News @ M-Media

Author: Ko Lay

  • နယူးယောက်မွတ်စလင်များရဲ့ အနုပညာလက်ရာများ ခင်းကျင်းပြသ

    နယူးယောက်မွတ်စလင်များရဲ့ အနုပညာလက်ရာများ ခင်းကျင်းပြသ

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    newyork

    – နယူးယောက်မှာရှိတဲ့ ဘက်ဖလိုမွတ်စလင်အစည်းအရုံးက ဒေသခံမွတ်စလင်တွေရဲ့ အနုပညာလက်ရာများ ထုတ်ဖော်ပြသတဲ့ ပြပွဲတစ်ခုကို စနေနေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    အဲဒီပြပွဲဟာ အမေရိကန်မွတ်စလင်တွေအပေါ် နားလည်မှုလွဲမှားတာတွေ ကင်းစင်စေဖို့နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး အိမ်ဖြူတော်ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ မိမိတို့ကလည်း အကြမ်းဖက်ခြင်းနဲ့ အစ္စလာမ်ဆန့်ကျင်ရေးအမြင်တွေကို ပြောင်းလဲနိုင်ဖို့ရည်ရွယ်ပြီး မိမိရဲ့ကိုးကွယ်ယုံကြည်မှုနဲ့ပက်သက်လို့ တခြားသူတွေကို မိတ်ဆက်ပေးနိုင်ဖို့ အိမ်ဖြူတော်ရဲ့ ဒီအစီအမံကို လက်ခံဆောင်ရွက်ခဲ့တာလို့ အမေရိကန်မွတ်စလင်တွေက ပြောကြားခဲ့ပါတယ်။

    “ပြည်သူတွေ အတူတကွ ပြောဆိုဆွေးနွေးဖို့ သူတို့ရဲ့ အမေရိကန်မွတ်စလင်အိမ်နီးချင်းတွေကို နားလည်သဘောပေါက်ဖို့အတွက် ဒါဟာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးတာဖြစ်ပါတယ်” လို့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သူ ဟာဆန် ရှီဘလီက ပြောကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်အတွင်းမှာပြုလုပ်တဲ့ အဲဒီပြပွဲမှာ အမေရိကန်မွတ်စလင်တွေရဲ့ အနုပညာလက်ရာတွေကို ခင်းကျင်းပြသခဲ့ပြီး လူအမြောက်အများ လာရောက်ကြကာ အစ္စလာမ်ကပြောတဲ့ အမျိုးသမီးတွေအကြောင်း၊ အစ္စလာမ်က အစွန်းရောက်တွေကိုလက်မခံတဲ့အကြောင်း ဟောပြောပို့ချမှုတွေကိုလည်း နားထောင်ခဲ့ကြပါတယ်။

    “အာဃာတတရားတွေနဲ့ မသိမှုနားမလည်မှုတွေကို ကျော်ဖြတ်ဖို့ အကောင်းဆုံးနည်းလမ်းက ကျွန်တော်တို့ရဲ့မိတ်ဆွေ အမေရိကန်တွေကို ကျွန်တော်တို့အကြောင်း သိအောင်လို့ ဖိတ်ခေါ်မယ့် တံခါးတွေ ဖွင့်ပေးဖို့ပါပဲ၊ ဒီနေရာတွေကနေတဆင့် နားလည်မှု၊ သည်းခံမှု၊ အပြန်အလှန်လေးစားမှုတွေ တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒီလို အမုန်းရာဇ၀တ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ သံသရာမလည်အောင် လုပ်ဖို့ဆိုရင်တော့ ကျွန်တော်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းမှုမရှိတဲ့မရှိတဲ့အခါ ဖြစ်တတ်တဲ့အရာတွေကို ဂရုစိုက်ရပါလိမ့်မယ်” လို့ ရှီဘလီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အမေရိကန်မှာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတဲ့အချိန်မှာ နိုင်ငံက လူ့အဖွဲ့အစည်းအတွင်းမှာ သဟဇာတဖြစ်မှုကို တိုးမြင့်စေဖို့ အမေရိကန်သမ္မတာ အိုဘားမားဟာ ပြီးခဲ့တဲ့လအတွင်း ဘာလ်တီမိုးက ဗလီဝတ်ကျောင်းတော်တစ်လုံးကို ပထမဆုံး သွားရောက်လည်ပတ်ခဲ့ပါတယ်။

    “ဒီမှာ လုပ်ဖို့လိုအပ်နေတာတစ်ခုက စကားလက်ဆုံပြောဆိုဆွေးနွေးဖို့ပဲဖြစ်တယ်လို့ သမ္မတအိုဘားမားကလည်း လာရောက်ပြောဆိုသွားခဲ့ပါတယ်။ တကယ်တမ်းဆို မွတ်စလင်တစ်ဦးဦးက ကိုယ့်အိမ်နီးနားချင်းဆီသွားပြီး ခင်ဗျားနဲ့ ကျွန်တော်မဆုံဖူးဘူး။ အတူ ထမင်းလက်ဆုံစားရအောင်။ တို့တွေ အေးဆေးစကားပြောကြမယ် စသဖြင့် ပြောဆိုဖြစ်ကြဖို့ပါပဲ။ ဒီလိုမှပဲ ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မကောင်းတဲ့တစ်ယူသန်အမြင်တွေ၊ ၀ါးလုံးရှည်ရမ်းတာတွေ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်” လို့ ဘာလ်တီမိုးနဲ့ အန်နာပိုလစ် အစ္စလာမ်အစည်းအရုံးများမှ ရှေ့ဆောင်အီမာမ် မိုက်ကယ်စမစ်က ပြောကြားခဲ့ပါတယ်။

    ဘက်ဖလိုးမွတ်စလင်အစည်းအရုံးကတော့ အမေရိကန်မွတ်စလင်တွေအနေနဲ့ ၎င်းတို့ရဲ့ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေးတည်မြဲစေဖို့အတွက် ရည်ရွယ်ပြီး ဒီပြပွဲကို ကျင်းပခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    SM/IINA

  • အရန်ဂိုးသမား၏လက်စွမ်းကို မန်စီးတီးနည်းပြ ချီးကျူး

    အရန်ဂိုးသမား၏လက်စွမ်းကို မန်စီးတီးနည်းပြ ချီးကျူး

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    mancity 3

    – လိဂ်ဖလားဗိုလ်လုပွဲတွင် လက်စွမ်းပြခဲ့သည့် အရန်ဂိုသမား ၀ီလီ ကာဘာလာရိုအား မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ချီးကျူးလိုက်ပြီး ၎င်းအား ချန်လှပ်ထားခြင်းထက် လိဂ်ဖလားရနိုင်ခွင့်ကိုသာ အဆုံးရှုံးခံသွားရန် ဆုံးဖြတ်ထားခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ၀င်ဘလေကွင်းတွင် လီဗာပူးလ်နှင့်ကစားခဲ့သည့် အဆိုပါဗိုလ်လုပွဲ၌ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျခဲ့သောကြောင့် ပင်နယ်တီကန်သွင်းခဲ့ရာ အသက် ၃၄ နှစ်အရွယ် ၀ီလီကာဘာလာရိုက လီဗာပူးလ်အသင်း၏ ပင်နယ်တီ ၃ လုံးကို ကာကွယ်နိုင်ခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်တစ်ပတ်က ချယ်ဆီးအသင်းနှင့် ကစားခဲ့သည့် FA ဖလား ပဉ္စမအကျော့တွင် ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်မှုအတွက် ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

    ပယ်လီဂရီနီကမူ မိမိ၏ နံပါတ် ၂ ဂိုးသမားအပေါ် ယုံကြည်မှုအပြည့် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ဘယ်လောက်နိုင်ချင်လဲလို့မေးရင်တော့ ကျွန်တော်က တော်တော်လေးနိုင်ချင်တယ်လို့ ဖြေမှာပါ။ ပထမဆုံးပြောချင်တာက ၀ီလီကာဘာလာရို ဒီညမှာ မကစားလို့မဖြစ်ဘူးဆိုတဲ့ ကျွန်တော့်စကားကို တည်ဖို့အတွက် ဖလားကိုလည်း အဆုံးအရှုံး ခံနိုင်ပါတယ်။ ၀ီလီက အမှားလုပ်နိုင်တယ်ဆိုပြီး မီဒီယာတော်တော်များများက ကျွန်တော့်ကို ဝေဖန်ကြပါတယ်။ ကျွန်တော်က သူ့ကို ခြွင်းချက်မရှိ ယုံပါတယ်။ အသင်းပရိတ်သတ်တွေအတွက်၊ အသင်းအတွက်၊ ကစားသမားတွေအတွက် လိဂ်ဖလားရယူပေးရတာကို ကျွန်တော် ပျော်ပါတယ်။ ဒါပေမယ့် ၀ီလီ့အတွက်တော့ ပိုပြီးပျော်ပါတယ်” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    မန်စီးတီးမှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် ပြေးလမ်းကြောင်း၌ ဆက်လက်ရှိနေသေးပြီး၊ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဒိုင်နမိုကိဗ်အား အနိုင်ရထားကာ နောက်တစ်ဆင့်တက်ရေး အခြေအနေကောင်းနေသည်။

    Ref: Goal

  • အာကာသ ဓာတ်ခွဲခန်းတစ်ခုကို တရုတ်က မကြာမီ လွှတ်တင်မည်

    အာကာသ ဓာတ်ခွဲခန်းတစ်ခုကို တရုတ်က မကြာမီ လွှတ်တင်မည်

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    china sete

    – တရုတ်နိုင်ငံက ဒီနှစ်တတိယသုံးလပတ်မှာ ဒုတိယမြောက် အာကာသဓာတ်ခွဲခန်းတစ်ခုကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်သွားမယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေငြာလိုက်ပြီး ဒါဟာ ၂၀၂၂ ခုနှစ်ဝန်းကျင်မှာ လူနေထိုင်စီမံခန့်ခွဲမယ့် အမြဲတမ်း အာကာသစခန်းထားရှိဖို့ အစီအစဉ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

    လက်ရှိအချိန်မှာ တရုတ်အာကာသစီမံကိန်းတွေ ခြေလှမ်းကြဲကြဲလှမ်းနိုင်ဖို့ဟာ တရုတ်အစိုးရရဲ့ ဦးစားပေးလုပ်ငန်းတစ်ခုလည်း ဖြစ်နေပြီး သမ္မတဇီကျင်ပင်းက တရုတ်နိုင်ငံကို အာကာသစွမ်းအားရှင်နိုင်ငံ ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းထားပါတယ်။

    Tiangong 2 လို့အမည်ရတဲ့ အဲဒီအာကာက ဓာတ်ခွဲခန်းကို ကုန်စည်ပို့ဂြိုဟ်တုနဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ချိတ်ဆက်သွားမှာဖြစ်ပြီး Tianzhou 1 ကိုတော့ နောက်နှစ်ပထမနှစ်ဝက်အတွင်းမှာ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ အာကာသမှူးနှစ်ယောက် လိုက်ပါမယ့် Shenzhou 11 အာကာသယာဉ်ကိုလည်း အခုနှစ်နှောင်းပိုင်းမှာ Tiangong 2 နဲ့ အာကာသထဲမှာ ချိတ်ဆက်ဖို့ ရှိနေပါတယ်။

    တရုတ်နိုင်ငံဟာ ဓာတ်ခွဲခန်း ၂ ခုနဲ့ အဓိက ထိန်းချုပ်ရေးစင်တာ တစ်ခုတို့ ပါဝင်မယ့် အာကသစခန်းကို ၂၀၂၀ ခုနှစ်မှာ အပြီးအစီး ချိတ်ဆက်တပ်ဆင်သွားဖို့ အစီအစဉ်ရှိနေပါတယ်။ ပထမဦးဆုံး အာကာသဓာတ်ခွဲခန်း Tiangong 1 ကို ၂၀၁၁ ခုနှစ်က အောင်မြင်စွာလွှင်တင်နိုင်ခဲ့ပြီး လက်ရှိမှာ လုပ်ငန်းလည်ပတ်လျက် ရှိနေပါတယ်။

    တရုတ်နိုင်ငံဟာ ကုန်တင်အာကာသယာဉ်တွေကို အသုံးပြုပြီး အနာဂတ်အာကာသစခန်းအတွက် လိုအပ်တာတွေကို လွှတ်တင်နေပြီး၊ လေနဲ့ ရေ သန့်စင်တာတွေကို လုပ်ဆောင်နေပါတယ်။

    Ref; Channelnewsasia

  • ဦးနှောက်တွင် မြှုပ်ထားနိုင်သည့် ခန္ဓာကိုယ် စောင့်ကြည့်ကိရိယာတစ်ခုကို သိပ္ပံပညာရှင်များ တီထွင်

    ဦးနှောက်တွင် မြှုပ်ထားနိုင်သည့် ခန္ဓာကိုယ် စောင့်ကြည့်ကိရိယာတစ်ခုကို သိပ္ပံပညာရှင်များ တီထွင်

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    brain chip

    – ထိခိုက်ဒဏ်ရာရတဲ့အခါ အပူချိန်နဲ့ ဖိအားတွေ စောင့်ကြည့်နိုင်ဖို့ ဦးနှောက်ထဲ နှစ်မြှုပ်ထားနိုင်မယ့် ပါးလွှာတဲ့ လျှပ်စစ်အာရုံခံကိရိယာတစ်ခုကို အမေရိကန် သုတေသနပညာရှင်တွေက တီထွင်ခဲ့ပြီး အဲဒီကိရိယာလေးဟာ မလိုအပ်တဲ့အခါမှာလည်း အလွယ်တကူပျော်သွားနိုင်တယ်လို့ သိရပါတယ်။

    အီလီနွိုက်နဲ့ ၀ါရှင်တန်ဆေးတက္ကသိုလ်က သိပ္ပံပညာရှင်တွေ တီထွင်ခဲ့တာဖြစ်ပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေ အတွက်လည်း အလားတူစောင့်ကြည့်ကိရိယာမျိုး ပြုလုပ်သွားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ကိရိယာအမြောက်အများရှိပါတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းတွေဟာ ကြီးမားတဲ့အပြင် တစ်ချိန်ဖယ်ထုတ်ချင်ရင် ပြန်လည်ခွဲစိတ်ရတတ်ပါတယ်။

    ရောဂါပိုးကူးစက်တာတွေ၊ ခန္ဓာကိုယ်က လက်မခံတာတွေလည်း ဖြစ်လေ့ရှိပါတယ်။ အခုတီထွင်လိုက်တဲ့ ပစ္စည်းမှာတော့ အဆိုပါချို့ယွင်းချက်တွေ မရှိတဲ့အပြင် မလိုတော့ရင် ခန္ဓာကိုယ်အတွင်းမှာပဲ ပျော်ဝင်ပျက်ဆီးသွားနိုင်ပါတယ်။

