News @ M-Media

Author: Ko Lay

  • အီရန်ပြည်သူများ၏ နိုင်ငံအပေါ်သစ္စာရှိမှုကို ဖျက်ဆီးလိုသည့် ရန်သူများ၏အကြံအစည် မအောင်မြင်ဟု အဓိပတိ ပြော

    အီရန်ပြည်သူများ၏ နိုင်ငံအပေါ်သစ္စာရှိမှုကို ဖျက်ဆီးလိုသည့် ရန်သူများ၏အကြံအစည် မအောင်မြင်ဟု အဓိပတိ ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    iran 4

    – အစ္စလာမ့်သမ္မတနိုင်ငံ တည်ထောင်ခြင်းအပေါ် အီရန်ပြည်သူတွေရဲ့ သစ္စာစောင့်သိမှုကို ဖျက်ဆီးဖို့ လွန်ခဲ့တဲ့ ၃၇ နှစ်လုံးလုံး ကြိုးစားခဲ့တဲ့ ရန်သူတွေရဲ့ အကြံအစည်ဟာ မအောင်မြင်ခဲ့ဘူးလို့ အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်ပါတယ်။

    “(အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်ကတည်းက) ၃၇ နှစ်လုံးလုံး အမျိုးမျိုးသောဖိအားတွေ၊ အင်မတန်ရက်စက်တဲ့ အရေးယူပိတ်ဆို့မှုတွေ၊ ၀ါဒဖြန့်သွေးထိုးမှုတွေ စသဖြင့် ဆောင်ရွက်ပြီး အစ္စလာမ့်သမ္မတနိုင်ငံအပေါ် အီရန်ပြည်သူတွေရဲ့ သစ္စာစောင့်သိမှုကို ရပ်တန့်ဖို့ ရန်သူတွေက ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အီရန်ရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ ကြီးကျယ်ခမ်းနားမှုကိုသာ သူတို့ နားလည်သဘောပေါက်လာကြပါတယ်” လို့ နိုင်ငံအလယ်ပိုင်း နာဂျာဖာဘဒ်မြို့မှာ ဗုဒ္ဓဟူးနေ့က ထောင်ပေါင်းများစွာသော ပြည်သူတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ခါမေနီက အခုလို ပြောကြားခဲ့ပါတယ်။

    ဒါအပြင် အယာတိုလာခါမေနီက တိုင်းပြည်ထဲကို သူလျှိုအဖြစ် ၀င်ရောက်လာမယ့် ရန်သူတွေရဲ့ အစီအစဉ်နဲ့ တိုင်းပြည်ထဲမှာ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးမယ့် ရန်သူတွေရဲ့ အကြံအစည်ကိုလည် အမြဲမပြတ် သတိရှိရှိစောင့်ကြည့်ဖို့ တောင်းဆိုခဲ့ပါတယ်။

    ခါမေနီက ရန်သူတွေဟာ အစိုးရထောက်ခံတဲ့ ပါလီမန်နဲ့ အစိုးရဆန့် ကျင်တဲ့ပါလီမန် စသဖြင့် အစွန်းနှစ်ဖက်ဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ အီရန်ပြည်သူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခြင်းဖြင့် ရန်သူတွေရဲ့ အကြံအစည်ကို ရင်ဆိုင်ကြဖို့လည်း အထူးအလေးပေး တိုက်တွန်းခဲ့ပါတယ်။

    အီရန်ပါလီမန် (မဂ်ျလီစ်) ရဲ့ ၁၀ ကြိမ်မြောက်ရွေးကောက်ပွဲနဲ့ ကျွမ်းကျင်ပညာရှင်များလွှတ်တော် ရွေးကောက်တင်မြှောက်မှုကို ဖေဖော်ဝါရီ ၂၆ မှာ တစ်ပြိုင်နက်တည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

