News @ M-Media

Author: Ko Lay

  • ကလေးငယ်များတွင် ရေများများသောက်ခြင်းက အ၀လွန်မှုကို လျော့ချနိုင်

    ကလေးငယ်များတွင် ရေများများသောက်ခြင်းက အ၀လွန်မှုကို လျော့ချနိုင်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media

    Portrait of boy drinking glass of water isolated in white
    Portrait of boy drinking glass of water isolated in white

    – ကျောင်းမုန့်ဈေးတန်းတွင် သောက်ရေအလွယ်တကူ ရယူသောက်သုံးနိုင်ခြင်းက ကျောင်းသားများ၏ ကိုယ်ခန္ဓာအလေးချိန်အချိုး (BMI) ကို လျှော့ချရာတွင် အရေးပါကြောင်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

    နယူးယောက်တက္ကသိုလ် လန်ဂွန်းဆေးပညာဌာနမှ သုတေသီတွေ့ရဲ့ လေ့လာမှုအရ သိရှိခဲ့တာဖြစ်ပြီး ရေသောက်မှုကြောင့် BMI တန်ဖိုးလျော့ကျမှုဟာ နည်းပေမယ့် လက်တွေ့ ထိရောက်မှုမှာတော့ သိသာထင်ရှားတယ်လို့ ဆိုပါတယ်။ ဒါဟာ ရေသောက်ခြင်းဖြင့် အ၀လွန်ခြင်းကို လွယ်လွယ်ကူကူနဲ့ လျော့ချနိုတယ်ဆိုတာ ပြသနေတာ ဖြစ်ပါတယ်။

    နယူးယောက်ကျန်းမာရေးဌာနနဲ့ ပညာရေးဌာနတို့ ပူးပေါင်းပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း နယူးယောက်မြို့ရှိ ကျောင်းတွေရဲ့ နေ့လည်စာ စားသောက်တန်းတွေမှာ လျှပ်စစ်နဲ့ဆက်သွယ်ထားပြီး မောင်းတံနှိပ်ဖွင့်ရတဲ့ ရေအိုးတွေ တပ်ဆင်ပေးခဲ့ပါတယ်။

    သုတေသီတွေရဲ့အဆိုအရ အဆိုပါရေအိုးတွေ တပ်ဆင်ထားတဲ့ ကျောင်းတွေမှာ သုံးလအတွင်း အခြားကျောင်းတွေနဲ့ စာရင်BMI လျော့ကျလာတာကို တွေ့ရပါတယ်။ ရေသောက်စက်တပ်ဆင်ထားတဲ့ ကျောင်းတွေမှာရှိတဲ့ ယောင်္ကျားလေးတွေက ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း (BMI) ၀.၉ ရာခိုင်နှုန်း လျော့ကျလာပြီး မိန်းကလေးတွေက ၀.၆ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပါတယ်။

    “ဒီလေ့လာချက်အရ ကျောင်းသားတွေအနေနဲ့ သောက်သုံးရေကို အလွယ်တကူနဲ့ အခမဲ့ရမယ်ဆိုရင် သူတို့လေးတွေရဲ့ ကျန်းမာရေး အထူးသဖြင့် ကိုယ်အလေးချိန်မှာ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ တကယ့်ကိုကုန်ကျစရိတ်နည်းပြီး အလုပ်ဖြစ်တဲ့နည်းလမ်းကို ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်” လို့ တွဲဖက်ပါမောက္ခ ဒေါက်တာ ဘရိုင်ယန်အလ်ဘယ်က ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • အစ္စလာမ်ကပေးထားသည့် ဘာသာရေးလူနည်းစုအခွင့်အရေးကို ဖော်ထုတ်ကျင့်သုံးရန်အတွက် ညီလာခံတစ်ခုကို ကမ္ဘာ့မွတ်စလင်များ ကျင်းပမည်

    အစ္စလာမ်ကပေးထားသည့် ဘာသာရေးလူနည်းစုအခွင့်အရေးကို ဖော်ထုတ်ကျင့်သုံးရန်အတွက် ညီလာခံတစ်ခုကို ကမ္ဘာ့မွတ်စလင်များ ကျင်းပမည်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media

    char
    ခရစ်ယာန်များ၏ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားပြီး၊ ခရစ်ယာန်လူနည်းစုများအား မွတ်စလင်များက ကာကွယ်စောင့်ရှောက်ပေးမည်ဟု ကတိပြုထားသည့် တမန်တော်မုဟမ္မဒ်သခင်၏ ပဋိဉာဏ်စာတမ်းတစ်ခု

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ အရှေ့အလယ်ပိုင်းက ခရစ်ယာန်တွေ၊ အခြားသော ဘာသာခြားလူနည်းစုတွေ အန္တရာယ်ကင်းကင်းနေနိုင်ဖို့၊ သူတို့ရဲ့အခွင့်အရေး၊ လွတ်လပ်ခွင့်တွေကို လူများစုမွတ်စလင်တွေက ကာကွယ်ပေးဖို့အတွက် ဆွေးနွေးကြမယ့် မွတ်စလင်ခေါင်းဆောင်းတွေရဲ့ ညီလာခံကို လာမယ့်တစ်ပတ်အတွင်း မော်ရိုကိုနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

    ကမ္ဘာတစ်ဝှမ်းက မွတ်စလင်ခေါင်းဆောင်တွေ၊ ပညာရှင်တွေ ၃၀၀ ကျော်လောက် တက်ရောက်ကြမယ့် အဲဒီအစည်းအဝေးဟာ ဘာသာခြားလူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့ အစ္စလာမ်ရဲ့ စစ်မှန်တဲ့သင်ကြားမှုနဲ့ သည်းခံနိုင်မှုတို့ကို အခိုင်အမာဖြစ်အောင် ဆောင်ရွက်သွားမယ့်ပွဲလို့ အမေရိကန်ရဲ့ ပထမဆုံး မွတ်စလင် အနုပညာ ကောလိပ် ဇေတူနာကောလိပ်ကို ဖွင့်လှစ်တည်ထောင်ထားတဲ့ ရှိခ် ဟမ်ဇာယူစွဖ်က ပြောကြားခဲ့ပါတယ်။

    အဲဒီအစည်းအဝေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်အရင်က တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) က မွတ်စလင်မဟုတ်သူတွေရဲ့ အခွင့်အရေးကို အာမခံပေးခဲ့တဲ့ “မဒီနာပဋိဉာဏ်စာတမ်း” ကို ပြန်လည် အသက်သွင်းသွားမှာ ဖြစ်ပါတယ်။

    မယုံကြည်သူတွေရဲ့ ငြှင်းပမ်းနှိပ်စက်မှုကြောင့် မဒီနာကို ရွှေ့ပြောင်းလာပြီးတဲ့နောက် မဒီနာက လူ့အဖွဲ့အစည်း ခေါင်းဆောင်အဖြစ် အုပ်ချုပ်ခွင့်အာဏာ အပ်နှင်းခံခဲ့ရတဲ့အခါ မုဟမ္မဒ်သခင် ပထမဆုံးကြိုးပမ်းဖော်ထုတ်ခဲ့တဲ့ ဒီ ပဋိဉာဏ်စာတမ်းမှာ ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ အခြားသော အာရပ်လူမျိုးစုတွေရဲ့ လွတ်လပ်ခွင့်၊ ကြိုက်နှစ်သက်ရာ ယုံကြည်ကိုးကွယ်နိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စတာတွေကို တရားဝင် အာမခံပေးထားပြီး၊ လူများစုဖြစ်တဲ့ မွတ်စလင်လူ့အဖွဲ့အစည်းဟာ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

