News @ M-Media

Author: Ko Lay

  • ဗလီဗုံးခွဲသည့် အကြမ်းဖက်သမားများကို သုတ်သင်နိုင်ပြီဟု အီဂျစ်ကြေငြာ

    ဗလီဗုံးခွဲသည့် အကြမ်းဖက်သမားများကို သုတ်သင်နိုင်ပြီဟု အီဂျစ်ကြေငြာ

    နိုဝင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – သောကြာနေ့က ဆိုင်းနိုင်ကျွန်းဆွယ်ရှိ ဗလီဝတ်ကျောင်းတော်အား ဗုံးခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို သုတ်သင်နိုင်ခဲ့သည်ဟု အီဂျစ်စစ်တပ်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    “လေတပ်အနေနဲ့ အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေရာမှာ တွေ့ရှိခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရာမှာ ပါဝင်ခဲ့တဲ့ ယာဉ်တွေ တော်တော်များများကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ယာဉ်ပေါ်မှာ ပါလာတဲ့လူတွေလည်း သေဆုံးခဲ့ပါတယ်” ဟု အီဂျစ်တပ်မှ ထုတ်ပြန်သည် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ဆိုင်းနိုင်မြောက်ပိုင်း ဘီရ် အလ်-အဘဒ်မြို့ရှိ ဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဉ် သေနတ်သမားများမှာ ဗလီအတွင်း ဗုံးခွဲခဲ့ပြီး၊ ထွက်ပြေးသူများကို ကားများဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးသော်လည်း အီဂျစ်တရားသူကြီးတစ်ဦးက စနေနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ သေနတ်သမားများမှာ IS အလံ ကိုင်ဆောင်လာသည်ဟု ဖော်ပြထားသည်။

    တိုက်ခိုက်မှုကြောင့် လူပါင်း ၃၀၅ ဦး သေဆုံးခဲ့ပြီး ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အီဂျစ်အစိုးရက ထိုအဖြစ်အပျက်အတွက် ၃ ရက်တာ နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေငြာခဲ့သည်။

    Ref: Aljazeera

  • ဆင်ဟာလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို တစ်ကျော့ပြန်ခံလာရသော သီရိလင်္ကာမွတ်စလင်များ

    ဆင်ဟာလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို တစ်ကျော့ပြန်ခံလာရသော သီရိလင်္ကာမွတ်စလင်များ

    နိုဝင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    မီးလောင်သွားတဲ့ တုတ်တုတ်ဆိုင်ကယ်ဟာ အိမ်ရှေ့မှာ ရှိနေဆဲဖြစ်ပြီး ပြန်အသုံးပြုလို့ ရမယ့်အနေအထား မဟုတ်တော့ပါဘူး။ တစ်ချိန်က ပန်းရောင်ဆေးသုတ်ထားတဲ့ သူ့အိမ်မျက်နှာစာဟာ မီးခိုးမှိုင်းတွေကြောင့် မဲနေပါပြီ။ မျက်နှာကျက်ကလည်း ပြိုကျသွားပြီး ယက်မတန်းတွေတောင် မီးစွဲကုန်ပါတယ်။

     

    – နိုင်ငံမြောက်ပိုင်း ဂင်သိုတာမြို့ အမ်ပီတီယာရွာက သူ့အိမ်ကို ဗုဒ္ဓဘာသာ လူအုပ်ကြီးက တိုက်ခိုက်ခဲ့ပြီးနောက် တစ်ပတ်နီးပါး ကြာသွားခဲ့ပေမယ့် မိုဟာမက် အဘ်ရာရ်တစ်ယောက် တုန်လှုပ်နေဆဲပါ။

    နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဗလီဝတ်ကျောင်းတော်က ညပိုင်းဝတ်ပြုမှုအပြီး ပြန်လာကာ အနားယူတော့မယ့် အချိန်မှာ အိမ်နီးချင်းတွေရဲ့ အိမ်တွေ တိုက်ခိုက်ဖျက်ဆီးခံရသံကို သူ ကြားခဲ့ရပါတယ်။

    “ကျွန်တော့်အိမ်ကို ပထမဆုံး တိုက်ခိုက်တာက ပြတင်းပေါက်ကို ကျောက်ခဲနဲ့ပစ်တာဖြစ်ပြီး ဘောင်တွေ ကျိုးကုန်ပါတယ်။ လူ ၁၅၀၊ ၂၀၀ လောက်ဟာ သံတူရွင်းတွေ၊ အခြား လက်လုပ်လက်နက်တွေကို ကိုင်ပြီး တိုက်ခိုက်ကြတာပါ။ ခြံတံခါးကို သူတို့ဖျက်ဆီးပြီး ၀င်လာကာ ကျွန်တော့ရဲ့ တုတ်တုတ်ဆိုင်ကယ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ပါတယ်” လို့ တုတ်တုတ်မောင်းကာ အသက်မွေးမြူနေရတဲ့ အဘ်ရာရ်က ပြောပါတယ်။

    မီးလောင်သွားတဲ့ တုတ်တုတ်ဆိုင်ကယ်ဟာ အိမ်ရှေ့မှာ ရှိနေဆဲဖြစ်ပြီး ပြန်အသုံးပြုလို့ ရမယ့်အနေအထား မဟုတ်တော့ပါဘူး။ တစ်ချိန်က ပန်းရောင်ဆေးသုတ်ထားတဲ့ သူ့အိမ်မျက်နှာစာဟာ မီးခိုးမှိုင်းတွေကြောင့် မဲနေပါပြီ။ မျက်နှာကျက်ကလည်း ပြိုကျသွားပြီး ယက်မတန်းတွေတောင် မီးစွဲကုန်ပါတယ်။

    ခရီးသွားတွေနဲ့ စည်ကာတဲ့ ဂါလ်လီမြို့ရဲ့ ၇ ကီလိုမီတာအကွာမှာရှိတဲ့ ဂင်သိုတာက မွတ်စလင်လူ့အဖွဲ့အစည်းဟာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ရှိနေဆဲဖြစ်ပြီး၊ မီးလောင်နေတဲ့ အိမ်တွေ၊ ဆိုင်တွေက အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာကို သက်သေခံနေကြပါတယ်။

    ဒီအကြမ်းဖက်မှုဟာ ဂင်သိုတာမှာတင် မရပ်တန့်ဘဲ အခြားခရိုင်တွေကိုလည်း ပြန့်နှံ့သွားခဲ့ပြီး အကြမ်းဖက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့တွေကို အစိုးရက ချထားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်လူငယ်တွေအကြား ကားမတော်တဆမှုကြောင့် စကားများရာကနေ ဗုဒ္ဓဘာသာဝင်တွေက လူအုပ်နဲ့ အကြမ်းဖက်တာမျိုး ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။ နောက်ပိုင်းမှာတော့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအဖြစ် မြင့်တက်လာခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ အိမ်တွေနဲ့ အနည်းဆုံး ဗလီဝတ်ကျောင်းတော် ၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    မြင့်တက်လာတဲ့ တင်းမာမှု

    သီရိလင်္ကာမှာ အခုနှစ်အတွင်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ တစ်ကျော့ပြန်ဖြစ်လာခဲ့ပြီး စက်တင်ဘာလအတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကုလရဲ့ ကယ်ဆယ်ရေးစခန်းကို တိုက်ခိုက်တာ၊ ဇွန်လအတွင်းမှာ မွတ်စလင်အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

    ဂင်သိုတာ မွတ်စလင်လူငယ်အသင်းဝင်ဖြစ်ပြီး အကြမ်းဖက်ခံခဲ့ရတဲ့ မိုဟာမက် ဖိုက်ဇယ်က လတ်တလော အကြမ်းဖက်မှုဟာ နိုဝင်ဘာ ၁၃ ရက်နေ့က မွတ်စလင်အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ ယာဉ်မတော်တဆကိစ္စ စကားများရာကနေ စတင်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က တိုက်ခိုက်မှုတွေမဖြစ်အောင် အစောပိုင်းမှာ တားမြစ်နိုင်ခဲ့ပါတယ်။

    “နိုဝင်ဘာ ၁၇ ရက်နေ့အထိ အေးဆေးပဲဗျ။ ကျွန်တော်တို့လည်း ပုံမှန်အတိုင်း သောကြောနေ့ ဘုရားဝတ်ပြုပြီး အိမ်ပြန်လာတယ်။ ရဲတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေလည်း တော်တော်များများ ချထားပါတယ်” လို့ ဖိုက်ဇယ်က ဆိုပါတယ်။

    အဲဒီညမှာပဲ အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးလုပ်ငန်းစဉ်တွေ အားနည်းမှုက အခြေအနေကို ထိန်းမရသိမ်းမရ ဖြစ်သွားစေတယ်လို့ ဖိုက်ဇယ်က ပြောပါတယ်။

    ဂါလ်လီခရိုင်က လွှတ်တော်အမတ် မနူရှာ နာနာယက်ကရာက အထူးတပ်ဖွဲ့ဝင်တွေ ပြန်သွားတာဟာ အမှားတစ်ခု ဖြစ်သွားခဲ့ပြီး အကြမ်းဖက်အုပ်စုတွေကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။

    “ဒီပြဿနာက ဆင်ဟာလီ-မွတ်စလင် ကိစ္စကနေ စတင်တာမဟုတ်ပါဘူး။ လမ်းပေါ်က အသေးအဖွဲကိစ္စကနေ ဒီလောက်ကြီးကြီးကျယ်ကျယ် ဖြစ်သွားတဲ့အတွက် နှစ်ဖက်စလုံးကို အပြစ်တင်ရမှာပါ။ ဒီလိုပြဿနာမျိုး နောက်ထပ်မဖြစ်ပွားဖို့ ရွာက ဗလီတွေ၊ ဘုန်းကြီးကျောင်းတွေက ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး
    ကော်မတီ ဖွဲ့ထားသင့်ပါတယ်” လို့ နာနာယက်ကရာက ပြောကြားခဲ့ပါတယ်။

    ကြောက်ရွံ့မှုနှင့် စိတ်ဒဏ်ရာ

    အဲဒီအကြမ်းဖက်မှုအတွက် ရဲတပ်ဖွဲ့က အနည်းဆုံး လူပေါင်း ၂၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝမ် ဂူနာဆီကီရာက တိုက်ခိုက်မှုပေါင်း ၁၂၇ ခု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က တိုင်ကြားမှုရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်ကလည်း အလုသ်ဂမာမှာ ဒီလို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

    လူငယ် ၅၀ လောက်ပါတဲ့ လူအုပ်ဟာ သူ့အိမ်တည်ရှိရာ လမ်းကျဉ်းလေးထဲက အိမ်တွေကို စတင်တိုက်ခိုက်တဲ့အချိန်မှာ သူဟာ ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ အိမ်မှာရှိနေတယ်လို့ မိုဟာမက် ယာစီရ်က ပြောပါတယ်။

    “ကျွန်တော့်ဆိုင်ကယ်ကို လမ်းပေါ်ဆွဲသွားပြီး မီးရှို့ပစ်လိုက်တယ်။ ပထမတစ်ခေါက်ဖြစ်ပြီး ၃ မိနစ်လောက်ကြာတဲ့အချိန်မှာ နောက်ထပ် လူငယ် ၅ ယောက်အုပ်စုက အိမ်ရှေ့တံခါးမကြီးကို ဖျက်ဆီးလိုက်ပြီး၊ အိမ်ထဲကို ၀င်လာတယ်။ နံရံကပ်မှန်ဘီဒိုတွေကို ခွဲပြီး လက်ဝတ်ရတနာတွေကို လုသွားပါတယ်”

    အဲဒီဒေသက မွတ်စလင်စီးပွားရေးသမားတွေဟာ သူတို့ရဲ့ ဆိုင်တွေ၊ တစ်သက်လုံး ရှာဖွေခဲ့ရသမျှတွေ ဖျက်ဆီးခံရတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ သီရိလင်္ကာက မွတ်စလင်တွေဟာ ကြောက်ရွံ့မှုတွေ၊ စိတ်ဒဏ်ရာတွေနဲ့ နေထိုင်နေရပြီး အမျိုးသမီးတွေနဲ့ ကလေးတော်တော်များများဟာ သူတို့နေအိမ်ကို မပြန်ရဲကြပါဘူး။

    BBS အစွန်းရောက်အဖွဲ့ဝင်ဖြစ်ပြီး သွေးထိုးလှုံ့ဆော်ပေးတဲ့ စကားတွေကြောင့် မကောင်းသတင်းနဲ့ နာမည်ကြီးတဲ့ ဘုန်းကြီး Galogodaththe Gnanasara က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတဲ့ သတင်းတွေကြောင့် ဘုရားကျောင်းမှာ လူငယ် ၅၀၀ နီးပါးလောက် အဆင်သင့်ဖြစ်နေကြတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့
    ပါတယ်။ အလုသ်ဂမာမှာဖြစ်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုကို ဒီဘုန်းကြီးက သွေးထိုးလှုံ့ဆော်ပေးခဲ့တာပါ။ နိုဝင်ဘာ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာလည်း သူက ‘၂ နာရီအတွင်း သွေးပင်လယ်ဖြစ်သွားအောင် လုပ်နိုင်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ဘုန်းကြီးကျောင်းကို မွတ်စလင်တွေက တိုက်ခိုက်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေက အကြမ်းဖက်မှုကို ဖြစ်စေခဲ့တာလို့ ဆိုပါတယ်။

    အကြမ်းဖက်လူအုပ်မှာ ရွာခံတွေပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် အမ်ပီတီယာရွာမှာနေထိုင်တဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဆင်ဟာလီတစ်ယောက်က ရွာခံတွေမပါဘူးလို့ ငြင်းပြီး သူ့အိမ်လည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမှာနေထိုင်တဲ့သူတွေဟာ ငြိမ်းချမ်းစွာနေထိုင်ကြပြီး ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး”

    ဂင်သိုတာက လမ်းတွေမှာ ရဲတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေ ကင်းလှည့်စောင့်ကြည့်နေကြပြီး နေအိမ်တွေ တော်တော်များများကတော့ ခြံတံခါးတွ ဖျက်ဆီးခံရတာ၊ ပြတင်းပေါက်တွေ ရိုက်ချိုးခံထားရတာတွေ ရှိနေပါတယ်။

    ကလေးလေးယောက်အဖေဖြစ်ပြီး ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ မိုဟာမက် ဖာဟင်က အလုပ်မှာ သူသုံးတဲ့ ပစ်ကပ်ထရပ်ကားလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

    သူ့အိမ်က ကွန်ကရစ်ပြားလုပ်တဲ့စက်နဲ့ ရောင်းဖို့အဆင်သင့်ဖြစ်နေတဲ့ ကွန်ကရစ်ပြား ၈၀၀ လောက်လည်း တစ်စစီ ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

    (Aljazera သတင်းဌာနတွင် ဖော်ပြထားသည့် Fear grips Muslims in Sri Lanka’s Ginthota after attack ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • Facebook ၏ ဧရာမဆိုလာဒရုန်းကို လူထုရှေ့မှောက် ပထမဆုံးအကြိမ် ပွဲထုတ်မည်

    Facebook ၏ ဧရာမဆိုလာဒရုန်းကို လူထုရှေ့မှောက် ပထမဆုံးအကြိမ် ပွဲထုတ်မည်

    နိုဝင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်း အင်တာနက်မရတဲ့ ဒေသတွေမှာ အင်တာနက်လိုင်းတွေ ဖြန့်ဖြူးပေးဖို့အတွက် ရည်ရွယ်ဖန်တီးထားတဲ့ Facebook ရဲ့ နေစွမ်းအင်သုံး ဒရုန်းလေယာဉ်ကြီးကို လာမယ့်နှစ်မှာ ပထမဆုံးအကြိမ် လူထုကို ထုတ်ပြတော့မယ်လို့ သိရပါတယ်။

