News @ M-Media
Author: Ko Lay
  • ဆီးရီးယားတွင် တိုက်ခိုက်မှုလျှော့ချရေး သဘောတူညီချက်ရ
    ဆီးရီးယားတွင် တိုက်ခိုက်မှုလျှော့ချရေး သဘောတူညီချက်ရ
    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media
    ဆီးရီးယားတွင် အဖွဲ့များ ထိန်းချုပ်ထားသည့် နေရာပြမြေပုံ
    – ဆီးရီးယားရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် တင်းမာမှုလျှော့ချရေး သဘောတူညီချက်ကို ရရှိခဲ့ပြီဟု ရုရှား၊ တူရကီနှင့် အီရန်တို့က ပူးတွဲ ကြေငြာချက် ထုတ်ပြန်လိုက်သည်။
    ကာဇက်စတန်မြို့တော် အက်စ်တာနာတွင် ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် ဆွေးနွေးမှုအတွင်း ယခုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်သက်တမ်းမှာ ၆ လဖြစ်ကာ သက်တမ်းထပ်တိုးနိုင်မည်ဖြစ်သည်။
    ယခုသဘောတူညီချက်တွင် အကျုံးဝင်မည့် ဒေသအများစုမှာ သူပုန်များ ထိန်းချုပ်ထားသည့် နေရာများဖြစ်သည်။ လေကြာင်းတိုက်ခိုက်မှု အပါအ၀င် အစိုးရပ်တပ်များနှင့် သူပုန်များအကြား တိုက်ခိုက်မှုများ ရပ်တန့်ရေး ကြိုးစားရမည်ဖြစ်ကာ ရုရှား၊ တူရကီနှင့် အီရန်တို့က နှစ်ဖက် အာမခံပေးသူများဖြစ်သည်။
    အလ်-ကိုင်းဒါး လက်ခွဲအဖွဲ့ဟောင်း အလ်-နူဆရာတပ်ဦး ဦးဆောင်သည့် မဟာမိတ်အဖွဲ့များက ထိန်းချုပ်ထားသော အစ်ဒ်လစ်ဘ် ပြည်နယ်တွင် တပ်များ မည်ကဲ့သို့ ချမည်ဆိုသည်နှင့်ပတ်သက်၍ အဆိုပါ ၃ နိုင်ငံမှ ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးနေကြသည်။
    ဒေသတွင်းမီဒီယာများကမူ အစ်ဒ်လစ်ပြည်နယ်အား ၃ ပိုင်း ပိုင်းကာ၊ တူရကီ၊ အီရန်နှင့် ရုရှားတို့က ခွဲဝေ ထိန်းချုပ်သွားမည်ဟု ဆိုသည်။
    ယခု သဘောတူညီခဲ့ကြသည့် နေရာများတွင် ဆီးရီးယားပြည်သူ ၂.၅ သန်း ပိတ်မိနေပြီး ၎င်းတို့အတွက် အကူအညီပေးရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်လည်း သဘောတူညီချက်တွင် ပါဝင်သည်။
    Ref: Aljazeera
  •  နက္ခတ္တဗေဒ ကိရိယာများ-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၇)
     နက္ခတ္တဗေဒ ကိရိယာများ-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၇)
    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    – နက္ခတ္တဗေဒနယ်ပယ်မှာ မွတ်စလင်တွေရဲ့ ရှေ့ဆောင်လမ်းပြ တီထွင်မှုနောက်တစ်ခုက ကြယ်တာယာ လေ့လာရေး ကိရိယာကြီးတွေဖြစ်ပါတယ်။ ဒီလို ကြီးမားတဲ့ ကိရိယာကြီးတွေကို အသုံးပြုခြင်းအားဖြင့် တိုင်းတာမှုတွေမှာ အမှားအယွင်း ပမာဏကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒမတ်စကတ်က သုတေသနစင်တာမှာ ထောင့်တိုင်း ကိရိယာတွေဖြစ်တဲ့ Quadrant (စက်ဝန်းလေးပုံတစ်ပုံ) ဟာ ပေ ၂၀ လောက်ရှိပြီး၊ Sextant (စက်ဝန်းခြောက်ပုံတစ်ပုံ) က ၃၆ ပေလောက် ရှိပါတယ်။ ‘မာရဂ်ဟာစင်တာ’ (Maragha) မှာဆိုရင် Quadrant တွေ၊ Armillary တွေ.နဲ့ နက္ခတ္တကြည့်အိမ်မြှောင်တွေ အပါအ၀င် ဧရာမ ကိရိယာတွေ တော်တော်များများ ရှိနေပါတယ်။
    အခြားကိရိယာတွေထဲမှာ ကြယ်တာယာပြ ကမ္ဘာလုံးပုံစံငယ်၊ Quadrant ၊ Sextant တွေ ပါဝင်ပြီး စူစမ်းလေ့လာရေး စင်တာတွေရဲ့ နာမည်ကျော်ကြားမှုဟာ သူတို့ထုတ်ပြန်တဲ့ ရလဒ်တွေအပေါ်မှာ မူတည်တာကြောင့် အသုံးပြုတဲ့ ဒီကိရိယာအားလုံးဟာ တိကျမှုရှိရပါတယ်။
    ၁၄ ရာစု ပညာရှင် အစ်ဗနေ့ အဟ်မဒ် အလ်-မစ်ဇီ၏ Quadrant
    သက္ကရာဇ် ၁၁၄၅ ခုနှစ် စပိန်မှာ ကွယ်လွန်ခဲ့တဲ့ မွတ်စလင်ပညာရှင်ကြီး ‘ဂျာဘီရ် အစ်ဗနေ့ အဖ်လာ’ (Jabir Ibn Aflah) ဟာ ကြယ်တွေရဲ့ ကိုသြဒိနိတ်တွေကို တိုင်းတာဖို့အတွက် ကြယ်တာယာပြ ကမ္ဘာလုံး ပုံစံငယ်ကို ပထမဆုံး ဖန်တီးခဲ့သူပါ။ ၁၀ ရာစု အီရတ်က နက္ခတ္တဗေဒပညာရှင် ‘အလ်-ဘတ္တာနီ’ (Al-Battani) ကတော့ ကမ္ဘာနဲ့ ကြယ်တွေအကြောင်း ရေးသားဖော်ထုတ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကြယ်တာယာပြ ကမ္ဘာပုံစံငယ်တွေကို စူးစမ်းလေ့လာရေး ကိရိယာတွေအဖြစ် အသုံးမပြုခဲ့ဘဲ ကြယ်တွေရဲ့ အချက်အလက်အတိအကျကို မှတ်တမ်းတင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်။ သူ့ရဲ့ ကျမ်းကြီးဟာ ဒီနယ်ပယ်မှာ တော်တော်လေး လွှမ်းမိုးမှု ရှိခဲ့ပြီး ကမ္ဘာလုံးပုံစံငယ်မှာ ကြယ်တွေကို ဘယ်လို မှတ်သားထားရမလဲဆိုတဲ့ အသေးစိတ် အချက်အလက်ကိုလည်း ဖော်ပြထားပါတယ်။ အဲဒီအချိန်က နက္ခတ္တတိုင်းတာရေး ကိရိယာတွေကို တီထွင်သူတွေဟာ ဒီစံကိုအသုံးပြုပြီး ကြယ်တာယာပြ ကမ္ဘာလုံးပုံစံငယ်လေးတွေကို ထုတ်လုပ်လာနိုင်ကြပါတယ်။
    တော်လမီလက်ထက်က ကြယ်တာယာပြ ကမ္ဘာလုံးကို ပုံဖော်ရေးဆွဲမှုမှာ အီကွေတာလိုင်းနဲ့ constellation outline ၅ ခုကို အသုံးပြုခဲ့ပြီး အလ်-ဘတ္တာနီရဲ့ ကျမ်းမှာတော့ အဲဒီ ပုံစံနဲ့ ခြားနားတဲ့ နည်းလမ်းမျိုးကို အသုံးပြုထားပါတယ်။ နေလှည့်လမ်းကြောင်း (ecliptic) နဲ့ အီကွေတာကို အသုံးပြုပြီး အပိုင်းသေးသေးလေးတွေလုပ်ကာ ကြယ်တွေရဲ့ တည်နေရာကို ပိုမို တိတိကျကျ ဖော်ပြနိုင်တဲ့နည်းလမ်းကို သူက ဖော်ထုတ်ခဲ့ပါတယ်။ ဒီနည်းလမ်းကြောင့် ကြယ်တွေကို တိကျတဲ့ ကိုသြဒိနိတ်တွေ သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။
    မွတ်လင်ပညာရှင်ကြီးတွေဟာ နက္ခတ္တ ကိရိယာတန်ဆာပလာတွေကို တီထွင်ဖော်ထုတ်ရာမှာ ကျွမ်းကျင်သူတွေပါ။ ကြယ်တာယာပြ ကမ္ဘာလုံးပုံစံငယ်လေးတွေကို ရေးဆွဲဖန်တီးမှုနဲ့ပတ်သက်ပြီး နောက်ထပ် ကျော်ကြားထင်ရှားသူတစ်ယာက်က သက္ကရာဇ် ၉၀၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ‘အဘ်ဒဲလ်-ရဟ်မန် အလ်-ဆူဖီ’ (Abd al-Rahman Al-Sufi) ဆိုသူ ဖြစ်ပါတယ်။ အဲဒီလို ကမ္ဘာလုံးပုံစံတွေကို ရေးဆွဲဖန်တီးချင်သူတွေအတွက် နက္ခတ်တာရာပုံရိပ်တွေနဲ့ ပတ်သက်တဲ့ ကျမ်းတစ်စောင်ကို သူက ရေးသားပြုစုခဲ့ပြီး မွတ်စလင်ကမ္ဘာနဲ့ ဥရောပမှာပါ ဒီကျမ်းကြီးဟာ တော်တော် လွှမ်းမိုးမှုရှိခဲ့ပါတယ်။ သူရေးခဲ့တဲ့ အခြားကျမ်းတွေထဲမှာ နက္ခတ္တအိမ်မြှောင်အကြောင်း၊ ကြယ်တာရာပြ ကမ္ဘာပုံစံငယ်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ အကြောင်းတွေလည်း ပါဝင်ပါတယ်။
    တာကီ အလ်-ဒင်၏ Sextant
    ကြယ်တာရာပြ ကမ္ဘာလုံးတွေကို ၁၆ ရာစုနှစ်အထိ ဖန်တီးတည်ဆောက်ခဲ့ကြပြီး အများစုဟာ ဒီနေ့အထိ တည်ရှိနေပေမယ့် ၁၁ ရာစုအရင်က လက်ရာတွေကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။
    အလ်-ခူဂျန်ဒီ
    နက္ခတ္တဗေဒဆိုင်ရာ ကိရိယာတွေအကြောင်း ရေးသားခဲ့တဲ့ မွတ်စလင်ပညာရှင်တွေ တော်တော်များများ ရှိခဲ့ပြီး အဲဒီထဲက တစ်ယောက်က ‘အဘူ ဘာကာရ် အစ်ဗနေ့ အလ်-ဆာရက်ဂ်ျ အလ်-ဟာမာဝီ’ (Abu Bakr ibn al-Sarraj al-Hamawi) ဖြစ်ပါတယ်။ သူဟာ ၁၃၂၉ ခုနှစ် ဆီးရီးယားမှာ ကွယ်လွန်ခဲ့ပါတယ်။ သိပ္ပံဆိုင်ရာ ကိရိယာ တန်ဆာပလာတွေနဲ့ ဂျီသြမေတြီ ပြဿနာတွေအကြောင်း စာအုပ်များစွာကို သူက ရေးသားခဲ့ပြီး ‘အလ်-မူကန်တာရန် အလ်-ယူဆရာ’ (al-muqantarat al-yusra) ဆိုတဲ့ Quadrant တစ်ခုကိုလည်း သူက တီထွင်ခဲ့ပါတယ်။ သူ့ရဲ့ စာအုပ်တွေထဲမှာ Treatise on Operations with the Hidden Quadrant (ပျောက်ကွယ်နေသည့် စက်ဝိုင်းစိတ်ဖြင့် လေ့လာဖော်ထုတ်ခြင်း) ဆိုတဲ့ စာအုပ်၊ အချက်အလက် တော်တော်လေးပြည့်စုံတဲ့ Operations with the Circle for Finding Sines (စက်ဝိုင်းဖြင့် Sine ရှာခြင်း) ဆိုတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။ သိပ္ပံ ကိရိယာတန်ဆာပလာတွေ ဖန်တီးမှုနယ်ပယ်မှာ အောင်မြင်ခဲ့ပေမယ့် အလ်-ဟာမာဝီနဲ့ သူ့ရဲ့ တီထွင်ဖော်ထုတ်မှုတွေအကြောင်း ရေးသားထားတာမျိုး မတွေ့ရပါဘူး။
    နောက်ထပ် နာမည်ကျော်တဲ့ မွတ်စလင်ပညာရှင်တစ်ယောက်က ‘အဟ်မဒ် အလ်-ဟာလာဘီ’ (Ahmad al-Halabi) ဆိုသူဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံ အလက်ပိုမှာ အခြေစိုက်တဲ့ သူဟာ သက္ကရာဇ် ၁၄၅၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တာပါ။ သူ့ရဲ့ Aims of Pupils on Operations with the Astrolabe Quadrant ဆိုတဲ့စာအုပ်ဟာ ကိရိယာတန်ဆာပလာတွေနဲ့ ပတ်သက်တဲ့အကြောင်းပါ။
    သူနဲ့ ခေတ်ပြိုင်ပညာရှင်တစ်ဦးက ‘အစ်ဇဲလ်-ဒင် အလ်-၀ါဖိုင်’ (Izz l-Din al-Wafai) ဖြစ်ပြီး အစပိုင်းက ကိုင်ရို ‘အူမိုင်ယဒ်ဗလီ’ မှာ နိဗာန်ဆော်လုပ်တဲ့ သင်္ချာပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အရစ်မသစ်၊ sexagesimal ratio အသုံးပြုမှု အပါအ၀င် သင်္ချာဆိုင်ရာ ကျမ်းပေါင်း ၄၀ လောက်နဲ့ သိပ္ပံ ကိရိယာတွေနဲ့ပတ်သက်တဲ့ ကျမ်းတွေ တော်တော်များများ ရေးသားခဲ့ပါတယ်။
    Sextant နဲ့ Quadrant တွေကို မိုးကုပ်စက်ဝိုင်းရဲ့အထက်က ကြယ်တွေရဲ့ ထောင့်၊ အမြင့်ကို တိုင်းတာရာမှာ အသုံးပြုတာပါ။ မွတ်စလင်ပညာရှင်ကြီးတွေက Quadrant ကို အဓိကထားကာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပြီး ဒီကိရိယာကို တိုးတက်ကောင်းမွန်အောင်လည်း အဆင့်မြှင့်တင်ခဲ့ကြပါတယ်။
    မွတ်စလင်ပညာရှင်တွေဟာ တော်တော်ကောင်းမွန်တဲ့ Quadrant တစ်ချို့ကိုလည်း တီထွင်ခဲ့ပါတယ်။ တြီဂိုနော်မေတြီ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် Sine Quadrant ကို ၉ ရာစု ဘဂ္ဂဒတ်မှာ တီထွင်ခဲ့ပြီး၊ ၁၄ ရာစု ဆီးရီးယားမှာ တီထွင်ခဲ့တဲ့ Universal Quadrant ကတော့ နက္ခတ္တဗေဒဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ နေကိုအခြေပြုပြီး အချိန်ကိုတွက်ချက်ဖို့အတွက် Horary Quadrant ကို  တီထွင်ခဲ့သလို၊ Astrolabe (Almucantar) Quadrant က နက္ခတ်ကြည့်အိမ်မြှောင်ကို အခြေပြုထားတာ ဖြစ်ပါတယ်။ ဒီ Quadrant အများစုကို နက္ခတ္တအိမ်မြှောင်နဲ့တွဲပြီး အသုံးပြုရတာ ဖြစ်ပါတယ်။
    ကမ္ဘာကြီးရဲ့ အီကွေတာနဲ့ နေသွားလမ်းကြောင်းကြားကထောင့် (obiliquity) ကို တိုင်းတာဖို့အတွက် သက္ကရာဇ် ၉၉၄ ခုနှစ်မှာ ‘အလ်-ခူဂျန်ဒီ’ (Al-Khujandi) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးဟာ Sextant တစ်ခုကို တီထွင်ခဲ့ပါတယ်။ Fakhri sextant လို့ခေါ်ပြီး သူ့ကို ကူညီပံ့ပိုးပေးတဲ့ အစ္စဖာဟန်ပြည့်ရှင် ဘူဝေဟစ်မင်းဆက် ‘ဖာခါရ် အလ်-ဒေါင်လာ’ (Fakhr al-Dawla) ကို အစွဲပြုပြီး မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ အရင်က အဲဒီ Sextant ဟာ ဒီဂရီနဲ့ မိနစ်တွေကိုပဲ ဖတ်လို့ရတာဖြစ်ပြီး အလ်-ခူဂျန်ဒီက စက္ကန့်တွေအထိ ဖတ်လို့ရအောင် အဆင့်မြှင်တင်ပေးခဲ့ပါတယ်။ အလ်-ခူဂျန်ဒီရဲ့ sextant ဟာ အရင်က ရှိခဲ့တဲ့ အရာတွေထက် ပိုကြီးပြီး ၆၅.၆ ပေ ရှိပါတယ်။
    ၁၃ ရာစု အီရန်မှ မိုဟာမက် အစ်ဗနေ့ ဟီလာလ်၏ ကြယ်တာယာပြ ကမ္ဘာလုံး
    ‘တာကီ အလ်-ဒင်’ (Taqi al-Din) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးဟာ အလ်-ခူဂျန်ဒီရဲ့ Fakhri sextant ထက်  Mural Quadrant လို့ခေါ်တဲ့ ပဉ္စမ Quadrant အမျိုးအစား အသုံးပြုရတာကို ပိုပြီး နှစ်သက်သူပါ။ အဲဒီ Mural Quadrant မှာ ကြေးဝါ စက်ဝိုင်းခြမ်းနှစ်ခု ပါဝင်ပြီး တစ်ခုကို အချင်း ၁၉.၇ ပေလောက် ရှိကာ အလ်-ခူဂျန်ဒီရဲ့ စက်ဝိုင်းစိတ်ထက် ပိုသေးပါတယ်။ အဲဒီ Quadrant တွေ Sextant တွေကို ဒေါင်လိုက်မျဉ်းအတိုင်း ရှိနေတဲ့ နံရံတွေမှာ တောင်မြောက်တန်းပြီး တပ်ဆင်အသုံးပြုကြတာ ဖြစ်ပါတယ်။
    ဒီလို ကြီးမားတဲ့ နက္ခတ္တဆိုင်ရာ ကိရိယာတွေဟာ ဒီနေ့ခေတ်မှာ တော်တော်လေး ကျုံ့သွားခဲ့ပေမယ့် အခြေခံအယူအဆတွေက မပြောင်းလဲပါဘူး။ Global Positioning Systems (GPS) စနစ် မပေါ်ခင်တုန်းကဆိုရင် ဒီ ကိရိယာတွေကိုပဲ အဓိကထား အားပြုသွားလာခဲ့ကြရတာ ဖြစ်ပါတယ်။
    ဆန်းပြားသည့် ကိရိယာများ
    တာကီ အလ်-ဒင်
    ၁၆ ရာစုက အကျော်ကြားဆုံး နက္ခတ္တဗေဒ ပညာရှင်တွေထဲက နှစ်ဦးဟာ အစ္စတန်ဘူလ်က တာကီ အလ်-ဒင် (Taqi al-Din) နဲ့ ၁၅၇၆ ခုနှစ်မှာ ဒိန်းမတ်ဘုရင် ဖရက်ဒရစ် ၂ (Frederic II) လက်ထက် စူးစမ်းလေ့လာရေးစင်တာတစ်ခု တည်ဆောက်ပေးခဲ့တဲ့ တိုင်ချို ဘရာဟီ (Tycho Brahe) တို့ ဖြစ်ပါတယ်။ အဲဒီ စူးစမ်းလေ့လာရေးစင်တာမှာ သူ့ခေတ် သူ့အခါက အကောင်းဆုံးနဲ့ စွမ်းအားအမြင့်ဆုံး ကိရိယာတွေကို တပ်ဆင်ထားပြီး နက္ခတ္တဗေဒနဲ့ပတ်သက်လို့ တိတိကျကျ တွက်ချက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ဂျိုဟန်းနက်စ် ကက်ပလာ (Johannes Kepler) ဟာ တိုင်ချိုဘရာဟီရဲ့ လက်ထောက်ဖြစ်ပြီး ဒီ စူးစမ်းလေ့လာရေးစင်တာကြောင့်ပဲ  ကက်ပလာတစ်ယောက် နက္ခတ္တဗေဒနဲ့ပတ်သက်လို့ တော်တော်များများ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
    တိုင်ချိုဘရာဟီနဲ့ တာကီ အလ်-ဒင်တို့ရဲ့ စူးစမ်းလေ့လာရေးစင်တာတွေမှာ အသုံးပြုခဲ့ကြတဲ့ ကိရိယာ တော်တော်များများဟာ အပြန်အလှန် ဆက်နွယ်မှုတွေရှိကြတယ်လို့ မကြာသေးခင်က ပြုလုပ်တဲ့ စူစမ်းလေ့လာမှုမှာ ဖော်ပြနေပါတယ်။ ဒါပေမယ့် ဒီပုဂ္ဂိုလ်နှစ်ဦးစလုံးဟာ သူတို့အရင်က နက္ခတ္တဗေဒ ပညာရှင်တွေရဲ့ ကိရိယာတွေကို ကျေနပ်ခြင်း မရှိပါဘူး။ သူတို့ဟာ Sextant၊ သစ်သားနဲ့လုပ်ထားတဲ့ Quadrant၊ နက္ခတ္တနာရီတွေလို ကိရိယာအသစ်တွေကို တီထွင် အသုံးပြုခဲ့ကြပါတယ်။
    တာကီ အလ်-ဒင်ဟာ ‘မူရှဘ်ဘာဟာ ဘီလ်-မာနာတစ်’ (mushabbahah bil-manatiq) လို့ခေါ်တဲ့ Sextant တစ်ခုကို တီထွင်ခဲ့ပါတယ်။ သူတို့နှစ်ဦး တီထွင်ခဲ့တဲ့ Sextant တွေဟာ ၁၆ ရာစုမှာ အကောင်းဆုံးသော နက္ခတ္တဗေဒ ကိရိယာတွေထဲက တစ်ခုလို့ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
    တာကီ အလ်-ဒင်၏ စူးစမ်းလေ့လာရေးစင်တာတွင် အလုပ်လုပ်မှုကို ရေးဆွဲဖော်ကျူးထားပုံ
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်
  • လန်ဒန်မြေအောက်ဘူတာတွင် ပေါက်ကွဲမှုဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်ဟု သတ်မှတ်ထား
    လန်ဒန်မြေအောက်ဘူတာတွင် ပေါက်ကွဲမှုဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်ဟု သတ်မှတ်ထား
    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media
    လန်ဒန်ရထား မြင်ကွင်းတစ်ခု
    – အင်္ဂလန်မြို့တော် လန်ဒန်မြို့ရှိ မြေအောက်ရထားဘူတာတစ်ခုတွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။
    မြို့အနောက်တောင်ဘက်ရှိ Parsons Green မြေအောက်ဘူတာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်သည်ဆိုသည့် သတင်းပေးပို့ချက်ကို ရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဒဏ်ရာရသူများကိုသာ တွေ့ရပြီး အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ကာ အကြမ်းဖက်တိုက်ဖျက်ရေး ဌာနက စုံစမ်းစစ်ဆေးနေကြောင်း လန်ဒန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
    လက်ရှိတွင် ဘူတာရုံကို ပိတ်ထားလိုက်ပြီး ရဲတပ်ဖွဲ့နှင့် အရေးပေါ်ဌာနတို့က ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
    Ref : BBC
  • ရခိုင်ပြည်နယ်ပြဿနာတွင် ဘင်္ဂလားဒေ့ရှ်၏ ရပ်တည်ချက်ကို အိန္ဒိယ ထောက်ခံ
    ရခိုင်ပြည်နယ်ပြဿနာတွင် ဘင်္ဂလားဒေ့ရှ်၏ ရပ်တည်ချက်ကို အိန္ဒိယ ထောက်ခံ
    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media
    အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရက်ဂ်ျ
    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရည်တည်ချက်ကို ထောက်ခံတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရက်ဂ်ျက ၀န်ကြီးချုပ် ရှိခ်ဟာဆီနာကို ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒ့ရှ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
    စက်တင်ဘာ ၁၄ ရက် (ကြာသာပတေးနေ့) ဒေသစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်အချိန်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဖုန်းခေါ်ပြောဆိုခဲ့တာဖြစ်တယ်လို့ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာရဲ့ ပြန်ကြားရေး တာဝန်ရှိသူ နဇ်ရူလ် အစ္စလာမ်က ဆိုပါတယ်။
    “ရိုဟင်ဂျာပြဿနာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည်ချက်အတိုင်း အိန္ဒိယက ရှိနေပါတယ်။ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ အိန္ဒိယက မြန်မာကို နှစ်နိုင်ငံချင်းရော၊ နိုင်ငံအများနဲ့ပါ တိုက်တွန်းနေတယ်လို့ သူမက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုတွေကို ရပ်တန့်ရမယ်လို့ အိန္ဒိယက ပြောနေပါတယ်”
    ယမန်နေ့မနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အကူအညီ ၅၃ တန်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပြီး အခုပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ရပ်တည်သွားမယ်လို့ သံအမတ်က ပြောပါတယ်။
    ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် အစိုးရအနေနဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ သံတမန်ရေးအရ တိုးမြှင့်လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက အလိုရှိနေကြပါတယ်။
    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟောင်လျန်က ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှု ပြဿနာဟာ ပြည်တွင်းပြဿနာဖြစ်ပြီး၊ မြန်မာ လုံခြုံရေးတပ်ဖွဲ့က အစွန်းရောက်အကြမ်းဖက်သမားတွေကို တန်ပြန်တဲ့ တိုက်ခိုက်မှုတွေလုပ်နေတာ၊ ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်တာ စတာတွေကို ကြိုဆိုတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။
    REf: Bdnews24
  • ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး၊ စက်ဆုပ်ဖွယ်ကိစ္စများကို ရပ်တန့်ရမည်ဟု ကန်နှင့် ဗြိတိန်ပြော
    ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး၊ စက်ဆုပ်ဖွယ်ကိစ္စများကို ရပ်တန့်ရမည်ဟု ကန်နှင့် ဗြိတိန်ပြော
    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media
    Photo Credit – VOA
    – မြန်မာနိုင်ငံဟာ ‘အဆုံးအဖြတ်ကာလ’ တစ်ခုကို ရောက်ရှိနေပြီး လူနည်းစု ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကို မဖြစ်မနေ ရပ်တန့်ရတော့မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။
    လန်ဒန်ကိုရောက်ရှိနေတဲ့ တီလာဆန်ဟာ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၊ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နဲ့တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အမျိုးမျိုးဖြစ်သွားနိုင်တဲ့ အဆုံးအဖြတ်ကာလတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။
    အစိုးရကိုဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ အာဏာခွဲဝေမှုတွေလုပ်ထားရပြီး၊ ရှုပ်ထွေးတဲ့အခြေအနေမျိုး တွေ့ကြုံနေရတယ်ဆိုတာကို သိရှိကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
    “အကြမ်းဖက်မှုကို ရပ်တန့်ရမယ်၊ ငြှင်းပမ်းမှုကို ရပ်တန့်ရမယ်။ တော်တော်များများက လူမျိုးစုလိုက် သုတ်သင်မှုလို့ ပြောနေကြတဲ့ ဒီကိစ္စကို ရပ်ကိုရပ်တန့်ပစ်ရပါမယ်။ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ခေါင်းဆောင်မှုကို ထောက်ခံဖို့လိုပြီး၊ အစိုးရအာဏာကို စစ်တပ်က ခွဲဝေယူထားတာကို လက်မခံနိုင်ဘူးဆိုတာ ခပ်ရှင်းရှင်းပဲ ပြောလိုပါတယ်” လို့ ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး
    တီလာဆန်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း ဒါပေမယ့် အခုအချိန်မှာ ရိုဟင်ဂျာတွေရဲ့ ထိခိုက်ခံစားမှုတွေနဲ့ပတ်သက်ပြီး သူ့မရဲ့ တည်ကြည်ဖြောင့်မတ်မှုနဲ့ သြဇာကို အသုံးချကာ ထောက်ပြပြောကြားဖို့လိုကြောင်း၊ ဒါဟာ ဆက်စုပ်ဖွယ်ကိစ္စတွေဖြစ်တယ်၊ သူတို့အိမ် သူတို့ ပြန်လာတဲ့သူတွေကို လက်ခံမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရမှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို တိုက်ခိုက်မှုနဲ့ အဲဒီနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေအပါအ၀င် လူပေါင်း ၄၀၀ ကျော်လောက် သေဆုံးခဲ့ပြီး အများစုဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
    ဒေသမတည်ငြိမ်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေထဲမှာ ရခိုင်တိုင်းရင်းသားတွေကို အစိုးရက ကယ်ဆယ်စောင့်ရှောက်ပေးထားပြီး ရိုဟင်ဂျာတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။
    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ၀င်ရောက်လာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၃ သိန်းကျော်လာပြီလို့ ကုလက ထုတ်ပြန်ထားပါတယ်။
    Ref: Star Tribune