News @ M-Media
Author: Ko Lay
  • ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုး ကွယ်လွန်
    ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုး ကွယ်လွန်
    မေ ၂၃၊ ၂၀၁၇
    M-Media
    – ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကားတွင် ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့သူ ဆာ ရော်ဂျာမိုးမှာ ယမန်နေ့က ကွယ်လွန်သွားပြီဟု မိသားစုက အတည်ပြု ပြောကြားလိုက်သည်။
    ရော်ဂျာမိုး၏ တရားဝင်ဆိုရှယ်မီဒီယာအကောင့်တွင် လွှင့်တင်ထားသော ကြေငြာချက်၌ အသက် ၈၉ နှစ်အရွယ် မိုးမှာ ‘ကင်ဆာရောဂါကို အချိန်ကာလ တိုတောင်းသော်လည်း သတ္တိရှိစွာ ရင်ဆိုင်ခဲ့ပြီးနောက်’ ဆွစ်ဇာလန်တွင် ကွယ်လွန်သွားပြီဟု ဖော်ပြထားသည်။
    မိုးမှာ စာရေးဆရာ အီယန် ဖလီမင်း၏ ၀တ္ထုများကို အခြေခံ၍ ရိုက်ကူးသော ထောက်လှမ်းရေး ဇာတ်လမ်းများတွင် ဗြိတိန်သူလျှို ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်သည့် တတိယမြောက် မင်းသားကြီးဖြစ်ပြီး ၁၉၇၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အကြား ထွက်ခဲ့သော ဇာတ်ကား ၇ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
    ရော်ဂျာမိုးမှာ ၁၉၂၇ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် လန်ဒန်၌ မွေးဖွားခဲ့ပြီး အနုပညာအကယ်ဒမီတစ်ခုဖြစ်သော Royal Academy of Dramatic Arts [RADA] တွင် ပညာဆည်းပူးခဲ့သည်။
    ၁၉၆၆ ခုနှစ်တွင် ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်သည့် မင်းသားကြီး ရှောင်ကွန်နရီက မိုးမှာ ၎င်း၏ နေရာကို ဆက်ခံနိုင်သူအဖြစ် တစ်ပေးခြင်း ခံခဲ့ရသည်။
    ထို့နောက် ၁၉၇၂ ခုနှစ်တွင် ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ရန် ထုတ်လုပ်သူ အဲလ်ဘတ် ဘရိုကိုလီနှင့် သဘောတူခဲ့ကာ ၁၉၇၂ ခုနှစ်တွင် ပြသသည့် Live and Let Die ဇာတ်ကားတွင် ပထမဆုံး ပါဝင်ခဲ့သည်။
    မိုးမှာ ယူနီဆက်ဖ်တွင် ပရဟိတလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် Goodwill Ambassador တစ်ဦးဖြစ်လာကာ ၎င်း၏ နာမည်ကျော်ကြားမှုကို အသုံးပြုပြီး ကလေးငယ်အခွင့်အရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင်သူအဖြစ် နာမည်ကျော်သည်။
    Ref: Independent
  • ဆီးရီးယားပြည်သူများ၏ ဒုက္ခများကို နားလည်စေရန် ဂူးဂဲလ်က သီးသန့်ဝဘ်ဆိုက်တစ်ခု ဖန်တီးထား
    ဆီးရီးယားပြည်သူများ၏ ဒုက္ခများကို နားလည်စေရန် ဂူးဂဲလ်က သီးသန့်ဝဘ်ဆိုက်တစ်ခု ဖန်တီးထား
    မေ ၂၃၊ ၂၀၁၇
    M-Media
    – ဆီးရီးယားဒုက္ခသည်တွေရဲ့ ဒုက္ခသုက္ခတွေကို လူတွေ ပိုမို သိရှိနားလည်စေဖို့အတွက် ရည်ရွယ်တဲ့ သီးသန့် ၀ဘ်ဆိုက်တစ်ခုကို ဂူးဂဲလ်နဲ့ ကုလတို့က ပူးပေါင်းပြီး ဖန်တီးထုတ်ပြန်လိုက်ပါတယ်။
    Searching for Syria လို့ခေါ်တဲ့ ဒီဝဘ်ဆိုက်မှာ ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အချက်အလက်တွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ မြင်ကွင်းကို ၃၆၀ ဒီဂရီ လှည့်ကြည့်လို့ရမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဒုက္ခသည်တွေရဲ့ ဘ၀ဇာတ်ကြောင်းတွေ စတာတွေကို ဒီဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
    Google ကတော့ ဆီးရီယားအရေး ၀ဘ်ပေါ်မှာ လူတွေ ဘယ်လောက် စိတ်ဝင်စားလဲဆိုတာကို ဆီးရီးယားက ဒုက္ခည်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ serach engine မှာ အခြေခံမေးခွန်းတွေရိုက်ကာ ရှာဖွေမှုနဲ့ အကဲဖြတ်ခဲ့ပြီး What is happening in Syria ဆိုတဲ့ မေးခွန်းက ပြီးခဲ့တဲ့နှစ်အတွင်း ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေတို့မှာ ရှာဖွေမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
    ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်အတွင်း ဆီးရီးယားနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေသူဟာ ဒီနိုင်ငံတွေမှာ ၁၀ သန်းကျော်လောက် ရှိခဲ့တာပါ။
    ဆီးရီးယားမှာရှိတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတွေ စစ်မဖြစ်ခင်က ဘယ်လိုရှိခဲ့တယ်၊ စစ်ဖြစ်ပြီး နောက်ပိုင်း ဘယ်လိုပျက်ဆီးသွားလဲ ဆိုတာတွေကိုလည်း ၃၆၀ ဒီဂရီပုံရိပ်နဲ့ ဒီဝဘ်ဆိုက်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
    ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး Google က ကူညီတာမျိုးဟာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒုက္ခသည် ၈ သိန်းလောက်ကို အရေးပေါ် ကူညီထောက်ပံ့မှု ပြုလုပ်ဖို့၊ အရေးပါတဲ့ သတင်းအချက်အလက်တွေ ရဖို့၊ ပညာသင်ကြားနိုင်ဖို့ ဂူးဂဲလ်ဟာ ယခင်က ကန်ဒေါ်လာ သန်း ၂၀ လောက် သုံးစွဲခဲ့ပါတယ်။
    Ref: Techcrunch
  • မန်ချက်စတာဗုံးခွဲမှု ၎င်းတို့လက်ချက်ဟု IS အကြမ်းဖက်အဖွဲ့ ကြေငြာ
    မန်ချက်စတာဗုံးခွဲမှု ၎င်းတို့လက်ချက်ဟု IS အကြမ်းဖက်အဖွဲ့ ကြေငြာ
    မေ ၂၃၊ ၂၀၁၇
    M-Media
    – ယမန်နေ့ညနှောင်းပိုင်းက မန်ချက်စတာမြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ပြောကြားလိုက်ပြီး ယူကေ ရဲတပ်ဖွဲ့ကလည်း ထိုအဖြစ်အပျက်နှင့် ဆက်စပ်၍ သံသယဖြစ်ဖွယ် လူတစ်ဦကို ဖမ်းဆီးထားသည်ဟု ဆိုသည်။
    မန်ချက်စတာ ဘောလုံးကွင်း၌ အမေရိကန်ပေါ့ပ်စတား အရီယာနာ ဂရန်ဒီ၏ ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် ဖြစ်ပွားခဲ့သော အဆိုပါ ဗုံးကွဲမှုအတွင်း အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့သည်။
    ယူကေရဲတပ်ဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်မှုဟု ပြောကြားခဲ့ပြီး IS အဖွဲ့က ၎င်းတို့၏ တပ်သားတစ်ဦးမှာ လူအုပ်ကြားထဲတွင် ဗုံးတစ်လုံးကို ချထားခဲ့သည်ဟု ၎င်းတို့၏ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြေငြာခဲ့သည်။
    လက်ရှိတွင် ထိုအဖြစ်အပျက်နှင့်ဆက်စပ်၍ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အသေခံဗုံးခွဲသမား မည်သူမည်ဝါဖြစ်သည်ကို ရဲတပ်ဖွဲ့က သိရှိထားကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
    Ref: Aljazeera
  • အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အီရန်မကူညီဘဲ မရနိုင်ဟု သမ္မတရူဟာနီ ဖွင့်ဟ
    အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အီရန်မကူညီဘဲ မရနိုင်ဟု သမ္မတရူဟာနီ ဖွင့်ဟ
    မေ ၂၃၊ ၂၀၁၇
    M-Media
    – အရှေ့အလယ်ပိုင်း တည်ငြိမ်ရေး ဆောင်ရွက်မှုဟာ အီရန်ရဲ့ အကူအညီမပါဘဲ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပြီး အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်မှုကိုလည်း တုန့်ပြန်လိုက်ပါတယ်။
    ထရမ့်က မွတ်စလင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး အမေရိကန်နဲ့ မဟာမိတ်ပြုဖို့ တိုက်တွန်းခဲ့ပြီး၊ အီရန်ကတော့ အာရပ်ကမ္ဘာက လက်နက်ကိုင်အုပ်စုတွေကို ငွေကြေးတွေ၊ အထောက်အပံ့တွေ အဓိကပေးနေတဲ့ နိုင်ငံလို့ ပြောခဲ့တာပါ။
    လက်တွေ့ကျသူဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ် သမ္မတရွေးကောက်ပွဲမှာ ပြန်အနိုင်ရခဲ့တဲ့ ရူဟာနီကလည်း ထရမ့်ရဲ့ ဒီစကားကို တုန့်ပြန်ခဲ့ပြီး ရီယာ့ဒ်မှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးဟာ ‘နိုင်ငံရေးတန်ဖိုး ဘာမှမပါတဲ့ ဟန်ပြပွဲသာဖြစ်ကာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူး’ လို့ ဆိုပါတယ်။
    “အီရန်မပါဘဲနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ဘယ်သူက ပြန်ရအောင် လုပ်နိုင်မလဲ။ ဒေသတွင်းမှာ လုံးဝတည်ငြိမ်ရေးကို အီရန်မပါဘဲ ရမယ်လို့ ဘယ်သူပြောနိုင်လဲ” လို့ ရူဟာနီက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    ထရမ့်က ရီယာ့ဒ်မှာပြုလုပ်တဲ့ ထိပ်သီးအစည်းဝေးမှာ အီရန်ဟာ အီရတ်၊ ယီမင်၊ လက်ဘနွန်က ‘အကြမ်းဖက်သမားတွေ၊ ပြည်သူ့စစ်တွေ၊နဲ့ အခြား အစွန်းရောက်အုပ်စုတွေကို’ ငွေကြေး၊ လက်နက်တွေ ထောက်ပံ့ပေးနေသလို၊ ဆီးရီးယားပြည်တွင်းစစ်မှာ သမ္မတ ဘာရှာ အလ်-အာဆတ်ကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
    ရူဟာနီကတော့ အမေရိကန်အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသကို နားမလည်သေးဘူးလို့ ဆိုပါတယ်။
    “အမေရိကန်ဟာ အီရန်ကိုဆန့်ကျင်ဖို့ နည်းအမျိုးမျိုးကို အသုံးပြုခဲ့ပြီး တစ်ခုမှ အလုပ်မဖြစ်ပါဘူး။ တည်ငြိမ်ပြီး တစ်သမတ်တည်းရှိတဲ့ ပေါ်လစီကို တွေ့ရဖို့ အမေရိကန်အစိုးရသစ်ကို ကျွန်တော်တို့ စောင့်နေပါတယ်။ ပြဿနာက အမေရိကန်တွေဟာ ကျွန်တော်တို့ဒေသကို မသိတာပါ။ အမေရိကန်တာဝန်ရှိသူတွေကို အကြံပေးတဲ့သူတွေကလည်း သူတို့ကို လမ်းမှား ခေါ်သွားနေပါတယ်”
    နောက်ပြီး IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာမှာ အီရန်ဟာ အရေးပါတဲ့ အင်အားတစ်ခုဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းက အကြမ်းဖက်ဝါဒကို အမေရိကန်နဲ့ ဆော်ဒီတို့က ငွေကြေး ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အီရန်ရဲ့ ရပ်တည်ချက်ကိုလည်း ရူဟာနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
    “ဘယ်သူတွေက အကြမ်းဖက်တွေကို တိုက်နေတာလဲဗျ။ အီရန်၊ ဆီးရီးယား၊ ဟစ်ဇ်ဘိုလာနဲ့ ရုရှားတို့ပဲလေ။ ဒါပေမယ့် ဘယ်သူက အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့နေတာလဲ။ အဲဒီလို ထောက်ပံ့နေတဲ့သူတွေက သူတို့ဟာ အကြမ်းဖက်တွေကို တိုက်နေတယ်လို့ ပြောလို့မရဘူး”
    အီရန်နဲ့ ဆော်ဒီတို့ဟာ ဆီးရီးယား၊ ယီမင်၊ အီရတ်နဲ့ လက်ဘနွန်တို့မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို ပံ့ပိုးပေးပြီး ဒေသတစ်ဝှမ်းက စစ်ပွဲတွေမှာ တစ်ဆင့်ခံ ပါဝင်နေကြတာ ဖြစ်ပါတယ်။
    ရူဟာနီကတော့ လက်နက်တွေထုတ်တာ၊ ၀ယ်တာတွေက တိုင်းပြည်တစ်ခုကို အားကောင်းအောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
    “လက်နက်တွေဝယ်တာ၊ ထုတ်လုပ်တာဟာ နိုင်ငံတစ်နိုင်ငံကို အားကောင်းအောင် မလုပ်နိုင်ပါဘူး။ စစ်တပ်ဟာ တိုင်းပြည်အင်အားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ကျွန်တော်တို့ ဒါကို ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ဒီအင်အားရဲ့ အခြေခံအုပ်မြစ်က အမျိုးသားအင်အားဖြစ်ပြီး ဒါက ရွေးကောက်ပွဲကနေတစ်ဆင့် လာတာဖြစ်ပါတယ်။ ဆော်ဒီခေါင်းဆောင်တွေနေနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာကို မဲပေးခွင့်ကနေ ပြည်သူတွေကို ဆုံးဖြတ်ခွင့်ပေးမယ်ဆိုရင်တော့ ဒါက သူတို့ကို ပိုပြီး ခိုင်မာတောင့်တင်းစေမှာပါ”
    ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို အီရန်က ကြိုဆိုပြီး အီရန်ကို ကမ္ဘာကြီးမှာ ၀င်ဆံ့စေမယ်၊ ပြည်သူတွေကို လွတ်လပ်ခွင့်ပေးမယ် ဆိုတဲ့ မဲဆွယ်ပွဲ ကတိကို ပြည့်ဆည်းပေးသွားမယ်လို့လည်း ရူဟာနီက ကတိပြုခဲ့ပါတယ်။
    အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးကျည် အစီအစဉ်အတွက် အမေရိကန်က ပြီးခဲ့တဲ့တစ်ပတ်မှာ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီး ရူဟာနီက မိမိတို့ရဲ့ ဒုံးကျည်ထုတ်လုပ်မှုဟာ ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအတွက်ဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ ဒုံးကျည်စမ်းသပ်မှုလုပ်ဖို့ လိုလာပြီဆိုရင် သူတို့ရဲ့ ခွင့်ပြုချက်ကို စောင့်မနေဘဲ အီရန်က လုပ်ဆောင်သွားမယ်ဆိုတာ အမေရိကန်က သိဖို့လိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ‘အီရန်ရဲ့ ဒုံးကျည်အစီအစဉ် အဆုံးသတ်သွားဖို့ဆိုတဲ့ အမေရိကန်ရဲ့ စိက်ကူးယဉ်အိပ်မက်ဟာ ဘယ်တော့မှ အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး’
    Ref: Aljazeera
  • မန်ချက်စတာ ဂီတဖျော်ဖြေပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
    မန်ချက်စတာ ဂီတဖျော်ဖြေပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
    မေ ၂၃၊ ၂၀၁၇
    M-Media
    – အင်္ဂလန်မြောက်ပိုင်း မန်ချက်စတာမြို့တွင် ယမန်နေ့ညပိုင်းက ကျင်းပပြုလုပ်သည့် အမေရိကန် နာမည်ကြီး ပေါ့ပ်အဆိုတော် အရီယာနာ ဂရန်ဒီ၏ ဂီတဖျော်ဖြေပွဲတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးကာ ၅၀ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ရဲတပ်ဖွဲ့ကမူ အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ပြောဆိုထားပြီး၊ အချက်အလက်များကို စုဆောင်းနေဆဲဖြစ်ကြောင်း၊ ဂီတဖျော်ဖြေပွဲ သွားရောက်ကြည့်သူများ၏ ဆွေမျိုးများကို အကူအညီပေးရန် ဖုန်းလိုင်းများကို ဖန်တီးပေးထားကြောင်း ပြောကြားခဲ့သည်။
    “လက်ရှိအချိန်အထိ ၁၉ ဦး သေဆုံခဲ့ပြီး ၅၀ ၀န်းကျင်လောက် ဒဏ်ရာရှိခဲ့ပါတယ်။ နောက်ထပ် ထပ်ပြီး မသိရှိရခင်အထိ ဒါကို အကြမ်းဖက်လုပ်ရပ်အဖြစ် လက်ရှိမှာ သတ်မှတ်ဆောင်ရွက်နေပါတယ်” ဟု ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    ပေါက်ကွဲမှု မည်သို့ဖြစ်သည်ဆိုသည့် အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း မျက်မြင်သက်သေအချို့က ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ဖျော်ဖြေပွဲကျင်းပရာ ရုံအတွင်းရှိ အရက်ဘားအနီးမှ ပေါက်ကွဲသံ ကြားရသည်ဟု ပြောကြားခဲ့သည်။
    ယခုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် အတည်ပြုနိုင်ပါက ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် လန်ဒန်ဘူတာရုံ၌ လူ ၅၂ ဦး သေဆုံးခဲ့သည့် အသေခံဗုံးဖောက်ခွဲမှုနောက်ပိုင်း ဗြိတိန်တွင် အဆိုးဝါးဆုံး တိုက်ခိုက်မှု ဖြစ်လာမည်ဖြစ်သည်။
    Ref: Aljazeera