News @ M-Media

Author: Ko Lay

  • တူရကီနှင့် ဆက်ဆံရေးစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ဟု အစ္စရေးပြော

    တူရကီနှင့် ဆက်ဆံရေးစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ဟု အစ္စရေးပြော

    မေ ၂၆၊ ၂၀၂၂

    M-Media


    -သံတမန်ဆက်ဆံရေးမှာ တူရကီနဲ့ စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီလို့ အစ္စရေးနိုင်ငံခြားရေး၀န်ကြီး ယာအီရန် လာပစ်က ပြောပါတယ်။ 

    လာပစ်နဲ့ တူရကီနိုင်ငံခြားရေး၀န်ကြီး မဗ်လု ကာဗူဆိုဂလူတို့ မနေ့က ဂျေရုစလင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ 

    စီးပွားရေးနဲ့ အရပ်ဖက်ဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပြီ၊ ကပ်ရောဂါနဲ့ နိုင်ငံရေး တင်းမာမှုတွေ ရှိနေတဲ့အချိန်မျိုးမှာတောင်မှ ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်အထိ အကျိုးကျေးဇူးတွေ ရရှိအောင် ဆောင်ရွက်သွားကြမယ်လို့ အစ္စရေးနိုင်ငံခြားရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အစ္စရေးနဲ့ တူရကီတို့အကြား ဆက်ဆံရေးဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွေကတည်းက ဆိုးရွားလာခဲ့တာပါ။ ပါလက်စတိုင်း ပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး တူရကီက ၀ေဖန်ပြောဆိုမှုတွေ လုပ်သလို၊ အစ္စရေးဖက်ကလည်း ပြန်လည် တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆက်ဆံရေးပိုကောင်းအောင် နှစ်နိုင်ငံစလုံးက ကြိုးစားလာကြပါတယ်။ 

    တူရကီနိုင်ငံခြားရေး၀န်ကြီးရဲ့ ဂျေရုစလင် ၂ ရက်တာခရီးစဥ်မှာ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းကို သွားရောက်ခဲ့ပြီး ၁၅ နှစ်အတွင်း နိုင်ငံခြားရေး၀န်ကြီးတစ်ဦး ပထမဆုံး လည်ပတ်မှုပါ။ 

    ကာဗူဆိုဂလူက အစ္စရေးနဲ့ နယ်ပယ်တော်တော်များများမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပြီး၊ ဒီလို ပုံမှန်ဆက်ဆံရေးတည်ဆောက်မှုဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား ငြိမ်းချမ်းရေးရဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ၀ီဂါများအပေါ် တရုတ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို အချက်အလက်အသစ်များက ထပ်မံအတည်ပြုနေ

    ၀ီဂါများအပေါ် တရုတ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို အချက်အလက်အသစ်များက ထပ်မံအတည်ပြုနေ

    မေ ၂၄၊ ၂၀၂၂
    M-Media

    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ရဲတပ်ဖွဲ့ ဒေတာဘေ့စ်ကို ဟက်ကာတွေက ဖောက်ထွင်းပြီး အချက်အလက်တွေ ရယူခဲ့ရာမှာ ၀ီဂါတွေအပေါ် တရုတ်အစိုးရက ဘယ်လောက်အတိုင်းအတာအထိ ညှင်းပမ်းနှိပ်စက်နေလဲဆိုတာကို အသေးစိတ် တွေ့ခဲ့ရပါတယ်။

    ရှင်းကျန်းက ၀ီဂါနဲ့ အခြား အစ္စလာမ်ဘာသာ၀င်လူမျိုးစု တစ်သန်းလောက်ကို အကျဥ်းစခန်းထဲ ထည့်ပြီး သူတို့ရဲ့ ယဥ်ကျေးမှု၊ အနုပညာနဲ့ လူမျိုးပျောက်အောင် တရုတ်အစိုးရက လုပ်ဆောင်နေတယ်ဆိုပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဖော်ပြလာခဲ့ကြတာပါ။

    တရုတ်အစိုးရက ဒါကို ပထမပိုင်းမှာ ငြင်းပေမယ့် နောက်ပိုင်းမှာတော့ ၀ီဂါတွေဟာ အသက်မွေး၀မ်းကျောင်းသင်တန်းကျောင်းတွေကို သူတို့ဆန္ဒနဲ့သူတို့ တက်ရောက်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခု ဟက်ကာတွေ ဖောက်ထွင်းရယူနိုင်ခဲ့တဲ့ မှတ်တမ်းတွေကို သုံးသပ်မှုအရ တရုတ်အစိုးရရဲ့ ပြောကြားမှုတွေဟာ လိမ်လည်ထားတာသားဖြစ်ပြီး မြေပြင်မှာ ၀ီဂါတွေဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းကပြောသလို အကျဥ်းစခန်းထဲ အဓမ္မထည့်ပြီး နှိပ်စက်ခံနေရတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်လာပါတယ်။

    လူမျိုးစု အမှတ်သညာ၊ ဘာသာရေး၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းကို ဖျောက်ဖျက်တဲ့ လုပ်ငန်းစဥ်တွေ၊ အရက်မသောက်တာ၊ တရားနားထောင်တာလို၊ မွတ်စလင်အများစုရှိရာ နိုင်ငံကို သွားတာ စတဲ့ ကိစ္စမျိုးနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်တာ၊ ခေါင်းစဥ်မျိုးစုံတပ်ပြီး ဖမ်းဆီးအကျဥ်းချတာ၊ အကျဥ်းချထားသူတွေရဲ့ မိဘဆွေမျိုးတွေကိုပါ ဖမ်းဆီးပြီး အကျဥ်းစခန်းထဲ ထည့်ထားတာ၊ သားသမီးတွေကို အစိုးရဘော်ဒါဆောင် အဓမ္မပို့ပြီး ဦးနှောက်ကျဥ်းတာ စတဲ့ ဖိနှိပ်ညှင်းပမ်းမှု ပေါင်းစုံကို ဒီအခုပေါက်ကြားလာတဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

    ဒီအချက်အလက်တွေကို ကမ္ဘာတစ်၀ှမ်း နိုင်ငံပေါင်း ၁၁ နိုင်ငံက မီဒီယာအဖွဲ့အစည်း ၁၄ ခုကနေ ဆန်းစစ်အတည်ပြုထားတာ ဖြစ်ပါတယ်။

    ဘာတွေပါလဲ

    ကွန်ပျူတာပညာရှင်တွေ ဖောက်ထွင်းရယူခဲ့တဲ့ ဖိုင်တွေထဲမှာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလကနေ ဇူလိုင်လအတွင်း ရှင်ကျန်းက ရဲတွေ ရိုက်ယူထားတဲ့ မှတ်တမ်းဓာတ်ပုံ ၅၀၀၀ ကျော် ပါ၀င်ပါတယ်။

    တရုတ်အစိုးရ အကြီးတန်းအရာရှိတွေတဲ့ လျှို့၀ှက် ညွှန်ကြားချက်တွေ၊ ရဲတပ်ဖွဲ့ရဲ့ ဌာနတွင်းညွှန်ကြားစာတွေ၊ နှိပ်ကွပ်ရေးနည်းနာတွေ၊ အကျဥ်းစခန်းထဲမှာ ထိန်းသိမ်းခံထားရတဲ့ ၀ီဂါလူမျိုး တစ်ဦးချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေ၊ လျှို၀ှက်စခန်းတွေရဲ့ တည်နေရာ စတာတွေကိုလည်း အချက်အလက်တွေထဲမှာ တွေ့ရပါတယ်။

    ၀ီဂါတွေရဲ့ မှတ်တမ်းဓာတ်ပုံပေါင်း ၅ ထောင်ကျော်ထဲက ၂၈၈၄ ဦးကို အခြား ရရှိထားတဲ့ အချက်အလက်တွေနဲ့ တိုက်ပြီး ဘယ်သူဘယ်၀ါလဲဆိုတာ ပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    တရုတ်အစိုးရက အကျဥ်းစခန်းတွေထဲမှာရှိတဲ့ ၀ီဂါတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ဒီစခန်းတွေကို လာရောက်ပြီး အသက်မွေး၀မ်းကျောင်းပညာ သင်တယ်လို့ ပြောပေမယ့် ဓာတ်ပုံတွေက မျက်နှာအမူအရာတွေကိုကြည့်ရင် အဓမ္မ အကျဥ်းစခန်းထဲထည့်ထားတာကို ပေါ်လွင်နေစေပါတယ်။

    တရုတ်အစိုးရဟာ ၀ီဂါတော်တော်များများကို မုတ်ဆိတ်ထားတာ၊ ပု၀ါဆောင်းတာ၊ အရက်မသောက်တာ၊ ၀တ်ပြုဆုတောင်းတာ၊ မွတ်စလင်နိုင်ငံကို ခရီးသွားတာလို အကြောင်းအရင်းမျိုးတွေနဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချတာ၊ အကျဥ်းစခန်းတွေထဲ ထည့်ထားတာတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။

    သားကြောင့် အမေကိုဖမ်းဆီး

    တာဂျီဂူလ် သာဟီရ်ဟာ အသက် ၆၀ ရှိပါပြီ။ သူမရဲ့သားဖြစ်သူက အရက်မသောက်၊ ဆေးလိပ်မသောက်တဲ့အတွက် တရုတ်အာဏာပိုင်တွေက ဘာသာရေးအစွန်းရောက်လို့ သတ်မှတ်ပြီး အကြမ်းဖက်စွဲချက်နဲ့ ထောင် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် သာဟီရ်ကိုလည်း ၂၀၁၇ ခုနှစ်မှာ ကြံရာပါအဖြစ် ဖမ်းဆီးပြီး အကျဥ်းစခန်းထဲမှာ ထိန်းသိမ်းခဲ့ပါတယ်။

    တရုတ်အစိုးရဟာ ရှင်ကျန်းမှာ သူတို့အပြစ်ရှိသူလို့ သတ်မှတ်တဲ့သူတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေကိုပါ ဖမ်းဆီးအကျဥ်းချထားတာကို ရရှိခဲ့တဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

    ၀ီဂါအမျိုးသမီး ရာဟီလ်အိုမာရ်ဟာ မှတ်တမ်းတွေအရ အသက် ၁၅ နှစ်အရွယ်မှာ သူမကို တရုတ်အစိုးရက ဖမ်းဆီးကာ အကျဥ်းစခန်းထဲ ပို့လိုက်တာပါ။ ဒါဟာ ရရှိခဲ့တဲ့ အချက်အလက်မှတ်တမ်းတွေအရ အသက်အငယ်ဆုံး အကျဥ်းချ ခံရသူ ဖြစ်ပါတယ်။

    အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ အနီဟန် ဟာမစ်ကတော့ မှတ်တမ်းတွေအရ အကျဥ်းစခန်ထဲမှာ ပိတ်လှောင်ခံရတဲ့ ၀ီဂါတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပါတယ်။

    ရှင်ကျန်းရဲတပ်ဖွဲ့ဖိုင်

    “ရှင်ကျန်းရဲတပ်ဖွဲ့ဖိုင်များ” လို့ အမည်ပေးထားတဲ့ အဲဒီအချက်အလက်တွေထဲမှာ ထောင်နဲ့ချီတဲ့ ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေ ပါ၀င်ပါတယ်။

    ဒီအချက်အလက်တွေကို ရှင်ကျန်းရဲတပ်ဖွဲ့ရဲ့ ဆာဗာတွေကို ကွန်ပျူတာပညာရှင်တွေက ဖောက်ထွင်းရယူထားတာဖြစ်ပြီး ၀ီဂါအရေး လေ့လာနေတဲ့ အမေရိကန်အခြေစိုက် ပညာရှင် ဒေါက်တာ အေဒရီယန် ဇန့်ဆီ ပေးပို့ခဲ့ပါတယ်။ ဒေါက်တာဇန့်ဟာ အမေရိကန်အခြေစိုက် Victims of Communism Memorial Foundation က ပညာရှင်တစ်ယောက်ဖြစ်ပြီး ရရှိတဲ့အချက်အလက်တွေကို အတည်ပြုကာ သတင်းဌာနတွေဆီ ပေးပိုခဲ့ပါတယ်။

    မှတ်တမ်းတွေမှာပါတဲ့ လူတွေကို ဘီဘီစီက ဆက်သွယ်လို့ရပေမယ့် သူတို့ဘယ်သူဘယ်၀ါဆိုတာနဲ့ ဘယ်မှာရှိနေလဲဆိုတာ ထုတ်မပြောလိုကြဘူးလို့ ဆိုပါတယ်။

    ရရှိခဲ့တဲ့မှတ်တမ်းတွေဟာ ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရှင်ကျန်းပြည်နယ်နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ လျှို့၀ှက်ထိန်းသိမ်းမှုအဆင့်ကို တရုတ်အစိုးရက မြှင့်တင်လိုက်ပြီး၊ ဒီအတွက် ၂၀၁၉ ခုနှစ်က မှတ်တမ်းတွေ ပါမလာတာလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    “ရတဲ့ အချက်အလက်တွေက ဘာမှ မတည်းဖြတ်ရသေးတဲ့ဟာတွေပါ။ လျှော့ပေါ့ရေးထားတာမရှိဘူး။ အကြောင်းအရာစုံတယ်။ ကျွန်တော်တို့မှာ အချက်အလက်အားလုံး ရှိနေပါတယ်”

    “ထိပ်တန်းလျို့၀ှက် စာရွက်စာတမ်းတွေ။ တရုတ်ခေါင်းဆောင်တွေ သူတို့အယူအဆကို ပွင့်ပွင့်လင်းလင်းပြောထားတဲ့ မှတ်တမ်းတွေ၊ ညွှန်ကြားလွှာတွေ၊ ဓာတ်ပုံတွေ၊ အစုံပါပဲ။ တရုတ်အစိုးရရဲ့ ၀ါဒဖြန့်မှုတွေ မဟုတ်ဘူးဆိုတာ ဗူးပေါ်သလို ပေါ်သွားပါပြီ”

    အကျဥ်းစခန်းများ

    ၀ီဂါလူမျိုးစုဒေသဖြစ်တဲ့ ရှင်ကျန်းပြည်နယ်မှာ တရုတ်အစိုးရက အကျဥ်းစခန်းကွန်ယက်တွေကို တည်ဆောက်ထားပြီး အနည်းဆုံး ၀ီဂါ ၁ သန်းလောက်ကို အကျဥ်းချထားပါတယ်။

    တရုတ်အစိုးရက ဒါတွေဟာ အသက်မွေး၀မ်းကြောင်း သင်တန်းကျောင်းတွေလို့ ကမ္ဘာကိုပြောထားပေမယ့် အခုရရှိတဲ့ အချက်အလက်တွေအရ အကျဥ်းထောင်ထက်တောင်ပိုဆိုးတဲ့နေရာတွေ ဖြစ်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။

    အကျဥ်းစခန်းနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေထဲမှာ စခန်းအတွင်း လက်နက်ကိုင်အစောင့်တွေသာ ချထား အသုံးပြုဖို့၊ ကင်းမျှော်စင်တွေမှာ စက်သေနတ်တွေ၊ စနိုက်ပါတွေ ချထားဖို့၊ ထွက်ပြေးတဲ့သူတွေကို နေရာတင်ပစ်သတ်ဖို့ စတာတွေ ပါ၀င်ပါတယ်။

    ဒါ့အပြင် အကျဥ်းစခန်းကလူတွေကို ရွှေ့ပြောင်းတာ၊ ဒါမှမဟုတ် ဆေးရုံပို့တာလို အခြေအနေမျိုးမှာတောင် ခေါင်းကိုအ၀တ်စွတ်ကာ၊ လက်ထိပ်ခြေထိပ်ခတ်ထား ရမယ်လို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

    ကျမ်းစာသင်သည့်အတွက် ထောင် ၁၀ နှစ်

    သူကတော့ အသက် ၅၈ နှစ်အရွယ် သူရ်ဆန် ကာဒရ်ပါ။ ၁၉၈၀ ပြည့်နှစ်တွေက အစ္စလာမ်ဘာသာရေးစာပေ လေ့လာမှု၊ တရားဟောမှုနဲ့ မကြာသေးခင်က မုတ်ဆိတ်အရှည်ထားမှုအတွက် အကြမ်းဖက်ခေါင်းစဥ်တပ်ပြီး ထောင်ဒဏ် ၁၆ နှစ်နဲ့ ၁၁ လ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ၄၊ ၅၊ ၁၀ နှစ်အရင်က လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာကိုလည်း အချက်အလက်တွေမှာ တွေ့ရပါတယ်။

    ၀ီဂါအမျိုသားတစ်ဦးဆိုရင် ၂၀၁၀ ခုနှစ်က အဖွားဖြစ်သူနဲ့ ရက်အနည်းငယ် ကျမ်းစာသင်ခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်မှာ ထောင် ၁၀ နှစ် ချခံခဲ့ရပါတယ်။

    ဖုန်းထဲမှာ တရားနားထောင်တာ၊ VPN ဆော့ဖ်၀ဲ ထည့်ထားတာလို ကိစ္စမျိုးနဲ့ ထောင်ချခံရသူတွေ ရာထောင်ချီ ရှိပါတယ်။

    ဖုန်းရှိပြီး မသုံးလို့ဆိုတဲ့အမှုနဲ့ ၁၀ နှစ်လောက်ထောင်ချခံရသူတွေကိုလည်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ဖုန်းထဲ ပိုက်ဆံမရှိလို့ ဖုန်းမသုံးနိုင်တာဟာ သူတို့ရဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်မှုကို ရှောင်ရှားတယ်လို့ တရုတ်အာဏာပိုင်တွေက အမှုတွဲတွေမှာ ခေါင်းစဥ်တပ်ထားပါတယ်။

    ဒါတင်မကသေးဘဲ ‘ရန်ဖြစ်တယ်’ ‘၀တ္တရားနှောက်ယှက်တယ်’ ‘အကြမ်းဖက်၀ါဒ’ စသဖြင့် ခေါင်းစဥ်အမျိုးမျိုးနဲ့ တရုတ်ရဲတွေဟာ ၀ီဂါတွေကို ထောင် ၁၀ နှစ်ကနေ အနှစ် ၂၀၊ ၃၀ အထိ ချထားတာတွေကိုလည်း အချက်အလက်တွေမှာ တွေ့ရပါတယ်။

    အိမ်မှာနေသူတွေ

    အကျဥ်းစခန်းမှာ ထိန်းသိမ်းခြင်းမရခံတဲ့ ၀ီဂါတွေလည်း တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုနဲ့ မလွတ်ပါဘူး။

    အိမ်မှာနေထိုင်နေတဲ့ ၀ီဂါတွေကို သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါမကျန် ရဲတွေက အချိန်အခါမရွေး ခေါ်ယူစစ်ဆေးတဲ့ အကြောင်းအရာတွေကိုလည်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

    ရှင်ကျန်းက ၀ီဂါလူ့အဖွဲ့အစည်းအားလုံးနီးပါး နေ့ညမရွေး ဒီလို ခေါ်ယူစစ်ဆေး၊ ဓာတ်ပုံရိုက်ခံရတာတွေ ရှိခဲ့ပြီး၊ ဓာတ်ပုံဖိုင် နာမည်တွေဟာ အကျဥ်းစခန်းက ဖိုင်နာမည်တွေရဲ့ ပုံစံအတိုင်း ဖြစ်နေတာကြောင့် အလိုအလျောက် မျက်နှာစောင့်ကြည့် ထောက်လှမ်းတဲ့စနစ်အတွက် မှတ်တမ်းရယူတာလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    ၂၀၁၈ ခုနှစ်က အဲဒီလိုဓာတ်ပုံရိုက်ပြီး ၅ လအကြာမှာ အာဏာပိုင်တွေက တူရ်ဆန် မီမီတင်မီနဲ့ ဇနီးဖြစ်သူ အာရှီဂူလ် တူတူရ်ဂ်ဟွန်တို့ကို လာဖမ်းသွားပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်အရင်က တရားတစ်ပုဒ် နားထောင်တယ်ဆိုတဲ့ စွဲချက်နဲ့ပါ။

    ၁၀ နှစ်နဲ့ ၆ နှစ်အရွယ် သမီးနှစ်ယောက် အပြင်မှာကျန်တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြပြီး ဒီကလေးနှစ်ဦး ဘယ်လိုဖြစ်သွားလည်းဆိုတာ မပါတော့ပါဘူး။

    တရုတ်အာဏာပိုင်တွေဟာ ရှင်ကျန်းမှာ အကျဥ်းစခန်းတွေ တည်ဆောက်တဲ့ တစ်ချိန်တည်းမှာပဲ ဘော်ဒါကျောင်းတွေလည်း တစ်ဖက်မှာ တည်ဆောက်ခဲ့ပြီး ကလေး ၂ ယောက်ကို အဲဒီကျောင်းတွေဆီ ပို့လိုက်တယ်လို့ ယူဆနိုင်ပါတယ်။

    အကျဥ်းစခန်းထဲ ရောက်လာတဲ့သူတွေရဲ့ သားသမီးတွေဟာ ဒီဘော်ဒါကျောင်းတွေမှာ နှစ်ရှည်သွားနေရပြီး မိဘအစုံအလင်ရှိပေမယ့်လည်း အာဏာပိုင်တွေက အနည်းဆုံး တစ်ပတ် ၂ ရက် အဲဒီဘော်ဒါကျောင်းတွေမှာ ကလေးတွေကို အဓမ္မ တက်ခိုင်းလေ့ရှိပါတယ်။

    ရရှိခဲ့တဲ့ ရဲမှတ်တမ်းက ကလေးငယ်တွေရဲ့ ဓာတ်ပုံတော်တော်များများ ပုံစံတူခေါင်းရိတ်ထားတာတွေ့ရပြီး ဒါဟာ အစိုးရကဖွင့်ထားတဲ့ ဘော်ဒါကျောင်းတွေကို သွားတက်ရတယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။

    တရုတ်အစိုးရမှတ်တမ်းတွေမှာ ၀ီဂါတွေရဲ့ ‘ဇာတိကိုဖျောက်ပစ်၊ မျိုးဆက်ကိုဖြတ်ပစ်’ လို့ တရား၀င် သုံးနှုန်းညွှန်ကြားထားပြီး ဓာတ်ပုံတွေနဲ့ တစ်ခြားအချက်အလက်တွေက ဒီမူ၀ါဒနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေပဲ ဖြစ်ပါတယ်။

    ဘယ်လောက်များလဲ

    ဟက်ကာတွေရရှိခဲ့တဲ့ အခုအချက်အလက်တွေထဲမှာ ရှင်ကျန်းက ၀ီဂါ ဘယ်လောက်များများကို အကျဥ်းစခန်းထဲထည့်ပြီး နှိပ်စက်နေလဲဆိုတာကိုပါ ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်။

    မှတ်တမ်းတော်တော်များများဟာ ပြည်နယ်တောင်ပိုင်း တရုတ်လို ရှူဖူလိုခေါ်တဲ့ ကိုနာရှီဟာခရိုင်က ဖြစ်ပါတယ်။

    မှတ်တမ်းတွေကို လေ့လာမှုအရ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ကိုနာရှီဟာခရိုင်က အရွယ်ရောက်ပြီးသူတွေရဲ့ ၁၂ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၇၆၂ ဦး အကျဥ်းစခန်းထဲထည့်ခံရတာ၊ ဒါမှမဟုတ် ထောင်ချခံရတာတွေ ရှိတာကို တွေ့ရပါတယ်။

    ဒီပမာဏအတိုင်း ရှင်းကျန်းပြည်နယ်တစ်ခုလုံးကို ပျမ်းမျှချတွက်ရင် ၀ီဂါနဲ့ အခြားတူရကီစကားပြော လူနည်းစု စုစုပေါင်း ၁.၂ သန်းလောက် အကျဥ်းစခန်းထဲ ရောက်နေတဲ့ အနေအထားပါ။ ပညာရှင်တွေရဲ့ အရင်က တွက်ချက်မှုကလည်း အဲဒီလောက်၀န်းကျင်ရှိနေပြီး တရုတ်အစိုးရက ဒီပမာဏကို ငြင်းပါတယ်။

    တရုတ်ခေါင်းဆောင်တွေရဲ့ သဘောထား

    ရရှိခဲ့တဲ အထောက်အထားတွေထဲမှာ တရုတ်ခေါင်းဆောင်တွေက ၀ီဂါတွေအပေါ်ထားရှိတဲ့ မုန်းတီးစိတ်၊ ဖိနှိပ်ညှင်းပမ်းလိုစိတ်တွေကိုလည်း အထင်းသား တွေ့ရပါတယ်။

    တရုတ်ပြည်သူ့လုံခြုံရေး၀န်ကြီး ကျောက်ခချီရဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ရှင်ကျန်းကိုလာတဲ့ ခရီးစဥ်မှာ ပြည်နယ်တောင်ပိုင်းက အနည်းဆုံး ၀ီဂါ ၂ သန်းလောက် အစွန်းရောက်အတွေးအခေါ်တွေ ကူးစက်နေတယ်လို့ ပြောခဲ့ကြောင်း လျှို့၀ှက်ဖိုင်ထဲမှာ မှတ်တမ်းတင်ထားပါတယ်။

    ဒီလူ ၂ သန်းကို ဖမ်းဆီးထိန်းသိမ်းနိုင်ရေး အဆောက်အဦးတွေ ဆောက်ပေးတာ၊ ရန်ပုံငွေထုတ်ပေးတာတွေအတွက် သမ္မတ ရှီကျင့်ဖျင်ကို ကျေးဇူးတင်တယ်လို့လည်း သူက ထည့်ပြောပါတယ်။

    သိပ်မကြာခင်အချိန်ကအထိ ရှင်ကျန်းကွန်မြူနစ်ပါတီ အတွင်းရေးမှုးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တဲ့ ချန်ကျန်ဂိုရဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကိုပြောတဲ့ မိန့်ခွန်းမှာလည်း ၀ီဂါတွေကို အကျဥ်းစခန်းထဲထည့်ပြီး ပုံစံပေးတာဟာ ၅ နှစ်လောက်နဲ့ မလုံလောက်ကြောင်း၊ ၀ီဂါတွေဟာ ပြဿနာကောင်တွေသာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့တာကို လျှို့၀ှက်မှတ်တမ်းမှာ တွေ့ရပါတယ်။

    တရုတ်ရဲ့ တုန့်ပြန်မှု

    အချက်အလက်တွေကို ဆန်းစစ်အတည်ပြုခဲ့တဲ့ မီဒီယာအဖွဲ့အစည်းတွေက မေးမြန်းမှုကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တရုတ်သံရုံးက တုန့်ပြန်ခဲ့ပါတယ်။

    ရှင်ကျန်းမှာ သူတို့လုပ်ဆောင်နေတာတွေဟာ အစွန်းရောက်၀ါကို တိုက်ဖျက်ဖို့ဖြစ်ပြီး၊ ဒေသတွင်းမှာ တည်ငြိမ်အေးချမ်းမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ခံစားနေရတယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ရှင်ကျန်းနဲ့ပတ်သက်ပြီး ကမ္ဘာကြီးက ပြောဆိုနေတာတွေဟာ အလိမ်အညာတွေ ၀ါဒဖြန်မှုတွေသာဖြစ်တယ်လို့ သံရုံးကဆိုပြီး၊ ပေါက်ကြားလာတဲ့ အထောက်အထားတွေကို ရှင်းလင်းတာမျိုး မရှိခဲ့ပါဘူး။

    Ref: BBC

  • မြန်မာစစ်တပ် ဉာဥ်ပြောင်းလိမ့်မည်ဆိုသည့် အတွေးမျိုး စွန့်လွှတ်ရန် ဂျပန်ကို တက်ကြွလှုပ်ရှားသူများ တိုက်တွန်း

    မြန်မာစစ်တပ် ဉာဥ်ပြောင်းလိမ့်မည်ဆိုသည့် အတွေးမျိုး စွန့်လွှတ်ရန် ဂျပန်ကို တက်ကြွလှုပ်ရှားသူများ တိုက်တွန်း

    မေ ၂၆၊ ၂၀၂၂
    M-Media

    -ပြည်သူတွေအပေါ် မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုမှာ ဂျပန်က လေ့ကျင့်သင်ကြားပေးထားတဲ့သူတွေ ပါ၀င်နေပြီး၊ မြန်မာစစ်တပ် စိတ်ထားပြောင်းလာမလားဆိုတဲ့ အတွေးမျိုး ဂျပန်အစိုးရက စွန့်လွှတ်သင့်နေပြီလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်၀ှမ်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကို စစ်ကောင်စီက နှိမ်နှင်းရာမှာ အရပ်သား၊ လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

    မကွေးတိုင်းဒေသကြီးက မြို့ရွာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ပါ၀င်နေတဲ့ လေတပ် ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုးဟာ ၂၀၁၆-၂၀၁၇ မှာ ဂျပန်လေတပ်က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အရာရှိဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်၀ှမ်း တိုးမြှင့်ပြုလုပ်လာတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပါ၀င်တဲ့ အရာရှိတွေစာရင်းကို ပြည်တွင်း မီဒီယာတွေက ရရှိခဲ့ပြီး အဲဒီအထဲမှာ ဒုတိယဗိုလ်မှုးကြီး လွှမ်းမိုးရဲ့အမည် ပါ၀င်နေတာ ဖြစ်ပါတယ်။

    မကွေးတိုင်းဒေသကြီးဟာ စစ်အာဏာရှင်တော်လှန်ရေး ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီကလည်း နည်းလမ်းပေါင်းစုံသုံးကာ နှိမ်နှင်းနေပါတယ်။

    HRW ရဲ့ အာရှဆိုင်ရာတာ၀န်ရှိသူ တက်ပီ ကာဆိုင်က မြန်မာစစ်တပ်ဟာ အရင်ကတည်းက စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ သမိုင်းကြောင်းတွေရှိနေပြီး ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေမှာ ဂျပန်အစိုးရကလည်း ကြံရာပါအဖြစ် ပါ၀င်နေတယ်ဆိုတာကို ဖော်ထုတ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ရဲ့ လေ့ကျင့်သင်ကြားပေးမှု အစီအစဥ်ဟာ မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့ဉာဥ်ကို ပြောင်းလဲပေးနိုင်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်မရှိ၊ မဖြစ်နိုင်တဲ့ အယူအဆကို ဂျပန်အစိုးရက စွန့်လွှတ်သင့်နေပါပြီ”

    ဂျပန်ဟာ ၂၀၁၅ ခုနှစ်ကစပြီး မြန်မာစစ်တပ်က အရာရှိတွေကို သင်တန်းပေးနေတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာစစ်တပ်နဲ့ ဆက်ဆံမှုကို ဖြတ်တောက်ခဲ့ပေမယ့် ဂျပန်က ဆက်ဆံရေးဆက်ရှိနေပြီး လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်ပေးနေဆဲပါ။

    လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေက ဂျပန်ရဲ့ဒီလုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်မှုတွေမှာ ကြံရာပါအဖြစ် ပါ၀င်နေတာမျိုး မှတ်ယူလို့ရတယ်လို့ သတိပေးထားပါတယ်။

    Ref: The Diplomat

    mmMyanmarNews

  • အဆင့်မြင့် ယဥ်ကျေးမှုအနုပညာပြတိုက်ကို ဆော်ဒီ တည်ဆောက်နေ

    အဆင့်မြင့် ယဥ်ကျေးမှုအနုပညာပြတိုက်ကို ဆော်ဒီ တည်ဆောက်နေ

    မေ ၂၄၊ ၂၀၂၂
    M-Media

    -နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေကို တစ်စုတစ်စည်း ပြသနိုင်မယ့် ပြတိုက်တစ်ခုကို ဆော်ဒီအာရေဗျက စတင်ဆောက်လုပ်နေပါတယ်။

    Royal Art Complex လို့ အမည်ပေးထားပြီး မြို့တော်ရီယာ့ဒ်က King Salman Park ပန်းခြံမှာ တည်ရှိမှာ ဖြစ်ပါတယ်။

    ဒီအဆောက်အဦးမှာ ရှေဟောင်းနဲ့ ခေတ်ပြိုင် အနုပညာလက်ရာတွေကို ပြသမယ့် ပြတိုက်တစ်ခု၊ စာကြည့်တိုက်၊ ပညာရပ်ဆိုင်ရာ သင်တန်းကျောင်း ၃ ခု၊ လူ ၆၀၀ ဆန့်တဲ့ ဘက်စုံသုံး ခန်းမတစ်ခု ပါ၀င်မှာ ဖြစ်ပါတယ်။

    ပြတိုက်ဟာ ၁၀၆ မီတာမြင့်မှာဖြစ်ပြီး အဆောက်အဦးရဲ့ အထူးခြားဆုံးနဲ့ ဗိသုကာအမြောက်ဆုံး အဆောက်အဦး ဖြစ်လာပါလိမ့်မယ်။

    လူ ၂၃၀၀ ဆန့်တဲ့ အမျိုးသားကဇာတ်ရုံ တစ်ခုနဲ့ ရုပ်ရှင်ရုံ ၃ ရုံကိုလည်း Royal Art Complex အဆောက်အဦးမှာ ထည့်သွင်း တည်ဆောက်မှာ ဖြစ်ပါတယ်။

    King Salman Park ပန်းခြံဟာ ရီယာ့ဒ်မြို့ရဲ့ အချက်အခြာကျတဲ့ နေရာမှာ တည်ရှိပြီး ဆော်ဒီပြည်သူတွေ အားကစားနဲ့ ယဥ်ကျေးမှုအနုပညာတွေကို မြည်းစမ်းနိုင်ရုံသာမက အပန်းဖြေနေရာတစ်ခုလည်း ဖြစ်ပါတယ်။

    ဆော်ဒီဟာ ၂၀၃၀ ရည်မှန်းချက် ချမှတ်ကာ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး ပြည်သူတွေ စိတ်အေးချမ်းသာစွာ ဘ၀တည်ဆောက် နေထိုင်ဖြတ်သန်းနိုင်မယ့် အသိုက်အ၀န်းတွေ ဖန်တီးပေးရေးလည်း ဒီရည်မှန်းချက်မှာ ပါ၀င်ပါတယ်။

    Ref: Arab News

    mmInternationalNews

  • ထိုင်၀မ်ကို တရုတ်ကတိုက်လျှင် အမေရိကန်က တရုတ်ကို ပြန်တိုက်မည်

    ထိုင်၀မ်ကို တရုတ်ကတိုက်လျှင် အမေရိကန်က တရုတ်ကို ပြန်တိုက်မည်

    မေ ၂၃၊ ၂၀၂၂

    M-Media


    -ထိုင်၀မ်ကျွန်းကို တရုတ်က တိုက်ခိုက်မယ်ဆိုရင် စစ်အင်အားသုံးပြီး ထိုင်၀မ်ကို ကာကွယ်ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ 

    ဂျပန်ကိုရောက်နေတဲ့ ဘိုင်ဒန်ရဲ့ ဒီစကားဟာ အရှေ့အာရှဆိုင်ရာ မူ၀ါဒမှာ အမေရိကန်က အင်အားသုံးမှာမဟုတ်ဘူးဆိုတဲ့ အရင်က မဟာဗျူဟာကို ပြောင်းလဲလိုက်တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ 

    ထိုင်၀မ်ဟာ မိမိတို့ပိုင်တဲ့ ဒေသတစ်ခုဖြစ်ပြီး လိုအပ်ရင် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ တရုတ်အစိုးရက ပြောကြားထားပါတယ်။ 

    မနေ့က ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းမှုမှာတော့ ထိုင်၀မ်ကို ကာကွယ်ပေးရေး အမေရိကန်က ကတိက၀တ်ပြုထားပြီးသားလို့ ဘိုင်ဒန်က ဖြေကြားခဲ့ပါတယ်။

    တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို အမေရိကန်က သဘောတူပေမယ့် ထိုင်၀မ်ကို အင်အားသုံး သိမ်းပိုက်တာမျိုးက မသင့်တော်ကြောင်း၊ ထိုင်၀မ်ရေလက်ကြားမှာ တရုတ်က ပြုမူဆောင်ရွက်နေတာတွေဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်ကြောင်းလည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    တရုတ်အစိုးရကတော့ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်စိုးမှုနဲ့ပတ်သက်ပြီး တရုတ်ပြည်သူတွေရဲ့ ကာကွယ်နိုင်စွမ်း၊ ဖြေရှင်းနိုင်စွမ်းကို လျှော့မတွက်ဖို့ ချက်ခြင်း တုန့်ပြန် သတိပေးခဲ့ပါတယ်။ 

    Ref: Reuters