    “အခုကိရိယာလေးကို ဦးနှောက်ထဲမှာ တစ်ခုလုံးမြှုပ်ထားပြီး ကိုယ်စောင့်ကြည့်ချင်တဲ့ အင်္ဂါအစိတ်အပိုင်းနဲ့ ချိတ်ဆက်ကာ အဲဒီအစိတ်အပိုင်းရဲ့ ကျန်းမာရေးအခြေအနေကို ကြိုးမဲ့စနစ်နဲ့ သတင်းပေးပို့နိုင်ပါတယ်။ ကိုယ့်စောင့်ကြည့်ချင်တဲ့ အချိန်ကာလကျော်သွားရင် အဲ့ဒီပစ္စည်းလေးဟာ ပျော်ဝင်ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်” လို့ အာရုံကြောခွဲစိတ်ဌာနက ဒေါက်တာ ရိုရီမာဖီက ပြောကြားခဲ့ပါတယ်။

    သုတေသီတွေက အဆိုပါအာရုံခံကိရိယာကို ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ တိကျတဲ့တိုင်းတာမှုတွေ ပြုလုပ်နိုင်ပြီး
    နောက်ပိုင်း လုံးဝပျော်ဝင်သွားတာကို တွေ့ရကာ နောက်တဆင့်အနေနဲ့ လုံခြုံစိတ်ချရမှုနဲ့ တိကျသေချာမှုရှိအောင် လူမှာ စမ်းသပ်ဖို့ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

    အီလီနွိုက်တက္ကသိုလ်ရဲ့ ရုပ်သိပ္ပံနဲ့အင်ဂျင်နီယာ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တော ဂျွန်ရော်ဂျာက “အခု ဇီဝလျှပ်စစ် ဆေးပစ္စည်းလေးဟာ ဆေးဘက်ဆိုင်ရာနယ်ပယ် အတော်များများမှာ အလွန်အစွမ်းထက်မှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ရုရှားသတ္ထုတွင်းမတော်တဆမှု လူ ၃၀ ကျော်သေဆုံး၊ ပျောက်ဆုံးသူများမှာလည်း အသက်ရှင်ရန် မဖြစ်နိုင်တော့

    ရုရှားသတ္ထုတွင်းမတော်တဆမှု လူ ၃၀ ကျော်သေဆုံး၊ ပျောက်ဆုံးသူများမှာလည်း အသက်ရှင်ရန် မဖြစ်နိုင်တော့

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    russia mine

    – ရုရှနိုင်ငံ အာတိတ်ဒေသဖြစ်သော ကိုမီဒေသရှိ သတ္ထုတွင်းတစ်ခု မတော်တဆဖြစ်မှုအတွင်း သေဆုံးသူမှာ ယနေ့မနက်ပိုင်းအထိ ၃၆ ဦး ရှိလာခဲ့ပြီဟု သိရသည်။

    ဆီဗာနာယာဟု အမည်ရသည့် သတ္ထုတွင်းဖြစ်ပြီး မြေအောက်အနက် ၇၄၈ မီတာတွင် ကြာသာပတေးနေ့က ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ သတ္ထုတွင်းလုပ်သား ၄ ဦး သေဆုံးခဲ့သည်။ ထို့နောက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်သား ရာပေါင်းများစွာဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့သော်လည်း ယနေ့အထိ သေဆုံးသူမှာ ၃၆ ဦး ရှိလာခဲ့သည်။

    ထိုသေဆုံးမှုတွင် ယနေ့မနက်အစောပိုင်းက မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် ကယ်ဆယ်ရေးသမား ၅ ဦးနှင့် သတ္ထုတွင်းလုပ်သားတစ်ဦး သေဆုံးမှုလည်း ပါဝင်သည်။ ပျောက်ဆုံးနေသည့် သတ္ထုတွင်းလုပ်သားများမှာ ၂၆ ဦးရှိနေပြီး ကျွမ်းကျင်သူများကမူ ၎င်းတို့မှာ အသက်ရှင်နိုင်မည့် အလားအလာမရှိဟု ပြောကြားခဲ့သည်။ အဆိုပါ သတ္ထုတွင်မတော်တဆမှုမှာ ရုရှားနိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံး မတော်တဆမှုများမှ တစ်ခုလည်းဖြစ်သည်။

    Ref: Channelnewsasia