    “အီရန်နိုင်ငံဟာ ဘာသာရေးကိုင်းရှိုင်းပြီး၊ ရည်မှန်းချက်ကြီးတဲ့၊ ရဲရင့်တဲ့ပါလီမန်၊ ရန်သူတွေရဲ့ လှည့်စားမှုဒဏ်ကို မခံရဘဲ နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ဂုဏ်သိက္ခာကိုကာကွယ်ပေးမယ့် ပါလီမန်၊ အီရန်နိုင်ငံကို အကျိုးယုတ်စေမယ့် အာဏာမက်မောသူတွေရဲ့ရန်ကို ကာကွယ်ပေးမယ့် ပါလီမန်တစ်ခုကို လိုချင်ပါတယ်” လို့ အဓိပတိ အယာတိုလာ အလီခါမေနီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • ပါလက်စတိုင်းဒုက္ခသည်များအတွက် နှစ်စဉ်ထောက်ပံ့ငွေကို ဆွီဒင်က တိုးမြှင့်

    ပါလက်စတိုင်းဒုက္ခသည်များအတွက် နှစ်စဉ်ထောက်ပံ့ငွေကို ဆွီဒင်က တိုးမြှင့်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    sweden

    – ပါလက်စတိုင်း ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂက UNRWA အဖွဲ့ကို ပေးအပ်နေတဲ့ ဆွီဒင်နိုင်ငံရဲ့နှစ်စဉ် ရန်ပုံငွေကို ၁၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး ဒေါ်လာ ၄၀.၆ သန်းအထိ ရှိလာတော့မယ်လို့ သိရပါတယ်။

    UNRWA ရဲ့ အရေးပေါ်မေတ္တာရပ်ခံမှုကြောင့် ဆွီဒင်က ဒီလို ထပ်တိုးထောက်ပံ့လိုက်တာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ တရားဝင်ကြေငြာမှာဖြစ်တယ်လို့ UNRWA ရဲ့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ပါလက်စတိုင်း ဒုက္ခသည်တွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် မိမိတို့တိုင်းပြည်ရဲ့ ကတိက၀တ်တွေကို ဖြည့်ဆည်းပေးမယ်လို့ ဂျေရုစလင်က ဆွီဒင်ကောင်စစ်ဝန် အန် ဆိုဖီ နီလ်ဆင်က ပြောကြားပြီးတဲ့နောက်ပိုင်း အခုလို ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

    “UNRWA ကို ပေးနေတဲ့ ရံပုံငွေကို တိုးမြှင့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဆွီဒင်နဲ့ UNRWA အကြား ဆက်ဆံမှုနဲ့ သူတို့ရဲ့ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် ဆောင်ရွက်မှုရဲ့ အရေးပါမှုကို ပြသနေတာဖြစ်တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    ရာမာလာမှာ ကျင်းပတဲ့ နှစ်စဉ်ရံပုံငွေပေးအပ်ပွဲအခမ်းအနားဖြစ် အမာရီ ဒုက္ခသည်စခန်းကို အလည်ပတ်သွားရောက်ခဲ့စဉ်က နီလ်ဆင်ဟာ ပါလက်စတိုင်းဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို ကာကွယ်ပေးရေးနဲ့ အမျိုးသမီး စွမ်းအားမြှင့်တင်ပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ယခုနောက်ဆုံးပေးအပ်မယ့် ကန်ဒေါ်လာ ၄၀.၆ သန်း အပါအ၀င် ၁၉၉၃ ကနေ ၂၀၁၆ ထိ UNRWA ကို ပေးအပ်နေတဲ့ ဆွီဒင်နိုင်ငံရဲ့ ရံပုံငွေပမာဏဟာ စုစုပေါင်း ကန်ဒေါ်လာ ၆၉၃ သန်း ကျော်ခဲ့ပြီ ဖြစ်တယ်လို့ UNRWA အဖွဲ့ရဲ့ ပြောကြားမှုအရ သိရပါတယ်။

    Ref: IINA

  • အစ္စလာမ်ဟာ တကယ်ပဲ အကြမ်းဖက်ဝါဒကို အားပေးသလား။

    အစ္စလာမ်ဟာ တကယ်ပဲ အကြမ်းဖက်ဝါဒကို အားပေးသလား။

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    – IS နဲ့ ဘိုကိုဟရမ်တို့လို အစွန်းရောက်အဖွဲ့တွေ ပေါ်ထွက်လာမှုနဲ့အတူ ‘အစ္စလာမ်’ ‘မွတ်စလင်’ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကမ္ဘာကြီးမှာ သိသိသာသာ ကွဲလွဲမှုတွေ ရှိလာပါတယ်။ အစ္စလာမ်ကြောက်ရောဂါကလည်း မြင့်တက်လာခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မှုမှာ တွေ့မြင်ရသလို အဲဒီကြောက်စိတ်က လမ်းပေါ်မှာ မွတ်စလင်တွေကို တိုက်ခိုက်တာတွေအထိ ဖြစ်လာခဲ့ပါတယ်။

    ဂျာမနီနဲ့ ယူကေမှာ PEGIDA၊ သြစတေးလျမှာ UPF လို အဖွဲ့တွေက မွတ်စလင်ဒုက္ခသည်တွေအပေါ် ဆန့်ကျင်ဆန္ဒပြတာတွေလို အအခြားနေရာတွေမှာလည်း ဒီလိုတင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ မွတ်စလင် လူ့အဖွဲ့အစည်းအတွင်းမှာ အစွန်းရောက်ဝါဒ ရှိနေတယ်ဆိုတာကို ငြင်းလို့မရသလို၊ အခြားတစ်ဖက်မှာလည်း အဲဒီ အစွန်းရောက်ဝါဒဒဏ် အခံရဆုံး သားကောင်တွေကလည်း မွတ်စလင်တွေပဲ ဖြစ်နေတယ်ဆိုတာကိုလည်း ကွင်းကွက်ကွင်းကွင်း မြင်နေရပါတယ်။

    အကြမ်းဖက်သမားအားလုံးက မွတ်စလင်တွေလား။

    “မွတ်စလင်အားလုံးဟာ အကြမ်းဖက်သမားတွေ မဟုတ်ပေမယ့်၊ အကြမ်းဖက်သမား အားလုံးကတော့ မွတ်စလင်တွေပါပဲ” ဆိုတဲ့ ပြောစကားဟာ ဒီနေ့ခေတ်အခါမှာ မကြားချင်ဆုံးသော စကားရပ် ဖြစ်နေပါတယ်။ ဒီစကားဟာ ဘယ်လောက် မှန်ပါသလဲ။

    – အကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီး FBI ရဲ့ လေ့လာမှုအရ ၁၉၈၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေထဲမှာ ၆ ရာခိုင်နှုန်းသာ အစ္စလာမ့်မစ်အဖွဲ့အစည်းတွေ ကျူးလွန်ခဲ့တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ လာတီနိုတွေက အကြမ်းဖက်မှုအားလုံးရဲ့ ၄၂ ရာခိုင်နှုန်း၊ လယ်ဝဲစွန်းရောက်အဖွဲ့တွေက ၂၄ ရာခိုင်နှုန်း၊ ဂျူးအစွန်းရောက်အဖွဲ့တွေက ၇ ရာခိုင်နှုန်း ကျူးလွန်ခဲ့တယ်လို့ FBI ရဲ့ လေ့လာမှုက ဖော်ပြနေပါတယ်။

    – အကြမ်းဖက်ဝါဒ လေ့လာမှုနဲ့ အကြမ်းဖက်မှုတုံ့ပြန်ရေး နိုင်ငံတော်အဆင့်အဖွဲ့အစည်း START ကတော့ ၁၉၇၀ နဲ့ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်မြေပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၂.၅ ရာခိုင်နှုန်းနီးပါးသာ မွတ်စလင်တွေကျူးလွန်လွန်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

    – ၉/၁၁ ဖြစ်ရပ်နောက်ပိုင်း ဖြစ်ပွားခဲ့ပြီး အမေရိကန် ၃၀၀ ကျော်လောက် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အမေရိကန်မွတ်စလင်တွေ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးမှုဟာ ၃၃ ဦးသာ ရှိခဲ့တယ်လို့ အကြမ်းဖက်ဝါဒနဲ့ ပြည်တွင်းလုံခြုံရေးတြိဂံစင်တာ ( Triangle Center on Terrorism and Homeland Security) က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ Wired အဖွဲ့ကလည်း ၉/၁၁ နောက်ပိုင်းမှာ မွတ်စလင်တွေ ကျူးလွန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ ၃၃ ဦးသာရှိပြီး အကြမ်းဖက်မှုနဲ့ မသက်ဆိုင်တဲ့ အဖြစ်အပျက်တွေကြောင့် သေဆုံးသူ အမေရိကန်အရေအတွက်ဟာ ၁၈၀၀၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    – ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ဥရောပမှာဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၂ ရာခိုင်နှုန်းအောက်ကသာ ဘာသာရေးနွယ်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

