News @ M-Media

Author: Ko Lay

  • Confederations Cup ပြိုင်ပွဲတွင် ရုရှားက ဆိုးသွမ်းပရိတ်သတ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မည်

    Confederations Cup ပြိုင်ပွဲတွင် ရုရှားက ဆိုးသွမ်းပရိတ်သတ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မည်

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    – ယခုသီတင်းပတ်နှောင်းပိုင်းတွင် စိန့်ပီတာစဘတ်၌ ကျင်းပမည့် ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပြိုင်ပွဲတွင် ဆိုးသွမ်းဘောလုံးပရိတ်သတ် ပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ရုရှားက ပြောကြားလိုက်သည်။

    ရုရှားပရိတ်သတ်များမှာ ပြိုင်ဘက် အသင်း ပရိတ်သတ်များ၊ ဘောလုံးသမားများကို အုပ်စုဖွဲ့တိုက်ခိုက်သည့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး မနှစ်က ပြင်သစ်တွင် ကျင်းပခဲ့သည့် ယူရို ၂၀၁၆ တွင် အထင်ရှားဆုံး ဖြစ်ခဲ့သည်။

    ထို့ကြောင့် ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယခု ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုများ ရှိနေသည်။ သို့သော်လည်း ရုရှားတာဝန်ရှိသူများက ထိန်းသိမ်းသွားမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ပရိတ်သတ်တွေနဲ့ ပူးပေါင်းပြီး ဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဆန်းစစ်နေပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ယခု ကွန်ဖက်ဒရေးရှင်းဖလားနှင့် ၂၀၁၈ ကမ္ဘာ့ဖလားအတွက် လုံခြုံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    လက်ရှိတွင် ရုရှားပရိတ်သတ် ၉၁ ဦးကို ဘောလုံးပွဲများသို့ ၀င်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့ပြီး ထိုအရေအတွက်မှာ ပြင်သစ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စ မတိုင်ခင်ထက် ၂ ဆ မြင့်တက်လာခြင်းဖြစ်သည်။

    “လူမျိုးရေးခွဲခြားမှု၊ မီးကျည်လွှတ်မှုနဲ့ တိုက်ခိုက်မှုတွေအပါဝအင် ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့ကြတဲ့ အဲဒီလူတွေဟာ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်”

    ရုရှားမှာ ‘ပရိတ်သတ် ပတ်စပို့’ စနစ်ကိုလည်း ဆောင်ရွက်ရန် စီစဉ်ထားပြီး လက်မှတ်လာဝယ်သူတိုင်းမှာ ၎င်းတို့၏ ဓာတ်ပုံဖြင့် ကွင်းဝင်ခွင့်ပတ်စပို့ကို လျှောက်ထားရမည်ဖြစ်သည်။ နိုင်ငံခြား ပရိတ်သတ်များအတွက် ဗီဇာဖြင့် အစားထိုးပေးသည်။

    Ref: BBC

  • နိုင်ငံတောင်ပိုင်းမှ IS စစ်သွေးကြွများကို တိုက်ထုတ်ရန် ဖိလစ်ပိုင် အချိန်ယူရမည်

    နိုင်ငံတောင်ပိုင်းမှ IS စစ်သွေးကြွများကို တိုက်ထုတ်ရန် ဖိလစ်ပိုင် အချိန်ယူရမည်

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    – IS ကို ထောက်ခံသူ စစ်သွေးကြွအဖွဲ့များက သိမ်းပိုက်ထားသည့် နိုင်ငံတောင်းပိုင်းမှ မာရာဝီမြို့အား ပြန်လည်သိမ်းယူနိုင်ရေး နောက်ဆုံးရက် သတ်မှတ်ထားမှုကို စွန့်လွှတ်လိုက်ပြီဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားလိုက်သည်။

    လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်သွေးကြွများ၏ တိုက်ပွဲများမှာ ၄ ပတ်အတွင်းသို့ ၀င်ရောက်လာပြီဖြစ်ပြီး ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။ အဆိုပါ စစ်သွေးကြွများကို နိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်သော ဇွန်လ ၁၂ ရက်နေ့တွင် အပြီးသတ် တိုက်ထုတ်ရန် ဖိလစ်ပိုင်စစ်တပ်က ရည်မှန်းထားသော်လည်း လက်ရှိတွင် ထိုထက်ပိုမို၍ အချိန်ကြာမြင့်နိုင်သည်။

    “နောက်ဆုံးရက်သတ်မှတ်ထားတာမျိုး မရှိတော့ပါဘူး။ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်” ဟု ဖိလစ်ပိုင်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ရက်စ်တီတူနို ပါဒီလာက ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    မာရာဝီတွင် မောင်တေအုပ်စုနှင့် IS အဖွဲ့ခွဲ အဘူဆယက်ဖ်တို့အဖွဲ့မှ တိုက်ခိုက်ရေးသမားပေါင်း ၄၀၀ ခန့် ရှိနေပြီး ၎င်းတို့၏ ရက်စက်မှု၊ ပြင်းပြင်းထန်ထန် ခုခံမှုက စစ်တပ်ကို အကြပ်အတည်း တွေ့စေသည်။

    လေ့လာဆန်းစစ်သူများကမူ ဖိလစ်ပိုင်အစိုးရမှာ အစွန်းရောက်ဝါဒ ဖွံ့ဖြိုးလာမှုနှင့် အင်အားကို နားလည်အောင် မကြိုးစားခဲ့ဟု ဝေဖန်ခဲ့သည်။

    “မာရာဝီက IS လက်ဝေခံ စစ်သွေးကြွအုပ်စုတွေရဲ့ အင်အားနဲ့ လွှမ်းမိုးမှုကို အစိုရက လျှော့တွက်ခဲ့ပါတယ်။ စစ်သွေးကြွတွေက မာရာဝီကို အရှေ့တောင်အာရှရဲ့ IS နယ်မြေအဖြစ် ကြေငြာဖို့ စီစဉ်ခဲ့ကြတာပါ” ဟု ဒေသတွင်း လုံခြုံရေးဆိုင်ရာ ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    ထိုပြင် စစ်သွေးကြွများမှာ မာရာဝီမြို့တွင် လေကြောင်းကာကွယ်ရေးလက်နက်များ မြေအောက်ဘန်ကာများနှင့် လူသားတံတိုင်းကဲ့သို့ ကာကွယ်ရေးအစီအစဉ်များ လုပ်ဆောင်ရန် အချိန်အတော်ကြာ ခြေကုပ်ယူခဲ့ကြောင်း အဆိုပါရင်းမြစ်က ထည့်သွင်းပြောဆိုခဲ့သည်။

    စစ်သွေးကြွများမှာ ပေါင် ၅၀၀ ရှိ ဗုံးများကို ခံနိုင်ရည်ရှိသော လှိုင်ခေါင်များ၊ မြေအောက်ခန်း အများအပြားကို ဆောက်လုပ်ထားပြီး ထွက်ပြေးရာ လမ်းကြောင်းအဖြစ်လည်း အသုံးပြုနိုင်သည်။

    အဘူဆယက်ဖ်အဖွဲ့ခေါင်းဆောင် အစ္စနီလွန် ဟာပီလွန်ကို အစိုးရစစ်တပ်က ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည့် မေလ ၂၃ ရက်နေ့တွင် စတင်ခဲ့သော တိုက်ပွဲများကြောင့် လက်ရှိတွင် လူပေါင် ၂၉၀ သေဆုံးခဲ့ပြီး စစ်သွေးကြွ ၂၀၆ ဦး၊ စစ်သား ၅၈ ဦးနှင့် အရပ်သား ၂၆ ဦးတို့ဖြစ်သည်။

    Ref : CNA

  • မေလအတွင်း သဘာဝဘေးကြောင့် မြန်မာနိုင်ငံတွင် လူ ၆၀ ကျော် သေဆုံး

    မေလအတွင်း သဘာဝဘေးကြောင့် မြန်မာနိုင်ငံတွင် လူ ၆၀ ကျော် သေဆုံး

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် သဘာဝ ဘေးအန္တရာယ်များနှင့် အခြား အဖြစ်အပျက်များကြောင့် လူပေါင်း ၆၂ ဦး သေဆုံးခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။

    သဘာဝဘေးအန္တရာယ်ပေါင်း ၂၂၄ ခု ဖြစ်ပွားခဲ့ရာတွင် မြေပြိုခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ ဓာတ်လိုက်ခြင်း၊ ရေနစ်ခြင်း၊ ကားမတော်တဆဖြစ်ခြင်း၊ သင်္ဘောမြုပ်ခြင်းတို့လည်း ပါဝင်သည်။

    မကွေးတိုင်းဒေသကြီးမှာ သေဆုံးသူ ၃၆ ဦးဖြင့် အမြင့်ဆုံးဖြစ်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၃ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၈ ဦး၊ နေပြည်တော်တွင် ၁၁ ဦး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၈ ဦးစီ၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ၇ ဦးစီ၊ ချင်းပြည်နယ်တွင် ၅ ဦး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၃ ဦးစီနှင့် ကယားပြည်နယ်တွင် ၂ ဦးတို့ ဖြစ်ကြသည်။

    သဘာဝဘေးနှင့် မတော်တစ်မှုများကြောင့် မေလအတွင် အိမ်ယာပေါင်း ၃၇၀၀ ၀န်းကျင် ပျက်ဆီးခဲ့ပြီး ဒဏ်ရာရရှိသူမှာ ၂၆၀ ဦး ရှိခဲ့သည်။

    အနာဂတ်တွင် ဘေးအန္တရာယ်များအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ရန် အစိုးရက ကယ်ဆယ်ရေးလုပ်သား အရေအတွက်ကို ၇၂၀၀ မှ၊ ၁၃၆၂၇ ဦးအထိ တိုးမြှင့်ထားသည်။

    ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်တွင်း မြန်မာနိုင်ငံ၌ သဘာဝဘေးကြောင့် သေဆုံးသူ အရေအတွက်မျာ ၁၄၀၀၀၀ ရှိသည်ဟု ပြီးခဲ့သည့်လ ကမ္ဘာ့ ကြက်ခြေနီနေ့တွင် နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    Ref: coconuts

  • အမေရိကန်စာရေးဆရာမတစ်ဦး စာပေဆုမှ ဆုကြေးငွေကို ပါလက်စတိုင်းများအတွက် လှူဒါန်း

    အမေရိကန်စာရေးဆရာမတစ်ဦး စာပေဆုမှ ဆုကြေးငွေကို ပါလက်စတိုင်းများအတွက် လှူဒါန်း

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    ဂျက်ဆီကာ ကိုဟန်နှင့် ဒေးဗစ် ဂရို့စ်မန်း

    – ကမ္ဘာ့ထိပ်တန်း စာပေဆုတစ်ခုဖြစ်သော Man Booker International Prize ကို ရရှိခဲ့သည့် အမေရိကန် စာရေးဆရာမတစ်ဦးမှာ ဆုကြေးငွေကို ပါလက်စတိုင်းအရေး ဆောင်ရွက်နေသည့် အစ္စရေးလူ့အခွင့်အရေးအဖွဲ့တစ်ခုကို လှူဒါန်းမည်ဟု ပြောကြားခဲ့သည်။

    ဗြိတိန်မှချီးမြှင့်သည့် အဆိုပါ Man Booker International Prize ဆုကို ဗုဒ္ဓဟူးနေ့ညနေ့တွင် လန်ဒန်၌ ပေးအပ်ခဲ့ပြီး အစ္စရေးစာရေးဆရာ ဒေးဗစ် ဂရို့စ်မန်းက A Horse Walks Into a Bar ဖြင့် အမေရိကန် ဘာသာပြန်စာရေးဆရာမ ဂျက်ဆီကာ ကိုဟန်နှင့်အတူ ထိုဆုကို ပူးတွဲရရှိခဲ့သည်။

    ထို့ကြောင့် ၎င်းတို့နှစ်ဦးမှာ ဆုကြေးငွေ စတာလင်ပေါင် ၅ သောင်းကို ခွဲယူကြရမည် ဖြစ်သည်။ ကိုဟန်ကမူ သူမ၏ ဆုကြေးငွေတစ်ဝက်ကို အစ္စရေးက သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက်များရှိ ပါလက်စတိုင်းပြည်သူများအရေး ဆောင်ရွက်ပေးနေသည့် လူ့အခွင့်အရေးအဖွဲ့ B’Tselem ကို လှူဒါန်းသွားမည်ဟု ကြေငြာခဲ့သည်။

    “သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အစ္စရေးက ကျူးလွန်နေတယ်လို့ သတင်းတွေထွက်နေတာ နှစ်ပေါင်း ၃၀ လောက် ရှိပါပြီ။ အမှန်တရားကိုပြောရင် နားခါးမယ်၊ စိတ်မသက်မသာဖြစ်မယ်၊ သူတို့တွေ နားမခံနိုင်ဖြစ်မှာ သေချာပေမယ့် ပြောကို ပြောရမှာပါ။ စာပေနယ်ပယ်အတွက်သာမကဘဲ ဘ၀ရှင်သန်မှုဘက်မှာလည်း ဒီလို ပြောရပါလိမ့်မယ်” ဟု ကိုဟန်က ဆုပေးပွဲတွင် ပြောကြားခဲ့သည်။

    B’Tselem ၏ ပြောရေးဆိုခွင့်ရှိသူ အေမစ် ဂီလုဇ်က ကိုဟန်၏ ထိုကဲ့သို့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း၊ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်သွားသည်အထိ ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အသက် ၆၃ နှစ်အရွယ် အစ္စရေးစာရေးဆရာ ဒေးဗစ် ဂရို့စ်မန်းမှာလည်း ပါလက်စတိုင်းများအပေါ် အစ္စရေးက လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် လူသိရှင်ကြား ဝေဖန်ဖူးသူ ဖြစ်သည်။

    ယခုနောက်ပိုင်းတွင် အစ္စရေးအစိုးရမှာ ပါလက်စတိုင်းပြည်သူများအတွက် အကူအညီပေးအပ်နေသော NGO အဖွဲ့များကို နှိပ်ကွပ်ရန် ကြိုးစားလာသည်။

    Ref: Aljazeera

  • IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးပြီဟု သတင်းထွက်ပေါ်

    IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးပြီဟု သတင်းထွက်ပေါ်

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီ

    – ဆီးရီးယားတွင် ရုရှားက ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီ သေဆုံးသွားသည်ဆိုသော သတင်းများကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေသည်ဟု ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။

    ရုရှား တိုက်လေယာဉ် Su-34 နှင့် Su-35 တို့မှာ မေလ ၂၈ ရက်နေ့က ဆီးရီးယားနိုင်ငံမြေက်ပိုင်း IS ခြေကုပ်ယူရာ ရက်ကာမြို့တွင် လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ IS ထိပ်တန်းခေါင်းဆောင်များ ပြုလုပ်ခဲ့သည့် အစည်းအဝေးကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

    ထိုအစည်းအဝေးတွင် အလ်-ဘဂ္ဂဒါဒီလည်း တက်ရောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    “လက်ရှိမှာ နည်းလမ်းပေါင်းစုံနဲ့ အတည်ပြုဖို့လုပ်နေတဲ့ သတင်းအချက်အလက်အရ IS ခေါင်းဆောင် အီဘရာဟင် အလ်-ဘာကာရ် အလ်-ဘဂ္ဂဒါဒီဟာ အစည်းအဝေးမှာ ရှိနေခဲ့ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြောငြာချက်တွင် ဖော်ပြထားသည်။

    ထိုတိုက်ခိုက်မှု ပြုလုပ်မည့် နေရာ၊ အချိန်တို့နှင့် ပတ်သက်သည့် အချက်အလက်များကို အမေရိကန်အား အသိပေးခဲ့ဟုလည်း ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT