News @ M-Media

Author: Ko Lay

  • ဘာစီလိုနာတွင် အကြမ်းဖက်တိုက်ခိုက်သူကို အသေဖမ်းမိ

    ဘာစီလိုနာတွင် အကြမ်းဖက်တိုက်ခိုက်သူကို အသေဖမ်းမိ

    သြဂုတ် ၂၂၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့်တစ်ပတ်က ဘာစီလိုနာတွင် လူအုပ်ကြီးအား ဗန်ကားဖြင့် ၀င်တိုက်ခဲ့ပြီးနောက် ပြေးနေသူကို အသေဖမ်းဆီးနိုင်ခဲ့သည်ဟု စပိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ယူနက်စ် အဘူယာကွဘ်ဆိုသူဖြစ်ပြီး ဘာစီလိုနာအနောက်ပိုင်း ဆူဘီရက်ဒေသတွင် ယမန်နေ့ နေ့လည်ပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    စပိန်အာဏာပိုင်များက အဖြစ်အပျက်နှင့်ပတ်သက်၍ အချက်အလက်အနည်းငယ်ကိုသာ ထုတ်ပြန်ခဲ့သည်။ သံသယရှိသူမှာ အသေခံဗုံးခွဲခါးပတ်ကို ၀တ်ဆင်ထားပြီး ရဲတပ်ဖွဲ့က မေးမြန်းရန် ၎င်း၏အနား ကပ်သွားသည့်အချိန်တွင် ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ပစ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ၎င်းသေဆုံးသွားပြီးနောက် ဗုံးရှင်းလင်းရေး စက်ရုပ်တစ်ခုကို ယူနက်စ်အနီးသို့ စေလွှတ်ခဲ့ဟု ဆိုသည်။

    ဆူဘီရက်စ်ရှိ အမျိုးသမီးတစ်ဦးက မသင်္ကာဖွယ်လူတစ်ဦးကို တွေ့ရှိသည်ဟု ရဲတပ်ဖွဲ့အား သတင်းပေးခဲ့မှုကြောင့် ထိုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    ကြာသာပတေးနေ့က ဘာစီလိုနာရှိ နာမည်ကျော် ရမ်ဘလက်စ် နေရာတွင် ယူနက်စ်မှာ ဗန်ကားဖြင့် လူအုပ်ကြီးအတွင်းသို့ ၀င်တိုက်ခဲ့သာကြောင့် လူ ၁၃ ဦး သေဆုံးကာ ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၎င်းမှာ ဗန်ကားမောင်းသမားကို ဓားဖြင့်ထိုးသတ်ကာ ကားအား အပိုင်စီးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း စပိန်ရဲတပ်ဖွဲ့မှာ ယူနက်စ်ကို ရှာဖွေရန်အတွက် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်။

    ဘာစီလိုနာတွင် တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် အပန်းဖြေမြို့ ကမ်ဘရီလ်စ်တွင်လည်း ထိုကဲ့သို့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများကို ကြိုးကိုင်သည်ဟု ယူဆရသည့် လူ ၁၂ ဦးပါ အဖွဲ့တစ်ခုကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    Ref: Aljazeera

  • မလေးရှား ၃-၁ မြန်မာ (ဆီးဂိမ်း အမျိုးသားဘောလုံး အုပ်စု A)

    မလေးရှား ၃-၁ မြန်မာ (ဆီးဂိမ်း အမျိုးသားဘောလုံး အုပ်စု A)

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    – ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု A မှာ မြန်မာ ယူ ၂၂ အသင်းရဲ့ နောက်ဆုံးပွဲစဉ် အဖြစ် အိမ်ရှင်မလေးရှားနဲ့ ဒီကနေ့ ယှဉ်ပြိုင်ကစားရာမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    မြန်မာအသင်းဟာ ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းကတော့ မညံ့ခဲ့ပါဘူး။ မလေးရှားကို ပထမပိုင်းမှာ ခြေရည်တူကစားနိုင်ခဲ့ပြီး မလေးရှားရဲ့ အစောပိုင်း ထိုးဖောက်မှုတွေကို မြန်မာနောက်တန်းနဲ့ ဂိုးသမား ဆန်းဆက်နိုင်တို့ အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃၂ မိနစ်နဲ့ ၃၄ မိနစ်မှာ မထင်မှတ်တဲ့အနေအထားတွေကနေ ဂိုးပေးလိုက်ရတာက မြန်မာအသင်းအတွက် နစ်နာခဲ့ရပါတယ်။

    ၃၉ မိနစ်မှာ တိုက်စစ်မှူးအောင်သူ ဘယ်ခြမ်းကနေ အပိုင်ဂိုးသွင်းခွင့် ရခဲ့ပေမယ့် မလေးဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ ပိုကောင်းခဲ့ပြီး အချိတ်အဆက်မိမိနဲ့ မလေးရှားဘက်ကို ထိုးဖောက်နိုင်ခဲ့ကာ မလေးရှာနောက်တန်းက အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားတာကြောင့် ဂိုးရဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။ ၅၉ မိနစ်မှာ မလေးရှားရဲ့ တိုက်စစ်ဆင်မှုကို ဂိုးသမား ဆန်းဆက်နိုင် အကောင်းဆုံးအနေအာထားနဲ့ နှစ်ဆင့် ကာကွယ်သွားခဲ့ပါတယ်။

    ၇၅ မိနစ်မှာ မြန်မာအသင်းက လူကျွံထောက်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ခဲ့ပေမယ့် ဘောလုံးအထိန်းအသိမ်း အားနည်းခဲ့တာကြောင့် မလေးရှားဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    မလေးရှားက တတိယမြောက်ဂိုးကို ၈၁ မိနစ်မှာ ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ မြန်မာအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ၈၅ မိနစ်မှာ သန်းပိုင်က သွင်းယူပေးခဲ့ပါတယ်။

    ဒီပွဲမှာ မလေးရှားကစားသမားတစ်ချို့ဟာ ကစားပုံ တော်တော်လေး ကြမ်းတမ်းခဲ့ပါတယ်။

    အုပ်စုပွဲစဉ် ၄ ပွဲစလုံး ကစားပြီးချိန်မှာ မြန်မာအသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ အောင်သူ၊ အောင်ကောင်းမာန်၊ ရွှေကိုနဲ့ သန်းပိုင်တို့အားလုံး ဂိုးတွေသွင်းယူထားနိုင်ပြီး မြန်မာဘောလုံးအသင်း ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရတဲ့ တိုက်စစ်ပိုင်း အားနည်းမှုပြဿနာကနေ ရုန်းထွက်နိုင်တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ လက်ရှိ ဆီးဂိမ်းမှာ ၄ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ တိုက်စစ်မှူးအောင်သူဟာ ဒီနေ့မှာလည်း မလေးရှားနောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်

    ၃ ပွဲနိုင်၊ ၁ ပွဲရှုံးနဲ့ ၉ မှတ်ရထားတဲ့ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်နေပြီ ဖြစ်ပါတယ်။

  • အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မည့် အကြမ်းဖက်တိုက်ရေးစင်တာ ဆော်ဒီတွင် တည်ထောင်

    အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မည့် အကြမ်းဖက်တိုက်ရေးစင်တာ ဆော်ဒီတွင် တည်ထောင်

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    ဆော်ဒီသို့ ထရမ့်လာရောက်စဉ် ဆော်ဒီ တော်ဝင်မိသားစုအကြီးအကဲများနှင့် အမှတ်တရ

    – အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မည့် စင်တာတစ်ခုကို မြို့တော်ရီယာ့ဒ်တွင် တည်ထောင်လိုက်ပြီဟု ဆော်ဒီက ကြေငြာခဲ့ပြီး မေလက သမ္မတဒေါ်နယ်ထရမ့်နှင့် လက်မှက်ရေးထိုးခဲ့သည့် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

    အဆိုပါ စင်တာမှာ အကြမ်းဖက်အဖွဲ့များအား ရန်ပုံငွေ ထောက်ပံ့ပေးနေမှုကို တိုက်ဖျက်သွားရန် ရည်ရွယ်သည်။

    ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GCC ၏ နိုင်ငံရေးနှင့် ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူး အဘ်ဒူလ် အဇစ် ဟာမဒ် အလ်အူဝေရှက်က အကြမ်းဖက်ဝါဒအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး အမေရိကန်နှင့် ပင်လယ်ကွေ့နိုင်ငံများ၏ သဘောတူညီချက်၌ GCC တစ်နိုင်ငံချင်းတွင် ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ သဘောတူညီချက်တွင် ပါဝင်သည့် ကိစ္စရပ်များကို အပြည့်အ၀ အကောင်အထည်ဖော်ရန်အတွက် GCC အတွင်းဝန်က အာရုံစိုက်လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆိုသည်။

    GCC တာဝန်ရှိသူများနှင့် အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကျွမ်းကျင်သူများမှာ လာမယ့် ရက်ပိုင်းအတွင်း ဆွေးနွေးပွဲပြုလုပ်ရန် ရှိနေသည်။

    Ref : Alarabiya

  • လူသတ်စက်ရုပ်တွေ ထုတ်လုပ်ခွင့်မပေးဖို့ နည်းပညာဂုရုများ ကုလကို တောင်းဆို

    လူသတ်စက်ရုပ်တွေ ထုတ်လုပ်ခွင့်မပေးဖို့ နည်းပညာဂုရုများ ကုလကို တောင်းဆို

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    – ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုထားတဲ့ လူသတ်စက်ရုပ် (Killer robot) တွေ တီထွင်ထုတ်လုပ်နေတာကို တားမြစ်ပေးဖို့အတွက် ကမ္ဘာ့ထိပ်တန်း နည်းပညာပညာရှင် ၁၀၀ ကျော်က ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

    ဒီလို AI နည်းပညာအသုံးပြု လက်နက်တွေ ထုတ်လုပ်မှုကို ‘စစ်မက်ဆိုင်ရာ တတိယ တော်လှန်ရေး’ လို့ အမည်ပေးထားပြီး ပညာရှင်တွေရဲ့ တိုက်တွန်းစာမှာ ဒီကိစ္စအတွက် သတိပေးခဲ့ကာ ပြဿနာတွေ တစ်သီတစ်သန်းကြီး ဖြစ်လာလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ရက်စက်တဲ့ လက်နက်တွေ ဖြစ်လာနိုင်ပြီး အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်သမားတွေက အသုံးပြုလာနိုင်တဲ့ ဒီလက်နက်တွေကို တားမြစ်ဖို့အတွက် ပညာရှင်တွေဟာ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ တိုက်တွန်းခဲ့ပြီး ဒါကိုလုပ်ဆောင်ဖို့ အချိန် သိပ်မရှိတော့ဘူးလို့လည်း သတိပေးခဲ့ပါတယ်။

    Killer robot ဆိုတာ လူသားရဲ့ ကိုင်တွယ်မှုမပါဘဲ ပစ်မှတ်ကို ရွေးချယ်ပစ်ခတ်နိုင်တဲ့ လက်နက်အမျိုးစားဖြစ်ပြီး လက်ရှိမှာ တီထွင်နေဆဲအဆင့်မှာသာ ရှိနေပါတယ်။ ဒါပေမယ့် အမှန်တကယ် ပေါ်ထွက်လာဖို့ နီးစပ်နေပါတယ်။

    ကုလကို တောင်းဆိုခဲ့တဲ့ နည်းပညာဂုရု ၁၀၀ ကျော်မှာ Space X ပိုင်ရှင် အေလွန်မက်စ်၊ ဂူးဂဲလ်ရဲ့ DeepMind ကို ပူးတွဲတည်ထောင်သူ မူစတာဖာ ဆူလေမန်တို့လည်း ပါဝင်ပြီး ကုလရဲ့ တားမြစ်လက်နက်စာရင်း CCW မှာ ထည့်သွင်းပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အဲဒီကိစ္စအတွက် ကုလဟာ ဒီနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပေမယ့် မလုပ်ဖြစ်ဘဲ နိုဝင်ဘာလအထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ ကုလဟာ အရင်ကလည်း Killer robot တွေကို ပိတ်ပင်ရေး ဆွေးနွေးမှုတွေ ပြုလုပ်ဖူးပါတယ်။

    ၂၀၁၅ ခုနှစ်ကလည်း နည်းပညာ၊ သိပ္ပံနဲ့ သုတေသန နယ်ပယ်က ပညာရှင် ၁၀၀၀ ကျော်လောက်ဟာ ဒီလက်နက်တွေကို တားဆီးဖို့ သတိပေးခဲ့ဖူးပါတယ်။

    Ref : BBC

  • အာဖဂန်တွင် တာလီဘန်နှင့် IS ပေါင်းကာ အရပ်သားများကို သတ်ဖြတ်မှု ဖြစ်လာ

    အာဖဂန်တွင် တာလီဘန်နှင့် IS ပေါင်းကာ အရပ်သားများကို သတ်ဖြတ်မှု ဖြစ်လာ

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    – သြဂုတ်လအစာပိုင်းက အာဖဂန်မြောက်ပိုင်း ဆာရီပူလ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အရပ်သားများအား တိုက်ခိုက်မှုများကို IS နှင့် တာလီဘန်တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ကုလက ပြောကြားလိုက်သည်။

    ဆယဒ်ခရိုင်ရှိ မီရ်ဇာဝါလန် ရှီအာရွာတွင် အနည်းဆုံး လူ ၃၆ ဦး သတ်ဖြတ်ခံရမှုကို အာဖဂန်ရှိ ကုလအဖွဲ့ UNAMA က စုံစမ်းရာတွင် တာလီဘန်နှင့် IS အဖွဲ့ဟု မိမိတို့ကိုယ်ကို ကြေငြာထားသည့် အဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ကုလမှ ထုတ်ပြန်ခဲ့သည်။

    သေဆုံးသူထက်ဝက်ကျော်မှာ အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်အဖွဲ့နှင့် ထိုဒေသကို သိမ်းပိုက်ရန် ကြိုးစားသည့် တာလီဘန်တို့အကြား တိုက်ခိုက်မှုနောက်ပိုင်း သြဂုတ်လ ၅ ရက်နေ့က ထွက်ပြေးရာတွင် အသတ်ခံရခြင်း ဖြစ်သည်။

    အာဖဂန်တာဝန်ရှိသူများက IS နှင့် တာလီဘန်အဖွဲ့များ ပူးပေါင်းပြုလုပ်သည့် တိုက်ခိုက်မှုအတွင်း ခေါင်းဖြတ်ခြင်းအပါအ၀င် ရွာသား ၅၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကုလ၏ စုံစမ်းစစ်ဆေးမှုအရ အမျိုးသမီးတစ်ဦး၊ ဆယ်ကျော်သက် ယောက်ျားလေး ၄ ဦးနှင့် အသက် ၆၀ ကျော် အမျိုးသား ၁၃ ဦးအပါဝအင် အရပ်သား ၂၇ ဦးထက်မနည်း အသတ်ခံရသည်ဟု သိရသည်။ သေဆုံးသူများတွင် အစိုးရလိုလားသည့် ပြည်သူ့စစ်အဖွဲ့ဝင် အနည်းဆုံး ၇ ဦး၊ ဒေသတွင်း ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် အာဖဂန်စစ်သားတစ်ဦးတို့လည်း ပါဝင်သည်။

    ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်ဆိုသည့် သတင်းများကို UNAMA အဖွဲ့က အတည်ပြုနိုင်ခြင်းမရှိပေ။

    Ref: Aljazeera