ဇွန် ၁၀၊ ၂၀၁၆
M-Media
– လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံခဲ့ရသည့် ဟီလာရီ ကလင်တန်အား သမ္မတအိုဘားမားက ၎င်းကို ဆက်ခံမည့် သမ္မတအဖြစ် ထောက်ခံခဲ့ပြီး သမ္မတနေရာအတွက် သူမထက်ပို၍ အရည်အချင်းပြည့်မီသူ မရှိဟု ပြောကြားလိုက်သည်။
“ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု အမေရိကန်ပြည်ထောင်စု သမ္မတလောင်းအဖြစ် သမိုင်းဝင်တဲ့ ရွေးချယ်ခံရမှုအတွက် ဟီလာရီကလင်တန်ကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်က သူ့ဘက်ကပါ။ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေပါပြီ။ ဟီလာရီအတွက် သွားပြီး မဲဆွယ်ပေးဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ အိမ်ဖြူတော်မှာ ရုံးထိုင်ဖို့ သူ့လို့ အရည်အချင်းပြည့်မီတဲ့လူ နောက်ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ကလင်တန်၏ YouTube စာမျက်နှာတွင် လွှင့်ထားသည့် ဗီဒီယို၌ အိုဘားမားက ပြောကြားခဲ့သည်။
ဟီလာရီကလင်တန်၏ မဲဆွယ်ရေးအဖွဲ့ကမူ အိုဘားမားနှင့် ဟီလာရင်ကလင်တန်တို့၏ ပူးတွဲမဲဆွယ်မှုကို ၀စ်ကွန်စင်ပြည်နယ် ဂရင်းဘေးမြို့တွင် လာမည့် ဗုဒ္ဓဟူးနေ့၌ ပြုလုပ်သွားမည်ဟု ကြေငြာခဲ့သည်။
ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ထရမ့်အား ပြင်းပြင်းထန်ထန် ဝေဖန်ဖူးသူ အိုဘားမားမှာ ဟီလာရီ၏ ပါတီတွင်းပြိုင်ဘက်ဖြစ်ပြီး ရှုံးနိမ့်သွားခဲ့သူ ဆန်းဒါးရ်စ်နှင့်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့သည်။ ဆန်းဒါးရ်စ်ကမူ မိမိအနေဖြင့် ကလင်တန်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera