News @ M-Media

Author: Ko Lay

  • မက်ဆီမှာ ရော်နယ်ဒိုထက်သာသည်ဟု ပီကေးပြော

    မက်ဆီမှာ ရော်နယ်ဒိုထက်သာသည်ဟု ပီကေးပြော

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    messi 1

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ လူသားသက်တမ်းတွင် အကောင်းဆုံးကစားသမား ဖြစ်သော်လည်း မိမိ၏အသင်းဖော် လီယွန်နယ်မက်ဆီက ပိုကောင်းကာ အခြားကမ္ဘာမှလာသူ ဖြစ်သည်ဟု ဘာကာနောက်ခံလူ ဂျရတ်ပီကေးက ချီးကျူးပြောဆိုလိုက်သည်။

    မက်ဆီနှင့် ရော်နယ်ဒို နှစ်ဦးစလုံးမှာ လက်ရှိတွင် ကမ္ဘာပေါ်၌ အကောင်းဆုံး ကစားသမားများဖြစ်သည်ဟု သတ်မှတ်ခြင်း ခံထားရပြီး လွန်ခဲ့သည့် ၈ နှစ်လုံးလုံး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon D’Or ကို ၎င်းတို့နှစ်ဦးကသာ သိမ်းပိုက်ထားခဲ့သည်။

    ရော်နယ်ဒို၊ မက်ဆီတို့နှင့်အတူ ကစားခဲ့ဖူးသည့် ပီကေးကမူ မက်ဆီကို ပိုမို အသားပေးပြောကြားခဲ့သည်။

    “သူတို့နှစ်ယောက်စလုံးဟာ တစ်မူထူးခြားတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြောနေတာက ကမ္ဘာ့အကောင်းဆုံ ဘောလုံးသမားတွေအကြောင်း မဟုတ်ပါဘူး။ အားကစားသမိုင်းတစ်လျှောက်မှာ အကောင်းဆုံး ကစားသမားတွေ အကြောင်းပါ။ မက်ဆီမှာ ဘယ်သူ့ဆီမှာမှမရှိတဲ့ ပါရမီမျိုးရှိတယ်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော့်အတွက်တော့ ခရစ္စတီယာနိုက လူသားထုတစ်ရပ်လုံးမှာ အကောင်းဆုံးလို့ဆိုရင် မက်ဆီကတော့ အခြားကမ္ဘာက လာသူပါပဲ” ဟု ပီကေးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အရှေ့တောင်အာရှမွတ်စ်လင်မ်များ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုများကို တန်ဖိုးထားရန် လစ်ဗျားသံအမတ်ကြီး တိုက်တွန်း

    အရှေ့တောင်အာရှမွတ်စ်လင်မ်များ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုများကို တန်ဖိုးထားရန် လစ်ဗျားသံအမတ်ကြီး တိုက်တွန်း

    ဧပြီ ၅၊ ၂၀၁၆

    M-Media
    libya
    ယူအေအီးနိုင်ငံဆိုင်ရာ လစ်ဗျားသံအမတ်ကြီး ဒေါက်တာ Aref Ali Nayed

    – ဒေအတွင်းရှိ အစ္စလာမ်သာသနာကို အာရပ်မှုပြုနေသည့်အချိန်တွင် မလေးလူမျိုးများအနေဖြင့် အစ္စလာမ်ဘာသာကို ပိုမိုအလေးထားကြောင်း သက်သေပြရန်အတွက် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို မစွန့်လွှတ်သင့်ဟု Channel NewsAsia နှင့်ပြုလုပ်သောအင်တာဗျူးတစ်ခုတွင်ယူအေအီးနိုင်ငံဆိုင်ရာ လစ်ဗျားသံအမတ်ကြီး ဒေါက်တာ Aref Ali Nayed က ပြောကြားခဲ့သည်။

    အရှေ့တောင်အာရှမွတ်စ်လင်မ်တို့သည် အာရဗ်အစဉ်အလာများကို အစားထိုးမည့်အစား ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုထုံးတမ်းများကိုသာ တန်ဖိုးထားကျင့်သုံးသင့်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “စာသင်ခန်းတွေ၊ ရွာငယ်တွေမှာ ရာစုနှစ်ပေါင်းများစွာ သင်ကြားလာတဲ့ သက်ဆိုင်ရာဓလေ့ထုံးတမ်းတွေအပေါ် မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဘရူနိုင်းနိုင်ငံများအနေနဲ့ တကယ်ကို တန်ဖိုးထားခဲ့ကြမယ်လို့ ကျွန်တော် ယူဆပါတယ်။ မလေးလူမျိုးတစ်ဦးက အရဗီစကားတစ်ချို့ကို အငှားသုံးပြီး မိမိဟာ ပိုမိုအစ္စလာမ်ပီသကြောင်းပြသဖို့ မိမိရဲ့ဘာသာစကား၊ ပြောဆိုပုံ၊ ၀တ်စားဆင်ယင်ပုံများကို ဘာကြောင့် စွန့်လွှတ်ကျောခိုင်းရမှာလဲဗျ” ဟူ၍ မတ်လ ၂၈ ရက်၌ တင်ဆက်သည့် Channel NewsAsia ၏ အင်တာဗျူးဆွေးနွေးခန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

    Dr Nayed သည် ကမ္ဘာ့သြဇာအကြီးမားဆုံး ထိပ်တန်းမွတ်စ်လင်မ် ၅၀ ဦးအနက် အပါအ၀င်အဖြစ် ဂျော်ဒန်နိုင်ငံ၊ The Royal Aal al-Bayt တက္ကသိုလ်၊ အစ္စလာမ့်ဒဿနဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့မှ သတ်မှတ်ထားခြင်းခံရသူဖြစ်သည်။

    ၎င်းပြင် သူသည် Kalam Research and Media ကျွမ်းကျင်ပညာရှင်များအဖွဲ့တည်ထောင်သူနှင့် ဒါရိုက်တာလည်း ဖြစ်သည်။ အစ္စလာမ်၌ အာရပ်မှုပြုခြင်းနှင့် အရှေ့တောင်အာရှရှိ ယဉ်ကျေးမှုဓလေ့များဆိုင်ရာ သူ၏မှတ်ချက်များက အငြင်းပွားဖွယ်ရာ ဖြစ်စေခဲ့သည်။

    မကြာသေးမီ မလေးရှား၏ The Star နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌လည်း အလားတူမှတ်ချက်မျိုး ပေါ်ထွက်ခဲ့ဖူးပြီး ဂျိုဟိုးနယ်စားက အာရပ်နည်းလမ်းကို တုပနေခြင်းအစား မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှု၌ စွဲမြဲကြရန် သတိပေးခဲ့ခြင်းဖြစ်သည်။

    အာရဗ်ဖြစ်ရန်မလို၊ မွတ်စ်လင်မ်ကောင်းတစ်ဦးဖြစ်ရန်သာလိုသည်

    ကမ္ဘာတစ်ဝှမ်း တက္ကသိုလ်ကြီးများတွင် အစ္စလာမ့်အဘိဓမ္မာ၊ ဒဿန၊ နာမ်ပိုင်းတရားများအား ပို့ချပေးနေသည့် အစ္စလာမ့်ပညာရှင် Dr Nayed က အာရပ်ဘာသာရေးဆရာများထံမှ သာသနာ့သွန်သင်ချက်များအပေါ် မဆင်မခြင်လက်ခံခြင်း မပြုရန်ကိုလည်း သတိပေးခဲ့သည်။

    အရှေ့တောင်အာရှရှိ ဘာသာရေးပညာရှင်တို့သည် မိမိတို့ထံရှိသော တန်ဖိုးတရားတို့ကို တန်ဖိုးထားလေးစားရန်သာမက မိမိတို့၏အနာဂတ်မျိုးဆက်များနှင့်လက်တွဲ၍ ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရန်ကိုလည်း သူက တိုက်တွန်းခဲ့သည်။

    ရှိုက်ခ် Abdallah bin Bayyah ကဲ့သို့သော အစ္စလာမ်ရေးရာပညာရှင်များသည် ယူအေအီး၌ နာမည်ကောင်းတွင်ကြသော်လည်း ဒေါက်တာ Nayed က “ကလေးငယ်တွေကို အာရပ်နိုင်ငံအချို့ဆီ လွှတ်ဖို့ မလိုအပ်ပါဘူး။ အဲ့ဒီကသူတွေဟာ အစ္စလာမ့်သရုပ်မှန်နဲ့ တော်တော်ကွာဟနေတဲ့ ပုံဟန်တွေကိုသာ သင်ကြားပေးနေကြတာပါ။ ကံမကောင်းအကြောင်းမလှစွာ အာရဗီစာအုပ်တိုက်ထွက် စာပေတော်တော်များများထဲမှာ နိုင်ငံရေးကိစ္စတွေ သွတ်သွင်းထားကြတယ်။ ပြီးတော့ သာသနာ့ပညာများကိုလည်း တစ်ပြုံတစ်ကျင်းသော စည်းမျဉ်းတွေအဖြစ် ပြောင်းလဲထားကြတယ်။ ဒါဟာ တကယ့်ကို အန္တရာယ်များလွန်းပါတယ်” ဟုလည်း ထည့်သွင်းပြောကြားသွားသည်။

    သက်ဆိုင်ရာဒေသန္တရရိုးရာဓလေ့များသည် အစ္စလာမ့်ယုံကြည်ချက်ကို မြဲမြံစေခြင်းနှင့် သက်ဆိုင်ခြင်းရှိမရှိ မေးမြန်းရာ Dr Nayed က ပြတ်သားသည့်အမြင်တစ်ရပ်အား ဤသို့ ထည့်သွင်းပြောဆိုခဲ့သည်။

    “စင်္ကာပူနိုင်ငံသားဖြစ်စေ၊ မလေးဖြစ်စေ၊ အင်ဒိုနီးရှားဖြစ်စေ ပထမဦးဆုံးအနေနဲ့ မိမိကိုယ်၌က မွတ်စ်လင်မ်ကောင်းတစ်ဦး ဖြစ်နေရပါမယ်။ သို့မှသာလျှင် လောကတစ်ခွင်လုံးနဲ့သက်ဆိုင်နေတဲ့ အစ္စလာမ်ကို ကိုယ်စားပြုနိုင်ပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ ဒေသန္တရဆိုင်ရာအမွေအနှစ်အပေါ် တန်ဖိုးထားလေးစားခြင်းဆိုတာ ကမ္ဘာလောကနဲ့သီးခြားဆန်တဲ့သဘော မသက်ရောက်ပါဘူး”

    – CNA/kc

  • အငြင်းပွားပင်လယ်ပြင်အနီး အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်

    အငြင်းပွားပင်လယ်ပြင်အနီး အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    us phi

    – ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ ၀င်ရောက်စွက်ဖက်ခြင်းမပြုဖို့ တရုတ်က သတိပေးထားပေမယ့် အမေရိကန်၊ ဖိလစ်ပိုင်နဲ့ သြစတေးလျတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ တောင်တရုတ်ပင်လယ်အနီးမှာ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။

    Balikatan လို့ အမည်ပေးထားကာ ၁၂ ရက်တာကြာမြင့်မယ့် အဲဒီ စစ်ရေးလေ့ကျင့်မှုကို ယမန်နေ့က စတင်ခဲ့တာဖြစ်ပြီး အမေရိကန်စစ်သား ၅၀၀၀ ၊ ဖိလစ်ပိုင်စစ်သား ၄၀၀၀၊ သြစတေးလျစစ်သား ၈၀ ပါဝင်မှာဖြစ်ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ နှစ်စဉ် ပုံမှန်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua ကတော့ ယမန်နေ့က သတင်းမှာ “စစ်ရေးလေ့ကျင့်မှုကို ဦးဆောင်သူ ဖိလစ်ပိုင်အနေနဲ့ ဒေသတွင်း အရေးကိစ္စတွေမှာ မသက်ဆိုင်တဲ့ အပြင်လူတွေကို ဆွဲသွင်းဖို့ ကြိုးစားနေပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

    ပစိဖိတ်ဒေသ အမေရိကန်ရေတပ်ရဲ့ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂျွန် တူးလန်က အဆိုပါ စစ်ရေးလေ့ကျင့်မှုတွေဟာ နှစ်နိုင်ငံကြား ရေပြင်လုံခြုံရေးနဲ့ ဒေသတွင်း အေးချမ်းတည်ငြိမ်မှုကို အထောက်အကူပေးလိမ့်မယ်လို့ ဖိလစ်ပိုင်သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ တောင့်တင်းခိုင်မာပါတယ်။ အရှေ့တောင်အာရှရဲ့ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေပါတယ်”

    ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ သဘောတူညီချက်အရ (တောင်တရုတ်ပင်လယ်က အငြင်းပွားကျွန်းစုများထဲမှ တစ်ခုအပါအ၀င်) အမေရိကန်စစ်သားတွေကို အနည်းဆုံးစစ်အခြေစိုက်စခန်းငါးခုမှာ ထားရှိဖို့ ပြင်ဆင်နေပါတယ်။

    တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့လုပ်ရပ်ကို ကျူးလွန်တဲ့ မည်သည့်နိုင်ငံကိုမဆို တရုတ်က ပြင်းထန်စွာ သတိပေးထားပြီး ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ကတော့ ၎င်းစစ်ရေးလေ့ကျင့်မှုတွေဟာ တရုတ်ကို ရည်ရွယ်လုပ်ဆောင်နေတာ လုံးဝမဟုတ်တဲ့အကြောင်း ခိုင်မာစွာ ပြောဆိုထားပါတယ်။

    တရုတ်ကလည်း အမေရိကန်ကို တောင်တရုတ်ပင်လယ်အရေးမှာ တင်းမာမှုတွေ မြင့်တက်လာအောင်နဲ့ ဒေသတွင်းအရေးကိစ္စတွေမှာ ၀င်ရောက်နှောင့်ယှက်နေတယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။ တစ်ဖက်ကလည်း အမေရိကန်က တရုတ်ကို အငြင်းပွားကျွန်းစုတွေမှာ လူလုပ်ကျွန်းတွေ တည်ဆောက်ခြင်းဖြင့် တောင်တရုတ်ပင်လယ်ကို စိုးမိုးရေးအစီအစဉ်တွေ ပြုလုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

    Ref: Presstv

  • နယ်ပယ်အသီးသီးမှ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏ ငွေကြေးမသမာမှုမှတ်တမ်းများ ပေါ်ထွက်လာ

    နယ်ပယ်အသီးသီးမှ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏ ငွေကြေးမသမာမှုမှတ်တမ်းများ ပေါ်ထွက်လာ

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    tax evading

    – ကမ္ဘာ့ခေါင်းဆောင်များ၊ အာဏာရှင်များ၊ စီးပွားရေးသမားများ၊ မင်းသားမင်းသမီးများ၊ အားကစားသမားများနှင့် ရာဇ၀တ်အဖွဲ့အစည်းများ၏ ငွေကြေးခ၀ါချမှုများ၊ အခွန်ရှောင်မှုများ၊ ပိတ်ဆို့မှုများအား ကျော်လွှားမှုများနှင့် ပတ်သက်သည့် အထောက်အထား စာရွက်စာတမ်းများကို ပနားမားအခြေစိုက် ဥပဒေရေးရာလုပ်ငန်း Mossack Fonseca က ယမန်နေ့တွင် ဖော်ထုတ်လိုက်သည်ဟု သိရသည်။

    Mossack Fonseca က အမည်မဖော်သည့် ရင်းမြစ်မှ ၎င်းတို့ရရှိသည့် အဆိုပါ စာရွက်စာတမ်းများကို သတင်းဌာနများသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ရှိ အကျိုးအမြတ်မယူသော International Consortium of Investigative Journalism (ICIJ) အဖွဲ့ကမူ ထိုမှတ်တမ်းများတွင် လက်ရှိနှင့် ယခင် နိုင်ငံ့ခေါင်းဆောင် ၁၂ ဦးခန့် စီးပွားရေးသမားများ၊ နိုင်ငံရေးသမား၊ ရာဇ၀တ်ကောင်များ၊ မင်းသားမင်းသမီးများနှင့် အားကစားသမားများစုစုပေါင်း ၁၄၃ ဦးခန့်မှာ နိုင်ငံရပ်ခြား လုပ်ငန်းများနှင့် ဆက်သွယ်ကာ ငွေကြေးခ၀ါချမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ကို ဖော်ပြထားသည်ဟု ဆိုသည်။

    ထိုမသမာမှုများတွင် ပါဝင်နေသည့် လက်ရှိခေါင်းဆောင်များမှာ အာဂျင်တီးနား သမ္မတ မူရီစီယို မက်ခ်ရီ၊ အိုက်စလန် ၀န်ကြီးချုပ် ဆစ်ဂ်မွန်ဒူရ် ဒါဗီယို ဂွန်လက်ဂ်ဆန်နှင့် ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုတို့ ဖြစ်ကြသည်။