    အကြမ်းဖက်ဝါဒကို အစ္စလာမ်က တစ်ကယ်ပဲ အားပေးနေသလား။

    အစ္စလာမ်ရဲ့ တကယ့်စည်းမျဉ်းစည်းကမ်းတွေနဲ့ အစ္စလာမ်အမည်ခံထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်မှုတွေအကြား ကွဲလွဲမှုတွေ အများကြီး ရှိနေပါတယ်။ ဘာသာရေးဝေဖန်သူတွေက ခင်ဗျားတို့ကို ယုံကြည်အောင်လုပ်ထားသလို၊ မွတ်စလင်လူများစုကြီးကတော့ အကြမ်းဖက်အယူအဆတွေကို လက်ခံခြင်း မရှိကြပါဘူး။

    လေ့လာဆန်းစစ်သူအများစုက ၀ါဟာဘီဝါဒ ပေါ်ပေါက်လာခြင်းဟာ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဘာသာရေးအစွန်းရောက်ဝါဒကို မြင့်တက်လာစေတယ်လို့ ထောက်ပြကြပါတယ်။ ဒါပေမယ့် အဲဒီဝါဒကို မွတ်စလင်တွေက စိတ်ဝင်စားမှုမရှိဘဲ လက်တောင် မခံကြပါဘူး။

    နောက်အချက်တစ်ခုက အကြမ်းဖက်သမား အများစုဟာ အစ္စလာမ်သာသနာကို လက်တွေ့ကျင့်သုံးခြင်းမရှိတဲ့၊ အစ္စလာမ့်အကြောင်း မသိသလောက်ဖြစ်တဲ့ မွတ်စလင်တွေ ဖြစ်နေတာပါပဲ။ (ဥပမာအားဖြင့် ပဲရစ်တိုက်ခိုက်မှုကို စီစဉ်တဲ့ အဘ်ဒဲလ်ဟာမစ် အာဘာအွဒ် လို လူမျိုးပါ။) အကြမ်းဖက်အုပ်စုတွေက လူသစ်စုဆောင်းတဲ့ အနောက်တိုင်းသားတွေကတော့ အစ္စလာမ်နဲ့ ပတ်သက်ပြီး အင်တာနက်ကနေတစ်ဆင့်သာ သိတာမို့ အစွန်းရောက် အယူအဆတွေ ၀င်ရောက်ဖို့ လွယ်ကူသူတွေ ဖြစ်ပါတယ်။

    မိသားစု၊ တိုင်းပြည်နဲ့ ဘာသာရေး ဂုဏ်သိက္ခဆိုတဲ့ ခေါင်းစဉ်နဲ့ အကြမ်းဖက်တွေရဲ့ သိမ်းသွင်းခံရတဲ့ အာရပ်တွေလည်း ဒုနဲ့ဒေးပါပဲ။ တစ်ချို့ကျတော့ အမေရိကန်ရဲ့ ဒရုန်းလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ မိသားစုဝင်တွေအတွက် လက်စားချေချင်တာကြောင့် အစွန်းရောက်အဖွဲ့အစည်းတွေထဲကို ၀င်ရောက်တာတွေလည်း ရှိနေပါတယ်။

    Guardian သတင်းစာမှာ Le Monde ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါဝင်ခဲ့ဖူးတဲ့ ဆောင်းပါးမှာတော့ ဆီးရီးယားက ပြင်သစ် ဂျီဟတ်ပါဒီတွေရဲ့ နောက်ခံအသိုင်းအ၀ိုင်းဟာ မွတ်စလင်အသိုင်းအ၀ိုင်း မဟုတ်ဘူးဆိုတာကို ဖော်ပြထားပါတယ်။ အစွန်းရောက်အဖွဲ့တွေနဲ့ လူငယ်တွေ သွားပေါင်းရခြင်းနဲ့ပတ်သက်လို့ နောက်ထပ် လူမသိတဲ့ အချက်တစ်ခုကတော့ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုနဲ့ ဘာသာရေး၊ လူမျိုးရေး အခြေခံ ခွဲခြားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

    အကြမ်းဖက်ဝါဒနောက်ကွယ်မှ အခြားအကြောင်းအရင်းများ

    အခုတစ်လော ဆီးရီးယား၊ အီရတ်၊ လစ်ဗျားနဲ့ အခြားနိုင်ငံတွေမှာ IS အဖွဲ့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို ကမ္ဘာကြီးက တွေ့မြင်နေကြရပါတယ်။ IS က သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ မတည်ငြိမ်မှုကတော့ ၂၀၀၂ ခုနှစ် အမေရိကန်က အီရတ်ကို ကျူးကျော်တိုက်ခိုက်စဉ်ကတည်းက စတင်လာတာပါ။ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသောပြည်သူတွေဟာ အီရတ်စစ်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ကျူးကျော်မှုကိုတော့ တားဆီးနိုင်ခြင်းမရှိခဲ့ဘဲ၊ အာဏာရှင်စနစ်ကို ဖြုတ်ချမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကျွေးကြော်မှုနဲ့လည်း ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပါတယ်။ ဒီစစ်ပွဲရဲ့ အကြောင်းအရင်းကတော့ ရေနံဖြစ်ပါတယ်။ စီအိုင်အေဟာ အဲဒီအချိန်တုန်းက အလ်ကိုင်းဒါးတို့လို အကြမ်းဖက်အဖွဲ့တွေကိုတောင် ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းတွေလည်း ထွက်ခဲ့
    ပါတယ်။

    ရုရှားက RT သတင်းဌာနနဲ့ အင်တာဗျူးမှာ ၀ီကီလီခ် အယ်ဒီတာချုပ် ဂျူလီယန် အာဆန်ဂီက ဆီးရီးယားမှာ ၂၀၀၆ ခုနှစ်ကတည်း စခဲ့တဲ့ မတည်ငြိမ်မှုကို အမေရိကန်က စီစဉ်ဖန်တီးခဲ့တာဖြစ်ပြီး အီရန်ရဲ့ သြဇာလွှမ်းမိုးမှု မြင့်တက်လာတာတို တိုက်ဖျက်ဖို့အတွက် အာဆတ်အစိုးရ ပြုတ်ကျရေး ရည်ရွယ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဒီအစီအစဉ်ရဲ့ အဓိက အရေးအကြီးဆုံးအစိတ်အပိုင်းဟာ ရှီယိုက်နဲ့ စွန်နီတို့အကြား တင်းမာမှုတွေကို ဖြစ်စေဖို့ဖြစ်တယ်လို့ အာဆန်ဂီက ထည့်သွင်းပြောကြားခဲ့ပြီး အစ္စရေးအပါအ၀င် ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တစ်နိုင်ငံချင်းစီကလည်း ဒီကိစ္စမှာ သူတို့ရဲ့ တစ်ကိုယ်ရည် ရည်ရွယ်ချက်အတွက် လက်ထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

    “ဆီးရီးယားပြဿနာရဲ့ အစိတ်အပိုင်းက အမေရိကန်ရဲ့ မဟာမိတ်တွေ ပတ်လည်ဝိုင်းနေတာ၊ အထူးသဖြင့် ဆော်ဒီနဲ့ ကာတာတို့က လက်နက်တွေထောက်ပံ့နေတာပဲ ဖြစ်ပါတယ်။ တူရကီကလည်း သိပ်အရေးပါတဲ့ကဏ္ဍက ပါဝင်နေတယ်။ သူတို့အားလုံးဟာ ဒေသတွင်းမှာ သူတို့ရဲ့ တစ်ကိုယ်ကောင်းရည်ရွယ်ချက်တွေ ရှိနေပါတယ်။ အစ္စရေးကတော့ ပြောစရာကိုမလိုပါဘူး။ (ဆီးရီးယားပိုင်) ဂိုလန်တောင်ကုန်းကို ထာဝရ သိမ်းပိုက်ဖို့ အခွင့်ရေးရလာတယ်။ ပြီးတော့ နယ်မြေထပ်ချဲ့ဖို့ပါက ဂျကာ ရလာပါတယ်။ ဒါကြောင့် ဆီးရီးယားပတ်ဝန်းကျင်မှာ ရသလောင်ဝင်ဆွဲဖို့ စောင့်နေတဲ့သူတွေ များကြီး ရှိနေပါတယ်”

    ဒါဟာ ဆီးရီးယားပြဿနာနဲ့ပတ်သက်ပြီး အာဆန်ဂီရဲ့ မှတ်ချက်ဖြစ်ပါတယ်။

    Independent သတင်းစာရဲ့ နိုင်ငံရေး လေ့လာဆန်းစစ်သူဖြစ်တဲ့ ဒန် ဂလေ့ဇ်ဘရွက်ကတော့ အမေရိကန် ဒါမှမဟုတ် ယူကေလို အမေရိကန်ရဲ့ မဟာမိတ်တွေဟာ အစွန်းရောက်ဝါဒကို တိုက်ဖျက်ရေး ဘယ်တော့မှ ကိုယ်ဖိရင်ဖိ လုပ်မှမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီနိုင်ငံတွေကိုယ်တိုက်က သူပုန်အဖွဲ့တွေကို ထောက်ပံ့ပေးနေလို့ဖြစ်တယ်လို့ ဆိုပါတယ်။

    နိဂုံးချုပ်

    အကြမ်းဖက်ဝါဒဟာ ပုံစံမျိုးစုံနဲ့ ပေါ်ထွက်လာတဲ့ ဒီလိုအချိန်မျိုးမှာ ဘာသာရေးအစွန်းရောက်မှုကို တန်ပြန်တိုက်ဖျက်ဖို့ ထိရောက်တဲ့ မဟာဗျူဟာတွေကို အတူတကွချမှတ်ရင်း အဲဒီအစွန်းရောက်မှု ဖြစ်စေတဲ့ အခြေခံအကြောင်းအရင်းကို တိုက်ဖျက်ဖို့ လိုအပ်လာပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေဟာ အစ္စလာမ်ကြောက် ၀ါဒဖြန့်မှုတွေရဲ့ အကွက်ထဲကို ၀င်မသွားဖို့အတွက် မျက်လုံးတွေဖွင့်ထားဖို့ လိုပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းကလည်း မိမိကိုယ်တိုင်နဲ့ မိမိတို့ သားသမီးတွေရဲ နှလုံးသားထဲမှာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုတွေကို အမှန်တကယ် နှလုံးပိုက် ကျင့်သုံးနိုင်ဖို့ လိုအပ်လျက်ရှိကြောင်းပါ။

    Ref: Huffingtonpost

    (Huffingtonpost မှ Is Islam Really The Religion Of Violence? Here Are The Facts ဆောင်းပါးကို လေးေ
    မာင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • မန်ယူတွင် မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သေးဟု ဒီပေး ၀န်ခံ

    မန်ယူတွင် မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သေးဟု ဒီပေး ၀န်ခံ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    mamphis

    – ပရိတ်သတ်များ မျှော်လင့်ထားသည့်အတိုင်း မိမိအနေဖြင့် ခြေစွမ်းပြနိုင်ခြင်းမရှိဟု မန်ယူကွင်းလယ်လူ မန်ဖစ် ဒီပေးက ၀န်ခံပြောကြားလိုက်ပြီး မကြာခင် ပြောင်းရွှေ့ကြေးနှင့်တန်သည့် ခြေစွမ်းကို ပြသနိုင်ရန် ယုံကြည်ချက်ရှိနေသည်ဟု ဆိုသည်။

    ပီအက်စ်ဗွီအသင်းတွင် ခြေစွမ်းကောင်းများကို ပြသခဲ့သည့် အသက် ၂၂ နှစ်အရွယ် ဒီပေးမှာ မန်ယူသို့ ပြီးခဲ့သည့် နွေရာသီက ပေါင် ၂၅ သန်းဝန်းကျင်ဖြင့် ရောက်ရှိလာခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် အခြေကျရန် ကြိုးစားနေရဆဲဖြစ်သည်။ ယခုနှစ် ပရီးမီးယားလိဂ် ပွဲ ၂၀ တွင် ဒီပေးမှာ ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဗန်ဂါးလ်က ၎င်းထက် ဂျီစီ လင်ဂါ့ဒ်အား ပိုမို အသုံးပြုနေသည်။ ဒီပေးကလည်း ထိုအခြေအနေကို လက်ခံခဲ့သည်။

    “ကျွန်တော်သိပါတယ်။ အဲဒီအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော် ကိုယ့်ကိုယ်ကို အများကြီးမျှော်လင့်ထားတာပါ။ ဒါက အရေးကြီးပါတယ်။ အသင်းက အလုပ်များနေတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း တိုးတက်အောင် ကြိုးစားရပါမယ်။ ဘယ်တော့တိုးတက်မလဲဆိုတာကိုတော့ အတိအကျ ပြောလို့မရပါဘူး။ ဒါပေမယ့် မကြာခင် ပြန်လာမှာပါ။ ယုံကြည်ချက်က အကူအညီနဲ့ အတွေ့အကြုံကို ပေးပါတယ်။ အမှားတွေကနေ သင်ခန်းစာ ယူရမှာပါ” ဟု ဒီပေးက ပြောကြားခဲ့သည်။

    Ref: Goal

  • မလေးရှားဝန်ကြီးချုပ် ခြစားသည်ဟူသော ပြဿနာ အဆုံးမသတ်သေး

    မလေးရှားဝန်ကြီးချုပ် ခြစားသည်ဟူသော ပြဿနာ အဆုံးမသတ်သေး

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    najib

    – ဆော်ဒီတော်ဝင်မိသားစုက မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို ကန်ဒေါ်လာ ၆၈၁ သန်း လက်ဆောင်ပေးအပ်ခဲ့သည်ဟူသော ကိစ္စအား သုံးသပ်ရန်နှင့် ဆက်လက်စစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးမှု စာရွက်စာတမ်းများကို ပြန်လည်တင်သွင်းရန် လုပ်ငန်းပိုင်းသုံးသပ်မှုအဖွဲ့ ORP က မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် MACC ကို အကြံပြုခဲ့သည်ဟု သိရသည်။

    ဆော်ဒီက ထိုကဲ့သို့ လှူဒါန်းမှူနှင့် မလေးရှားနိုင်ငံပိုင်လုပ်ငန်း 1MDB ၏ မိတ်ဖက်အဖွဲ့ဖြစ်သော SRC International က နာဂျစ်၏ ဘဏ်စာရင်းထဲသို့ ကန်ဒေါ်လာ ၉.၉ သန်း ငွေသား ထည့်ပေးမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်ကတည်းက ကောလဟာလများ ထွက်ပေါ်လာခဲ့ပြီးနောက် MACC က စုံစမ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 1MDB လုပ်ငန်း၏ အကြံပေးဘုတ်အဖွဲ့တွင် နာဂျစ်မှာ ဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်သည်။

    ထို့နောက် MACC က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ၀န်ကြီးချုပ်မှာ မည်သည့် မှားယွင်းမှုမှ ပြုလုပ်ခြင်းမရှိဟု ရှေ့နေချုပ် အာပန်ဒီ အလီက ဆုံးဖြတ်ခဲ့ကာ အမှုကိုလည်း တစ်ပါတည်း ပိတ်ပစ်ခဲ့သည်။

    သို့သော်လည်း MACC ၏ လုပ်ငန်းများကို သုံးသပ်ဆုံးဖြတ်သည့် ORP က အဆိုပါ စုံစမ်စစ်ဆေးမှု မှတ်တမ်းများကို ပြန်လည်တင်သွင်းရန်နှင့် ပြန်လည်စစ်ဆေးရန် ယခုကဲ့သို့ အကြံပြုခဲ့ခြင်းကြောင့် ရှေ့နေချုပ်၏ ဆုံးဖြတ်မှုအပေါ် သံသယပွားစရာ ဖြစ်လာခဲ့သည်။

    ORP မှာ ထိုငွေကြေးများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအဖြစ် နိုင်ငံတကာ ဘဏ္ဍာရေး အသင်းအဖွဲ့များမှ အထောက်အထားများ၊ စာရွက်စာတမ်းများ ရယူထားရာတွင် ရှေ့နေချုပ်၏ ကူညီမှုများကိုလည်း ထပ်မံစုံစမ်းရန် အကြံပြုခဲ့သည်။

    Ref: Channelnewsasia