    သမိုင်းသုတေသီတွေကတော့ တမန်တော် မုဟမ္မဒ်သခင်ဟာ လူနည်းစုအခွင့်အရေးကို တရားဝင် အာမခံပေးတဲ့ တ စ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်၊ ပထမဆုံးနိုင်ငံရေးခေါင်းဆောင် ဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

    “တမန်တော်မြတ်ကြီးဟာ ဘာသာရေးအရ ဖိနှိပ်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ဘာသာရေး ဖိနှိပ်မှုရဲ့ အတွေ့အကြုံဟာ ဘာလဲဆိုတာကို သူက ပထမဆုံး သိခဲ့တာပေါ့။ သူ့ရဲ့ သာသနာမှာတော့ ဘာသာရေးလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အာမခံပေးထားပါတယ်” လို့ ဇန်န၀ါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ယူစွဖ်က ပြောကြားခဲ့ပါတယ်။ ပြီးတော့ အစ္စလာမ့်သမိုင်းကလည်း ခိုင်မာတဲ့ ဘာသာရေးသည်းခံနိုင်မှုကို ထုတ်ဖော်ပြသနေတယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒီညီလာခံကို မော်ရီတေးနီးယားနိုင်ငံက ဘာသာရေးလူနည်းစု အခွင့်အရေးဆိုင်ရာ အာဏာပိုင်ဖြစ်တဲ့ အစ္စလာမ်ဘာသာရေးပညာရှင် ရှိခ် ဘင် ဘေယာဟ်နဲ့ မော်ရိုကိုဘုရင့်နိုင်ငံ အစ္စလာမ်ရေးရာနှင့် ထောက်ပံ့ကူညီမှု ၀န်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    အီဂျစ်၊ တူရကီ၊ အီရတ်၊ ပါကစ္စတန်၊ အီရန် စတဲ့ မွတ်စလင်အများစုရှိရာနိုင်ငံတွေက ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင် ၃၀၀ ကျော်လောက် အဲဒီညီလာခံကို တက်ရောက်မယ်လို့ ခန့်မှန်းထားပြီး ဒါဟာ မွတ်စလင်ကမ္ဘာရဲ့ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေလို့ သတ်မှတ်လို့ရကာ သက္ကရာဇ် ၆၂၂ ခုနှစ်က ပေါ်ထွက်ခဲ့တဲ့ “မဒီနာပဋိဉာဏ်စာတမ်း” ပြီးတဲ့နောက် အဲဒီလို အာမခံပေးမှုမျိုးနဲ့ ပတ်သက်လို့ မွတ်စလင်ကမ္ဘာရဲ့ ပထမဆုံး အဓိက အားထုတ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ “မဒီနာပဋိဉာဏ်စာတမ်း” ရဲ့ ဥပမာတစ်ချက်ကိုပြောရရင် အပိုဒ် ၁၇ မှာ ဖော်ပြထားတဲ့ “ဂျူးဘာသာဝင်တ စ်ယောက်ဖြစ်ခြင်းကြောင့် မည်သည့်ဂျူးမှ လမ်းမှားသည်ဟု သတ်မှတ်ခံရမည်မဟုတ်” ဆိုတာပါပဲ။

    အခုပြုလုပ်မယ့် ညီလာခံဟာ မွတ်စလင်အများစုရှိရာဒေသတွေမှာ နေထိုင်နေကြတဲ့ ဘာသာရေးလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ခိုင်မာစေမယ့် အစ္စလာမ့်ဥပဒေအခြေပြု ကြေငြာချက်အသစ် ထွက်ပေါ်လာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဒီညီလာခံကို တက်ရောက်ဖို့အတွက် ခရစ်ယာန်၊ ဂျူး၊ ဟိန္ဒူနဲ့ ဆစ်ခ်ဘာသာတရားတွေနဲ့ အခြားသော ဘာသာတရားတွေက ထိပ်တန်း ဘာသာရေးခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

    အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားမြောက်ပိုင်းက အရေးပါတဲ့ ဗလီဝတ်ကျောင်းတော်အခြေပြုအဖွဲ့ All Dulles Area Muslim Society အကြီးအကဲ အီမမ် မိုဟာမက် မဂျစ်ကတော့ ကမ္ဘာတစ်ဝှမ်းလုံးက မွတ်စလင်တွေဟာ ဒီညီလာခံကို အခြေပြုပြီး နိုင်ငံရေးကြေငြာချက်၊ စာသင်ကျောင်းသင်ရိုးညွှန်းတမ်းတို့ကို ရေးဆွဲတာမျိုး ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီညီလာခံရဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ အစ္စလာမ်သာသနာမှာ ဘာသာရေးလူနည်းစုတွေရဲ့ အခွင့်အရေးကို ဘယ်လိုအသိအမှတ်ပြုထားလဲဆိုတာ မွတ်စလင်တွေကို ပြန်လည် အမှတ်ရစေဖို့လည်း ဖြစ်ပါတယ်။ ဒါတင်မကေသေးဘဲ မွတ်စလင်တွေကိုရော၊ မွတ်စလင်မဟုတ်သူတွေကိုပါ တိုက်ခိုက်သတ်ဖြတ်နေတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့ IS ရဲ့ ကြောက်မက်ဖွယ် ဒဿနတွေကို ဒီညီလာခံကနေ တိုက်ဖျက်နိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

    “မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေဟာ အတူတကွ နေထိုင်လို့မရဘူးဆိုတဲ့ အယူအဆကို ကျွန်တော်တို့ တိုက်ဖျက်ချင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီယူအဆမှာ ပါဝင်မယ့်သူတွေ မဟုတ်သလို၊ ဒီအယူအဆကို လက်ခံမယ့်သူတွေလည်း မဟုတ်ပါဘူး” လို့ ယူဆွဖ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Washingtionpost

  • အကြမ်းဖက်သမားများလက်မှ ခရစ်ယာန်များကို ကာကွယ်ရင်း သေဆုံးခဲ့သူ မွတ်စလင်သူရဲကောင်းကို ကင်ညာပြည်သူများ ဂုဏ်ပြု

    အကြမ်းဖက်သမားများလက်မှ ခရစ်ယာန်များကို ကာကွယ်ရင်း သေဆုံးခဲ့သူ မွတ်စလင်သူရဲကောင်းကို ကင်ညာပြည်သူများ ဂုဏ်ပြု

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    kenyan
    ခရစ်ယာန်များအား အကြမ်းဖက်သမားများလက်မှ ကာကွယ်ရင်း ရရှိသောဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့သည့် ကင်ညာမွတ်စလင်သူရဲကောင်း ဆာလာဟ် ဖာရာဟ်

    – အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအတွင်းမှာ ခရစ်ယာန်တွေကိုကာကွယ်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ကင်ညာက မွတ်စလင်ကျောင်းဆရာတစ်ယောက်ကို ကင်ညာပြည်သူတွေက “စစ်မှန်တဲ့သူရဲကောင်း”၊ တိုင်းပြည်ရဲ့အမှတ်သင်္ကေတအဖြစ် ချီးကျူးဂုဏ်ပြုကာ သူ့ရဲ့ ကျန်ရှိခဲ့တဲ့ မိသားစုအတွက် ကူညီထောက်ပံ့မှု ပြုလုပ်ဖို့လည်း စိုင်းပြင်းနေကြပါတယ်။

    ဆာလာဟ် ဖာရာဟ်လို့ အမည်ရတဲ့ အဲဒီ မူလတန်းပြ ကျောင်းဆရာလေးဟာ ပြီးခဲ့တဲ့လက မန်ဒီရာကနေ မြို့တော်နိုင်ရိုဘီကို သွားတဲ့ ဘတ်စ်ကားတစ်ခုမှာ အလ်ရှာဘက် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအတွင်း ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေကို ခွဲထိုင်ခိုင်းမှုကို ငြင်းဆန်ခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်ခံလိုက်ရတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ခရစ်ယာန်တွေကို သီးသန့်ပစ်သတ်ဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ အဲဒီကြိုးပမ်းမှုမှာ ဖာရာဟ်နဲ့အတူ မွတ်စလင်ခရီးသည်တွေဟာ အလ်ရှာဘတ်ကို အာခံခဲ့ကြတာပါ။