    ပေါက်ကြားလာသည့် ထိုမှတ်တမ်းများအရ ငွေကြေးခ၀ါချမှုများ၊ အခွန်ရှောင်မှုများကို လုပ်ဆောင်ပေးနေသည့် နိုင်ငံခြားကုမ္ပဏီများမှာ ၁၄၀ ခန့်ရှိပြီး နိုင်ငံရေးသမားများ၊ အစိုးရ၀န်ထမ်းများ၊ ၎င်းတို့၏ မိသားစုများနှင့် ပတ်သက်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    ရုရှားသမ္မတ ပူတင်၏ မိသားစု မသမာသည့်နည်းလမ်းဖြင့် ချမ်းသာမှုများ၊ ပူတင်၏ အနီးကပ်သူငယ်ချင်း ဆာဂျီ ရိုလ်ဒူဂင်က နိုင်ငံပိုင်ငွေကြေးများကို နိုင်ငံခြား ဘဏ်များတွင် ဖွက်ထားမှုများအကြောင်းကိုလည်း ထိုစာရွက်စာတမ်းများကို ကိုးကား၍ သတင်းဌာနများက ဖော်ပြကြသည်။

    ထို့ပြင် တရုတ်သမ္မ ဇီဂျင်ပင်း၏ ယောက်ဖ၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏သား မိုဟာမက် နဇီဖွဒ်ဒင်း၊ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်၏ သားသမီးများ၊ ကမ္ဘောဒီယား တရားရေးဝန်ကြီး အန် ဗောင် ဗသ်ဟာနာ၊ ဆော်ဒီဘုရင်တို့၏ ငွေကြေးခ၀ါချမှုများကိုလည်း ထိုမှတ်တမ်းများတွင် တွေ့ခဲ့ရသည်။

    စပိန်တွင် အခွန်ရှောင်မှုဖြင့် စစ်ဆေးမေးမြန်းမှုများကို ခံနေရသည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ၎င်း၏ ဖခင်တို့မှာ ပနားမားရှိ လောင်စာဆီကုမ္ပဏီ Mega Star Enterprises Inc ကိုလည်း လျှို့ဝှက် ပိုင်ဆိုင်ထားကြောင်း မီဒီယာများက ထည့်သွင်းဖော်ပြခဲ့ကြသည်။

    Mossack Fonseca ကမူ ၎င်းတို့ရှိခဲ့သည့် စာရွက်စာတမ်း အထောက်အထားများအတွက် စစ်မှန်ကြောင်းကို တာဝန်ယူသည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera

  • စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို နိုက်ဂျီးရီးယား ဖမ်းဆီး

    စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို နိုက်ဂျီးရီးယား ဖမ်းဆီး

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    nigeria 1

    – အနောက်နိုင်ငံသားများအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်မှုအတွက် နာမည်ကြီးပြီး အလ်-ကိုင်းဒါးနှင့် ချိတ်ဆက်မှုရှိသည့် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု နိုက်ဂျီးရီးယားနိုင်ငံက ယနေ့တွင် ကြေငြာလိုက်သည်။

    ခါလစ် အလ်-ဘာရ်နာဝီဆိုသူဖြစ်ပြီး နိုက်ဂျီးယားရီးယား၏ အလိုရှိသော အကြမ်းဖက်သမားစာရင်းတွင် ထိပ်ဆုံး၌ ရှိနေသည့် ၎င်းအား နိုင်ငံအလယ်ပိုင်း ကိုဂီပြည်နယ် မြို့တော် လိုကိုဂျာတွင် တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကလည်း ၎င်း၏ဦးခေါင်းအတွက် ကန်ဒေါ်လာ ၅ သန်း ဆုငွေထုတ်ထားသည်။

    အလ်-ဘာရ်နာဝီမှာ ဘိုကိုဟရမ်နှင့် ဆက်ဆံရေးရှိပြီး အလ်ကိုင်းဒါးနှင့်လည်း ချိတ်ဆက်မှုရှိသည်ဟု အမေရိကန်အစိုးရ၏ မှတ်တမ်းအရ သိရသည်။

    နိုက်ဂျီးရီးယားစစ်တပ်ကမူ ၎င်းအား ဖမ်းဆီးရမိခဲ့ခြင်းမှာ ကြီးမားသောအောင်ပွဲဖြစ်ပြီး နိုက်ဂျီးရီးယားနှင့် ဒေသအတွင်း အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများ လုပ်ဆောင်ရာတွင် ထိရောက်မှုများ ရှိလာလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Press TV