင်တာပါ” လို့ Institute for Strategy and Policy Myanmar က အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်က ပြောကြားခဲ့ပါတယ်။

    Twitter နဲ့ Facebook မှာလည်း သူဟာ အိနြေ္ဒရရနဲ့ နိုင်ငံခြားအသင်းအဖွဲ့တွေက ‘အနိုင်ကျင့်တယ်’ ဆိုတာမျိုး ဝေဖန်တာ၊ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေက ‘အမှန်တရားကို ဖုံးကွယ်နေတယ်’ လို့ စွပ်စွဲပြောကြားတာတွေ လုပ်ပါတယ်။ အခြားသော အမျိုးသားရေးဝါဒီတွေလိုပဲ သူဟာ ‘ဘင်္ဂါလီ’ လို့ သုံးနှုန်းပြီး သူတို့တွေဟာ တရားမ၀င် ပြောင်းရွှေ့လာသူတွလို့ အခိုင်အမာ ဆိုထားပါတယ်။

    “ဘင်္ဂလားဒေ့ရှ်ကို ဘင်္ဂါလီအများအပြား ထွက်ပြေးတယ်ဆိုတာ ချဲ့ကားပြောဆိုတာပါ” လို့ အောက်တိုဘာလက အမေရိကန်သံအမတ် စကော့မာရှယ်နဲ့ တွေ့ဆုံပြီးတဲ့နောက် သူက Facebook စာမျက်နှာမှာ အင်္ဂလိပ်လို့ ရေးတ်ခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မယ့် ကိစ္စအတွက် သဘောတူညီချက်ရရှိခဲ့ပြီလို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ခြင်း မရှိပါဘူး။

    မြန်မာနိုင်ငံမှာ စစ်တပ်က ခေါင်းတစ်လုံးမြင့်နေတာဟာ မတော်တဆကိစ္စ မဟုတ်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်က သီသန့်အာဏာတွေ ယူထားပြီး နားလည်ရခက်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာစေမယ့် အခြေခံဥပဒေကို ဗိုလ်ချုပ်တွေဟာ ၁၅ နှစ်ကျော်လောက် ရေးဆွဲခဲ့တာပါ။

    သမ္မတကို လွှတ်တော်က ခန့်တာကြောင့် တစ်မတ်သား လက်ဝယ်ရှိထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟာ အနာဂတ် အားပြိုင်မှုတွမှာ ခေါင်းတစ်လုံးပိုမြင့်စေပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာတွေကို သူကပဲ ထိန်းချုပ်ထားတာကြောင့် အုပ်ချုပ်ရေးကိစ္စတွေမှာလည်း သူဟာ သြဇာအာဏာ ရှိနေပါတယ်။

    “နေ့စဉ်နဲ့အမျှ တိုင်းပြည်ကို အုပ်ချုပ်နေမှုဟာ သူ့လက်အောက်မှာပဲရှိပါတယ်”လို့ ရန်ကုန်မြို့က အလွတ်တန်း လေ့လာဆန်းစစ်သူ ဦးရန်မျိုးသိန်းက ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးဟာ ထောက်လှမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ကြီးကြပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ကကိစ္စတွေနဲ့ပတ်သက်ပြီး စစ်တပ်က အသိပေးမှသာ သိရတာဖြစ်ပါတယ်။

    စစ်တပ်ဟာ တိုင်းပြည်ရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီးနှစ်ခုဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

    အဲဒီအောက်က ကုမ္ပဏီတွေဟာ ကျောက်စိမ်းတူးဖော်ရေး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ အိုင်တီအပါအ၀င် ကဏ္ဍတော်တော်များများမှာ လုပ်ကိုင်နေတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

    သမိုင်းနဲ့ချီပြောရရင် ဒီလုပ်ငန်းတွေဟာ ဗိုလ်ချုပ်တွေ ချမ်းသာကြွယ်ဖို့ အရေးပါတဲ့ ရင်းမြစ်တွေဖြစ်တယ်လို့ ရန်ကုန်မြို့က လွတ်လပ်တဲ့ ပေါ်လစီစင်တာတစ်ခုဖြစ်တဲ့ နိုင်ငံရေးလေ့လာမှုဆိုင်ရာ တကောင်းအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ပြောပါတယ်။

    “သူတို့မှာ ကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးတစ်ခု ရှိနေပါတယ်။ အဲဒီအတွက် သူဟာ လွှတ်တော် ဒါမှမဟုတ်အစိုးရကို အစီရင်ခံစရာ မလိုပါဘူး။ စီးပွားရေးနဲ့စစ်တပ် ဆက်နွယ်မှုသမိုင်းကြောင်းဟာ ရှည်လျားပါတယ်။ ဒါကိုရပ်တန့်ဖို့ တော်တော်ခက်ပါတယ်” လို့ သူက ဆိုပါတယ်။

    မြန်မာနိုင်ငံက မြေယာတော်တော်များများကို အစိုးရကပိုင်ပြီး ဗိုလ်ချုပ်တွေဟာ သူတို့ကြိုက်တဲ့ မြေတွေကို သိမ်းကာ သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေအပါအ၀င် လက်လှည်သင့်တဲ့လုပ်ငန်းတွေကို ပေးလေ့ရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနကနေတစ်ဆင့် မြေယာစီမံခန့်ခွဲမှုတော်တော်များများအတွက် ဆုံးဖြတ်ပိုင်ခွင့် ရှိနေပါတယ်။

    “မြေယာနဲ့ပတ်သက်တာအားလုံးကို သူက ထိန်းချုပ်ထားပါတယ်” လို့ စစ်တပ်က လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း သိမ်းယူခဲ့တဲ့ ရန်ကုန်မြို့ပြင်က လယ်မြေဧကပေါင်း ၂ သောင်းကျော်ကို ပြန်လည်ရရှိရေး လယ်သမားတွေကို ကိုယ်စားပြုနေတဲ့ ရှေ့နေ ဦးမြင့်သွင်က ပြောကြားခဲ့ပါတယ်။ မြေယာပြန်တောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး တ
    ရားစွဲခံရတာကြောင့် ၂၀၁၄ ခုနှစ်မှာ လယ်သမား ၂၀ လောက်ဟာ လနဲ့ချီ ထောင်ကျခဲ့ပါတယ်။

    ဦးမြင့်သွင်က လယ်သမားတွေဟာ သူတို့လယ်တွေကို ပြန်ပေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ စာရေးခဲ့တယ်လို့ ဆိုပါတယ်။

    “စစ်တပ်ကလူတွေက လယ်သမားတွေကို ခေါ်ပြီး ခြိမ်းခြောက်ကြပါတယ်။ ‘ခင်ဗျားစာကို ပြန်မရုပ်သိမ်းရင် အသရေဖျက်မှုနဲ့ ခင်ဗျားကို တရားစွဲမယ်’ ဆိုတဲ့ စာတစ်စောင်ကို စစ်တပ်က ကျွန်တော့်ဆီ ပို့ပါတယ်” လို့ ဦးမြင့်သွင်က ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးဟာ ရိုဟင်ဂျာတွေ စွန့်ခဲ့ရတဲ့ ရွာတွေကို လူမနေတဲ့နေရာအဖြစ် ကြေငြာကာ အခြားလူမျိုးစုကို ပေးပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာဖို့ခက်အောင် လုပ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း အချို့ တက်ကြွလှုပ်ရှားသူတွေမှာ ရှိနေပါတယ်။

    စက်တင်ဘာလမှာ ဗိုလ်ချုပ်မှူးကြီးဟာ မောင်တောဒေသကို သွားရောက်ခဲ့ပြီး ရိုဟင်ဂျာတွေဟာ စီးပွားရေးလုပ်ရာမှာ အခြားလူမျိုးစုတွေထက် ပိုအောင်မြင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုကြောင့် ထွက်ပြေးရတဲ့ ရိုဟင်ဂျာမဟုတ်သူတွေ ကိုယ့်ရဲ့နေအိမ်ကို ပြန်ကာ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ နယ်မြေကို ကျွန်တော်တို့တိုင်းရင်းသားတွေသာ ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ သူတို့နဲ့ ဆိုင်တဲ့နေရာပါ” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။

    Ref: New York Times

    ( New York Times သတင်းဌာနတွင် ဖော်ပြထားသော Myanmar General’s Purge of Rohingya Lifts His Popular Support ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးတွင် ရေးသားမှုများမှာ ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ)