News @ M-Media

Author: Ko Lay

  • စပိန်တွင် လူအုပ်အား ကားဖြင့်ဝင်တိုက်မှုများ ဖြစ်ခဲ့ပြီး IS က ၎င်းတို့လက်ချက်ဟု ကြေငြာ

    စပိန်တွင် လူအုပ်အား ကားဖြင့်ဝင်တိုက်မှုများ ဖြစ်ခဲ့ပြီး IS က ၎င်းတို့လက်ချက်ဟု ကြေငြာ

    သြဂုတ် ၁၈၊ ၂၀၁၇
    M-Media

    – ယမန်နေ့က စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ လူအုပ်ကြီးအတွင်းသို့ ဗန်ကားတစ်စီး ၀င်တိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ပြောကြားလိုက်သည်။

    ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားရာ Las Ramblas နေရာ၌ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

    ရဲတပ်ဖွဲ့က တိုက်ခိုက်သူမှာ ထွက်ပြေးနေရပြီး၊ ထိုအဖြစ်အပျက်နှင့် ဆက်စပ်နေသည့် လူ ၂ ဦးကို ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဘာစီလိုနာတိုက်ခိုက်မှုမှာ သတ်ဖြတ်သူတွေဟာ IS ရဲ့ စစ်သားတွေဖြစ်ပါတယ်” ဟု IS မီဒီယာ Amaq ၏ Twitter အကောင့်တွင် ကြေငြာခဲ့ပြီး အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့တွင် ပါဝင်သည့်နိုင်ငံများကို လက်တုန့်ပြန်တိုက်ခိုက်ရန်လည်း တိုက်တွန်းခဲ့သည်။

    စပိန်ရဲတပ်ဖွဲ့က ယမန်နေ့တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့သည်။

    တိုက်ခိုက်မှုထပ်ဖြစ်

    ယနေ့မနက်ပိုင်းတွင်လည်း ဘာစီလိုနာတောင်ဘက် ကမ်ဘရီးလ်စ်မြို့ မြစ်ကမ်းဘေး အပန်းဖြေစခန်းရှိ လူအုပ်ကြီးအတွင်းသို့ ကားတစ်စီးက ၀င်တိုက်ခဲ့သောကြောင့် အရပ်သား ၆ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    တိုက်ခိုက်သူ ၄ ဦးကို အသေပစ်သတ်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရသွားကြောင်း ၎င်းတို့မှာ ယမန်နေ့က ဘာစီလိုနာတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒဏ်ရာရသူများတွင် ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    တိုက်ခိုက်သူများမှာ ဗုံးခွဲခါးပတ်ကို သယ်ဆောင်လာသည်ဟု ယူဆခဲ့သောကြောင့် ဗုံးရှင်းလင်းရေးအဖွဲ့မှာ ကမ်ဘရီးလ်စ်မြို့တွင်း ဗုံးရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

    Ref: Aljzeera

  • ရီးယဲလ်ထက် အဆင့်နိမ့်သည်ဟု ပထမဆုံး ခံစားလာရကြောင်း ဘာကာနောက်ခံလူ ဖွင့်ဟ

    ရီးယဲလ်ထက် အဆင့်နိမ့်သည်ဟု ပထမဆုံး ခံစားလာရကြောင်း ဘာကာနောက်ခံလူ ဖွင့်ဟ

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    စပိန်စူပါဖလား ရရှိခဲ့သည့် ရီးယဲလ်အသင်း

    – စပိန်စူပါဖလားတွင် ရီးယဲလ်ကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ပြီးနောက် မိမိတို့အသင်းမှာ ရီးယဲလ်ထက် အဆင့်နိမ့်သည်ဟု ပထမဆုံး ခံစားလာရကြောင်း ဘာစီလိုနာနောက်ခံလူ ဂျရတ်ပီကေးက ပြောကြားလိုက်သည်။

    ရီးယဲလ်မှာ အဝေးကွင်းတွင် ဘာစီလိုနာအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယနေ့မနက်က ကစားခဲ့သည့် အိမ်ကွင်းပွဲစဉ်တွင် ၂ ဂိုးပြတ်ဖြင့်နိုင်ကာ နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် စူပါဖလားကို ရရှိခဲ့သည်။

    “ကျွန်တော်တို့ အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့ဘူး။ ရာသီက ရှည်လျားပြီး တိုးတက်အောင် ဆောင်ရွက်ရမယ့်အချိန်လည်း ရှိပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ အာရုံစိုက်ရမှာဖြစ်ပြီး၊ ရှေ့ဆက်လျှောက်သွားမှာပါ” ဟု ဘာစီလိုနာတွင် ၉ နှစ်ကြာမြင့်နေပြီဖြစ်သည့် အသက် ၃၀ အရွယ် ပီကေးက ပြောကြားခဲ့သည်။

    ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် နေးမာထွက်သွားပြီးနောက် ဘာစီလိုနာမှာ တိုက်စစ်ပိုင်းတွင် ရွေးချယ်စရာ နည်းပါးခဲ့ပြီး ယခုနှစ်ကျော့ပေါင်း ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

    Ref: BBC

  • ကမ္ဘာတစ်ဝှမ်း ဆင်းရဲသူများကို ကူညီနိုင်မည့် အစီအစဉ်ကို မန်ယူကွင်းလယ်ကူ မာတာ စတင်

    ကမ္ဘာတစ်ဝှမ်း ဆင်းရဲသူများကို ကူညီနိုင်မည့် အစီအစဉ်ကို မန်ယူကွင်းလယ်ကူ မာတာ စတင်

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမနီနောက်ခံလူ ဟမ်းမဲလ်

    – ကမ္ဘာတစ်ဝှမ်းမှ ဆင်းရဲနွမ်းပါးသူများကို ကူညီထောက်ပံ့ရန်အတွက် လုပ်ခလစာ၏ ၁ ရာခိုင်နှုန်း လှူဒါန်းမည့် မာတာ၏ အစီအစဉ်တွင် ဘိုင်ယန်မြူးနစ်၏ ဂျာမန်ကစားသမား ဟမ်းမဲလ် ပါဝင်လာခဲ့သည်ဟု သိရသည်။

    အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့သို့ သွားရောက်စဉ် အလွန်အမင်း ဆင်းရဲမွဲတေသည့် အခြေအနေများကို မြင်တွေ့ခဲ့ရပြီးနောက် မာတာမှာ ယခုလအစောပိုင်းတွင် ထိုအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး ထိပ်တန်းကစားသမားများ ပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့ကမ္ဘာကြီး တိုးတက်ဖို့ ဘောလုံးအားကစားနည်းအတွက် ဒါဟာ အခွင့်အလမ်းတစ်ခုပါပဲ။ ဒီအစီအစဉ်မှာ ကျွန်တော် ပါဝင်ချင်ပါတယ်” ဟု ဟမ်းမဲလ်က ပြောကြားခဲ့သည်။

    အသက် ၂၈ နှစ်အရွယ် နောက်ခံလူ ဟမ်းမဲလ်မှာ ၂၀၁၆ ခုနှစ် မေလက ဘိုင်ယန်သို့ ရောက်ရှိလာခဲ့သူဖြစ်သည်။

    “ဘောလုံးက တိုးတိုးပြီးရရှိနေတဲ့ အကျိုးအမြတ်တွေကို ပိုမိုနက်ရှိုင်းတဲ့ ရည်ရွယ်ချက်မှာ အသုံးပြုဖိ့အတွက် ကျွန်တော်တို့ ပိုလုပ်ရမယ်လို့ ထင်ပါတယ်။ ၁ ရာခိုင်နှုန်းလောက် လှူတာကနေ ကျွန်တော်တို့ဟာ ဘောလုံးနဲ့ ကမ္ဘာတစ်ဝှမ်းက လူမှုဘ၀အခြေအနေတွေအကြား ပေါင်းကူးနိုင်မှာပါ” ဟု ဟမ်းမဲလ်က ဆိုသည်။

    မာတာမှာ streetfootballworld အဖွဲ့က ဦးစီးနေသည့် Common Goal အကူအညီပေးရေး အစီအစဉ်အတွက် ရန်ပုံငွေများကို ရှာဖွေနေပြီး ကစားသမား ၁၁ ယောက်က လုပ်ခလစာ၏ ၁ ရာခိုင်နှုန်းကို ပုံမှန် လှူဒါန်းသွားမည့် Common Goal starting Xl အဖွဲ့ကို ဖွဲ့စည်းရန် ရည်ရွယ်နေသည်။

    ဟမ်းမဲလ်မှာ မာတာ၏အစီအစဉ်တွင် ပထမဆုံး ပါဝင်လာသည့် ကစားသမားဖြစ်ပြီး မာတာကလည်း ဟမ်းမဲလ်ကိုချီးကျူးခဲ့သည်။

    Ref: BBC

  • အမုန်းစကားပြောသည့် လူဖြူအစွန်းရောက် အကောင့်များကို Facebook ပိတ်ပစ်

    အမုန်းစကားပြောသည့် လူဖြူအစွန်းရောက် အကောင့်များကို Facebook ပိတ်ပစ်

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    – ရုန်းရင်းဆန်ခတ်မှုများဖြင့် ပြီးဆုံးခဲ့သည့် ဗာဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမှ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် လူဖြူအစွန်းရောက်များ၏ Facebook နှင့် Instagram အကောင့်များကို Facebook က ပိတ်ပစ်နေသည်ဟု သိရသည်။

    ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ရူချီကာ ဘုဒ်ရာဂျာက လူဖြူအစွန်းရောက်တစ်ဦးဖြစ်သည့် ခရစ္စတိုဖာ ကန့်ဝဲလ်၏ အကောင့်များ၊ ပေ့ခ်ျများကို ပိတ်ပစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ကန့်ဝဲလ်မှာ ဆန္ဒပြမှုနှင့် နောက်ပိုင်း ဖြစ်ပွားခဲ့မှုများ၏ ဗီဒီယိုကို ဆိုရှယ်မီဒီယာများတွင် လွှင့်တင်ခဲ့သူဖြစ်သည်။

    Facebook မှာ လူဖြူအစွန်းရောက် လှုပ်ရှားမှုနှင့် ဆက်နွယ်နေသည့် ပေ့ခ်ျ ၈ ခုကိုလည်း ပိတ်ပစ်ခဲ့ပြီး ၎င်းတို့မှာ အမုန်းစကား၊ အမုန်းဆောင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုကြောင့်ဖြစ်သည်ဟု ဘုဒ်ရာဂျာက ထည့်သွင်းပြောဆိုခဲ့သည်။

    ပြီးခဲ့သည့်စနေနေ့က လူဖြူအစွန်းရောက်များ၏ ဆန္ဒပြပွဲကို စီစဉ်သူ ကန်ဝဲလ်ကို ဥပဒေအဖွဲ့အစည်းတစ်ခုဖြစ်သော Southern Poverty Law Center က အစွန်းရောက်တစ်ဦးအဖြစ် စာရင်းသွင်းထားသည်။

    Ref: Alarabiya

  • မြောက်ကိုရီးယားကိစ္စ အမေရိကန်၏ အစီအစဉ်တွင် စစ်ရေးတုန့်ပြန်မှု ပါဝင်နေဆဲ

    မြောက်ကိုရီးယားကိစ္စ အမေရိကန်၏ အစီအစဉ်တွင် စစ်ရေးတုန့်ပြန်မှု ပါဝင်နေဆဲ

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားအား စစ်ရေးဖြင့် တုန့်ပြန်မှုမှာ ကြောက်စရကောင်းမည်ဖြစ်သော်လည်း ရွေးချယ်မှုတစ်ခုအဖြစ် ရှိနေဆဲဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ဖက် ထိပ်တန်းအကြံပေး ဂျိုးဆက်ပ် ဒွန်ဖော့ဒ်က ပြောကြားခဲ့သည်။

    တရုတ်သို့ ရောက်ရှိနေစဉ် ဒွန်ဖော့ဒ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်အတွက် အမေရိကန်က စစ်ရေးအရ အရေးယူမည်မဟုတ်ဟု ထရမ့်၏ အခြားအကြံပေးတစ်ဦးဖြစ်သူ စတီဗ် ဘန်နွန်၏ပြောကြားမှုကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်နေသည့် မြောက်ကိုရီးယားကို မည်သည်အခါကမှ မရှိခဲ့ဖူးသည့် စစ်ရေးတုန့်ပြန်မှုမျိုး ပြုလုပ်သွားမည်ဟု ထရမ့်က သတိပေးခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်မည်ဟု ပြန်လည်ခြိမ်းခြောက်ခဲ့သည်။

    သို့သော်လည်း ကင်ဂျုံအန်က ထိုအစီအစဉ်ကို ဆိုင်းငံ့ထားသည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများမှာ လျော့ပါးသွားခဲ့သည်။

    အိမ်ဖြူတော်၏ မဟာဗျူဟာအကြီးအကဲ စတီဗ် ဘန်နွန်က မြောက်ကိုရီးယားပြဿနာအတွက် စစ်ရေးအရ ဖြေရှင်းမည်မဟုတ်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    သို့သော်လည်း ဗိုလ်ချုပ် ဂျိုးဆပ်စ် ဒွန်ဖော့ဒ်က စစ်ရေးအရ တုန့်ပြန်မှုမှာ ကြောက်စရာကောင်းမည် ဖြစ်သော်လည်း စစ်ရေးဖြင့် အရေးမယူဆိုသည်မှာ မဟုတ်ဟုဆိုသည်။

    “အမေရိကန်နဲ့ ဒေသတွင်းကို ဆက်လက်ခြိမ်းခြောက်နေမယ့် နျူထိပ်ဖူးတပ်ဒုံးကျည် ထုတ်လုပ်ဖို့ (ကင်ဂျုံအန်) ကို ခွင့်ပြုဖို့ဆိုတာ စဉ်းစားလို့ကိုမရတဲ့ ကိစ္စပါ”

    ထို့ပြင် သမ္မတထရမ့်က စိတ်ချရပြီး အလုပ်ဖြစ်သည့် စစ်ရေးနည်းလမ်းကို စီစဉ်ထားရန် ပြောကြားခဲ့ပြီး မိမိတို့အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်နေကြောင်းလည်း ဒွန်ဖော့ဒ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC