News @ M-Media

Author: Ko Lay

  • အကြမ်းဖက်တိုက်ခိုက်ကာ ဒုက္ခသည်များအပေါ် ပုံချရန်ကြံစည်သည့် ဂျာမန်စစ်သားတစ်ဦး ဖမ်းဆီးခံရ

    အကြမ်းဖက်တိုက်ခိုက်ကာ ဒုက္ခသည်များအပေါ် ပုံချရန်ကြံစည်သည့် ဂျာမန်စစ်သားတစ်ဦး ဖမ်းဆီးခံရ

    ဧပြီ ၂၈၊ ၂၀၁၇
    M-Media

    – လူမျိုးရေးအစွန်းရောက်မှု စိတ်ဓာတ်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်ခဲ့သည့် ဂျာမန်စစ်ဗိုလ်တစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ဖရန့်ဖတ်ရှိ အစိုးရ ရှေ့နေများက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါ စစ်သား၏ အမည်ကို တစ်ကိုယ်ရေ အချက်အလက် ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကြောင့် မထုတ်ပြန်ခဲ့ပေ။ ဘာဗာရီယာပြည်နယ်၊ ဟမ်မဲလ်ဘာ့ဂ်မြို့ရှိ ဘွန်ဒက်စ်ဝါ စစ်စခန်းတွင် လေ့ကျင့်မှုပြုလုပ်စဉ် ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် ဂျာမနီ၊ သြစတြီးယားနှင့် ပြင်သစ်တို့ရှိ နေရာပေါင်း ၁၆ နေရာတွင်လည်း သက်သေအထောက်များကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့သည်။

    စုံစမ်းစစ်ဆေးသူများက ထိုစစ်ဗိုလ်မှာ ‘လူမျိုးရေး အစွန်းရောက်သည့် နောက်ခံကြောင့်’ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ကြံစည်ခြင်းဖြစ်ပြီ ရွှေ့ပြောင်းအခြေချသူများနှင့် ဒုက္ခသည်များအပေါ် ပစ်မှတ်ထားခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ဇန်န၀ါရီလက ဗီယင်နာလေဆိပ်ရှိ ရေချိုးခန်းတစ်ခုတွင် ၎င်းမှာ ကျည်အပြည့်ဖြည့်ထားသည့် လက်နက်တစ်ခုကို ဖွက်ထားခဲ့ကြောင်း၊ ဖေဖော်ဝါရီလက ထိုလက်နက်ကို လာယူစဉ် သြစတြီးယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း သက်သေအထောက်အထား မလုံလောက်သည့်အတွက်ကြောင့် နောက်ပိုင်းတွင် ပြန်လွှတ်
    ပေးခဲ့ရကြောင်း၊ လက်ဗွေများအရ ၎င်းမှာ ၂၀၁၅ ခုနှစ်တွင် ဂျာမနီရှိ ဆီးရီးယားဒုက္ခသည်အဖြစ် မှားယွင်း စာရင်းသွင်းခံရပြီး ၂၀၁၆ ခုနှစ်တွင် ခိုလှုံခွင့် လျှောက်ထားခဲ့ကြောင်း နောက်ပိုင်းတွင် နေထိုင်စရာနှင့် ထောက်ပံ့ငွေများကိုပင် ရရှိခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

    ဗီယင်နာတွင် ဖွက်ထားသည့် လက်နက်ဖြင့် ‘ဆိုးရွာသည့် နိုင်ငံတော် ရာဇ၀တ်မှု’ ကို ကျူးလွန်ရာတွင် အသုံးပြုမည်ဟု အစိုးရရှေ့နေများက ယုံကြည်နေပြီး လက်နက်မှာ ဘွန်ဒက်စ်ဝါ စစ်စခန်းမှ ရယူထားသည့် လက်နက်မဟုတ်ဟုလည်း ဆိုသည်။

    ဖရန့်ဖတ်အနီး ၎င်း၏ ဇာတိမြို့ အောဖန်ဘက်ခ်ျတွင် ထိုကိစ္စနှင့်ပတ်သက်၍ အသက် ၂၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ လူဖြူအစွန်းရောက်တစ်ဦးဖြစ်မည်ဟု အာဏာပိုင်များက ယုံကြည်နေသည်။ ၎င်း၏ အိမ်တွင် လက်နက်နှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ ဥပဒေအရ တားမြစ်ထားသည့် အရာများကို တွေ့ရှိခဲ့ရသည်။

    စုံစမ်းစစ်ဆေးသူများက ၎င်းတို့ တိုက်ခိုက်ရန်ကြံစည်သည့် လှုံ့ဆော်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ၊ ဒုက္ခသည်များကို အပြစ်ပုံချရန်အတွက် စီစဉ်သည်ဆိုသည့် ယူဆချက်ကိုလည်း ပယ်ချခြင်း မပြုခဲ့ပေ။

    ဂျာမနီ စစ်တပ်၏ တန်ပြန်ထောက်လှမ်းရေးဌာန (MAD) မှာ လက်ရှိတွင် ဘွန်ဒက်စ်ဝါအတွင်း လယ်ယာစွန်း အစွန်းရောက်ဝါဒနှင့်ပတ်သက်၍ အမှု ၂၇၅ ခု၊ အစ္စလာမ့်မစ် အစွန်းရာက်များနှင့် လက်ဝဲအစွန်းရောက်များ အမှုများစွာကိုလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။

    Ref: DW

  • ပလက်စတစ်သားအိမ်တုက လမစေ့ဘဲမွေးသည့် ကလေးများကို ကယ်တင်နိုင်ဖွယ်ရှိနေ

    ပလက်စတစ်သားအိမ်တုက လမစေ့ဘဲမွေးသည့် ကလေးများကို ကယ်တင်နိုင်ဖွယ်ရှိနေ

    ဧပြီ ၂၈၊ ၂၀၁၇
    M-Media

    – ပလက်စတစ်အိတ်နဲ့ ပြုလုပ်ထားတဲ့ သားအိမ်တုထဲမှာ မမွေးရသေးတဲ့ သိုး သန္ဓေသားလောင်းတစ်ကောင်ကို ၄ ပတ်တာ ထိန်းသိမ်းထားမှု အောင်မြင်ခဲ့ပြီး၊ ဒါဟာ လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေကို အသက်ရှင်သန်စေမယ့် နည်းလမ်းတစ်ခု ဖြစ်လာနိုင်တော့မှာပါ။

    ဒီပလက်စတစ် သားအိမ်တုကို ပိုလီသင်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သန္ဓေသားလောင်းအတွက် လိုအပ်တဲ့ အဟာရ၊ ကာကွယ်မှုတွေကို ပေးနိုင်ဖို့အတွက် သားအိမ်အစစ်ထဲမှာ ပါဝင်တဲ့အရည် amniotic fluid ကိုလည်း ထည့်သွင်းပေးထားပါတယ်။

    အောက်ဆီဂျင် ပေးပို့နိုင်မယ့် ချက်ကြိုး၊ ဓာတ်ငွေ့တွေကို အလဲအလှယ်လုပ်ပေးနိုင်မယ့် အချင်းတွေကိုလည်း ဒီ သားအိမ်တုမှာ ဖန်တီးပေးထားပါတယ်။

    ဒီစနစ်ဟာ တကယ့် သားအိမ်အစစ်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ဖန်တီးပေးထားတာဖြစ်ပြီး တစ်ချိန်ကျရင် လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေအတွက် အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ လေ့လာမှုကို ပြုလုပ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား ကလေးဆေးရုံက သန္ဓေသားလောင်းဆိုင်ရာ ဆရာဝန် ဒေါက်တာ အလန် ဖလီက်က ပြောကြားခဲ့ပါတယ်။

    “သားအိမ်ရဲ့ နေအထားအတိုင်းကို တတ်နိုင်သလောက် အနီးစပ်ဆုံး တုပထားတဲ့၊ အချင်းရဲ့ လုပ်ဆောင်ချက်တွေကို အစားထိုးထားတဲ့ စနစ်တစ်ခုကို ကျွန်တော်တို့ ဖန်တီးခဲ့တာပါ။ သီအိုရီအရတော့ ဒါဟာ လမစေ့ဘဲမွေးခဲ့တဲ့ ကလေးတွေအတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်” လို့ ဒေါက်တာက ဆိုပြီး သူတို့အဖွဲ့ဟာ လမစေ့ဘဲမွေးလာတဲ့ ကလေးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကိုယ်ဝန်ဆောင် ၁၀ ဦးမှာ ၁ ဦး လမစေ့ဘဲ ကလေးမွေးတာမျိုး ဖြစ်တတ်ပြီး ၂၃ ပတ်အောက် လမစေ့ဘဲမွေးတဲ့ကလေးကတော့ အသက်ရှင်သန်နိုင်ဖို့ အခွင့်အလမ်း လုံးဝ မရှိပါဘူး။ ၂၃ ပတ်ဆိုရင် ၁၅ ရာခိုင်နှုန်း၊ ၂၄ ပတ်ဆိုရင် ၅၅ ရာခိုင်နှုန်းနဲ့ ၂၅ ပတ်ဆိုရင် ၈၀ ရာခိုင်နှုန်း အသီးသီး အသက်ရှင်သန်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ်လို့ ယူကေက ကိုယ်ဝန်ဆာင်မှုနဲ့ သန္ဓေသားလောင်းဆိုင်ရာ သုတေသနအဖွဲ့ Tommy က ဆိုပါတယ်။

    ဖလီက်ကတော့ ဒီစနစ်သစ်ဟာ အနာဂတ်မှာ လမစေ့ဘဲမွေးလာတဲ့ ကလေးတွေရဲ့ အသက်ရှင်သန်မှုနှုန်းကို တိုးတက်စေမှာဖြစ်ကြောင်း သူတို့အဖွဲ့က မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပေမယ့် ဒါဟာ ၁၀ စုနှစ်တစ်ခုလောက်တော့ ကြာမြင့်မယ်လို့ ဆိုပါတယ်။

    Ref: CNN

  • ဗီဒီယိုအကူဒိုင်နည်းပညာကို ရုရှားကမ္ဘာ့ဖလားတွင် အသုံးပြုမည်

    ဗီဒီယိုအကူဒိုင်နည်းပညာကို ရုရှားကမ္ဘာ့ဖလားတွင် အသုံးပြုမည်

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားပွဲများတွင် ဗီဒီယိုအကူဒိုင် (VAR) စနစ်ကို အသုံးပြုသွားမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ပြောကြားလိုက်သည်။

    “လက်ရှိအချိန်အထိ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေကလွဲလို့ တစ်ခြား ဘာမှ မတွေ့ရတာကြောင့် ဗီဒီယို အကူဒိုင်စနစ်ကို အသုံးပြုသွားမှာပါ” ဟု အင်ဖန်တီနိုက BBC Sport သို့ ပြောကြားခဲ့သည်။

    အဆိုပါ နည်းပညာကို ဂိုးသွင်းယူမှု၊ ပင်နယ်တီ၊ အနီကဒ်ပြစ်ဒဏ်နှင့် လူမှားယွင်း ပြစ်ဒဏ်ပေးမှုများအတွက်သာ အသုံးပြုသွားမည်ဖြစ်သည်။

    ဗီဒီယိုအကူဒိုင် နည်းပညာကို ဖီဖာပြိုင်ပွဲများတွင် ပထမဆုံးအဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ကလပ်အသင်းများ ကမ္ဘာ့ဖလားတွင် အသုံးပြုခဲ့သည်။

    လက်ရှိတွင် သြစလေးလျ အေ-လိဂ်တွင်လည်း စမ်းသပ် အသုံးပြုနေသည်။

    Ref : RT

  • ယူအေအီးဗလီများ အလင်းပေးမှု သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်အောင် ဆောင်ရွက်မည်

    ယူအေအီးဗလီများ အလင်းပေးမှု သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်အောင် ဆောင်ရွက်မည်

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    ယူအေအီးရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – နိုင်ငံတစ်ဝှမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရှိ ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀၀၀ ကျော်တွင် စွမ်းအင်အစားနည်းသည့် မီးလုံးများ တပ်ဆင်သွားမည်ဟု သိရသည်။

    ထိုအစီအစဉ်အတွက် အစ္စလာမ့်ရေးရာနှင့် ပရဟိတဆိုင်ရာ ဦးစီးဌာန၊ ဒူဘိုင်း ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ ရာသီဥတုပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာန၊ လမ်းနှင့် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၊ ရှိခ် ဇာယဒ် အိမ်ယာဆောက်လုပ်ရေး စီမံကိန်းတို့ အားလုံးမှာ ၎င်းတို့လက်အောက်ရှိ အဆောက်အဦးများအားလုံးတွင် စွမ်းအင်ချွေတာသည့် LED မီးလုံးများကို အသုံးပြုသွားရန် သဘောတူခဲ့သည်။

    “ဒါက တီထွင်ဆန်းသစ်ပြီး၊ ရေရှည်တည်တံ့ကာ ခြွင်းချက်ကင်းတဲ့ ရည်မှန်းချက်မျိုးဖြစ်ပြီး ဒေသတွင်းမှာလည်း ပထမဆုံး ဖြစ်မှာပါ။ ပြီးတော့ နိုင်ငံအတွက် စီးပွားရေးဆိုင်ရာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးတွေလည်း ရှိမှာဖြစ်ပါတယ်” ဟု ဒူဘိုင်း မြူနီစီပယ်ဌာန ညွှန်ကြားရေးမှူးချုပ် ဟူစိတ် နာဆရ် လူတာက ပြောကြားခဲ့သည်။

    အဆိုပါ မီးသီးတစ်လုံးမှာ လျှင်စစ်ဓာတ်အားခ ၉၀ ရာခိုင်နှုန်းအဖြစ် တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၁၀၀ ခန့် သက်သာမည်ဖြစ်ပြီး နှစ်ပေါင်း ၂၅ နှစ်ခန့် အသုံးခံမည်ဖြစ်ကြောင် ဒူဘိုင်း မြူနီစီပယ်ဌာနက ပြောကြားခဲ့သည်။

    ဒူဘိုင်း လျှပ်စစ်နှင့် ရေဆိုင်ရာ အာဏာပိုင်အဖွဲ့ (DEWA) က နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များတွင် ရေခြွေတာရေး နည်းပညာများကို ပေးအပ်ခဲ့ပြီး ခါလီဖါ အလ် တာဂျာရ် ဗလီမှာ နိုင်ငံ၏ ပထမဆုံး သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သည့် ဗလီဝတ်ကျောင်းတော်အဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်။

    Ref: IINA

  • အိန္ဒိယမှ ၁၀၁ နှစ်အရွယ် အဖွားအို မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် သမိုင်းသစ်ရေးထိုး

    အိန္ဒိယမှ ၁၀၁ နှစ်အရွယ် အဖွားအို မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် သမိုင်းသစ်ရေးထိုး

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ ချန်ဒီဂါရ်မြို့မှ အသက် ၁၀၁ နှစ်အရွယ် အဖွားအိုတစ်ဦးမှာ World Masters Games မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် အသက်အကြီးဆုံး ကစားသမားဖြစ် သမိုင်းရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။

    မန် ကူရ်ဟုခေါ်ဆိုသည့် အဆိုပါ အဖွားအိုမှာ နယူးဇီလန်နိုင်ငံတွင် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ အပြေးပြိုင်ပွဲတွင် အသက် ၁၀၀ အထက် အတန်း၌ တစ်ဦးတည်းသော ယှဉ်ပြိုင်သူ ဖြစ်ခဲ့ကာ ၇၄ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။

    အသက် ၃၅ နှစ်နှင့်အထက် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် သူများအတွက် ရည်ရွယ်ပြုလုပ်ပေးသည့် အဆိုပါ World Masters Games ပြိုင်ပွဲကို ၄ နှစ်တစ်ကြိမ်ကျင်းပခြင်းဖြစ်သည်။

    အားကစားနည်းပေါင်းစုံ တတ်ကျွမ်းသည့် မန်ကူရ်မှာ မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ရခဲ့ပြီး ယနေ့တွင်ပြုလုပ်မည့် လှံတံပစ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

    Ref: Huffington Post