News @ M-Media

Author: Ko Lay

  • အစ္စရေးစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းတွင် လူ ၉ ဦး သေဆုံး

    အစ္စရေးစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းတွင် လူ ၉ ဦး သေဆုံး

    ဇန်န၀ါရီ ၂၆၊ ၂၀၂၃

    M-Media 


    တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားသည့် အဆောက်အဦး

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဂျီနင်မြို့က ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၉ ဦး သေဆုံးကာ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

    သေဆုံးသူတွေထဲမှာ အဘွားအိုတစ်ဦးလည်း ပါ၀င်ပါတယ်။ 

    အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ Islamic Jihad အဖွဲ့ရဲ့ အဖွဲ့၀င်တွေကို ဖမ်းဆီးဖို့ ၀င်ရောက်စီးနင်းတာလို့ ဖော်ပြထားပါတယ်။ ဂျီနင်က ဒုက္ခသည်စခန်းကို အင်အား အလုံးအရင်းနဲ့ ၀င်ရောက်စီးနင်းတာမျိုးကို အစ္စရေးက ပြီးခဲ့တဲ့နှစ်ကတည်းက စတင်လုပ်ဆောင်လာတာပါ။ 

    ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ Islamic Jihad က အစ္စရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုပါတယ်။  

    တိုက်ခိုက်မှုအတွင်း ၂ ထပ်တိုက် အဆောက်အဦးတစ်ခု လုံး၀ ပျက်ဆီးသွားပြီး၊ သေဆုံးဒဏ်ရာရသူတွေကို ကူညီဖို့ သွားရောက်တဲ့ လူနာတင်ယာဥ်ကို အစ္စရေးတပ်ဖွဲ့က ပေးမ၀င်တာတွေ ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ဇန်န၀ါရီလအတွင်း သေဆုံးသူ အနည်းဆုံး ၂၉ ဦး ရှိလာပြီး ၁၅ ဦးက ဂျီနင်မှာ ဖြစ်ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ ဒီလိုစီးနင်းမှုတွေကြောင့် ပါလက်စတိုင်း ၁၇၀ ကျော် သေဆုံးခဲ့ပါတယ်။ 

    Ref: Aljazeera

  • စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘိန်းစိိုက်မှု ပိုမိုမြင့်တက်လာ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘိန်းစိိုက်မှု ပိုမိုမြင့်တက်လာ

    ဇန်န၀ါရီ ၂၆၊ ၂၀၂၃

    M-Media 


    -၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု သိိသိသာသာ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေး၀ါးနှင့် ရာဇ၀တ်မှု စောင့်ကြည့်ရေးအဖွဲ့  UNODC က ထုတ်ပြန်ပါတယ်။ 

    ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှုပမာဏ ကျဆင်းခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း၊ ဘိန်းထွက်ကုန် ၈၈ ရာခိုင်နှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။ 

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသတွေမှာ လယ်သမားတွေဟာ ဘိန်းစိုက်ဖို့ကလွဲပြီး အခြား ရွေးစရာမရှိသလောက် ဖြစ်လာတယ်လို့ UNODC ရဲ့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ ထိစပ်နေတဲ့ ရွှေတြိဂံဒေသဟာ ရင်ကတည်းက ဘိန်းနဲ့ မှောင်ခိုစျေးကွက် အခြေစိုက်ရာ ဒေသဖြစ်ပြီး လက်ရှိအနေအထားမှာ ကမ္ဘာ့မူးယစ်ဆေး၀ါးစျေးကွက်နဲ့ ပြန်လည် ချိတ်ဆက်လာနိုင်ပြီလို့ ကုလက သုံးသပ်ပါတယ်။ 

    ဒေသတွင်း မူးယစ်ဆေး၀ါးစျေးကွက်တန်ဖိုးဟာ ၁၀ ဘီလီယံလောက်ရှိပြီး မြန်မာစျေးကွက်က ၂ ဘီလီယံ တန်ကြေးရှိပါတယ်။ 

    အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာတွေ၊ ဓာတ်မြေသြဇာတွေ ရရှိနေမှုက ဘိန်းစိုက်ပျိုးမှု မြင့်တက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်နေပြီး မြန်မာနိုင်ငံရဲ့ လက်ရှိဘိန်းထုတ်လုပ်မှုဟာ UNODC က စောင့်ကြည့်မှုနောက်ပိုင်း အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ 

    မြန်မာနိုင်ငံမှာ အခုလို ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတာကြောင့် မဲခေါင်မြစ်အောက်ပိုင်းဒေသကို ဗဟိုပြုတဲ့ မူးယစ်ဆေး၀ါးစျေးကွက်အပေါ် သိသိသာသာ သက်ရောက်မှု ရှိလိမ့်မယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ 

     Ref: Reuters

  • ‘မက္ကာ နှင့် မဒီနာတွင် ထုတ်လုပ်သည်’ စီမံကိန်းကို ဆော်ဒီစတင်

    ‘မက္ကာ နှင့် မဒီနာတွင် ထုတ်လုပ်သည်’ စီမံကိန်းကို ဆော်ဒီစတင်

    ဇန်န၀ါရီ ၂၅၊ ၂၀၂၃

    M-Media 


    -မြင့်မြတ်ရာနေရာတွေကို ဘုရားဖူးလာရောက်ကြမယ့် ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာသာ၀င်တွေကို ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် ဒေသတွင်းကုန်ထုတ်လုပ်မှု စီမံကိန်းတစ်ခုကို ဆော်ဒီက စတင်လိုက်ပါတယ်။ 

    ‘မက္ကာနှင့် မဒီနာတွင် ထုတ်လုပ်သည်’ ဆိုတဲ့ အမည်နဲ့ အဲဒီစီမံကိန်းမှာ အခြေခံ လူသုံးကုန်နဲ့ စားသောက်ကုန် ပစ္စည်းတွေကို မြို့တွင်းမှာ ပိုမို ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ 

    အခုလအစောပိုင်းက ပြုလုပ်တဲ့ Hajj Expo 2023 အခမ်းအနားမှာ ဆော်ဒီ စက်မှု၀န်ကြီး ဘန်ဒါ အလ်-ခိုရာယက်ဖ်က မက္ကာနဲ့ မဒီနာထုတ် ပစ္စည်းတွေ အရည်အသွေး ပိုမိုကောင်းမွန်ဖို့ စီမံကိန်းက ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ပြည်တွင်း ကုန်ထုတ်လုပ်မှုကို မြှင့်တင်အားပေးဖို့အတွက် ဆော်ဒီဟာ ၂၀၂၁ ခုနှစ်က Made in Saudi စီမံကိန်းကို စတင်ခဲ့ပါတယ်။

    ဇန်န၀ါရီ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြာမြင့်ခဲ့တဲ့ Hajj Expo 2023 ပြပွဲအတွင်း ကမ္ဘာတစ်၀ှမ်းက စီးပွားပညာရှင်၊ လုပ်ငန်းရှင်ပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ 

    ဟောပြောမှု ၁၀ ခု၊ ဆွေးနွေးပွဲ ၁၃ ခု၊ အလုပ်ရုံဆွေးနွေးပွဲ ၃၆ ခု ပြုလုပ်ခဲ့ပြီး မက္ကာ၊ မဒီနာဒေသ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ သဘောတူညီချက် ၄၀၀ လောက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ 

    မက္ကာ၊ မဒီနာ ဖွံ့ဖြိုးရေးစီမံကိန်းမှာ ၀န်ဆောင်မှုကဏ္ဍ တိုးတက်ရေးလည်း ပါ၀င်ပါတယ်။ 

    ဆော်ဒီအစိုးရဟာ ကိုဗစ်နောက်ပိုင်း ဟဂျ်နဲ့ အွမ္မရာ ဘုရားဖူးခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်ရေး အားထုတ်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ 

    Ref: Arab News

  • လူကာမိုဒရစ် ဆော်ဒီကလပ် အလ်-နဆာရ်သို့ ပြောင်းမည်

    လူကာမိုဒရစ် ဆော်ဒီကလပ် အလ်-နဆာရ်သို့ ပြောင်းမည်

    ဇန်န၀ါရီ ၂၅၊ ၂၀၂၃ 

    M-Media


    -ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်ဟာ ရော်နယ်ဒိုရှိရာ အလ်-နဆာရ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ ဆော်ဒီပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။ 

    လက်ရှိမှာ သဘောတူညီချက် ရရှိထားပြီး မကြာမီ ကြေငြာချက် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ 