    Aquila လို့ အမည်ပေးထားတဲ့ အဲဒီဒရုန်းလေယာဉ် စီမံကိန်းဟာ Facebook သက်တမ်းတစ်လျှောက် အကြီးမားဆုံး စီမံကိန်းကြီးလည်း ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း အင်တာနက် မရရှိသေးတဲ့ လူပေါင်း ၁.၆ ဘီလီယံလောက်ကို အင်တာနက် ကွန်ယက်တွေ ဖြန့်ကျက်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ ဒီဒရုန်းစီမံကိန်းကို လွန်ခဲ့တဲ့ ၃ နှစ်အရင်က စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

    နေစွမ်းအင်ကို အသုံးပြုပြီး လနဲ့ချီ ပျံသန်းနိုင်မယ့် အဲဒီ ဒရုန်းတွေကို အင်တာနက်မရရှိသေးတဲ့ ကမ္ဘာ့ဒေသတွေမှာ လွှင်တင်မှာဖြစ်ပြီး အင်တာနက် ၀န်ဆောင်မှုကို အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

    “လုံးဝ သုံးလို့ရတဲ့အချိန်ကျရင် ဒီအမြင့်ပျံဒရုန်းတွေဟာ လေပေါ်မှာ ရက်ပေါင်း ၉၀ လောက် ပျံသန်းနိုင်မှာဖြစ်ပါတယ်။ မိုင် ၆၀ ပတ်လည်လောက် အင်တာနက်ကွန်ယက် ဖြန့်ပေးနိုင်မှာဖြစ်ပြီး ဆက်သွယ်မှုပြတ်နေတဲ့ဒေသတွေက လူတွေကို အင်တာနက် သုံးစွဲနိုင်ခွင့် ဖန်တီးပေးမှာ ဖြစ်ပါတယ်” လို့ Facebook က အင်ဂ်ျနီယာ ဂု
ိမက်ဇ်နဲ့ ကော့ဇ်တို့က အင်တာနက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    လန်ဒန်က Victoria & Albert ပြတိုက်မှာ လာမယ့်နှစ် မေလအတွင်း ပြုလုပ်ဖို့ရှိတဲ့ နောက်ဆုံးပေါ် သိပ္ပံပစ္စည်းများပြပွဲ The Future Starts Here Facebook မှာ Aquila ကို ပထမဆုံးအကြိမ် လူထုရှေ့မှောက် ပွဲထုတ်သွားမှာဖြစ်ပါတယ်။

    ဇူကာဘတ်က Aquila ပေါင်း ၆ သောင်းလောက်ကို ပျံသန်းစေကာ အင်တာနက် ကွန်ယက်တွေ ဖြန့်ကျက်သွားဖို့ ဆန္ဒရှိနေပါတယ်။

    Ref: Interesting Engenerring

  • အစ္စရေးသူလျှိုလုပ်နေသည့် နာမည်ကြီးရုပ်ရှင်မင်းသားကို လက်ဘနွန်ဖမ်းဆီး

    အစ္စရေးသူလျှိုလုပ်နေသည့် နာမည်ကြီးရုပ်ရှင်မင်းသားကို လက်ဘနွန်ဖမ်းဆီး

    နိုဝင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်းရှိ နိုင်ငံရေးခေါင်းဆောင်များအား သတ်ဖြန်ရန် အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုကာ နာမည်ကြီး ရုပ်ရှင်မင်းသားနှင့် ပြဇာတ်မင်းသား ဇီအဒ် အီတာနီကို လက်ဘနွန်က ဖမ်းဆီးလိုက်သည်။

    အီတာနီမှာ လက်ဘနွန်၏ လက်ရှိ အကြီးအကဲများ၊ အကြီးအကဲဟောင်းများကို လုပ်ကြံသတ်ဖြတ်မည့် အစ္စရေး၏ အစီအစဉ်တွင် ပါဝင်ကူညီပေးနေသည်ဟု လက်ဘနွန် နိုင်ငံတော်လုံခြုံရေးအဖွဲ့မှ ယမန်နေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။

    ထို့ပြင် ၎င်းမှာ ရုပ်ရှင်မင်းသားသက်တမ်းတစ်လျှောက်လုံးတွင် အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးပြန်ရရန် ကြိုးပမ်းခဲ့သည်ဟုလည်း ဆိုသည်။

    အီတာနီ၏ လှုပ်ရှားမှုများအား လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီးနောက် ကြာသာပတေးနေ့က ဘေရွတ်မြို့ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    စစ်ကြောမှုအတွင်း အီတာနီက ၎င်းမှာ တူရကီတွင် အစ္စရေးထောက်လှမ်းရေးများဖြင့် တွေ့ဆုံခဲ့ကာ ထိပ်တန်းနိုင်ငံရေးသမား ၂ ဦး၏ အသေးစိတ်သတင်းအချက်အလက်များကို ပေးခဲ့ကြောင်း၊ ထို့ပြင် အခြားသော နိုင်ငံရေးသမားများကိုလည်း စောင့်ကြည့်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    အစ္စရေး စစ်သင်္ဘောတစ်စီးမှာ လက်ဘနွန် ရေပိုင်နက်ထဲသို့ ၃ ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု လက်ဘနွန် နိုင်ငံပိုင်သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ အီတာနီအား ဖမ်းဆီးသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ဆုံအားပေးမည်

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ဆုံအားပေးမည်

    နိုဝင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – လာမယ့်ရက်ပိုင်းအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို လာရောက်လည်ပတ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာစစ်တပ်အကြီးအကဲနဲ့ တွေ့ဆုံဖို့ ရှိနေပြီး၊ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကိုလည်း တွေ့ဆုံအားပေးမယ်လို့ ဗာတီကန်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

    နိုဝင်ဘာ ၂၆ ရက်နေ့ မြန်မာနိုင်ငံကိုလာရောက်မယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ကနဦးခရီးစဉ်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ မပါဝင်ပေမယ့် မြန်မာနိုင်ငံက ကာဒီနယ် ချားလ်စ်ဘိုရဲ့ တိုက်တွန်းမှုကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

    ကာဒီနယ်ဘိုဟာ ခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့လည်း ပုပ်ရဟန်းမင်းကြီးကို တောင်းဆိုထားပါတယ်။

    ဗုဒ္ဓဟူးနေ့မှာ ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ ဂရက်ဂ်ျ ဘာကီက ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးမလား၊ မသုံးဘူးလားဆိုတဲ့ကိစ္စကို မှတ်ချက်ပေးဖို့ ငြင်းဆိုပြီး၊ ဘင်္ဂလားဒေ့ရှ်ကို ဒီဇင်ဘာ ၂ ရက်နေ့ သွားရောက်ရာမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့မယ်လို့ အတည်ပြုခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရိုဟင်ဂျာတွေ ထိခိုက်ခံစားနေရတာနဲ့ပတ်သက်ပြီး ယခင်က လူသိရှင်ကြား စာနာကြောင်း ပြောကြားကာ၊ ကျူးလွန်သူတွေကိုလည်း ရှုတ်ချခဲ့တာပါ။

    ဂရက်ဂ်ျ ဘာကီကတော့ ရိုဟင်ဂျာဆိုတဲ့စကားလုံးဟာ တားမြစ်ထားတဲ့ စကားလုံးမဟုတ်ဘူးလို့ သတင်းထောက်တွေရဲ့အမေးကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သံဃမဟာနာယက ဆရာတော်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကက်သလစ်ဘာသာဝင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

    Ref: Cruxnow