News @ M-Media

Author: Ko Lay

  • ထရမ့်၏ ဒုက္ခသည်ပိတ်ပင်မှုကို ဆန့်ကျင်ကာ Starbucks က ဒုက္ခသည် တစ်သောင်းကို အလုပ်ခန့်မည်

    ထရမ့်၏ ဒုက္ခသည်ပိတ်ပင်မှုကို ဆန့်ကျင်ကာ Starbucks က ဒုက္ခသည် တစ်သောင်းကို အလုပ်ခန့်မည်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၇
    M-Media

    – အမေရိကန်မှ နာမည်ကြီးကော်ဖီဆိုင်လုပ်ငန်းတစ်ခုဖြစ်သော Starbucks Corp ၏ အမှုဆောင် ဟောင်းဝဒ် ရှူ လ်တက်ဇ်က မိမိအနေဖြင့် ၅ နှစ်အတွင်း နိုင်ငံပေါင် ၇၅ နိုင်ငံတွင် ဒုက္ခသည် ၁၀၀၀၀ ခန့်ကို အလုပ်ခန့်သွားရန် စီစဉ်နေသည်ဟု ပြောကြားလိုက်သည်။

    အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်မှာ သောကြာနေ့က နိုင်ငံအတွင်း ဒုက္ခသည်များ ၀င်ရောက်မှုကို ၄ လတာ ရပ်တန့်ထားရန်၊ ဆီးရီးယားနှင့် အခြား မွတ်စလင်အများစုရှိရာ နိုင်ငံ ၆ နိုင်ငံကို ယာယီဗီဇာ ပိတ်ပင်ရန် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး၊ နိုင်ငံတကာမှ ဝေဖန်မှုများကို ခံရကာ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူများ၏ ရှုတ်ချမှုများ၊ ဥပဒေကြောင်းအရ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

    ရှူလ်တက်ဇ်က ပေးပို့သည့်စာတွင် ထရမ့်၏ ထိုအမိန့်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအား ထောက်ပံ့ရန် အရာအားလုံးကို ဆောင်ရွက်သွားမည်ဟု အလုပ်သမားများကို ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့က ကြေငြာခဲ့သည့် အဆိုပါအစီစဉ်ကို အမေရိကန်တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အခြားနိုင်ငံများတွင် စစ်တပ်ကတောင်းဆိုမှုကြောင့် စကားပြန်လုပ်ခဲ့သူများ၊ ထေက်ပံ့ရေးတပ်သားအဖြစ် ဆောင်ရွက်ခဲ့သူများကို အဓိကထားကာ အလုပ်ပေးသွားမည်ဟု ရှူလ်တက်ဇ်က ဆိုသည်။

    ရှူလ်တက်ဇ်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်မှုကြောင့် အမေရိကန်တွင် အာရုံစိုက်ခံရသူဖြစ်ပြီး စာသုံးသူများအနေဖြင့် ၎င်းတို့ဆိုင်တွင်း သေနတ်ယူမလာရဟု တားမြစ်ခြင်းကဲ့သို့ သတ်မှတ်ချက်များကိုလည်း ချမှတ်တတ်သူဖြစ်သည်။ တနင်္ဂနွေနေ့ကလည်း ၎င်းမှာ သမ္မတအိုဘားမားလက်ထက်က အတည်ပြုခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ Affordable Care Act ကို ဖျက်သိမ်းပါက အလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှုကို ဆုံးရှုံးမည်ဖြစ်သောကြောင့်
    ၎င်းတို့အနေဖြင့် Starbucks မှတစ်ဆင့် ကျန်းမာရေးအာမခံကို ပြန်ယူနိုင်သည်ဟု ပြောကြားခဲ့သည်။

    ရှူလ်တက်ဇ်မှာ လာမည့်လအနည်းငယ်တွင် စီအီးအိုနေရာမှ နှုတ်ထွက်ကာ အထက်တန်းစားများအတွက် ကော်ဖီဆိုင်များကို ပိုမိုကြီးကြပ်သွားရန် ရှိနေသည်။

    ၎င်းမှာ မက္ကဆီကိုနှင့် ကုန်သွယ်ရေးကို ဆက်လက် နှစ်မြှုပ်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး ထိုဆောင်ရွက်ချက်က ထရမ့်၏ မက္ကဆီကိုဆန့်ကျင်ရေး သဘောထားနှင့် ထိပ်တိုက်တွေ့မည်ဖြစ်သည်။

    Ref: CNA

  • ထရမ့်ဂယက်ကြောင့် အမေရိကန်တွင် အာရှနွယ်ဖွားများကို ဆန့်ကျင်မှု စိုးရိမ်ဖွယ် မြင့်တက်

    ထရမ့်ဂယက်ကြောင့် အမေရိကန်တွင် အာရှနွယ်ဖွားများကို ဆန့်ကျင်မှု စိုးရိမ်ဖွယ် မြင့်တက်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၇
    M-Media

    – ထရမ့်ရဲ့ လူမျိုးရေးခွဲခြားမှု မှတ်ချက်တွေ၊ တရုတ်ဆန့်ကျင်ရေးမှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း အာရှနွယ်ဖွားတွေကို ပစ်မှတ်ထားတဲ့ အမုန်းတရားတွေ၊ တိုက်ခိုက်မှုတွေဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အကျိုးအမြတ်မယူတဲ့အဖွဲ့ Asian Americans Advancing Justice (AAAJ) က ပြောကြားလိုက်ပါတယ်။

    အာရှဆန့်ကျင်ရေး အမုန်းရာဇ၀တ်မှုတွေကို စောင့်ကြည့်နေတဲ့ StandAgainstHatred.org ၀ဘ်ဆိုက်မှာ ပြောကြားလိုက်တာဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေး ရာဇ၀တ်မှုတွေသာမက တရုတ်ဆန့်ကျင်ရေး ရာဇ၀တ်မှုကလည်း သိသိသာသာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

    ဒီလိုမြင့်တက်လာမှုမျိုးဟာ အာရုံစိုက်ရမယ့် အခြေအနေအထိ ရောက်နေကာ အသိပညာပေးမှုမျိုးကတော့ မရှိသေးဘူးလို့ AAAJ က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    “နိုဝင်ဘာရွေးကောက်ပွဲ လမ်းကြောင်းတစ်လျှာက်နဲ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ အမုန်းရာဇ၀တ်မှုတွေ၊ အမုန်းအဖြစ်အပျက်တွေဟာ သတင်းစာမျက်နှာတွေရဲ့ ထိပ်ပိုင်းမှာ မြင့်တက်လာပေမယ့် အာရှ-အမေရိကန်တွေနဲ့ ပစိဖိတ်ကျွန်းသားတွေ (AAPI) အပေါ် တိုက်ခိုက်မှုတွေကို အရေးတယူပြုတာမျိုး မရှိသလောက် ရှားပါတယ်” လို့ AAAJ ရဲ့ လော့စ်အိန်ဂျလိစ် ဌာနခွဲ (AAAJ-Los ) က ဥက္ကဌနဲ့ အမှုဆောင်ဒါရိုက်တာ Stewart Kwoh က ကြေငြာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

    လော့စ်အိန်ဂျလိစ်ကောင်တီရဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ကော်မရှင်က ၂၀၁၅ ခုနှစ်အတွင်း အာရှ-အမေရိကန်တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာမှာ ကောင်တီတစ်ခုအတွင်းမှာပဲ ဒီလိုတိုက်ခိုက်မှုဟာ ၆ မှုကနေ ၁၈ မှုအထိ တိုးလာတယ်လို့ စိုးရိမ်ဖွယ် တွေ့ခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အများစုက တရုတ်ဆန့်ကျင်ရေး ဖြစ်ပါတယ်။

    AAAJ-Los ရဲ့ စီမံကိန်းနဲ့ ဆက်သွယ်ရေးဆိုင်ရာ ဒုတိယ ဥက္ကဌ Karin Wang က အာရှနွယ်ဖွားတွေကို တိုက်ခိုက်မှု မြင့်တက်လာတာဟာ သမ္မတဒေါ်နယ်ထရမ့်က တရုတ်ကို စီးပွားရေးရန်သူအဖြစ် မဲဆွယ်ပွဲမှာ ပြောခဲ့တာကြောင် ဖြစ်တယ်လို့ မှတ်ယူနေပါတယ်။

    မဲဆွယ်မှုအတွင်းမှာ တရုတ်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထရမ့်ရဲ့ ပြောဆိုမှုတွေ တော်တော်များများရှိခဲ့ပြီး AAAJ က ‘IS၊ တရုတ်နဲ့ မက္ကဆီကိုတွေဟာ ကျုပ်တို့ကို သတ်နေတာ’ လို့ ထရမ့်ရဲ့ ၂၀၁၅ က ပြောကြားမှုတစ်ခုကို ထောက်ပြခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အမေရိကန်က ကုန်သွယ်ရေးမှာ တရုတ်နဲ့ ဂျပန်တို့ကို မယှဉ်နိုင်တာကိုလည်း မေးခွန်းထုတ်ခဲ့ပြီး နောက်ပိုင်းမှာ တရုတ်ဟာ မြန်မြန်ဆန်ဆန် စစ်ရေးချဲ့ထွင်မှုတွေ ပြုလုပ်နေတယ်လို့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။

    Wang ကတော့ တရုတ်ကို ကုန်သွယ်ရေး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထရမ့်က ပြောဆိုခဲ့ပေမယ့် ဒါဟာ အန္တရာယ်ရှိတဲ့ နိုင်ငံခြားသားဆိုတဲ့ အမြင်ကိုတွေကို ပိုပြီးအားကောင်းစေခဲ့ကာ ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေက ကားလုပ်ငန်းမှာ ဂျပန်နိုင်ငံဟာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ဆန့်ကျင်ခံရသလိုမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်ပြီး ယဉ်ကျေးမှုနောက်ခံ၊ လိင်ကွဲပြားမှု၊ လိင်စိမ်းတိမ်းညွှတ်နဲ့ ဘာသာတရာတွေအပါအ၀င် အကြောင်းအရင်း အမျိုးမျိုးကို အခြေခံပြီး ဖြစ်လာတဲ့ ရာဇ၀တ်မှုတွေကို တိုင်ကြားဖို့၊ မိမိတို့ရဲ့ ၀ဘ်ဆိုက်မှာ အမုန်းအခြေခံ ကိစ္စတွေကို ၀င်ကြည့်ရုံတင်မဟုတ်ဘဲ၊ ပြည်သူတွေက ဘယ်လို ကြံ့ကြံ့ခံနေတယ်ဆိုတဲ့ အကြောင်းတွေကို မျှဝေပေးဖို့လည်း AAAJ အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်တွေကို တရားဥပဒေကြောင်းအရ တုန့်ပြန်ဖို့အတွက် မိမိတို့အနေနဲ့ ဥပဒေရေးရာ အကြံဉာဏ်တွေကို ပေးသွားမယ်လို့လည်း ဆိုပါတယ်။

    Ref: Huffingtonpost

  • ရခိုင်ရှိ လူ့အဖွဲ့အစည်းနှစ်ခုအကြား လူသိနည်းသည့် လူသားဆန်သော ဆက်ဆံမှုများ

    ရခိုင်ရှိ လူ့အဖွဲ့အစည်းနှစ်ခုအကြား လူသိနည်းသည့် လူသားဆန်သော ဆက်ဆံမှုများ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၇
    M-Media

    မွတ်စလင်အများစုရှိရာဒေသမှ အထက်တန်းကျောင်း၏ ကျောင်းအုပ်အဖြစ် တာဝန်ယူထားသည့် ရခိုင်တိုင်းရင်းသား ဦးမောင်သန်းရွှေ

    – ၂၀၁၂ ခုနှစ် လူ့အဖွဲ့အစည်းနှစ်ခုအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးကတည်းက ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်လူ့အဖွဲ့အစည်းနှစ်ခုအကြား ဆက်ဆံမှုမှာ မဆိုစလောက်သာ ရှိသည်။

    ထိုကဲ့သို့ ဆက်ဆံရေးနည်းပါးမှု အကြောင်းအရင်းက မွတ်စလင်များမှာ အခြားသော လူ့အဖွဲ့အစည်းမှ သီးသန့် ခွဲထုတ်ခံထားရပြီး အောင်မင်္ဂလာရပ်ကွက်အပါအ၀င် မြို့တစ်ဝိုက်ရှိ ဒုက္ခည်စခန်းများတွင် ပိတ်မိ နေထိုင်နေရသောကြောင့် ဖြစ်လေသည်။ တိုက်ခိုက်မှုကြောင့် အိုးအိမ်ပျက်ဆီးဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသားမှာလည်း အချို့ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။ သို့သော် ၎င်းတို့မှာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီး မြို့ရှိ မွတ်စလင်အများစုကတော့ ထိုအခွင့်အရေးကို မခံစားရ။

    မွတ်စလင်ဒုက္ခသည်စခန်းများကို ရခိုင်တိုင်းရင်းသားများက ၀င်ရောက်မှုမျိုး မရှိသလို၊ မွတ်စလင်များကလည်း ၎င်းတို့၏ စခန်းများမှ အပြင်ထွက်ရန် မလွယ်ကူ။ စစ်တွေမြို့တွင် သွားရောက်လည်ပတ်ရန် ခွင့်ပြုထားသည့် တစ်ခုတည်းသော နေရာဖြစ်သော အောင်မင်္ဂလာရပ်ကွက်သို့ မွတ်စလင်များ သွားရောက်သည့်အခါမျိုးတွင် လက်နက်ကိုင် အစောင့်အရှောက် လိုအပ်လေသည်။

    ယနေ့အချိန်အထိ မွတ်စလင်များမှာ စစ်တွေမြို့အတွင်း လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ရခိုင်များမှာလည်း ဒုက္ခသည်စခန်းများ၊ အောင်မင်္ဂလာရပ်ကွက်သို့သွားရောက်ရန်မှာ စွန့်စားရသည့် ကိစ္စဖြစ်နေသည်။ လူ့အဖွဲ့အစည်းနှစ်ခုအကြား ကာလရှည် ရှိနေခဲ့သည့် တင်းမာမှုများကြောင့်လည်း ဖြစ်သည်။

    သို့သော် မွတ်စလင်များ နေထိုင်ရာနေရာသို့ ပုံမှန် သွားရောက်လည်ပတ်သည့် ရခိုင်ဗုဒ္ဓဘာသာဝင်မှာ အနည်းဆုံး ၁ ဦးတော့ ရှိနေသည်။ အသက် ၄၆ နှစ်အရွယ်ရှိ ဦးမောင်သန်းရွှေမှာ စစ်တွေမြို့လယ်ကောင်မှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့် သွားရသည့် သက်ကယ်ပြင်ရွာမှ အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအုပ်တစ်ဦးဖြစ်သည်။ သက်ကယ်ပြင်ရွာနားမှ ဒုက္ခသည်စခန်းတစ်ခုကတော့ ပြည်နယ်အတွင်း အကြီးဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ဝှမ်းမှ မွတ်စလင်ဒုက္ခသည်များ နေထိုင်ကြသည်။

    သက်ကယ်ပြင် အထက်တန်းကျောင်းတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသော မွတ်စလင်ဆရာများ

    အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၉၀၀ ၀န်းကျင်ရှိနေပြီး ၁၀၀၀ ခန့်မှာ သက်ကယ်ပြင်မှ မွတ်စလင်များဖြစ်သည်။ မွတ်စလင်များကိုသာ ဦးစားပေး ကူညီနေသည်ဟု စွပ်စွဲကာ ရခိုင်လူအုပ်ကြီးက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ ရုံးခန်းများနှင့် ဂိုထောင်များကို ဖျက်ဆီးလုယက်သည့် ၂၀၁၄ ခုနှစ်
    တင်းမာမှုများ ထပ်ဖြစ်ချိန်ကတည်းက ဦးမောင်သန်းရွှေမှာ ထိုကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပွားပြီးနနောက်ပိုင်းတွင် အဆိုပါ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာများမှာ ကျောင်းကို စီမံခန့်ခွဲမှု မပြုနိုင်ကြ။ သမ္မတရုံးမှ တာဝန်ရှိသူများ ၂၀၁၄ ခုနှစ်တွင် လာရောက်ကြည့်ရှုကာ ကျောင်း၏ အခက်အခဲကို သိရှိခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာနက ဦးမောင်သန်းရွှေအားခေါ်ယူကာ ကျောင်းအုပ်ဆရာအလုပ်အတွက် စိတ်ဝင်စားခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။

    “သူတို့လည်း ကျွန်တော်တို့လို လူသားပဲဗျ။ ကလေးတွေရဲ့ ပညာရေးအတွက် မှန်ကန်တဲ့အရာကိုလုပ်ဖို့ ကျွန်တော် ဒီရောက်လာခဲ့တာပါ” ဟု ဦးမောင်သန်းရွှေက ပြောကြားခဲ့သည်။

    အလုပ်အင်တာဗျူးအတွက် သွားရောက်ရာတွင် စစ်တွေမြို့လယ်ကောင်ရှိ ဆိုင်ကယ်တက္ကစီများက မွတ်စလင်အများစုရှိရာနေရာသို့ သွားရောက်ရန် တွန့်ဆုတ်နေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရသည်။

    ရခိုင်တိုင်းရင်သား ဦးမောင်သန်းရွှေမှာ စစ်တွေမြို့ ဓည၀တီရပ်ကွက်ရှိ ၎င်းနေထိုင်ရာ နှစ်ထပ်အိမ်မှ နေ့စဉ် ဆိုင်ကယ်ဖြင့် ကျောင်းသို့သွားသည်။ ထိုအိမ်တွင် ၎င်းမှာ ဇနီးသည် သားသမီး ၃ ဦးတို့နှင့် နေထိုင်သည်။ အငယ်ဆုံးမှာ မတ်တတ်သွားအရွယ်ရှိပြီး အကြီးဆုံးက ၈ တန်းတက်နေသည်။

    “ဘောပင်တစ်လျောင်းကလွဲလို့ ကျွန်တော့်မှာ ကာကွယ်ဖို့ ဘာမှမရှိတဲ့အတွက် တစ်ခါတစ်လေမှာ ကျွန်တော် ကြောက်ရွံ့မိတယ်ဗျ။ ဒါပေမယ့် တစ်ခြားသူတွေအတွက် ခက်ခဲတဲ့အလုပ်ကို လုပ်ချင်တဲ့ စိတ်ဓာတ်မျိုး ကျွန်တော့်ဘ၀မှာ ပါလာတယ်။ ဒီစိတ်ကြောင့်ပဲ အစကတည်းက ဒီအလုပ်ကိုလုပ်ဖို့ လက်ခံခဲ့တာပါ” ဟု ဦးမောင်သန်းရွှေက ပြောကြားခဲ့သည်။

    အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများအားလုံးမှာ မွတ်စလင်လူ့အဖွဲ့အစည်းမှ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကြက်ရိုးပြင် အခြေခံပညာအထက်တန်းကျောင်းမှ ၀န်ထမ်းများစာရင်းတွင် အစိုးရက ခန့်အပ်ပေးထားသော ဆရာ၊ ဆရာမများ၏ အမည်များကို ရေးသားထားသော်လည်း ၎င်းတို့က အခြားကျောင်းများတွင် သွားရောက် သင်ကြားနေသည်။

    လက်ထောက်ကျောင်းအုပ်ကြီးဖြစ်သည့် အသက် ၅၇ နှစ်အရွယ် ဦးခင်မောင်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် မွတ်စလင်အမျိုးသားတစ်ဦးဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ၎င်းမှာ ပေါက်တောမြို့နယ်ရှိ အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်းခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၎င်း၏ အိမ်နှင့် အလုပ်အကိုင်တို့ကို ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ ဦးခင်မောင်မှာ ၎င်း၏ မိသားစုနှင့်အတူ ကြက်ရိုးဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရသည်။

    ဦးမောင်သန်းရွှေမှာ ကျောင်းအုပ်တစ်ဦး၏ တာဝန်များကို ကျေပွန်ရုံသာမက၊ စာသင်ကျောင်းနှင့် ပြင်ပကမ္ဘာအကြား ဆက်ဆံရေးတစ်ခု ထူထောင်ပေးသူအဖြစ်လည်း ဆောင်ရွက်နေသည်ဟု ဦးခင်မောင်က ဆိုသည်။ ဥပမာအားဖြင့် ကြက်ရိုးပြင်ရွာအပြင်ဖက်ကို ထွက်၍မရသည့် စေတနာ့ဝန်ထမ်း ဆရာများကိုယ်စား တစ်ခါတစ်ရံတွင် သတင်းစကား ပါးပေးခြင်းဖြစ်သည်။

    သက်ကယ်ပြင် အထက်တန်းကျောင်း သန့်ရှင်းရေး ဆောင်ရွက်နေကြစဉ်

    ကျောင်အုပ်ကြီး ဦးမောင်သန်းရွှေအား လုပ်ဖော်ကိုင်ဖက်များက အလွန်လေးစားကြသည်ကို စာသင်ကျောင်းသို့ ရောက်ရှိသူတိုင်း သတိပြုမိကြသည်။ ဦးခင်မောင်အပါအ၀င် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများက ဦးမောင်သန်းရွှေအား ‘ဆရာကြီး’ ဟု တလေးတစား ခေါ်ဆိုကြသည်။

    မွတ်စလင်များကို ‘ကုလား’ ဟု မခေါ်ဝေါ်သည့်အတွက်လည်း ဦးမောင်သန်းရွှေမှာ ပိုမိုလေးစားခံရသည်ဟု ဦးခင်မောင်ကဆိုသည်။ အဆိုပါ စကားလုံးက နိုင်ငံခြားသားများကို နှိမ့်ချခေါ်ဝေါ်သည့် စကားလုံးဖြစ်ပြီး မြန်မာနိုင်ငံတွင် အိန္ဒိယတိုက်ငယ်နွယ်ဖွားများအား ရည်ညွှန်းခေါ်ဆိုကြသည်။ ရခိုင်ပြည်နယ်တွင် ‘ရိုဟင်ဂျာ’ နှင့် ‘ဘင်္ဂါလီ’ ဆိုသည့် စကားလုံးမှာ ဆတ်ဆတ်ထိမခံသည့် စကားလုံးဖြစ်သည်။

    “သူတို့မကြိုက်ဘူးဆိုတာကို သိလို့ ကျွန်တော် ဘယ်တော့မှ သူတို့ကို ‘ကုလား’ လို့ မခေါ်ပါဘူး” ဟု ဦးမောင်သန်းရွှေကဆိုပြီး ၎င်း၏နှင့် လူမျိုးတူ ရခိုင်အသိုင်းအ၀ိုင်းတွင် ဒေါသမဖြစ်စေရန် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကိုလည်း မသုံးမိအောင် ဂရုစိုက်သည်။

    “သူတို့ကို မွတ်စလင်လို့ပဲ ကျွန်တော် ခေါ်ပါတယ်”

    လူ့အဖွဲ့အစည်းနှစ်ခုအတွင်း ပြဿနာများကို ရှောင်ရှားရန် အဖြေမှာ ဘာသာရေးကိစ္စကို ဘေးဖယ်ထားခြင်းဖြစ်သည်ဟု ဦးမောင်သန်းရွှေကဆိုသည်။

    “ကျောင်းသားက မွတ်စလင်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ကျောင်းသားလို့ပဲ သတ်မှတ်ရင် ပြဿနာငြိမ်းတယ်။ သူတို့နဲ့ ထိထိရောက်ရောက် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဓိကသော့ချက်က ဒါပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဦးမောင်သန်းရွှေမှာ မွတ်စလင်ဒေသတွင် အလုပ်လုပ်သည်မှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်၊ ယခင်ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်အများစုတည်ရှိရာ မောင်းတောမြို့ရှိ စာသင်ကျောင်းတစ်ခုတွင် တစ်နှစ်နှင့် ၆ လ တာဝန်ထမ်းဆောင်ဖူးသည်။

    သက်ကယ်ပြင်ရှိ မွတ်စလင်လူ့အဖွဲ့အစည်း၏ လေးစားမှုကို ရရှိထားသော်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် မောင်တောမြို့ရှိ စစ်သွေးကြွများ၏ တိုက်ခိုက်မှုနောက်ပိုင်း မြင့်တက်လာသော လူ့အဖွဲ့အစည်းကြား တင်းမာမှုကြောင့် တစ်ပတ်ခန့် ကျောင်းသို့ မသွားခဲ့။

    သက်ကယ်ပြင်ကျောင်းသို့ ပထမဆုံး ပြောင်းရွှေ့စဉ်က ကျောင်းဆရာတစ်ယောက်အနေဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သော်လည်း ကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရပြီး တစ်နှစ်အကြာတွင် တရားဝင် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့သည်။ ၎င်း၏ ကြီးကြပ်မှုအောက်တွင် ထိုကျောင်းမှာ အလယ်တန်းကျောင်းမှ တွဲဖက်အထက်တန်းကျောင်းအဖြစ်လည်းကောင်း၊ ထိုမှ အထက်တန်းကျောင်းအဖြစ်လည်းကောင်း ၂ ဆင့် တက်လာခဲ့သည်။ ဦးမောင်သန်းရွှေ ကျောင်းအုပ်ကြီးဖြစ်ပြီးကတည်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့သူ ကျောင်းသား ၂၁ ယောက်ရှိပြီး ဂုဏ်ထူးရသူ ၅ ဦး ပါဝင်ခဲ့သည်။

    သိပ်မကြာခင်ကာလအတွက် ၎င်း၏ စီမံကိန်းတွင် ကျောင်း၌ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြသော ကျောင်းဆရာများကို နိုင်ငံတော်က လခပေးရန်နှင့် များပြာနေသော ကျောင်းသာများအတွက် နောက်ထပ် ကျောင်းဆောင် ၂ ခု ဆောက်လုပ်ပေးရန်ဖြစ်သည်။ ဦးမောင်သန်းရွှေကတော့ သက်ကယ်ပြင် အထက်တန်းကျောင်းတွင် နောက်ထပ် ၂ နှစ်ခန့် ကျောင်းဆရာအဖြစ် ဆက်ရှိနေရန် မျှော်လင့်နေသည်။

    “ကျွန်တော်ရရှိခဲ့တဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့ ဆောင်ရွက်မှုတွေအတွက် ရာထူးတက်ဖို့လည်း မျှော်လင့်ပါတယ်”

    Ref: Frontier Myanmar

  • အမှန်တရားပေါ်ပေါက်မှု ရှိ၊ မရှိ အချိန်က သက်သေပြသွားလိမ့်မည်ဟု ဦးကိုနီ မိသားစုပြော

    အမှန်တရားပေါ်ပေါက်မှု ရှိ၊ မရှိ အချိန်က သက်သေပြသွားလိမ့်မည်ဟု ဦးကိုနီ မိသားစုပြော

    ဖေဖော်ဝါရီ ၁၊ ၂၀၁၇
    M-Media

    ဦးကိုနီ၏သမီး ဒေါက်တာယဉ်နွယ်ခိုင်

    – ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦးအဖြစ် မှတ်ယူပြီး၊ အမှန်တရား ပေါ်ပေါက်လာမလားဆိုတာကိုတော့ အချိန်နဲ့ အစိုးရရဲ့ လုပ်ရပ်တွေက သက်သေပြလိမ့်မယ်လို့ ကျန်ရစ်သူမိသားစုက ပြောကြားလိုက်ပါတယ်။

    ဦးကိုနီဟာ စစ်တပ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘဲ၊ တိုင်းရင်းသားအားလုံး မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုမှ တည်ထောင်လို့ မရဘူးဆိုတာကို လူသိရှင်ကြား ဝေဖန်ထောက်ပြခဲ့သူဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့အတူ တက်တက်ကြွကြွ လှုပ်ရှားနေသူတစ်ဦး ဖြစ်ပါတယ်။

    စစ်တပ်ဘက်တော်သားတွေ၊ အမျိုးသားရေး အစွန်းရောက်တွေက ခြိမ်းခြောက်မှုတွေ ရှိတာကြောင့် မိသားစုက သတိပေးခဲ့တာမျိုးတွေ ရှိပေမယ့် ဦးကိုနီကတော့ အမှန်တရားဘက်၊ ပြည်သူ့ဘက်မှာ ရပ်ဖို့လိုတယ်လို့ ခံယူကာ ဆက်လက်ဆောင်ရွက်နေခဲ့တာဖြစ်တယ်လို့ သမီးဖြစ်သူ ဒေါက်တာ ဒေါ်ယဉ်နွယ်ခိုင်က ဆိုပါတယ်။

    “အဖေ့အတွက်၊ နိုင်ငံရေးကြောင့် အဖေရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်အတွက် ကျွန်မတို့ အမြဲတမ်း စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့် အဖေက နိုင်ငံရေးနဲ့ပတ်သက်လာရင် အရမ်း စိတ်အားထက်သန်တယ်။ ပြည်သူတွေအတွက် ကောင်းတာကိုပဲ လုပ်ပေးချင်တယ်” လို့ ဒေါက်တာ ဒေါ်ယဉ်နွယ်ခိုင်က ဆိုပြီး ဖခင်ကို ဆုံးရှုံးရမှုအတွက် နောင်တမရကြောင်း၊ ကျဆုံးသူရဲကောင်းအဖြစ် သတ်မှတ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဦးကိုနီရဲ့ ဈာပနအခမ်းအနားကို နိုင်ငံရေးနယ်ပယ်က ထိပ်တန်းပုဂ္ဂိုတွေ တော်တော်များများ၊ နိုင်ငံခြား သံတမန်တွေနဲ့ လူပေါင်း ထောင်သောင်းချီ တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီပါတီအဖွဲ့ချုပ်ပါတီ ဥက္ကဌဟောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးကိုနီ လုပ်ကြံခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ လူသိရှင်ကြား ပြောကြားတာမျိုး မရှိသလို ဈာပနအခမ်းအနားကိုလည်း တက်ရောက်ခြင်း မရှိပါဘူး။

    “လူတွေက သိပ်များနေတော့ ဒေါ်အောင်ဆန်းစုကြည် ဈာပနကို လွမ်းသူ့ပန်းခွေ ပို့လား၊ မပို့လား ကျွန်မ သတိမထားမိပါဘူး။ ဒါပေမယ့် ဖုန်းခေါ်ပြီး ဒါမှမဟုတ် ကျွန်မတို့ကို ဆက်သွယ်ပြီး ၀မ်းနည်းကြောင်း ပြောကြားတာမျိုးတော့ မရှိပါဘူး” လို့ ဒေါ်ယဉ်နွယ်ခိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုနဲ့ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပြုချင်လဲလို့ မေးတဲ့အခါမှာတော့ “ကျွန်မအဖေက ကျွန်မအတွက် အကြီးကျယ်ဆုံးပဲ။ ဒီလို အကြီးအကျယ်ဆုံးကိုတောင် ကျွန်မ ဆုံးရှုံးလိုက်ရပြီပဲ။ ဘယ်သူ့ဆီက ဘာကိုမှ ကျွန်မ မမျှော်လင့်ပါဘူး။ ကျွန်မအဖေ သေဆုံးသွားတာက ဘယ်လို ဆုံးရှုံးမှုမျိုးလဲဆိုတာကို တိုင်းပြည်နဲ့ ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

    ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းဆိုသူဟာ အရင်က ဘုရားခိုးမှုနဲ့ ထောင်ကျခဲ့ဖူးသူဖြစ်ပြီး သမ္မတဟောင်းဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသွာခွင့်နဲ့ လွတ်မြောက်လာသူဖြစ်တယ်လို့ သိရပါတယ်။ အင်တာနက်မှာ ပေါက်ကြားလာတဲ့ ရဲစစ်မှတ်တမ်းတွေအရ ထိုင်းနယ်စပ်က မြင့်ဆွေဆိုသူဟာ ကားတစ်စီးပေးမယ်ဆိုတဲ့ မက်လုံးနဲ့ လုပ်ကြံခိုင်းခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

    ဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ လုပ်ပုံကိုင်ပုံတွေဟာ အင်မတန်မှ လျော့တိလျောရဲနိုင်တယ်လို့ နိုင်ငံရေးသမားတွေက ပြောကြားခဲ့ပြီး BBC သတင်းဌာနကတော့ မြင့်ဆွေဆိုတဲ့သူဟာ ထိုင်းနိုင်ငံမှာ ရှေးဟောင်းပစ္စည်း အတုလုပ်ရာမှာ ကျော်ကြားပြီး ဒီလိုအတုလုပ်မှုနဲ့ အသတ်ခံခဲ့ရတယ်လို့ မိသားစုက ယုံကြည်ထားကြောင်း၊ နိုင်ငံရေးနဲ့ လုံးဝဆက်နွယ်မှု မရှိကြောင်း မနေ့က ဖော်ပြခဲ့ပါတယ်။

    ဦးကိုနီဟာ စစ်တပ်ကို အာခံလို့၊ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် လုပ်ပေးလို့ အသတ်ခံရတယ်ဆိုတဲ့ ကောလဟာလတွေ ပြန့်နှံ့နေပြီး ဒေါက်တာဒေါ်ယဉ်နွယ်ခိုင်ကတော့ ဖခင်ဖြစ်သူ ဘာ့ကြောင့် အသတ်ခံရလဲဆိုတာကို ပြောဖို့စောသေးတယ်လို့ ဆိုပါတယ်။

    “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ ကျေနပ်မှုရှိလား၊ မရှိဘူးလားဆိုတာက ပြောဖို့ သိပ်စောနေပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတာ့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ဖြစ်သွားခဲ့တာကိုး။ အစိုးရအနေနဲ့ အမှန်တရားကို ဖော်ထုတ်နိုင်လား၊ မဖော်ထုတ်နိုင်ဘူးလားဆိုတာ အချိန်နဲ့ လုပ်ရပ်တွေက သက်သေပြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်”

    “ကျွန်အဖေ ဆုံးသွားပြီ။ အသတ်ခံလိုက်ရတာဖြစ်ပြီး အဖေဟာ ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦးပါ။ ဒီသေဆုံးမှုအတွက် အဖေဟာ အနည်းဆုံး အမှန်တရားနဲ့တော့ ထိုက်တန်ပါတယ်။ ကျွန်မတို့လည်း အဲဒီအမှန်တရားဆိုတဲ့ အရာတစ်ခုနဲ့ ထိုက်တန်ပါတယ်”

    Ref: Washington Post, BBC

  • ထရမ့်ကြောင့် ဒုက္ခရောက်သူများကို ကနေဒါက ယာယီနေထိုင်ခွင့်ပေးမည်

    ထရမ့်ကြောင့် ဒုက္ခရောက်သူများကို ကနေဒါက ယာယီနေထိုင်ခွင့်ပေးမည်

    ဇန်န၀ါရိ ၃၁၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီကြောင့် လေဆိပ်တွင် ဒုက္ခရောက်သူများအတွက် မိမိတို့တိုင်းပြည်က ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမည်ဟု ကနေဒါ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး အဟ်မဒ် ဟူဆန်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

    “နိုင်ငံတိုင်းက သူတို့ရဲ့ ပေါ်လစီတွေကို ကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ကျွန်တော်ပြောချင်တာက ခိုလှုံခွင့်တောင်းခံတဲ့သူတွအတွက် ကာလရှည် ကျင့်သုံးခဲ့တဲ့ တံခါးဖွင့်ရေး ပေါ်လစီကို ဆက်လက်ကျင့်သုံးသွားမယ် ဆိုတာပါပဲ”

    ထို့ပြင် မိမိတို့အနေဖြင့် ထရမ့်၏ ဗီဇာပိတ်ပင်မှုကြောင့် ဒုက္ခရောက်သူများအတွက် ယာယီနေထိုင်ခွင့် တိုးပေးသွားမည်ဟုလည်း ဟူဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    ထရမ့်မှာ မွတ်စလင်အများစုရှိရာ နိုင်ငံ ၇ နိုင်ငံအား ယာယီဗီဇာပိတ်ပင်ခြင်း၊ ဒုက္ခသည်များဝင်ရောက်မှုကို ကန့်သတ်ခြင်း စသည်တို့ပါဝင်သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့သည်။

    ထိုအမိန့်ကြောင့် အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့်ရသူများ၊ ဂရင်းကဒ်ရထားသူများ နိုင်ငံအတွင်း ပြန်လည်ဝင် ရောက်သည့်အခါတွင် ထိန်းသိမ်းခံရမှုများရှိခဲ့ပြီး နိုင်ငံတစ်ဝှမ်း ထရမ့်၏ ထိုအမိန့်ကို ဆန့်ကျင်ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။

    ထရမ့်က ဒုက္ခသည်များကို ကန့်သတ်လိုက်ခြင်းကြောင့် မိမိတို့ လက်ခံရန် စီစဉ်ထားသည့် အရေအတွက်ကို တိုးမြှင့်သွားမည်မဟုတ်ဟု ဟူဆန်က ထည့်သွင်းပြောဆိုခဲ့သည်။

    တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထရမ့်က မွတ်စလင်အများစုရှိရာ နိုင်ငံ ၇ နိုင်ငံကို ရက် ၉၀ ဗီဇာပိတ်ပင်ခြင်းမှာ ဘာသာရေးကြောင့်မဟုတ်ဟု ပြောကြားခဲ့သည်။

    “အမေရိကန်ဟာ ပြောင်းရွှေ့အခြေချသူတွေနဲ့ ဂုဏ်တက်ခဲ့တဲ့နိုင်ငံပါ။ ကျွန်တော်တို့အနေနဲ့ ဖိနှိပ်မှုကို ခံစားနေရတဲ့သူတွေကို ဆက်လက်ပြီး စာနာသွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံသားတွေ၊ နယ်စပ်တွေကို ကာကွယ်ရင်းနဲ့ ဒါကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘေးအန္တရာယ်ကင်းကင်း၊ လွတ်လွတ်လပ်လပ်ဖြစ်အောင် ဆောင်ရွက်မှာပါ။ မီဒီယာတွေကို ဒါကို သိတယ်ဗျ။ မပြောကြတာ”

    Ref: Press TV