News @ M-Media

Author: Ko Lay

  • ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေး အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲကြိုးပမ်းမည်

    ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေး အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲကြိုးပမ်းမည်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား လက်ခံကျင်းပနိုင်ရေးအတွက် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် အမည်စာရင်းတင်သွင်းသွားမည်ဟု သိရသည်။

    အဆိုပါ နိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ် ၃ ခုက တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး၊ သမ္မတထရမ့် တက်လာပြီးနောက်ပိုင်း မက္ကဆီကိုနှင့် အမေရိကန်တို့အကြား တင်းမာမှုများ မြင့်တက်လာသည့်အချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

    အမေရိကန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆူနီလ် ဂူလာတီက ယခုစီမံကိန်းအတွက် အမေရိကန်သမ္မတနှင့် အစိုးရတို့၏ ထောက်ခံမှု အပြည့်အ၀ ရရှိထားသည်ဟု ပြောကြားခဲ့သည်။

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကမူ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားကျင်းခွင့်ရမည့် နိုင်ငံစာရင်းကို ၂၀၂၀ ခုနှစ် မေလတွင် ကြေငြာမည်ဖြစ်သည်။

    လက်ရှိတွင် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲများကို ရုရှားနှင့် ကာတာတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားပြီး ထိုနိုင်ငံများကို ရွေးချယ်မှုအတွက် ဖီဖာမှာ အလွန်ဝေဖန်ခံခဲ့ရပြီး ထိုကိစ္စတွင် လာဘ်စားမှုများ ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များလည်း ပေါ်ထွက်ခဲ့သည်။

    မြောက်အမေရိကတွင် အမျိုးသား ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့သည့် အကြိမ်မှာ ၁၉၉၄ ခုနှစ် အမေရိကန် ကမ္ဘာ့ဖလားဖြစ်ပြီး၊ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၉ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်များတွင် အမေရိကန်က လက်ခံကျင်းပခဲ့သည်။

    မက္ကဆီကိုက ၁၉၈၆ ခုနှစ်နှင့် ၁၉၇၀ ပြည့်နှစ် အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ကနေဒါကမူ ၂၀၁၆ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားကို လက်ခံကျင်းပခဲ့သည်။

    Ref: CNN

  • မြန်မာနိုင်ငံအတွက် အကျိုးအမြတ်နည်းမည့် တရုတ် ရေနံပိုက်လိုင်း စတင်လည်ပတ်

    မြန်မာနိုင်ငံအတွက် အကျိုးအမြတ်နည်းမည့် တရုတ် ရေနံပိုက်လိုင်း စတင်လည်ပတ်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ ဒုတိယ ရေနံသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဖြတ်၍ သွယ်တန်းထားသည့် ရေနံစိမ်းပိုက်လိုင်းမှာ ယမန်နေ့က စတင်လည်ပတ်ခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံများကို လျင်လျင်မြန်မြန်နှင့် တရုတ်က ရရှိနိုင်တော့မည်ဖြစ်သည်။

    အဆိုပါ ပိုက်လိုင်းမှာ ၂၀၁၄ ခုနှစ်က ပြီးဆုံးခဲ့ပြီး ထိုနှစ်တွင်ပင် အသုံးပြုရန် စီစဉ်ထားခဲ့သော်လည်း နှောင့်နှေး ခဲ့ကာ ယခုမှ စတင် လည်ပတ်နိုင်ခြင်းဖြစ်သည်။ တနင်္လာနေ့တွင် ရေနံစည်ပေါင်း ၁ သန်းကို စတင် ပေးပို့ခဲ့သည်။

    တစ်နှစ်တွင် ရေနံစည် ၂၂ သန်းကို ပေးပို့နိုင်မည့် ထိုလမ်းကြောင်း စမ်းသပ်လည်ပတ်မှုကို ၂၀၁၅ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံက ပိုက်လိုင်းမှ ရေနံစည် ၂ သန်း ရရှိမည်ဖြစ်သည်။

    ပိုက်လိုင်းကြောင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ တင်သွင်းသည့် ရေနံစိမ်းများကို မာလကာ ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်တို့ကို မဖြတ်ဘဲ တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည်ဖြစ်ပြီး၊ သမ္မတ ရှီကျင့်ဖျင်၏ One Belt, One Road စီမံကိန်း အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

    မြန်မာနိုင်ငံအနေဖြင့် ထိုပိုက်လိုင်းမှ ကနဦးရရှိမည့် အကျိုးအမြတ်မှာ အလွန်နည်းပါးသည်ဟု Wood Mackenzie ကုမ္ပဏီမှ အာရှရေးရာ အကြီတန်း ရေနံ သုတေသနပညာရှင် ဆူရက်ရှ် ဆီဝမ်ဒမ်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှာ ရေနံအနည်းငယ်၊ ပိုက်လိုင်းအတွက်အခွန်၊ ရေနံသိုလှောင်ထားမှုမှ အကျိုးအမြတ်အနည်းငယ်သာ ရရှိမည်ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦး ဆောက်လုပ်မှု အတွေ့အကြုံများကြောင့် နောက်ပိုင်းတွင် အကျိုးဖြစ်ထွန်းမည်ဟု ၎င်းက ဆိုသည်။

    Ref: Bloomberg

  • ဆီးရီးယားဒုက္ခသည် တစ်ထောင်ကို အာဂျင်တီးနားက ပညာသင်ဆု ပေးမည်

    ဆီးရီးယားဒုက္ခသည် တစ်ထောင်ကို အာဂျင်တီးနားက ပညာသင်ဆု ပေးမည်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ဆီးရီးယားဒုက္ခသည်များကို လာမည့် ၅ နှစ်အတွင်း တက္ကသိုလ် ပညာသင်ဆု ၁၀၀၀ ပေးအပ်မည့် အစီအစဉ်ကို အာဂျင်တီးနားက သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။

    အာဂျင်တီးနားမှာ ပြီးခဲ့သည့်နှစ်အတွင်း ဆီးရီးယားဒုက္ခသည် ၃၀၀၀ ကို လက်ခံရန် ကတိပြုခဲ့သော်လည်း ရာဂဏန်းသာ ရောက်ရှိခဲ့သောကြောင့် လူ့အခွင့်အရေး အဖွဲ့များ၏ ဝေဖန်မှုများ ခံခဲ့ရပြီးနောက် ယခု အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

    မြို့တော် ဗျူနိုအေရီးစ်တွင် သောကြာနေ့က ပြုလုပ်သည် လက်တင်အမေရိကဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် အာဂျင်တီးနား ပညာရေးဝန်ကြီး အက်စ်တီဘန် ဘူလ်ရစ်ခ်ျက အစိုးရအနေဖြင့် လက်ရှိတွင် ဆီးရီးယားဒုက္ခသည်များနှင့် အာဂျင်တီးနားနိုင်ငံတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်အတွက် ဒုက္ခသည် ကျောင်းသား ၁၀၀၀ ကို တံခါးဖွင့်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဒုက္ခသည်များကို အမြဲတမ်းနေထိုင်ခွင့်ပေးရန်း လမ်းကြောင်းနှင့်အတူ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ ဗီဇာကို မိတ်ဆက်ပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

    ယခု ပညာတော်သင်ဆုများမှာ အာဂျင်တီးနား အစိုးရနှင့် အမေိရကန် NGO Blue Rose Compass တို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုက္ခသည်များအတွက် ပညာသင်ကြားရေးနှင့် အလုပ်အကိုင်တို့အတွက်ပါ အာမခံပေးမည်ဖြစ်သည်။

    ၆ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူ ၅ သန်းခန့်မှာန် တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီရန်နှင့် ဥရောပနိုင်ငံများတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်။

    Ref: Global citizen

  • ထုတ်ပယ်ခံရမှုအတွက် လက်စတာကစားသမားများကို ရာနီယေးရီ အပြစ်မတင်

    ထုတ်ပယ်ခံရမှုအတွက် လက်စတာကစားသမားများကို ရာနီယေးရီ အပြစ်မတင်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းမှ မကြာသေးမီက ထုတ်ပယ်ခံလိုက်ရသည့် ကလော်ဒီယို ရာနီယေးရီက ကစားသမားများ၏ သစ္စာဖောက်မှုကြောင့် ယခုကဲ့သို့ ထွက်ခဲ့ရသည်ဆိုသည့် ပြောကြားမှုများကို ငြင်းဆိုလိုက်သည်။

    ပြီးခဲ့သည့် ဘောလုံးရာသီတွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ရလဒ်မကောင်းခဲ့သောကြောင့် ရာနီယေးရီမှာ ဖေဖော်ဝါရီလတွင် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။

    ထိုအချိန်ကတည်းကစ၍ ရာနီယေးရီမှာ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့သော်လည်း ကစားသမားများ၏ သစ္စာဖောက်မှုကြောင့် ယခုအခြေအနေအထိ ဖြစ်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ရာနီယေးရီကမူ ထိုသတင်းများကို ယမန်နေ့တွင် Sky Sport ၏ တွေ့ဆုံမေးမြန်းမှု၌ ငြင်းဆိုခဲ့သည်။

    “နိုး ကျွန်တော် မယုံကြည်ပါဘူး။ ကစာသမားတွေက ကျွန်တော့်ကို ချောက်ချလိုက်တယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ နိုး နိုး နိုး။ ကစာသမားတွေက ရေကုန်ရေခမ်း မကစားတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ ဘာ့ကြောင့်လည်းဆိုတော့ အခြားပြဿနာတွေလည်း ရှိတာကိုး ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    သို့သော်လည်း အသင်းက ၎င်းက ထောက်ခံအားပေးသည်ဆိုသည့် ကြေငြာချက်ထုတ်ပြန်ပြီး နှစ်ပတ်အကြာမှာပင် ရာထူးမှ ထုတ်ပယ်ခံရမှုကို တုန်လှုပ်မိခဲ့ကြောင်း ၎င်းက ဖွင့်ဟခဲ့သည်။

    Ref: Telegraph

  • ကိုယ်စွမ်းကိုယ်စ (Quote)

    ကိုယ်စွမ်းကိုယ်စ (Quote)

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    အတောင်များဖြင့် မွေးဖွားလာသူ သင်က အဘယ့်ကြောင့် တွားသွားကာ ဘ၀ကို ဖြတ်သန်းနေပါသနည်း (ရူမီ)

    ရူမီ ဘယ်သူလဲ
    —————–
    ရူမီမှာ ၁၃ ရာစု ပါရှန်း ကဗျာဆရာ၊ အစ္စလာမ့်ဒဿနညာရှင်နှင် ဆူဖီသူတော်စင်ဖြစ်ပြီး ၎င်းရေးသားခဲ့သည့် ကဗျာများမှာ အထူးကျော်ကြားသည်။ ၎င်း၏ ကဗျာများကို ဘာသာစကားပေါင်းစုံဖြင့် ဘာသာပြန်ဆိုကာ ဖြန့်ချီကြပြီးအမေရိကန်တွင် ယနေ့အချိန်အထိ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်နေဆဲဖြစ်သည်။