    အသက် ၃၇ နှစ်အရွယ် မိုဒရစ်ဟာ ရီးယဲလ်မက်ဒရစ်ကို ၂၀၁၂ ခုနှစ်က ရောက်ရှိခဲ့ပြီး အခုနှစ် ဘောလုံးရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ 

    မိုဒရစ် ရီးယဲလ်မက်ဒရစ်က ထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေဟာ အခုလအစောပိုင်းကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

    မော်ဒရစ်လိုပဲ နောက်ထပ် ရီယဲလ်မက်ဒရစ် အသင်းသားတစ်ယောက်လည်း အလ်-နဆာရ်ကို ပြောင်းဖို့ရှိတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။ 

    Ref: Arab News 

  • အမေရိကန်ရဲ့ နည်းပညာသစ်တွေကို မသိအောင် တရုတ်က ဘယ်လိုယူနေလဲ

    အမေရိကန်ရဲ့ နည်းပညာသစ်တွေကို မသိအောင် တရုတ်က ဘယ်လိုယူနေလဲ

    ဇန်န၀ါရီ ၁၇၊ ၂၀၂၃

    M-Media 


    -နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ General Electric Power(GE) ၀န်ထမ်းဟောင်း ကျန်းရှောင်ကျင်းရဲ့ ကျဆုံးခန်းဟာ သာမန် ဓာတ်ပုံလေးတစ်ပုံကနေ အစပြုခဲ့ပါတယ်။ 

    အမေရိကန် တရားရေးဌာနရဲ့ တရားစွဲဆိုမှု မှတ်တမ်းမှာ အမေရိကန်နိုင်ငံသား ကျန်းရှောင်ကျင်းဟာ ကုမ္ပဏီက လျှို့၀ှက်ဖိုင်တွေကို နေ၀င်ပုံကို ရိုက်ထားတဲ့ သာမန်ဓာတ်ပုံတစ်ပုံထဲမှာ ပုံဖျက်ထည့်သွင်းပြီး သူ့အီးမေးလ်ဆီ သူကိုယ်တိုင် ပြန်ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒေတာဖိုင်တစ်ခုကို နောက်ထပ်ဖိုင်တစ်ခုထဲမှာ ကုဒ်နဲ့ ပုံဖျက်ထည့်သွင်းတဲ့ နည်းပညာကို steganography လို့ခေါ်ပါတယ်။ မစ္စတာကျန်းဟာ အဲဒီနည်းလမ်းကိုသုံးပြီး GEက အရေးပါတဲ့ လျှို့၀ှက်ဖိုင်တွေကို အကြိမ်ကြိမ်ခိုးယူခဲ့ပါတယ်။ 

    GE ကုမ္ပဏီဟာ နိုင်ငံတကာ လုပ်ငန်းစုကြီးတစ်ခုဖြစ်ပြီး ကျန်းမာရေး၊ စွမ်းအင်ကဏ္ဍ၊ လေကြောင်း စတဲ့ ကဏ္ဍပေါင်းစုံမှာ လုပ်ကိုင်နေတာပါ။ ရေခဲသေတ္တာကနေ လေယာဥ်အင်ဂျင်တွေအထိ ထုတ်လုပ်ပါတယ်။ 

    မစ္စတာကျန်း ခိုးယူခဲ့တဲ့ဖိုင်တွေဟာ တာဘိုင်ဒလက်၊ တာဘိုင်ယိုပေါက်ပိတ်တဲ့ နည်းပညာအပါအ၀င် ဂက်စ်တာဘိုင်၊ ရေနွေးငွေ့တာဘိုင်နဲ့ဆိုင်တဲ့ ဒီဇိုင်းတွေ၊ ထုတ်လုပ်မှု လုပ်ငန်းစဥ်တွေ ဖြစ်ပါတယ်။ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ဒီအချက်အလက်တွေကို သူက တရုတ်နိုင်ငံမှာရှိတဲ့ အဆက်အသွယ်ထံ ပေးပို့ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် တရုတ်အစိုးရက ရရှိသွားပြီး၊ တရုတ်ကုမ္ပဏီတွေ၊ တက္ကသိုလ်တွေလည်း ဒီအချက်အလက်တွေကြောင့် အမြတ်ထွက်သွားပါတယ်။ 

    အခုလစောပိုင်းမှာ မစ္စတာကျန်းကို အမေရိကန်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ အရင်ကလည်း အမေရိကန်အာဏာပိုင်တွေဟာ ဒီလိုခိုးယူမှု အများအပြားအတွက် တရားစွဲဆိုခဲ့ပါသေးတယ်။  နို၀င်ဘာလတုန်းက တရုတ်နိုင်ငံသား ရွှီယန်ကျင်းကို ကြေးစားသူလျှိုလုပ်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ GE အပါအ၀င် အမေရိကန် လေကြောင်းနဲ့ အာကာသကုမ္ပဏီတွေကနေ ကုန်သွယ်ရေး လျှို့၀ှက်ဖိုင်တွေကို ခိုးယူဖို့ ကြံစည်မှုနဲ့ ဖြစ်ပါတယ်။ 

    စီးပွားရေး ပိုမိုအားကောင်းစေဖို့၊ ပထ၀ီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်နိုင်စွမ်း ပိုမိုမြင့်မားစေဖို့ အမေရိကန်ရဲ့ နည်းပညာအသစ်အဆန်းတွေကို တရုတ်က ရယူဖို့ ကြိုးစားနေရာမှာ အထက်ပါအဖြစ်အပျက်တွေက တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အမေရိကန်ကလည်း သူ့ရဲ့အင်အားကို ယှဥ်ပြိုင်လာနိုင်တဲ့ တရုတ်ကို တားဆီးဖို့အတွက် အကောင်းဆုံး ဟန့်တားမှုတွေ လုပ်ဆောင်နေပါတယ်။ 

    ကုန်သွယ်ရေးလျှို့၀ှက်ချက်တွေကို ခိုးယူမှုဟာ မျက်စိကျစရာ လုပ်ငန်းတစ်ခုပါ။ အချိန်မကုန်၊ ငွေမကုန်ဘဲ ပြည်တွင်းက ရှိနေတဲ့ လုပ်နိုင်စွမ်းတွေနဲ့ ကမ္ဘာ့ပို့ကုန်စျေးကွက်ကို လျင်လျင်မြန်မြန် ကျော်တက်နိုင်အောင် ဒီအချက်အလက်တွေက ကူညီပေးတယ်လို့ Economist Intelligence Unit အဖွဲ့က နစ်မာရိုက ပြောပါတယ်။ 

    တရုတ်ဟာ အနောက်တိုင်းကုမ္ပဏီတွေရဲ့ ဉာဏပိုင်ဆိုင်မှုတွေကို ခိုးယူကာ ပြည်တွင်းစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး နောက်ပိုင်းမှာ အဓိကစက်မှုလုပ်ငန်းတွေကို ကြီးစိုးဖို့ ရည်ရွယ်ကာ အရှိန်မြင့်လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ လန်ဒန်မှာလုပ်တဲ့ စီးပွားရေးခေါင်းဆောင်တွေရဲ့ အစည်းအ၀ေးမှာ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာ ခရစ္စတိုဖာ ၀ရေးက ပြောကြားခဲ့ပါတယ်။ 

    ဒီအတွက် လေကြောင်း၊ ဉာဏ်ရည်တုနည်းပညာနဲ့ ဆေး၀ါးကဏ္ဍတွေအပါအ၀င် နယ်ပယ်ပေါင်းစုံမှာ ကုမ္ပဏီအကြီးအသေးမကျန် ၀င်ရောက်ထိုးဖောက်ကာ နည်းပညာအချက်အလက်တွေ ခိုးယူဖို့ တရုတ်က ကြိုးစားနေတာကိုလည် ၀ရေးက သတိပေးခဲ့ပါတယ်။ 

    တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက မစ္စတာ၀ရေးဟာ စစ်အေးခေတ်အတွေးအခေါ်နဲ့ တရုတ်နိုင်ငံကို အခြေအမြစ်မရှိ စွပ်စွဲနေတယ်လို့ အဲဒီအစည်းအ၀ေးမှာ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ 

    အမေရိကန်ကို တရုတ်က ဖြိုဖို့ကြိုးစားနေ

    မစ္စတာကျန်းအမှုနဲ့ပတ်သက်ပြီး ကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ တရုတ်ဟာ အမေရိကန်ရဲ့ ‘စစ်မှန်မှု’ ကို ပစ်မှတ်ထားကာ ကမ္ဘာ့ခေါင်းဆောင်အဖြစ် တည်ရှိနေမှုကို ဖြိုချဖို့ ကြိုးစားနေတယ်လို့ FBI တာ၀န်ရှိသူ အလန်ခိုလာ ဂျေအာရ်က မှတ်ချက်ပေးထားပါတယ်။ 

    မစ္စတာကျန်းဟာ တာဘိုင်ယိုစိမ့်မှု တားဆီးတဲ့ နည်းပညာပိုင်း အထူးပြုတဲ့ အင်ဂျင်နီယာဖြစ်ပြီး တာဘိုင်ယိုစိမ့်မှု အဖြစ်အပျက်များစွာကို ကိုယ်တွယ်ခဲ့ပါတယ်။   

    တာဘိုင်ယိုစိမ့်မှုကို တားဆီးတဲ့ ဒီနည်းပညာကြောင့် တာဘိုင်တွေ လုပ်ဆောင်နိုင်စွမ်း ပိုမိုတိုးတက်လာပြီး သက်တမ်းလည်း ပိုကြာကြာခံတယ်လို့ တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ 

    လေယာဥ်အင်ဂျင်တွေမှာသုံးတဲ့ ဂက်စ်တာဘိုင်တွေဟာ တရုတ်ရဲ့ လေကြောင်းကဏ္ဍ ဖွံ့ဖြိုးလာဖို့အတွက် အဓိကကျပါတယ်။ 

    နိုင်ငံခြားနည်းပညာတွေအပေါ် မှီခိုရမှုကို လျှော့ချပြီး နောက်ပိုင်းမှာ ကျော်တက်နိုင်တဲ့အထိ တိုးတက်လာဖို့အတွက် တရုတ်အာဏာပိုင်တွေ ပစ်မှတ်ထားလုပ်ဆောင်နေတဲ့ ကဏ္ဍ ၁၀ ခုမှာ လေကြောင်းနဲ့ အာကာသပစ္စည်း ထုတ်လုပ်ရေးကဏ္ဍလည်း ပါ၀င်ပါတယ်။ 

    ဒါပေမယ့် စက်မှုမဟုတ်တဲ့ အခြားကဏ္ဍတွေမှာလည်း တရုတ်က နည်းပညာခိုးယူမှုတွေ ရှိနေပါတယ်။ 

    နည်းပညာအတိုင်ပင်ခံကုမ္ပဏီ Constellation Research ရဲ့ စီအီးအို ရေး၀မ်က ဆေး၀ါးနဲ့ နာနိုနည်းပညာတွေကိုလည်း တရုတ်က ခိုးယူနေတယ်လို့ ပြောပါတယ်။ နာနိုနည်းပညာဟာ ဆေး၀ါး၊ ချည်ထည်၊ ကားထုတ်လုပ်ရေး စသဖြင့် နယ်ပယ်ပေါင်းစုံမှာ ပေါင်းစပ်အသုံးပြုလို့ရတဲ့ နည်းပညာမျိုး ဖြစ်ပါတယ်။ 

    မိမိအယုံကြည်ရဆုံးဖြစ်ပြီး၊ ကလေးတွေအတူတကွ ကြီးပြင်းလာစေတဲ့အထိ ခင်မင်တဲ့ လူတစ်ယောက်ဟာ တရုတ်ကွန်မြူနစ်ပါတီအတွက် ပိုက်ဆံယူ သူလျှိုလုပ်ပေးနေသူ ဖြစ်နေတယ်ဆိုတာ နောက်ဆုံးမှာ တွေ့ရှိခဲ့ကြောင်း Fortune 100 ကုမ္ပဏီရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲဟောင်းတစ်ဦးရဲ့ ပြောကြားမှုကို မစ္စတာ၀မ်က ထောက်ပြပါတယ်။ 

    “သူလျှိုတွေ နေရာတိုင်းမှာ ရှိနေပြီဆိုတာကို သူက ကျွန်တော့်ကို သေသေချာချာ ရှင်းပြခဲ့ပါတယ်”

    အရင်က ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်၀မ်နဲ့ စင်ကာပူလို နိုင်ငံမျိုးတွေက နည်းပညာသူလျှိုလုပ်မှာကို စိုးရိမ်ခဲ့ရတယ်လို့ မစ္စတာမာရိုက ပြောပါတယ်။ နောက်ပိုင်း အဲဒီနိုင်ငံတွေမှာ ပြည်တွင်းကုမ္ပဏီတွေက နည်းပညာစွန့်ဦးစျေးကွက်ရဲ့ ထိပ်ပိုင်းနေရာတွေကို ရလာပြီး သူတို့ရဲ့ ကိုယ်ပိုင် ဉာဏပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့လုပ်လာတဲ့အချိန် သက်ဆိုင်ရာ အစိုးရတွေကလည်း ဥပဒေတွေထုတ်ပြီး ဒီကိစ္စကို ပိုမို အရေးယူ ဆောင်ရွက်လာခဲ့ကြပါတယ်။ 

    “ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း တရုတ်လုပ်ငန်းတွေက ပိုပြီး တီထွင်ကြံဆလာနိုင်ကြတဲ့အခါ ပြည်တွင်း ဉာဏထုတ်ကုန် ကာကွယ်ရေးကလည်း တစ်ခါတည်း တွဲပါလာပါတယ်”

    တရုတ်စျေးကွက်ကို ၀င်ရောက်ခွင့်ရချင်ရင် နည်းပညာတွေ လက်လွှဲပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ နိုင်ငံခြားကုမ္ပဏီတွေထံကနေ နည်းပညာသစ်တွေကို တရုတ်က ရယူတာမျိုးလည်း ရှိပါတယ်။ အဓမ္မ ဖိအားပေးပြီး နည်းပညာလက်လွှဲရယူတာလို့ ၀ေဖန်မှုရှိပေမယ့် တရုတ်အစိုးရကတော့ ဒါကို ငြင်းပါတယ်။ 

    ဟာသ သဘောတူညီချက်

    နည်းပညာခိုးယူမှုတွေကို တားဆီးနိုင်ရေး ကြိုးပမ်းမှုတွေလည်း ရှိနေပါတယ်။ 

    ကုန်သွယ်ရေး လျှို့၀ှက်ချက်တွေနဲ့ အခြား စီးပွားရေးဆိုင်ရာ လျှို့၀ှက်ချက်တွေ အပါအ၀င် ဉာဏပိုင်ဆိုင်မှုတွေကို စီးပွားရေးမှာ အမြတ်ထုတ်ဖို့အတွက် ဆိုက်ဘာနည်းပညာနဲ့ ခိုးယူမှုမလုပ်ဖို့ သဘောတူညီချက်တစ်ခုကို ၂၀၁၅ ခုနှစ်မှာ အမေရိကန်နဲ့ တရုတ်တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

    နောက်တစ်နှစ်မှာပဲ အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီက တရုတ်အစိုးရဟာ သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပါတယ်။ ဒီသဘောတူညီချက်နောက်ပိုင်း အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေ ဆိုက်ဘာနည်းပညာနဲ့ ခိုးယူမှု သိသိသာသာ ကျဆင်းသွားတာကိုတော့ ၀န်ခံထားပါတယ်။ 

    လေ့လာစောင့်ကြည့်သူတွေက ဒီသဘောတူညီချက်ရဲ့ ထိရောက်မှုဟာ အလွန်နည်းတယ်လို့ သုံးသပ်ပါတယ်။ ကျင့်သုံးမှု အားနည်းတာကြောင့် သဘောတူညီချက်ဟာ ဟာသလိုဖြစ်နေတယ်လို့ မစ္စတာ၀မ်က ပြောပါတယ်။ အမေရိကန်မှာ တရုတ်ရဲ့ ဆိုက်ဘာသူလျှိုလုပ်ငန်းဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး တတ်သိပညာရှင်တွေရဲ့ ဓာတ်ခွဲခန်းတွေအထိ ရောက်လာနေပါတယ်။

    “အနောက်တိုင်းစီးပွားရေးရဲ့ နယ်ပယ်တိုင်းကို ရောက်ရှိနေပါပြီ” လို့ မစ္စတာ၀မ်က ပြောပါတယ်။ 

    စင်ကာပူအမျိုးသားတက္ကသိုလ် National University က ပညာရှင် လင်တိုင်၀ေက ဘယ်လောက်အထိ ခိုးယူမှုတွေလုပ်လဲဆိုတာ တိတိကျကျ လေ့လာထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ 

    “တရုတ်ရဲ့ ဆိုက်ဘာသူလျှိုလုပ်မှုဟာ နည်းနည်းကျသွားတယ်လို့ တစ်ချို့လူတွေက ထင်ကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အရင်အတိုင်း ပြန်များလာတာပါပဲ။ တစ်ချို့တွေကြတော့လည်း အမေရိကန်-တရုတ် ဆက်ဆံရေး မကောင်းတော့တဲ့အတွက် သဘောတူညီချက် အသက်မ၀င်တော့ဘူးလို့ ယုံကြည်ကြပါတယ်”

    လက်ရှိအချိန်မှာတော့ တရုတ်ရဲ့ ဆီမီးကွန်ဒက်တာ ထုတ်လုပ်ရေးလုပ်ငန်းကို တားဆီးပိတ်ပင်ဖို့ အမေရိကန်က တိုက်ရိုက်လုပ်ဆောင်လာပါတယ်။ ဆီမီးကွန်ဒက်တာဟာ စမတ်ဖုန်းကနေ လက်နက်ထုတ်လုပ်ရေးအထိ အရေးပါတဲ့လုပ်ငန်းဖြစ်ပြီး ဒီနည်းပညာကို တရုတ်က အသုံးပြုနေတာဟာ မိမိတို့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်နေတယ်လို့ အမေရိကန်က ပြောပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာလမှာ အမေရိကန်ဟာ နည်းပညာတင်ပို့မှုကို ပိုမိုကန့်သတ်တဲ့အမိန့်တွေ ထုတ်ပြန်လာပါတယ်။ တရုတ်နိုင်ငံကို ချစ်ပ်တွေတင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့ ဘယ်နေရာမှာပဲ လုပ်ငန်းလုပ်ဆောင်သည်ဖြစ်စေ အမေရိကန်ထုတ် ဆော့ဖ်၀ဲတွေ အသုံးပြုမှုအတွက် လိုက်စင်လျှောက်ရမယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေ၊ ဂရင်းကဒ် ကိုင်ထားသူတွေအနေနဲ့ တရုတ် ချစ်ပ်ကုမ္ပဏီတစ်ချို့မှာ အလုပ်လုပ်ခွင့်မရှိလို့လည်း အမေရိကန်အစိုးရက တားမြစ်ခဲ့ပါတယ်။ 

    ဒီလိုဆောင်ရွက်ချက်တွေဟာ တရုတ်ရဲ့ နည်းပညာတိုးတက်မှုကို နှေးကွေးစေမှာဖြစ်ပေမယ့် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းမှာ အမေရိကန်နဲ့ နိုင်ငံခြားထုတ်ကုန်တွေကို ဖယ်ရှားရေး တရုတ်ရဲ့လုပ်ဆောင်မှုကတော့ အရှိန်မြင့်လာမှာ ဖြစ်ပါတယ်။ 

    “တရုတ်က ဒီလိုခိုးယူမှုတွေကို နှစ်ပေါင်းများစွာ လုပ်လာတာဖြစ်ပြီး လူသိပ်မသိတဲ့ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ အခု မကြာခင်က လုပ်ဆောင်လာတဲ့ အမေရိကန်ရဲ့ ထိန်းချုပ်မှုတွေကြောင့် ဒီမူ၀ါဒအောင်မြင်ဖို့ဟာ တရုတ်အတွက် အရေးကြီးလာပါတယ်”

    တရုတ်က အမျိုးသားလုံခြုံရေးကို ရှေ့တန်းတင်လာတာကြောင့် ကမ္ဘာ့စီးပွားရေးအင်အားကြီး ၂ နှစ်နိုင်ငံအကြား နည်းပညာရှေ့ရောက်ရေး အပြိုင်ကြိုးစားမှုက ပိုမိုအားကောင်းလာဖွယ် ရှိနေပါတယ်။ 

    မစ္စတာ၀မ်ကတော့ လက်ရှိအချိန်အထိ အမေရိကန်က နှာတစ်ဖျားသာနေတယ်လို့ ဆိုပါတယ်။ 

    “ကျွန်တော့်သူငယ်ချင်း ဆိုက်ဘာလုံခြုံရေးသမားတွေက တရုတ်၀ဘ််ဆိုက်တွေကို သူတို့ ထိုးဖောက်၀င်ရောက်တဲ့အခါ တန်ဖိုးရှိတဲ့ နည်းပညာတွေအားလုံး အမေရိကန်ရဲ့ ထုတ်ကုန်တွေပဲဆိိုတာတွေ့ရကြောင်း ကျွန်တော့်ကို ဖောက်သည်ချကြပါတယ်”

    Ref: BBC