News @ M-Media

Author: Ko Lay

  • အဓိကမြို့တစ်ခုကို ရုရှားလက်မှ ယူကရိန်း ပြန်သိမ်းနိုင်

    အဓိကမြို့တစ်ခုကို ရုရှားလက်မှ ယူကရိန်း ပြန်သိမ်းနိုင်

    အောက်တိုဘာ ၃၊ ၂၀၂၂
    M-Media

    -နိုင်ငံအရှေ့ပိုင်း Donetsk ဒေသက မဟာဗျူဟာကျတဲ့ လီမန်မြို့ကို ယူကရိန်းတပ်ဖွဲ့တွေက ရုရှားလက်ထဲကနေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

    လီမန်ဟာ ရုရှားရဲ့ထောက်ပို့လမ်းကြောင်းအတွက် အလွန်အရေးပါတဲ့ မြို့တစ်ခုပါ။ ယူကရိန်းတပ်ဖွဲ့တွေဟာ စနေနေ့က မြို့ကို ၀ိုင်းထားလိုက်ပြီး ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့ တနင်္ဂနွေနေ့မှာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။

    Donetsk အနောက်ခြမ်း Kharkiv ဒေသက အဓိကမြို့တွေကို ယူကရိန်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့လမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး အခုတစ်ကြိမ် နောက်ထပ် အောင်ပွဲတစ်ခု ထပ်မံ ရရှိတာဖြစ်ပါတယ်။

    ယူကရိန်းတပ်တွေဟာ Donetsk အရှေ့ခြမ်းက Luhansk ဒေသကို တန်ပြန်ထိုးစစ်ဆင်ဖို့လည်း ရှိနေပါတယ်။

    Donetsk နဲ့ Luhansk ဒေသ နှစ်ခုစလုံးဟာ ရုရှားပိုင်နက်တွေဖြစ်တယ်လို့ သမ္မတပူတင်က ပြီးခဲ့တဲ့တစ်ပတ်မှာပဲ ကြေငြာခဲ့ပါတယ်။

    Ref: Reuters

  • နိုင်ငံအလယ်ပိုင်းမှ အစ္စလာမ့်မစ် စစ်သွေးကြွအဖွဲ့တစ်ခုကို အင်ဒိုနီးရှားက အပြီးသတ် ရှင်းလင်း

    နိုင်ငံအလယ်ပိုင်းမှ အစ္စလာမ့်မစ် စစ်သွေးကြွအဖွဲ့တစ်ခုကို အင်ဒိုနီးရှားက အပြီးသတ် ရှင်းလင်း

    အောက်တိုဘာ ၁၊ ၂၀၂၂
    M-Media

    -East Indonesia Mujahideen လို့ခေါ်တဲ့ အစ္စလာမ့်မစ် စစ်သွေးကြွ အဖွဲ့အစည်းရဲ့ နောက်ဆုံးကျန်ရစ်တဲ့ ခေါင်းဆောင်တစ်ဦးကို အင်ဒိုနီးရှား အထူးရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

    MIT လို့ အတိုကောက်ခေါ်တဲ့ အဲဒီအဖွဲ့အစည်းဟာ IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံတယ်လို့ ကြေငြာထားပြီး ရဲတပ်ဖွဲ့၀င်တွေနဲ့ ခရစ်ယာန်ဘာ၀င်အချို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ဖူးပါတယ်။

    နိုင်ငံအလယ်ပိုင်း ဆူလာ၀ေစီပြည်နယ်မှာ အင်ဒိုနီးရှား အထူးရဲတပ်ဖွဲ့ Densus 88 ရဲ့ ကြာသာပတေးနေ့ စီးနင်းမှုအတွင်း MIT ခေါင်းဆောင် အလ် အစ်ခ၀ါရစ္စမန်နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    အစ်ခ၀ါရစ္စမန်ဟာ ၂၀၂၁ ခုနှစ် မေလက ခရစ်ယာန်ဘာသာ၀င် လယ်သမားတွေကို သတ်ဖြတ်မှုအပါအ၀င် MIT ရဲ့ အကြမ်းဖက်သတ်ဖြတ်မှု အနည်းဆုံး ၁၀ ခုမှာ ပါ၀င်ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။

    “သူဟာ MIT အဖွဲ့က နောက်ဆုံး ကျန်တဲ့သူပါ။ ပိုဆိုဒေသ ငြိမ်းချမ်းရေးအတွက် ဆူးညှောင့်ခလုတ်ဖြစ်နေတဲ့ စစ်သွေးကြွအဖွဲ့ကို ကျွန်တော်တို့ အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ ဆူလာ၀ေစီပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ရူဒီ ဆူဖာရီယာဒီက ပြောပါတယ်။

    အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လက MIT ခေါင်းဆောင် အဘူ၀ါဒါ ဆန်တိုဆိုကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီအဖွဲ့ကို အမြတ်ဖြတ်နိုင်ရေး ပိုမိုအားထုတ် လုပ်ဆောင်လာခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ကစလို့ ဆူလာ၀ေစီမှာ စီးနင်းဖမ်းဆီးမှုတွေ တောက်လျှောက်ပြုလုပ်လာခဲ့ပြီး MIT ခေါင်းဆောင်အများစုကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    Ref: Arab News

  • အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာပြန်သိမ်းမှုဖြစ်

    အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာပြန်သိမ်းမှုဖြစ်

    အောက်တိုဘာ ၁၊ ၂၀၂၂
    M-Media

    ဗိုလ်ကြီး ထရာအိုယေးက အာဏာသိမ်းကြောင်း ကြေငြာနေစဥ်

    -အနောက်အာဖရိက ဘာကီနာဖာဆိုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချတဲ့ စစ်အာဏာသိမ်းမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။

    ကြည်းတပ်ဗိုလ်ကြီး အီဗရာဟင် ထရာအိုယေးဟာ စစ်ခေါင်းဆောင် ပေါလ် ဟင်နရီ ဒမ်ဘီဘာကို ဖြုတ်ချခဲ့သလို အစိုးရအဖွဲ့နဲ့ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

    ဒါဟာ ဘာကီနာဖာဆိုမှာ ၈ လအတွင်း စစ်တပ်က ဒုတိယမြောက် အာဏာသိမ်းမှု ဖြစ်ပါတယ်။

    ထရာအိုယေးက ဒမ်ဘီဘာဟာ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေကို မထိန်းသိမ်းနိုင်တဲ့အတွက် အခုလို အာဏာသိမ်းရတာလို့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဇန်န၀ါရီလ သမ္မတ ရော့ချ် ကာဘိုရီကို ဖြုတ်ချအာဏာသိမ်းစဥ်က စစ်ခေါင်းဆောင် ဒမ်ဘီဘာ ပြောကြားခဲ့တဲ့ စွပ်စွဲမှုကိုပဲ ထရာအိုယေးက ပြန်သုံးတာ ဖြစ်ပါတယ်။

    ဘာကီနာဖာဆိုဟာ IS အကြမ်းဖက်အဖွဲ့ အပါအ၀င် လက်နက်ကိုင် တော်တော်များများ ကြီးစိုးတဲ့တိုင်းပြည်ဖြစ်ပြီး နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကိုသာ ဗဟိုအစိုးရက ထိန်းချုပ်ထားနိုင်ပါတယ်။

    Ref: Reuters

  • ကဘူးလ်ရှိ အမျိုးသမီး ပုဂ္ဂလိကကောလိပ်တစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ

    ကဘူးလ်ရှိ အမျိုးသမီး ပုဂ္ဂလိကကောလိပ်တစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ

    အောက်တိုဘာ ၁၊ ၂၀၂၂
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က ပုဂ္ဂလိက ကောလိပ်တစ်ခုမှာ မနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

    Kaaj လိုခေါ်တဲ့ အဲဒီကျောင်းဟာ ကဘူးလ်မြို့အနောက်ခြမ်းမှာရှိပြီး ကျောင်းသား ၆၀၀ ကျော်လောက်ရှိပါတယ်။ အများစုက အမျိုးသမီးတွေပါ။ ကျောင်းသားတွေဟာ တက္ကသိုလ်စာမေးပွဲအတွက် စာကျက်နေစဥ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၃၀ လောက်ရှိပါတယ်။ ဘယ်အဖွဲ့ကလုပ်လဲဆိုတာ မသိရသေးပါဘူး။ ဒီကျောင်းမှာ တက်ရောက်သူအများစုဟာ ‘ဟာဇရာ’ လူမျိုးတွေ ဖြစ်ပါတယ်။

    ဟာဇရာတွေဟာ အာဖဂန်နစ္စတန်က လူနည်းစုတွေဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို အမြဲတမ်းလိုလို ခံနေရသူတွေ ဖြစ်ပါတယ်။

    သေဆုံးသူ ၁၉ ဦးရှိတယ်လို့ အစောပိုင်းမှာ ထုတ်ပြန်ထားပေမယ့် အမှန်တကယ်အရေအတွက်ဟာ ဒီထက်ပိုပြီးများမယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

    အသေခံဗုံးခွဲသမားဟာ ကောလိပ်ရှေ့မှာ စောင့်နေတဲ့ အစောင့်ကို သေနတ်နဲ့ပစ်သတ်ပြီးတဲ့နောက် အထဲ၀င်ပြီး အသေခံဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။

    အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး တာလီဘန်အစိုးရကတော့ IS အကြမ်းဖက်အဖွဲ့ လက်ချက်လို့ ထုတ်ပြန်ပါတယ်။

    Ref: BBC

  • ယူကရိန်းမှ ဒေသ ၄ ခုကို ရုရှားက ပိုင်နက်ထဲသွတ်သွင်းမည်

    ယူကရိန်းမှ ဒေသ ၄ ခုကို ရုရှားက ပိုင်နက်ထဲသွတ်သွင်းမည်

    စက်တင်ဘာ ၂၉၊ ၂၀၂၂
    M-Media

    -ရုရှားက သိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းက ဒေသ ၄ ခုမှာ ရုရှားနိုင်ငံထဲ ၀င်ရောက်ရေး ပြည်သူဆန္ဒခံယူပွဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

    ၅ ရက်တာ ကြာမြင့်ခဲ့တဲ့ အဲဒီပြည်သူ့ဆန္ဒခံယူပွဲမှာ စစ်သားတွေက တစ်အိမ်တက်ဆင်း မဲဆန္ဒ လိုက်လံကောက်ခံခဲ့တာပါ။

    ယူကရိန်းပိုက်နက်ရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ဒေသလေးခုအတွင်း ရုရှားနဲ့ ပူးပေါင်းလိုတဲ့ မဲဆန္ဒရှင်အရေအတွက်ဟာ ၈၇ ရာခိုင်နှုန်းကနေ ၉၉ ရာခိုင်နှုန်းအထိ ရှိတယ်လို ရုရှားက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ဒီပြည်သူ့ဆန္ဒခံယူပွဲဟာ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတဲ့ တရားမ၀င်တဲ့ ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။

    ဆန္ဒခံယူပွဲလုပ်ခဲ့တဲ့ဒေသတွေက ရုရှားလိုလားသူ ခေါင်းဆောင်တွေဟာ သူတို့ဒေသကို ရုရှားပိုင်နက်အဖြစ် ကြေငြာပေးဖို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ကို တောင်းဆိုထားပြီး မကြာခင်မှာ မော်စကိုသွားကာ အပြီးသတ်ကိစ္စတွေ ဆောင်ရွက်ဖို့ ရှိနေပါတယ်။

    သမ္မတပူတင်ရဲ့ အကြံပေး မီခေလို ပိုလ်ဒိုယက်က မိမိတို့ရဲ့ပိုင်နက်ကို စစ်ရေးနည်းလမ်းနဲ့ လွတ်မြောက်စေလိုက်တာလို့ ကင်ပွန်းတပ်ပါတယ်။

    ရုရှားထိပ်တန်းခေါင်းဆောင်တွေက ယူကရိန်းအရှေ့ခြိမ်းဒေသတွေ ရုရှားပိုင်နက်ထဲရောက်လာရင် ကာကွယ်နိုင်ရေး နျူလက်နက်အသုံးပြုဖို့ ၀န်လေးနေမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားထားပါတယ်။

    Ref: Reuters