    အဲဒီဒဏ်ရာနဲ့ပဲ ပြီးခဲ့တဲ့တစ်ပတ်မှာ ဖာရာဟ်တစ်ယောက် ကွယ်လွန်ခဲ့ပါတယ်။ ဖာရာဟ်ကွယ်လွန်မှုကြောင့် အသက် ၂ နှစ်ကနေ ၁၀ နှစ်အတွင်းရှိတဲ့ သူရဲ့ ကလေး ၄ ရောက်နဲ့ လာမယ့်တစ်ပတ်ထဲမှာ ကလေးမီးဖွားဖို့ရှိနေတဲ့ ဇနီးတို့ဟာ ခိုကိုးရာမဲ့ခဲ့ရပါတယ်။

    ဖာရာဟ် သေဆုံးပြီးနောက်ပိုင်းမှာ သူ့ရဲ့မိသားစုကို ကူညီထောက်ပံ့ဖို့အတွက် အွန်လိုင်းလှုပ်ရှားမှုတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။ Twitter စာမျက်နှာမှာ #HeroSalah လှုပ်ရှားမှုကို စတင်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အဘ်ဒူလာဟီ ဒီရိုးကတော့ “ဖာရာဟ်ဟာ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    “သူ့မိသားစုမှာ သားယောက်ျားလေးဆိုလို့ သူတစ်ယောက်တည်း ပါတာပါ။ သူ့အဖေကလည်း အခုအချိန်မှာ အရမ်းအိုမင်းနေပါပြီ။ ကလေးတွေကလည်း အရမ်းငယ်ပါသေးတယ်” လို့ မန်ဒီရာမြို့သားတစ်ဦးဖြစ်တဲ့ ဒီရိုးက ဆိုပါတယ်။

    “သူ့မိသားစုအတွက် ဘယ်လိုကူညီနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ကြိုးစား စဉ်းစားကြည့်ပါတယ်။ သူလုပ်ခဲ့တာဟာ ကင်ညာပြည်သူတွေအတွက်သာ မကဘဲ၊ လူသားဝါဒအတွက်ဖြစ်ပြီး ကင်ညာပြည်သူတွေအဖြစ် အနည်းဆုံးတော့ ကျွန်တော်တို့ဟာ ချီးကျူးအသိအမှတ်ပြုရပါမယ်” လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုအတွက် ဆာလာဟ်ရဲ့ မိသားစုကို အုပ်ထိန်းသူအဖြစ် တာဝန်ယူထားတဲ့ ဖာရာဟ်ရဲ့ ၀မ်းကွဲညီအကို ရရှစ်ဒ်ဆီက ခွင့်ပြုချက် ရယူထားတယ်လို့ ပြောခဲ့ပါသေးတယ်။

    ရရှစ်ကလည်း ဖာရာဟ်ရဲ့ မိသားစုဟာ ဒီလှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ဖို့ ခွင့်ပြုထားတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

    “ကလေးတွေက ခိုကိုးရာလိုတယ်လေ။ သူတို့လေးတွေအတွက် ပညာရေး၊ စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ သူမိဘနှစ်ပါးကလည်း ဒီလိုပါပဲ” လို့ ရရှစ်က ပြောကြားခဲ့ပါတယ်။

    “ဖာရာဟ်က လေးစားခံရတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဘာသာရေးလည်း ကိုင်းရှိုင်းတယ်။ မူလတန်း ကျောင်းကြီး တစ်ကျောင်းရဲ့ လက်ထောက်ကျောင်းအုပ်ကြီးအဖြစ် မကြာသေးခင်ကမှ ရာထူးတိုးခံထားရတာပါ။ ရွာကလည်း သူ့ကို တော်တော်လေး လေးစားကြပါတယ်”

    အခုအချိန်အထိတော့ ဖာရာဟ်ရဲ့မိသားစုကို ကူညီဖို့ဆောင်ရွက်တဲ့ လှုပ်ရှားမှုနေ ကင်ညာရှီလင် ၁၅၀၀၀၀ ကျော် (ကန်ဒေါ်လာ ၁၄၆၀) လောက် ရှိနေပါပြီ။

    “တစ်ကျပ်၊ နှစ်ကျပ်ဆိုပေမယ့်လည်း အများကြီးပေါင်းလိုက်တဲ့အခါ ကြီးမားတဲ့ ထူးခြားမှုကို ဖြစ်စေပါတယ်” လို့ ဒီရိုးက ပြောကြားခဲ့ပါတယ်။

    အာဖရိကဦးချိုဒေသလို့သိကြတဲ့ ဆိုမာလီနိုင်ငံရဲ့ မြို့ကြီးတွေကနေ တိုက်ထုတ်ခံခဲ့ရပေမယ့်လည်း အလ်ရှာဘတ် အကြမ်းဖက်အဖွဲ့ကတော့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း အာဖရိကသမ္မဂရဲ့ တပ်ဖွဲ့ဝင်တစ်စိတ်တစ်ပိုင်းအဖြစ် ဆိုမာလီမြို့ အလ်-အဒီမှာ တပ်စွဲထားတဲ့ ကင်ညာတပ်ဖွဲ့တွေကို အလ်ရှာဘတ်က တိုက်ခိုက်ခဲ့ပြီး ကင်ညာနိုင်ငံအတွင်းမှာလည်း တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။

    ဖာရာဟ်နဲ့ပတ်သက်ပြီးဆောင်ရွက်တဲ့ ဒီလှုပ်ရှားမှုကို ပြည်သူတွေက အင်နဲ့အားနဲ့ ထောက်ခံကြတာဟာ ကင်ညာပြည်သူတွေအနေနဲ့ စုစည်းညီညွတ်ကြတယ်ဆိုတဲ့ သတင်းစကား အလ်ရှာဘတ်ကို ပေးလိုက်တာပဲလို့ ဒီရိုးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “တိုင်းချစ်ပြည်ချစ်စိတ်ပါပဲ။ သူရဲကောင်းဖာရာရဲ့ မိသားစုနဲ့ သူ့ကလေးတွေရဲ့ ပညရေးကို ကူညီတာဟာ အလ်-ရှာဘတ်အဖွဲ့ကို အာခံတာပဲလို့ ကင်ညာပြည်သူတွေက မှတ်ယူနေကြပါတယ်။ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေကို ချီးကျူးဂုဏ်ပြုတဲ့နေရာမှာ ကျွန်တော်တို့ဟာ တစ်စိတ်တစ်ဝမ်းထဲပါပဲ”

    Ref: Aljazeera

  • ကနေဒါအထက်တန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

    ကနေဒါအထက်တန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    canada

    – ကနေဒါနိုင်ငံ ဆာကက်ချီဝမ်ပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် သေနတ်သမားတစ်ယောက်က သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ဆက်ကာတွန်မြို့ မြောက်ပိုင်း ၆၀၀ ကီလိုမီတာတွင်ရှိသည့် ဌာနေတိုင်းရင်းသား လူ့အဖွဲ့အစည်းတွင် ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံသယရှိသူအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှု၏ နောက်ကွယ်မှ လှုံ့ဆော်မှုကို အတိအကျ မသိရသေးပေ။

    ကနဦးသတင်းများအရ လူ ၅ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ ၄ ဦးရှိသည်ဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ လက်နက်ကိုင်ဆောင်မှုကို အမေရိကန်ထက်ပို၍ ထိန်းချုပ်ထားသော ကနေဒါနိုင်ငံတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုမှာ ဖြစ်လေ့ဖြစ်ထမရှိချေ။

    ကနေဒါနိုင်ငံတွင်ဖြစ်ခဲ့သည့် စာသင်ကျောင်းများအား ၀င်ရောက်ပစ်ခတ်မှုမှ အဆိုးဆုံး အဖြစ်အပျက်များမှာ ၁၉၈၉ ခုနှစ်တွင် လူ ၁၄ ဦး သေဆုံးခဲ့သည့် မွန်ထရီယဲလ်ရှိ တက္ကသိုလ်တစ်ခုအား ၀င်ရောက်ပစ်ခတ်မှု၊ ၁၉၉၂ ခုနှစ်တွင် လူလေးဦးသေဆုံးခဲ့သည့် မွန်ထရီယဲလ်မှ Concordia တက္ကသိုလ်ပစ်ခတ်မှုတို့ဖြစ်သည်။

    Ref: Aljazeera

  • စီးရီးအေဖလားကို အေစီမီလန် ချိန်ရွယ်နေဆဲ

    စီးရီးအေဖလားကို အေစီမီလန် ချိန်ရွယ်နေဆဲ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    ac milan

    – ထိပ်ဆုံးမှ နာပိုလီအသင်းနှင့် ၁၂ မှတ်ကွာဟနေသော်လည်း မိမိအသင်းမှာ စီးရီးအေဖလားကို ရရှိရန် အခွင့်အရေး ရှိနေသေးသည်ဟု အေစီမီလန်အသင်းနည်း မီဟိုင်းလိုဗစ်ခ်ျက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၂ ရာသီအတွင်း စီးရီးအေတွင် အခြေအနေဆိုးရွားခဲ့သည့်အတွက် မီဟိုင်းလိုဗစ်ခ်ျအား ခန့်အပ်ကာ ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သည့် အေစီမီလန်အသင်းမှာ ရာသီအစတွင် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ခြေစွမ်းကောင်းကို ပြသလာနိုင်ခဲ့ပြီး စီးရီးအေ နောက်ဆုံး ၁၃ ပွဲတွင် ၂ ပွဲသာ ရှုံနိမ့်ထားသည်။ လက်ရှိအချိန်တွင် အဆင့် ၆ နေရာရောက်ရှိနေကာ တတိယနေရာမှ အင်တာနှင့် ၈ မှတ်ကွာဟနေပြီး မီဟိုင်းလိုဗစ်ခ်ျကမူ ချန်ပီယံဆုအထိ ဦးတည်နေသည်။

    “ချန်ပီယံနေရာက မပိတ်သေးပါဘူး။ ဖီအိုရင်တီးနားပွဲ (ပြီးခဲ့သည့်တစ်ပတ်ကပွဲ) လို ကျွန်တော်တို့ကစားမယ်ဆိုရင် ကျွန်တော်တို့မှာ အခွင့်အလမ်းကောင်း ရှိနေပါသေးတယ်။ ကျွန်တော်တို့အသင်း ဒီလိုဆက်သွားတာကို ကျွန်တော်မြင်ချင်ပါတယ်။ ကျွန်တော်တို့မှာ မှန်ကန်တဲ့ ပုံစံမျိုး ရှိနေပါတယ်။ ပြီးတော့ ဖီအိုရင်တီးနားနဲ့ပွဲမှာ ဒါကို ကျွန်တော် တွေ့ခဲ့ရပါတယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက ပြောကြားခဲ့သည်။

    မီဟိုင်းလိုဗစ်ခ်ျ၏ အနာဂတ်နှင့်ပတ်သက်၍ ရာသီတစ်လျှောက်လုံး ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပြီး ၎င်းကမူ မိမိ၏အနာဂတ်အတွက် သံသယမဖြစ်မိဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal